Thursday, 15 March 2018

ရှေးကတင်ကြိုပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူးရှိပါစေ +++++++++++++++++++++

Image may contain: text
ပုဗ္ဗေစ ကတပုညတာ၊ ဧတံမင်္ဂလမုတ္တမံ။
ရှေးရှေးဘ၀ကပြုခဲ့ဖူးသော ကောင်းမှု ကုသိုလ်ရှိခြင်းသည် မြတ်သောမင်္ဂလာမည်၏။
ရှေးကတင်ကြိုပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူးရှိပါစေ။
တစ်ခါတုန်းက ထင်းခွေသမားတစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ ထင်းခွေသမားဟာ ထင်းခွေရင်းနဲ့ပဲ မှောင်သွားပါတယ်။ မှောင်သွားပြီဆိုတော့ မြို့တံခါးလည်း ပိတ်သွားပြီဖြစ်လို့ မြို့ထဲဝင်လို့မရတော့ပါဘူး။ဒီတော့ နတ်ကွန်းတစ်ခုမှာ ၀င်အိပ်လိုက်ပါတယ်။ အဲဒီနတ်ကွန်းမှာ ယတြာအဖြစ် လွှတ်ထားတဲ့ကြက်တွေည်းရှိနေပါတယ်။ မှောင်ပြီဆိုတော့ ကြက်တွေကလည်း နတ်ကွန်းအနီးမှာရှိတဲ့ သစ်ပင်မှာ ၀င်အိပ်လိုက်ကြပါတယ်။
မိုးသောက်ကာလလည်းရောက်လာရော အပေါ်ကိုင်းမှာ အိပ်တဲ့ကြက်က မစင်စွန့်ချလိုက်တာ အောက်ကိုင်းမှာ အိပ်နေတဲ့ကြက်ရဲ့ ကိုယ်ပေါ်ကိုကျသွားပါတယ်။ဒီတော့ မစင်စွန့်ချခံလိုက်ရတဲ့ကြက်က အောက်ကနေ အော်လိုက်ပါတယ်။
ဘယ်သူလဲကွ၊ ငါ့အပေါ်မစင်စွန့်ချတာငါကွ မင်းမမြင်ဘူးလား၊ အောက်မှာ ငါရှိတယ်ဆိုတာ မမြင်လို့ပေါ့ကွ
အပြန်အလှန်ပြောနေကြရင်းပဲ အပေါ်ကိုင်းမှာနေတဲ့ ကြက်ရဲ့မစင်က အောက်ကိုင်းမှာနေတဲ့ ကြက်ရဲ့ကိုယ်ပေါ်ကို ထပ်ကျလာပြန်ပါတယ်။ အောက်ကကြက်လည်း သည်းမခံနိုင်တော့ဘဲ အပေါ်ကကြက်ကို တက်ခွပ်ပါတော့တယ်။
ကြက်နှစ်ကောင် ခွပ်ရင်းနဲ့မောလာတော့ ခန္ဓာကိုယ်ချင်း ဆက်ပြိုင်လို့မရတော့ပါဘူး။ ခန္ဓာကိုယ်ချင်း ဆက်ပြိုင်လို့မရတော့ ဒေါသကလည်း မပြေသေးတာနဲ့ နှုတ်နဲ့တစ်ခါ ဆက်ပြိုင်ကြပြန်ပါတယ်။ အောက်ကိုင်းမှာ အိပ်တဲ့ကြက်က စကားနဲ့စပြီး စစ်ထိုးလိုက်ပါတယ်။
မင်းက ငါ့ကို ဘာမှတ်နေလို့လဲ၊ ငါ့ရဲ့အသားကို ကင်စားတဲ့သူဟာ ချက်ချင်းအသပြာတစ်ထောင်ရတယ်

မင်းရဲ့အသားစားလို့ အသပြာတစ်ထောင်ရတာလောက်ကို စကားထဲထည့်မပြောနဲ့၊ ငါ့ကိုသတ်ပြီး ငါ့ရဲ့အတွင်းအသားရင်းကို စားတဲ့သူဟာ မင်းဖြစ်လိမ့်မယ်၊ အပသာမာန်အသားကို စားတဲ့သူဟာ ယောက်ျားဆိုရင် သေနာပတိရာထူးရမယ်၊ မိန်းမဆိုရင် မိဖုရားရာထူးရမယ်၊ အရိုးအကြွင်းအကျန်စားတဲ့သူဟာ လူဖြစ်တယ်ဆိုရင် ဘဏ္ဍာစိုးဖြစ်မယ်။ ရဟန်းဆိုရင် မင်းဆရာဖြစ်မယ်၊ ဘာမှတ်လို့လဲ။
