Sunday, 5 February 2017

သောတာပန် ပေတံ ★ ★ ★ ★ ★

 Image result for ဘုရားပုံတော်
 credit>>
 လွင်အောင် မျိုး
  ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ အန္တိမပန်းတိုင်သည် အရိယာဖြစ်၍ နိဗ္ဗာန်မျက်မှောက်ပြုရေးပင်ဖြစ်ပါ၏။ အနိမ့်ဆုံးအားဖြင့် သောတာပန်အရိယာဖြစ်ထားမှသာလျှင် အပါယ်ဒုဂ္ဂတိဘေးမှ စိတ်အေးရမည်ဖြစ်ပြီး အလွန်ဆုံး (၇)ဘဝဖြင့် အပြီးသတ်နိဗ္ဗာန်စံဝင်ရမည်ဖြစ်၏။ ထို့ကြောင့် ဘဝမှလွတ်မြောက်ရန် အရိယာဖြစ်ရန် ကြိုးစားအားထုတ်ကြရာတွင် လွတ်မြောက်ပြီ်း အရိယာပုဂ္ဂိုလ်များရှိခဲ့ပြီး လက်ရှိခေတ်အခြေနေတွင်လည်း အရိယာပုဂ္ဂိုလ်များ ရှိနေနိုင်ပါသည်။
ဤသို့ အရိယာဖြစ်ရန်ကြိုးပမ်းအားထုတ်ကြရာ၌ နည်းလမ်းနှင့် ပါရမီမပြည့်စုံ၍သော်လည်းကောင်း၊ နည်းလမ်းမှား၍သော်လည်းကောင်း အမှန်တကယ် အရိယာမဟုတ်ဘဲ မိမိကိုယ်ကို အရိယာဟု အထင်ရောက်နေ သူများကို ဖတ်ဖူးတွေ့ဖူးကြမည်ဖြစ်၏။ အရိယာမဟုတ်သေးဘဲ အရိယာဟု အထင်ရောက်နေသူများသည် မိမိတကယ်ရရှိနိုင်သော မဂ်ညွန့်၊ ဖိုလ်ညွန့်ကို ကျိုးရာကျနေပါသည်။ ဆက်လက်အားမထုတ်ဖြစ်တော့ဘဲ သုဂတိမြဲသွားပြီ၊ နိဗ္ဗာန်ရောက်ရန်ကျိန်းသေသွားပြီဟု စိတ်ချထားသောကြောင့်ဖြစ်သည်။
ဤကဲ့သို့ အရိယာအဖြစ်အထင်ရောက်နေသူများသည် အများအားဖြင့် ဗဟုသုတ အားနည်းကြ၍ ဖြစ်၏။ ဤနေရာတွင် သောတာပန်အရိယာအကြောင်းကို ပြောပါမည်။ သောတာပန်တစ်ယောက် ကင်းကွာသွားသည့် ကိလေသာသည် ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာလောက်သာ သိကြပြီး အခြားအဂတိများ၊ ဣဿာ မစ္ဆရိယများကိုလည်း သောတာပန်ပယ်ကြောင်း မသိကြချေ။
ထို့ပြင် လျှို့ဝှက်အပ်သော အရိယာမဂ်ဖိုလ်ကို လျှို့ဝှက်မထားဘဲ အံ့ဖွယ်သရဲဖြစ်အောင် ကြွားဝါခြင်းသည် အရိယာတို့၏ ထုံးတမ်းစဉ်လာနှင့်မညီပေ။ မိမိတွင် တကယ်မဂ် ၊ ဖိုလ် ပညာရှိမနေဘဲ ရှိနေသည်ဟု တမင်သက်သက် ကြွားဝါလျှင် မဂ်ဖိုလ်မရနိုင်သော (၁၆)ဦးတွင် ပါဝင်သွားပြီး ရဟန်းဖြစ်ပါက ပါရာဇိကပင် ကျပေသည်။ အဖိုးအနဂ္ဃထိုက်တန်သော ပတ္တမြားတစ်လုံးကို လူတကာမြင်အောင် အိမ်ရှေ့လမ်းတွင် ချထား၍ ပြမည်လော။ လုံခြုံစိတ်ချရသော မီးခံသေတ္တာထဲတွင် သိမ်းထား၍ လိုအပ်သောအခါပင် ထုတ်သုံးရမည် မဟုတ်ပါလော။
