ကောင်းသောစကားကို ဆိုတော်မူသော၊ မှန်လည်းမှန်၊အကျိုးလည်းရှိ၊
သူတော်ကောင်းအပေါင်း တို့ကြားလို နာယူလိုသောစကားကိုသာ ဆိုလေ့ရှိသော
မြတ်ဗုဒ္ဓကိုပင် မလိုလားသူတွေ အများအပြားရှိပါသည်။ မိမိတို့အကြိုက်နှင့်
မကိုက်သောအမှန်စကားတွေ ဟောရပြော ရကောင်းလား၊ ဒါန, သီလ,ဘာဝနာ အစရှိသည့်
မိမိတို့ မကြားချင် သောစကားတွေ၊ မလုပ်ချင်သော အလုပ်တွေကိုညွှန်ပြရကောင်းလား
ဟု ဝေဖန်ပြစ်တင်ငြိုငြင်ကြပါ၏။
အရာရာကို အကြောင်းအကျိုး နှင့်တကွ အမှန်ကို သိမြင်တော်မူသည့် မြတ်ဗုဒ္ဓကို တုဖက်ပြိုင်ကာ အသိÓာဏ်မပြည့်စုံသူတို့က ဝေဖန် ငြင်းဆို အလုပ်တွေ ပိုနေကြသော်လည်း မြတ်ဗုဒ္ဓကမူ -
'ငါသည် လောကနှင့်မငြင်းခုံ' ဟု မိန့်တော်မူ၍ သည်းခံတော်မူပါသည်။
အက္ကောသကဘာရဒွါဇပုဏ္ဏား နှင့်အသုရိန္ဒကဘာရဒွါဇပုဏ္ဏားတို့လို အမြင် မကြည်လင်သူတို့က ဇေတဝန်ကျောင်းပေါ်အထိလာ၍ မြတ်ဗုဒ္ဓကို ရိုင်းစိုင်းသောအမူအရာ၊ ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ကြိမ်းမောင်းဆဲဆိုကြသည်ကိုပင် အတိုင်းမသိမေတ္တာဖြင့် ခွင့်လွှတ်တော်မူပါသည်။
သူလိုငါလို ပုထုဇဉ်အချင်းချင်း နိစ္စဓူဝဆက်ဆံကြရာတွင် သူပြောတာက အမှား၊ ငါပြောတာက အမှန် တရား၊သူကတင်ပြ၊ကိုယ်ကပယ်ချ၊ ကိုယ်ကငြင်း၊ သူကတင်းဖြင့် အချင်းချင်းပြေလည်သောနေ့ဟူ၍ မရှိချေ။ တစ်ဦးနှင့်တစ်ဦး ဝစီဒုစရိုက် အဆင့်ကို ကျော်လွန်၍ ကာယ ဒုစရိုက်အဆင့်ကိုနယ်ကျွံသောအခါ စကားတစ်ခွန်းကြောင့် အသက်ဆုံးပါးကြသည့် အဖြစ်ဆိုးတွေကို နားမဆံ့အောင် ကြားနေရပါသည်ဟု ဆိုသော် လွန်အံ့မထင်ပါ။
ဤသို့ဤနှယ် အကုသိုလ်ကံတွေပွားစေသည့် ဝစီကံအပြစ် လှေခါးထစ်ကိုစိစစ်ဆင်ခြင်နေစဉ် ဖထီးအောင်လှ အိမ်ထဲဝင်လာပါသည်။ သူ့လက်ထဲတွင်ပါလာသော မှုခင်းဂျာနယ်ကို စားပွဲပေါ်သို့ အသာအယာချပြီး -
''ဆရာရေ့၊ နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေဆိုတဲ့စကားပုံက တကယ်မှန်တယ် ဆရာ၊ နှုတ်ဖျား က စကားတစ်ခွန်းကြောင့် ခိုက်ရန် ဖြစ်ပွားပြီး အသက်ပေးသွားကြရတာ ဆရာရဲ့''
''အကြောင်းရင်းကိုလည်း ပြောပါဦး ဖထီးရ''
