Sunday, 18 March 2018

ဆေးမစားမီပုံနှင့် ဆေးစားဆဲပုံ =====================

ရပ်ကွက်တွင်းမှ လူကြီးတစ်ဦး၏ ရက်လည်ဆွမ်းကျွေးတရားနာပွဲတွင် သူငယ်ချင်း တစ်ယောက်နှင့် တွေ့သည်။ သူက စ၍ နှုတ်ဆက်သည်။
“လာ သူငယ်ချင်း၊ ဒီမှာထိုင်”
ကျွန်တော့်ကို သူ့အနားမှာ ထိုင်စေပါသည်။
“မင်း ဆယ့်ငါးရက်တရားစခန်းဝင်ဖြစ်တယ်ဆို”
“ဝင်ဖြစ်တယ် သူငယ်ချင်း၊ သင်္ကြန်တွင်း အပြင်ထွက်လည်မလား၊ ရိပ်သာကျောင်း သွားမလား မဲနှိုက်လိုက်တော့ ရိပ်သာကျောင်း မဲပေါက်သွားတာနဲ့ တရားစခန်းဝင် ဖြစ်သွား တာကွ”
“ငါ မသိလို့ တစ်ခုလောက်မေးချင်တယ်ကွာ”
“မေးလေကွာ”
ကျွန်တော် တိုတိုပင် ပြောလိုက်ပါသည်။
“တရားစခန်း မဝင်မီနဲ့ ဝင်ပြီးအခြေအနေ ဘာကွာခြားသလဲ”
သူ့မေးခွန်းက လွယ်သလိုနဲ့ ဖြေဆိုရန် တော်တော် ခက်ပါသည်။ သို့သော် ကျွန်တော် ကြိုးစား၍ဖြေကြည့်ပါသည်။
“သူငယ်ချင်းရဲ့မေးခွန်းကို ဝေဘူဆရာတော်ကြီးရဲ့စကားနဲ့ပဲ ဖြေကြည့်မယ်ကွာ။ ဆရာတော်ကြီးက ပြောဖူးတယ်တဲ့၊ မောလို့ ရေသောက်တာတော့ လူမြင်တယ်။ အမောပြေ သွားတာကိုတော့ မမြင်နိုင်ဘူးတဲ့။ တရားအလုပ်လုပ်တယ်ဆိုတာ အဲဒီသဘောပဲ”
ကျွန်တော့်စကားကို သူငြိမ်သက်စွာ နားထောင်နေပါသည်။ ပြီးတော့ သူ့ထံမှ စကားသံထွက်လာပြန်သည်။
“ဆရာတော်ကြီးရဲ့စကားက သိပ်လေးနက် ကျယ်ဝန်းတာပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ ဒီလောက်နဲ့ သိပ်သဘောမပေါက်ဘူး၊ ငါတို့က တစ်ထွာပြရင် တစ်မိုက်လောက် မြင်အောင် မနည်းကြည့်ရတာ။ ဆေးမစားမီပုံနဲ့ ဆေးစားပြီးဆိုပါတော့ကွာ၊ အဲဒါလေးကို အသေးစိတ် သိချင်တာ”
အသေးစိတ်သိချင်ရင်တော့ ကိုယ်တိုင်အားထုတ် ကြည့်ပါလားဟု ပြောလိုက်ချင် သည်။ သို့သော် ကျွန်တော် မပြောရက်ပါ။ သူတကယ် သိချင်နေပုံ ရသည်။
“ဆေးမစားမီနဲ့ ဆေးစားပြီးလို့တော့ မပြောပါနဲ့ကွာ၊ ဝိပဿနာဆေးဆိုတာ ရဟန္တာ မဖြစ်သေးသရွေ့ အမြဲစားနေရမယ့်ဆေး”
“ဟုတ်ပါပြီ၊ မင်း ဆေးစားပြီးသလောက်ပေါ့ကွာ”
“အခု ဒီဆွမ်းကျွေးပွဲမှာတော့ အသေးစိတ်ပြောဖို့ဆို မဖြစ်နိုင်ဘူးကွ၊ အိမ်ကို တစ်ရက်လောက် လာလည်ပါလား၊ အဲဒီကျတော့ ပြောကြတာပေါ့”
“ဟာ နောက်ရက်တွေ ဘာတွေ လုပ်မနေနဲ့၊ အခု သူငယ်ချင်းပြန်တော့ လိုက်ခဲ့မယ်လေ၊ အားတယ် မဟုတ်လား”
ကျွန်တော့် သူငယ်ချင်းသည် စိတ်မြန်လက်မြန်သမားပီပီ ထပြန်ရန်ပြင်နေလေပြီ။
ဤသို့နှင့် ကျွန်တော့်အိမ်သို့ သူရောက်လာသည်။ သူ့ကို ဘယ်ကစ၍ ရှင်းပြရပါ့။