သောတာပတ္တိဖိုလ်သည်ကား ထိုပြည်တန်ပတ္တမြားထက်ပင် တန်ဖိုးကြီးမြင့်မြတ်ပါ၏။
" ကမ္ဘာမြေပြင်တစ်ခွင်လုံး၌ တစ်ဦးတည်း ဘုရင်ဧကရာဇ်ဖြစ်ရသည့်ထက်လည်းကောင်း၊ ကုသိုလ်ဖန်၍ နတ်ဘုံသို့ ရောက်ရသည်ထက်လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက်လည်းကောင်း၊ သောတာပတ္တိဖိုလ်တရားသည် ထူးမြတ်လှပေ၏။"
( ဓမ္မပဒ )
အရိယာပုဂ္ဂိုလ်တို့တွင် အောက်ထစ်ဆုံး အရိယာပုဂ္ဂိုလ်သည်ပင် ခိုင်ခံ့မြဲမြံအနှစ်သာရရှိသော ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တဇီဝ၊ ငါကောင်ဆိုသည့် အစွဲအလမ်းကို အမြစ်ဖြတ်ပယ်သတ်ထားပြီဖြစ်သဖြင့် ဒိဋ္ဌိနှင့်ယှဉ်သော တဏှာသေပြီဖြစ်ရာ အတန်သင့် အလိုလည်း နည်းနေပြီဖြစ်၍ အရိယာမဂ်ကိုကြွားဝါစရာအဖြစ် မြင်လိမ့်မည်မဟုတ်ပေ။ ရဟန်းပုဂ္ဂိုလ်ဖြစ်ပါက အမှန်တကယ်ရရှိသောမဂ်ကိုပင် ထုတ်မပြောရန် ဝိနည်းဥပဒေဖြင့် ကန့်သတ်ထားပါသည်။
အချို့က ဓမ္မဒဝတ္ထုကြောင်းလာ စိတ္တဟဋ္ဌမထေရ် ၊ သောရေယျမထေရ်တို့သည် အရဟတ္တဖိုလ်ကို ပြောကြားကြသည်မဟုတ်ပါလားဟု သက်သေပြတတ်ကြ၏။ စိတ္တဟဋ္ဌမထေရ်သည် လူဝတ်ကြာင်ဘဝဖြင့် အသက် မွေးဝမ်းကျောင်းပြုရသည်မှာ ပင်ပန်း၍ လူထွက်လိုက် ရဟန်းပြန်ဝတ်လိုက်နှင့် ခြောက်ကြိမ်မြောက် လူထွက်ပြီးသော် မယားဖြစ်သူအိပ်ပျော်နေစဉ် စက်စုပ်ဖွယ် အခြင်းရာကိုမြင်၍ ခုနှစ်ကြိမ်မြောက် ရဟန်းပြု တရားအားထုတ်ရာ ရဟန္တာဖြစ်လေ၏။ ထိုအခါသီတင်းသုံးဖော်တို့က " ငါ့ရှင် အိမ်မပြန်တော့ဘူးလား " ဟု မေးသောအခါ " ပေါင်းသင်းဆက်ဆံလိုစိတ် မရှိတော့ရင် မသွားတော့ပါ " ဟုဖြေလေ၏။ စိတ္တဟဋ္ဌမထေရ်သည် တဏှာ ကုန်ကြောင်း ဝန်ခံသောစကားဖြစ်သော်လည်း သူကိုယ်တိုင်က ကြွားဝါလို၍ " တပည့်တော် တဏှာကုန်ပါပြီ ဘုရား " ဟု လိုက်လံပြောဆိုနေခြင်းမဟုတ်ဘဲ၊ မေး၍သာ သွယ်ဝိုက်၍ ဖြေကြောင်းတွေ့ရပါသည်။ အခြားဝတ္ထု ကြောင်းများတွင်လည်း ဤသဘောသာ တွေ့ရပါသည်။
