Saturday, 22 April 2017

သတ္တိ _ ယုံကြည်​ချက်​ ****************

Image may contain: text
ကိုယ်တန်ဖိုးထားတာတခုကိုရွေးချယ်လိုက်ပြီး၊ အဲဒါကို ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းက တန်ဖိုးမထားဘူး၊ အထင်မကြီးဘူးဆိုပါတော့။ အဲဒီလိုဆိုရင် ရွေးချယ်ရဲတဲ့သတ္တိရှိရဲ့လား။
ကိုယ့်လမ်းကိုယ်မရွေးဘဲနဲ့ သူများနောက်ကိုယောင်ယောင်မှားမှားနဲ့ ရောပြီးတော့လိုက်တဲ့သူဟာ သတ္တိမရှိဘူး။ သူများနောက်ကိုမလိုက်ဘဲနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ့်လမ်းကိုကိုယ်ရွေးတဲ့သူဟာ အကြီးမားဆုံးသတ္တိရှိတဲ့သူပဲ။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဥာဏ်နဲ့ကိုယ်သိပြီးတော့ ကိုယ်မှန်တယ်ထင်တာကို လွတ်လွတ်လပ်လပ်ရွေးချယ်ပြီး တာဝန်သိသိမလုပ်နိုင်သေးသ၍ ဒီလူကတကယ်အင်အားရှိတဲ့လူ၊ တကယ်သတ္တိရှိတဲ့လူ၊ တကယ်အသက်ဝင်နေတဲ့လူ၊ တကယ်ဖွံ့ဖြိုးတဲ့လူတယောက် ဖြစ်မလာသေးဘူး။
ပတ်ဝန်းကျင်နဲ့ကိုယ်နဲ့ အယူအဆမတူတဲ့အခါ၊ ကိုယ့်မိသားစုနဲ့ကိုယ်နဲ့ကိုပဲ အယူအဆမတူတဲ့အခါမှာ ကိုယ့်ကိုဝိုင်းပယ်လိုက်ကြမှာ အင်မတန်ကြောက်တယ်။ သူတို့နဲ့ကိုယ်နဲ့ အယူအဆမတူတာ၊ ခံယူချက်မတူတာဟာ သူတို့ကိုမလေးစားတာမဟုတ်ဘူး။ ကျေးဇူးကန်းတာမဟုတ်ဘူးဆိုတာကို နားလည်အောင်ပြောပြီး ရန်မလုပ်ပဲနဲ့၊ စိတ်မဆိုးပဲနဲ့၊ ကြောက်ပြီးတော့လိုက်လျှောတာလည်းမဖြစ်ပဲနဲ့၊ ကိုယ့်ရဲ့ပင်ကိုယ်ဥာဏ်ကိုအဆုံးရှုံးမခံပဲနဲ့ အဆင်ပြေအောင်ဘယ်လိုလုပ်နေသွားရမလဲဆိုတာ တော်တော်ကိုဥာဏ်ကြီးကြီးနဲ့ တော်တော်ကိုသတ္တိရှိရှိ စဉ်းစားရမယ့်ကိစ္စဖြစ်တယ်။
ကိုယ့်ကိုယ်ကိုပြန်ပြီးဘယ်လိုသဘောထားမလဲ၊ ကိုယ့်ကိုယ်ကိုပြန်ပြီးဘယ်လိုဆက်ဆံရမလဲ၊ "ငါ ဘယ်လိုလူလဲ” ဆိုတဲ့မေးခွန်းကိုမေးမယ်ဆိုရင်တောင်မှ သတ္တိတော်တော်လိုတယ်။ "ငါ တကယ်ရိုးသားတဲ့သူဟုတ်ရဲ့လား” ဆိုတဲ့မေးခွန်းကို မေးကြည့်စမ်းပါ။ သတ္တိဘယ်လောက်လိုလဲဆိုတာ ရိပ်မိမယ်၊၊ ပြီးတော့ "ငါဟာ ဘယ်လောက်ထိအောင်ကောင်းတဲ့လူတယောက်ဖြစ်လာနိုင်သလဲ၊ ဘယ်လောက်ထိအောင်စိတ်ထားနူးညံ့တဲ့ အေးချမ်းတဲ့ မြင့်မြတ်တဲ့လူတယောက်ဖြစ်လာနိုင်သလဲ” ဆိုတဲ့မေးခွန်းမျိုးကို မေးကြည့်စမ်းပါ။ သတ္တိဘယ်လောက်လိုမလဲလို့၊၊ အဲဒီလို ကိုယ့်ကိုယ်ကိုပြန်ရင်ဆိုင်ရတဲ့အခါမှာရှိရမဲ့သတ္တိမျိုးကို