သူသည် စာပေသမား တစ်နည်းအားဖြင့် စာဖတ် သန်သူဖြစ်၍ ပဋိစ္စသမုပ္ပာဒ်လည်ပုံ ပြတ်ပုံတို့ကို စာအုပ်ကြီးပုံစံဖြင့် ရှင်းပြလို့တော့ မဖြစ်သေး။
တရားအားထုတ်စဉ် ခန္ဓာက ပြသောတရား၊ တစ်နည်းအားဖြင့် လက်တွေ့မျက်မြင် တရားတို့ကို ပြောပြမှ ဖြစ်မည်။ ဒါမှ ဆေးမစားမီနှင့် ဆေးစားဆဲပုံတို့ကို သူ သဘောပေါက် ပေလိမ့်မည်။
“တရားစခန်းမှာ နေ့စဉ် နံနက် (၄) နာရီ ဆိုရင် အိပ်ရာထ၊ ကိုယ်လက်သန့်စင်ရတယ်။ (၄)နာရီခွဲမှာ တရားအားထုတ်ဖို့ ဓမ္မာရုံကြီးပေါ်တက်ရတယ်။ (၄) နာရီခွဲကနေ (၅) နာရီခွဲ အထိ တစ်နာရီ အားထုတ်၊ (၅)နာရီခွဲမှာ ဓမ္မာရုံက ဆင်းလာပြီး ဘောဇနဆောင်မှာ အရုဏ် ဆွမ်းစားရတယ်၊ ဆွမ်းစားပြီး (၆)နာရီခွဲ မှ (၇)နာရီခွဲအထိ တရားအားထုတ်၊ ပြီးရင် နာရီဝက် စင်္ကြံလျှောက်၊ ရှစ်နာရီ ထိုးတဲ့အခါကျတော့ ဥပုသ် ဆောက်တည်၊ ပြီးရင် ဆရာတော်က ပဋိစ္စသမုပ္ပာဒ် လည်ပုံ၊ ပြတ်ပုံတို့ကို စက်ဝိုင်းဒေသနာနဲ့ဟောပြော ရှင်းပြတယ်ကွ၊ တစ်နေ့မှာ ဆွမ်းစားချိန်၊ ရေချိုးချိန် ကလွဲပြီး တရားအားထုတ်ချိန် ကိုးချိန်ရှိတယ်”
သူငယ်ချင်းအား တရားစခန်း၏အလုပ်ချိန်တို့ကို နိဒါန်းအနေဖြင့် ရှင်းပြရသည်။
“ပထမဆုံးရက်မှာ ဘယ်လိုဖြစ်သလဲ ဆိုတော့ ဝင်လေထွက်လေရှုမှတ်ရင်း ဆယ်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်မှာ နောက်ကျောထဲ ထင်းချောင်းကြီးတစ်ချောင်း ဒေါင်လိုက်ဝင်လာသလို ခံစားလာရတယ်။ အဲဒီထင်းချောင်းကြီးဟာ ပျောက်မသွားဘဲ ကျော တစ်ပြင်လုံး အောင့်နေအောင်၊ ပူနေအောင် ဒုက္ခပေးနေတယ်ကွ။ ကျောပြင်မှာ အဲဒီအချောင်း ကြီး ဒုက္ခပေးနေတုန်းမှာပဲ ပေါင်တွေ ခြေသလုံးတွေကလည်း ကိုက်ခဲလာလိုက်တာ မခံနိုင်အောင်ပါပဲ။ ကိုက်ခဲမှုဟာ ရိုးတွင်း ခြင်ဆီတွေပါ ပေါက်ထွက်လာတော့မလား အောက်မေ့ရတယ်”
“ဒီဝေဒနာတွေက ဘာတွေလဲ၊ ဘာဖြစ်လို့ အခု မှပေါ်လာရတာလဲ၊ အရင်က ကုလားထိုင်ပေါ်မှာ နေထွက်က နေဝင်အထိ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ခဲ့ဖူးတယ်၊ ဒါမျိုး တစ်ခါမှမပေါ်ဖူးဘူး”
“ဒီဝေဒနာတွေ သက်သာလိုသက်သာငြားဆိုပြီး တင်ပျဉ်ခွေကို ဖြည်းဖြည်းချင်းဖြုတ်ပြီး မိန်းကလေးတွေလို ဒူးတုပ်ထိုင်ကြည့်တယ်။ အဲဒီလို ထိုင်ကြည့်တော့လည်း ခဏပဲ သက်သာ ပြီး နောက်ပြန်ပေါ်တာပဲ။ တစ်နာရီအတွင်းမှာ သုံးကြိမ်လောက် ပြင်ပြင်ထိုင်ရတယ် သူငယ်ချင်း”
“ရာသီဥတုကြောင့်ပဲလား၊ ဝေဒနာကြောင့်ပဲလား မသိဘူး၊ တရားထိုင်ချိန် တစ်နာရီပြည့်လို့ ကြေးမောင်း ခေါက်လိုက်ပြီဆိုရင် တစ်ကိုယ်လုံးချွေးတွေ ရွှဲနစ်နေ တော့တာပဲ”
