Sunday, 18 March 2018

တစ်ဘ၀မှာ တစ်ဘ၀စာ ခရီးရောက်အောင်.

Image may contain: 2 people, people smiling, people sitting, people eating, food and outdoor
 မြတ်ဗုဒ္ဓက ရဟန်းတို့ တရားသုံးမျိုးမျက်မှောက်ထင်ရှားရှိတဲ့အတွက်ကြောင့် သဒ္ဓါတရားနှင့်ပြည့်စုံသူ အမျိုးကောင်းသား၊အမျိုးကောင်းသမီးဟာ များစွာသော ကောင်းမူကိုဖြစ်ပွားစေပါတယ်။
[၁] ရဟန်းတို့ ယုံကြည်ချက် သဒ္ဓါတရားမျက်မှောက်ထင်ရှားရှိတဲ့အတွက်ကြောင့် သဒ္ဓါတရားနဲ့ပြည့်စုံသူ အမျိုးကောင်းသား၊အမျိုးကောင်းသမီးဟာ များစွာသော ကောင်းမူကိုဖြစ်ပွားစေပါတယ်။
အကယ်၍ မိမိမှာ သဒ္ဓါတရားမရှိရင် ဒါန၊သီလ၊ဘာဝနာဆိုတဲ့ကောင်းမူတွေလုပ်ဖြစ်မှာမဟုတ်ပါဘူး။ သဒ္ဓါတရားရှိရင်တော့ ဒါန၊သီလ၊ဘာဝနာစတဲ့ကောင်းမူတွေလုပ်ဖြစ်သွားမှာသေချာပါတယ်။ ဒါကြောင့်မြတ်ဗုဒ္ဓက ပဌာန်းပါဠိတော်မှာဟောထားတာရှိပါတယ်- ယုံကြည်မူသဒ္ဓါတရားရှိသူဟာ ဒါနပြုနိုင်တယ်၊သီလဆောက်တည်နိုင်တယ်၊ဥပုသ်စောင့်သုံးနိုင်တယ်၊ ဈာန်ရစေနိုင်တယ်၊ ၀ိပဿနာတရားတွေဖြစ်စေတယ်၊ မဂ်လဲရနိုင်ပါတယ်၊ အဘိညာဉ်သမာပတ်တွေဖြစ်စေနိုင်ပါတယ်လို့ ဟောထားပါတယ်။ [သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ၀ိပဿနံ ဥပ္ပါဒေတိ၊မဂ္ဂံ ဥပ္ပါဒေတိ၊အဘိညံ ဥပ္ပါဒေတိ၊သမာပတ္တိံ ဥပ္ပါဒေတိ] မိမိဘ၀မှာ သဒ္ဓါတရားရှိရင်ကောင်းမူတွေဖြစ်ပွားစေတဲ့အတွက်ကြောင့် ကောင်းမူတွေဖြစ်ဖို့အတွက် သဒ္ဓါတရားအရေးကြီးတယ်ဆိုတာလေးကို မိမိရင်ထဲအသည်းထဲမှာ ထည့်ထားလိုက်ပါ..။
[၂]ရဟန်းတို့ အလှူဝတ္ထုရဲ့မျက်မှောက်ထင်ရှားရှိတဲ့အတွက်ကြောင့် သဒ္ဓါတရားနဲ့ပြည့်စုံသူအမျိုးကောင်းသား၊အမျိုးကောင်းသမီးတွေဟာ များစွာသောကောင်းမူတွေကိုဖြစ်ပွားစေ ပါတယ်။
