❆ "ဖြစ်ခဲ့ပြီးသည့် အတိတ်ကိုလည်း တွေးတောတောင့်တ၊ ကြောင့်ကျမနေပါနှင့်။
မရောက်သေးသည့် အနာဂတ်ကိုလည်း တွေးတောတောင့်တ၊ ကြောင့်ကျမနေပါနှင့်။
လက်ရှိပစ္စုပ္ပန် အခိုက်အတံ့ အခြေအနေတွင်သာ မျှတနိုင်ရာ၏။

❆ ထိုသို့ လက်ရှိအခြေအနေအပေါ် ကျေနပ်အောင် နေတတ်ခြင်းသည် ချမ်းသာခြင်းနှင့် ရုပ်ရည်အဆင်းကြည်လင် လန်းဆန်းခြင်းကို ဖြစ်စေနိုင်ပေ၏။"
“အတီတံ နာနုသောစန္တိ၊ နပ္ပဇပ္ပန္တိ နာဂတံ။
ပစ္စုပ္ပန္နေန ယာပေန္တိ၊ တေန ၀ဏ္ဏော ပသီဒတိ။” (ဒေ၀တာသံယုတ် အရညသုတ်)
❆ ဘဝမှာ မမေ့နိုင်တဲ့ အတိတ်အကြောင်းတွေ အများကြီးရှိတတ်တယ်။ ကောင်းတဲ့အကြောင်း၊ မကောင်းတဲ့အကြောင်း အစုံပါနေမှာပေါ့။ ကိုယ်အပါအဝင် သတ္တဝါအတော်များများက ကောင်းတဲ့အကြောင်းထက် မကောင်းတဲ့အတိတ်ကိုပဲ အကြိမ်ကြိမ် သတိရနေမိတတ်တယ်။ မကောင်းတာကို သတိရနေမိတော့ မကောင်းတဲ့အတွေးတွေနဲ့ မကောင်းစိတ်ပဲ ဖြစ်နေမှာပေါ့။ ဖြစ်ပြီးသမျှ၊ ကျန်ခဲ့မှတော့ ပြန်တွေးနေ၊ ပြန်သတိရနေလို့လည်း အကျိုးသက်ရောက်မှုက ပြောင်းသွားမှာမှ မဟုတ်တာပဲလေ။ အတိတ်ကြောင့် ကိုယ့်စိတ်ကို အဆိပ်အတောက် မဖြစ်စေနဲ့ပေါ့။ အတိတ်ဆိုတာ တွေးပြီးဆွေးနေဖို့မှ မဟုတ်တာ။ သင်္ခန်းစာယူပြီး ပြုပြင်ဖို့ပဲ မဟုတ်လား။
❆ အနာဂတ်ဆိုတာလည်း ရည်မှန်းချက်တော့ ထားရမှာပေါ့။ ဒါပေမယ့် မရောက်သေးတာကြီးကို တွေးတောပြီး ပူပန်နေတာမျိုးတော့ မဖြစ်စေနဲ့ပေါ့။ အဝေဆုံးအနာဂတ်ကို မှန်းဆ၊ အနီးဆုံးအနာဂတ်ကို အရင်ဆုံး အကောင်အထည် ဖော်ကြရမှာပဲလေ။ ဘာဖြစ်မယ်ဆိုတာ ကြိုမသိနိုင်တဲ့ အခြေအနေမှာ ဘာကိုမှတအားကြီး မျှော်မှန်းနေဖို့ မရှိဘူးပေါ့။ မဖြစ်သေး၊ မရောက်သေးတာကို ကြိုတွေးကြိုပူနေတာလည်း ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲခြင်းပဲ မဟုတ်လား။
❆ အကောင်းဆုံးကတော့ လက်ရှိအခြေအနေပါပဲ။ လက်ရှိအခြေအနေမှာ အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲကြုံကြုံ လက်ခံနိုင်ဖို့က အဓိကပါပဲ။ လက်ခံတာဟာ ခံစားတာမဟုတ်ဘူး။ လက်မခံနိုင်လို့ ဖြစ်ရတဲ့ခံစားမှုကို သက်သာစေတဲ့ ဘဝနေနည်းပဲ။ မြတ်ဗုဒ္ဓမိန့်တော်မူတာလည်း ဒီသဘောပဲ။ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောမှာ ဖြစ်ပြီးတဲ့အကျိုးသက်ရောက်မှုကို မဖြစ်အောင်ပြန်တောင့်တဖို့မှ မဖြစ်နိုင်တာ။ လက်ရှိအနေအထားကိုပဲ ရင်ဆိုင်နိုင်ရမှာပေါ့။ လက်ရှိအခြေအနေကို လက်ခံနိုင်ပြီဆိုရင် ပူပန်ကြောင့်ကျမှုတွေ နည်းသွားမှာပဲ။ အပူအပင်မရှိရင် နေရတဲ့အခိုက်ဟာ ချမ်းသာတာပဲပေါ့။
❆ ဒါကြောင့် အတိတ်ကိုတွေးပြီး ဆွေးမနေနဲ့။
အနာဂတ်ကိုတွေးပြီး ဝေးမနေနဲ့။
လက်ရှိအချိန်မှာပဲ ရှိသမျှနဲ့ မျှတနိုင်အောင် ကြိုးစားရင်း ကျေနပ်အောင် နေတတ်ဖို့ပဲ လေ့ကျင့်ရမှာ မဟုတ်လား။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

0 comments:
Post a Comment