Monday, 26 March 2018

“ လူ့ဘ၀ရောက်တုန်း ကံကောင်းအောင်လုပ်ကြ ” ••••••••••••••••••••••••••••••••••••••••••

Image may contain: 1 person, text

- မသိမောဟနဲ့နေလာခဲ့ရတဲ့ တိရစ္ဆာန်ဘ၀ပေါင်းများစွာမှာ ကံဆိုးမိုးမှောင်ကျခဲ့ပြီးပြီ။ လူ့ဘ၀ဆိုတဲ့ နေသာတဲ့နေ့ရက်တွေမှာ ကံကောင်အောင် လုပ်ကြပါတော့။ ဒါနက ကောင်းကံတွေ ဆည်ပေးနေသမျှ၊ သီလက စင်ကြယ်အောင် လုပ်ပေး ရမယ်။ အတိတ်ဘ၀က အကုသိုလ်တွေ ဆိုးကျိုးတွေ၊ ဒီဘ၀ရဲ့ အကုသိုလ်တွေကို သီလဖြင့် ဖယ်ရှားပေးရတယ်။
ဒါကြောင့် ဒါနပြုတိုင်း သီလဆောက်တည်ရတယ်။ ဒါန နဲ့ဝတ္ထုပစ္စည်းတွေ စွန့်လွှတ်ရသလို သီလအားဖြင့် ကိုယ်ခံစားရတဲ့ အာရုံတွေကိုတောင် စွန့်လွှတ်ရတယ်။ ဒါနက ကိုယ်ချမ်းသာမှုနှင့် လမ်းရိက္ခာအတွက် သီလက စိတ်ချမ်းသာမှုနဲ့ လမ်းသွား...
ဒီတော့ ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေဆိုတာ ဒါန များများပြုပြီး၊ သီလများများထိန်းပါလို့ ပြောတာနဲ့ မတူပေဘူးလား...?
" ဒါန၊ သီလ လုပ်လို့ နတ်မင်းကြီးဖြစ်ရော ဆိုပါစို့၊ ကာမစည်းစိမ်နဲ့ ဘ၀စည်းစိမ်တွေ မက်မောလာပြန်တော့ - တဏှာက အမိန့်ပေးတိုင်းလည်း သူများ သွားစော်ကားပေးရတယ်ဗျ။
မာနခိုင်းတိုင်းလည်း မော်ကြွားပေးရတယ်ဗျ။ ဒိဋ္ဌိညွန်းတိုင်းလည်း ပြစ်မှားပေးနေရတယ်ဗျ။ အဲဒီတော့ကံကောင်းလို့ နတ်မင်းကြီးဖြစ်တယ်ဆိုပြီး အကုသိုလ်က လွတ်သေးရဲ့လား။
လိုချင်တာတွေ မျှော်ပြီးလုပ်နေသမျှ မလိုချင်တာတွေရလာလိမ့်မယ်။တို့ဘုရားရှင်ကတော့ သိဒ္ဓတ္ထ အလောင်းတော်ဘ၀မှာတောင် စွန့်ခဲ့တာတွေနည်းသလား။ မိဖုရားတွေက သာကီဝင်တွေချည်း တစ်သောင်းခြောက်ထောင်၊ အခြားမျိုးတွေက တစ်သိန်းလေးထောင် ကာမစည်းစိမ်တွေ ဘယ်လောက်စွန့်ပစ်ခဲ့ရသလဲ။ ရမ္မ၊ သုဘ၊ သုဘရမ္မဆိုတဲ့ နန်းမသုံးဆောင်နဲ့တကွ နန်းလုံးပြည့်အဆောင်အယောင်တွေ ဘ၀စည်းစိမ်တွေကို လက်ပေါ်ကျလာတဲ့ မီးပွားလို ခါချပစ်ခဲ့တယ်။
အပေါင်းကြာ အကောင်းမှာရိုးလို့ စွန့်နိုင်တာတွေပါကွာလို့ ပြောချင် ပြောပါစေဦး။ နန်းရိပ်စွန့်ပြီး သစ်ရိပ်မှာ ပျော်နိုင်တဲ့သတ္တိ၊ နတ်သုဒ္ဒါတမျှသော စားဖွယ်တွေ စွန့်ပြီး ဆင်းရဲသားသုံးဘောဇဉ်တွေ စားနိုင်တဲ့သတ္တိ၊ နန်းဝတ်နန်းစား စွန့်ပြီး မြေမှုန့်ပေကပ် အ၀တ်စုတ်ပြတ်တွေကောက်ဝတ်နိုင်တဲ့သတ္တိ၊ အဲဒီအလောင်းတော်တို့သတ္တိ နတ်မင်းကြီးတွေ မတုပနိုင်ဘူး။ ဒီတော့ နတ်မင်းကြီးတွေလည်း ပူဇော်ကြရတယ်။ ခစားကြရတယ်။
တစ်ခါ ဗြဟ္မာကြီးတွေ ဆိုပါတော့၊ သူတို့လည်း သူတို့ဘ၀ သူတို့ စည်းစိမ်သာယာနေသေးတာပဲ၊ မစွန့်လွှတ်နိုင်ဘူး။ ဘ၀တဏှာကများ ခိုင်းခဲ့ရင် ဒီထက်ဈာန်ယာဉ်ပွားပြီး ဘ၀စည်းစိမ်ခံစားနေကြဦးမှာ။ တို့ဘုရား အလောင်းတော်ကတော့ အာဠာရ၊ ဥဒက ရသေ့ကြီးတွေနဲ့တွေ့ချိန်ကတောင် ဒါ လမ်းဆုံးမဟုတ်ဘူး ဆိုပြီး ဈာန်လမ်းကို ပယ်ခဲ့တာ၊ ဒီသတ္တိမျိုး ဗြဟ္မာတွေမှာလည်း မရှိဘူး။
ဒီတော့ ဗြဟ္မာတွေလည်းမနေသာလာပြီး ပူဇော်ခစားရတယ်။ ဗုဒ္ဓဘာသာဆိုတာ အဲဒီလောက် အဆင့်မြင့်တယ်။ နတ်ဗြဟ္မာတွေတောင် ခစားပူဇော်ရတဲ့ တရားမျိုး လူ့ဘ၀၊ လူ့လက်ထဲမှာပဲရှိတယ်။ ဘာဖြစ်လို့ ရေစုန်မျှော်လိုက်နေကြရမလဲ။
တိရစ္ဆာန်တွေလောက် ကံဆိုးမိုးမှောင်ကျနေလို့လား။ ကျင့်နိုင်တဲ့အစွမ်း၊ သိနိုင်တဲ့ဥာဏ်မရှိကြလို့လား။ အဲဒီတော့ တိရစ္ဆာန်ဘ၀က ကံဆိုးမိုးမှောင်တွေကို ဒါန၊ သီလနဲ့ဖယ်ရှားပြီး ၊ ကံကောင်းအောင်လုပ်ဆိုတာ ဘ၀နာမှုသတိဆိုတဲ့ ရှုမှတ်မှု အမြဲရှိနေရမယ်လို့ ပြောတာ။
- မဟာဗောဓိမြိုင်ဆရာတော်ကြီး အရှင်ဥေယျဓမ္မသာမိ
Share:

❝ မေတ္တာသာ ထားကြပါ သံယောဇဉ် မထားကြပါနှင့် ❞ ■■■■■■■■■■■■■■■■

  မေတ္တာသာ ထားကြပါ၊
သံယောဇဉ် မထားကြပါနှင့် ဟူသော
စကားကို အသေအချာ
စွဲစွဲမြဲမြဲ မှတ်ထားစေလိုပါသည်။
သံယောဇဉ် ထားသောကြောင့်
တဏှာစွဲနှင့် သေသောအခါ
အပါယ်ဘုံသို့ ကျရောက်ရမည်သာ။
မေတ္တာနှင့်စောင့်ရှောက်လျှင်ပင်
လုံလောက်ပြီ ဖြစ်သည်။
မေတ္တာဆိုသည်မှာ
အပူဓာတ် လုံးဝမပါပေ။
အအေးဓာတ် ဖြစ်သည်။
မေတ္တာတွင် ကိုယ်ကျိုးမပါပေ။
မိမိနှင့်ပတ်သက်သမျှ ပုဂ္ဂိုလ်တိုင်းကို
ကျန်းမာချမ်းသာကြပါစေဟု
နှလုံးသွင်းခြင်းသည် မေတ္တာ ဖြစ်သည်။
မေတ္တာသည် အေးချမ်းသည်။
ကုသိုလ်တရား ဖြစ်သည်။
သံယောဇဉ်သည် ပူလောင်သည်။
အကုသိုလ်တရား ဖြစ်သည်။
(မေတ္တာရှင်ရွှေပြည်သာ)
အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
Share:

