Q. မေတ္တာတရားကို လက်ကိုင်ထားရင် လောကီနယ်ပယ်မှာ ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါသလဲဘုရား။
A. လောကီနယ်ပယ်မှာ မေတ္တာတရားကို လက်ကိုင်ထားရင် အရေအတွက်
အပိုင်းအခြားမရှိတဲ့ အကျိုးတွေကို ရနိုင်ပါတယ်။ မေတ္တာတရားကို
လက်ကိုင်ထားတဲ့အတွက် အခြေခံအကျဆုံး သေချာပေါက်ရမယ့် အကျိုးကတော့
စိတ်အေးချမ်းခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်ချမ်းသာခြင်းဆိုတဲ့
အကျိုးတရားပါပဲ။ စိတ်ကလေး အေးချမ်းနေမယ်၊ ကြည်လင်နေမယ်ဆိုရင်
ဆုံးဖြတ်ချက်တွေကလည်း မှန်ကန်မှာပဲ။ ဘယ်လုပ်ငန်းပဲလုပ်လုပ်၊ မေတ္တာတရားကို
လက်ကိုင်ထားပြီး ကြံစည်မယ်၊ ပြောဆိုမယ်၊ လုပ်ကိုင်မယ်ဆိုရင်
လုပ်သမျှအလုပ်တွေအားလုံးက ကိုယ့်အတွက်လည်း ကောင်းကျိုးဖြစ်နိုင်တဲ့အလုပ်၊
သူတစ်ပါးအတွက်လည်း ကောင်းကျိုးဖြစ်နိုင်တဲ့အလုပ်တွေချည်းပဲ ဖြစ်သွားမှာပါ။
မေတ္တာဆိုတာက သူတစ်ပါးရဲ့အကျိုးစီးပွားကို လိုလားတဲ့သဘောတရားကို
ခေါ်တာဆိုတော့ ဘာပဲလုပ်လုပ်၊ တစ်ဖက်သားကောင်းကျိုးရစေချင်တဲ့ စိတ်လေးနဲ့ပဲ
စဉ်းစားတဲ့အတွက် လုပ်သမျှအလုပ်တွေကလည်း ကောင်းတဲ့အလုပ်တွေချည်းပဲ
ဖြစ်သွားမှာပဲလေ။
အဲဒီတော့ မေတ္တာတရားကို လက်ကိုင်ထားမယ်ဆိုရင်
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”ဆိုတဲ့
ဘုရားဟောအဆုံးအမအတိုင်းပဲ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ဖြစ်သွားမှာပဲ။
မကောင်းတဲ့အလုပ်တွေ လုပ်တယ်ဆိုတာကလည်း မေတ္တာတရားအားနည်းလို့ပါ။
မေတ္တာတရားလက်ကိုင်ထားတဲ့အတွက် မကောင်းတဲ့အလုပ်တွေကို
ရှောင်ကြဉ်ဖြစ်သွားမယ်၊ ကောင်းတဲ့အလုပ်တွေကို လုပ်ဖြစ်သွားမယ်ဆိုတော့
ကိုယ်လည်း ဆင်းရဲကင်း၊ သူလည်း ဆင်းရဲကင်း၊ ကိုယ်လည်း
ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံ၊ သူလည်း ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံမှာ
ဖြစ်ပါတယ်။
မေတ္တာတရားလက်ကိုင်ထားတယ်ဆိုမှတော့ တစ်ယောက်နဲ့တစ်ယောက်
ပေါင်းသင်းဆက်ဆံရာမှာလည်း ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး
ရှိတဲ့အတွက်ကြောင့် ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်ပြေမှာပဲ။
မေတ္တာတရားလက်ကိုင်ထားတဲ့သူကို လူတိုင်းက ချစ်ခင်ကြတယ်။
ကူညီစောင့်ရှောက်ချင်ကြတယ်။ တစ်နည်းအားဖြင့်ပြောရရင် မေတ္တာဆိုတာ
သံလိုက်ဓာတ်နဲ့တူတယ်။ ဆွဲအားရှိတယ်။ သံလိုက်တုံးဟာ သံတွေကို