မိမိကသဒ္ဓါတရားတော့ ရှိပါရဲ့ ဒါပေမယ့် လှူဖွယ်ဝတ္ထုမရှိပြန်ရင်လဲ ကုသိုလ်ကောင်းမူဖြစ်ပွားဖို့ဆိုတာက မလွယ်လှပါဘူး။ သဒ္ဓါတရားကရှိပါတယ် လှူဖွယ်ဝတ္ထုကမရှိဘူးဆိုပြီ စိတ်ပျက်စရာတော့မလိုလှဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုသဒ္ဓါတရားရှိနေရုံတင်ကိုက ကုသိုလ်စိတ်တွေတိုးပွားကြောင်းဟောထားပါတယ်။ အဲဒီတော့ လှူစရာလှူဖွယ်ဝတ္ထုရှိသူတွေဟာ သဒ္ဓါတရားနှင့်ပေါင်းစပ်လိုက်မယ်ဆိုရင် ကောင်းမူတွေပိုဖြစ်ပွားစေပါတယ်။ ဒါကြောင့် လှူဖွယ်ဝတ္ထုရှိဖို့လည်းအရေးကြီးကြောင်းကို မိမိရင်ထဲ အသည်းထဲမှာ ထည့်ထားလိုက်ပါ။
[၃]ရဟန်းတို့ အလှူခံပုဂ္ဂိုလ်တွေရဲ့ မျက်မှောက်ထင်ရှားရှိနေတဲ့အတွက်ကြောင့် သဒ္ဓါတရားနဲ့ပြည့်စုံသူ အမျိုးကောင်းသား၊အမျိုးကောင်းသမီးတွေဟာ များစွာသောကောင်းမူတွေကို ဖြစ်ပွားစေပါတယ်။
မျက်မှောက်ခေတ်မှာ ဘုရားတော့မရှိတော့ဘူး။ ဘုရားတပည့်သာဝကဖြစ်တဲ့ အရိယာသံဃာတော်တွေရှိတဲ့အတွက်ကြောင့် အလှူခံပုဂ္ဂိုလ်ကလည်းအဆင်သင့်ရှိနေပါတယ်။ သဒ္ဓါတရားလည်းရှိပါတယ်၊ လှူဖွယ်ရာတွေလည်းရှိပါတယ်၊ ဒါပေမယ့် အလှူခံပုဂ္ဂိုလ်မရှိဘူးဆိုရင် ကောင်းမူတွေဖြစ်ဖို့အလွန်နည်းပါးသွားပါလိမ့်မယ်။ ဒါကြောင့် အလှူခံပုဂ္ဂိုလ်ကလည်း ကောင်းမူတွေတိုးပွားဖို့အတွက်အရေးကြီးတယ်ဆိုတာကို မိမိ၏ရင်ထဲအသည်းထဲမှာ ထည့်ထားလိုက်ပါ။
အကျဉ်းချုပ်အနှစ်ချုပ်ကြည့်မယ်ဆိုရင်-
၁။သဒ္ဓါတရားအရေးကြီးပါတယ်၊
၂။လှူဖွယ်ပစ္စည်းရှိဖို့လည်းအရေးကြီး ပါတယ်၊
၃။အလှူခံပုဂ္ဂိုလ်ရှိဖို့လည်းအရေးကြီးပါတယ်။
ဒီတရားသုံးပါးနှင့်ပြည့်စုံနေမယ်ဆိုရင် ကောင်းမူတွေပြု တောင်းဆုတွေစုပြီး ကောင်းမူတွေတိုးပွားအောင်ကြိုးစားလိုက်ပါ။
ဒီတရားသုံးပါးထဲမှာတော့ သဒ္ဓါတရားဟာအရေးကြီးဆုံးပါပဲ။ တစ်ခါတုန်းက အရှင်မောဂ္ဂလ္လာန်က အရင်ဆွမ်းစားပင့်ထားတဲ့ ဒကာတော်ကို ပြောပါတယ်- ဒကာတော်ရေ..သုပ္ပ၀ါသာဟာ ခုနစ်နှစ်၊ခုနစ်ရက် ကာလပတ်လုံး မိန်းမောတွေဝေစွာ ကိုယ်ဝန်ဆောင်ခဲ့ရပါတယ်။ သူအခု သားလေးဖွားမြင်လာပါတယ်။ သူက သံဃာတော်တွေကို ဆွမ်းစားဖိတ်ထားပါတယ်။ ဒီတော့ ဒကာတော်က ဒကာရင်းဆိုတော့ နောက်မှပဲ ဆွမ်းကပ်ပါ၊ သူ့အိမ်ကို ငါတို့အရင်ကြွမယ်လို့ပြောလိုက်ပါတယ်။