အချို့အရိယာဟု ဝန်ခံကြသောပုဂ္ဂိုလ်များသည် တစ်ဖက်သားမှ မိမိအား အရိယာဖြစ်သည်ဟု မယုံကြည်ကြောင်းပြသောအခါ " အေးလေ ပုထုဇဉ်က သောတာပန်ကို ဘယ်သိပါ့မလဲ " ဟု ခနဲ့ပါသေးသည်။ သူ တစ်ပါးစိတ်ကိုသိနိုင်သော " စေတောပရိယ " အဘိညာဉ်မရသော မည်သည့်ပုဂ္ဂိုလ်မဆို အရိယာအချင်းချင်းပင် ဖြစ်စေကာမူ တစ်ဦးကိုတစ်ဦး မသိနိုင်ချေ။ အဘိညာဉ်ရသော အရိယာမှသာလျှင် အထက်အရိယာပုဂ္ဂိုလ်က အောက်အရိယာပုဂ္ဂိုလ်ကို သိနိုင်ပြီး အောက်ပုဂ္ဂိုလ်ကမူ အထက်ပုဂ္ဂိုလ်ကို မသိနိုင်ပါ။
တစ်ဖက်သားအား အရိယာဟုတ်မဟုတ် အကဲခတ်ကြရာ၌ အချို့က ဣနြေ္ဒကို ကြည့်၍လည်းကောင်း၊ ထိုပုဂ္ဂိုလ်ပြောသောစကားကို ကြည့်၍သော်လည်းကောင်း ဆုံးဖြတ်ကြ၏။
ဤဆောင်းပါးတွင်ကား သောတာပန်အရိယာ ဖြစ်မဖြစ်နှင့် သူတစ်ပါးအား ဖြစ်၊ မဖြစ်အကဲဖြတ်ရာ၌ အထောက်အကူပြုစေရန် ရည်ရွယ်၍စာရေးသူ လက်လှမ်းမီသမျှကို တင်ပြပါမည်။
" အရိယာ " ဆိုသည်မှာ သာမန်အနက်အားဖြင့် " မြတ်သည် " ဟုဟောပါသည်။ မြတ်ခြင်းတွင် အမျိုးအားဖြင့်မြတ်ခြင်း၊ ကောင်းမှုအားဖြင့်မြတ်ခြင်း၊ ဂုဏ်အားဖြင့်မြတ်ခြင်း ဟူ၍ သုံးမျိုးရှိပါ၏။ ထို့ပြင် အရိယာကို လေးမျိုးခွဲခြားနိုင်ပါသေးသည်။
(၁) သူတစ်ပါးအား ရိုင်းပင်းကူညီတတ်သော အကျင့်အာစာရနှင့် ပြည့်စုံသူကို " အာစာရ အရိယာ "
(၂) ရှုမြင်သူတို့စိတ်တွင် ကြည်ညိုဖွယ်သဏ္ဌာန်ရှိသူကို " ဒဿန အရိယာ "
(၃) ရဟန်းတော်များနှင့် ဝတ်ပုံရုံပုံတူညီသူကို " လိင်္ဂ အရိယာ "
(၄) မဂ်ဖိုလ်ကို ထိုးထွင်းသိသည့် ပုဂ္ဂိုလ်ကို " ပဋိဝေဓ အရိယာ "
ဟု ခွဲခြားသတ်မှတ်၏။
သောတာပန်ပုဂ္ဂိုလ်သည်ကား ဂုဏ်အားဖြင့်မြတ်သောအရိယာ၊ ပဋိဝေဓ အရိယာဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် " အရိယာ " ဟူသည်ကား ကိလေသာရန်သူကိုသတ်တတ်သည့်အတွက် " အရဟ " ဟု အ မည်ရရာမှ " ဟ " ကို " ယ "ပြု၍ " အရိယာ " ဟု ဆိုလိုသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ " အရိယာ " နာမည်သည်ကား တင်စားခေါ်ဝေါ်သည့် " ရုဠှီ " အမည်မဟုတ်တော့ဘဲ အနက်အဓိပ္ပာယ်နှင့် ပြည့်စုံသော (အနွတ္တ)အ မည်ဖြစ်ပါသည်။
သောတာပန်သည် မိမိနှင့်ဆိုင်သော တရားများကို သတ်ပါ၏။ သောတာပန်ပယ်သောတရားများမှာ…..