☸ ဥ​ပေက္ခာ☸ ***********

Image may contain: one or more people
  ဥပေက္ခာနဲ့ ခွင့်လွှတ်နိုင်ရမယ်။ လောကလူတွေက ခွင့်မလွှတ်နိုင်ကြဘူးနော်။ ခွင့်မလွှတ်နိုင်တာလည်း မာနကြောင့်ပဲ။ တကယ်မေတ္တာတရားနဲ့ ကောင်းကျိုးချမ်းသာကို ဆောင်ရွက်ပေးပေမယ့်လို့ ဥပေက္ခာမထားနိုင်လို့ရှိရင် ခွင့်မလွှတ်နိုင်ပြန်ဘူး။ ဥပေက္ခာတရားဆိုတာ ခွင့်လွှတ်နိုင်တဲ့ စွမ်းအားသတ္တိရှိတယ်။ တစ်ဦးတစ်ယောက်က ဘာတွေပဲလုပ်လုပ် အဲဒီလုပ်သမျှတွေအပေါ်မှာ မှတ်သားမထားဘူး၊ အမှတ်မထားဘူး။ ကိုယ်လုပ်သင့်တဲ့အလုပ်ကို လုပ်သွားတယ်။ ဒါကို ဥပေက္ခာလို့ ခေါ်တာနော်။
တချို့က အဓိပ္ပာယ်ပြောင်းလဲပြီး ဥပေက္ခာကို ပြောကြတယ်။ မတည့်တဲ့လူတစ်ယောက်ကို ဥပေက္ခာပြုထားတယ်။ ခေါ်လည်း မခေါ်ဘူး။ ပြောလည်း မပြောဘူး။ ဒီလိုပစ်ထားတာကို ဥပေက္ခာလို့ ထင်ကြတယ်။ ဥပေက္ခာရဲ့သဘောက အဲဒီလို မဟုတ်ဘူး။ အင်မတန်မှ မြင့်မြတ်တယ်။ လူတစ်ယောက် ကိုယ့်အပေါ်မှာ စော်ကားမော်ကားပြောတဲ့စကား၊ သူ့ရဲ့လုပ်ရပ်တွေအပေါ်မှာ အမှတ်မထားဘဲနဲ့ ကိုယ်လုပ်သင့်တယ်ထင်လို့ရှိရင် လုပ်ပေးတယ်နော်။ လူတစ်ယောက်ရဲ့ စော်ကားမှုကို အမှတ်မထားဘူး၊ ချီးမွမ်းမှုကိုလည်း အမှတ်မထားဘူး။ လုပ်သင့်တာကို လုပ်ပေးတယ်။
လောကလူသားတွေက ကိုယ့်ကို ချီးမွမ်းလို့ရိရငိုလုပ်ပေးတယ်။ ကိုယ့်ကို ကဲ့ရဲ့လို့ရှိရင် ပစ်ထားတယ်။ အဲဒါဟာ ဥပေက္ခာမဟုတ်ဘူး။ ဥပေက္ခာရဲ့သဘောက ကိုယ့်ကို ချီးမွမ်းရင်လည်း အမှတ်မထားဘူး။ ကဲ့ရဲ့လို့ ရှုံ့ချရင်လည်း အမှတ်မထားဘူး။ နှစ်ခုစလုံးကို အလေးမထားဘဲနဲ့၊ စိတ်ထဲမှာ သိမ်းမထားဘဲနဲ့ လုပ်သင့်တဲ့အလုပ်ကို လုပ်ပေးတာ။ စိတ်ဓာတ်ပြောင်းလဲမှု မရှိဘူး။ မေတ္တာ၊ ခန္တီတို့ရဲ့ လုပ်ငန်းတွေကို သူက ဆက်လက်လုပ်ပေးတယ်။ အဲဒါကို ဥပေက္ခာလို့ ခေါ်တယ်။
နောက်တစ်ခုက လောကလူတွေဟာ ကိုယ်က မေတ္တာရှိလို့ လုပ်ပေးပေမယ့်လို့ ဥပေက္ခာမထားနိုင်ကြဘူး။ ကူညီထားတဲ့သူက ကိုယ့်ကို မကူဘူးဆိုတဲ့ အချိန်ကျရင် သူက မကျေနပ်ဖြစ်ပြန်ရော။ အဲဒါ ဥပေက္ခာမထားနိုင်တာနော်။ ဥပေက္ခာထားနိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ “ငါ့ကို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ၊ ငါကူညီတာက ငါ့ကိစ္စ၊ သူက ငါ့ကို အသိအမှတ်ပြုသည်ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်းဆိုတဲ့အပေါ်မှာ ကိုယ်က လျစ်လျူရှုနိုင်တယ်” နော်။ သူ့ဆီက တုန့်ပြန်လာတာကို ဘာတစ်ခုမှ မမျှော်လင့်တာ။ အဲဒါက ဥပေက္ခာပဲ။
......ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ
Share:

ကိုယ့်ကျင့်တရားမှ အားကိုးရာ ☸☸☸☸☸☸☸☸☸

No automatic alt text available.
 
တရားဟူရာ၌ ကြားနာရွှတ်ဖတ်ရုံတွင်မကပဲ ထိုတရားတော်လာသည့်အတိုင်း မိမိစိတ်ဖြစ်အောင် အလေ့အကျင့်ပြုထားသော ကိုယ့်ကျင့်တရား ဖြစ်မှသာ အရေးကြုံလာလျှင် အားကိုးရာ ရနိုင်သည် ။
ခန္ဓာကိုယ့် ကျန်းမာအောင် အစားအသောက် အနေအထိုင် စသည်ကို စည်းကမ်းကျကျ ပြုပြင်ပါလျှင် ကျန်းမာနိုင်သကဲ့သို့ စိတ်ကိုလည်း တရားစည်းကမ်းကျအောင် အလေ့အထပြုလျှင် စိတ်ချမ်းသာ၍ ဒုက္ခတွေ့သောအခါ ခံနိုင်ရည်ရှိ၏
ထို့သို့ စိတ်ကိုပြုပြင်သော ကိုယ့်ကျင့်တရား မဟုတ်ပဲ နားထောင်ကောင်း၍ နာကြသာ တရားမျိုးကား အရေးကျလျှင် ကိုးကွယ်ရာမရနိုင်ချေ ။
အလုပ်တွေက မမှန်ဘူး ။ ကာယကံ ဝစီကံ မနောကံတွေက မမှန်ကြဘူး ။ မှန်ဘူးဆိုတာ မကောင်းဘူးလို့ ပြောရမှာပဲ ။ မကောင်းဘူး ဆိုရင်တော့ ကံလည်းမကောင်းဘူး ။ ကံမကောင်းရင် အကျိုးပေးလည်း မကောင်းတော့ဘူး ။
အဲဒါကြောင့် ကံကောင်းအောင်ဆိုရင် နေ့စဉ်ပြုလုပ်သမျှ ကာယကံ ဝစီကံ မနောကံ တွေလည်း ကောင်းအောင် ပြုပြင်ကြပါ ။ ပြောင်းလဲကြပါလို့ ဘုန်းကြီးက သတိပေးနေတာ ။
အချိန်တွေ ကုန်သမျှ ကုသိုလ်တွေနဲ့ချည်း ဖြစ်ပါစေ ။ ဒီသာသနာတော်ကြီးနဲ့ အကြောင်းကောင်းလို့ တွေ့ခွင့်ရကြတာ ကျေးဇူးဆပ်တဲ့ အနေနဲ့ သာသနာတော်ပေးတဲ့ အဆုံးအမအတိုင်း လိုက်နာ လိုက်ကြစမ်းပါ ။
လူချင်းတူပေမဲ့ အတွင်းစိတ်ဓာတ်ချင်း မတူတာတွေ ရှိတယ် ။ ဒါကြောင့် အကျိုးပေးပြီး ဆိုတော့လည်း အတွင်းစိတ်ဓါတ်အရ ကွာခြား သွားကြတော့တာပဲ ။
ဒါကိုပြောတာ ( ကံ ညဏ် အသံ ဆံ )ကို ပြိုင်လို့ မရဘူးဆိုတာ ။
'' ကောင်းတာလုပ်ရင် ကောင်းကျိုးရ |
မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ် '' ဆိုတာ ဒီဘုရား အဆုံးအမနဲ့ သိကြရတာ ။ ဒါကြောင့် ကောင်းတဲ့ အကြောင်းတွေ လုပ်ကြပါ ။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
Share:
Image may contain: text
 ▶ တရားကို တေးဆို ၊ အဖေကိုသားကဆဲ
ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန်
မကောင်းကြံလျှင် သမာဓိ ၊
ရွှေရှိမှ လူလိမ္မာ
လိမ်နိုင်မှ သစ္စာရှင် ၊
ပညာရှင်ကို ပယ်၍ထား
အချစ်ဆုံးက သစ္စာပျက် ၊
ရိုးသားသူကို အရူးဆို
အပျိုငယ်က လင်နေစော ၊
အင်္ကျီပါးနဲ့ ဥပုသ်သည်
ဇရပ်အလယ် ကို့ယို့ကားယား ၊
အမျိုးသမီးကောင်းက ပိုက်ဆံရှာ
အပျိုမဖြစ်ခင်က ရည်းစားထား ၊
ဆင်းရဲသားက သူဌေးယောင်ဆောင်
အ၀တ်ပြောင်မှ လူရိုသေ ၊
လင်ရှိမယားက အပျိုလုပ်
မသာပို့ရင်း အပျိုလှည့် ၊
အလှူပေးရင်း ထမင်းရောင်း
ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
ပွဲသဘင်ပါမှ အလှူဖြစ် ၊
စာမတတ်သူက တရားပြ
ဇာတ်သမားမှ လူခေါ်ချင် ၊
သူတော်စင်ကို ပယ်၍ထား
ကြွေးပေးသူက ကျွန်နဲ့တူ ၊
ကြွေးယူသူက သခင်ဖြစ်
မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊
ရွှေကပ်သည့်ဘုရားမှ လူရိုသေ
အဖေ အမေက ကျွန်နဲ့တူ ၊
သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ၊
မိမိကိုယ်တော့ အကောင်းပြော
ဂုံးတိုက်လျှင် ကျေးဇူးရှင် ၊
ဖြောင့်မတ်လျှင် လူမသုံး
သီလယူရင်း မျက်စပစ်
သူတော်ကောင်းတို့
တရားပျက်ကြလေပြီ ။
ရှေးစာဆို အတိတ်တဘောင်
Share:

ရဟန်းလုပ် ရဟန်းသရုပ်ပေါ်လွင်စေရမည် ••••••••••••••••••••••••••••••••••••

Image may contain: one or more people
 အရှင်ရဟန်းမြတ်
အရှင်သည်သိမ်မှ ထွက်သည်နှင့်
အော် - ငါသည်ကား...
လူမှထုတ်၍ ရဟန်းဟု သမုတ်ခံခဲ့ရချေပြီ။
ဤသို့ ဆင်ခြင်စိတ်ဝင် ဉာဏ်သက်ဝင်ပြီးသော်
လူတုန်းကကဲ့သို့ သတိမထုံ ဉာဏ်မလှုံပဲ အာရုံတို့၏နောက် ကောက်ကောက်ပါအောင်လိုက်ခြင်းကို ရှောင်ကြဉ်ရာ၏။
အကယ်တိတိ-
သတိနှင့် မတွဲချိတ်ပဲ စိတ်သွားရာကိုယ်လိုက်
အားရုံအတိုက်ချည်း ခံပါသော်ကား
ငါသည် ရဟန်းဟူသောစကား လူရှေ့သူရှေ့ကြား သွားပြောမိစေရာ...။
"မဟာဗောဓိမြိုင်ဆရာတော်"
Share:

“သင်သေသွားသော်” (ဆရာဇော်ဂျီ) ••••••••••••••••••••••

Image may contain: text

  သြော်...၊
လူ့ပြည်လောက လူ့ဘ၀ကား၊
အိုရ...နာရ...သေရဦးမည်၊
မှန်ပေသည်တည့်၊
သို့တပြီးကား...၊
သင်... သေသွားသော်၊
သင်ဖွားသောမြေ၊
သင်တို့ပြည်သည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏၊
သင်၏ မျိုးသား၊
စာစကားလည်း၊
ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊
အမျှဝေရာစေတီသာနှင့်၊
သစ္စာအရောင်၊
ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်ဝင်းလျက်၊
ကျန်စေတည်း။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
Share:

ရှည်လွန်းလှတဲ့သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့သူ မရှိပါ။ ■■■■■■■■■■■■■■■■■■■■■■■■

Image may contain: sky, cloud, text, outdoor and nature
 သံသရာဆိုတာ ရှည်လွန်းလှပါတယ်။
ရှည်လွန်းလှတဲ့ သံသရာဝဲသြဃထဲမှာ
ဘဝမျိုးစုံနဲ့ မြှုပ်ချည်တစ်ခါ ပေါ်ချည်တလှည့်
အောက်ရောက်လိုက် အထက်ဆန်လိုက်နဲ့
ကျင်လည်ခဲ့ရတဲ့ မရေတွက်နိုင်တဲ့
ဘဝမျိုးစုံထဲမှာ သားနဲ့သမီး၊ လင်နဲ့မယား၊
အမိနဲ့အဖ၊ ဆွေမျိုးသားချင်းဆိုတာ
မတော်စပ်ခဲ့ဘူးသူ မရှိဘူးလို့
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
မိန့်ကြားခဲ့တာကို ကြားနာခဲ့ရပါတယ်။
နာကြားခဲ့ရတဲ့ ဒေသနာတော်တွေကို
အဖန်တလဲလဲ တွေးရင်း
ငါ့သားသမီးတွေ ဇနီးမယားတွေ
အဖေအမေတွေ ငါ့ဆွေမျိုးတွေထဲက
တချို့လည်း အပါယ်(၄)ဘုံထဲမှာ
ကူးခါ ခပ်ခါ နေကြဆဲ ဖြစ်မှာပါ။
တချို့ကြတော့
သုဂတိဘုံမှာ ကျင်လည်နေကြတာ ရှိမှာပါပဲ။
တချို့လည်း ခန္ဓာရုပ်သိမ်းတဲ့ နိဗ္ဗာန်ကို
အပြီးတိုင် စံမြန်းကြသူတွေလည်း
ရှိကြမှာပါဆိုပြီးတော့-
အဲဒါတွေ တွေးမိတိုင်း
သက်ရှိသတ္တဝါတွေ အပေါ်မှာ
မေတ္တာတွေ ထားနိုင်အောင်
ဂရုဏာတွေ ထားနိုင်အောင်
မုဒိတာတွေ ပွားနိုင်အောင်
သတိကပ်ပြီး ကိုယ့်ကိုယ် ကို ဆုံးမမိပါတယ်။
ရုပ်စွအဆုံး ခွေးလေး ကြောင်လေးတွေက အစ
သေးငယ်တဲ့ သတ္တဝါလေးတွေ အထိ
မရိုက်မိအောင် မသတ်မိအောင်
အဖန်တလဲလဲ ဆုံးမပြီး တခုသောဘဝမှာ
ငါနဲ့ပက်သက်တဲ့ ဆွေတ်ာမျိုးတော်တွေဘဲလို့
ဆင်ခြင်လိုက်တာနဲ့
အကုသိုလ်ကံမြောက်အောင်
မပြုလုပ်မိတော့ပါဘူး။
ဆွေတော်မျိုးတော်-
ဓမ္မမိတ်ဆွေတို့ အနေနဲ့လည်း
"သံသရာကမတော်စပ်ခဲ့ဘူးသူမရှိ" ဟု ဆိုတဲ့
အသိတရား နဲ့ ဆင်ခြင်ပြီး
မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေ
မဖြစ်ရအောင် ပယ်သတ်ပြီး
ဖြစ်ပေါ်နေဆဲ ကုသိုလ်တွေကိုသာ ပွားများရင်း
မဂ်ကုသိုလ်နဲ့ သံသရာကို ချဲ့ထွင်စေသည့်
ပပဉ္စတရားဖြစ်တဲ့ တဏှာ မာန ဒိဋ္ဌိ တို့ကို
ပယ်သတ်နိုင်အောင် ကြိုးစားကြပါလို့
လက်တွဲဖော် ဓမ္မမိတ်ဆွေ
ဆွေတော်မျိုးတော် အပေါင်းတို့အား
ရင်ထဲက နှစ်နှစ်ကာကာ
တိုက်တွန်းကုသိုလ် ပြုလိုက်ရပါတယ်။
သံဝေဂ နဲ့ မေတ္တာ ရင်ထဲမှာ ပေါ်လာလို့
ဤပို့စ်လေးကို ရေးသားကုသိုလ်ယူလိုက်တာပါ။
✍️စာရေးသူ - ဇာဏီ(ကံမ)
Share:

❝ တရားသိလျှက် အကျင့်ခက် ❞ ■■■■■■■■■■■■■■■■

 Image may contain: 1 person, text
 " တရားသိလျှက် အကျင့်ခက် " ဆိုတာ
သိတော့သိတယ်။
သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့
မလွယ်ကူဘူးတဲ့။
သိတယ်ဆိုတဲ့နေရာမှာ
သင်ထားလို့ သိတဲ့ အသိက တစ်မျိုးပေါ့။
လက်တွေ့ကျင့်သုံးပြီး သိတဲ့ အသိက
တစ်မျိုးဖြစ်တယ်။
အဲဒီ (၂) မျိုးထဲမှာ သင်ထားလို့ သိတဲ့ အသိက
လက်တွေ့ကျင့်သုံးပြီးတော့
သိတဲ့ အသိလောက်...
ခိုင်မာမှု ရင့်ကျက်မှု မရှိဘူးတဲ့။
ဘာဖြစ်လို့ သတ္တဝါတွေဟာ...
သိလျက်သားနဲ့ မကျင့်နိုင်တာလဲဆိုတော့...
မကျင့်နိုင်ခြင်းရဲ့ အကြောင်းဖြစ်တဲ့...
လောဘ ဒေါသ မောဟ စတဲ့...
ကိလေသာတွေ လွှမ်းမိုးမှုက
အင်မတန်မှ အားကောင်းပြီးတော့
အသိဥာဏ်က
အားပျော့သေးသိမ်နေလို့ပဲ ဖြစ်တယ်။
အကယ်၍သာ အသိဥာဏ်က
လွှမ်းမိုးသွားမယ်ဆိုရင် ……
လောဘ ဒေါသ မောဟ စတဲ့
ကိလေသာတွေက အင်အားပျော့သွားပြီး
တရားသိလျက် အကျင့်ခက်စရာ
မရှိတော့ဘူးတဲ့။
သိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ်
အားထုတ်နေမှာ ဖြစ်ပါတယ်။
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
Share:

☸အပြုံးနဲ့ပြန်​ပါ☸ 🔸🔸🔸🔸🔸

Image may contain: ocean, beach, sky, outdoor and nature
  လာတုန်းကလည်း တစ်​​ယောက်​ထဲ​နော်
လက်​တွဲ​ခေါ်ကာ ​ဖော်​မပါဘူး
ဥစ္စာချည်းနှီး ကိုယ်​ထီးတည်း။
ပြန်​သွား​တော့လဲ တစ်​​ယောက်​ထဲ​နော်
လက်​တွဲ​ခေါ်ကာ ​ဖော်​မပါဘူး
ဥစ္စာချည်းနှီး ကိုယ်​ထီးတည်း။
လာပြီး​တော့နား မသွား​သေးခင်
ချိန်​​လေးတွင်​မှ ဝန်းကျင်​ယှက်​နွယ်
နှောင်​ကြိုးတွယ်​ကြ
ပြုံးရယ်​မဲ့ငို ချစ်​မုန်းပိုကြ
မလို​ဒေါသ. လို​လောဘနှင့်
ဘဝရိပ်​မြုံ ကကြိုးစုံခဲ့
ကံကုန်​မိုးချုပ်​ လက်​တွဲဖြုတ်​ခါ
သုတ်​သုတ်​​ဆောလျှင်
ခရီးနှင်​သည်​ တို့လျှင်​ဧည့်​သည်​ပါတကား။
သီတဂူ ကြယ်တစ်ပွင့်
Share:

စိတ်ကူးနဲ့ဘ၀ 🔸🔸🔸🔸

Image may contain: 1 person
 ▶ လူ၏အဖြစ်ကို ရခဲ၏၊ သတ္တ၀ါတို့၏ အသက်ရှည်ရခြင်းသည် ခဲယဉ်း၏၊ သူတော်ကောင်းတရားကို ကြားနာရခဲ၏၊။ ဘုရားအဖြစ်ကို (ဘုရားဖြစ်ရာကာလကို) ရခဲ၏။
Hard is it to be born a man; hard is the life of mortals. Hard is it to gain the opportunity of hearing the Sublime Truth, and hard to encounter is the arising of the Buddhas. (ဓမ္မပဒ)
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ တရား၊ ဓမ္မစကားပါ။ လူ့ဘ၀ရဲ့ အနှစ်သာရကိုသိအောင်၊ မိမိမှာအသိညဏ်တွေတိုးလာဖို့ အထောက်အပံ့ ကောင်းတွေဖြစ်အောင် မိန့်ကြားထားတော်မူခဲ့တဲ့ ဓမ္မစကားလေးပါ။ “လူ၏အဖြစ်ကို ရခဲ၏၊” ဒါလေးကိုဖတ်ပြီးတော့ ရခဲတဲ့လူအဖြစ်မှာ လုပ်နိုင်ခဲမယ့်အလုပ်တွေ ရှိနေမယ်ဆိုတာ မဆိုင်းမတွပဲ နားလည်လိုက်ရပါတယ်။ လူအဖြစ်ကို ရတာချင်းတူကြပါတယ်။ ဒါပေမယ့် လုပ်ပေးစွမ်းနိုင်တာချင်းမတူကြပါဘူး။ တစ်ချို့က ခဲယဉ်းစွာရလာတဲ့ လူ့ဘ၀ကို ကောင်းစွာ နားလည်သဘောပေါက်ပြီး သူ့ရဲ့ နေစဉ်ဘ၀တစ်လျှောက်လုံးမှာ ကောင်းမှုကုသိုလ်တွေ လွှမ်းခြုံပြီး နေသွားကြပါတယ်။
ကောင်းမှုတွေ လွှမ်းခြုံထားမှတော့ မကောင်းမှုအကုသိုလ်တရားတွေ မ၀င်လာနိုင်တော့ဘူးပေါ့။ တစ်ချို့ကျပြန်တော့ မကောင်းမှုအကုသိုလ်တရားတွေကို ဘ၀မှာ အများဆုံးထုံးမွှမ်းပြီး နေသွားကြတဲ့သူတွေလဲ ရှိပြန်ပါတယ်။ မြန်မာ စကားလုံး တစ်ခုရှိပါတယ်။ “ကြုံကိုက်တယ်” ဆိုတဲ့စကားလေးပါ။ အခုဆိုရင်ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ညီအစ်အကို မောင်နှမ အားလုံးဟာ သာသာနာနဲ့လဲ ကြုံနေပြီ၊ ဒါပေမယ့် ကြုံနေတဲ့ ဘာသာတရား၊ သာသနာတရားတွေပေါ်မှာ မကြိုက်ဘူးဆိုရင်တော့ ကြုံနေတာ အလကားကြီးဖြစ်နေမှာပေါ့။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကြုံတွေ့နေတဲ့ သာသနာကို ကြိုက်တတ်ချင်တယ် ဆိုရင်တော့ ဒီလို အလုပ်တွေ လုပ်ရမယ်လို့ ညွှန်ပြထားတော်မူပါတယ်။ ဒါက ဘာလဲဆိုတော့ ကုသိုလ်ကောင်းမှုအလုပ်(၁၀) ပါးလို့ ခေါ်တဲ့ ပုညကြိယာဝတ္တု (၁၀) ကို မိန့်ကြားထားတော်မူပါတယ်။ ပုညကြိယာဝတ္တု (၁၀) ပါးဆိုတာ-
ကောင်းမှု--->ကုသိုလ်--->ပုည--->ပုန်း--->ဘုန်း သို့အဆင့်ဆင့်ကူးပြောင်းခေါ်ဝေါ်လာကြရာ ယခုအခါ ဘုန်းကံကြီးသည်ဆိုလျှင် လူတိုင်းနှစ်သက်ကြပေရာ ကောင်းမှုများခြင်းသည်သာ ဘုန်းကြီးကြကြောင်းသိအပ်ပေသည်။
(က)ဒါန
(၁)ရိုးရိုးဒါန(လှူဒါန်းခြင်း)
(၂)ပတ္တိဒါန(အမျှပေးခြင်း)
(၃)ပတ္တာနုမောဒန(သာဓုခေါ်ခြင်း)
(ခ)သီလ
(၁)ရိုးရိုးသီလ(ကာယနှင့်ဝစီစောင့်ထိန်းခြင်း)
(၂)အပစာယန(ရိုသေခြင်း)
(၃)ဝေယျာဝစ္စ(လုပ်အားပေးခြင်း)
(ဂ)ဘာဝနာ
(၁)ရိုးရိုးဘာဝနာ(မေတ္တာဘာဝနာပွားခြင်းဘုရားဂုဏ်တော်စသည်အာရုံပွားနေခြင်း)
(၂)ဓမ္မဿဝန(တရားနာယူခြင်း)
(၃)ဓမ္မဒေသနာ(တရားဟောပြောပြနေခြင်း)
(၄)ဒိဋ္ဌိဇုကမ္မ(အယူမှန်ခြင်း) တို့ဖြစ်ပါတယ်။ ဒီအလုပ်တွေကို ထည်ထည်ဝင်ဝင် နစ်နစ်ကာကာ လေးလေးနက်နက် လုပ်နေပြီးဆိုတော့ ဒီပုဂ္ဂိုလ်ဟာ သာသနာနဲ့လည်း ကြုံတယ်။ သာသနာကိုလဲ ကြိုက်တဲ့ ပုဂ္ဂိုလ်လို့ သတ်မှတ်နိုင်ပါတယ်။ ပုညကြိယာဝတ္တု(၁၀)ပါးမှာ အစ နံပါတ်(၁)မှာ ဒါနဆိုတာလေးကို အရင်ဆုံးဟောကြားတော်မူထားပါတယ်။ ဘာကြောင့် များ ဒါနကို နံပါတ်(၁)နေရာက တင်ထားရသလဲ ဆိုရင်တော့ တစ်လောကလုံး မြင်နေတဲ့ လောဘ အထင်လုံးကြီး လျော့ချဖို့။ နောက်တစ်နည်း လျော့ပါးသွားအောင်လုပ်ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ စစ်မှန် ငြိမ်းအေးတဲ့ ချမ်းသာအစစ်က လိုချင်မှု၊ ငါပိုင်ဆိုင်မူ၊ အတင်းအကြပ် စွဲလမ်းစိတ်နဲ့ သိမ်းပိုက်ထားမှုတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက် နေရာမပေးပါဘူး။ အဲဒီအတွက် ကျွန်တော်တို့တွေ လောဘအထင်ကို ပစ်ဖို့အတွက် ငါ့အတွက်ကနေ စွန့်မယ်ဆိုတဲ့ အကျင့်ကို ကျင့်ဖို့ လိုအပ်ပါတယ်။ မိမိမှာရှိတဲ့ ကိုယ့်စွန့်နိုင်တဲ့အရာက စပြီး စွန့်နိုင်ပါတယ်။ တစတစ စွန့်ရဲမှသာ ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏ ဆိုတဲ့အတိုင်း စွန့်တတ်ဖို့အတွက် ဒါနကို စတင်ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
ဒါနမှစပြီး ကုသိုလ်ကောင်းမူပြုသူတိုင်း အတွေးသုံးမျိုးကို ပိုင်ဆိုင်ပါတယ်။ အတွေးသုံးမျိုးရှိသူတိုင်းလည်း ဒါနက စလို့ ကောင်းမှုတွေတိုးပွားပြီး လုပ်ဆောင်ဖြစ်နိုင်ပါတယ်။ ပါဠိလိုကတော့ သမ္မာသင်္ကပ္ပ - မှန်ကန်တဲ့အတွေး လို့ခေါ်ပါတယ်။
(၁) နေက္ခမ သင်္ကပ္ပ - စွန့်လွှတ်အနစ်နာခံတတ်တဲ့စိတ်၊
(၂) အဗျာပါဒ သင်္ကပ္ပ - ခွင့်လွတ်သည်းခံတတ်တဲ့စိတ်၊
(၃) အ၀ိဟိံသ သင်္ကပ္ပ - သတ္တ၀ါတွေအပေါ်ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊
အဲဒီလိုစိတ်ကလေးတွေ တွေးပြီး နှလုံးသားထဲမှာမွေးကြည့်မယ်ဆိုရင် ဒါဟာ ကောင်းတဲ့ စိတ်ကိုမွေးတာပါ။ ကောင်းတဲ့ စိတ်ကိုမွေးရင် စိတ်ကောင်းလေးတွေ ပေါက်ဖွားလာမှာ သေချာပါတယ်။ စိတ်ကောင်းလေးတွေ အရင်းတည် ပေါက်ဖွားလာမှတော့ သူနဲ့ဆက်စပ်တဲ့ ကာယအလုပ်၊ ၀စီအလုပ်တွေလည်း ကောင်းလာမှာဖြစ်ပါတယ်။
