Tuesday, 4 April 2017

'' အနှိုင်းမဲ့အလှူ''

Image may contain: 1 person, flower, plant and indoor

❖ တရားအလှူကို မည်သူမဆို ပေးလှူခွင့် ရှိပါတယ်။ ကိုယ့်ရင်ထဲမှာ တရားရှိရှိ၊ မရှိရှိ ကိုယ်ပေးလှူတဲ့ တရားက နည်းလမ်းမှန်ကန်တဲ့တရား ဖြစ်မယ်ဆိုရင် အလှူခံသူမှာ ကျင့်ရင် ကျင့်သလောက် ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းနိုင်ပါတယ်။ တရားမှန်ဖို့ အဓိကပါ။
❖ ဒါပေမယ့် ကိုယ်ပေးလှူမယ့် တရားက ကိုယ်ကိုယ်တိုင် ကျင့်သုံး အားထုတ်ပြီးထားလို့ ကိုယ့်သန္တာန်မှာ အမှန်တကယ် ပြည့်စုံနေတဲ့တရား ဖြစ်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ အကျိုးရလဒ် အနေနဲ့ မပြည့်စုံသေးတောင် အကြောင်းလုပ်ရပ် အနေနဲ့ အထိုက်အလျောက် ပြည့်စုံဖို့တော့ လိုအပ်ပါတယ် ။ကိုယ်ကိုယ်တိုင် အတတ်နိုင်ဆုံး ကျင့်သုံးနေတဲ့ တရားကို ပေးလှူမှ အဲဒီတရားအလှူဟာ ဗုဒ္ဓအလိုတော်ကျ တရားအလှူ ဖြစ်မှာပါ။
❖ မြတ်စွာဘုရားရှင် လက်ထက်တုန်းက တောအုပ်တစ်ခုမှာ တစ်ပါးတည်း သီတင်းသုံးပြီး ဥပုသ်နေ့တိုင်း တရားအလှူ ပေးလှူတဲ့ ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။ တရားတစ်ပွဲကို တရားတစ်ပုဒ်စီ ပြောင်းပြီး တရားပုဒ်ရေများစွာ ဟောကြား ပေးလှူတာမျိုး မဟုတ်ပါဘူး။ တရားတစ်ပုဒ်ထဲကိုပဲ ထပ်ခါထပ်ခါ ဟောကြားရင်း တရားအလှူ ပေးလှူနေတာပါ။
❖ သူဟောတဲ့တရားကလည်း ရှည်ရှည်လျားလျား များများစုံစုံ မဟုတ်ပါဘူး။ဥဒါန်းဂါထာလေး တစ်ပုဒ်တည်းပါ။ မြန်မာလိုတော့ ''သတိ, ဉာဏ်ယှဉ်၊ ငြိမ်သက်လျှင်၊ ပူပင်သောကငြိမ်း'' လို့ အဓိပ္ပာယ် ရပါတယ်။ လိုရင်းတိုရှင်း တရားလို့ပဲ ဆိုပါတော့။သူ့ရဲ့ တရားဆုံးတာနဲ့ တစ်ပြိုင်နက် တောထဲမှာ တရားလာနာကြတဲ့ နတ်ဗြဟ္မာတွေက တစ်ခဲနက် သာဓုခေါ်ကြပါတယ်။ သာဓုသံ ညံလိုက်ပုံများ မြေပြိုတဲ့ အသံလို့တောင် ထင်မှတ်ရပါသတဲ့။
❖ ဥပုသ်နေ့တစ်နေ့မှာတော့ တပည့်ရဟန်း ၅၀၀ စီ အခြံအရံနဲ့ မြို့က ပိဋကတ်သုံးပုံဆောင် ဆရာတော်နှစ်ပါး သူ့ရဲ့တောအုပ်ကို ကြွရောက် လာကြပါတယ်။ဒီတောထဲက နတ်တွေ တရားနာ ဝါသနာပါကြောင်း၊ တရားဆုံးတာနဲ့ တစ်ပြိုင်နက် နတ်တွေရဲ့ သာဓုခေါ်သံ ဟာ တစ်တောလုံး ညံသွားကြောင်း ကျောင်းခံရဟန်းတော်က လျှောက်ထားပြီး တရားဟောပေးဖို့ တောင်းပန်တဲ့အတွက် အဲဒီဥပုသ်နေ့မှာ တိပိဋကဓရ ဆရာတော်နှစ်ပါး တစ်ပြိုင်တည်း တရားဟောကြပါတယ်။
