မြတ်စွာဘုရားက အကုသိုလ်နဲ့ ပတ်သက်ပြီးတော့ လာဘ၊ ဒေါသ၊ မောဟ
ဒီသုံးမျိုးကို ရှင်းပြထားပါတယ်။ လောဘက လွှမ်းမိုးထားမယ်၊ ဒေါသတွေ
လွှမ်းမိုးနေယ်၊ မောဟတွေ လွှမ်းမိုးနေတယ်။လောဘ လွှမ်းမိုးတဲ့အခါမှာ
လိုချင်စိတ်တွေများပြီးတော့ သူများအသက် သတ်ချင်လည်း သတ်မယ်၊ သူများဥစ္စာ
ခိုးချင်လည်း ခိုးမယ်၊ သူတစ်ပါး သားမယား စော်ကားချင်
စော်ကားမယ်၊လိမ်ပြောချင်လည်း ပြောမယ်၊ သူများကိုလည်းပဲ ဒီအလုပ်တွေလုပ်ဖို့
တိုက်တွန်းချင် တိုက်တွန်းမယ်၊ မကောင်းတဲ့ အလုပ်တွေဘက်ကို လောဘ
လွှမ်းမိုးလာတဲ့ လူတစ်ယောက်ဟာ ဦးလှည့်သွားတတ်ပါတယ်။
ဒေါသလွှမ်းမိုးခြင်းခံရတဲ့ ပုဂ္ဂိုလ်ဟာလည်း ထို့အတူပဲ၊ ဒီ ဒုစရိုက်တွေဘက်ကို
ဦးလှည့်သွားပါတယ်။ မောဟဆိုတာကတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာမသိပါ၊
မသိသည့်အတွက်ကြောင့် မလုပ်သင့်တာကို လုပ်သင့်တယ်လို့ ထင်တယ်၊ လုပ်သင့်တာကို
မလုပ်သင့်ဘူးလို့ ထင်တယ်ဆိုတဲ့ မောဟ လွှမ်းမိုးခြင်းခံရတဲ့ ပုဂ္ဂိုလ်ဟာလည်း
ဒီအတိုင်းပါပဲ၊ ဒုစရိုက်တွေဘက်ကို ဦးလှည့်သွားပါတယ်။ အဲဒါဆိုရင်
ကိုယ့်ဟာကိုယ် ဆင်ခြင်ဆုံးဖြတ်ကြည့်ရပါမယ်။
ဆင်ခြင်သုံးသပ်ကြည့်လိုက်တဲ့အခါမှာ ဒီအလုပ်တွေက မကောင်းဘူးဆိုတာကို
သိရပါမယ်။
လောဘ၊ ဒေါသ၊ မောဟ ရှိနေရင် လောဘ၊ ဒေါသ၊ မောဟ
အကြောင်းပြုပြီး ပါဏာတိပါတ လုပ်မိတယ်။ ခြင်ကလေးတစ်ကောင်
ကိုယ့်ကိုက်လာလို့ရှိရင် ဒေါသနဲ့ ရိုက်လိုက်တာမျိုးပါ။ လောဘ ဖြစ်ရင်လည်း
မကောင်းတဲ့အလုပ် လုပ်မိပါတယ်။ ဒေါသဖြစ်ရင်လည်း မကောင်းတဲ့အလုပ်လုပ်မိပါတယ်။
မောဟ လုပ်ကောင်းတယ်၊ မလုပ်ကောင်းဘူး မသိသည့်အတွက်ကြောင့်လည်း လုပ်မိပါတယ်။
ဒီအလုပ်တွေက မကောင်းဘူးဆိုတာ သိရပါမယ်။
ထို့အတူပဲ
ကုသိုလ်ဘက်က ကြည့်မယ်ဆိုရင် အလောဘ၊ အဒေါသ၊ အမောဟ၊ အလောဘ ရှိရင်
ဒါနကောင်းမှုတွေ လုပ်တယ်၊ အဒေါသ (မေတ္တာ) ရှိလို့ရှိရင် လူမှုကူညီရေးတွေ
လုပ်တယ်၊ အမောဟ ရှိလာလို့ရှိရင် အရာရာ
ဆင်ခြင်တိုင်းထွာပြီးလုပ်တယ်၊ပါဏာတိပါတက ရှောင်တယ်၊ အဒိန္နာဒါန၊
ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ ဒါတွေလည်း ရှောင်တယ်၊ သူများကိုလည်း
မကောင်းတဲ့ဘက်က မတိုက်တွန်းဘူး၊ ဟော--ဒုစရိုက်တွေဘက်က ရှောင်တယ်။
ရှောင်သည့်အတွက်ကြောင့် အပြစ်ကင်းတယ်၊ ပညာရှိတွေက ချီးမွမ်းတယ်၊ ဘ၀မှာ
အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့အကျိုး ဝေဖန်သုံးသပ်ပြီးတော့ မကောင်းတာဆိုရင်
စွန့်၊ ကောင်းတာဆိုရင် လက်ခံ ကျင့်သုံးရပါမယ်။ ဒီလိုဆိုရင် ဘ၀မှာ
တစ်ဦးတစ်ယောက် အတွက်တော့ ပြည့်စုံသွားပြီ ဖြစ်ပါတယ်။
သို့သော်
လူဆိုတာဟာ ကိုယ်တစ်ယောက်တည်းကောင်းလို့ မရသေးပါ။ လူဆိုတာ ပတ်ဝန်းကျင်
အပေါင်းအသင်းနဲ့နေတာ ဖြစ်ပါတယ်။ အပေါင်းအသင်းနဲ့နေရင် ဘယ်လို
နေရမလဲဆိုတာကို မြတ်စွာဘုရားက အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ သဘာဝတရားတွေ
သူ့မှာရှိလာရင် သူက လောဘလည်း ကင်းနေတယ်၊ ဒေါသလည်း နည်းတယ်၊ တွေဝေမှုလည်း
မရှိဘူး၊ အသိဉာဏ်တွေ၊ စဉ်းစားဉာဏ်တွေ ရှိလာပါတယ်။
သူ့စိတ်နေသဘောထားတွေဟာ မြင့်မြတ်လာတယ်၊ အများရဲ့အကျိုးကို လိုလားတယ်ဆိုတဲ့
မေတ္တာစိတ် ၀င်လာတယ်၊ မေတ္တာနဲ့ နေတတ်လာတယ်၊ ကောင်းတဲ့ဘက်
ရွေးချယ်လိုက်တဲ့အခါ ငါ့ရဲ့ ပတ်ဝန်းကျင်ကလူတွေ ကောင်းကျိုး ချမ်းသာတွေ
ရကြပါစေ၊ အဆင်ပြေကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေနဲ့
မေတ္တာစိတ် ထားတတ်လာပါတယ်၊ အကျိုးစီးပွားကို လိုလားလာပါတယ်။
နိမ့်ကျပြီး ဆင်းရဲဒုက္ခရောက်နေတဲ့၊ အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေလည်း
အဆင်ပြေကြပါစေ၊ ကရုဏာ ထားတတ်လာပါတယ်၊ အောင်မြင်ကြီးပွားသွားတဲ့ ပုဂ္ဂိုလ်
အောင်မြင်မှုတွေ ဆက်လက် ရရှိကြပါစေလို့ မုဒိတာပွားနိုင်တယ်။ ဒါတင်မကဘူး၊
အားလုံးအပေါ်မှာ လူဆိုတာ ကိုယ့်ကံနဲ့ကိုယ်လာတာ ဖြစ်သောကြောင့် တွယ်တာမှု
ဆိုတဲ့ ရှုထောင့်ကနေ မကြည့်ဘဲနဲ့ ကံတရားဆိုတဲ့ ရှုထောင့်ကနေကြည့်ပြီး
လူတွေကို ကူညီစောင့်ရှောက် လာတတ်ပါတယ်၊ ဥပေက္ခာတရားတွေ ဖြစ်ပေါ်လာပါတယ်။