“ပထမနေ့တစ်နေ့လုံး တရားထိုင်တိုင်း နောက်ကျောပြင်ထဲကို ထင်းချောင်းလို အချောင်းကြီးက ရောက်ရောက်လာပြီး ဒုက္ခပေးနေတော့တာပဲ။ တရား အားထုတ်ဖို့ ထိုင်ပြီး ဆယ့်ငါးမိနစ်လောက်ဆို ကျောအလယ်လောက်မှာ ခဲလုံးတစ်လုံးစာလောက် ကွက်ပြီး အောင့်လာတယ်။ အဲဒီ ခဲလုံးအရွယ်လေးဟာ တဖြည်းဖြည်းနဲ့ ကြီးလာပြီး ဒေါင်လိုက်ရှည်လျား သွား ပြီး ကျောထဲမှာ တုတ်ချောင်းကြီးတစ်ချောင်းလို ဖြစ်လာတော့တာပဲ၊
နောက်ရက်တွေမှာ တရားထိုင်ဖို့ ကြေးမောင်း ခေါက်တဲ့ အသံဟာ မိုးခြိမ်းသံလား အောက်မေ့ရတယ်။ တရားထိုင်ရမှာကို ကြောက်လာတယ်။ ခန္ဓာအကြောင်း သိချင်လို့ အားထုတ်လာတာပဲ၊ ဘာလို့ကြောက်ရမှာလဲ၊ ခုမှ အစရှိသေးတယ်၊ ဇွဲလျှော့ချင်နေပြီလား ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး ဓမ္မာရုံကို ချီတက်နေရတယ်ကွ”
သူငယ်ချင်းသည် ကျွန်တော်ပြောသမျှကို ငြိမ်၍ နားထောင်နေပါသည်။
“ဒုတိယရက်မှာတော့ ကျောထဲ ဒေါင်လိုက်ဝင် လာတဲ့ ထင်းချောင်းဟာ ဒေါင်လိုက်မဟုတ်တော့ဘဲ ပုံစံပြောင်းသွားပြန်ပြီကွ၊ ဒေါင်လိုက် မဟုတ်တော့ဘဲ ကန့်လန့်ဖြစ်နေပြန်တယ်။ ကျောပြင်တစ်ခုလုံး အောင့်နေတယ်။ ပေါင်တွေ ခြေသလုံးတွေ လည်း ထုံကျဉ်နေတာပဲ။ နေရာပြင်ထိုင်လည်း ခဏပဲ၊ ထင်းချောင်းကြီးဟာ ခန္ဓာကိုယ်ကို တံကျင်လျှိုထားသလားမှတ်ရတယ်၊
အံ့ဩစရာကောင်းတာက အချိန်စေ့လို့ တရားဖြုတ်လိုက်တာနဲ့ ဒီဝေဒနာတွေဟာ ဘယ်ရောက်ကုန်တယ် မသိဘူး။ ခန္ဓာကိုယ်ပေါ်ကနေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန် ကြတယ်။
ခန္ဓာကိုယ်မှာ ဒီလိုဖြစ်မှုပျက်မှုတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ အခု ဒီလိုတွေ တွေ့လာတော့ အံ့ဩမိတယ်။ ဪသာ်-ဒီခန္ဓာကြီးဟာ ဒီလိုဖြစ်ပျက်မှုတွေနဲ့ ဖောက်ပြန် နေတာပါလား၊ ဖောက်ပြန်တယ်ဆိုတာ ဒီလို ကိုးလို့ သိလာရတယ် သူငယ်ချင်း။
နေ့ဆွမ်းစားပြီး စင်္ကြံလျှောက်ချိန်မှာ ဆရာတော် ကိုသွားပြီး လျှောက်ထားတယ်ကွ၊ တရားထိုင်လိုက်ရင် ကျောထဲရောက်ရောက်လာတဲ့ ထင်းချောင်းကိစ္စ၊ သူက ပေးတဲ့ ဝေဒနာတွေအကြောင်းနဲ့ ဒီဝေဒနာတွေ ပျောက်အောင် ဘယ်လိုရှုမှတ်ရမလဲဆိုပြီး လျှောက် ထားမေးမြန်းကြည့်တော့ ဆရာတော်က -