ဘဝသစ်ခန္ဓာနှင့် ဘဝဟောင်းခန္ဓာကိုလည်းကောင်း၊ အကျိုးနှင့်ကံကိုလည်းကောင်း၊ ဆင်းရဲနှင့်သတ္တဝါကိုလည်းကောင်း ယှဉ်စပ်စေတတ်သောကြောင့် " သံယောဇဉ် " ဟုခေါ်သောတရား (၁၀)ပါး ရှိ၏။ ယင်း ဆယ်ပါးထဲမှ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ငရဲကိုရောက်စေတတ်သော ကာမာရာဂ၊ ပဋိဃတို့ကို သောတာပတ္တိမဂ်က ပယ်ပါ၏။
မိမိကိုယ်တိုင် ညစ်နွမ်းစေတတ်သောကြောင့် လည်းကောင်း၊ ယှဉ်ဘက်တရားတို့ကို ညစ်နွမ်းစေတတ်သော ကြောင့်လည်းကောင်း၊ " ကိလေသာ "ဟုခေါ်၍ ( ၁၀ )ပါးရှိ၏။ ယင်းကိလေသာ ဆယ်ပါးထဲမှ ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပထမမဂ်က ပယ်၏။
မှားယွင်းစွာဖြစ်သောကြောင့် " မစ္ဆတ္တ " ဟုခေါ်၍ (၁၀) ပါးရှိ၏။ မစ္ဆတ္ထ (၁၀)ပါးထဲမှ မိစ္ဆာဒိဋ္ဌိ၊ မုသာဝါဒ၊ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝတို့ကို ပယ်ပါ၏။
တစ်ပါးသူတို့နှင့်ဆက်ဆံရသည်ကို သည်းမခံ(သဘောမတူ) ဝန်တိုခြင်းကြောင့် မစ္ဆရိယဟုခေါ်သော တရား (၅)ပါးရှိ၏။ အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ တို့ဖြစ်၏။ ငါးပါးလုံး ပယ်၏။
ဖောက်ပြန်မှားယွင်းစွာမြင်တတ်ခြင်းကြောင့် " ဝိပလ္လာသ " ဟုခေါ်သော တရား (၃)ပါးရှိ၏။ မမြဲသည်ကို မြဲ၏။ အနတ္တကို အတ္တဟု အမှတ်မှား-သညာဝိပလ္လာသ၊ အသိမှား-စိတ္တဝိပလ္လာသ၊ အယူမှား ဒိဋ္ဌိဝိပလ္လာသ၊ ဆင်းရဲကို ချမ်းသာ၊ မတင့်တယ်သည်ကို တင့်တယ်သည်ဟု အယူမှား ဒိဋ္ဌိဝိပလ္လာသ တို့ကိုပယ်၏။
ဆက်စပ်ထုံးဖွဲ့တတ်သောကြာင့် " ဂန္ထ " ဟုခေါ်သောတရား (၄) ပါးရှိ၏။ ယင်းလေးပါးထဲမှ သီလဗ္ဗတ ပရမာသ ကာယဂန္ထနှင့် ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထ တို့ကို ပယ်၏။
ချစ်ခြင်း၊ မုန်းခြင်း၊ နားမလည်ခြင်း၊ ကြောက်ခြင်းတို့ကြောင့် မပြုသင့်သည်ကို ပြုခြင်း၊ ထိုသို့ပြုသည်ကို အရိယာတို့ မရောက်ထိုက်သောကြောင့် " အဂတိ " ဟု ခေါ်သောတရား (၄)ပါးရှိ၏။ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ တို့ဖြစ်၏။ ယင်းလေးပါးလုံးကို ပယ်၏။
ယိုစီးတတ်သောခြင်း၊ အမြဲယိုထွက်ခြင်း၊ သံသရာဆင်းရဲကို ဖြစ်ပေါ်စေတတ်ခြင်းကြောင့် " အာသဝ " ဟု ခေါ်သောတရား (၄)ပါးရှိ၏။ ယင်းလေးပါးလုံးထဲမှ " ဒိဋ္ဌာသဝ " ကိုပယ်၏။
