မြတ်စွာဘုရားက သဒ္ဓီမ ၀ိတ္တံ ပုရိသဿ သေဋ္ဌံ - သဒ္ဓါတရားဟာ အကောင်းဆုံးသော
ဥစ္စာတစ်ခုပါတဲ့။ အဲဒီတော့ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် ပရိတ်သတ်တို
့ဘ၀အရေး စိတ်အေးရန်အတွက် ဘာပစ္စည်းစုကြသလဲ ၊ သဒ္ဓါဆိုတဲ့ပစ္စည်းကို စုရမယ်။
ဒါဖြင့် သဒ္ဓါဆိုတာ ဘာလဲ။ ကုသိုလ်ကောင်းမှုပြုလုပ်ရန် စိတ်ဝင်စားနေတာ - သဒ္ဓါ
၊ ယုံကြည်တာသက်သက်မဟုတ်ဘူး။ ဘုရားတရား သံဃာကို ယုံကြည်တယ် ၊
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်လို့ ယုံကြည်တယ်။ အဲဒါလက်ခံပြီးတော့
ကုသိုလ်ကောင်းမှုလုပ်ရန်စိတ်ဝင်စားနေတာကို သဒ္ဓါ လို့ ခေါ်တယ်။ သဒ္ဓါ ဆိုတာ
စိတ်ဝင်စားတယ် ၊ ယုံကြည်တယ်။
သဒ္ဓါတရား မိမိစိတ်ထဲမှာ ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဘာလှုရင်ကောင်းမတုန်းလို့ စိတ်ကလှုဖို့ တမ်းဖို့ ကြံစည်လာတယ်။ သီလဆောက်တည်ဖို့ ၊ ဥပုသ်စောင့်ဖို့ စိတ်ကူးလာတယ် ၊ ကမ္မဋ္ဌာန်းအားထုတ်ဖို့ စိတ်ကူးလာတယ်။ အဲဒီ စိတ်ကူးလေးဖြစ်လာရင် ကိုယ့်သန္တာန်မှာ သဒ္ဓါဖြစ်ပြီလို့ မှတ်ပေတော့နော်။ အဲဒီလို စိတ်ကူးလေးမရသေးရင် သဒ္ဓါတရားမရှိဘူးလို့ ပြောရမယ်။
လှုတာတစ်ခုတည်းတွင် မဟုတ်ဘူးနော်။ ကုသိုလ်ကောင်းမှုမှာ စိတ်ဝင်စားလာတယ်။ အခုကြည့်လေ။ တရားပွဲသွားပြီး တရားနာဦးမှပဲ ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်သူ့ ကြောင့်ပေါ်လာတုန်း။ သဒ္ဓါကြောင့်ပေါ်လာတာ။
သဒ္ဓါရှိတဲ့ပုဂ္ဂိုလ်ဟာ
(၁) တရားနာချင်တယ်။
(၂) သူတော်သူမြတ်ကို ဆည်းကပ်ဖူးမြင်ချင်တယ်။
(၃) လှုချင်တမ်းချင်တယ်။
ဒါ သဒ္ဓါရှိတဲ့ပုဂ္ဂိုလ်ရဲ့ အမှတ်အသား လက္ခဏာ ၃ ချက်ပဲ။ တရားနာချင်တာလည်း သဒ္ဓါကြောင့် ၊ သူတော်သူမြတ်ကို ဆည်းကပ်ဖူးမြင်ချင်တာလည်း သဒ္ဓါကြောင့်။ လှုချင်တမ်းချင်တာတစ်ခုတည်းကို သဒ္ဓါလို့ ခေါ်တာမဟုတ်ဘူး။
မှတ်ချက်။
ပါမ္ခောချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော “ဘ၀အရေး စိတ်အေးရလေအောင်” တရားတော်ကို ကိုယ်တိုင်နာယူမှတ်သားရင်း ကုသိုလ်ပြုပြန်လည်ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်ခင်ဗျာ။
ထူးတင့်နိုင်
မေတ္တာဖြင့် မျှဝေသူ
ရွှေညာသား

0 comments:
Post a Comment