Monday, 17 April 2017

◇ စိတ်ဓာတ်နဲ့လုပ်ရပ် မြင့်မြတ်ဖို့သာ အဓိကပဲ ◇ ———————————————————

Image may contain: 3 people, flower
 ဆရာ​တော်​ အရှင်​ဆန္ဒာဓိက
ဗြဟ္မစိုရ်​တရား ၄ ပါး
*********************
◆ ဗြဟ္မစိုရ်တရားလေးပါးထဲမှာ ထိပ်ဆုံးက အဓိကအနေနဲ့ထားတာ မေတ္တာဖြစ်တဲ့အတွက်ကြောင့် မေတ္တာဆိုတာကလည်း လူမျိုးမရွေး ဘာသာမရွေးအပေါ်မှာထားရမယ်။
◆ အမြဲတမ်း မေတ္တာနဲ့ယှဉ်တဲ့ စိတ်နဲ့နေရမယ်။ အဲဒါကို ဗြဟ္မစိုရ်လို့ခေါ်တယ်။ မြင့်မြတ်တဲ့စိတ်ထားပေါ့။
◆ ဦးဇင်းတို့ ကိုးကွယ်နေတဲ့ မြတ်စွာဘုရားတောင် ကိုယ့်နိုင်ငံမှာပွင့်တဲ့ ဘုရားမဟုတ်ဘူး။ ကိုယ့်မြန်မာလူမျိုးလည်း မဟုတ်ဘူး။ တစ်နည်းပြောမယ်ဆိုရင် ဘာသာခြားလို့ပြောလို့ရတယ်။
◆ ဘုရားပွင့်မှန်း မသိခင်က ကိုယ်က တခြားဘာသာဝင်ဖြစ်နေတာလေ။ ကိုယ်က ဘာသာခြားဖြစ်တဲ့ဘုရားကို ကိုးကွယ်ပြီး နောက်မှသာ ကိုယ်က အဲဒီ ဘာသာဝင်ဖြစ်သွားတာ။ မြတ်စွာဘုရားကိုယ်တိုင် နဂိုက ကိုယ်နဲ့ဘာသာလည်း မတူဘူး။ လူမျိုးလည်း မတူဘူး။
◆ ဒါပေမဲ့ မြတ်စွာဘုရားက တစ်လောကလုံးမှာ မေတ္တာ၊ ကရုဏာလည်း အထွတ်အထိပ်ပြည့်စုံတယ်။
◆ အသိဥာဏ်ပညာလည်း အထွတ်အထိပ်ပြည့်စုံတယ်။ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရင် ကိုယ်လည်း ချမ်းသာတယ်။ အများလည်း ချမ်းသာတယ်။
◆ ကိုယ့်အတွက် သံသရာလွတ်မြောက်ရေးလည်း ဖြစ်စေတယ် ဆိုပြီး ဘုရားကို ကိုးကွယ်ကြတာ။
◆ ကိုယ့်နိုင်ငံက မဟုတ်လို့၊ ကိုယ့်လူမျိုး မဟုတ်လို့ မကိုးကွယ်ဘူးဆိုပြီး နေလို့မရဘူး။ မြတ်စွာဘုရားက ကိုယ့်လူမျိုး မဟုတ်ပေမယ့်လည်း အထွတ်အမြတ်ထားပြီး ကိုးကွယ်နေကြရတာပဲ။
◆ ကိုယ်ကိုယ်တိုင် မြင့်မြတ်တဲ့လူဖြစ်ဖို့ မဖြစ်ဖို့ရော၊ သူတစ်ပါး မြင့်မြတ်တယ်၊ မမြင့်မြတ်ဘူးသတ်မှတ်ဖို့ရော အဓိကက စိတ်ဓာတ်နဲ့ လုပ်ရပ်က အဓိကပဲ။
◆ ကိုယ်နဲ့ဘာသာချင်းတူတဲ့လူမှမြင့်မြတ်တယ်လို့ ပြောလို့မရဘူး။ ကိုယ်နဲ့ဘာသာချင်းမတူပေမယ့်လည်း မြင့်မြတ်နိုင်တာပဲ။
◆ အဲဒီတော့ ဗုဒ္ဓဘာသာဝင်မှ မြင့်မြတ်တယ်၊ တခြားဘာသာဝင်က မမြင့်မြတ်ဘူး လို့ ပြောလို့မရဘူး။ဗုဒ္ဓဘာသာဝင် ဖြစ်နေပေမယ့် မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်း မလိုက်နာဘဲ စိတ်ဓာတ်နဲ့လုပ်ရပ်က ယုတ်ညံ့နေမယ် ဆိုရင် မြင့်မြတ်တဲ့လူမဖြစ်နိုင်ဘူး။
◆ ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် စိတ်ဓာတ်နဲ့ လုပ်ရပ်က မြင့်မြတ်တယ်ဆိုရင် အဲဒီလူက မြင့်မြတ်တဲ့လူဖြစ်သွားတာပဲ။