ဘဝသမုဒ္ဒရာ၌ ဆွဲငင်တတ်သော၊ ကူးမြောက်နိုင်ခဲသော အနက်သဘောကြောင့် " သြဃ "ဟု ခေါ်၏။ သြဃ(၄)ပါးရှိ၏။ လေးပါးထဲမှ " ဒိဋ္ဌောဃ " ကိုပယ်၏။
အာရုံနှင့်ဆင်းရဲဒုက္ခကိုယှဉ်စေတတ်သောကြောင့် " ယေဂ " ဟုခေါ်သောတရား (၄)ပါးရှိ၏။ လေးပါးထဲမှ " ဒိဋ္ဌောဂ " ကိုပယ်၏။
စိတ်ကိုပိတ်ဆို့တတ်၊ ဖုံးကွယ်တတ်၊ တားမြစ်တတ်သော အနက်သဘောကြောင့် " နီဝရဏ " ဟု ခေါ်၏ ။ နီဝရဏ (၅)ပါးရှိ၏။ ငါးပါးထဲမှ " ဝိစိကိစ္ဆာနီဝရဏ " ကို ပယ်၏။
အမှန်မှတပါး အမှားဖြင့် သုံးသပ်တတ်သောကြောင့် မိစ္ဆာဒိဋ္ဌိသည် " ပရာမာသ " ဖြစ်၍ ယင်းကို ပယ်၏။
နှစ်နှစ်ခြိုက်ခြိုက်စွဲလမ်းတတ်သောကြောင့် " ဥပါဒါန် " ဟုခေါ်၏။ (၄)ပါးရှိ၏။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် တို့ဖြစ်သည်။ ကာမုပါဒါန်ကိုချန်၍ ကျန်သုံးပါးလုံးကို ပယ်သည်။
အားအစွမ်းသို့ ဖြစ်နိုင်စွမ်းသော၊ အဖန်တလဲလဲ ဖြစ်ခြင်း၏အကြောင်းအဖြစ် ကိန်းနေသည့်သဘောကို " အနုသယ " ဟုခေါ်၏။ အနုသယ (၇) ပါးရှိ၏။ ယင်းခုနစ်ပါးထဲမှ " ဒိဋ္ဌိအနုသယနှင့် ဝိစိကိစ္ဆာအနုသယ " ကို ပယ်၏။
အပါယ်ဒုဂ္ဂတိသို့ရောက်ကြောင်းဖြစ်သောကြောင့် " အကုသိုလ်ကမ္မပထ" ဟုခေါ်သော တရား (၁၀ )ပါး ရှိ၏။ ယင်းတို့ထဲမှ " ပါဏာတိပါတ၊ မဒိန္နာဒါန၊ မိစ္ဆာစာရ၊ မုသာဝါဒ၊ မိစ္ဆာဒိဋ္ဌိ " တို့ကိုပယ်၏။
အကုသိုလ်စိတ္တုပ္ပာဒ် (၁၂)ပါးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်လေးပါး၊ ဝိစိကိစ္ဆာသမ္ပယုတ်စိတ်တစ်ပါးကို ပယ်၏။
ထို့ပြင် သူတစ်ပါးကောင်းစားသည်ကို မနာလိုသည့် " ဣဿ "၊ မိမိနှင့် သီလ၊ သမာဓိ၊ ပညာ တန်းမတူသည်ကို ယှဉ်ပြိုင်ကြွားဝါထောင်လွှားခြင်း " အယာဝထာမာန် " ကိုပယ်၏။
သူတစ်ပါးကျေးဇူးကို မသိတတ်ဘဲ ကျေးဇူးကန်းလျှက်ပြောဆိုသော ဒေါမနဿသဟဂုတ်စိတ္တုပ္ပာဒ် ဖြစ် သော " မက္ခ " ၊ မိမိထက်ဂုဏ်ကြီးသူကို ဂုဏ်နိမ့်အောင် မိမိနှင့်တန်းတူထား၍ပြောဆိုသော ဒေါသမူစိတ္တုပ္ပဒ် ဖြစ်သည့် " ပဠာသ "၊ မိမိအပြစ်ကိုဖုံးကွယ်လှည့်ပတ်မှု လောဘမူစိတ္တုပ္ပဒ် ဖြစ်သည့် " မာယာ "၊ မိမိ၌ထင်ရှားမရှိ သောဂုဏ်ကို ထင်ရှားရှိလေဟန် ပြောဆိုမှု လောဘမူစိတ္တုပ္ပဒ် ဖြစ်သည့် " သာဌေယျ " စသည့် ဥပက္ကကိလေသာများကို ပထမမဂ်က သတ်ပါ၏။
