Sunday, 18 March 2018

လူသား နဲ့ အဘိဓမ္မာ

Image may contain: 2 people, outdoor
 သုံးဆယ့်တစ်ဘုံဆိုတဲ့ လောကကြီးထဲမှာ သတ္တ၀ါအမျိုးမျိုးရှိကြပါတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရ ကာယ်၊ လူ၊ နတ်၊ ဗြဟ္မာဆိုပြီးတော့ပေါ့။ ဒါကတော့ နေထိုင်ကြတဲ့ဘုံကိုကြည့်ပြီးခေါ်တဲ့နာမည်ပေါ့။ ဗုဒ္ဓက နောက်ထပ် နာမည်လေးတပ်ထားပါသေးတယ်။ ဒုဂ္ဂတိအဟိတ်- အသိဉာဏ်မရှိဘဲ ဒုစရိုက်လုပ်သူများ (အပါယ်ဘုံသားများ)၊ သုဂတိအဟိတ်- လူ၊နတ်တော့ဖြစ်ပါရဲ့ ကုသိုလ်ဖြစ်ရင်ပြီးရောဆိုပြီး အသိဉာဏ်ဦးစားမ ပေးဘဲ အလုပ်ကိုဦးစားပေးသူများ (လူ၊ စတုမဟာရာဇ်)၊ ဒွိဟိတ်- ပေးကမ်း၊ကူညီတဲ့အခါ ပေးဆပ်မှုသက် သက်နဲ့လုပ်ခဲ့ပေမယ့် ဘ၀ဒုက္ခလွတ်ကြောင်းကို နဲနဲလေးမှ မစဉ်းစားသူများ ( လူ၊ နတ်) နဲ့ တိဟိတ်- အသိ ဉာဏ်ဦးစားပေးပြီး မှန်ကန်စွာလုပ်သူများ၊ ဒုက္ခလွတ်ကြောင်းရှာဖွေသူများ (လူ၊ နတ်၊ ဗြဟ္မာ) ဆိုပြီး လေးမျိုး ဟောပြပြန်ပါတယ်။
ထူးဆန်းတဲ့ဘ၀နဲ့ များပြားတဲ့ ဘုံတွေထဲမှာ ဒုက္ခနဲ့ရင်းပြီးလွတ်မြောက်မှု ရှာဖွေတတ်သူများကတော့ လူသား ပါပဲ။ လူ့ဘုံရောက်လို့ လူရယ်လို့ဖြစ်လာတဲ့သူတွေ မိဘ ဆွေမျိုးပေးတဲ့ နာမည်ကိုပဲ မှတ်မထားဘဲ ကံပေး တဲ့ လူ ဆိုတဲ့ နာမည်လေးကို မှတ်သားထားဖို့လိုအပ်ပါတယ်။ လူဆိုတာကို ဗုဒ္ဓက အဓိပ္ပါယ်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြ ခဲ့ပါတယ်။ အကြောင်း၊ အကျိုး၊ အကောင်း၊ အဆိုးကို သိသူကို လူ ( အတ္ထာနတ္ထံ မနတိ၊ ဇာနာတီတိ မနုေဿာ၊ ကာရဏာ ကာရဏံ မနတိ ဇာနာတီတိ မနုေဿာ) လို့ခေါ်ရသလို မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ ဘ၀မြှင့် တင်သူများကိုလဲပဲ လူလို့ခေါ်ပါတယ်။ လူ့ဘုံ လူ့လောကထဲမှာမွေးလို့ လူနဲ့တူသူများကို လူလို့ခေါ်ဆိုရတာ မှန်ပေမဲ့ လူအစစ်လား လူအတုလားဆိုတာကို ခွဲခြားသိထားဖို့လိုအပ်ပြန်ပါတယ်။ အစစ်ကသာ အသုံးဝင်ပြီး အတုက အသုံးမ၀င်လို့ပါ။ လူ့ဘုံမှာမွေးလို့ လူတွေရဲ့သားဖြစ်ပြီး အသက်ရှုကာ အသက်ရှင်သန်ဖို့ကြိုးစားနေ တဲ့ လူသားတွေထဲမှာ လူအမျိုးမျိုးရှိကြောင်း မှတ်သားရဖူးပါတယ်။ သူတို့တွေကတော့ ၁။ လူ့ငရဲ ၂။ လူ့ တိ ရစ္ဆာန် ၃။ လူ့ပြိတ္တာ ၄။ လူ့အသုရကာယ်နဲ့ ၅။ လူ တို့ပါပဲ။