ဥပေက္ခာဆိုတာ ဂရုမစိုက်ဘဲနဲ့ ပစ်ထားတာမျိုး မဟုတ်ပါ။ စိတ်ဓာတ်အနေနဲ့
တည်ငြိမ်တာကို ခေါ်ပါတယ်။ ဥပေက္ခာဆိုတာ သြော် --သူလည်း သူ့ကံနဲ့သူ လာတာ၊
ငါလည်း ငါ့ကံနဲ့ငါ လာတာပါ၊ကောင်းကျိုးချမ်းသာရအောင် ကိုယ်က
ဦးတည့်ပေးရပါမယ်၊ လုပ်ပေးရပါမယ်၊ ဒါက- ကိုယ့်တာဝန် လုပ်ပေးတာပါ။ သို့သော်
လုပ်ပေးတာကို မရကောင်းလားဆိုပြီး ဒေါသဖြစ်နေရင် ဒါ-
ဥပေက္ခာမထားနိုင်တဲ့သူလို့ ဆိုလိုပါတယ်။
အဲဒီတော့ ဥပေက္ခာဆိုတာ
ကံတရားကို ဆင်ခြင်သုံးသပ်ပြီး စိတ်ကိုတည်ငြိမ်အောင်၊ အစွန်းမရောက်အောင်
ထားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဒီလေးခုနဲ့
နေလိုက်လို့ရှိရင် အားလုံး အဆင်ပြေမှာဖြစ်တယ်။ အားလုံးအပေါ်မှာ ခြုံငုံပြီး
မေတ္တာထား၊ မုဒိတာထား၊ အားလုံးကိုတစ်ခါ ခြုံငုံပြီးတော့
သံယောဇဉ်ဖြစ်ခြင်းဆိုတာ မဖြစ်စေဘဲနဲ့ အားလုံးဟာ သူ့ကံနဲ့သူ လာကြတာဆိုတဲ့
အတွေးအခေါ်နဲ့ ဥပေက္ခာထား။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဒီတရားတွေဟာ
သတ္တ၀ါတွေ အားလုံးအပေါ်မှာ ထားနိုင်ပြီဆိုလို့ရှိရင် ကိုယ့်အတွက်လည်း
လုံလောက်တယ်၊ အားလုံးပတ်ဝန်းကျင်အတွက်လည်း လုံလောက် သွားပါတယ်။
လုံလောက်တယ်၊ အားလုံးပတ်ဝန်းကျင်အတွက်လည်း လုံလောက် သွားပါတယ်။
ဆိုလိုတာက လောဘ၊ ဒေါသ၊ မောဟတွေ ဖယ်ရှားပြီး အလောဘ၊ အဒေါသ၊ အမောဟတွေ
ဦးစီးပြီးတော့ လုပ်ဆောင်သွားပြီ ဆိုလို့ရှိရင် တစ်ကိုယ်ရည် တစ်ကာယအတွက်
လုံလောက်လို့ စိတ်ဖြူစင်သွားပါပြီ။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
ထားနိုင်ပြီ ဆိုလို့ရှိရင် အများကောင်းကျိုးအတွက် ဖြစ်စေပြီး ဘ၀မှာ
ကိုယ့်အကျိုး သူ့အကျိုး နှစ်မျိုး ပြည့်စုံသွားပါပြီ ဆိုတာ
နားလည်သဘောပေါက်ကြပြီး ကျင့်ကြံအားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
*ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
*ကာလာမသုတ်အနှစ်ချုပ် တရားတော်
*ကာလာမသုတ်အနှစ်ချုပ် တရားတော်
0 comments:
Post a Comment