✔
ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့ သဒ္ဓါတရား ဘယ်တော့မှ ပုံသေတွက်ထားလို့ မရဘူး။
အခုကောင်းနေပေမယ့် တော်ကြာပြောင်းချင်ပြောင်းသွားတာ။ ဒါသဘာဝပဲ။
လက်ခံထားရမယ်။ ကောင်းနေလို့လည်း မပြောင်းတော့ဘူးလို့ မတွက်နဲ့။
မကောင်းလို့လည်း အစောင်းချည်းပဲ မတွေးနဲ့။ ကိုယ့်စိတ်နဲ့
ကိုယ့်သဒ္ဓါတရားကိုပဲ ဆန်းစစ်ကြည့်ရင် ဘယ်လောက်အပြောင်းအလဲ မြန်တယ်ဆိုတာ
သိလို့ရတယ်။
✔
သဒ္ဓါဆိုတာ ယုံကြည်မှုကိုပြောတာ။ ယုံရင်ကြည်တယ်။ မယုံရင် မကြည်တော့ဘူး။
စိတ်အခန့်သင့်နေရင် အဆင်ပြေနေမယ်။ အခန့်မသင့်ရင် ဘာမဟုတ်တာလေးနဲ့လည်း
ပြောင်းလဲသွားမှာပဲ။ သံသယတွေဝင်လာလို့ မယုံတော့ဘူးဆိုရင်တော့ ဘာပဲလုပ်လုပ်
ကြည်မှာမဟုတ်တော့။ သူမကြည်တာနဲ့ ကိုယ်ပါလိုက် မကြည်ဖို့တော့ မရှိဘူး။
သူမကြည်တာ သူ့အပိုင်း၊ ကိုယ်မပြိုင်းဖို့က ကိုယ့်တာဝန်။ စိတ်မှာဘာဝန်မှ
ပိမနေဖို့က အဓိကပဲ။
✔
အရေးကြီးတာက ကိုယ့်သဒ္ဓါတရား ကိုယ်ထိန်းနိုင်ဖို့ပဲလိုတယ်။ အသိကွာလာတဲ့
သဒ္ဓါတရားဟာ အစစ်အမှန်ဖြစ်ဖို့ထက် လွဲလာတာပဲများတတ်တယ်။ သဒ္ဓါလွန်တော့
တဏှာကျွန်ဆိုသလို သတိလွတ်လာတဲ့ ယုံကြည်မှုဟာ ယုံတာပဲရှိတယ်။ ကြည်လာဖို့တော့
မလွယ်ဘူး။
➳ ဆိုလိုတာက လူပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ်
ပုထုဇဉ်အဆင့်မှာ ရှိနေသေးသမျှတော့ ယုံကြည်မှု သဒ္ဓါတရားဆိုတာ
ပြောင်းနေကြဦးမှာပဲ။ ဒီသဘောကို သိထားရင်း ဘယ်သူကပဲပြောင်းပြောင်း
ကိုယ့်စိတ်အစောင်း မဖြစ်တော့ဘူး။ ကိုယ့်စိတ်ပြောင်းနေသလို
သူ့စိတ်လည်းပြောင်းတတ်ဆိုတာ လက်ခံထားနိုင်ရင် သူပြောင်းသွားလို့လည်း
ကိုယ်အများကြီးခံစားနေဖို့ မရှိဘူး။ အစကတည်းက အများကြီး မျှော်လင့်မထားရင်
ပြောင်းသွားလို့လည်း အများကြီး ခံစားနေဖြစ်မှာ မဟုတ်တော့ဘူးပေါ့။
✔
သေချာတာကတော့ အရာရာဟာ ဘာမှပုံသေတွက်ထားလို့ မရသလို အချိန်မရွေး
ပြောင်းလဲတတ်တယ်ဆိုတာ အသေအချာပါပဲ။ "လက်ခံလိုက်ပါ၊ မခံစားပါနဲ့"ပေါ့။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
0 comments:
Post a Comment