''ကလေးချင်း ရန်ဖြစ်ရာက စပြီး မိဘတွေပါ ကူးစက်၊ ဒေါသတွေ ထွက်ပြီး ခုတ်ကြ ထစ်ကြလို့ သူ လည်းသေ၊ကိုယ်လည်းကြေမွ ဒဏ်ရာတွေ ရကုန်ကြတာပေါ့ ဆရာ၊ ခေတ်ကိုက ဗြဟ္မစိုရ်ခေတ်မဟုတ် တော့ဘူး၊ ဗြဟ္မခြောက်ခေတ်လို့ဆို နေကြတာ နည်းနည်းလေးမှသည်း မခံကြဘူး''
''ဘယ်လိုစကားကို ပြောမိလို့ အချင်းများကြတာလဲ ဖထီးရ''
''တစ်ဘက်မိသားစုက ငါးစိမ်းသည်မသားနဲ့မပေါင်းနဲ့လို့ပြောတာကိုမခံရပ်နိုင်ဖြစ်တာ၊တို့ကတော့ လူအေးပေမဲ့ လက်မနှေးဘူးဆိုပြီး ငါးခုတ်ဓားနဲ့မွှေ့တာပေါ့၊ ကြောက်စရာပဲ ဆရာ''
''အဲဒါကြောင့် မြတ်ဗုဒ္ဓက စကားတစ်ခွန်းပြောမယ်ဆိုရင် ဆင်ခြင်၍ ဆင်ခြင်၍ ပြောရမည်လို့ အကြိမ်ကြိမ် ဆုံးမပါတယ်။ မနောဒုစရိုက်၊ ဝစီဒုစရိုက်၊ကာယဒုစရိုက် ဆိုပြီးနယ်စည်းခြားထားပေမဲ့ သတိ မဝင်၊ပညာ(ဝိပဿနာဥာဏ်)မယှဉ်သေးတဲ့ ပုထုဇဉ်တွေမှာတော့ နယ်စည်းမခြားတဲ့ ဒုစရိုက်တွေပါ ဖထီးရေ့''
''ဟုတ်တယ် ဆရာ၊ တချို့က ငါ့စိတ်က ထောင်းခနဲဆို လက်ကလည်း ဖြောင်းခနဲပဲ၊စိတ်မြန်လက်မြန် သမားကွလို့ ဆိုကြတယ်။ စဉ်းစားကြည့်တော့ မနောဒုစရိုက်ကနေ ကာယဒုစရိုက်အထိ ဒေါသမီးတွေ ဟုန်းခနဲကူးသွားပုံက ကြောက်စရာပဲ ဆရာ၊ဒါကိုပဲ အဟုတ်ကြီး ထင်နေကြတာ''
''အဲဒီလို အကျယ် အကျယ် မငြိမ်းဖွယ်ဖြစ်ပြီးဒုက္ခမများရအောင် စကားပြောတဲ့အခါ၊ တစ်ယောက် စကား တစ်ယောက်နားမှာ မခါးရအောင် ပြောရမယ်၊တစ်ဖက်သား ကိုထိခိုက်နာကျင်စေမယ့်စကားလုံး အသုံးအနှုန်းတွေနဲ့မပြောဖို့ကို မြတ်ဗုဒ္ဓက ဆုံးမပါတယ် ဖထီးရေ့''
''မြတ်ဗုဒ္ဓရဲ့ ဆုံးမစကားကို မှတ်ပါရစေဆရာ၊ဖထီးတို့က အရပ်စကား အရပ်ပြောတွေမှာ လမ်းဆုံး နေတာ၊ မြတ်ဗုဒ္ဓရဲ့ ဆုံးမစကားလို့ သိထားရင် မြတ်ဗုဒ္ဓကိုလေးစားလို့ သဒ္ဓါတရားတွေတိုးပွားပြီး ဆောင် သင့်တာဆောင်၊ ရှောင်သင့်တာကို ရှောင်ရမှာပါ ဆရာ''
''ဒီလိုဆိုမှတ်ထားပေရော့ - ဖထီးရေ့၊မြတ်ဗုဒ္ဓက အမျိုးဇာတ်ကို အကြောင်းပြုပြီးနှိပ်ကွပ်ပြောဆိုခြင်း၊ အနွယ်ကိုအကြောင်းပြုပြီး နှိပ်ကွပ် ပြောဆိုခြင်း၊ အမည်ကို အကြောင်းပြုပြီး နှိပ်ကွပ်ပြောဆိုခြင်း၊အမှုအလုပ် ကိုအကြောင်းပြုပြီး နှိပ်ကွပ်ပြောဆိုခြင်း၊အတတ်ပညာကို အကြောင်းပြုပြီး နှိပ်ကွပ် ပြောဆိုခြင်း၊ အနာ ရောဂါကို အကြောင်းပြုပြီး နှိပ်ကွပ် ပြောဆိုခြင်း၊ လုံးရပ် ပုံသဏ္ဌာန်ကို အကြောင်းပြုပြီး နှိပ်ကွပ်ပြောဆို ခြင်းတွေကို ရှောင်ကြဉ်ရမယ်လို့ ဆုံးမထားတယ်။ ဒီလိုနှိပ်ကွပ် ပြောဆိုတာဟာ ယုတ်ညံ့တဲ့ ဆဲရေး ခြင်းဖြစ်တယ်လို့ မုသာဝါဒဝဂ်၊ သြမသဝါဒသိက္ခာပုဒ်မှာ ဟောကြားထားပါတယ်''