❖ တစ်ပါးက ပါဠိတော်ကို ရွတ်ဆိုပြီး ကျန်တစ်ပါးက အဲဒီပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြပါတယ်။ ပိဋကတ်သုံးပုံ အာဂုံဆောင်ထားတဲ့ ဆရာတော်တွေက အကြောင်းအရာ အချက်အလက်မျိုးစုံ၊ ဥပမာ သာဓကမျိုးစုံနဲ့ တန်ဆာဆင်ပြီး ဟောကြတာဆိုတော့ တရားက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ သိပ်ကိုပြည့်စုံလှပါတယ်။ ဒါပေမယ့် တရားသာ ဆုံးသွားတယ်၊ဘယ်နတ်ကမှ သာဓု မခေါ်ကြပါဘူး။
''ငါ့ရှင်၊ သင်ပြောတော့ ဒီတောထဲက နတ်တွေက တရားဆုံးရင် သာဓုအကြီးအကျယ် ခေါ်ကြတယ်ဆို၊ ခုတော့ဘယ်လိုလဲ''
''ခါတိုင်း တပည့်တော် တရားဟောရင်တော့ သာဓုသံတွေ ပဲ့တင်ထပ်နေတာပါဘုရား။ ဒီနေ့ဘယ်လိုများ ဖြစ်တာပါလိမ့်။''
''ကဲ..ဒါဖြင့် ငါ့ရှင်ဟောနေကျတရား ဟောစမ်းပါဦး''
သူဟောနေကျ ဂါထာလေးတစ်ပုဒ် ဟောလိုက်တယ်ဆိုရင်ပဲ နတ်တွေ သာဓုခေါ်လိုက်ကြတာ ခါတိုင်းထက်တောင် အသံလှိုင်း ပိုကြီးနေပါသေးတယ်။ ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက'့'ဒီတောထဲက နတ်တွေ မျက်နှာလိုက်တယ်၊ မကျေနပ်ဘူး'' ဆိုပြီး မြတ်စွာဘုရားကို သွားလျှောက်ကြတဲ့အတွက် မြတ်စွာဘုရားရှင်က ဂါထာတစ်ပုဒ် နဲ့ တရားဟောတော် မူပါတယ်။
❖ တရားတွေ အများကြီး တတ်မြောက်ရုံ၊ တရားတွေ အများကြီးဟောပြောနိုင်ရုံနဲ့တော့ တရားဆောင်သူ မဖြစ်သေးပါဘူး။ တရားနည်းနည်းပဲ သိပေမယ့် သိတဲ့တရားအတိုင်း ကျင့်ကြံ အားထုတ်တဲ့အတွက် တရားကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းမြင်သွားပြီး ဆိုရင်တော့ တရားဆောင်သူ ဖြစ်ပါပြီ။ တကယ်လို့ တရားမမြင်နိုင်သေးတောင်မှ တရားအတိုင်း မမေ့မလျော့ ကျင့်ကြံအားထုတ် နေတယ်ဆိုရင်လည်း တရားဆောင်သူလို့ပဲ ခေါ်နိုင်ပါတယ်။
❖ တကယ်တော့ တောထဲက နတ်တွေက မျက်နှာလိုက်ပြီး သာဓုခေါ်တာ မဟုတ်ပါဘူး။ တစ်ဂါထာတည်းဟောတဲ့ ရဟန်းတော်က ကိလေသာကုန်တဲ့ ရဟန္တာဖြစ်နေပြီး ရှည်ရှည်လျားလျား ဟောတဲ့ရဟန်းတော်တွေက ကိလေသာ အပြည့်ရှိတဲ့ ပုထုဇဉ်တွေ ဖြစ်နေလို့ ကိလေသာကုန်အောင် အရင်ဆုံး အားထုတ်ကြစေချင်တဲ့ စေတနာ နဲ့ သာဓုသံ မပေးဘဲ မျိုသိပ်ထားလိုက်ကြတာပါ။
