Monday, 7 August 2017

❆ ၀ါခေါင်လပြည့် - မေတ္တာအခါတော်နေ့ ❆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Image may contain: one or more people
 ❀ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့
ခေါ်ရတာက ပါဠိအဋ္ဌကထာဋီကာ အသွားအလာ
အဆိုအမိန့်တို့ကို ကြည့်ရှုရှေ့နောက်ထောက်ထား၍
မေတ္တာသုတ်တော်ကို ဒီနေ့မှာ(သို့မဟုတ်)
ဝါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက်
အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက်ယူဆပြီး
“မေတ္တာအခါတော်နေ့” လို့ ဆိုခြင်းဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ မေတ္တသုတ်ဟောတော်မူရခြင်း
-------------------------------------------
မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိမြို့
ဇေတ၀န်ကျောင်းမှာ ကိန်းအောင်းစံပျော်တော်မူသော
ကာလ၊ တခုသော ၀ါဆိုဦးမှာ သံဃာတော်(၅၀၀)တို့
ဘုရားထံမှာ ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး
တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရား
အားထုတ်နေကြပါတယ်။
❀ ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်
တို့၏ သီလအရှိန်ကို ရိုသေကြသောကြောင့် မိမိတို့
နေရာများမှ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။
❀ လေးစားအပ်သော ဧည့်သည်များ မိမိတို့နေရာသို့
ကြာကြာကြီး လာရောက်လျှင် အိမ်ရှင်
အနေကြပ်သလိုပါပဲ။ သံဃာကို ရိုသေတဲ့
နတ်များ၊ ရုက္ခစိုး၊ ဘုမ္မစိုးများပေါ့။ အနေကြပ်ကြတဲ့
အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြတဲ့
သံဃာတော်များကို ခြိမ်းခြောက်ကြ၊
ချောက်လှန့်ကြပါတယ်။
❀ အဲဒါကြောင့် သံဃာတော်များ သမာဓိပျက်ပြီး၊
ဝါဆိုပြီးစ ၀ါတွင်းကာလမှာဘဲ ဇေတ၀န်ကျောင်းတော်သို့
ပြန်လာခဲ့ရပါတယ်။ မြတ်စွာဘုရားက မေးစစ်တော့
တောချောက်လို့ ပြန်လာခဲ့ရတဲ့ အကြောင်း
လျှောက်တင်ကြပါတယ်။ အဲဒီအခါ
မြတ်ဘုရားက သင်တို့-အဲဒီတောက နတ်တွေကို
မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့်တာပဲ။
သူတို့နေရာမှာ သူတို့ကို ကောင်းစွာ မိတ်ဖွဲ့ပြီးမှ
နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။
ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို
သင်ယူသွားကြ၊ ဒီနေရာဒီတောကိုပဲပြန်သွားကြ၊
တောသို့မ၀င်ခင် အဲဒီနတ်တွေကို မိတ်ဖွဲ့ကြ၊
မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်းကတော့
မေတ္တာတရားပဲဟု မိန့်တော်မူကာ
မေတ္တာသုတ်ကို ဟောတော်မူပါတယ်။
“မေတ္တာအစွမ်းဖြင့် နတ်များဖြင့်ပြေလည်သွားခြင်း”
-----------------------------------------------------
မေတ္တာသုတ်ကို နာကြားသင်ယူပြီး ထိုရဟန်း(၅၀၀)တို့
ထိုတောကို ပြန်သွားကြရပါတယ်။
တောမ၀င်ခင် မေတ္တာပွားကြတဲ့အတွက် ယခင်
ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့
ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ
ခရီးဦးကြိုဆို၍ နေရာပေးကြ၊ ပြုစုလုပ်ကျွေးကြပါတယ်။
မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး
နတ်များအစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း
(၅၀၀)တို့ ထိုတောမှာပဲ ၀ါဆိုဝါကပ်ပြု၍
တရားအားထုတ်ကြရာ အားလုံး ၀ါတွင်းမှာပဲ ရဟန္တာ
ဖြစ်ကြပါတယ်။
❀ ဒုတိယ ပ၀ါရဏာပြုအပြီးမှာ ဘုရားဖူးဖို့၊
ပြန်လည် အစီရင်ခံဖို့ ဇေတ၀န်သို့
ပြန်ခဲ့ကြပါတယ်။အထက်ပါ အတ္ထုပ္ပတ္တိအသွား
အလာကိုကြည့်လျှင် နတ်များချောက်သဖြင့်
ဇေတ၀န် ပြန်ရောက်တာ ၀ါခေါင်လပြည့်
ဒုတိယ၀ါဆိုနေ့ပါပဲ။ မေတ္တာသုတ်ကို ထိုနေ့မှာ
နာကြားပြီး ထိုတောသို့ပဲပြန်၍ ၀ါကပ်ခဲ့ရတာ
ဖြစ်ပါတယ်။ ထို့ကြောင့်ဝါခေါင်လပြည့်နေ့ကို
“မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်”
လို့ ခေါ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။
“မေတ္တာတရား(၀ါ) မြင့်မြတ်သောကျင့်စဉ်”
--------------------------------------------
မေတ္တာဆိုတာကို အဘိဓမ္မာမှာ တရားကိုယ်အားဖြင့်
အဒေါသ စေတသိက် လို့ ဆိုပါတယ်။
အမျက်မထွက်ခြင်း၊ စိတ်မဆိုးခြင်း၊ မဖျက်ဆီးခြင်း၊
မနှောင့်ယှက်ခြင်း၊ ရန်မပြုခြင်း စသည်
အဓိပ္ပာယ်များရပါတယ်။
❀ ဒေါသက ရန်ညှိုးရန်သူဖွဲ့တဲ့ မကောင်းတရားဖြစ်လို့
အဒေါသက မိတ်ဆွေဖွဲ့တဲ့တရား၊
ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့
အကောင်းတရားပါပဲ။
❀ ဒေါသသည် အပူဓာတ်ဖြစ်လို့ အဖွဲ့အစည်းကို
ပျက်ပြယ်စေတတ်ပါတယ်။
အဒေါသကတော့ အအေးဓာတ်ဖြစ်တဲ့အတွက်
အဖွဲ့အစည်းကို အားပေးခိုင်မြဲစေပါတယ်။
မှန်ပါတယ်။ ဒေါသအားကြီးတဲ့သတ္တ၀ါများမှာ
ကြမ်းတမ်းတဲ့ သဘောတွေလွှမ်းနေတာကြောင့်
ချဉ်းကပ်ပေါင်းသင်းဖို့ အလွန်ခက်ပါတယ်။
❀ သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်။
ကျားတွေ၊ ခြင်္သေ့တွေ၊ မြွေပွေး၊ မြွေဟောက်တွေ
အနီးအနားသို့ လူတွေ၊ တိရိစ္ဆာန်တွေဟာ ချဉ်းကပ်
ဖို့ရန် မ၀ံ့မရဲ ခက်ခဲ နေသလိုပါပဲ။ ဒါကြောင့်
မေတ္တာဘာဝနာ ဆိုတာဟာ ကျား၊ ခြင်္သေ့၊ မြွေပွေး၊
မြွေဟောက်နဲ့တူတဲ့ ဒေါသစိတ်ကို ခေါင်းပါးအောင်၊
ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲ
ဖြစ်ပါတယ်။
“မေတ္တာ၏ ရှေ့ပြေးအကျင့် (၁၄)ပါး”
--------------------------------------
မေတ္တာသုတ်တော်မှာ တောရပ်မှီရဟန်း(၅၀၀)တို့အား
မြတ်စွာဘုရားက မေတ္တဘာဝနာကျင့်မယ့်ပုဂ္ဂိုလ်သည်
ရှေ့ပြေးအကျင့် (၁၄) ပါးကို ကျင့်ရမယ်လို့
ဟောပါတယ်။ တကယ်တော့ မေတ္တာဘာဝနာဖြင့်
ဒေါသကို လျော့၍ လျော့၍၊ နှိမ်၍ နှိမ်၍၊
ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း
ဒေါသခေါင်းပါးလာသောအခါ
အတ္ထကုသလ၊ သက္က၊ ဥဇု စသော ကောင်း
မြတ်သည့် ဂုဏ်အရည်အချင်းများ တိုးတက်လာမည်
ဖြစ်ပါသည်။
❀ “အတ္ထကုသလ” ဆိုတာ အကျိုးစီးပွားရှိသည့်
အလုပ်၌ ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။
ဒေါသော အတ္ထန ဇာနာတိ စသည်ဖြင့် ဟောသော
ဒေသနာများမှာ ဒေါသသည် ကောင်းကျိုး၊ ဆိုးကျိုးကို
မသိ၊ မမြင်ဟု ဟောတော် မူပါသည်။
အဲဒါကြောင့် ဒေါသကင်းသောစိတ် = အဒေါသစိတ်ကို
ပိုင်ဆိုင် သူသည်သာလျှင် အတ္ထကုသလ =
အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊
သက္ကော = မိမိ သူတပါး အကျိုးများသည့် လုပ်ငန်း၌
စွမ်းနိုင်သူ စသည် ဖြစ်လာပါလိမ့်မည်။
❀ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့်
လူအများ အကျိုးဖြစ်မည့် လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှု
နှင့် စွမ်းရည်များမရှိတော့သည့်အပြင် ပျက်စီးခြင်း
သို့ပင် ကျရောက်သွားနိုင်ပါသည်။
သို့ဖြစ်၍ ဒေါသစိတ်ကို မေတ္တာဖြင့် ပယ်ရှားနိုင်သူသည်-
(၁)။ မိမိ သူတပါး ကောင်းကျိုးများမည့် လုပ်ငန်းများ၌
ကျွမ်းကျင်နိုင်နင်းလာမည်။
(၂)။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော
အစွမ်းသတ္တိများ ရှိလာမည်။
(၃)။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်
သုံးပါး အလွန်ဖြောင့်မတ်လာမည်။
(၄)။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆို
ဆက်ဆံရာမှ အလွန်လွယ်ကူလာမည်။
(၅)။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင်
နေတတ်သူ ဖြစ်လာမည်။
(၆)။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့
လွယ်ကူချောမွတ်နေမည်။
(၇)။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်
သည့်အတွက် အမှုကိစ္စ မများတော့ပေ။
(၈)။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး
ကိုယ်နှုတ်စိတ်များ ပေါ့ပါး သွက်လက်လာမည်။
(၉)။ တည်ငြိမ်သော စိတ်ထား၊ ရင့်ကျက်သော
အသိဉာဏ်၊ ယဉ်ကျေးသိမ်မွေ့ ချိုသာသော
စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း
(Gentleman) တယောက် ဖြစ်လာလိမ့်မည်။
(၁၀)။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိ
ပတ်ဝန်းကျင် လောကနှင့်လူသားတို့ အပေါ်မှာ
ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍မနေဘဲ
ထိုဒေါသဖြင့်ပင် အမျက်ထွက်၍မောင်းနှင် မထုတ်ဘဲ၊
တွယ်တာခြင်း (Attachment) နှင့်
တွန်းထုတ်ခြင်း (Detachment) တို့မှ
လွတ်မြောက်၍ တနည်းအားဖြင့် ရာဂဖြင့် ငြိကပ်ခြင်း၊
ဒေါသဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍
ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ်မှာ ချစ်သူ၊ မုန်းသူ၊
ဝေးသူ နီးသူ၊ ယုတ်သူ မြတ်သူ စသည် မခွဲခြား၊
တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊
ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည်
ဖြစ်သည်။
❀ ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍
လည်းကောင်း၊ အပရိမာဏ ဟူ၍ လည်းကောင်း
ဟောတော်မူပါသည်။
❀ ဤမေတ္တာသုတ်တော်၌ အကောင်းတွေချည်း ဖြစ်ပါစေ
ဟူ၍ ပို့သောနည်း၊ မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍
ပို့သောနည်းအားဖြင့် (၂) နည်းဖြင့် ကျင့်သုံးနိုင်ပါသည်။
ပထမနည်း၌ မြင်ဘူးသော သတ္တ၀ါ၊
မမြင်ဘူးသော သတ္တ၀ါ၊
မြင်နိုင်သော သတ္တ၀ါ၊
မမြင်နိုင်သော သတ္တ၀ါ၊
ကိလေသာရှိသော သတ္တ၀ါ၊
ကိလေသာကင်းသော သတ္တ၀ါ၊
ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊
ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊
ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊
ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ၊
ထိုဆိုခဲ့သော သတ္တ၀ါအားလုံးတို့သည်
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

❀ ထို့ပြင် ကိုယ်ခန္ဓာ တိုသောသတ္တ၀ါ၊
မတိုမရှည် အလတ်ရှည်သောသတ္တ၀ါ။စားသတ္တ၀ါ၊ ကိုယ်ခန္ဓာ ကြီးသော
သတ္တ၀ါ၊ ငယ်သော မကြီးမငယ် အလတ်စား သတ္တ၀ါ၊
ကိုယ်ခန္ဓာဝသော ပိန်သော မပိန်မဝ
အလတ်စားသတ္တ၀ါ အားလုံးတို့သည်-
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အဲဒီလိုလဲ ပွားများနိုင်ပါတယ်။
❀ မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ-
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်-
၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။
❀ မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန်
ဤသို့ လည်း ဆင်ခြင်အပ်ပါသည်။
“ ကိုယ်တိုင် ရင်၌ လွယ်၍ မွေးဖွားလာခဲ့ရသော
တဦးတည်းသော သားရှိသည့် မိခင်သည် ထိုသားငယ်
ရင်ခွင်၌နေစဉ် ကျင်ကြီးကျင်ငယ်ကိုစွန့်၍
ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ
အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း အလျဉ်းမရှိဘဲ
ထိုတစ်ယောက်တည်းသော သားရင်းကို မိမိ၏
အသက်ကိုပင် စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်
ပြုစုသလို ” သတ္တ၀ါအားလုံး၏ အပေါ်မှာ
အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း
လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ
ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု
ဟောတော်မူပါသည်။ အနနတစကြာဝဠာ၊
အနန္တ သတ္တ၀ါတို့အပေါ်မှာ ဒေါသဟူသည့်
အတွင်းရန်ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ
ကျယ်ပြန့် မွန်မြတ်သည့်စိတ်ကို တိုးပွားအောင်
ကြိုးစားကြရမှာ ဖြစ်ပါတယ်။
မြင့်မြတ်သောနေခြင်း(မေတ္တာစိတ်ဖြင့်နေခြင်းအကျိုး)
-----------------------------------------------------
နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏
ကောင်းကျိုးချမ်းသာ ဖြစ်စေချင်သောစိတ်
မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော
ကျယ်ပြန့်သော မွန်မြတ်သော ဟိတကာမစိတ်ကို
နေ့နေ့ညညမရပ်မနား သွားသွားရပ်ရပ်၊
ထိုင်ထိုင်အိပ်အိပ် မတိတ်ဆိတ်ဘဲ
အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။
ဤသို့လျှင် မေတ္တာအသိ အမြဲရှိသူတို့၏ နေခြင်းကို
“ဗြဟ္မ၀ိဟာရ (Noble Abiding) =
မြတ်သောနေခြင်း” ဟု ခေါ်ပါသည်။
❀ သူတော်စဉ်အပေါင်းတို့ ကိုယ်ကျိုး သူကျိုး ဤနှစ်မျိုးကို
သည်ပိုးဆောင်ရွက် လိုသူတိုင်း ဤမေတ္တာဘာဝနာကို
ပွားများကြရပါသည်။မေတ္တာပြည့်စုံလျှင် ခန္တီပါ
ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော
အကျိုးကိုပွားများကြရပါသည်။ မေတ္တာပြည့်စုံလျှင်
ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော
အကျိုးကို ဤဘ၀မှာပင် ရရှိနိုင်ကြမည် ဖြစ်ပါသည်။
-【သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ】
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support