ဒီတော့ ဒကာကဘာပြောလဲဆိုတော့-အရှင်ဘုရား တပည့်တော်ရဲ့စည်းစိမ်ဥစ္စာ၊အသက်၊ယုံကြည်မူသဒ္ဓါတရားဆိုတဲ့ ဒီတရားသုံးပါးမပျက်စီးအောင်တာဝန်ယူနိုင်တယ်ဆိုရင် အဲဒီအမျိုးသမီးအိမ်ကို အရင်ဆွမ်းစားကြွပါ၊ တပည့်တော်နောက်မှပဲ ဆွမ်းကပ်ပါမယ့်ဘုရားလို့ လျောက်ထားပါတယ်။ အဲဒီလိုပြောတော့ အရှင်မောဂ္ဂလ္လာန်က- ဒကာတော်ရေ.. ဒကာတော်ရဲ့ စည်းစိမ်ဥစ္စာနဲ့ အသက် ဒီတရားနစ်ပါးတော့ မပျက်စီးအောင် ငါတာဝန်ယူနိုင်ပါတယ်၊ ဒါပေမယ့် ဒကာတော်ရဲ့ သဒ္ဓါတရားမပျက်စီးအောင်တော့ ငါတာဝန်မယူနိုင်ဘူး၊ ဒကာတော်ကိုယ်တိုင်းပဲတာဝန်ယူရမယ်လို့ပြောလိုက်ပါတယ်..။
ဒီသာဓကလေးကို ထောက်ဆကြည့်မယ်ဆိုရင် သဒ္ဓါတရားအရေးကြီးပုံလေးကို ရိပ်မိမယ်လို့ထင်ပါတယ်။ ဒီလောက်ဆိုရင် မျက်မှောက်မှာထင်ရှိနေတဲ့တရားသုံးပါး သို့မဟုတ် မျက်မှောက်မှာကောင်းမူတွေဖြစ်ပွားစေတဲ့တရားသုံးပါးကို မိမိရင်ထဲရောက်အောင်ပို့ထားပြီး တစ်ဘ၀မှာ တစ်ဘ၀စာခရီးရောက်အောင် ပါရမီအထုံလေးတွေစုသွားဖို့ပါပဲ။ တစ်ဘ၀မှာတစ်ဘ၀စာ ခရီးရောက်အောင်ကျင့်ကြံကြိုးကုတ်သွားမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တို့၏နောက်ဆုံးပန်းတိုင်းတည်းဟူသော နိဗ္ဗာန်ဆိုတာရောက်လာမှာပါ။ တစ်ဘ၀မှာ တစ်ဘ၀စာခရီးရောက်အောင် ကျင့်သွားဖို့ပဲလိုပါတယ်။ စာဖတ်သူအားလုံး မျက်မှောက်မှာ ကောင်းမူတွေဖြစ်ပွားစေတဲ့တရားသုံးပါးကို ရရှိထားတဲ့လူ့ဘ၀မှာ အရယူထားလိုက်ပါ။ အရယူပြီး ကောင်းမူတွေပြုလုပ်သွားပါ၊ ဒါဆိုရင် တစ်ဘ၀မှာ တစ်ဘ၀စာခရီးပေါက်သွားပါလိမ့်မယ်။
လပြည့်ဝန်း[သာစည်]
ကျမ်းကိုး။ ။အင်္ဂုတ္တိုရ်ပါဠိတော်၊စူဠ၀ဂ်၊သမ္မုခီဘာဝသုတ်။
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support