မွေးသွားနိုင်ပြီဆိုရင် အပြင်မှာရှိနေတဲ့အခက်အခဲတွေကိုရင်ဆိုင်ရတဲ့အခါမှာ ပိုပြီးတော့ကြီးမားတဲ့ တည်ငြိမ်မှုအေးချမ်းမှုရှိတဲ့စိတ်နဲ့ ရင်ဆိုင်သွားမှာဧကန်မုချပဲ။ ဒါကြောင့် အပြင်မှာရှိနေတာကိုရင်ဆိုင်ဖို့ထက် ကိုယ့်စိတ်ထဲမှာရှိနေတာကိုရင်ဆိုင်ဖို့က သတ္တိပိုပြီးလိုအပ်ပါတယ်ဆိုတာကို နားလည်ဖို့လိုတယ်။
သူ့ဆီကဘာမှပြန်မမျှော်လင့်ဘဲနဲ့ ကိုယ်ပေးနိုင်တာကိုမေတ္တာနဲ့ပေးနိုင်ဖို့ သတ္တိလိုပါတယ်။ ငါ့ကိုပြန်ချစ်မှာလားဆိုတဲ့မျှော်လင့်ချက်မျိုးမထားဘဲ ကိုယ်ကလှိုက်လှိုက်လှဲလှဲချစ်နိုင်ဖို့ သတ္တိလိုတယ်။ သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာ သူ့ကိုနေရာပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာသူ့အတွက်နေရာပေးနိုင်ဖို့ သတ္တိလိုတယ်၊၊ အရှုံးအမြတ်မတွက်ပဲချစ်နိုင်ဖို့ သတ္တိလိုတယ်။ အနိုင်အရှုံးမရှိပဲချစ်နိုင်ဖို့ သတ္တိလိုတယ်။ ပွင့်ပွင့်လင်းလင်းဆက်ဆံနိုင်ဖို့ သတ္တိလိုတယ်။ ရာနှုံးပြည့်ရိုးသားတဲ့စိတ်နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကိုပေးနိုင်ဖို့ သတ္တိလိုတယ်။ တကယ်သတ္တိရှိမှ ချစ်နိုင်တယ်။ ကိုယ့်ရင်ထဲကဖြစ်ပေါ်လာတဲ့ရိုးသားတဲ့စိတ်နဲ့၊ ကိုယ့်အသိဥာဏ်နဲ့ကိုယ်မြင်ထားတာ၊သိထားတာကို ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့ သတ္တိလိုတယ်။ ဆန့်ကျင်ဘက်ပြောဖို့သတ္တိလိုတယ်လို့ ပြောနေတာမဟုတ်ဘူး။ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့ ရေးနိုင်ဖို့ကိုပဲ သတ္တိလိုတယ်။
ပိုပြီးတော့ကောင်းတဲ့လူ့အသိုင်းအဝိုင်းဖြစ်လာဖို့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ကြိုးစားရတာ သတ္တိလိုပါတယ်။ ရိုးသားမှုရှိဖို့ဆိုတာ သတ္တိအင်မတန်လိုပါတယ်။ ကိုယ်ကျင့်တရားရှိဖို့ဆိုတာလည်း သတ္တိအင်မတန်လိုပါတယ်။ တရားမျှတတဲ့နည်းနဲ့ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးကို ရဖို့ကြိုးစားတာ၊ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးတခု ရထားတာကိုဆုံးရှုံးမသွားဖို့၊ တရားမျှတတဲ့နည်းနဲ့ ပြတ်ပြတ်သားသားကာကွယ်တာ၊ထိန်းသိမ်းတာဟာလည်း သတ္တိပါဘဲ။