စာရေးသူလေ့လာဖူးသမျှ တင်ပြထားခြင်းဖြစ်ပါသည်။ အထက်ပါတရားများတွင် သဘောတူရာတရားများ ပါဝင်ပါသည်။ ဆက်လက်၍ သုံးသပ်ပြပါဦးမည်။
သောတာပန်ပုဂ္ဂိုလ်သည် ဒိဋ္ဌိစေတသိက်ကို သတ်ထားပြီဖြစ်၍ ဂြိုလ်၊ နက္ခတ်မကောင်း၍ မကောင်း ကျိုးရခြင်း၊ ရက်ရာဇာ၊ ပြဿဒါး၊ ကျီးသာ၊ ငှင်ဆိုးထိုးခြင်း၊ ဘိုးတော်၊ ဘွားတော်၊ နတ်ကတော်များ ကိုးကွယ်ခြင်း၊ သက်သတ်လွတ်စားခြင်းသည် နတ်ရွာနိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ်သည်ဟု စွဲလမ်ယူဆခြင်း စသည့် ဒိဋ္ဌုပါဒါန်များ ကင်းနေရပေမည်။
အဂတိမှုများ၊ ဣဿ၊ မစ္ဆရိယများသည်မိမိသန္တာန်၌ ဖြစ်လွယ်၍ သိလွယ်မြင်လွယ်သော တရားများဖြစ် ၏။ ငါတပည့်၊ ငါ့ဆရာ၊ ငါ့ငယ်မွေးခြံပေါက်၊ ငါခိုင်း၍ရသောသူ စသည်အစွဲများ၊ ငါ့ရန်သူ၊ ငါ့ကိုကလန်ကဆန်လုပ် မည့်သူ၊ ငါ့ကိုမဖားသည့်သူ၊ ငါနှင့်အယူအဆမတူသူ စသည့်ဒေါသတရားများကြောင့် အရာရာကို ဆုံးဖြတ်ရာ၌ တရားမျှတမှုမရှိတော့ဘဲ အဂတိလိုက်စားခြင်းသည် သောတာပန်အရိယာများ၌ မရှိရတော့ပေ။
ဝိစိကိစ္ဆာကိုပယ်ထားသော သောတာပန်သည် ဘုရား၊ တရား၊ သံဃာအပေါ်၌ ယုံမှားခြင်းကင်း၍ မတုန်မလှုပ်ကြည်ညိုနိုင်ခြင်း၊ ပညာရှိတို့ချီးမွမ်းအပ်သော သမာဓိကိုဖြစ်သော သီလနှင့် ပြည့်စုံခြင်းစသည့် အင်္ဂါလေးပါးရှိသည့် " ဓမ္မဒါသ " ခေါ် တရားကြေးမုံကို မြတ်စွာဘုရားရှင်သည် ရှင်အာနန္ဒာအားဟောခဲ့ပါ၏။
ယုံကြည်ခြင်းသဒ္ဓါတရားသည်လည်း မိရိုးဖလာမျိုး သဒ္ဓါမျိုးမဟုတ်တော့ဘဲ ခိုင်မြဲသော အဓိဂမသဒ္ဓါမျိုး ဖြစ်နေ၍ ငါးပါးသီလမြဲမြံနေပြီး သီလနှင့်အသက်ကို လဲလှယ်ရမည်ဆိုလျှင် အသက်ကိုပင်စွန့်၍ သီလကို မစွန့်တော့ချေ။ ဤသို့ မစွန့်လွှတ်နိုင်လျှင် သောတာပန်မဟုတ်ဘဲ ပုထုဇဉ်သာဖြစ်ကြောင်းကို မြတ်စွာဘုရားရှင်သည် ပုညာဘိသန္ဒသုတ်တွင် နန္ဒိယအမည်ရှိ သာကီဝင်မင်း မေးလျှောက်သည်ကို ဖြေကြားခဲ့ပါသည်။
နန္ဒိယသည် မြတ်စွာဘုရားအား " အကြင်အရိယာအား လေးပါးကုန်သော ဂုဏ်အင်္ဂါတို့မရှိပါသော် ထိုအရိယာကို မေ့လျော့စွာနေသော အရိယာဟု ဆိုအပ်ပါသလား " ဟုမေးလျောက်ရာ မြတ်စွာဘုရားရှင်က " အကြင် သူအား ဤသောတာပတ္တိအင်္ဂါတို့ ဘယ်သောအခါမျှ မရှိခဲ့လျှင် ထိုသူကို ငါဘုရားသည် အရိယာမဟုတ်၊ အရိယာမှအပ ပုထုဇဉ်အဖို့၌ တည်သောသူဟု ဟောတော်မူအံ့၊ အရိယာပုဂ္ဂိုလ်မှန်လျှင် ဤလေးပါးသော အင်္ဂါနှင့် ဧကန်ပြည့်စုံရမည်သာ ဖြစ်တယ် " ဟုဖြေကြားခဲ့ပါသည်။