ဆွဲငင်နိုင်သလိုပဲ မေတ္တာတရားကို လက်ကိုင်ထားတဲ့သူဟာလည်း သူရဲ့နှလုံးသားမှာ
မေတ္တာဆိုတဲ့ သံလိုက်ဓာတ်ရှိနေတဲ့အတွက်ကြောင့်
ကောင်းကျိုးချမ်းသာပေါင်းများစွာကို ဆွဲငင်နိုင်တယ်။ ချစ်တဲ့
ခင်တဲ့သူတွေပေါများခြင်းဆိုတဲ့ အကျိုးတရားကိုလည်း ဆွဲငင်နိုင်တယ်။
စီးပွားဥစ္စာတိုးတက်ခြင်းဆိုတဲ့ အကျိုးတရားတွေကိုလည်း ဆွဲငင်နိုင်တယ်။
အောင်မြင်ကျော်ကြားခြင်းဆိုတဲ့ အကျိုးတရားတွေကိုလည်း ဆွဲငင်နိုင်တယ်။
နူးညံ့သိမ်မွေ့ခြင်းဆိုတဲ့ အကျိုးတရားတွေကိုလည်း ဆွဲငင်နိုင်တယ်။
ချစ်ခြင်းမေတ္တာဆိုတဲ့ အကျိုးတရားတွေကိုလည်း ဆွဲငင်နိုင်တယ်။ ကိုယ်က
အားလုံးအပေါ်မှာ မေတ္တာထားတဲ့အတွက် ကိုယ့်အပေါ်မှာလည်း မေတ္တာတွေထားကြမှာပဲလေ။
မေတ္တာနဲ့သာလုပ်ရင် ဘယ်အလုပ်မဆို အောင်မြင်ပါတယ်။
လောကီနယ်ပယ်ဆိုတော့
နယ်ပယ်တွေက အများကြီးရှိတာပေါ့။ အဲဒီတော့ သူ့နယ်ပယ်နဲ့သူ၊
နယ်ပယ်တိုင်းနယ်ပယ်တိုင်းမှာ ကိုယ်စီကိုယ်စီ
မေတ္တာတရားလက်ကိုင်ထားကြမယ်ဆိုရင် တစ်ယောက်ကို တစ်ယောက်
ယုံကြည်မှုတွေရှိလာမယ်။ မေတ္တာတရားမရှိဘဲ ကိုယ်ကျိုးချည်းပဲ
ကြည့်နေကြမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု မရှိနိုင်ကြတော့ဘူး။
သူကလည်း သူ့ကိုယ်ကျိုးပဲကြည့်၊ ကိုယ်ကလည်း ကိုယ့်ကိုယ်ကျိုးပဲကြည့်ဆိုတော့
ကိုယ့်စိတ်နဲ့ကိုယ်နှိုင်းပြီး သူကလည်း ငါ့ကို သူ့အတွက်အသုံးချတာဖြစ်မှာပဲ
စသည်အားဖြင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကင်းမဲ့ပြီး သံသယတွေ
တိုးပွားနေမယ်။ တစ်ယောက်ကိုတစ်ယောက် မျှော်လင့်ချက်မပါတဲ့
စစ်မှန်တဲ့ကူညီမှုမျိုးတွေလည်း ဖြစ်မလာနိုင်တော့ဘူး။
မေတ္တာတရားထားမယ်ဆိုရင်တော့ တစ်ဖက်သားရဲ့အကျိုးကို လိုလားတဲ့
စိတ်သန့်သန့်လေးနဲ့ ကူညီကြတဲ့အတွက်ကြောင့် လူ့လောကကြီးကလည်း
အများကြီးတိုးတက်သာယာသွားမှာ ဖြစ်ပါတယ်။
လောကီနယ်ပယ်ဆိုတဲ့နေရာမှာ
စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်တွေတင်မကဘဲ တရားဓမ္မနဲ့ဆိုင်တဲ့
လောကီနယ်ပယ်မှာလည်း မေတ္တာတရားကို လက်ကိုင်ထားပြီး မေတ္တာဘာဝနာကို
ပွားများမယ်ဆိုရင် ဈာန်တွေ၊ အဘိညာဉ်တွေရပြီးတော့ မေတ္တာဈာန်မလျှောဘဲနဲ့
သေသွားမယ်ဆိုရင် ဗြဟ္မာ့ပြည်အထိ ရောက်နိုင်တယ်။ အဲဒီတော့ လောကီနယ်ပယ်မှာ
မေတ္တာတရားကြောင့် အကျိုးတရားတွေ မရေမတွက်နိုင်အောင် အများကြီးရနိုင်ပါတယ်။
အရှင်ဆန္ဒာဓိက ( ရွှေပါရမီ တောရ )
0 comments:
Post a Comment