‘ဒကာကြီး တဲ့၊ ဝေဒနာတွေကို မခံချင်တာက ဒေါသ၊ သူတို့ကို ပျောက်စေချင်တာက လောဘ တဲ့။ ဒေါသလည်း မဖြစ်နဲ့၊ လောဘလည်း မဖြစ်နဲ့၊ ဒီလိုဖြစ်တာ အကြွေးတွေ ဆပ်နေရတယ်လို့ပဲ မှတ်ပါတဲ့။ အကြွေးတွေ ပိနေတဲ့ လူတစ်ယောက်ဟာ အကြွေးဆပ်လို့ ကျေသွားတော့ ပေါ့သွားသလိုပေါ့။ ဒကာကြီးလည်း အြွေကးတွေရှိသလောက်တော့ ဆပ်ပါဦး တဲ့၊ အကြွေးတွေကျေသွားရင် ပေါ့သွားလိမ့်မယ်တဲ့၊ ဘယ်လို အကြွေးလဲဆိုတာ တဖြည်းဖြည်းတော့ သိလာပါလိမ့်မယ်}တဲ့၊ ဆရာတော်ကို ကန်တော့ပြီး ထပြန်မယ် လုပ်တော့ ဆရာတော်က သတိပေးစကား မိန့်ကြားခဲ့သေးတယ်ကွ၊
‘ဒကာကြီး တဲ့၊ ရုပ်တွေ နာမ်တွေဟာ အမြဲပဲ ဖြစ်ပျက်နေကြတယ် တဲ့၊ ဖြစ်ပျက်ရုံ ဖြစ်ပျက်နေကြ တာမဟုတ်ဘဲ ခန္ဓာကိုနှိပ်စက်ပြီးတော့လည်း ဖောက်ပြန် ဖြစ်ပျက်နေကြတာကို သတိထားပေါ့’ တဲ့။”
သူငယ်ချင်းသည် ကျွန်တော်ပြောသမျှကို ကြားဖောက်မေးမြန်းခြင်း မပြုဘဲ ဂရုစိုက် နားထောင်နေ သည်ကို သတိထားမိသည်။ ကျွန်တော် သူ့ကို ဆက်ပြောပြနေမိသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာတော်ပြောတဲ့ အကြွေး ဆိုတာကို လုံးဝ နားမလည်သေးဘူး၊ ဘာ အကြွေးလဲ၊ ဘယ်တုန်းက တင်ခဲ့တဲ့အကြွေးလဲ၊ ဒီ အကြွေးတွေ ဘယ်တော့ကျေမှာလဲ၊ အို-တွေးမနေ တော့ပါဘူးဆိုပြီး တရားထိုင်ချိန် အဲဒီထင်းချောင်းကြီး ခန္ဓာထဲ ပေါ်လာပြီဆိုရင် အဲဒီနေရာကို စိတ်စိုက်ပြီး ရှုပစ်လိုက်တယ်။ ပေါင်က နာလာပြီဆိုရင် နာတဲ့နေရာကို စိုက်ပြီး ရှုပစ်လိုက်တယ်။
အဲဒီလို ဇွဲသန်သန်နဲ့ ရှုမှတ်လိုက်တော့ သုံးရက် မြောက်ညနေပိုင်းမှာ ထင်းချောင်းလို အရာဝတ္ထုဟာ ပေါ်မလာတော့ဘူးကွ၊ အထိုင်ပြင်ရတဲ့အကြိမ်ကလည်း သုံးကြိမ်ကနေ တစ်ကြိမ်သာ ပြင်ရတော့တယ်။ လေးရက် မြောက်တဲ့နေ့ကျတော့ တစ်ကြိမ်မှ မပြင်ရတော့ဘဲ ထိုင်နိုင်သွားပြီ။ ဆရာတော်ပြောသလို အြွေကးတွေ ကျေစပြုလာပြီနဲ့တူတယ်ကွ”
ကျွန်တော်တို့နှစ်ယောက်သည် ဇနီးသည်က လာချပေးသည့် လက်ဖက်ရည်နှင့် မုန့်တို့ကို စားသောက် ရင်း တရားစခန်းမှာ တွေ့ခဲ့ ကြုံခဲ့တာတွေကို စိတ်ရှည်ရှည် ပြောပြနေ မိသည်။ ကျွန်တော် ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်ချိန်မှာ သူငယ်ချင်းထံမှ စကား ထွက်လာသည်။
“အင်း ဆေးမစားမီနဲ့ ဆေးစားဆဲပုံကို နည်းနည်း တော့ သဘောပေါက်လာပြီ”
သူ သဘောပေါက်လာပြီဆို၍ ကျွန်တော် ပြောပြရတာ အားရှိလာသည်။
“ဆရာတော်က ညနေပိုင်း တရားဟောတဲ့အခါမှာလည်း ရှင်းပြပါတယ်။ သုခ၊ ဒုက္ခ၊ ဥပေက္ခာ စတဲ့ ဝေဒနာတွေဟာ ဧည့်သည်တွေပါပဲတဲ့။ ဧည့်သည်ဆို တဲ့အတိုင်း ပေါ်တဲ့အခါ ပေါ်လာမယ်၊ ပျောက်တဲ့အခါ ပျောက်သွားလိမ့်မယ်တဲ့။ ပေါ်လာတဲ့အခိုက်မှာ ပေါ်လာ တဲ့ဝေဒနာလေးကို သိပေးနေပါတဲ့။ သိရုံပဲ သိပေးနေပါ တဲ့၊ ဒါပေမဲ့ ဒါဟာ ဝိပဿနာ မဟုတ်သေးဘူးတဲ့၊ ဝိပဿနာရဲ့ ရှေ့ပိုင်းပဲ ရှိသေးတယ်တဲ့”