တခုခုကိုဖန်တီးဖို့ တီထွင်ဖို့ သတ္တိလိုတယ်။ ကိုယ့်မှာရှိတဲ့အရည်အချင်းလေးတွေကို ကြီးထွားလာအောင်လုပ်တာ၊ ပိုပြီးတော့လွတ်လပ်တဲ့သူဖြစ်အောင်၊ ပိုပြီးတော့တာဝန်ကျေတဲ့၊တာဝန်သိတဲ့၊တာဝန်ယူနိုင်တဲ့လူတယောက်ဖြစ်လာအောင် ပုံဖေါ်တာဟာလည်း တီထွင်ဖန်တီးတာပဲ။ ဒါ သတ္တိရှိမှလုပ်နိုင်တယ်။ ငါဟာ လူသားတယောက်ပါ၊ ကိုယ်ပိုင်ဥာဏ်နဲ့ကိုယ့်ဘဝကိုနေသွားနေတဲ့ လူသားတယောက်ပါဆိုတဲ့အနေနဲ့ရပ်တည်ဖို့ဆိုတာ သတ္တိအများကြီးလိုတယ်။ သူများနောက်လိုက်မဟုတ်ဘူး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တဲ့သူ၊ ကိုယ့်လမ်းကိုကိုယ်ရှာပြီးသွားနေတဲ့သူဖြစ်ဖို့ သတ္တိအများကြီးလိုပါတယ်။ နေ့စဉ်နေ့စဉ်၊ တနာရီပြီးတနာရီ၊ တမိနစ်ပြီးတမိနစ် တွေ့ကြုံနေရတဲ့ကိစ္စတွေမှာ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်တခုကိုချဖို့ သတ္တိလိုပါတယ်၊၊
အတွင်းလွတ်လပ်မှုလို့ခေါ်တဲ့စိတ်ရဲ့လွတ်လပ်မှုကို တကယ်အထိခိုက်မခံဖို့ ထိန်းသိမ်းဖို့က ပိုပြီးတော့ကြီးမားတဲ့သတ္တိ လိုအပ်ပါတယ်။
သတ္တိမရှိရင် သင်ဟာ တကယ်ချစ်တဲ့သူမဖြစ်နိုင်ဘူး။ အားငယ်နေတဲ့သူဟာ အားကိုးရမဲ့သူကိုပဲရှာတယ်။ တကယ်ချစ်တာမဟုတ်ဘူး၊၊ တကယ်ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့သူ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူနှစ်ယောက်ရဲ့ ဆက်ဆံရေးပဲဖြစ်တယ်။ သတ္တိမရှိတဲ့သူဟာ အားငယ်တတ်တဲ့သူဟာ ယုံကြည်စိတ်ချတတ်တဲ့သူမဟုတ်ဘူး။ သူများကိုယုံတယ်ဆိုတာ စိတ်ဓာတ်အင်အားကြီးတဲ့သူမှသာလုပ်နိုင်တယ်။ မိသားစုအချင်းချင်းတောင် မယုံကြတာရှိတယ်၊၊ သတ္တိမရှိတဲ့သူဟာ အမှန်တရားကိုစူးစမ်းမှုမလုပ်နိုင်ဘူး။ အမှန်တရားကိုရှာဖွေစူးစမ်းတယ်ဆိုတာ ဟုတ်ရဲ့လားမှန်ရဲ့လားဆိုတဲ့မေးခွန်းကို မေးနိုင်တဲ့သူမှသာလုပ်နိုင်တယ်။ သတ္တိမရှိတဲ့သူဟာ အပြင်မှာအားကိုးစရာတွေကိုလိုက်ရှာနေတယ်။ သူ့အသိဥာဏ်ကို သူအားမကိုးဘူး။ သတ္တိမရှိတဲ့သူဟာ ထီထိုးတယ်။ သတ္တိရှိတဲ့သူဟာ အလုပ်လုပ်တယ်။
သဘာဝမကျတာကိုယုံကြည်မှုဟာ အယူသည်းမှုပဲ။ ဘာသာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သဘာဝကျရဲ့လားဆိုတာကို မေးပါ။ သဘာဝကျတာကို လက်ခံပါ။ သဘာဝမကျတာကို ရဲရဲကြီးပယ်လိုက်ပါ။ အဲဒါ သတ္တိပဲ။
