❀ ကုသိုလ်အလုပ်က ကောင်းတယ်။ အများမကြိုက်ဘူး။
အကုသိုလ်အလုပ်က မကောင်းဘူး။ အများကြိုက်တယ်။

❀ ပုထုဇဉ်တွေရဲ့ စိတ်ဆိုတာ ကောင်းတာထက် မကောင်းတာမှာ ပိုပျော်ကြတယ်။
ကောင်းတဲ့ဘက်မှာ တိုက်တွန်းရသလောက် မကောင်းတဲ့ဘက်မှာ အခိုင်းလွတ်ကို
ပျော်နေမိတတ်ကြတယ်။ လူအတော်များများက စိတ်ထိန်းရတဲ့အလုပ်ကို မကြိုက်ကြဘူး။
အာရုံမှန်သမျှ လွတ်လွတ်လပ်လပ် လိုက်ခံစားရတာကို သဘောကျတတ်တယ်။
လိုချင်မှုတွေနဲ့ ပျော်တယ်။ စိတ်ရှိတိုင်း လုပ်လိုက်ရတာကို ကျေနပ်တယ်။
မသိတာကို အရှိငါထင်နေတတ်တယ်။
❀ မကောင်းမှုမှာပျော်၊ ကောင်းမှုမှာ ချော်နေတတ်တဲ့ ပုထုဇဉ်တွေအတွက် ကုသိုလ်နဲ့အကုသိုလ်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အကျိုးပေးမှုကျတော့လည်း ကွာခြားတယ်။ ကုသိုလ်ကို ကိုယ်ကလုပ်ထားရင် ကုသိုလ်က ကိုယ့်ကို တာဝန်ယူတယ်။ အချိန်တန်ရင်၊ အခွင့်သာရင် ကိုယ်မမျှော်လည်း သူက ကောင်းကျိုးကို ဖြစ်စေတယ်။ အကုသိုလ်ကို ကိုယ်ကလုပ်မိရင်တော့ အဲဒီအကုသိုလ်ကို ကိုယ်ကတာဝန်ယူရတယ်။ ကိုယ်လုပ်ထားတဲ့ စေတနာအတိုင်း ကိုယ်က ပြန်လည်ပေးဆပ်ရတယ်။ တစ်ခါတလေ လုပ်လိုက်တဲ့ အကုသိုလ်အလုပ်လေးက အသေးလေး၊ ခံစားရတဲ့ ခံစားမှုကလည်း ခဏလေးပေမယ့် ပြန်လည်ပေးဆပ်ရတဲ့အခါကျတော့ အကြားကြီးနဲ့ အများကြီး ပေးဆပ်ရတယ်။
❀ သတ္တဝါတွေဟာ ပျက်စီးချိန်တန်လာရင် အကုသိုလ်ကို ကုသိုလ်ထင်၊ ကုသိုလ်ကို အကုသိုလ်ထင်၊ အမှန်ကိုအမှား အမှားကိုအမှန်ထင်ပြီး ဘုရားမရှိ၊ တရားမသိ၊ သံဃာမကြည့်ဘဲ ဖြစ်တတ်တယ်တဲ့။ မန်လည်ဆရာတော်ဘုရားကြီးက "အကြင်လူများ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်ဆီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့်၊ ဘုရားသော်မှ၊ ဟောမရဘူး"လို့ မိန့်တော်မူတယ်။ ဒီအထဲ ကိုယ်မပါစေနဲ့။
❀ ကုသိုလ်အလုပ်ဆိုတာ လုပ်ချင်ချင်မလုပ်ချင်ချင် လုပ်ကိုလုပ်ရတယ်။
အကုသိုလ်အလုပ်ကတော့ လုပ်ချင်ပေမယ့်လည်း မလုပ်ဖြစ်အောင် ထိန်းရတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

0 comments:
Post a Comment