“အင်း ဝိပဿနာအလုပ်က တော်တော်သိမ်မွေ့ တာပဲနော်”
သူငယ်ချင်းသည် ကျွန်တော် ရှင်းပြနေသည်ကို တလေးတစား မှတ်သားနေပုံရသည်။
“တရားထိုင်တဲ့ရက် ငါးရက် ခြောက်ရက်လောက်မှာ ထူးဆန်းတဲ့အဖြစ်တစ်ခု ကြုံရ တယ်ကွ၊ ဘယ်လိုလဲ ဆိုတော့ ငါ့ရဲ့တင်ပါးအောက်မှာ ကြိမ်လုံးတစ်လုံး လာခံနေသလို ခံစားနေရတယ်။ ကြိမ်လုံးတစ်လုံးပေါ်မှာ အကြာကြီး ထိုင်ထားတဲ့ ညာဘက်တင်ပါးဟာ ဘယ်လောက်နာမလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ ဒါနဲ့ တရားထိုင်ချိန်စေ့သွားတော့ ကိုယ့်တင်ပါး အောက်မှာ ဘာရှိသလဲ လိုက်ကြည့်တော့လည်း ဘာမှ မတွေ့ရဘူး၊ မကျေနပ်တာနဲ့ ကိုယ်ဝတ်ထားတဲ့ ပုဆိုးကို သေသေချာချာကြည့်လိုက်တော့ ပုဆိုးချုပ်ရိုးကြောင်းလေးဟာ တင်ပါးဘက်မှာရှိနေတာကို သတိထားမိတယ်ကွ၊ ဪသြော် ငါ့ကို ဒုက္ခပေးနေတာ ဒီပုဆိုး ချုပ်ရိုးကြောင်းလေးပါလားလို့ သိလိုက်ရတယ်။
ရူပက္ခန္ဓာလို့ ခေါ်တဲ့ တို့ရဲ့ရုပ်ခန္ဓာဟာ နူးညံ့သိမ်မွေ့ပြီး ခိုင်မြဲမာကျောတဲ့ အနှစ်ရယ်လို့ မရှိဘူး၊ ငါ့ရဲ့ခန္ဓာဟာ ပုဆိုးချုပ်ရိုးကြောင်းလေးပေါ်မှာတောင် ကြာကြာမထိုင်နိုင်တဲ့ ခန္ဓာပါ လား၊ ဒါကြောင့် ဗုဒ္ဓက ထိခိုက်မခံ ပျက်စီးလွယ်တယ်လို့မို့ ရူပက္ခန္ဓာကို ရေမြှုပ်နဲ့ ဥပမာပေး ခိုင်းနှိုင်းခဲ့တာပါလားလို့ သဘောပေါက်လာတယ် သူငယ်ချင်းရ”
သူငယ်ချင်းမျက်နှာကို ကြည့်လိုက်တော့ တည်ငြိမ်နေပြီး တစ်ခုခုကို စဉ်းစားနေပုံ ရသည်။ ခဏနေတော့ သူ့ထံမှ မေးခွန်းတစ်ခုထွက်လာသည်။
“အခုနက မင်းပြောတဲ့ အကြွေးဆိုတာကော သဘောပေါက်လာပြီလား”
“တရားစခန်း သိမ်းခါနီးကျတော့ ဆရာတော်က ရှင်းပြတယ်ကွ၊အြွေကးဆိုတာ ဘဝသံသရာတစ်လျှောက်မှာ မသိမှုနှင့်ဖြစ်စေ၊ သိမှုနှင့်ဖြစ်စေအကုသိုလ်မှုတွေ လုပ်ခဲ့ကြ တယ်တဲ့။ မကောင်းမှုအကုသိုလ် မှန်သမျှဟာ အြွေကးပဲတဲ့။ ဒီအကြွေးးတွေကို အပါယ်ငရဲ အထိ ဆင်းပြီးတော့လည်း ဆပ်ခဲ့ရပြီ၊ တိရစ္ဆာန်မျိုးစုံ ဖြစ်ပြီးတော့လည်း ခန္ဓာနဲ့ ဆပ်ခဲ့ရပြီ၊ အြွေကးတွေက မကျေနိုင်သေးပါဘူးတဲ့။ အခု သာသနာတော်နှင့်ကြုံတုန်း ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ဝိပဿနာနဲ့ သံသရာကြွေးတွေ ဆပ်နေတာတဲ့၊ မဂ်တရား ဖိုလ်တရား လို့ဆိုတဲ့ လောကုတ္တရာအကျင့်မြတ်နှင့်သာလျှင် အကြွေးတွေကို အပြတ်ရှင်းနိုင်မှာတဲ့။ ဥပမာအားဖြင့် သိန်း လေးငါးရာ အကြွေးတင်နေတဲ့ ပုဂ္ဂိုလ်ဟာ သိန်းတစ်ထောင်ကျော် ထီဆုကြီးပေါက်လိုက်တော့ အကြွေးတွေ အပြတ်ဆပ်သွားနိုင်သလိုပေါ့တဲ့”