ကိုယ်ဘာကိုတကယ်ယုံကြည်သလဲဆိုတာမသိတဲ့သူ၊ ကိုယ်ဘာကိုယုံကြည်တယ်ဆိုတာမသိတဲ့အတွက် ကိုယ့်ယုံကြည်ချက်၊ကိုယ့်ခံယူချက်အတွက်နဲ့ ခိုင်ခိုင်မာမာမရပ်တည်နိုင်တဲ့သူဟာ စစ်မှန်တဲ့သတ္တိရှိတဲ့သူ ဖြစ်မလာနိုင်ဘူး၊၊ ကိုယ့်ရဲ့အစွမ်းအစတွေ၊ကိုယ့်ရဲ့သတ္တိတွေ၊ကိုယ့်ရဲ့အရည်အချင်းတွေဟာ ဘယ်လိုဟာတွေလဲဆိုတာကိုမသိပဲနဲ့ တစုံတယောက်ကကိုယ့်ကိုဖြစ်စေချင်တဲ့ပုံစံမျိုး ဖြစ်ပေါ်လာအောင်၊သူတို့ကျေနပ်အောင် ကြောက်လို့ပဲဖြစ်ဖြစ်၊ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် တယောက်ယောက်ရဲ့အကြိုက်အတိုင်း နေပြရတယ်ဆိုရင် အဲဒီလူဟာ စစ်မှန်တဲ့သတ္တိရှိတဲ့သူ ဖြစ်မလာနိုင်ဘူး။
တခုခုကိုလုပ်တဲ့အခါမှာ "ဘာဖြစ်လို့လုပ်တယ်”ဆိုတဲ့ အရင်းခံအကြောင်းတရားက ကိုယ့်ရင်ထဲကမှမလာလို့ရှိရင် အဲဒီအလုပ်ကို သတ္တိရှိရှိမလုပ်နိုင်ဘူး။ ဒါ့ကြောင့် ဘာအလုပ်ပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ် သတ္တိရှိဖို့လိုတယ်။ ဆရာဝန်လုပ်လည်း သတ္တိရှိဖို့လိုတယ်။ အရောင်းအဝယ်တခုခုလုပ်မယ်ဆိုရင်လည်း ငါရိုးရိုးသားသားရောင်းမယ်ဝယ်မယ်၊ ငါ့ရဲ့အရောင်းအဝယ်လုပ်ငန်းနဲ့ ငါ့ပတ်ဝန်းကျင်ကိုအကျိုးပြုမယ်ဆိုတဲ့စိတ်နဲ့လုပ်နိုင်ဖို့ သတ္တိအများကြီးလိုတယ်။ တကိုယ်ကောင်းဆန်ဆန် မတရားအမြတ်များများရဖို့မကြိုးစားပဲ သင့်ရုံလောက်အမြတ်ရရင်တော်ပြီဆိုတဲ့စိတ်မျိုးထားနိုင်ဖို့ သတ္တိလိုတယ်၊၊ ဘယ်လိုအလုပ်ပဲလုပ်လုပ် ကိုယ့်ရင်ထဲမှာရှိနေတာနဲ့ ကိုယ်အပြင်မှာပြောနေဆိုနေလုပ်နေတာနဲ့ဟာ ထပ်တူဖြစ်မှသာ သတ္တိရှိတဲ့သူလို့ပြောလို့ရမယ်။
သူများအထင်ကြီးတာခံရဖို့၊သူများကြိုက်ဖို့ ကိုယ့်ခံယူချက်နဲ့မကိုက်ညီတဲ့အလုပ်တွေကို လုပ်ပေးနေတာ၊လုပ်ပြနေတာ၊ အခွင့်အရေးတခုခုရဖို့ ကိုယ့်ခံယူချက်နဲ့တကယ်မကိုက်ညီတဲ့အလုပ်တွေကို လုပ်ပေးနေတာ၊လုပ်ပြနေတာဟာ သတ္တိမရှိရာရောက်တယ်။
ကိုယ့်ကိုယ်ကိုဂုဏ်သိက္ခာရှိတဲ့လူတယောက်လို့ ခံစားရတာ၊ ကိုယ့်ကိုယ်ကိုတန်ဖိုးရှိတဲ့လူတယောက်၊တန်ဖိုးထားထိုက်တဲ့လူတယောက်၊လေစားစရာကောင်းတဲ့လူတယောက်လို့ ခံစားရတာဟာ သတ္တိရဲ့အခြေခံဖြစ်တယ်။ ကိုယ့်ကိုယ်ကိုမလေးစားနိုင်ရင် သတ္တိရှိတဲ့သူမဖြစ်နိုင်ဘူး။
အပေါ်ယံပစ္စည်းဥစ္စာတို့၊ရာထူးတို့ကိုကြည့်ပြီးတော့ သတ္တိရှိတဲ့သူလို့ပြောလို့မရဘူး။ ပစ္စည်းဥစ္စာချမ်းသာချင်လည်းချမ်းသာနေမယ်၊ ရာထူးလည်းရှိချင်ရှိနေမယ်၊ ဒါပေမဲ့ အတွင်းမှာတော့သတ္တိနည်းတဲ့သူ ဖြစ်နေနိုင်တယ်။
ဂလဲ့စားခြေတဲ့အနေနဲ့တုံ့ပြန်တာဟာ သတ္တိမဟုတ်ဘူး။