ထင်းခွေသမားလည်း ဘာမှစဉ်းစားမနေတော့ပါဘူး၊ မင်းဖြစ်မယ့် ကြက်ကိုရိုက်သတ်ပြီးအိမ်ယူလာ၊ ဇနီးဖြစ်သူကို ချက်ခိုင်းလိုက်တယ် ဆိုပါတော့။ ပြီးတော့ ဇနီးဖြစ်သူကို သူကပြောလိုက်ပါသေးတယ်။
ရှင်မရေ ‘ဒီကြက်ဟာ အစွမ်းအာနုဘော် တော်တော်ကြီးတယ်၊ ဒီကြက်သားစားပြီးရင် ငါက မင်းဖြစ်လိမ့်မယ်၊ သင်က မိဖုရားဖြစ်လိမ့်မယ်။ ထမင်းနဲ့ ဒီကြက်သားကိုယူခဲ့၊ ဂင်္ဂါမြစ်မှာသွားပြီး ရေချိုးကြမယ်၊ ရေချိုးပြီးမှ စားကြတာပေါ့။
မယားလုပ်သူကလည်း လင်သားပြောတဲ့အတိုင်း ထမင်းနဲ့ကြက်သားကို တောင်းထဲမှာသေချာထည့်ပြီး ယူခဲ့ပါတယ်။ ထမင်းမစားခင် ဂင်္ဂါမြစ်ရေချိုးရတာကတော့ သူတို့ခေတ်က ဂင်္ဂါမြစ်ရေဟာ ကျန်းမာတယ်၊ အန္တာရာယ်ကင်းတယ်၊ အကုသိုလ်အညစ်အကြေးတွေ ကင်းစင်တယ်၊ နိမိတ်ကောင်းတယ် စသည်ဖြင့်ယူဆကြလို့ပါ။ အခုခေတ်ထိလည်း အိန္ဒိယမှာ ယူဆနေကြတုန်းထင်ပါတယ်။
ဂင်္ဂါမြစ်ဆီရောက်တော့ ထမင်းတောင်းကို ကမ်းနားမှာထားပြီး ရေထဲကို လင်းမယားနှစ်ယောက် ဆင်းလိုက်ကြပါတယ်၊ ထင်းခွေလင်းမယားနှစ်ယောက် ရေထဲရောက်တယ်ဆိုရင်ပဲ လေပွေတစ်ချက်ဝှေ့လိုက်တာ လေပွေနဲ့အတူ ထမင်းတောင်းက မြစ်ထဲကျပြီး မျောပါသွားပါတော့တယ်။
ဲမြစ်ရဲ့အောက်ဘက်နေရာတစ်ခုမှာ ဆင်ဆရာတစ်ယောက်က ရေချိုးနေပါတယ်။ မျောလာတဲ့ထမင်းတောင်းကို ဆယ်ပြီးဖွင့်ကြည့်လိုက်တော့ ကြက်သားနဲ့ထမင်းတောင်းကို ဆယ်ပြီးဖွင့်ကြည့်လိုက်တော့ ကြက်သားနဲ့ ထမင်းဖြစ်နေတာတွေ့တာနဲ့ မယားလုပ်သူဆီ ပို့ခိုင်းလိုက်ပါတယ်။သူမလာမချင်း ထမင်းတောင်းကို မဖွင့်ဖို့လည်း တစ်ခါတည်း မှာလိုက်ပါတယ်။
ဆင်ဆရာမှာ အမြဲဆည်းကပ်ကိုးကွယ်နေတဲ့ ရသေ့တစ်ပါးလည်း ရှိပါတယ်။ ရသေ့က ‘ဒိဗ္ဗစက္ခုအဘိညာဉ်လည်း ရပြီးသားပါ။ အဲဒီအချိန်မှာ ဆရာရသေ့က သူ့ဒကာကို ဘယ်လိုချီးမြှောက်ရလဲလို့ ဆင်ခြင်ကြည့်နေတဲ့အချိန်ပါ။ ထူးခြားတဲပတိုက်ဆိုင်မှုကို မြင်လိုက်ရတော့ ဆင်ဆရာအိမ်ကို သူကအရင်ရောက်နေအောင် ကြွသွားပါတယ်။ ဆင်ဆရာအိမ်ပြန်ရောက်လာတော့ သူ့ဆရာရသေ့ကို ကြက်သားဟင်းနဲ့ ဆွမ်းကပ်ဖို့ စီစဉ်ခိုင်းပါတယ်။