စွန့်လွှတ်အနစ်နာခံတတ်တဲ့စိတ် ဆိုတာ ရယူပိုင်ဆိုင်လိုစိတ်အကို စွန့်ပစ်လိုက်တာပါ။ တနည်းပြောရင် မိမိမှာရှိတဲ့ လောဘကို စွန့်တာပါ။ အဲဒီလိုလောဘကိုစွန့်ဖို့ သင်္ကတတစ်ခုအနေနဲ့ ဒါနဆိုတဲ့ ကောင်းမှုတရားကို စတင်ပြုကြပါတယ်။ ကိုယ်နိုင်သလောက် တစ်ဆင့်ပြီးတစ်ဆင့် စွန့်သွားရင် မိမိမှာရှိတဲ့ ငါပိုင်ဆိုင်တဲ့အထင်လုံးရယ်၊ ငါ ဆိုတဲ့ အထင်လုံးရယ် လျော့နည်းကျဆင်းသွားနိုင်ပါတယ်။ ခွင့်လွတ်သည်းခံတတ်တဲ့စိတ်ဆိုတာ လောကဓံတရားရဲ့ တစ်စုံတစ်ခုအပေါ်မှာ မိမိကနေ ခွင့်လွတ်ခြင်းမရှိ၊ သည်းမခံနိုင် တဲ့အတွက် ဒေါသအနေနဲ့ တုံ့ပြန်ခြင်း ကင်းမဲ့စွာ သတိပညာနဲ့ နေနိုင်၊ တွေးကြံပြီး စိတ်ထားနိုင်တာကို ခေါ်ပါတယ်။ သတ္တ၀ါတွေအပေါ် ကိုယ့်ချင်းစားစိတ်ဆိုတာကတော့ အော် ငါလဲ သူလိုပဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ၊ သူ့ခမျာ ခံစားတတ်တဲ့ ဝေဒနာရှိသလို ငါမှာလဲ ခံစားတတ်တဲ့ ဝေဒနာရှိတယ်ဆိုတာ စာနာထောက်ထားပြီး သူတို့အပေါ် မေတ္တာစိတ်မွေးတာကို ဆိုလိုပါတယ်။
တစ်လောကလုံးက လူတွေက ကိုယ်စိတ်ကူးနဲ့ ကိုယ်သိနေတာလို့ ဓမ္မဘေရီဆရာတော်ဘုရားကြီး ဟောကြားတော်မူထားပါတယ်။ ကိုယ်မှာရှိတဲ့ အသိတွေကို စိတ်ကူးက ကူညီနေတတ်ပါတယ်။ အပေါ်မှ ရေးသားခဲ့တဲ့ မှန်ကန်တဲ့ စိတ်ကူးလို့ ခေါ်တဲ့ သမ္မာသင်္ကပ္ပသာရှိမယ်ဆိုရင် စိတ်ထားတွေ မှန်သွားပါပြီ။ စိတ်ထားတွေ မှန်သွားတော့ အသိတွေလဲ မှန်သွားပါပြီး။ အသိမှန်၊ စိတ်ထားမှန်ရင် ကံအနေနဲ့ မနောကံ ကောင်းသွားပြီးလို့ ပြောလို့ရပါတယ်။ လောကကြီး တစ်ခုလုံးကို စိတ်က ဦးဆောင်တယ်ဆိုတဲ့အတွက်ကြောင့် စိတ်ကြောင့် ဖြစ်ပေါ်လာမယ် ကာယကံနှင့် ၀စီကံလဲ ကောင်းသွားပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး က စိတ္တံ ဒန္တံ သုခါ ၀ဟံ = စိတ်ကိုကောင်းကောင်း ထိန်းသိမ်း၍ (ဆုံးမ၍) အသုံးချသွားနိုင်လျှင် ချမ်းသာမှာ မလွဲဧကန် ဖြစ်ပါ၏ ဟု ဟောကြားတော်မူခဲ့သည်။ ဒါကြောင့် ကျွန်တော်တို့တွေ အလွန်အင်မတန်နူးညံ့တဲ့ စိတ်ကို သတိတရားထား၊ မှန်ကန်တဲ့ တွေးကြံမှုတွေနဲ့ ထိန်းသိမ်းစောင့်သွားမယ်ဆိုရင် မိမိရင်ထဲမှာ မကောင်းတဲ့ စိတ်ညစ်တွေကင်းလို့ အတော်လေးအေးချမ်းသွားမယ်လို့ ယုံကြပါတယ်။ မနောစိတ်ဆိုတာ မိမိဘ၀ရဲ့ ဒါရိုက်တာပါ။ ဒါရိုက်တာရဲ့ စေခိုင်းချက်အရ ကာယကံနဲ့၀၀ီကံ လို့ခေါ်တဲ့ မင်းသားနဲ့ မင်းသမီးက နှစ်ဦးနှစ်ဖက်ကပြသရုပ်ဆောင်နေတာပါ။ ဒါရိုက်တာဆိုတဲ့ စိတ်ကလဲ သူစေခိုင်းခြင်းတိုင်း ခိုင်းတာမဟုတ်ပါဘူးတဲ့။ ဇတ်ညွှန်းရေး ဆရာရဲ့ အတိုင်းပါတဲ့။ ဇာတ်ညွှန်းအတိုင်း စိတ် ဒါရိုက်တာကလဲ စေစားတာပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်တွေ၊ ညီအစ်ကို မောင်နှမတွေမှာ မြတ်ဗုဒ္ဓ ရေးသားပေးခဲ့တဲ၊ ဇာတ်ညွှန်းကောင်းကြီးက ကျွန်တော်တို့ မျက်စိရှေ့မှာ ရှိပါတယ်။ ဒီဇာတ်ညွှန်းကောင်းကြီးသာ သေချာ စနစ်တကျ၊ နည်းနာပြသပေးမယ် ဆရာသမားတွေနဲ့ မိမိစိတ် ဒါရိုက်တာ ယူရိုက်လိုက်မယ်ဆိုရင် မိမိဘ၀ ဇာတ်လမ်းက ဧကန်မုချ မလွဲမသွေ အော်စကာ ဆုရမှာဖြစ်ပါတယ်။ ဇာတ်ညွှန်းကလဲမကောင်း၊ ဒါရိုက်တာကလည်း သူဖြစ်ချင်တဲ့အတိုင်း စေစား၊ စေခိုင်း နေမယ်ဆိုရင် အော်စကာ ဆုမရပဲ အော့နှလုံး နာစရာ ကောင်းတဲ့ အော်စရာ ဆု ရမှာတော့ သေချာပါတယ်။
ဘ၀ဇာတ်လမ်းလှဖို့ အတွက် မြတ်ဗုဒ္ဓရဲ့ တ၇ားတော်တွေကို ဖတ်မှတ်၊ သင်ယူ၊ ကျင့်သုံး၊ နှလုံးသွင်းဖို့ အထူးအရေး ကြီးပါတယ်။ မှန်ကန်တဲ့ စိတ်ထားတွေ အခြေခံပြီး မှန်ကန်တဲ့ စိတ်ကူးတွေနဲ့သာ နေ့စဉ်မှ နေစဉ်အထိ တွေးကြံ၊ ပြောဆို၊ လုပ်ကိုင်သွားမယ်ဆိုရင်၊ လူဘ၀မှာ ဇာတ်လမ်းကောင်းနဲ့လူဖြစ်ရကျိုးနပ်ြ့ပီးပေါ့။ သာသနာနဲ့လဲ ကြုံရကျိုးနပ်ပါပြီ၊ သာသနာကို ကြိုက်တဲ့အတွက်ကြောင့်လဲ သာသာနာကို ကြိုက်ရကျိုး နပ်ပါပြီး။ “မနုဿ ဘာဝေါ ဒုလ္လဘော” ၊ ရခဲလှတဲ့ လူဘ၀မှာ စွန့်လွှတ်စိတ်၊ ခွင့်လွတ်သည်းခဲစိတ်၊ ကိုယ်ချင်းစာစိတ်တွေ မွေးပြီး မိမိဘ၀ကို အကောင်းဆုံးသရုပ်ဖော်သွားဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို မိမိမှာ ရှိတဲ့ ဒီလိုစိတ်ကူးကောင်းလေးတွကို ကျွန်တော်တို့တွေ သက်သေပြဖို့ လိုအပ်ပါ တယ်။ ဘာတွေနဲ့သက်သေပြမလဲဆိုရင် ဒါန စပြီး သက်သေပြနိုင်ပါတယ်။ ပေးကမ်းစွန့်ကြဲမှု ဒါန နဲ့စပြီး စွန့်လွှတ်အနစ်နာခံလိုစိတ်၊ ခွင့်လွှတ်သည်းခံတတ်တဲ့စိတ်၊ ကိုယ်ချင်းစာစိတ်တွေ ဖြေးဖြေးချင်းမွေးယူ နိုင်မယ်ဆိုရင် စိတ်ထားတွေ ကောင်းလို့ မိမိတို့ရဲ့ ပန်းတိုင်မလွဲမသွေ ရောက်ရှိမှာဖြစ်ပါတယ်။
မိမိရဲ့ စိတ်ကောင်းကလေးတွေကို လက်တွေ့ သရုပ်ဖို့အတွက် ပါရမီမြောက်တဲ့ဒါနကစလို့ ကုသိုလ်ကောင်းမှုအလုပ်(၁၀)မျိုးလုံးကို ကိုယ်စွမ်းနိုင်တာက စဖို၊့ ဒီနေ့ဒီအချိန်ကစပြီး ပြုကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ရခဲလှတဲ့ လူဘ၀မှာ သာသနာကိုကြိုက်တဲ့ သူတော်ကောင်းတွေဖြစ်လို့ စိတ်ကူးကောင်းတဲ့ ဘ၀ ဖြစ်ပါစေလို့ ဆုမွန် တောင်းလျက်။
Share:

Monday, 19 March 2018

🌜ငြိမ်းချမ်းတဲ့စိတ်

Image may contain: 2 people, people smiling

ကြည်လင်ရွှင်လန်းတဲ့သူ၊ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ သင့်မှာ အခွင့်အရေးရှိပါတယ်။ ကြည်လင်ရွှင်လန်းတဲ့သူ၊ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ တာဝန်လည်း ရှိပါတယ်။ ငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိရှိတယ်။ မငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိမရှိဘူး။
🌾🌾🌾
စိတ်အေးချမ်းတဲ့သူဟာ ကိုယ့်ဘဝမှာ တကယ်အရေးအကြီးဆုံး အလေးနက်ဆုံး တန်ဖိုးအရှိဆုံးဖြစ်တဲ့ အသိဥာဏ်တွေရဖို့ လုပ်နိုင်တယ်။ ကိုယ့်ကိစ္စအတွက် ကိုယ့်ကိုယ်ကို အချိန်ပိုပေးနိုင်တယ်၊၊ သင့်ရဲ့စိတ်ငြိမ်းချမ်းမှုထက် ပိုပြီးတန်ဖိုးရှိတဲ့အရာ ဘယ်လိုအရာမျိုးမှမရှိပါဘူး။ တည်ငြိမ်အေးချမ်းပြီးတော့ အသိဥာဏ်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့အရေးဟာ ဘဝမှာ အရေးအကြီးဆုံးဖြစ်တယ်။ ဘာဘွဲ့မှမရ၊ ဘာအတန်းမှမအောင်လည်း သူ့ဘဝကိုသူ အေးအေးချမ်းချမ်း သတိနဲ့ယှဉ်ပြီး၊ ဥာဏ်နဲ့ယှဉ်ပြီး နေသွားတဲ့သူကို ဘဝကိုအောင်အောင်မြင်မြင်နေသွားတဲ့သူလို့ ဆိုနိုင်တယ်၊၊ ပစ္စည်းဥစ္စာတွေအများကြီးရှိပေမယ့်၊ ရာထူး အမြင့်ကြီးရှိပေမယ့် စိတ်အေးချမ်းမှုမရှိရင် မအောင်မြင်တဲ့သူပဲ။
🌾🌾🌾
လေးနက်တဲ့ မြင့်မြတ်တဲ့အသိဥာဏ်ရှိလေလေ စိတ်အေးချမ်းမှုရလေလေ အောင်မြင်လေလေလို့ ပြောလို့ရတယ်။ ဒီလိုမဟုတ်ဘဲနဲ့ လေးနက်တဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ အသိဥာဏ်မရှိတဲ့သူဟာ ပစ္စည်းဥစ္စာရှိလေလေ အကုသိုလ်များလေလေ ဖြစ်လာတာပဲ။ ရာထူးကြီးလေလေ မကောင်းမှုပိုလုပ်လေလေ ဖြစ်လာတာပဲ။ အဲဒီလို မတရားမှုတွေ၊ မကောင်းမှုအကုသိုလ်တွေကို လုပ်ထားတဲ့အတွက်ကြောင့် စိတ်မချမ်းသာမှုဆိုတာ ဖြစ်နေမှာပဲ။
🌾🌾🌾
တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဟာ အဆင့်အတန်းနိမ့်တဲ့စိတ်မျိုးဖြစ်တယ်။ သူတစ်ပါးကိုငဲ့ညှာထောက်ထားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဟာ dignity မရှိဘူး။ တည်ကြည်ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ မရှိဘူး။ လေးနက်မှု၊ မြင့်မြတ်မှု မရှိဘူး။ စိတ်ကြည်လင်အေးချမ်းမှုလည်း မရှိဘူး။
🌾🌾🌾
ရဖို့ထက် သိဖို့က ပိုအရေးကြီးတယ်။ ရတာထက် သိတာက ပိုတန်ဖိုးရှိတယ်၊ ပိုအကျိုးရှိတယ်။ ကျေနပ်မှု အေးချမ်းမှု ပိုပေးတယ်။ လူအများဟာ သိဖို့ထက် ရဖို့ကို ပိုဦးစားပေးကြတယ်။ ဒါကြောင့် မအေးချမ်းတာဘဲ။ မသိတဲ့သူဟာ မရလည်းဒုက္ခ၊ ရလည်း ဒုက္ခပါပဲ။
🌾🌾🌾
စိတ်ရဲ့ကြည်လင်မှု၊ အေးချမ်းမှု၊ သန့်ရှင်းမှု၊ အသိဥာဏ်ရဲ့နက်နဲမှုအပေါ်မှာမူတည်ပြီးတော့ ကိုယ့်ဘဝရဲ့အရည်အသွေးဆိုတာ ဖြစ်လာတာပဲ။ ကိုယ့်ဘဝမှာ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ ဖြစ်လာတာပဲ။
🌾🌾🌾
သင်ဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကိုရပြီဆိုရင် သင့်အတွက် အကျိုးဖြစ်ထွန်းစေမှုမရှိတဲ့အတွေးတွေနဲ့ စိတ်ရဲ့တုန့်ပြန်မှုတွေကို အလိုအလျောက်ပယ်လိုက်မယ်။
🌾🌾🌾
လောကကြီးကိုတန်ဖိုးထားဖို့ဆိုတာ ကိုယ့်စိတ်မှာ အေးချမ်းမှုရှိရမယ်။ အေးချမ်းမှုရှိမှ နူးညံ့သိမ်မွေ့မှုဖြစ်လာတယ်၊ နက်နဲမှုရှိလာတယ်။ အေးချမ်းမှုမရှိရင် နူးညံ့သိမ်မွေ့မှု၊ နက်နဲမှုဆိုတာ မဖြစ်တော့ဘူး။
🌾🌾🌾
ကိုယ့်စိတ်ထဲမှာငြိမ်းချမ်းမှုရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို မကျေနပ်မှုမရှိတဲ့သူ၊ ကိုယ်မြတ်နိုးတဲ့အလုပ်ကို လုပ်နေတဲ့သူ၊ ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ ချစ်တဲ့သူဟာ ကိုယ့်ကျန်းမာရေး၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်စိတ်ဓာတ်နဲ့အသိဥာဏ် ထိခိုက်မယ့်ကိစ္စကို ဘယ်တော့မှမလုပ်ဘူး။ လူတွေ ဘာဖြစ်လို့မငြိမ်းချမ်းဘူးလဲမေးရင် အရိုးဆုံးအဖြေက မငြိမ်းချမ်းတာတွေကိုတွေးနေလို့ မငြိမ်းချမ်းတာပါ။ ငါးမိနစ်လောက် မငြိမ်းချမ်းတာတွေကိုမတွေးဘဲနဲ့ နေကြည့်ပါ။ သူ့အလိုလို ငြိမ်းချမ်းသွားမှာပဲ။
🌾🌾🌾
ငြိမ်းချမ်းပြီးတော့ တိတ်နေတဲ့စိတ်၊ သတိအားပြည့်ပြီး ကြည်လင်နိုးကြားနေတဲ့စိတ်၊ လင်းနေတဲ့စိတ်၊ ပေါ့ပါးသန့်ရှင်းနေတဲ့စိတ်ဟာ ရှင်းလင်းတိကျတဲ့အမြင်ကို ဖြစ်ပေါ်စေနိုင်တယ်။ ခဏလေးစိတ်တည်ငြိမ်အေးချမ်းပြီး ပေါ့ပါးတဲ့စိတ်နဲ့နေနိုင်ရင်တောင် စိတ်အားပြည့်လာမယ်၊ စိတ်ချမ်းသာလာမယ်။ နေ့တိုင်း ကြည်လင်အေးချမ်း သန့်ရှင်းပေါ့ပါးတဲ့စိတ်မျိုးနဲ့ ခဏလောက်နေနိုင်ရင် တနေ့တခြား အသိဥာဏ် ပိုပြီးနက်နဲလာမယ်။
🌾🌾🌾
ကိုယ်က စိတ်ကြည်လင်အေးချမ်းပြီးတော့ စိတ်ထားက အဆင့်အတန်းမြင့်နေတဲ့အခါမှာ သူများက ပြောမှားဆိုမှားရှိရင်တောင်မှ ကိုယ်က ပြေပြေလည်လည်ပြန်ပြောလိုက်တယ်။ အဲဒီလိုဆိုရင် ပြဿနာအသေးလေးက အကြီးကြီးဖြစ်မလာဘူး။ ပြဿနာအသေးက ပျောက်သွားတယ်။
🌾🌾🌾
အသိအမြင်ရှင်းဖို့ဆိုတာ စိတ်တည်ငြိမ်မှ၊ စိတ်ချမ်းသာမှ ရမယ်။ စိတ်မတည်ငြိမ်တဲ့သူ စိတ်ဆင်းရဲနေတဲ့လူဟာ အသိအမြင်မရှင်းဘူး။ တည်ငြိမ်မှု၊ အေးချမ်းမှုရှိမှ အမှန်ကိုသိနိုင်တယ်။ စိတ်တည်ငြိမ်အေးချမ်းတဲ့လူဟာ မှတ်ဥာဏ်လည်းပိုကောင်းလာတယ်။ အထူးသဖြင့် ဆက်စပ်ပြီးတော့စဉ်းစားလို့ရတယ်။ ထိုးထွင်းပြီးတော့မြင်တယ်။ မတည်ငြိမ်မအေးချမ်းတဲ့လူဟာ မေ့လွယ်တယ်။ စိတ်တည်ငြိမ်အေးချမ်းရင် ဘာအလုပ်ပဲလုပ်လုပ် အချိန်ကုန်သက်သာတယ်။ လူပင်ပန်းလည်းသက်သာတယ်။ မြန်မြန်ဆန်ဆန် အေးအေးဆေးဆေးပြီးတယ်။ အမှားအယွင်းနည်းတယ်။