ကိုယ့်ဘဝမှာ ကောင်းတာတွေများများဖြစ်လာနိုင်ဖို့ဆိုတာ မှန်ကန်တဲ့၊ပြတ်သားတဲ့ ခံယူချက်၊ဦးတည်ချက် တန်ဖိုးထားစရာတွေရှိပြီးတော့ အဲဒီကိုယ်တန်ဖိုးထားတာတွေအတွက် သတ္တိရှိရှိရပ်တည်နိုင်မှသာ အဲဒီကောင်းတာတွေဟာဖြစ်လာမယ်။
ကိုယ့်မှာ ဘယ်လိုအင်အားတွေ၊ဘယ်လိုအရည်အချင်းတွေ၊ဘယ်လိုပင်ကိုယ်အစွမ်းအစတွေ ရှိသလဲဆိုတာသိရမယ်။ ကိုယ့်အစွမ်းအစ၊ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်ရမယ်။ အဲဒီလိုယုံကြည်မှုရှိပြီးတော့ "ဟောဒါဟာငါ့ရဲ့ပင်ကိုယ်အရည်အချင်း၊ ဟောဒါဟာငါ့ရဲ့ပင်ကိုယ်သဘောထား၊ ဟောဒါဟာငါတကယ်လုပ်ချင်တဲ့အလုပ်၊ ဒါကို ငါတကယ်လုပ်မယ်၊ ဒါကိုလုပ်နိုင်တဲ့စွမ်းရည်သတ္တိ ငါ့မှာရှိတယ်။”လို့ ဒီလိုကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရမယ်။ အဲဒီလိုယုံကြည်မှုမှာအခြေခံပြီးတော့ ကိုယ့်ဘဝကိုကိုယ်နေသွားရမယ်။ ကိုယ်တန်ဖိုးထားတာကိုလုပ်သွားရမယ်။ အဲဒီလိုကိုယ့်ကိုယ်ကိုယုံကြည်ချက်အပြည့်နဲ့ နေသွားလုပ်သွားမှသာ သတ္တိဆိုတာ တနေ့တခြားတိုးပွားလာနိုင်တယ်။
ပုံမှန်လေး၊စိတ်ရှည်လက်ရှည်လေး အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ လွတ်လပ်မှုဘက်ကိုတဖြေးဖြေးရှေ့တိုးသွားနေတာ၊ တနေ့ထက်တနေ့ပိုပြီးလွတ်လပ်တဲ့သူဖြစ်အောင်ကြိုးစားနေတာ အဲဒါက အခက်ဆုံးအလုပ်ဖြစ်တယ်။ အကြီးမားဆုံးသတ္တိလည်းလိုအပ်တယ်။ အဲဒီသတ္တိမျိုးက အပြင်လူမမြင်နိုင်ဘူး။ ကိုယ့်ဘဝထဲမှာ ကိုယ့်စိတ်ထဲမှာပဲဖြစ်နေတယ်။
ငါ ဘယ်လိုလူဖြစ်ချင်သလဲဆိုတာကို သေသေချာချာအာရုံပြုပါ။ သိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုကိုယ် ဘယ်လိုလူဖြစ်ချင်သလဲဆိုတာသိအောင်လုပ်ပြီး ကိုယ်ဖြစ်ချင်တဲ့သူဖြစ်လာအောင်အစွမ်းကုန်ကြိုးစားပါ။ အဲဒါ အခက်ဆုံးနဲ့ ကျေနပ်စရာအကောင်းဆုံးအလုပ်ပဲ။ ဒါ ကိုယ့်ကိုယ်ကိုကိုယ်တကယ်ယုံကြည်မှုရှိတဲ့သူပဲ လုပ်နိုင်မယ်။ ဒါ တကယ့်စွန့်စားခန်းပဲ။⚡️🌚⚡️
☄သတ္တိရှိရင် လုပ်လိုက်ပါ။
☄လွတ်လပ်ချင်ရင် လုပ်လိုက်ပါ။
☄သတ္တိရှိမှ လွတ်လပ်မယ်။
💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃

💧တွေးမိတိုင်းပျော်တယ်💧
📝စာအုပ်မှကူးယူဖော်ပြပါသည်📝
📖စာမျက်နှာ(၇၀)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support