''မြတ်ဗုဒ္ဓက စကားပြောရာမှာ ရှောင်ကြဉ်ရမယ့်အချက်တွေကို ခွဲခြမ်း စိတ်ဖြာပြီး ဟောကြားထား တယ်ဆိုတာ ခုမှ သိတယ် ဆရာ၊ ဖထီးတော့ ဗုဒ္ဓဘာသာဝင်လို့ပြောရမှာတောင် ရှက်ဖွယ်လိလိဖြစ်နေပြီ၊ ဖထီးတို့ မသိတာခွင့်မလွှတ်နိုင်စရာပဲ ဆရာ၊အဓိပ္ပာယ်အကျယ်ကိုလည်း မှတ်ပါရစေ''
''မြတ်ဗုဒ္ဓက မသိတာ အပြစ် မဟုတ်သေးဘူး၊ သိအောင်မကြိုးစားတာကမှ အပြစ်လို့ဆိုပါတယ်။ လိုရင်းကိုဆက်ကြရအောင်၊ အမျိုးဇာတ်အားဖြင့် နှိပ်ကွပ်ပြောဆိုတယ် ဆိုတာက နှိမ့်ချလိုတဲ့သဘောနဲ့ သူဆင်းရဲမျိုး ငါ့ဆီမလာနဲ့၊မင်္ဂလာ မရှိဘူးလို့ပြောတာမျိုးပါ။သမိုင်း နောက်ခံကြည့်ရင် မြတ်ဗုဒ္ဓ လက်ထက် လူ့အဖွဲ့အစည်းက ဗြာဟ္မဏအယူဝါဒအရ အမျိုးဇာတ်ကို အခြေခံပြီး ဖွဲ့စည်းထားတယ်။ အမျိုးလေးပါးလို့ခေါ်တဲ့ ခတ္တိယမင်းမျိုး၊ ဗြာဟ္မဏပုဏ္ဏားမျိုး၊ ဝေဿကုန်သည်မျိုး၊ သုဒ္ဒသူဆင်းရဲမျိုး ဆိုတာတွေပေါ့။ အမျိုးဇာတ်ကို ဖော်ထုတ်ပြီးပြောရင် မကြိုက်ကြလို့ မပြောရပါဘူး ဖထီးရေ့''
''အမျိုးလေးပါးက ရှင်းပါပြီ၊ အနွယ်က ဘာလဲ ဆရာ၊ အမျိုး အနွယ်ဆိုတာ အတူတူပဲ မဟုတ်လား''
''အမျိုးအနွယ်လို့တွဲခေါ်ပေမဲ့ အဓိပ္ပာယ်ကကွဲပြားခြားနားပါတယ်၊ ဗြဟ္မာကြီးခံတွင်းက မွေးဖွားလာပါ တယ်ဆိုတဲ့ ပုဏ္ဏားမျိုးကိုပဲ ကြည့် စမ်းပါဗျာ၊အနွယ်တွေ အတက်တွေ များမှများ ဖထီးရေ့၊ ဘာရဒွါဇ အနွယ်၊ မာဂဏ္ဍီအနွယ်၊ကောဏ္ဍည အနွယ်၊ဝစ္ဆအနွယ်၊ဓနဉ္စာနီအနွယ်၊ ကစ္စနအနွယ် ဆိုသလို အများကြီး ဖထီးရေ့၊ အနွယ်တွေ ကွဲပြားသလို အဆင့်ကလည်း ခွဲခြားထားသေး တယ်။ဝါသိဋ္ဌအနွယ်က မြတ်တယ်၊ ဘာရဒွါဇအနွယ်၊ကောသိယအနွယ်က အညံ့စားလို့ဆိုတယ်။ အဲဒါတွေကြောင့် အနွယ်ကိုဖော်ထုတ်ပြော တာကိုလည်း မကြိုက်ကြလို့ ရှောင်ကြဉ်ရမယ် ဖထီးရေ့''
''အမျိုးနဲ့အနွယ်တော့ ရှင်းပြီ ဆရာ၊ ရှေ့ဆက်ပါဦး၊ စိတ်ဝင်စားစရာမို့ပါ''
''ကောင်းပါပြီ အမှုနဲ့ပတ်သက်ပြီး မပြောဖို့ကိုလည်း ရှောင်ရမယ်၊ ဒီနေရာမှာ အမှုရဲ့အဓိပ္ပာယ်က လူ တစ်ယောက်ရဲ့ထူးခြားတဲ့အပြုအမူကို ဆိုလိုတာပါ။ ဘိန်းစားတဲ့ အမှုမျိုးလုပ်တဲ့သူကို ဘိန်းစား၊ သူ့သား သမီးတွေကို ဘိန်းစားသား၊ ဘိန်းစား မယားလို့ခေါ်ရင် ဘယ်လိုမှ ကြိုက်မှာမဟုတ်လို့ မခေါ်ပါနဲ့''