🌾🌾🌾
ကိုယ့်ဘဝ အခြေအနေပေးရင်ပေးသလောက် စိတ်အေးချမ်းအောင် အသိဥာဏ်ကောင်းသထက်ကောင်းအောင် ကြိုးစားပြီးလုပ်တဲ့အကျင့်ကို ငယ်ငယ်ထဲက လုပ်သင့်တယ်။ အဲသလို ငယ်ငယ်ထဲကလုပ်ရင် သိပ်အသက်မကြီးသေးခင်မှာပဲ စိတ်နေသဘောထားကော အသိဥာဏ်ကော အများကြီး လေးနက်ရင့်ကျက်သွားလိမ့်မယ်။ တစ်ဘဝက နှစ်ဘဝစာလောက်ဖြစ်သွားလိမ့်မယ်။ ဘဝကိုနေရတာ တကယ်တွက်ခြေကိုက်လာမယ်။
🌾🌾🌾
စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများမကောင်းကြောင်း မပြောဘဲနေတာ ကောင်းတယ်။
🌾🌾🌾
စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ တွေးခေါ်ပုံ အရင်ကနဲ့မတူတော့ဘူး။ တန်ဖိုးထားတာတွေ မတူတော့ဘူး။ အရင်တုန်းက ပစ္စည်းဥစ္စာ၊ အပျော်အပါး၊ ကျော်ကြားမှု၊ ဂုဏ်ပကာသနကို သိပ်မက်တဲ့လူဟာ စိတ်တကယ်ငြိမ်းချမ်းသွားတဲ့အခါမှာ အဲဒါတွေက သိပ်ကလေးဆန်တယ်ဆိုတာ သိလာတယ်။ အဲဒါတွေဟာ အပေါ်ယံပဲဆိုတာကိုလည်း သိတယ်။ အယူအဆမတူတာရှိလာပြီဆိုရင် မျှမျှတတကြည့်တတ်လာတယ်။ ကိုယ့်ဘက်ကော သူ့ဘက်ကော ထောင့်စေ့အောင်ကြည့်ဖို့ သဘောထားကြီးကြီး ထားတတ်လာတယ်။ ကိုယ်လိုသလို တစ်ဖက်သတ်အဓိပ္ပါယ်မကောက်ဘူး။ တစ်ကိုယ်ကောင်းမဆန်ဘူး။ တစ်ဖက်သတ် အနိုင်မယူဘူး။ တစ်ခုခုကြုံကြိုက်လာရင် ချက်ချင်းပြန်ပြီးတော့ မတုံ့ပြန်ဘူး။ သူ့မှာ သတိရှိတယ်၊ ဥာဏ်ရှိတယ်၊ ချင့်ချိန်နိုင်တယ်။ သတိမပါ ဥာဏ်မပါဘဲနဲ့ မြင်တိုင်းကြားတိုင်း စိတ်က အလိုအလျောက်တုံ့ပြန်နေမယ်ဆိုရင်တာ့ လွတ်လပ်တဲ့သူမဟုတ်ဘူး။
🌾🌾🌾
အမြဲတမ်း အပြစ်တင်နေတတ်တဲ့သူရဲ့အနားမှာ ဘယ်သူမှမနေချင်ဘူး။ အမြဲတမ်းမကျေမနပ်ဖြစ်နေရင် ကိုယ့်မှာ ပူလောင်တဲ့စိတ်ဖြစ်ရသလို ပတ်ဝန်းကျင်ကလူတွေကိုလည်း ပူလောင်မှုတွေကူးစက်ပါတယ်။ ငါလည်း သူတစ်ပါးကို လွန်လွန်ကျွံကျွံအပြစ်မတင်တဲ့သူဖြစ်အောင် ပြောချင်နေတဲ့စိတ်ကိုသိအောင် ကြိုးစားမယ်။ ပြောတဲ့အခါလည်း ငါ့အသံနေအသံထားနဲ့ စကားလုံးအသုံးအနှုံးကို သတိထားမယ်ဆိုတဲ့စိတ်ကို ခံယူထားသင့်တယ်။ ငြိမ်းချမ်းတဲ့စိတ်၊ နူးညံ့တဲ့စိတ်နဲ့ တတ်နိုင်သလောက်နေမယ်။ ငြိမ်းချမ်းတာ၊နှုးညံ့တာနဲ့ ပျော့ညံ့တာဟာ မတူဘူးလို့သဘောပေါက်ထားရင် ငြိမ်းချမ်းတာ၊နူးညံ့တာဟာ ခိုင်မာမှုရှိလို့၊ ရင့်ကျက်မှုရှိလို့ဆိုတာကို မြင်လာပါလိမ့်မယ်။
🌾🌾🌾
သတိရှိတဲ့လူ၊ ဥာဏ်ရှိတဲ့လူ၊ စိတ်မှာငြိမ်းချမ်းနေတဲ့လူဟာ မြင်ရ တွေ့ရ ကြားရတဲ့ အတွေ့အကြုံတွေက မိမိရဲ့စိတ်ကို လွန်လွန်ကဲကဲအနှောင့်အယှက်ဖြစ်သွားအောင် ခွင့်မပြုဘူး။ အဲဒီတော့ ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီဆိုရင် ကိုယ့်ကိုယ်ကိုပြန်သတိပေးပါ။ ငါ ဖြစ်ခွင့်ပြုလိုက်ပြီ။
🌾🌾🌾
တကယ်လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်ကိုလိုချင်ရင် စိတ်ကို ငြိမ်းချမ်းအောင်ထားရမယ်။ မဖြစ်စလောက်ကိစ္စနဲ့ စိတ်ပင်ပန်းအောင် မလုပ်သင့်ဘူး။ မဖြစ်စလောက်ကိစ္စနဲ့ ကိုယ်ပင်ပန်းနွမ်းနယ်အောင် မလုပ်သင့်ဘူး။ မသွားသင့်တဲ့အပိုခရီးတွေ၊ မကြည့်သင့်တဲ့အပိုကိစ္စတွေ၊ မပြောသင့်တဲ့အပိုစကားတွေ၊ နားမထောင်သင့်တဲ့အပိုစကားတွေကိုလည်း နားမထောင်သင့်ဘူး။ အပိုတွေမှန်သမျှ လျှော့ရမှာပဲ။ ကိုယ့်ရဲ့အချိန်နဲ့အင်အားကို ချွေတာသင့်တယ်။
🌾🌾🌾
မိဘတွေကိုယ်တိုင်က တရားကို ကြိုးကြိုးစားစားကျင့်ကြံအားထုတ်ထားပြီးတော့ ကိုယ်တိုင်က ငြိမ်းချမ်းတဲ့စိတ်ကိုရတဲ့သူဖြစ်မှ ကိုယ့်သားသမီးတွေကို ငြိမ်းချမ်းတဲ့စိတ်ကိုရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ တဖြည်းဖြည်းသင်ပေးနိုင်တယ်။ ဆရာ၊ ဆရာမတွေလည်းပဲ ငြိမ်းချမ်းတဲ့စိတ်ကို ကိုယ်တိုင်ရအောင်ကျင့်ကြံထားပြီး တပည့်တွေကို သင်ပြပေးသင့်တယ်။ ဒါမှသာ ကလေးတွေကို ဘဝမှာတကယ်အကျိုးများတဲ့ပညာကို သင်ပေးရာရောက်တယ်။ ငြိမ်းချမ်းတဲ့စိတ်ကိုရအောင် လုပ်လာတဲ့ကလေးဟာ မိုက်မိုက်မဲမဲ မစဉ်းစားမဆင်ခြင်ပဲ ဘာကိုမှ လုပ်မှာမဟုတ်တော့ဘူး။
🌾🌾🌾
လောကီကိစ္စတွေကို အရေးကြီးတယ်ထင်ပြီးတော့ အဲဒီထဲမှာပဲ အချိန်တွေအများကြီး ကုန်ကုန်သွားနေကြတာပဲ။ တရားအားထုတ်ဖို့ အချိန်မပေးနိုင်ကြဘူး။ လောကီကိစ္စတွေ အဆင်ပြေနေတုန်းမှာလည်းပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို အေးချမ်းအောင်၊ သက်သာအောင် ထားရမယ်။ ဒီလို အေးချမ်းအောင်၊ သက်သာအောင်ထားတဲ့အလေ့အကျင့်ကို မလုပ်လာတဲ့လူဟာ အကြီးအကျယ်ဒုက္ခရောက်တဲ့အခါကျရင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတတ်တယ်။
🌾🌾🌾
စိတ်ငြိမ်းချမ်းအောင် နေ့စဉ်လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်မငြိမ်းချမ်းအောင်လုပ်နေတဲ့အရာတွေက ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်ရှိနေလို့ပါ။ လုပ်တတ်ရင် အချိန်တိုင်းဟာ တရားအားထုတ်တဲ့အချိန်ပါ။ နေတတ်ရင် နေရာတိုင်းဟာ တရားအားထုတ်တဲ့နေရာပါ။ ဘယ်အချိန်ကျမှ၊ ဘယ်နေရာကျမှလို့ အချိန်ရွှေ့နေဖို့၊ နေရာရွေးနေဖို့ မလိုပါဘူး။ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေ၊ ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။ ကိုယ့်သားသမီးတွေကို တရားအမွေ ပေးပါ။💫💫
💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃
Share:

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support