လူ့ငရဲဆိုတာက လူ့ဘုံမှာမွေးလို့ လူနဲ့တူပြီး လူတွေနဲ့ပေါင်းနေရပေမဲ့ သားပူ၊ သမီးပူ၊ ဇနီးပူ၊ ယောက်ျားပူ၊ ပစ္စည်းပူ စတဲ့ အပူလုံးကြွ ရုပ်လုံးမလှတဲ့သူများကိုခေါ်ပါတယ်။ သူတို့ရဲ့ဘ၀ တနေ့တာရုန်းကန်လှုပ်ရှားရ တဲ့ အချိန်မှာ ဟိုဟာပူရ ဒီဟာကြောက်ရနဲ့ နေ့တနေ့ကို သောကနဲ့ဖြတ်သန်းသူများပေါ့။ ကုသိုလ် ကောင်းမှု၊ သူ များကူညီ ပူပေါင်းပါဝင် စေတနာထားမှုတွေကို စိတ်ကိုမကူးနိုင် ကိုယ့်ဘ၀၊ မိသားစုဘ၀အတွက် အမြဲပူနေရ သူတွေပါ။ သားသမီးကို ကျောင်းအရောက်ကိုယ်တိုင်ပို့ပြီး အိမ်ပြန်ရောက်ပေမဲ့ သားသမီးတွေ အများနဲ့အ ဆင်မှပြေရဲ့လားမသိ၊ ဒီနေ့ထည့်ပေးလိုက်တဲ့ ထမင်းကိုရော စားနိုင်ရဲ့လားမသိစတဲ့ စိုးရိမ်စရာအတွေးကို ရင်မှာမွေးထားသူများပေါ့။ ပြီးတော့ အလုပ်နဲ့ပတ်သက်ရင်လဲ အလုပ်ကလဲမပြီးသေးဘူး၊ သူဋ္ဌေးဆူရင်ဒုက္ခ၊ အလုပ်ပြုတ်ရင် မလွယ်စတဲ့အတွေးနဲ့ ဘ၀ကိုဆုပ်ကိုင်ထားသူများ။ ဒါ့တင်မကသေး သူများတွေက တိုက်နဲ့ ကားနဲ့လူရာဝင်နေပြီ ငါက ပညာတတ်ဖြစ်ပြီးတော့ အခုထိ သူတို့လောက်အဆင်မပြေသေးဘူးစတဲ့အတွေး နဲ့ သူများအကြောင်းတွေးရင်း ကိုယ့်ဘ၀အချိန်ကို ကုန်စေသူများပဲပေါ့။ လူ့ငရဲအကြောင်းပြောရင် ပြောလို့ ဆုံးမယ်မထင်ပါဘူး။
လူ့တိရစ္ဆာန်ဆိုတာကတော့ သူလိုကိုယ်လို ငွေရအောင် အလုပ်ကိုကြိုးစားလုပ်ကြတာမှန်ပေမယ့် ပင်ပမ်းလို့ ဆိုတဲ့ ဆင်ခြေနဲ့ ညနေစောင်းမှာ ကာမေသုအပြင် သူရာနဲ့ အပျော်ကြူးသူများပေါ့။ ဒါ့တင်မက ဘ၀ဆိုတာ တိုလွန်းတဲ့အတွက် ရတဲ့အချိန်မှာ ပျော်မယ်၊ ပါးမယ်၊ စားမယ် ၊ သောက်မယ်၊ သွားမယ်၊ လာမယ်စတဲ့ အ ပျော်အတွေးကိုပဲ ရင်မှာပိုက်ပြီး ကုသိုလ်မေ့နေသူများလဲပါတာပေါ့။ ကုသိုလ်ကောင်းမှုဟာ နောက်အရေး စိတ်အေးရတယ်ဆိုတာကိုမတွေးနိုင် ရတဲ့အချိန်မှာ ပျော်ဖို့သာစိတ်ကူးနေတာကြောင့် စိတ်ပျော်ရွင်မှုကိုပေး မယ့် ရုပ်ရှင်၊ ဗွီဒီယိုကိုကြည့်ရင်း အပြင်နဲ့ အိမ်မှာကိုယ့်ရဲ့အချိန်ကိုကုန်စေတဲ့ လူကြီးများနဲ့ ခေတ်ဆိုတာကို ဆင်ခြေပေး ဘ၀ရဲ့အချိန်ကိုတန်ဖိုးမထား အနာဂတ်ဆိုတာကို ရေးရေးမှမတွေးဘဲ ဂိမ်းဆော့နေတဲ့ လူငယ် များဟာလဲ ဘ၀ကိုနိမ့်ကျအောင်လုပ်နေကြတာမို့ လူ့တိရစ္ဆာန်လို့ခေါ်ရတာပါ။
လူ့ပြိတ္တာဆိုတာက ကုသိုလ် ကောင်းမှု ကင်းဝေးသူများပေါ့။ အလုပ်ရှုပ်တယ်ဆင်ခြေနဲ့ ဒါန၊ သီလ၊ ဘာဝနာ တရားများနဲ့ ဝေးနေတာကိုပြောတာပါ။ ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ ပစ္စည်းဥစ္စာပြည့်စုံစေရမယ်ဆိုတဲ့ အတွေးန့ အလုပ်တွေရှုပ်လာလို့ အိမ်မှာရှိတဲ့ ဘုရားကိုတောင် ရှိခိုးဖို့မေ့နေတတ်ကြပါတယ်။ အိမ်နားကြွတဲ့ ဆွမ်းခံရဟန်းများ၊ အိမ်နားရှိတဲ့ဘုန်းကြီးကျောင်းကို ဘ၀ထဲမှာမရှိတော့သလို စီးပွားရေးဇောက်ချလုပ်ရင်း ကုသိုလ်နဲ့ဝေးသွားသူများလေ။ အထူးအားဖြင့် လူ့ပြိတ္တာဆိုတာ ကိုယ့်အတွက် အများအတွက် ကောင်းမှုလုပ် ဖို့မေ့နေသူများကို ပြောတာပါ။ လူအဖြစ်နဲ့အသက်သာရှင်နေတယ် လူထပ်ဖြစ်စေမဲ့ ကုသိုလ်နဲ့ဝေးနေလို့ လူ့ ပြိတ္တာလို့ပြောရတာပါ။