''သဘောပေါက်တယ် ဆရာ၊ ဒီခေတ်မှာပြောနေတဲ့ ကြာကူလီ၊ ဆေးခြောက်ရှူတဲ့သူကို ဂန်ဂျာ၊ ဇိုးသမား၊ ယစ်ထုတ် စတဲ့အပြောမျိုးတွေကိုရှောင်ကြဉ်ရမှာပေါ့''
''ရှောင်ရမှာပေါ့ ဖထီးရေ၊ တစ်ဖက်သားခံစားနေရတဲ့ ရောဂါကိုလည်း ဖော်ထုတ်ပြီးမပြောရဘူးလို့ မြတ်ဗုဒ္ဓက ဟောပါတယ်။ တို့များဆရာ မြတ်ဗုဒ္ဓက တကယ့်ကို စေ့စေ့စပ်စပ် ဟောထားခဲ့တာ ဖထီးရ၊ အနာကြီးရောဂါစွဲကပ်နေတဲ့သူကို နူနာသည်ကြီး၊ ပန်းနာရောဂါရှိသူကို ကုတ်ဟီးနာလေး၊အပန်းသမား သားဆိုပြီး ရောဂါကိုအကြောင်းပြုလို့ပြောတာမျိုး မလုပ်သင့်ပါဘူး၊ မြတ်ဗုဒ္ဓက တားမြစ်ပါတယ်''
''ရှင်းပါပေ့ ဆရာ၊ ရောဂါနှိပ်စက်လို့ စိတ်ပျက်နေသူကို အားမပေးဘဲ တီဘီနာ၊ သူ့ယောက်ျားက လေးလုံးနာတဲ့လို့ ပြောရင်ပဲ အများက နားလည်နေကြတာမို့ တစ်ဖက်သားကို နှိပ်စက်ရာရောက်ပါတယ်။ ရေနစ်တဲ့သူကိုဝါးကူလို့ထိုးရာရောက်ပါတယ်။ အဲဒါကြောင့် ရှောင်ကြဉ်ရမှာပါ''
''မှန်တယ် ဖထီးရေ့၊ ဆရာ မူလတန်းကျောင်းသားဘဝတုန်းက ကျောင်းတစ်ရက် ပိတ်ရတဲ့အထိ ပြဿနာတက်သွားတာမှတ်မိသေးတယ်။ ကျောင်းမှာ ကျောက်ကြီး ရောဂါဖြစ်လို့ မျက်နှာမှာ အမာရွတ် တွေနဲ့ကျောင်းသားတစ်ယောက်ကို သူငယ်ချင်းတွေက ကျောက်ရူးလို့ စကြပြောင်ကြတယ်။ ကျောင်းသားက ငိုယိုပြီးအိမ်ပြန်တိုင်တော့ နှစ်ဖက်မိဘတွေနဲ့ဆရာတွေမှာ ရှင်းပြ၊ ချော့ရမော့ရတာနဲ့ တစ်နေကုန်ပါရော၊ အခုလို မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို ဆရာတွေ မိဘတွေက သိထားရင် ဒီလိုမလိုလားအပ်တဲ့ ပြဿနာမျိုးတွေ မဖြစ်နိုင်ဘူးလို့ နှလုံးသွင်းမိပါတယ်''
''ဟုတ်ပါတယ်ဆရာ....ကျောင်းသားအရွယ်ကတည်းက အပြောအဆိုနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို သင်ပြ ဆုံးမထားဖို့ လိုတာပေါ့။သဏ္ဌာန်ကို အကြောင်းပြုပြီး နှိပ်ကွပ်ပြောဆိုတယ် ဆိုတာက ဘာပါလိမ့် ရှင်းပါဦးဆရာ''