“နေဦးကွ၊ ဒီနေရာမှာ ငါ တစ်ခုမေးချင်သေးတယ်၊ မင်းဖြေနိုင်မယ်ထင်ပါတယ်”
သူက ကျွန်တော့်စကားကို ဖြတ်၍ပြောပါသည်။ ကျွန်တော်ကလည်း သူ့စကားကို အလိုက်သင့် ဖြေရပါသည်။
“မေးပေါ့၊ သိသလောက် ဖြေကြည့်တာပေါ့ မဖြေနိုင်တော့လည်း ဖြေနိုင်တဲ့ဆီ ပြေးကြတာပေါ့”
ကျွန်တော့်စကားကြောင့် သူ့မျက်နှာမှာ ပြုံးယောင်သမ်းသွားသည်။ ပြီးတော့မှ တည်ငြိမ်သောမျက်နှာထားဖြင့် သူသိချင်တာကို မေးလာသည်။
“ခုနက မင်းပြောတဲ့ မဂ်တရား ဖိုလ်တရားက အကုသိုလ်တွေကို ပယ်သတ်ပြီး အပါယ်ဒုက္ခတွေ မလာအောင် မင်းပြောသလိုပေါ့၊ သံသရြာွေကးတွေ ကျေသွားအောင် ဘယ်လိုဆပ်လိုက်တာလဲ၊ ဥပမာ- အင်္ဂုလိမာလတို့လို၊ ဒီဘက်ခေတ်မှာဆိုရင် သဲအင်းဂူ ဆရာတော်တို့လိုပေါ့၊ ဒီပုဂ္ဂိုလ်တွေဟာ လူမိုက်ကြီးတွေ ဖြစ်ခဲ့ကြပေမဲ့ သံသရာကြွေးတွေ အပြတ်ဆပ် သွားနိုင်ကြတယ်ပေါ့ကွာ၊ ဘယ်လိုဆပ်သွားနိုင်တာလဲ၊ အဲဒါ သိချင်နေတာ”
သူ့မေးခွန်းက တော်တော်မြင့်ပါသည်။
“မင်းက ငါ့ကို အဂ္ဂမဟာပဏ္ဍိတများ အောက်မေ့နေလား မသိဘူး”
ကျွန်တော်က ဤသို့ပြောတော့ သူက
“ငါ့အတွက်တော့ မင်းက အဂ္ဂမဟာပဏ္ဍိတာပါပဲကွာ”တဲ့။
“အဲဒီလောက်လည်း အထင်မကြီးပါနဲ့ကွာ၊ တကယ်တော့ မင်းက ငါ့ထက် စာဖတ်အား ပိုကောင်းပါတယ်၊ ထားတော့၊ သူငယ်ချင်းသိချင်နေတဲ့ကိစ္စကို စာတွေပေတွေနဲ့တော့ ရှင်းမပြတတ်ဘူး၊ လက်တွေ့ အားထုတ်ခဲ့တဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီးတော့ ပြောကြည့် ရအောင်”
သူငယ်ချင်းသည် ကျွန်တော်ပြောမည့်စကားကို စိတ်ဝင်စားစွာ နားစွင့်နေပုံရပါသည်။
“ဆရာတော်က ယောဂီတွေကို တရားပြတဲ့အခါ ‘သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှု’လို့ပြောလေ့ရှိတယ် ကွ။ ဝိပဿနာတရား အားထုတ်တဲ့နေရာမှာ ပညာဥာဏ်ဟာ အတော်လေးအရေးပါတယ်။ ပညာနဲ့ ဘာကို ရှုမှတ်ရသလဲဆိုတော့ ရုပ်နာမ်တို့ရဲ့ ဖြစ်မှုပျက်မှု တွေကို မြင်အောင်ရှုရတယ်၊ ကာယ၊ ဝေဒနာ၊ ဓမ္မ၊စိတ္တ ဘယ်အာရုံပဲ ရှုရှု၊ ဖြစ်ပျက်မြင်အောင် ရှုရတယ်။ ဥပမာ နှာသီးဝက ဝင်လေလေး ဖြစ်သွားတယ်၊ ခဏအကြာမှာ ဝင်လေလေး ကုန်သွားတယ်၊ ကုန်သွားတယ်ဆိုတာ ပျောက်သွားတာ၊ ပျောက်တယ်ဆိုတာ ပျက်သွားတာ လို့ သိပေးလိုက်ပေါ့၊ အဲဒီလိုသိလိုက်တာလေးကို မဂ်ဥာဏ်က သိလိုက်တာလို့ ဆိုတယ်”