ဆရာရသေ့က သူ့ဆီ ကြက်သားဟင်းနဲ့ ဆွမ်းလာကပ်တော့ သင်တို့ ငါစီရင်တဲ့အတိုင်းပြုကြ လို့ပြောပြီး ကောင်းမြတ်တဲ့အတွင်းသားတွေကို ဆင်ဆရာကို စားစေပါတယ်။ အပအသားကို ဆင်ဆရာရဲ့ ဇနီးကိုစားစေပါတယ်။ ဆရာရသေ့ကတော့ အရိုးအသားလောက်ပဲစားပါတယ်။ အားလုံးစားပြီးတဲ့အခါကျတော့ ဆရာရသေ့က သင် နောက်သုံးရက်ကြာရင် မင်းဖြစ်လိမ့်မယ်။ သတိနဲ့နေပါ လို့ပြောပြီး ပြန်ကြွသွားပါတယ်။
မကြာခင်မှာပဲ အိမ်နီးချင်းမင်းတစ်ပါးက စစ်တိုက်လာပါတယ်။ ဒီတော့ ဆင်ဆရာရဲ့မင်းက ဆင်ဆရာကို မင်းအသွင်ဝတ်ပြီး တိုက်စေပါတယ်။ အင်းအစစ်ကတော့ နောက်ကွယ်ကနေ စစ်ရေးစစ်ရာကို စီမံခန့်ခွဲပေးနေပါတယ်။ စစ်တိုက်နေကြရင်း တစ်ဖက်ရန်သူပစ်လိုက်တဲ့မြားဟာ တကယ့်မင်းအစစ်ကိုမှန်ပြီး ကျဆုံးသွားပါတယ်။ တကယ့်မင်းကျဆုံးသွားပြီဆိုတာနဲ့ ဆင်ဆရာက ငွေအသပြာတွေကို ထုတ်ပြပြီး နိုင်အောင်တိုက်ကြ၊ နိုင်ရင်ဆုချမယ် လို့ပြောပြီး တိုက်စေပါတယ်။ နောက်ဆုံးတော့ ဆင်ဆရာတို့ နိုင်သွားတယ်ပဲဆိုပါတော့။
စစ်ပွဲပြီးသွားတော့ ဘယ်သူ့ကို မင်းမြှောက်ရမလဲဆိုတဲ့ ပြဿနာဟာ ကြီးကြီးကျယ်ကျယ်ဖြစ်မသွားပါဘူး၊ ဆင်ဆရာကိုပဲ မင်းမြှောက်လိုက်ကြပါတယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ကု – သိရီဇာတ်)
စာမျက်နှာငဲ့ပြီး ဇာတ်လမ်းကို ချုံ့ရေးကာမှ နည်းနည်းရှည်သွားလားမသိပါဘူး။ (ဆရာဦးဝင်းငြိမ်း ခွင့်လွှတ်ပါ)
ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ ပါမလာခဲ့ရင် ဘယ်လိုထူးခြားမှုတွေနဲ့ကြုံကြုံ မင်းဖြစ်ခွင့်မရသလို ပုဗ္ဗေစ ကတပုညတာ မင်္ဂလာပါလာခဲ့ရင်တော့ ဘယ်အခြေအနေမှာပဲရောက်နေရောက်နေ မင်းက ဖြစ်ကိုဖြစ်ရပါ့မယ်။ ဒါလေးပြောချင်လို့ ‘ဒီဝတ္ထုလေးကို ထုတ်ပြလိုက်တာပါ။
ရလာတဲ့ဘ၀တစ်ခုမှာ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာဟာ မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီမင်္ဂလာပါလာခဲ့ရင် ဘ၀မှာ ချမ်းချမ်းသာသာနဲ့ အသက်မွေးခွင့်ရသလို မပါခဲ့ရင်တော့ မပါခဲ့တဲ့အလျောက် ဆင်းဆင်းရဲရဲနဲ့ အသက်မွေးရပါတယ်။