''အရပ်ပုတဲ့သူကို ဂျပုလို့ခေါ် တာ၊ မျက်စိမှေးတဲ့ သူကို ပေမှေး ငပွေးလို့ခေါ်တာ၊ သွားမလှတဲ့သူကို ပေါက်ခေါ၊ အရပ်မြင့်ပြီး အချိုးမကျသူကို ကလန်ကလား ကိုလံဘားလို့ ခေါ်တာမျိုးတွေ မလုပ်သင့်ဘူး။ မျက်လုံးဝိုင်းဝိုင်းကျယ်ကျယ်နဲ့ မိန်းကလေးကို လူပုံအလယ်မှာ ဇီးကွက်မလေးလို့ခေါ်ရင် အဆင် မပြေဖို့ပဲ ရှိပါတယ်။ အဲဒါကြောင့် လူတစ်ယောက်ရဲ့သဏ္ဌာန်ကို ဖော်ထုတ်ပြီး နှိပ်ကွပ်ပြောဆိုခြင်း မလုပ်ဖို့ မြတ်ဗုဒ္ဓက ဆုံးမတာပါ။ ဒီလို နှိပ်ကွပ်ပြောဆိုခြင်းဟာ ယုတ်ညံ့တဲ့ဆဲရေးခြင်းဖြစ်တယ်လို့ မြတ်ဗုဒ္ဓက သတ်မှတ်ပါတယ် ဖထီး ရေ၊ မယုံမရှိပါနဲ့ မြတ်ဗုဒ္ဓကိုယ်တိုင် ဟောခဲ့တာပါ''
''မြတ်ဗုဒ္ဓဟောတဲ့ အမြတ်စကားမို့ ယုံပါတယ် ဆရာ၊ မိရိုး ဖလာဗုဒ္ဓဘာသာဝင်ဖြစ်ရုံနဲ့ပဲ ကျေနပ်လမ်းဆုံးနေမိပြီး မြတ်ဗုဒ္ဓရဲ့ဆုံးမစကားတွေကို မလိုက်နာမိလို့ ဝမ်းနည်းနေတာ ဆရာရဲ့''
''ကိုယ့်ရဲ့သဒ္ဓါတရားတွေကို မြှင့်ပြီး လိုက်နာကျင့်သုံးရင် ဗုဒ္ဓဘာသာဝင်ပီပီသသဖြစ်ပြီပေါ့၊ မြတ်ဗုဒ္ဓက ယုတ်ညံ့တဲ့စကားတွေကို ရိုင်းပြတဲ့အမူအရာနဲ့ မကြားဝံ့ မနာသာ ပြောဆိုတဲ့သူတွေကို ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးတဲ့ ပုဂ္ဂိုလ်လို့ ဟောပါတယ်။ အဲဒီလို ဓားမနဲ့တူတဲ့ ကြမ်းတမ်းသော စကားတွေကို ပြောတဲ့အချိန်မှာပဲ မိမိ ကိုယ်ကိုယ်လည်း ခုတ်ဖြတ်ရာ ရောက်တယ်လို့ သတိပေးထားတယ်''
''မှတ်သားထိုက်ပါတယ် ဆရာချစ်စေလို ခံတွင်း လက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်လို့ အဆိုရှိသလိုပဲ၊ တစ်ဖက်သားကို မုန်းအောင်ပြောတာလည်း ဒီပါးစပ် ဝစီကံ၊ပြုံးအောင်လုပ်တာလည်း ဒီ ပါးစပ်ဝစီကံပါပဲ''
''သတိထားရမယ့် အချက်တွေ ပေါ့၊ စကားနဲ့ ပတ်သက်ပြီး မြတ် ဗုဒ္ဓဟောကြားထားတဲ့ ဂူထဘာဏီ သုတ်မှာလည်း မှတ်သားဖွယ်ရာ တွေရှိသေးတယ်၊ဖထီး နားထောင်ဦးမှာလား၊ တော်ချင်ပြီလား''
''ဘယ့်နှယ်မေးလိုက်တာလဲ ဆရာ၊ တစ်နေကုန်ပြောလည်း နာယူမှာပါ၊အရှင်ရာဟုလာမထေရ် မြတ်ကို ပုံပမာပြုပြီး ပြောရရင် ဆုံးမစကားတွေ များများကြားနာရလေ ဖထီးအတွက်ကောင်းလေပါပဲ၊ ပြောသာပြော''
''ကောင်းပါပြီဗျာ၊ မြတ်ဗုဒ္ဓက မစင်ကဲ့သို့ မကောင်းသောအနံ့ရှိ သောစကားကို မပြောရ၊ ပန်းကဲ့သို့ ကောင်းသောအနံ့ရှိသောစကားကို ပြောရမည်၊ပျားရည်ကဲ့သို့ ချိုသော စကားကိုပြောရမည်လို့ ဂူထဘာဏီ သုတ်မှာ ဟောကြားထားတယ်''
''ဟုတ်ကဲ့ဆရာ၊ မြတ်ဗုဒ္ဓအလို ကျအဓိပ္ပာယ်ကိုလည်း ရှင်းပြပါဦး၊ တိတိကျကျမှတ်သားချင်လို့ပါ''
