★ ★ ★
ခံစားလွယ်တဲ့စိတ်ဟာ အထိအရှလည်းလွယ်တယ်။ အထိနာလာရင် အသိပါကွာလာတတ်တယ်။ သတိမပါတဲ့အသိက အရှိကိုငါထင်လာတတ်တယ်။ တဒင်္ဂအရှိအပေါ်မှာ ငါကလွှမ်းမိုးသွားရင် ဘဝဟာ အရမ်းဆိုးသွားတာမျိုးအထိ ဖြစ်တတ်တယ်။

★
လူ့သဘောအရ ခံစားချက်ဆိုတာတော့ ရှိမှာပေါ့။ ဒါပေမယ့် ခံစားမှုကို ဗရမ်းဗတာ မခံစားမိအောင်တော့ ထိန်းရမှာပေါ့။ ဟိုဟာဆိုလည်း လိုက်ခံစား၊ ဒါဆိုလည်းလိုက်ခံစား၊ ထစ်ခနဲဆို ခံစားနေသမျှ အမှန်အမှားတွေက ဝေဝါးနေကြမှာပဲလေ။ အနေအသွားတွေ ပေါ့ဖို့ဆိုရင်တော့ ခံစားတာတွေ လျှော့မှဖြစ်မှာပေါ့။ မလျှော့နိုင်လို့ လိုက်ခံစားနေရင် ခံစားတဲ့သူဟာ ရှုံးနေမှာပဲ မဟုတ်လား။
★
ရုန်းနေရတဲ့ဘဝမှာ အရှုံးတွေသာ ရနေကြမယ်ဆိုရင်တော့ ဘဝအနေက လှမှာမဟုတ်ဘူးပေါ့။ ရနေတဲ့ဘဝမှာ အလှတွေမကျဖို့ဆိုရင်တော့ စိတ်လွတ်ကိုယ်လွတ် ခံစားတာမျိုး လျှော့ချဖို့တော့ လိုတာပေါ့။ ပျော်စရာကြုံလည်း တရားလက်လွတ် မပျော်မိဖို့၊ မော်စရာကြုံလည်း သတိလက်လွတ် မချော်မိဖို့ အတော်ညှိဖို့တော့ လိုတာပေါ့။
★
အရေးကြီးဆုံးက ခံစားချက်ကို ထိန်းညှိဖို့ပါပဲ။ ဘယ်သူ့ကြောင့်မှ တအားကြီး ခံစားနေဖို့မရှိသလို၊ ဘာကြောင့်မှလည်း အများကြီး ခံစားနေဖို့ မရှိဘူးပေါ့။ ကိုယ့်စိတ်ဒဏ်ရာဟာ ကိုယ့်ခံစားချက်ကြောင့်ပဲ ဖြစ်ရတာဆိုတော့ စိတ်အနာမရဖို့ဆိုရင် ခံစားချက်ကို သတိပြုဖို့ပဲ လိုတာပေါ့။ သတိရှိနေတဲ့စိတ်ဟာ ဗရမ်းဗတာ မခံစားတော့ဘူး။ မခံစားရင် မစွဲတော့ဘူး။ မစွဲရင် မလွဲတော့ဘူး။ ဘာမှမစွဲရင် ဘဝဟာလည်း မမွဲတော့ဘူးပေါ့။
တကယ်တော့ ဝေဒနာဆိုတာ ခံစားနေဖို့မှ မဟုတ်တာ။ သိမှတ်နေဖို့ပါပဲလေ။
မေတ္တာဖြင့်
မနာပ အရှင် ဘုန်းဦးဝိစိတ္တ

0 comments:
Post a Comment