“အင်း မိုးကုတ်ဆရာတော်ရဲ့တရားစာအုပ်တွေမှာ ဖြစ်ပျက်မဂ်ဆိုတာတော့ ခဏခဏတွေ့ဖူးတယ်”
“ဟုတ်ပြီ၊ အဲသည်လို မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့ သဘောတွေကို သိနေတဲ့ ယောဂီ၊ တစ်နည်းအားဖြင့် ဖြစ်ပျက်တွေကို မြင်နေတဲ့ ယောဂီရဲ့အာရုံတွေထဲမှာ လောဘ ဒေါသ ကိလေသာတွေ ဖြစ်ပေါ်နိုင်ပါ့မလား”
“အင်း စိတ်က တစ်ပြိုင်ထဲမှာ နှစ်ခုမဖြစ်ဘူးဆိုတော့ ကိလေသာတွေ မလာနိုင်ဘူးပေါ့”
သူ စဉ်းစဉ်းစားစားဖြေပါသည်။
“ကိလေသာတွေ မလာတာ သေချာသွားပြီဆိုရင် ထိုယောဂီရဲ့စိတ်တွေဟာလည်း ငြိမ်သက်အေးချမ်း နေလိမ့်မယ်နော်”
“ကိလေသာနဲ့ဝေးနေမှတော့ ငြိမ်သက်နေမှာပေါ့”
သူငယ်ချင်း သိချင်နေသည့် အကြောင်းအရာဆီ ရောက်အောင် တစ်ချက်ချင်း မေးလိုက် ပြောလိုက်ဖြင့် ဆွဲခေါ်နေရသည်။
“မင်းပြောတဲ့ စကားလုံးနဲ့ပဲ ပြောကြစို့၊ အဲဒီလို ကိလေသာတွေနဲ့ ဝေးနေအောင် ဘယ်အရာက ဆောင်ရွက်နေတယ်ဆိုတာကော သတိထားမိလား”
သူ အနည်းငယ်စဉ်းစားလိုက်ပြီး-
“ရှုမှတ်နေတဲ့ စိတ်က ဆောင်ရွက်နေတယ်လို့ ထင်တယ်”ဟု ဖြေပါသည်။
“အဲဒီရှုမှတ်နေတဲ့စိတ် ဆိုတဲ့အထဲမှာ သာမန် ရှုမှတ်နေတာ မဟုတ်ဘဲ စောစောက ပြောခဲ့ကြသလို သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှုဆိုတဲ့အတိုင်း ဥာဏ်ပညာတွေ ပါတယ်ကွ၊ ဘယ်လိုဥာဏ်ပညာလဲဆိုတော့ အနိစ္စကို အနိစ္စမှန်း၊ ဒုက္ခကို ဒုက္ခမှန်း၊ အနတ္တကို အနတ္တမှန်း မှန်မှန်ကန်ကန် သိတဲ့ဥာဏ်ပေါ့။ အဲဒီလို သိနေတာကို ဝိပဿနာစကားနဲ့ ယထာဘူတဥာဏ် သို့မဟုတ် မဂ္ဂသစ္စာလို့ ခေါ်တယ်ကွ၊ ဒီအထိအောင် မရှင်းတာမရှိဘူး မဟုတ်လား”
ကျွန်တော့်စကားကြောင့် သူရယ်ပါသည်။
“ရှင်းပါတယ်ကွ၊ မင်းကလည်း မနောက်စမ်းပါနဲ့”
“ကျေးဇူးပဲကွာ၊ ရှင်းတယ်ဆိုရင် နောက်တစ်ဆင့် တက်ပြီးပြောရအောင်”
ကျွန်တော် ရှင်းပြသည်ကို သဘောပေါက်သည် ဆို၍ ဝမ်းသာရပါသည်။
“အဲဒီလိုဖြစ်ပျက်တွေကို မဂ်က သိနေတဲ့အချိန်မှာ လောဘ၊ ဒေါသ၊ တဏှာမာနတွေ မလာဘူး၊ ဟုတ်တယ်နော်”
သူ ခေါင်းညိတ်ပြပါသည်။
“အဲဒီကိလေသာတွေ မလာတဲ့အတွက် အပါယ်ငရဲကိုဖြစ်စေ၊ ရောက်စေနိုင်တဲ့ အကုသိုလ်တွေလည်း ကင်းမနေဘူးလား”
“အင်း ကင်းနေပါလိမ့်မယ်”
“ကောင်းပြီ၊ အဲဒီလိုအပါယ်ငရဲ ဆင်းရဲဒုက္ခတွေ ကျရောက်မလာအောင် ဘယ်တရားက တားထားသလဲ ဆိုတော့ မဂ်ဆိုတဲ့ တရားက တားမြစ်ထားတယ်လို့ သိလိုက်ပါတဲ့”
“အင်း-အင်း- ရေးရေးတော့ မြင်လာပြီ”