လူ့အသုရကာယ်ဆိုတာက ဘုရားသွား၊ ကျောင်းတက် ကုသိုလ်လုပ်ဖို့ ကိုယ်တိုင်ဖြစ်ဖြစ်၊ အများကခေါ်လို့ပဲ
ဖြစ်ဖြစ် ဆင်ခြေပေးပြီး လိုက်ရမှာကို ကြောက်နေသူတွေပေါ့။ ဘုန်းကြီးနဲ့ဆို စကားမပြောတတ်ဘူး။ ဒီကျောင်းနဲ့ မရင်းနှီးဘူး။ မရောက်တာကြာပြီဆိုတော့ သွားလို့အဆင်ပြေမယ်မထင်ဘူး စတဲ့ တောင်စဉ်ရေ မရ ဆင်ခြေတွေပေးနေကြတာလေ။ ကျောင်းဝင်းထဲဝင်လိုက်တာနဲ့ ဒုစရိုက်ကင်းစေတယ်၊ ဘုရားရှေ့၊ သံ ဃာရှေ့၊ ရဟန်းရှေ့ရောက်ရင် ကိလေသာကင်းစေတယ်ဆိုတာကိုမသိဘဲ အချိန်မရှိုလို့၊ ဘာဖြစ်လို့စတဲ့လှပ တဲ့ စကားနဲ့လှည့်ထွက်သွားကြတာများကြတယ်။ ကောင်းမှုဆိုတာ ဘ၀တိုးတက်ရေးမှာအခြေခံဖြစ်တယ် ဆို တာကို သေသေချာချာမသိလို့ ကုသိုလ်လုပ်ရမှာကြောက်နေသူများမို့ လူ့အသုရကာယ်လို့ခေါ်ရတာပါ။
နောက်ဆုံးကတော့ လူ ပေါ့။ သူ့ကိုတော့ လူ အစစ်လို့နာမည်ပေးရင်ရသလို လူ့ထက်က လူ လို့လဲခေါ်လို့ရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ဖြစ်လာရတဲ့အကြောင်းနဲ့ တန်ဖိုးကို နားလည်လို့ပါ။ လူရယ်လို့ ဖြစ်လာတာဟာ ကုသိုလ်ကောင်းမှုဆိုတဲ့ အကြောင်းကြောင့်သာဖြစ်ရသလို ကြီးပွားချမ်းသာလာတာဟာလဲ ဒီဘ၀ ၀ီရိယသက်သက်ကြောင့်မဟုတ် အတိတ်ကံအထောက်အပံ့လဲပါတယ်ဆိုတာကို ယုံကြည်ပြီး (သဒ္ဓါ) အသိဉာဏ်နဲ့ (ပညာ) ဘ၀တိုးတက်ရေး၊ ဘ၀လွတ်မြောက်ရေးကို ရှေးရှုပြီး ကောင်းမှုကို လက်နဲ့မကွာလုပ် နေလို့ပါ။ ဒါဟာ ရထားတဲ့ဘ၀ကို တိုးတက်အောင်လုပ်နေတာဖြစ်သလို နောက်ရလာမဲ့ဘ၀ကိုလဲ မြင့်မားသ ထက်မြင့်မားအောင်ကြိုးစားနေတာနဲ့လဲတူပါတယ်။ ကံအကြောင်းတရားကိုယုံပြီး အကျိုးတရားများကိုခံစား ရတာဖြစ်တယ်ဆိုတာကို သိနေတာဖြစ်လို့ ကုသိုလ်ကောင်းမှုဆိုတာ အမြဲမပြတ်လုပ်ကိုလုပ်ရမဲ့အရာတစ်ခု အဖြစ် နှလုံးသားထဲခံယူထားသူတွေပေါ့။ ဒါကြောင့် မနက်အိပ်ရာထ မျက်လုံးပွင့် နိုးလာပြီဆိုတာနဲ့ မေတ္တာနဲ့ နိုးလာသလို အိမ်ရှိဘုရားစင်မှာ ပန်း၊ ရေချမ်း၊ ဆွမ်းကပ်ရင်း နေ့တစ်နေ့ကို ကုသိုလ်ကောင်းမှုနဲ့ဖွင့်လိုက်သ လို အလုပ်မသွားခင်လဲ သတ္တ၀ါတွေကျန်းမာချမ်းသာစေဖို့ မေတ္တာတွေပို့ရင်း ဘ၀ဆိုတာ အချိန်မရွေး ရပ် တန့်သွားနိုင်တဲ့စက်တစ်လုံးအဖြစ်မြင်ပြီး သေခြင်းတရားကို ဆင်ခြင်နိုင်သူတွေလေ။ ဗုဒ္ဓမြတ်စွာမှာထားချက် ကို သတိရမိပါရဲ့။ လူတစ်ယောက် အိပ်ယာကနိုးတာနဲ့ ဘုရားဂုဏ်တော်ကိုပွားရင်း အသိဉာဏ်ကို အရင် ဖွင့် ပါတဲ့ (ဗုဒ္ဓါနုဿတိ)။ ပြီးတော့ ညဖက်အိပ်ထားလို့ညစ်ပေနေတဲ့ မျက်နှာကိုအေးမြတဲ့ရေနဲ့သစ်လိုက်ပြီဆိုရင် သတ္တ၀ါတွေအေးမြပါစေကြောင်း မေတ္တာပို့ပါတဲ့ (မေတ္တာ)။ မျက်နှာသစ်ပြီးလို့ အလှပြင်တဲ့အချိန်မှာလဲ ငါလှ ချင်လို့ အလှပြင်တာမဟုတ် အလှမရှိရင်အပြစ်မြင်တတ်သူများ အပြစ်မမြင်စေဖို့၊ အလုပ်လုပ်တဲ့အခါ သန့် ရှင်းမှုများနဲ့လုပ်ရင်း အများရဲ့စိတ်ကို အနှောက်အယှက်မဖြစ်စေဖို့စတဲ့ မှန်ကန်တဲ့အတွေးနဲ့ ကိုယ့်ရုပ်မှာ တပ် မက်မှုမရှိဘဲ (အသုဘ) ပြင်ရပါမယ်တဲ့။ အိမ်ပေါ်ကဆင်းလို့ အလုပ်သွားတဲ့အခါ ငါဟာအချိန်မရွေးသေသွား နိုင်တာမို့ ကုသိုလ်မေ့လို့မရဘူး (မရဏဿတိ) ဆိုတဲ့ ဘ၀အတွက်ဆင်ခြင်တဲ့ အသိဉာဏ်နဲ့ရှင်သန်ရပါမယ် တဲ့။ ဒီလေးပါးကို လူသားတစ်ယောက်အနေနဲ့ နေ့စဉ်ပွားများရဲ့မယ့်တရားတွေမို့ စတုရာရက္ခတရားတွေပါ တဲ့လေ။ ဒါမျိုးကိုဆင်ခြင်နိုင်တာဟာလဲ လူသားအစစ်မှသာ လုပ်နိုင်တဲ့အရာတွေပါ။ ကုသိုလ်ကိုနေ့တိုင်းပွား
နေတာမို့ ဘ၀ကကျသွားစရာမရှိ တိုးတက်ပြီးရင်းတိုးတက်သွားကာ လွတ်မြောက်နိုင်တာကြောင့် လူသား အစစ်လို့ခေါ်ရသလို လူ့ထက်က လူ လို့ခေါ်ရတာပါ။
တိုးတက် လွတ်မြောက်ပြီး လူသားအစစ်ဖြစ်ဖို့ဆိုရင် ဘယ်လိုတရားတွေကို အဓိကသိထားရမှာလဲ။ လူသား ဆိုတာ အပူမကင်းဘဲမဖြစ်နိုင်သလို အပျော်မရှိဘဲလဲ မနေနိုင်နိုင်တာမို့ သောက ကင်းဝေးနေနိုင်ရေးနည်း လမ်းတွေကရော ဘာတွေလဲ။ ဇနီး၊ သားသမီး၊ ဥစ္စာများနဲ့ရှင်သန်ရင်း မေ့တတ်တဲ့လူသားတစ်ယောက် အ တွက် မမေ့အောင်လုပ်နည်းတွေကရောဘာတွေလဲ။ ဒီလိုမျိုး လဲ ပေါင်းများစွာနဲ့ မေးလာမဲ့မေးခွန်းများကို လွယ်ကူမှုများစွာနဲ့ ဘ၀ကိုဖြတ်သန်းနိုင်အောင် နည်းလမ်းပေးနိုင်တဲ့ တရားကတော့ ဗုဒ္ဓရဲ့ အဘိဓမ္မာပါပဲ။ လူ အတော်များများဟာ တရားတော်ကို နားကြားဖူးကြပေမဲ့ အဘိဓမ္မာလို့ပြောလိုက်တာနဲ့ ငါတို့နဲ့မဆိုင်ဘူး၊ သံ ဃာတော်များသာ သင်ယူကျင့်သုံးရမဲ့တရားတွေ၊ ခက်ခဲလွန်းလို့ လူတွေမသိနိုင်တာကြောင့် နတ်ပြည်မှာ သွားဟောရတဲ့ တရားတော်စသည်ဖြင့် အကြောက်တရားရှေ့တန်းတင်ပြီး နာကြားဖို့၊ သင်ယူဖို့ ငြင်းဆန်ကြ ပါတော့တယ်။ တကယ်တော့ လူသားတွေရဲ့ နိမ့်ကျတဲ့ဘ၀၊ တွေ့နေရတဲ့ ဒုက္ခ၊ ဖြစ်နေတဲ့ သောက၊ မှားယွင်း တဲ့အတွေးများကို မြှင့်တင်ပေးပြီး အမှန်သိစေမှာကတော့ အဘိဓမ္မာပါပဲ။ ဘ၀ဒုက္ခတွေ့နေလို့ကို အဘိဓမ္မာ တရားတော်ကို သိအောင်ကြိုးစားရတာပါ။ လောကဓံတရားရှစ်ပါးကို အသိနဲ့တွန်းလှန်ရင်း တုန်လှုပ်မှု မရှိ အောင်လုပ်ပေးမှာက အဘိဓမ္မာတရားတော်ပဲ့လေ။
အဘိဓမ္မာဆိုတာ ထူးခြား သာလွန်တဲ့ သဘာဝကိုပြောတာပါ။ လောကမှာ သက်ရှိရယ်၊ သက်မဲ့ရယ်ဆိုပြီး နှစ် မျိုးပဲရှိပါတယ်။ အဲဒီ သက်ရှိ၊ သက်မဲ့အကြောင်းများကို တိတိကျကျပြောပေးမှာက အဘိဓမ္မာပဲ့လေ။ အဘိဓ မ္မာတရားတော်ရဲ့ထူးခြားတဲ့သဘာဝက သူ၊ငါ၊ ယောက်ျား၊ မိန်းမ စတဲ့ နာမည် ပညတ်တွေကို တသီးတခြား မပြောဘဲ အရာအားလုံးကို နားလည်လာအောင်၊ လက်ခံတတ်လာအောင် အသိပေးတာပါပဲ။ အဘိဓမ္မာတ ရားတော်မှာ အဓိကသိရမှာက စိတ် (Mind) အကြောင်းပါပဲ။