❖ မြတ်စွာဘုရားရှင်က သစ္စာတရား သိမြင်ပြီးသူနဲ့ အပ္ပမာဒ တရား လက်ကိုင်ထားသူသာ တရားဆောင်သူအစစ် ဖြစ်တယ်လို့ မိန့်ကြားတော် မူထားပါတယ်။ တရားဆောင်သူဟာ တရားရှိသူပါ။ တရားရှိသူ ပေးလှူတဲ့တရားထဲမှာ မမြင်ရတဲ့ လျှို့ဝှက်စွမ်းအားတွေ အပြည့်အသိပ် ကိန်းဝပ်နေမှာ သေချာပါတယ်။ လျှို့ဝှက်စွမ်းအားဆိုတာ သူ့ရဲ့ မေတ္တာ ၊ပညာ စတဲ့ ကိုယ်ပိုင်တရားစွမ်းအားတွေပါဘဲ။
❖ တရားရှိသူ ပေးလှူတဲ့ တရားအလှူကို ခံယူရရင် အဲဒီတရားထဲမှာ ကိန်းဝပ်နေတဲ့ လျှို့ဝှက်စွမ်းအားတွေရဲ့ ရိုက်ခတ်မှု အရှိန်အဝါကြောင့် အလှူခံရသူမှာ သဒ္ဓါပီတိတွေ တဖွားဖွား ဖြစ်ပေါ်လာပြီး တရားအတိုင်း လိုက်နာကျင့်သုံးချင်တဲ့စိတ်တွေ အထူးထက်သန်လာပါတယ်။ သဒ္ဓါစိတ် အထူးထက်သန်နေချိန်မှာ အားထုတ်မှလည်း တရားက အလျင်အမြန် တိုးတက် သွားနိုင်တာပါ။
❖ အလှူခံပုဂ္ဂိုလ်ကို သဒ္ဓါစိတ် အထူးထက်သန် သွားစေမယ့် တရားအလှူ မျိုးဆိုရင် များများစားစား ပေးလှူမှ မဟုတ်ပါဘူး၊ နည်းနည်းပါးပါး ပေးလှူရုံနဲ့ အကျိုးများ ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်အလောင်း ဥပတိဿပရဗိုဇ် ကို အရှင်အဿဇိ မထေရ် က ဂါထာတစ်ပုဒ် ရဲ့ တစ်ဝက်လောက်ကလေး တရားအလှူ ပေးလှူရုံနဲ့ ဥပတိဿပရိဗိုဇ် သောတာပန် တည်သွားခဲ့ပါတယ်။အဲဒီဂါထာ တစ်ပုဒ်လုံးကိုပဲ ဥပတိဿပရဗိုဇ် သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ကောလိတပရဗိုဇ်(အရှင်မဟာမောဂ္ဂလ္လာန်မထေရ်အလောင်း)ကို ထပ်ဆင့် တရားအလှူ ပေးလှူတဲ့အတွက် ကောလိတပရဗိုဇ်လည်း သောတာပန် တည်သွားခဲ့ပါတယ်။
❖ တရားအလှူကို အသံထွက် တရားအလှူနဲ့ အသံတိတ်တရားအလှူလို့ နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ အသံထွက် ဓမ္မဒါနနဲ့ အသံတိတ် ဓမ္မ. ဒါနပေါ့။ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုမလုပ်သင့်ဘူး ဆိုတာကို ဝေါဟာရ စကားလုံးတွေ သုံးနှုန်းပြီး အသံထွက် ဟောကြားတာကို အသံထွက် ဓမ္မဒါနလို့ ခေါ်ပါတယ်။ ဘာအသံ၊ ဘာစကားလုံးမှ မပါဘဲ လုပ်သင့်တဲ့အလုပ်ကို လုပ်သင့်တဲ့ပုံစံနဲ့ လက်တွေ့လုပ်နေတာ၊ မလုပ်သင့်တဲ့အလုပ်ကို မလုပ်သင့်တဲ့ပုံစံနဲ့ လက်တွေ့မလုပ်နေတာကို အသံတိတ်ဓမ္မဒါနလို့ ခေါ်ပါတယ်။