''ဟုတ်ပါပြီ၊ အချို့သောပုဂ္ဂိုလ်သည် ပရိသတ်ရှေ့တွင် သက်သေ အရာထား၍ မေးမြန်းသောအခါ မသိမမြင်ပါဘဲနှင့် သိမြင်သည်ဟု ပြောသူ၊ သိမြင်ပါလျက်နှင့် မသိ မမြင်ပါဟုပြောဆိုသူသည် မိမိ ဟူသောအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါးဟူသောအကြောင်းကြောင့် ဖြစ်စေ၊ တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့်ဖြစ်စေ သိလျက်နှင့်လွဲမှားသောစကားကိုပြောသော ထိုပုဂ္ဂိုလ်မျိုးကို မစင်နှင့်တူသော စကားရှိသူ၊ မစင်ကဲ့သို့ မကောင်းသောအနံ့ရှိသောစကားကိုပြောသူလို့ဆိုပါတယ်''
''ဒီနေ့ကာလအဖြစ်အပျက်တွေ ကို မီးမောင်းထိုးပြထားသလိုပါပဲ ဆရာ၊ ကိုယ်နဲ့တိုက်ရိုက်ပတ်သက် နေတဲ့အမှုအခင်းဆိုရင် အနိုင်ရဖို့ အတွက် လိမ်လည်တိုင်ကြားထွက် ဆိုသူတွေ၊ ဆွေမျိုးတွေရဲ့အကျိုးစီးပွား၊ ကိုယ့်အလုပ်ဌာန၊ အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့အကျိုးစီးပွားအတွက် နေရာတိုင်းမှာ လိမ်လည်လှည့်ဖြား ပြောကြသူတွေ၊ ပြီးတော့ တံစိုးလက်ဆောင် စို့စို့ပို့ပို့ရထားလို့ အရှိန်အဝါ သြဇာအာဏာတွေ သုံးပြီး မမှန်စကားပြောတဲ့သူတွေဟာ ဂူထဘာဏီသုတ်အရဆိုရင် မစင်နှင့်တူတဲ့ စကားကို မြိန်ရေ ယှက်ရေပြောနေကြသူတွေလို့ သတ်မှတ်ရမှာပေါ့''
''မှန်တဲ့စကားပါလား၊ သူလည်း ပြော၊ ကိုယ်လည်းပြော ပြောဆိုနေကြတော့ နှာခေါင်းယဉ်ပြီး မစင်နံ့ နံမှန်းမသိကြတော့ဘူးပေါ့ဖထီးရ''
''ဟုတ်လိုက်လေဆရာ၊ တစ်ခါ ပန်းရနံ့စကားကို မှတ်ပါရ စေ''
''သေသေချာချာမှတ်ပါ ဖထီး ရေ့၊အချို့သောပုဂ္ဂိုလ်သည် ပရိသတ်ရှေ့တွင် သက်သေထား၍ အားကိုး တကြီး မေးမြန်းသောအခါ မိမိ သိမြင်သည်ကို သိမြင်ပါသည်ဟု အမှန်အတိုင်းထွက်ဆိုသည်။ မသိ မမြင်သည်ကို မသိမမြင်ကြောင်း အမှန်အတိုင်းပြောသည်။ ထိုပုဂ္ဂိုလ်မျိုးကို ပန်းနှင့်တူသောစကား ရှိသူလို့ ဟောကြားပါတယ်''
''ကိုယ်ကျိုး မဖက်၊ ဆွေမျိုးလည်း မငဲ့ကွက်၊ တံစိုးလက်ဆောင်ကိုလည်း စိတ်ကူးထဲမှာတောင် ထည့်မတွက်တဲ့ သူတော်ကောင်းတွေရဲ့စကားမျိုးလို့မှတ်ရမှာပေါ့''
''စံပြပုဂ္ဂိုလ်လို့ ခေါ်ထိုက်ပါတယ်။အချို့သောပုဂ္ဂိုလ်သည် ကြမ်းတမ်းသောစကားကို ပယ်၍ အပြစ်ကင်းသောစကားကို ပြောသည်။ နားချမ်းသာမည့်စကားကို ပြောသည်၊အများနှစ်သက်မြတ်နိုးဖွယ် စကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောသည်တဲ့။ ဒီလိုပုဂ္ဂိုလ်မျိုးကို ပျားရည်နှင့် တူသောစကားရှိသူလို့ မြတ်ဗုဒ္ဓက ဟောထားပါတယ်''