သတ္တ၀ါတွေမှာရှိတဲ့ စိတ် ဆိုတာဟာလဲ ထူးဆန်းသားလား။ လိုချင်မှုကိုဖြစ်စေသလို မရရင် မကျေနပ်မှုကို ပါ ခေါ်လာတတ်ပါရော။ လိုချင်တာ၊ သွားချင်တာ၊ ဖြစ်ချင်တာတွေ ဖြစ်နေတာကိုမသိတာ၊ မကျေနပ်စိတ်တွေ
ဖြစ်နေတာကို မသိတာတွေဟာလဲ ရှိနေပြန်ရော။ ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်လာတဲ့ သဘောတရားများကို ဒါက ဘာစိတ်၊ ဒါက ဘယ်လိုသဘောစသည်ဖြင့် သိစေတာဟာ အဘိဓမ္မာပဲလေ။ ဒါ့တင်လားဆိုတော့ လိုချင်မှုနဲ့ ရှင်သန်ရင်း မကောင်းတာကို ကိုယ်၊ နှုတ်၊ စိတ် တစ်ပါးပါးနဲ့လုပ်ခဲ့မိရင် ကံအကြောင်းတရားတွေရှင်သန် (On line)နေတာကြောင့် အကြောင်းတိုက်ဆိုင်ရင် အကျိုးပေးမှာဖြစ်တဲ့အကြောင်းကို တိတိကျကျသိစေပါတယ်။ လိုချင်တာမရလို့ မကျေနပ်တာနဲ့ နှိပ်စက်တာ၊ လူသတ်တာ (ပါဏာတိပါတ) လုပ်ရင်၊ ပိုင်ရှင်မပေးတာကို အ တင်းအဓမ္မယူခဲ့ရင် (အဒိန္ဒာဒါန)၊ အတင်းပြောခဲ့၊ မမှန်တာကိုပြောခဲ့မယ်ဆိုရင် ရလာနိုင်တဲ့ရလာဒ်တွေကို ရ ရာဘ၀ ဖြစ်ရာဘုံနဲ့ အတိအကျ အဖြေထုတ်ပေးပါတယ်။ မကောင်းတာကို မသိလို့လုပ်မိပါတယ်ဆိုတဲ့ စကား ကို လူတွေကိုသာပြောလို့ရတယ် ကံကိုပြောလို့မရဘူးဆိုတာကိုပါ သိစေပါတယ်။ ( အကုသိုလ်စိတ်များ)
ဒီလိုမျိုး ဘ၀မှာကြုံတွေ့ရတဲ့ မကောင်းတဲ့အရာတွေကြောင့်လူတွေ သောကဖြစ်၊ ဒုက္ခဖြစ်ကြရတာဟာ အရင် ဘ၀ အတိတ်တုန်းက လုပ်ခဲ့တဲ့ အကြောင်းတရားကြောင့် ရလာတဲ့ အကျိုးတရားတစ်ခုသာဖြစ်ကြောင်း( အဟိတ် အကုသလ၀ိပါက်၊ ကောင်းတာကိုမြင်ရ၊ ကြားချင်တာကိုကြားရ၊ စားချင်တာကိုစားရတာဟာလဲ အ တိတ်ဘ၀ ကောင်းမှုကံနဲ့မကင်းဘူး ( အဟိတ်ကုသလ၀ိပါက်) ဆိုတာကိုပါ အဘိဓမ္မာတရားတော်က သိစေ တာမို့ ကျေနပ်မှုမလွန် မကျေနပ်မှုမများတော့ဘဲ လောကဓံတရားကို လက်ခံလာပါတော့တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကောင်းကံ၊ မကောင်းကံကို လုပ်ခဲ့သူဟာ ကိုယ်တိုင်ဖြစ်နေလို့ ကောင်းတာ၊ မကောင်းတာကို ကြုံရတယ်ဆိုတာကို သိလာလို့ပါ။ (အဟိတ်စိတ်)
မကောင်းတာကိုကြုံတွေခံစားရတာဟာ အရင်ဘ၀က ကိုယ်၊ နှုတ်၊ စိတ်ကို ကောင်းကောင်းမထိမ်းခဲ့လို့ ဖြစ် တယ်ဆိုတာကိုသိလာသူတစ်ယောက်ဟာ ကောင်းတဲ့အကျိုးကိုရစေတဲ့ အကြောင်းတရားများဖြစ်တဲ့ ဒါန၊ သီလ၊ ဘာဝနာတရားများကို ထပ်ဆင့်ပွား ဆယ်ပါးထိဖြစ်အောင်ကြိုးစားအားထုတ်ပါတော့တယ်။ ဒါနစတဲ့ ကောင်းမှုကုသိုလ်များကို လုပ်တဲ့အခါမှာလဲ ကိုယ့်ရဲ့အသိဉာဏ်အလိုက်လုပ်ကြတာမို့ လုပ်သလောက်ရပြီး ရသလောက် ဒုက္ခကင်းစေပြန်ပါတယ်။ ကောင်းကံယုံလို့ ဒါနလုပ်သူဟာ အသိဉာဏ်သိပ်မထက်ရင် ဘ၀ ရှည်စေတယ်လို့ယုံကြည်ပြီး အသိဉာဏ်ထက်လာရင်တော့ ဘ၀တိုစေတယ်ဆိုတာကိုပါ သိလာပါတယ်။ ဒါ ကြောင့် ကိုယ်တိုင်လုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီး အသိဉာဏ်ကိုထည့်နိုင်သလောက်ထည့်ပြီး တိတိကျကျ လုပ်ကာ သူများထက်သာတဲ့ ကောင်းကျိုးများကိုရပြီး လွတ်မြောက်အောင်ကြိုးစားသွားကြတာဟာ အဘိဓ မ္မာအကြောင်းကို ကောင်းကောင်းသိသွားလို့ပါ။ တိုးတက်မှု၊ လွတ်မြောက်မှုများကို ရအောင်လုပ်နေပြီဆိုရင် အဘိဓမ္မာအကြောင်းကောင်းကောင်းသိလို့ဆိုတာ သေချာနေပါပြီ။ ( ကာမကုသိုလ်)
ဘ၀ဆိုတာ ပူလောင်လွန်းသလို အလုပ်တွေလဲရှုပ်လွန်းပါတယ်ဆိုတာကိုလက်ခံလာတဲ့ သူတစ်ယောက် စိတ်အခြေအနေတစ်ခုတိုးတက်အောင် ဆရာကောင်းရှာပြီး တရားထိုင်သလို၊ ရိပ်သာဝင်ပြီး တရားရှာဖွေ ပါ တော့တယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုအလိုက် တိုးတက်သွားကာ ကုသိုလ်ကောင်းမှုကိုပိတ်ပင်တတ်တဲ့ နီဝ ရဏကင်းပြီး ဈာန်ရသူဖြစ်သွားပါတော့တယ်။ ဈာန်ရလာသူတစ်ယောက်ဟာ လောကမှာစီးပွားရေး၊ ကြီးပွား ရေးနဲ့ရှင်သန်ရမှာကို ကြောက်လို့ တစ်သက်လုံးတရားကျင့်ဖို့ကြိုးစားလာပါတော့တယ်။ ဒီလိုမျိုးအခြေအနေ ထိရောက်အောင် တွန်းပို့လိုက်တာကတော့ ရူပကုသိုလ်ဈာန်များပါပဲ။ ဒီလိုဈာန်တွေရနေပေမယ့် တပ်မက်မှု တဏှာရှိနေသေးရင် ဘ၀မလွတ်မြောက်နိုင်သေးဘူးဆိုတာကို သိစေမှာက အဘိဓမ္မာတရားတော်ပါ။ တရား ကျင့်ပြီး တရားကြိုက်နေတယ်ဆိုရင် အဘိဓမ္မာမသင်ဖူးသေးလို့ပါ။ တကယ်တော့ တရားကျင့်တယ်ဆိုတာ တရားကြိုက်ချင်လို့မဟုတ်ပါဘူး ကျင့်ရင်းနဲ့ ကြိုက်မိသွားရတဲ့အဖြစ်ပါ။ ကြိုက်မှန်းမသိတာကိုက အ၀ိဇ္ဇာ ဦး စီးနေတာမို့ ဈာန်ကြောင့်ရလာတဲ့ဘ၀တွေဟာ ဒုက္ခပိုရှည်တယ်ဆိုတာမသိနိုင်လောက်အောင် စွဲမက်မိပြန်ပါ တယ်။ ဒါကြောင့် ကိုယ်ကျင့်လို့ရလာတဲ့ အကျင့်ကို အမှားအမှန်ခွဲခြားနိုင်ဖို့ အဘိဓမ္မာကိုသင်ယူရတာပေါ့။
မှန်ကန်တဲ့အသိ (သမ္မာဒိဋ္ဌိ)မရသေးတဲ့အတွက် ရထားတဲ့ဈာန်ကိုမှီပြီး ရုပ်ခန္ဓာကိုသာ အပြစ်မြင်ပြီး နာမ်သ ဘောတရားကို စွဲမက်စွာအားထုတ်လို့ အဆင့်တက်ကာ အကျိုးရစေပါတော့တယ်။ ဒီကုသိုလ်ကိုကျတော့ အ ရူပကုသိုလ်လို့ခေါ်ပါတယ်။ ကာမ၊ ရူပ၊ အရူပ ကုသိုလ်များဟာ ဘ၀ရှိကာ ဘ၀ဒုက္ခရောက်စေတတ်တာမို့ အဲ ဒီကုသိုလ်များကို လောကီကုသိုလ်လို့ခေါ်ရပါတယ်။ ကိုယ့်လုပ်တဲ့အကြောင်းတရားက ကိုယ့်ကို ဘယ်အခြေ အနေဖန်တီးပြီး အကျိုးရစေနိုင်တယ်၊ အဲဒီအကျိုးဟာ ဘ၀မှာ ဒုက္ခသာမွေးဖွားပေးတယ်လို့ တိတိကျကျသိ ပြီး မှန်ကန်တဲ့အကျင့်ကို ဆက်ကျင့်သွားနိုင်တာဟာလဲ အဘိဓမ္မာတရားတော်ကြောင့်ပါပဲ။ အချို့က ဆရာကို သိပ်အားကိုးတတ်ပါတယ်။ ကိုယ့်စိတ်ထဲမှာဖြစ်နေတာကို ဆရာက မသိနိုင်ပါဘူး။ ကိုယ်ပဲသိနိုင်တာပါ။ ကိုယ်တိုင်ကြိုးစားအားထုတ်တဲ့အခါမှာ ကိုယ့်စိတ်ဘာဖြစ်နေတယ်ဆိုတာကို ကိုယ်တိုင်သိပြီး ကိုယ့်ဟာကို