❖ ကိုယ့်ရဲ့ ကိုယ် ၊နှုတ် ၊စိတ်ကို အကောင်းနိုင်ဆုံးကောင်းအောင် ပြုပြင်နေထိုင်ခြင်းဖြင့် ကိုယ်နဲ့ထိတွေ့ ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်ကို အသံတိတ်တရားအလှူ အမြဲပေးလှူသင့်ပါတယ်။ အသံတိတ်တရားအလှူ ရဲ့ အဓိက အမှတ်အသားကတော့ ဣနြေ္ဒသိက္ခာ နဲ့ ကိုယ်ကျင့်တရား ပါပဲ ။ ကိုယ့်ရဲ့ ဣနြေ္ဒသိက္ခာကို တည်ငြိမ်ရင့်ကျက်အောင် အားထုတ်နေခြင်း၊ ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ဖြူစင်သန့်ရှင်းအောင် စောင့်ထိန်းနေခြင်းသည်ပင်လျှင် ကိုယ့်ပတ်ဝန်းကျင်ကို အသံတိတ်တရားအလှူ ပေးလှူနေခြင်းပါပဲ။
❖ အသံတိတ်တရားအလှူဆိုတာ ကိုယ့်ကိုယ်ကို တရားရှိအောင် ကြိုးစားနေခြင်း၊ ကြိုးစားတဲ့အတွက် ကိုယ့်သန္တာန် မှာ တရားရှိနေခြင်းကို ခေါ်တာပါ။ ကိုယ့်မှာ ပစ္စည်းရှိမှ သူတစ်ပါးကို ပစ္စည်းပေးလှူနိုင်သလို ကိုယ့်မှာတရားရှိမှလည်း သူတစ်ပါးကို တရားပေးလှူနိုင်ပါတယ်။ ကိုယ့်မှာငွေတစ်သိန်း မရှိဘဲနဲ့ သူတစ်ပါးကို ငွေတစ်သိန်း ပေးလှူချင်လို့ မရသလို ကိုယ့်မှာတရားမရှိဘဲနဲ့လည်း သူတစ်ပါး ကို တရားပေးလှူချင်လို့ မရပါဘူး။
❖ ပညာရှိ သူတော်ကောင်းဆိုတာ ကိုယ့်ကိုယ်ကို သင့်တော်လျောက်ပတ်တဲ့ တရားဂုဏ်မှာ သက်ဝင်တည်နေအောင် အရင်ဆုံး ကြိုးစားရတယ်။ပြီးမှ သူတစ်ပါးကို ဆုံးမသွန်သင်ရတယ်၊ ဒီလိုမှမဟုတ်ရင် သူတစ်ပါးရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေနဲ့ ကိုယ့်ဘ၀ ညစ်နွမ်းသွားတတ်တယ်။
❖ ဓမ္မဒါန ကောင်းမှုဆိုတာ ဘုန်းကြီးတွေသာ လုပ်ရမယ့်အလုပ် မဟုတ်ပါဘူး။ လူဝတ်ကြောင်တွေလည်း လုပ်ရမယ့်အလုပ်ပါ။ ပလ္လင်ပေါ်မှာ ထိုင်ဟောမှလည်း ဓမ္မဒါန မဟုတ်ပါဘူး။ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း ကြုံရင်ကြုံသလို တရားစကား ပြောဆိုတာဟာလည်း ဓမ္မဒါနပါပဲ။ တရားစာပေ ပို့ချသင်ကြားတာဟာလည်း ဓမ္မဒါနပါပဲ။
❖ နှုတ်မှထုတ်ပြောမှလည်း ဓမ္မဒါန မဟုတ်ပါဘူး။ တရားနဲ့ ပတ်သတ်တဲ့စာပေ ရေးသားတာ၊ စာအုပ်လှူတာ၊ တိပ်ခွေလှူတာ၊ အပြီးမလှူတောင် ခေတ္တခဏ ငှားရမ်းတာ၊ တရားဟောပြောသူ, တရားစာရေးသားသူကို တတ်စွမ်းသမျှ လူအား, ပစ္စည်းအားနဲ့ ကူညီထောက်ပံ့တာ၊ ဒါတွေအားလုံးဟာ ဓမ္မဒါန -တရားအလှူတွေချည်းပါပဲ။
❖ တရားဓမ္မ လွှမ်းခြုံတဲ့ လူ့ဘောင်လောကကြီး ဖြစ်ထွန်းလာဖို့အတွက် အရေးတကြီး လိုအပ်နေတဲ့ ဓမ္မဒါန နှစ်ခုရှိပါတယ်။ အိမ်တွင်း ဓမ္မဒါနနဲ့ ကျောင်းတွင်း ဓမ္မဒါနပါ။ လက်ဦးဆရာဖြစ်တဲ့ မိဘများ အနေနဲ့ အိမ်တွင်း ဓမ္မဒါနကို ဂရုတစိုက် ပြုလုပ်သင့်သလို ၊လက်နှောင်းဆရာဖြစ်တဲ့ ဆရာဆရာမများ အနေနဲ့လည်း ကျောင်းတွင်း ဓမ္မဒါနကို အလေးအနက် ထားပြုလုပ်သင့်ပါတယ်။