◆ ဗုဒ္ဓဘာသာဝင်ဆိုတာကလည်း ဘုရားပွင့်မှသာ ဗုဒ္ဓဘာသာဝင် ဆိုပြီး ဖြစ်လာတာပါ။ ဗုဒ္ဓဆိုတာရှိလို့ ဗုဒ္ဓဘာသာဆိုပြီးပြောလို့ရတာ။ ဗုဒ္ဓဆိုတာကလည်း လောကကြီးမှာ တစ်ခါတစ်ရံမှသာပွင့်တာပါ။
◆ ဘုရားဟောထားတာပဲလေ။ တစ်ညလုံး မှောင်မည်းနေတဲ့အချိန်မှာ လျှပ်စီးလေးတစ်ချက် လက်လိုက်သလိုမျိုးပဲ။ တစ်ညလုံး မှောင်မည်းနေတဲ့ အချိန်မှာ လျှပ်စီးလက်တာက ခဏလေး၊ စက္ကန့်ပိုင်းလေးပဲလေ။
◆ အဲလိုပဲ လောကကြီးမှာ ဘုရားပွင့်တဲ့အချိန်နဲ့ ဘုရားမပွင့်တဲ့အချိန်ဆိုတာ အဲလောက်တောင်ကွာပါတယ်။ ဘုရားမပွင့်တဲ့အချိန်က တစ်ညလုံး မှောင်မည်းနေတဲ့ အချိန်နဲ့တူပြီး ဘုရားပွင့်တဲ့အချိန်ဆိုတာ စက္ကန့်ပိုင်းလေး လျှပ်စီးလေး တစ်ချက်လက်သလောက်ပဲရှိတယ်။
◆ မြတ်စွာဘုရားလည်း ဘုရားလောင်းအဖြစ်နဲ့သာ ပါရမီဖြည့်ခဲ့တယ်။ဗုဒ္ဓဘာသာဝင်အနေနဲ့ ပါရမီဖြည့်ခဲ့တာ မဟုတ်ဘူးလေ။ စိတ်ဓာတ်ကောင်းတဲ့သူ၊ လုပ်ရပ်ကောင်းတဲ့သူတစ်ယောက်အဖြစ်နဲ့ပဲ ပါရမီဖြည့်ခဲ့တာ။
◆ ဗုဒ္ဓမှမရှိဘဲနဲ့ဗုဒ္ဓဘာသာဝင်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အင်္ဂါရပ်နဲ့တော့ ပြည့်စုံတာပေါ့။
◆ ကံ၊ ကံရဲ့အကျိုးကို ယုံကြည်တဲ့ပုဂ်္ဂိုလ်တစ်ယောက်အဖြစ်နဲ့ပဲ ပါရမီဖြည့်ခဲ့တယ်။ အဲဒီတော့ ဘာဘာသာဝင်၊ ညာဘာသာဝင်ဆိုတာ အဓိကမဟုတ်ဘူး။ စိတ်ဓာတ်နဲ့ လုပ်ရပ်ကောင်းဖို့သာ အဓိကပဲ။ စိတ်ဓာတ်နဲ့လုပ်ရပ် မြင့်မြတ်ဖို့ သာ အဓိကပဲ။
**************************************
Q. ဗြဟ္မစိုရ်တရားအကြောင်းကို လူငယ်တွေ နားလည်လွယ်အောင် ရှင်းပြပေးတော်မူပါဘုရား။
A. ဗြဟ္မစိုရ်တရားဆိုတာ ဗြဟ္မစရိယတရားပါ။ ဗြဟ္မစိုရ်မှာ ဗြဟ္မကတော့ ပါပြီးသား၊ စရိယကနေ စိုရ်ဖြစ်သွားတာ။ ဗြဟ္မဆိုတာက မြင့်မြတ်သော၊ စရိယဆိုတာက အကျင့်၊ အဲဒီတော့ မြင့်မြတ်သော အကျင့်တရားလို့ အဓိပ္ပာယ်ရတယ်။ တစ်နည်းပြောမယ်ဆိုရင် မြင့်မြတ်သူတို့ရဲ့ အကျင့်တရားပါ။ လိုရင်းတိုရှင်းပြောမယ်ဆိုရင် မြင့်မြတ်သူတို့ရဲ့ စိတ်နေစိတ်ထား၊ မြင့်မြတ်သူတို့ရဲ့ အကျင့်စရိုက်၊ မြင့်မြတ်သူတို့ရဲ့သဘောတရားကို ဗြဟ္မစိုရ်တရားလို့ ခေါ်ပါတယ်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုပြီး ဗြဟ္မစိုရ်တရားလေးပါး ရှိတယ်။ မေတ္တာဆိုတာ တစ်ဖက်သားရဲ့ကောင်းကျိုးကို လိုလားတဲ့သဘော၊ တစ်ဖက်သားရဲ့ကောင်းကျိုးကို ဆောင်ရွက်ပေးတဲ့သဘော၊ တစ်ဖက်သားရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့သဘောကို ဆိုလိုတာပါ။ ကရုဏာဆိုတာ တစ်ဖက်သားကို သနားတဲ့သဘော၊ ကြင်နာတဲ့ သဘော၊ ညှာတာတဲ့သဘော၊ ထောက်ထားတဲ့သဘောကို ဆိုလိုတာပါ။ မုဒိတာဆိုတာက တစ်ဖက်သားရဲ့ ပြည့်စုံမှုအပေါ် ၀မ်းသာတဲ့သဘော၊ ၀မ်းမြောက်တဲ့သဘော၊ ကျေနပ်တဲ့သဘော၊ အားရတဲ့သဘော၊ လက်ခံတဲ့သဘောကို ဆိုလိုတာပါ။ ဥပေက္ခာဆိုတာကတော့ တစ်ဖက်သားရဲ့ ကိုယ့်အပေါ်မကောင်းတဲ့ အပြစ်အနာအဆာတွေကို လျစ်လျူရှုနိုင်တဲ့သဘောကို ဆိုလိုတာပါ။ ကိုယ့်အပေါ်မှာ မကောင်းတာတွေ၊ ကိုယ့်အပေါ် မကောင်းကြံတာတွေ၊ ကိုယ့်အကျိုး ပျက်စီးရာပျက်စီးကြောင်း လုပ်တာတွေကို သည်းခံနိုင်တဲ့သဘော၊ ခွင့်လွှတ်နိုင်တဲ့သဘော၊ လက်ခံနိုင်တဲ့ သဘောကို ဥပေက္ခာလို့ ခေါ်တာပါ။ တစ်နည်းပြောမယ်ဆိုရင် ကံ၊ ကံရဲ့အကျိုးကို ဆင်ခြင်တဲ့သဘောပါ။ သတ္တ၀ါတွေ ကောင်းတာဖြစ်နေကြတာကလည်း ကောင်းတဲ့ကံကြောင့်၊ ဆိုးတာဖြစ်နေကြတာကလည်း ဆိုးတဲ့ကံကြောင့်ဖြစ်နေတာ။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးကို ရလိမ့်မယ်၊ ဆိုးတာလုပ်ရင် ဆိုးတဲ့အကျိုးကို ရလိမ့်မယ်။ ကိုယ့်ကံအတိုင်း
ကိုယ့်အကျိုးပေးနေကြမှာပဲလို့ ဆင်ခြင်နှလုံးသွင်းနိုင်တဲ့သဘောကို ဥပေက္ခာလို့ခေါ်ပါတယ်။
ဗြဟ္မစိုရ်တရားဆိုတာ မြင့်မြတ်သူတို့ရဲ့အကျင့်တရားဖြစ်တဲ့အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဒီတရားလေးပါးနဲ့ ပြည့်စုံတဲ့သူသာ မြင့်မြတ်တဲ့လူဖြစ်တယ်။ များများပြည့်စုံလေ များများမြင့်မြတ်လေပဲ။ အပြည့်စုံဆုံးဖြစ်လေ အမြင့်မြတ်ဆုံးဖြစ်လေပါ။ ဗြဟ္မစိုရ်တရားလေးပါး ခေါင်းပါးတဲ့လူဟာ မြင့်မြတ်တဲ့လူမဟုတ်ဘူး။ ယုတ်ညံ့တဲ့လူဖြစ်တယ်။ မသိမသာခေါင်းပါးရင် မသိမသာယုတ်ညံ့တဲ့လူဖြစ်မယ်။ သိသိသာသာကြီးကို ခေါင်းပါးရင်၊ ဘေးလူကတောင် ဒီလူက တော်တော်မေတ္တာတရား နည်းတာပဲ၊ တော်တော်ကရုဏာတရားနည်းတာပဲဆိုပြီး မှတ်ချက်ချရလောက်အောင် ဒီတရားလေးပါး ခေါင်းပါးနေရင်တော့ အင်မတန်မှကို ယုတ်ညံ့တဲ့လူလို့ ပြောရမှာပါ။ အဆိုးရွားဆုံးခေါင်းပါးရင် အယုတ်ညံ့ဆုံး လူဖြစ်မယ်။ အဲဒါကြောင့် ဗြဟ္မစိုရ်တရားလေးပါးနဲ့ပြည့်စုံအောင် ကြိုးစားအားထုတ်ကြဖို့ လိုပါတယ်။
Photo - Nay Chy
(Eternal Light Magazine, August 2013 တွင် ဖော်ပြခဲ့သည့် " ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) မိန့်ကြားသော ဗြဟ္မစိုရ်တရားအကြောင်း " အင်တာဗျူးဆောင်းပါးမှ ပြန်လည်ကောက်နုတ်ဖော်ပြသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)
credit # ဓမ္မ ​ရေချမ်းစင်
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support