့ကိုယ့်ဝန်းကျင်ကိုပဲကြည့်လိုက်ပါ။ တချို့လူတွေဟာ ပညာတတ်တယ်၊ ရုပ်လည်းချောတယ်၊ ပစ္စည်း ၀တ္ထုလည်းပြည့်စုံတယ်၊ ဘ၀မှာ ဘာမှမလိုလောက်အောင်ကို ပြည့်စုံကြပါတယ်။ တချို့ကျပြန်တော့လည်း အဲဒါတွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
ထင်သာမြင်သာတဲ့ အနုပညာနယ်ပယ်ကိုပဲ သတိထားကြည့်လိုက်ပါ။ ရုပ်ရှင်မှာဆိုရင် အောင်မြင်တဲ့သရုပ်ဆောင်ဆိုတာ လက်ချိုးရေတွက်လို့ရပါတယ်။ ဂီတနယ်မှာလည်း ဒီအတိုင်းပါပဲ။ ကိုယ်တိုင်က စာပေနယ်မှာ ရှိနေတာဆိုတော့ စာပေနယ်ကဖြစ်စဉ်ကို သာဓကပေးတာကပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။
ဘာသာရေးစာပေနယ်မှာ ရဟန်းတော်တစ်ချို့ရဲ့ စာအုပ်တွေ မြန်မာပြည်မှာမရှိဖူးသေးတဲ့အုပ်ရေမျိုးနဲ့ ရိုက်နှိပ်ခွင့်ရကြပါတယ်။ဒါဟာ သူတို့အတိတ်အတိတ်ဘ၀တွေက ပြုခဲ့တဲ့ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာက ဒီဘ၀မှာ သူတို့အတွက် ထိုက်တန်တဲ့နေရာတစ်ခုကို ပေးလိုက်တာပါ။
ဒီလိုပါပဲ၊ လောကီစာပေနယ်မှာလည်း တစ်ချို့စာရေးဆရာမတွေ အုပ်ရေများများ ရိုက်နှိပ်ခွင့်ရကြပါတယ်။ ဒါလည်း သူတို့ပြုခဲ့တဲ့ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာက ဒီဘ၀မှာ သူတို့အတွက် ထိုက်တန်တဲ့နေရာတစ်ခုကို တည်ဆောက်ပေးထားတာပါ။
အချစ်ဝတ္ထုဖြစ်တာ၊ အပျော်ဖတ်စာပေဖြစ်တာကတစ်ပိုင်းပါ။ သူတို့ရဲ့ ပုဗ္ဗေစ ကတပုညတာ မင်္ဂလာကိုတော့ အသိအမှတ်ပြုရမယ်၊ ၀မ်းမြောက်ရမယ်။ အသိအမှတ်ပြုတယ် ၀မ်းမြောက်တယ်ဆိုတာ ကုသိုလ်စိတ်ပါ။ အသိအမှတ်မပြုတတ်တာ ၀မ်းမမြောက်တတ်တာက အကုသိုလ်စိတ်ပါ။ တကယ်ဆို မြန်မာပြည်မှာ သူတို့ထက် ၀တ္ထုရေးအတတ်ပညာမှာ ကျွမ်းကျင်တဲ့ စာရေးဆရာမတွေရှိပါတယ်။ ဒါပေမယ့် မအောင်မြင်ကြဘူး။ ဘာဖြစ်လို့လဲမေးရင် ပုဗ္ဗေစ ကတပုညတာ မင်္ဂလာအားနည်းခဲ့လို့ပဲလို့ ဖြေရမှာပါပဲ။
ကံ = ပါရမီ = စန်းတို့ရဲ့ နိယာမဖြစ်စဉ်တွေကို လက်ခံသဘောပေါက်နေတတ်ဖို့လည်း အရေးကြီးပါတယ်။ ကံ ကံရဲ့အကျိုးကို ယုံကြည်တာကမ္မဿကတာသမ္မာဒိဌိဥာဏ်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မဖြစ်မနေရှိရမယ့်ဥာဏ်ပါပဲ။