❖ နောင်တစ်ခေတ်ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သားငယ်သမီးငယ်၊ တပည့်ငယ်တွေကို မိဘဆရာ သမားများက အိမ်တွင်း ဓမ္မဒါန၊ ကျောင်းတွင်း ဓမ္မဒါနတွေနဲ့ မေတ္တာ တရားကြီးမားစွာ ပြုစုစောင့်ရှောက် သွားကြမယ်ဆိုရင် အနာဂတ် လူ့ဘောင်လောကကြီးဟာ လက်ရှိအခြေအနေထက် အဆပေါင်းများစွာ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာမှာ သေချာပါတယ်။
❖ တရားအလှူနဲ့ တခြားအလှူ လုံးဝမတူတဲ့ ထူးခြားချက်တစ်ခုက တခြားအလှူတွေမှာ လှူဖွယ်ဝတ္ထုကိုအလှူခံ ပုဂ္ဂိုလ် ကပဲ ရပါတယ်။ အလှူပေး ပုဂ္ဂိုလ်က မရပါဘူး။ အလှူပေး ပုဂ္ဂိုလ်က လှူဖွယ် ဝတ္ထုကို စွန့်လွှတ်လိုက်ရပါတယ်။ တရားအလှူမှာကျတော့ တရားတည်းဟူသော လှူဖွယ်ဝတ္ထုကို အလှူခံပုဂ္ဂိုလ်ရော၊ အလှူပေးပုဂ္ဂိုလ်ပါ နှစ်ဦးစလုံး ရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ပြောတဲ့စကားကို ကိုယ်တိုင်လည်း ကြားနေရလို့၊ ကိုယ်ဟောတဲ့တရားကို ကိုယ်တိုင်လည်း သိနေရလို့ပါပဲ။
❖ ကိုယ်ပြောတဲ့ စကားကို သူတစ်ပါး နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ကိုယ်ဟောတဲ့ တရားအတိုင်း သူတစ်ပါး လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည်ဖြစ်စေ၊ ကိုယ်ကိုယ်တိုင်ကတော့ ကိုယ့်စကား၊ ကိုယ့်တရားအတိုင်း လိုက်နာကျင့်သုံးချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာပါတယ်။ ဒီလိုမလုပ်ဖို့ သူများကို ငါပြောထားတယ်၊ ငါလုပ်လို့ မဖြစ်ဘူး၊ ဒီလိုလုပ်ဖို့ သူများကို ငါပြောထားတယ်၊ ငါလုပ်မှဖြစ်မယ်''အဲဒီလို အတွေးမျိုး အခြေအနေ အချိန်အခါ အားလျော်စွာ လိုအပ်တိုင်း ပေါ်ပေါက်လာပါတယ်။
❖ ကိုယ်ပေးလှူတဲ့ တရားမှာ စိတ်ဝင်တစားနဲ့ ဉာဏ်သွင်းထားတဲ့ တရားအလှူရှင်အတွက် တရားအလှူပေးလှူ နေခြင်းသည်ပင် ကိုယ့် နှလုံးသားကို ပုံသွင်းထုဆစ်ပြုပြင် မွမ်းမံနေခြင်း ဖြစ်ပါတယ်။ အလှူခံသူမှာ ရင့်ကျက်မသွားဘူးထား၊ အလှူပေးသူ မိမိမှာတော့ အလှူများများပေးလေ၊ များများရင့်ကျက်လေပါပဲ။ ကိုယ်ဟောတဲ့တရားက ကိုယ့်ကို ပြန်ဆုံးမနေလို့ပါ။
