Saturday, 22 April 2017

ကိုယ့်လမ်းကိုယ်လျှောက် *******************

No automatic alt text available.
 လူတိုင်းမှာ ဖြစ်ချင်တဲ့ဆန္ဒတွေကိုယ်စီနဲ့ ကိုယ်ပိုင်ဘဝလမ်းကို လျှောက်နေကြတယ်။
ကိုယ့်လမ်းကိုယ် လျှောက်တယ်ဆိုပေမယ့် ကိုယ့်ပတ်ဝန်းကျင်က လူတွေကို မထိခိုက်စေပဲ လျှောက်နိုင်ရင် အကောင်းဆုံးပါ။
ကိုယ်တစ်ယောက်တည်း လောကဓံကို ရင်ဆိုင်နေရတာမဟုတ်သလို၊ စိတ်ဒုက္ခမျိုးစုံနဲ့ ဘဝပေးဒဏ်ရာတွေကို ကိုယ်တစ်ယောက်တည်း ခံစားခဲ့ဖူးတာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် အရာရာတိုင်းကို ငါဆိုတဲ့ အတ္တမသုံးမိစေနဲ့။
နေ့စဉ်ကြုံတွေ့နေရတဲ့ လူအမျိုးမျိုးစိတ်အထွေထွေကြား၊ အပြောချိုချိုမာယာတွေနဲ့ လှည့်စားနေတဲ့လူတွေ၊ ကိုယ့်ကိုအပြစ်တင် ဝေဖန်တိုက်ခိုက်လာသူတွေအတွက် ကိုယ်ရဲ့စိတ်တွေ မညစ်နွမ်းပါစေနဲ့။
နေရာတိုင်းမှာ အတိုက်အခံလေးတွေတော့ရှိတယ်၊ ကိုယ့်ကိုယ်ကို စိတ်ညစ်စရာနဲ့တူတဲ့ လောင်းရိပ်အောက်မှာ မနေမိစေနဲ့။ ပတ္တမြားမှန်ရင်နွံမနစ်ဘူး လောင်းရိပ်မိတဲ့အပင်တွေဟာ ပိန်လှီပြီး စိုပြေလန်းဆန်းမှုမရှိသလိုပဲ၊
ကိုယ်ရဲ့စိတ်တွေကို ညစ်နွမ်းနေဖို့မတန်တဲ့ လောင်းရိပ်အောက်မှာထားမိရင်၊ အတွေးအမြင်ကောင်းတွေပါ လန်းဆန်းမှုမရှိပဲ ညစ်နွမ်းသွားရပါလိမ့်မယ်။
ဖြစ်တတ်ပါတယ် တစ်ခါတလေ ကိုယ်တောင်မသိရပါပဲ လူတွေရဲ့စွတ်စွဲချက်တွေကြား အမှားတွေနဲ့လူလိုဖြစ်နေခဲ့ရတာမျိုး။ အဲ့ဒါတွေကို အမှန်သိဖို့ အချိန်ကုန်ခံ ရှင်းပြမနေနဲ့ လှည့်ထွက်ခဲ့လိုက်။
အရေးမကြီးတဲ့အရာတွေအတွက် အချိန်ကုန်မခံနဲ့။ ဘယ်သူတွေကပဲ ဘယ်လိုနည်းနဲ့ စိတ်ဒုက္ခတွေပေးနေပါစေ။
ကိုယ့်ဦးဏှောက်ကလက်မခံရင် ကိုယ့်နှလုံးသားမရောက်နိုင်ပါဘူး။ သူများပေးတဲ့အပူ ကိုယ်ကယူမှ ပူတာမျိုးပါ။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့၊ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးနေထိုင်ပါ။ ကိုယ့်လမ်းကိုယ် ဖြောင့်တန်းအောင်လျှောက်ပါ။ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ မပူလောင်စေနဲ့။
မာန်မတတ်နဲ့၊ ဘဝင်မမြင့်နဲ့
အောက်ခြေမလွတ်စေနဲ့ ကိုယ်ထက်တော်တဲ့သူနဲ့တွေ့ရင် ပညာသင်ယူပါ။ ကိုယ့်ကိုထက်ညံ့သူက ဆရာလုပ်လာရင် မသိဟန်ဆောင်ပေးလိုက်ပါ။
ခေါင်းထဲမှာ မလိုအပ်တဲ့အရာတွေနဲ့ မပြည့်နေစေနဲ့၊ လိုအပ်တာတွေသိမ်းဖို့ နေရာမရှိပဲနေမယ်။ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာနဲ့ ခွင့်လွှတ်ရင်း ဥပေက္ခာပြုလိုက်ပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါ။ ကောင်းတာတွေ လုပ်ဆောင်တဲ့အတွက် အေးမြတဲ့အရိပ် ကိုယ့်နောက်မှာရှိနေမှာပါ ။
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support