ကိုယ့်ကံရဲ့ အားနည်းချက်အားသာချက်ကို သတ္တိရှိရှိ လက်ခံရပါ့မယ်။ လက်ခံပြီးပြုပြင်သင့်တာကို ပြုပြင်ယူသွားရပါ့မယ်။ ပြီးတော့ ကိုယ့်မှာ ကံကောင်းတယ် မကောင်းဘူးဆိုတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ကြည့်ပြီး ဆုံးဖြတ်လို့လည်းရပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ ကိုယ့်ကံရဲ့အားနည်းချက်ကို မမြင်ဘဲ မကြည့်ဘဲ မကျေနပ်မှုတွေနဲ့ ပတ်ဝန်းကျင်ကိုပဲ အပြစ်တင်နေမယ်ဆိုရင်တော့ အောင်မြင်မှုတွေနဲ့ ဝေးသထက်ဝေးနေပါလိမ့်မယ်။
ဒီတော့ ကိုယ်က ပြီးပြည့်စုံအောင်မြင်တဲ့သူဆိုရင်လည်း ငါ အတိတ်ကပြုခဲ့တဲ့ ကုသိုလ်ကြောင့် ဒီလိုအောင်မြင်တာ၊ ဗနာက်နောင်ဘ၀တွေမှာလည်း ဆက်ကာဆက်ကာ အောင်မြင်အောင် ကုသိုလ်တွေ ဆင့်ကာ ဆင့်ကာ ပြုနေသင့်သလို မအောင်မြင်တဲ့လူတစ်ယောက်အနေနဲ့လည်း ဘာမှ စိတ်ဓာတ်ကျနေစရာမလိုဘဲ ငါဟာ အတိတ်ဘ၀က ကုသိုလ်နည်းခဲ့လို့ အခုဘ၀မှာ သူတို့လို မအောင်မြင်တာ၊ နောက်နောင်ဘ၀တွေမှာ သူတို့လိုအောင်မြင်အောင် အခုကတည်းက ကုသိုလ်ကောင်းမှုတွေကို ဆင့်ကာ ဆင့်ကာ ပြုနေမယ်လို့ ယောနိသော မနသိကာရ စိတ်ထားနဲ့ ကုသိုလ်တွေကို ဆင့်ကာ ဆင့်ကာ ပြုနေသင့်ပါတယ်။
တစ်နည်းအားဖြင့် ကိုယ့်ဘ၀ရဲ့ သီးခြားအားနည်းချက်၊ အားသာချက်တွေကိုကြည့်ပြီး ရုပ်မလှရင်လည်း ရုပ်လှရာလှကြောင်း ကုသိုလ်တွေကို ရွေးပြုဖို့၊ ပညာရေးအားနည်းရင်လည်း ပညာပါရမီ ဖြစ်ရာဖြစ်ကြောင်း ကုသိုလ်တွေကို ရွေးပြီးပြုဖို့ပါ။ တခြားကျန်းမာရေး၊ စီးပွားရေး စသည်တွေမှာလည်း ဒီအတိုင်းပါပဲ။
မင်္ဂလာစည်းကမ်းအရ ရှေးအတိတ်ဘ၀က ကုသိုလ်ကောင်းမှုရှိခဲ့ခြင်းတဲ့၊ စာရေးသူအယူအဆကတော့ ဒီနေရာမှာ အတိတ်ဆိုတာ ပြီးခဲ့ပြီးပါပြီ၊ သင်ခန်းစာယူရုံကလွဲလို့ ဘာမှလုပ်လို့မရတော့ပါဘူး။ ဒါ့ကြောင့် အတိတ်ကိစ္စကိုထားလိုက်ပါတော့။ ရောက်ဆဲ ရောက်ဆဲ ပစ္စုပ္ပန်ကာလလေးတွေမှာ ကျန်ရှိနေသော လူ့ဘ၀သက်တမ်းလေးကို ကုသိုလ်တရားတွေနဲ့ တည်ဆောက်ပြီး နေပစ်လိုက်စမ်းပါ။
ဒါဆို အနာဂတ်ရဲ့ကာလတစ်ခုခုမှာ ဒါမှမဟုတ် ဘ၀တစ်ခုခုမှာ အောင်မြင်တဲ့ဘ၀တစ်ခုခုက အသင့်ကြိုနေပါလိမ့်မယ်။
တခြားကြောင့် တိုက်တွန်းရတာတော့ မဟုတ်ပါဘူး။ အောင်မြင်တဲ့လူတစ်ယောက်ဟာ လောကအတွက် အလုပ်လုပ်မယ်ဆိုရင် ပိုပြီး အဆင်ပြေတတ်လွန်းလို့ပါ။
ရဝေနွယ် (အင်းမ)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support