ရဟန်းအရိယာသောတာပန်များအတွက်မူ မြတ်စွာဘုရားသည် မူလပဏ္ဏာသပါဠိတော် စူဠယမကဝဂ်၊ ကောသဗ္ဗီသုတ်တွင် ပက်လက်အိပ်တတ်စကလေးငယ်သည် လက်ဖြင့်ဖြစ်စေ၊ ခြေဖြင့်ဖြစ်စေ၊ မီးကျီးခဲကိုထိမိလျှင် လျင်မြန်စွာ ရုပ်သိမ်းသကဲ့သို့ ဤအတူပင် မသိ၍ဖြစ်နိုင်ကောင်းသော အာပတ်မျိုးရောက်စေကာမူ ထိုအာပတ်ကို နောက်အခါစောင့်စည်း ထိုသည့်စိတ်ဖြင့် လျင်မြန်စွာ ဒေသနာကြားကုစား၍ နောင်အခါ စောင့်စည်း၏။ ဤကား အရိယာတို့၏ ထုံးတန်းစဉ်လာဖြစ်သည်ဟု ဟောခဲ့ပါသည်။
ထို့ကြောင့် အဋ္ဌကထာဆရာက သောတာပန်ပုဂ္ဂိုလ်သည် လောကဝဇ္ဇသိက္ခာပုဒ်ကို စေတနာဆိုးဖြင့် မပြုလုပ်တော့၊ ပဏ္ဏတ္တိဝဇ္ဇခေါ်သည့် (ပညတ်အပ်သောကြောင့်ဖြစ်သောအပြစ်) သိက္ခာပုဒ်ကိုမူ တခါတရံမသိ၍ လွန်ကျူးမိတတ်သော်လည်း သိသည်နှင့်တစ်ပြိုင်နက် ဖုံးကွယ်မထားဘဲ ဒေသနာကြားကုစားသည်ဟု မိန့်ဆိုခဲ့ပါ၏။ ( သုတ္တနိပါတ် အဋ္ဌကထာ )
ထို့ပြင် ဝိနည်းတရားကို ဟောကြားသောအခါ နားစိုက်လျှက်နာ၏။ အနက်အဓိပ္ပါယ်ကို နားလည်မှုရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်၏။ ဤကား အရိယာတို့၏အား၊ အရိယာတို့၏ ထုံးတမ်းစဉ်လာဖြစ်သည်ဟု မြတ်စွာဘုရားဟောခဲ့ပါသည်။
ဒါနတရားတွင်လည်း သောတာပန်ပုဂ္ဂိုလ်သည် မစ္ဆရိယကို သတ်ထားပြီဖြစ်၍ မတွန့်တိုတော့ချေ။ မြတ်စွာဘုရားရှင်လက်ထက်က သောတာပန် အနာထပိဏ်သူဌေးသည် နေ့တိုင်းနေ့တိုင်းအလှူပေးသဖြင့် ပစ္စည်းများ ကုန်ခန်းသွားခြင်း၊ အမွေရထားသော ပစ္စည်းများရေထဲမျောသွားခြင်း၊ ဖြစ်ခဲ့သော်လည်း ဒါနကိုမူ နောက်မဆုတ်ခဲ့ချေ။ ဤသို့မွဲတေသွားရသည်အထိ လှူရကောင်းမလားဟု အိမ်စောင့်နတ်က အပြစ်တင်သောအခါ နတ်ကိုပင် နှင်ထုတ်ခဲ့ပေသည်။ ( မှတ်ချက်။ ။နောက်ပိုင်းပြန်လည်ချမ်းသာသွား၏)