ပြင်ရမဲ့နည်းကို ပေးတာဟာ ကိုယ်သင်ထားတဲ့ အဘိဓမ္မာအသိပါ။ ဒီလို အကြောင်းအကျိုးဆက်ပုံကို သိလာ မှ အကြောင်း အကျိုးကင်းအောင် စွဲလမ်းမှုကင်းစွာနဲ့ ဒါန၊ သီလ၊ ဘာဝနာများကို ကြိုးစားအားထုတ်ပါတော့ တယ်။
ဘယ်ဘ၀ကိုရရ ဇာတိ- မွေးဖွားမှုကြောင့် ဇရာ- အိုခြင်းနဲ့ မရဏ- သေခြင်းတရားတွေ ဘ၀နဲ့ကပ်ပါလာတယ် ဆိုတာကို အသိမှာစွဲသွားစေတာက ၀ိပဿနာအသိပါ။ ၀ိပဿနာအသိဆိုတာ ဆရာက ဒါဟာဝိပဿနာပဲ လို့ပြောရုံနဲ့ ရသွားနိုင်၊ ရင့်ကျက်သွားနိုင်တဲ့အသိတစ်ခုမဟုတ်ပါဘူး။ မှန်ကန်တဲ့အသိနဲ့ မှန်မှန်ကန်ကန်ကျင့် သုံးမှသာ ရနိုင်တဲ့ အသိတစ်ခုပါ။ ဒီလိုအသိကိုရသွားရင် နောက်ရလာမဲ့ အကျိုးဆက်က ဘ၀ပြတ်စေတဲ့ ကု သိုလ်ပါပဲ။ ဒါကိုတော့ လောကုတ္တရာကုသိုလ် မဂ်တရားလို့ခေါ်ပါတယ်။ မဂ်ဉာဏ်တစ်ခုရဖို့ဆိုရင် ဗုဒ္ဓဟော ကြားမြတ်တရားထဲက သတိပဋ္ဌာန်လေးပါးကို သိထားရပြန်ပါတယ်။ သွားလာ၊ လှုပ်ရှား၊ မြင်၊ ကြား၊ စား သိ ဆိုတဲ့ ကိုယ်အမူအရာများကိုသိနေခြင်းဟာ ငါဆိုတဲ့ စွဲလမ်းမှု ဒိဋ္ဌိကိုဖြုတ်ပေးနိုင်စွမ်းရှိတာကြောင့် ကာယာနု ပဿနာ သတိပဋ္ဌာန်လို့ခေါ်ပါတယ်။ သတိနဲ့ အသိ၊ အသိနဲ့ သတိကို ဘယ်လိုတွဲရမယ်ဆိုတာကို လေ့ကျင့်
ပေးနိုင်စွမ်း၊ သိစေနိုင်စွမ်းရှိတာဟာ ဗုဒ္ဓရဲ့ အဘိဓမ္မာပါ။
လူအတော်များများက တရားဆိုတာ သာမာန်လူတွေကျင့်လို့မရဘူး ပါရမီရှိမှရတယ်လို့ ထင်နေတတ်ကြပါ တယ်။ ဒီအထင်တွေဟာ အထင်သက်သက်သာဖြစ်တယ်၊ သမထ ၀ိပဿနာ တရားဆိုတာ သတိထားပွား နေရင် သမထ၊ သတိ အသိတွဲရင် ၀ိပဿနာဆိုတာကိုပါသိစေပါတယ်။ သမထ သမာဓိရအောင်အားထုတ် ရင် ကိုယ့်စရိုက်အလိုက် ဘယ်ကမ္မဋ္ဌာန်းကိုအားထုတ် ကျင့်သုံးရမယ်ဆိုတာကိုပါ သိရပါမယ်။ ပြီးတော့ ကံ နဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ ကောင်းကံဟာ ကောင်းတာကိုပဲရစေတယ်၊ မကောင်းကံဟာ မကောင်း ကျိုးကိုရစေတယ်ဆိုရင် ဘာဖြစ်လို့ ကောင်းတာလုပ်သူတွေက မကောင်းတာကိုကြုံရပြီး မကောင်းတာကို လုပ်သူတွေက ကောင်းတာကိုကြုံရတာလဲ စသည်ဖြင့် ကံနဲ့ပတ်သက်ပြီး သံသယတွေဝင်နေတတ်ကြပြန်ပါ တယ်။ ဒီလိုသံသယရှိနေသူတွေကို သံသယကင်းကင်းနဲ့ ကံကိုဘယ်လိုလုပ်ရမယ်ဆိုတာကိုပါ ကံ (၁၆) မျိုး ရှိကြောင်းပြဆိုပြီး လုပ်နည်းကိုပါပေးတာဟာ အဘိဓမ္မာတရားတော်ပဲလေ။ ကောင်းကံ၊ မကောင်းကံကြောင့် ရနိုင်တဲ့ဘ၀၊ ရောက်နိုင်တဲ့ဘုံ၊ ဖြစ်နေတဲ့စိတ်အပြင် အကြောင်းမကင်းဘဲဖြစ်နေတယ်ဆိုတာကိုပါ သိစေပြန် တာကြောင့် သံသယလုံးဝကင်းစင်စေပါတယ်။ ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ ရုပ်ဝတ္ထုတွေဟာ လိုက်လို့ မမီအောင် မြန်ဆန်စွာနဲ့ခေတ်ရှေ့ပြေးပြီး တိုးတက်သွားပါတော့တယ်။ အရှိကိုသာသိစေတဲ့အတတ်ပညာကို သင်ထားတဲ့ သူတွေအနေနဲ့ အသိမမှန်တော့တာကြောင့် ကောင်းတာကြောင့် ကောင်းတာရတယ်ဆိုရင် မ ကောင်းတာလုပ်တဲ့သူတွေ ဘာကြောင့် ကောင်းကျိုးရနေတာလဲဆိုတဲ့အမြင်နဲ့ တလွဲမြင်ပြီး ဘ၀ကို အပြစ် မြင်လာတဲ့အတွက် အကောင်းမြင်စိတ်တွေပျောက်ပြီး မကောင်းမြင်စိတ်တွေနဲ့ အချိန်ကုန်နေစေတတ်ပါ တယ်။ ဒီလိုအဖြစ်မျိုးတွေကင်းပျောက်ကာ မှန်ကန်တဲ့အတွေးနဲ့ လူထက်က လူတစ်ယောက်ဖြစ်ဖို့ အဘိဓမ္မာ တရားတော်က တာဝန်ယူပေးပါတယ်။ လူသားတစ်ယောက်အနေနဲ့ အဘိဓမ္မာတရားတော်ကို သိအောင်လုပ် မယ်ဆိုတဲ့ တရားတော်ကိုသာ တာဝန်ယူလိုက်ပါ တရားတော်ကလဲ လူသားများကို ပြန်ပြီးတာဝန်ယူပါလိမ့် မယ်။
ဘ၀ဖြတ်သန်းတဲ့အခါ သံသယတွေများတုန်းလား၊ သောကတွေဖြစ်တုန်းလား၊ အယုံအကြည်မရှိတဲ့အဖြစ်ကို ပိုင်ဆိုင်နေရပြီလား၊ လောကကြီးဟာ မကောင်းသူတွေနဲ့ပြည့်နှက်နေပြီလို့ ခံစားနေရပြီလား။ ဘ၀ရှင်သန် ဖို့ သိပ်ခက်ခဲသလို မှန်ကန်တဲ့အသိတရားရဖို့ မဖြစ်နိုင်ဘူးလို့တွေးနေမိပြီလား။ လူသားများရဲ့ သံသယ၊ သော က၊ အယုံအကြည်မရှိမှု၊ မကောင်းတဲ့ခံစားချက်၊ မှားယွင်းတဲ့အတွေးတွေကို လွယ်ကူစွာကုစားပေးမှာက အဘိဓမ္မာတရားတော်ပါပဲ။ ဒါကြောင့် လူသားနဲ့ အဘိဓမ္မာဆိုတာ ခွဲခြားလို့မရတဲ့အရာတစ်ခုပါ။
အဘိဓမ္မာဆိုတာကို ခက်ခဲတဲ့တရားတစ်ခုလို့ ယူဆနေတုန်းပဲလား။ သင် ကိုယ်တိုင် လူသားသာဖြစ်ပါစေ၊ သင်ယူချင်တဲ့စိတ်သာရှိပါစေ အဘိဓမ္မာဆိုတာ သင်ရလွယ်ကူတဲ့အရာတစ်ခုဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင် သင် ယူပြီးတဲ့အချိန်မှာ ပြောင်းလဲသွားမယ့် အယူအဆ အတွေးအခေါ်ကတော့ အဘိဓမ္မာဆိုတာ ငါ့ အကြောင်း၊ သတ္တ၀ါအကြောင်း၊ လောကအကြောင်း ပြောပြပေးတဲ့ သီအိုရီနဲ့ ကျင့်သုံးမှုကိုပေးတဲ့အရာတစ်ခုအဖြစ်လက် ခံသွားပါလိမ့်မယ်။
တကယ်တော့ သွေးနဲ့ အသားခွဲလို့မရသလို လူသားနဲ့ အဘိဓမ္မာဆိုတာလဲ ခွဲလို့မရတဲ့ သဘာဝတစ်ခုပါ။ ဒါကြောင့် လူသားတစ်ယောက်အနေနဲ့ ကိုယ့်အကျိုး၊ အများအကျိုးရွယ်သယ်ပိုးရင်း လောကဓံကိုရင်ဆိုင်နိုင်
စေဖို့၊ လောကဒုက္ခမှလွတ်မြောက်ရာနည်းလမ်းကိုသိစေဖို့ အဘိဓမ္မာသင်တန်းကို တက်စေချင်စမ်းပါဘိ။
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support