❖ တကယ်တော့ တရားအလှူ ပေးလှူတယ်ဆိုတာ အလှူခံပုဂ္ဂိုလ်တွေကို မှန်ချပ်လေးတွေ ပေးဝေ နေတာပါ။ ကိုယ့်လက်ထဲ ရောက်လာတဲ့ တရားမှန်မှာ ကိုယ့်ရဲ့ကိုယ်နှုတ်စိတ် ရုပ်ပုံလွှာတွေကို ကြည့်ရှုစစ်ဆေးပြီး အပြစ်အနာအဆာတွေ့ရင် ဖယ်ရှား ပြုပြင်ဖို့၊ အနှစ်အသာအဆာတွေ့ရင် ထိန်းသိမ်း စောင့်ရှောက် တိုးမြှင့်ချဲ့ထွင်ဖို့ပါပဲ။မှန်ထဲကြည့်မှ ကိုယ့်ရုပ်ပုံ ကိုယ်မြင်မယ် မဟုတ်လား။
❖ သူတစ်ပါးကို မှန်ပေးသလောက် ကိုယ့်မှာလည်း မှန်တွေရနေတာမို့ တရားအလှူပေးသူမှာ တရားအလှူခံသူထက် တရားမှန်ချပ်တွေ ပိုများပါတယ်။ ကိုယ်လုံးပေါ် မှန်ချပ်တွေ ပတ်ပတ်လည် ဝိုင်းနေရင် ကိုယ့်ရဲ့ရုပ်ပုံကို ရှုထောင့်ပေါင်းစုံကနေ မြင်ရသလို တရားမှန်ချပ်တွေ စုံလင်များပြားလေ၊ ကိုယ့်ရဲ့ကိုယ်နှုတ်စိတ် အရည်အသွေးတွေ ရုပ်လုံးပိုပေါ်လေပါပဲ။
❖ ဘုရား ရဟန္တာများကလွဲရင် တရားအလှူ ပေးလှူနေသူဟာ ကိုယ့်ကိုယ်ကို ဆုံးမနေသူပါ။ သူတစ်ပါးကို တစ်ကြိမ်တစ်ခါ ဆုံးမစကားပြောရင် ကိုယ့်ကိုယ်ကိုအ ကြိမ်ကြိမ် ဆုံးမစကားပြောပြီးသား ဖြစ်နေပါတယ်။ သူတစ်ပါးကို ပြောဆိုဆုံးမနေရင်း ကိုယ့်မှာ သံဝေဂဉာဏ်တွေ အထွတ်အထိပ် ရောက်လာနိုင်သလို တရားထူး တရားမြတ်တွေလည်း ရရှိသွားနိုင်ပါတယ်။ ဒါဟာတရားအလှူရဲ့ အဓိက အနှစ်သာရပါပဲ။ တရားအလှူကြောင့် ကိုယ့်မှာရရှိမယ့် အဓိကအကျဆုံး ပစ္စုန်ပ္ပန် အကျိုးတရားပါပဲ။
❖ ဒါနပြုရမှန်း မသိသူတစ်ယောက် ကိုယ့်ရဲ့ဒါနတရားအလှူကြောင့် ဒါနပြုဖြစ်သွားတယ်ဆိုရင် သူရသွားတဲ့ ဒါနကုသိုလ်နဲ့ ဒါနကုသိုလ်ရဲ့ အကျိုးတရား(ပစ္စည်း ဥစ္စာပေါများခြင်းစသည်) ဟာ ကိုယ်ပေးလှူလိုက်တဲ့ အရာတွေပါပဲ။ သီလစောင့်ရမှန်း မသိသူတစ်ယောက် ကိုယ့်ရဲ့သီလ တရားအလှူကြောင့် သီလစောင့် ဖြစ်သွားတယ်ဆိုရင် သူရသွားတဲ့ သီလကုသိုလ်နဲ့ သီလကုသိုလ်ရဲ့ အကျိုးတရား (ရုပ်ဆင်းဥပဓိ ပြည့်စုံခြင်း၊ အနာရောဂါ ကင်းခြင်း) စသည် ဟာ ကိုယ်ပေးလှူလိုက်တဲ့ အရာတွေပါပဲ။
❖ ဘာဝနာ ပွားရမှန်း မသိသူတစ်ယောက် ကိုယ့်ရဲ့ ဘာဝနာတရား အလှူကြောင့် ဘာဝနာပွား ဖြစ်သွားတယ်ဆိုရင် သူရသွားတဲ့ ဘာဝနာကုသိုလ်နဲ့ ဘာဝနာကုသိုလ်ရဲ့ အကျိုးတရား(ဉာဏ်ပညာ ထက်မြက်ခြင်း၊ သံသရာ လွတ်မြောက်ခြင်း )စသည်ဟာ ကိုယ်ပေးလှူလိုက်တဲ့ အရာတွေပါပဲ။
❖ ဒါကြောင့် တရားအလှူရှင် ဘာအကျိုး ရနိုင်သလဲလို့ သံသရာကျိုး အနေနဲ့ မေးလာခဲ့ရင် အခုပြောခဲ့သလိုပဲ အလှူခံ ပုဂ္ဂိုလ်တွေ ရရှိသွားတဲ့ အကျိုးတရားတွေ အကုန်လုံး ရနိုင်တယ်လို့ပဲ ပြောရတော့မှာပါ။ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် သုံးမျိုးကြောင့် ရရှိနိုင်တဲ့ အကျိုးတရားတွေ အကုန်လုံး တရားအလှူရှင်မှာ ရရှိနိုင်ပါတယ်။