''ကောင်းပါလေ့ ဆရာ၊ မြတ်ဗုဒ္ဓအလိုကျ အမြတ်ဆုံးစကားကို မှတ်သားပါရစေ''
''စကားပြောဆိုမှုနဲ့ ဆိုင်တဲ့ ရှောင်ရန် ဆောင်ရန်အတွက် နည်းလမ်းညွှန်ပြ မြတ်ဓမ္မတွေက များပါဘိ။ ဝါစာသုတ်၊ ဂူထဘာဏီသုတ်၊ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်ဆိုတာ စကားပြောဆိုရာမှာ လိုက်နာရမယ့် နည်းလမ်းကောင်းတွေချည်းပဲ ညွှန်ပြထားတာပါ''
''အခုမှဥာဏ်ပွင့်တော့တယ်၊ 'ချစ်သား ရာဟုလာ၊ ဥာဏ်ပညာ မျက်စိဖြင့် ကြည့်ရှုဆင်ခြင်၍ ဆင်ခြင်၍ ဝစီကံမှုကို ပြောဆိုရမည်' ဆိုတဲ့ ဆုံးမစကားက အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်တော်မှာ လာတဲ့စကားမဟုတ်လား၊ အခုလိုအစဖော်ပေးလို့ ကျေးဇူးတင်တယ် ဆရာ၊ ဆက်ပြောပါဦး''
''မြတ်ဗုဒ္ဓက စကားပြောမယ်ဆိုရင် မှန်ကန်တဲ့စကား ဖြစ်ရမယ်၊ တစ်ဦးနဲ့တစ်ဦးချစ်ခင်ရင်းနှီးစေမယ့် စကားဖြစ်ရမယ်၊ ကောင်းစွာ ပြောဆိုရမယ်၊တရားနဲ့လျော်တဲ့စကားလည်း ဖြစ်ရမယ်လို့ လမ်းညွှန်ထားတယ်''
''ဖထီးကိုယ်တွေ့နဲ့ယှဉ်ပြီး နားလည်ပါတယ်၊ဖထီးကြုံခဲ့ရပုံက 'လှူကြကွ၊ မင်းတို့မွဲနေတာ သဘော ပေါက်၊ဘုရားဟောတဲ့အတိုင်း ငါက ပြောနေတာ'လို့အဆိုခံခဲ့ရဖူးတယ်၊ စဉ်းစားကြည့်ပေါ့ ဆရာ၊ မလှူလို့ လှူခဲ့ဖူးတဲ့ ဒါနကုသိုလ်ကံကလည်း အကျိုးပေးခွင့်မကြုံလို့ ဆင်းရဲတာ မှန်တယ်၊ ချမ်းသာချင်ရင် ဒါနပြုရ မယ်ဆိုတာလည်းမှန်ပါတယ်၊ဘုရား ဟောခဲ့တာလည်းအမှန်ဖြစ်ပေမဲ့ ဟောပုံပြောပုံက မဟန်တော့ ဒီလို ပုဂ္ဂိုလ်နဲ့မတွေ့ချင်တော့ဘူး၊ လူကိုလည်း မခင်မင်၊ တရားကိုလည်း မနာချင်ဘဲ ဝေးရာကိုသာ ပြေးချင် တော့တယ်''
''ဒီလိုအဖြစ်တွေလည်း ကြုံရ တတ်ပါတယ်။ ဝစီကံပြောမှုဆိုမှုက ဘယ်လောက် အရေးကြီးတယ် ဆိုတာ ထင်ရှားနေပါပြီ၊ 'မချေနှုတ်ကြမ်း၊လျှာသရမ်းနှင့်၊ ငေါက်ငမ်း သူမှာ မိတ်နည်းစွာခဲ့၊ နေဝါပူလောင်၊ လူတိုင်းရှောင်လျက်၊ လရောင်ချမ်းမြ၊ လူတိုင်းတ၏။ ရွှေလမင်းတူ၊ ကြည်ဖြူချိုသာ၊ ပြောအပ်စွာ'လို့ လောကနီတိပျို့ကဆိုထားပါတယ်။ မြတ်ဗုဒ္ဓ အလိုကျပါပဲ။ တစ်ဦးနှင့်တစ်ဦး မေတ္တာရွှန်းစို အချစ်တွေပို လာစေမယ့်စကား၊ တရားနှင့်လျော်တဲ့ အမှန်စကား၊ လိုက်နာကျင့်ကြံသူတိုင်း ချမ်းသာစေမယ့် အမြတ် ဆုံးစကားဆိုတာ အမြတ်တရားဓမ္မ စကားမျိုးမှတစ်ပါး တခြားစကား မရှိဘူးလို့မှတ်လိုက်ပါ၊အမြတ်တရား ဓမ္မစကားသာ ဖြစ်ပါစေ၊ ကြားမိသူတိုင်း စိတ်တွေလန်းဆန်းပြီး ရုပ်ပင်ပန်းတာတွေ ပြေပျောက်မယ်၊ လိုက်နာကျင့်ကြံလို့ ဘဝအေးချမ်းမယ်၊ ဘဝအေးချမ်းရင် စိတ်ကြည်လင်မယ်၊ စိတ်ကြည်လင်ရင် ဘဝအမြင် ခန္ဓာရဲ့ဖြစ်စဉ်အမှန်ကို နှလုံးသွင်းနိုင်ဖို့အတွက် အထောက်အပံ့ဖြစ်ပြီပေါ့ဖထီးရာ၊အကျိုးကျေးဇူးတွေ များလိုက်ပါဘိ''
''ဖထီး လေးလေးနက်နက် စဉ်းစားမိပါပြီ ဆရာ၊ဒီပါးစပ်နဲ့တော့ ခက်နေပါရော့လား၊လိမ်ညာမှုကင်း ရှင်းရှင်းပြောတာလည်း ဒီပါးစပ်ပဲ၊ လိမ်ညာလှည့်စား မစင်စကားပြော တာလည်း ဒီပါးစပ်၊စိတ်ဆိုးမုန်းတီး ရန်မီး ပွားစေတာလည်း ဒီပါးစပ်၊ မေတ္တာရွှန်းစိုအချစ်တွေပိုလာအောင် ပြောတာလည်း ဒီပါးစပ်၊ တစ်ခါ ဆက်ဆံ ဆယ်ခါလန်အောင် ပြောတာလည်း ဒီပါးစပ်၊ နိဗ္ဗာန်ဆော်တာလည်း ဒီပါးစပ်၊အကုသိုလ်ခေါ်တာလည်း ဒီပါးစပ်၊ အပါယ်လေးပါးကို အချိန်နဲ့တပြေးညီ ရောက်အောင် ပို့နိုင်စွမ်းတာလည်း ဒီပါးစပ်ပါပဲ၊ အတော့်ကို ကြောက်စရာကောင်းနေပြီ၊အကုသိုလ်မများ ကုသိုလ်ပွား စေမယ့် အမြတ်တရား ဓမ္မစကားတွေပဲ ပြောဖြစ်အောင် ဒီပါးစပ်ကို ဘယ်လိုထိန်းရမလဲ ဆရာ၊ နည်းကောင်း လမ်းကောင်းလေးများ ညွှန်ပါဦး''
''မြတ်ဗုဒ္ဓက 'သာဓုဝါစာယ သံဝရော'နှုတ်(ဝစီကံ)ကို စောင့်ထိန်း ရမယ်လို့ ဓမ္မပဒမှာ လမ်းညွှန်ထားပါ တယ်ဖထီးရေ့၊ဖထီးရဲ့နှုတ်ဖျားမှာ သတိဆိုတဲ့ အပ္ပမာဒတရားကိုသာ အစောင့်ထားလိုက်ပေရော့၊သတိကိုသာ အစောင့်ထားလိုက်ရင် ဖထီး ရဲ့နှုတ်ဖျားက ပျားရည်လိုချိုမြိန်ပြီး ပန်းရနံ့လိုမွှေးတဲ့ အမြတ်တရား ဓမ္မစကားတွေ ဖူးပွင့်လာမှာပါ၊နှုတ်နဲ့တကွ အလုံးစုံသော ဒွါရတွေကိုပါ စောင့်စည်းနိုင်ဖို့အတွက် သတိပဋ္ဌာန် လေးပါး ဝိပဿနာတရားကလွဲပြီး တခြားအားကိုးစရာမရှိပါဘူး ဖထီး ရေ့၊ သဒ္ဓါတရားကို တိုးပြီး သတိ (အပ္ပမာဒ)ကိုသာ အစဉ်နှိုးထားပေရော့။''
အားကိုးရာမှန်၊ သတိပဋ္ဌာန်၊ အမြန်ရှုပါလေ။
ဇနက(တောင်ငူ)
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

Credit # ဓမ္မပါလ
0 comments:
Post a Comment