ထို့ပြင် ကာဏာမာတာဝတ္ထုတွင် ကာဏာသည် အရပ်တပါးတွင် အိမ်ထောင်ကျနေရာမှ မိခင်အိမ်သို့ အလည်ပြန်လာသောအခါ လင်ယောက်ျားက အမြန်ပြန်လာရန် အခေါ်လွှတ်လိုက်၏။ ကာဏာ၏မိခင်သည် သားမက်အတွက် လက်ဆောင်ပေးရန် မုန့်ကြော်နေ၍ ကာဏာအား ခေတ္တစောင့်ခိုင်းထား၏။ ဤသို့မုန့်ကြော်နေစဉ် ရဟန်းတစ်ပါးဆွမ်းခံရပ်ရာ အကုန်လောင်းလှူလိုက်၏။ တစ်ဖန်ပြန်ကြော်ရာ ရဟန်းတစ်ပါးဆွမ်းခံလာပြန်၍ အကုန်လောင်းလှူလိုက်ပြန်၏။ ဤသို့ကြော်လိုက်၊ လှူလိုက်နှင့် လေးကြိမ်ရှိရာ သမီးကာဏာမှာ အိမ်မပြန်ဖြစ်၍ ကာဏာ၏ယောက်ျားမှာ နောက်မိန်းမယူသွားသဖြင့် မြတ်စွာဘုရားရှင်သည် မုန့်ကို သုံးသပိတ်ထက်ပို၍ အလှူ မခံရန် ဝိနည်းပင်ပညတ်ခဲ့ရပေသည်။ ကာဏာ၏မိခင်သည် သောတာပန်ဖြစ်၍ အလှူခံလာရပ်လျှင် ရှိလျှက်နှင့် မလှူဘဲမနေနိုင်ချေ။ ( မှတ်ချက်။ ။ ကာဏာသည် ယောက်ျားနှင့်ပြန်ပေါင်းပြီးနောက် သောတာပန်ပင်ဖြစ်သွား၏)
ထို့ကြောင့် အဋ္ဌကထာဆရာက " ဒါယိကာမသည် သောတာပန်ဖြစ်သော အရိယာတပည့်မပေတည်း။ ထိုတပည့်မသည် ဘိက္ခုတို့ကို မြင်လျက် ထင်ရှားရှိသောဝတ္ထုတို့ကို မလှူဘဲနေခြင်းငှာ မတတ်နိုင်ကြောင်း " ဟု မိန့်ဆိုခဲ့ပါသည်။ သို့ဖြစ်၍ သောတာပန်ပုဂ္ဂိုလ်သည် ဒါနပြုသောအခါတွင်လည်း တွန့်တိုငဲ့ကွက်မှုမရှိဘဲ လွတ် လွတ်ကျွတ်ကျွတ် စွန့်လှူနိုင်ပါ၏။
မိမိကိုယ်ကို သောတာပန်ဟု အထင်ရောက်နေသူများနှင့် သူတစ်ပါးအား သောတာပန်ဟု ထင်မြင်နေသူများသည် ဤအချက်လက်များနှင့် စိစစ်ကြည့်ရပါမည်။ လယ်တီဆရာတော်ဘုရားကြီး၏ " ဝိပဿနာဒီပနီ " တွင် သောတာပန်ပုဂ္ဂိုလ်သည် " ငါသောတာပန်ဖြစ်ပြီဟု သိနိုင်ခဲကြောင်း၊ ကိလေသာတို့သည် အနုသယ အခိုက်အတန့်အားဖြင့် နက်နဲလှသောကြောင့် မိမိကိုယ်ကို သောတာပန်ဟု ထင်တတ်ကြောင်း " မိန့်ဆိုခဲ့ပါ၏။
မိမိကိုယ်ကို သောတာပန်ဟုသိနိုင်ရန် အကောင်းဆုံးနည်းမှာ ဖိုလ်ဝင်စားကြည့်ပါ။ ဖိုလ်ဝင်စားမရလျှင် ကိလေသာ ကြွမကြွကို ဗဟုသုတရှိရှိဖြင့် စောင့်ကြည့်ပါ။ မိမိတို့ အမှန်တကယ်ရရှိနိုင်သော မဂ်ညွန့်၊ဖိုလ်ညွန့် လေးများ မကျိုးစေရန် ကိုယ့်ကိုယ်ကို မညှာတမ်း ဝေဖန်ဆန်းစစ်နိုင်ရန် ရည်ရွယ်၍ စေတနာကောင်းဖြင့် အသိ ပေးအပ်ပါသည်။
အရှင်ပညာသီရိ ( ရမ္မာကျွန်း )
{ ၂၀၁၁ ခုနှစ် ၊ ဇွန်လ၊ အတွဲ ၁၂ ၊ အမှတ် ၆ - အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း }
ပြန်လည်မျှဝေခြင်း
Yarzar
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support