❖ ဒါပေမယ့် သူတစ်ပါးကိုသာ လှူခိုင်းပြီး ကိုယ်ကမလှူရင် ဖြစ်လေရာ ဘဝတိုင်း အခြံအရံသာပေါပြီး ပစ္စည်းဥစ္စာ မွဲတတ်တယ်ဆိုတဲ့ ဘုရားအဆုံးအမကိုလည်း အထူး သတိပြုသင့်ပါတယ်။ နို့မဟုတ်ရင် ပညာလွန်ရင် ကောက်ကျစ်တတ်တယ် ဆိုတဲ့စကားအတိုင်း သူတို့ကျင့်ရင် ငါလည်းရတာပဲ ဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ချလက်ချ နေမိသွားမှာ စိုးရပါတယ်။ ကိုယ့်တရား ကိုယ်ပြန်မကြားရင် ကိုယ့်တရားက ကိုယ့်ကိုဘယ်တော့မှ ကယ်တင်မှာ မဟုတ်ပါဘူး။ ကိုယ့်တရား ကိုယ်ပြန်ကြားပြီး ကိုယ့်အကြား ကိုယ်နာတတ်ဖို့ အရေးအကြီးဆုံးပါပဲ။ နာတတ်(ခံစားတတ်မှ) တုံ့ပြန်နိုင်တာ မဟုတ်လား။
❖ မြတ်စွာဘုရား အလောင်းတော် လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ကြိုးပမ်း ဖြည့်ကျင့်ခဲ့တာဟာ သတ္တဝါ ဝေနေယျတွေကို တရားအလှူ ပေးလှူနိုင်ဖို့ အတွက်ပါ။ ''ငါဘုရား ပါရမီဖြည့်တာ တရားဟောဖို့အတွက်လို့'' မြတ်စွာဘုရား ကိုယ်တော်တိုင် မိန့်ကြားတော် မူထားပါတယ်။ တရားအလှူ မရှိရင် သာသနာ(ဘုရားအဆုံးအမ) လည်း ကွယ်ပျောက် သွားပါလိမ့်မယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ကိုယ်သိထားတဲ့ တရားကို သူတစ်ပါး ကို ဝေငှရမှာ နှမြောတွန့်တိုတဲ့ ''ဓမ္မမစ္ဆရိယ''ကို ဖယ်ရှားပြီး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ တရားအလှူ ပေးလှူသင့်ပါတယ်။
❖ တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က တရားအလှူဟာ အနှိုင်းမဲ့အလှူ ဖြစ်တယ်လို့ ''သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ'' ဆိုတဲ့ စကားတော်နဲ့ ဟောကြား ညွှန်ပြထားတာမို့ လူသားတိုင်း လူသားတိုင်း တရားအလှူဆိုတဲ့ အနှိုင်းမဲ့အလှူကို အစွမ်းရှိသမျှ ပေးလှူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။……။
#Credit
#အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏
#အနှိုင်းမဲ့အလှူမှ
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
❖ ဓမ္မမိတ်ဆွေများအားလုံး
အမြတ်ဆုံး ကုသိုလ်တရားများ
ပွားများနိုင်ကြပါစေ…
မေတ္တာဓမ္မဒါန - Win Soe(KL)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support