“အဲသည် မဂ်က လောကီမဂ်ပဲ ရှိသေးတယ်နော်။ လောကုတ္တရာမဂ် မဟုတ်သေးဘူး၊ လောကီမဂ်ဆိုတာ တစ်နာရီအားထုတ်ရင် တစ်နာရီပဲ အပါယ်ငရဲကို တားနိုင်မယ်၊ တစ်နှစ်အားထုတ်ရင် တစ်နှစ်တား နိုင်မယ်။ တစ်ဘဝစာ အားထုတ်ရင် တစ်ဘဝစာပဲ တားနိုင်မယ်။ ဆရာတော်မိန့်သလို အြွေကးတော့ မကျေနိုင်ဘူးပေါ့၊ လောကုတ္တရာမဂ်ကို တက်လှမ်းနိုင်မှ”
“ဟုတ်ပြီ ငါသိချင်နေတာ အဲဒီနေရာပဲ”
ကျွန်တော့်စကားမဆုံးမီ သူငယ်ချင်းက ဝမ်းသာအားရ ပြောပါသည်။ သူ့မျက်နှာသည် ဖုံးကွယ်နေ သည့်အရာတစ်ခုကိုတွေ့လိုက်ရသလို အံ့ဩဝမ်းသာသည့်အသွင်ကို ဆောင်နေ သည်။ သူက ဆက်ပြောသည်။
“ဟုတ်တာပေါ့၊ လောကီမဂ်က ကိလေသာတွေကို တစ်နာရီ၊ တစ်ရက်၊ တစ်ဘဝပဲ မောင်းထုတ်နိုင်တာ၊ လောကုတ္တရာမဂ်ကတော့ ကိလေသာတွေကို အပြီးတိုင် မောင်းထုတ် နိုင်တဲ့အတွက် သံသရာကြွေးတွေ ကျေရုံမက သံသရာကပါ လွတ်မြောက်သွားကြတာကိုး၊ အင်္ဂုလိမာလတို့၊သဲအင်းဂူဆရာတော်တို့ ဘဝသံသရာကလွတ်မြောက် သွားကြတာကို သဘောပေါက်ပြီ သူငယ်ချင်း”
သူငယ်ချင်သည် ခက်ခဲသည့် သင်္ချာပုစ္ဆာတစ်ပုဒ်ကို မှန်ကန်အောင် တွက်နိုင်သည့် ကျောင်းသားတစ်ယောက်ကဲ့သို့ ဝမ်းသာနေရှာသည်။
“သူငယ်ချင်းပြောလိုက်တဲ့စကားကို နည်းနည်းလေး အဖြောင့်ပြန်ပြောကြည့်ရအောင်”
သူ ကျွန်တော့်မျက်နှာကို လှမ်းကြည့်နေသည်။
“မဂ္ဂင်ရှစ်ပါးလုံး မပြည့်စုံတဲ့ လောကီမဂ်သည် ပင်လျှင် အပါယ်ဒုက္ခတွေ မလာအောင် တားမြစ်နိုင် သေးရင် မဂ္ဂင်ရှစ်ပါးလုံးပြည့်စုံတဲ့ လောကုတ္တရာမဂ်ကို ရရှိသွားကြတဲ့ အရိယာ ပုဂ္ဂိုလ်တွေအဖို့ သံသရာဝဋ်က လွတ်မြောက်သွားကြတယ်ဆိုတာ ယုံမှားစရာ မရှိဘူးပေါ့ကွာ”
“အင်း-သူငယ်ချင်းစကားက ပိုပြည့်စုံပါတယ်”
သူက ကျွန်တော့်စကားကို တည်ငြိမ်လေးနက်စွာ ထောက်ခံစကားဆိုပါသည်။
“ဒီလောက်ဆို ဆေးမစားမီနှင့် ဆေးစားဆဲပုံကို သူငယ်ချင်း သဘောပေါက်လောက်ပြီ”
“သဘောပေါက်ပြီ သူငယ်ချင်း”
“သဘောပေါက်ပြီဆိုရင် ဝိပဿနာဆေးစားဖို့ လိုပြီနော်”
“စားမယ် သူငယ်ချင်း၊ ဒီနှစ် ဝါတွင်းက စပြီး ငါ့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး ဝိပဿနာတရားကို အားထုတ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ”
“ခုလိုကြားရတာ ဝမ်းသာပါတယ်ကွာ”
သူငယ်ချင်းသည် တည်ငြိမ်သောဣနြေ္ဒဖြင့် ကျွန်တော့်အိမ်မှ ပြန်သွားသည်။ ကျွန်တော့် သူငယ်ချင်းသည် ရိုးသားတည်ကြည်သူဖြစ်၍ သူပြောသလို ကြိုးစား အားထုတ်မှာ သေချာပါသည်။
သိန်းဆွေ(ဖောင်းပြင်)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support