Sunday, 27 August 2017

ကံကြမ္မာဝဋ်ကြွေး ပြေးမလွတ်ပါ ★ ★ ★ ★ ★ ★ ★ ★ ★


 Image may contain: 1 person, sitting and text
 ❀
လူ့ဘဝမှာ မကောင်းမှုတွေလုပ်ခဲ့သမျှဟာ
ဘဝသံသရာအတွက် ဝဋ်ကြွေးတွေချည်းပါပဲ။
ကံကြမ္မာဝဋ်ကြွေးဆိုတာ
အနှိုင်းမဲ့မြတ်ဗုဒ္ဓတောင်မှ ပြေးမလွတ်ခဲ့ပါဘူး။
❀
ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်
မိမိပြုလုပ်ခဲ့တဲ့ လွဲမှားတဲ့အရာမှန်သမျှဟာ
ဘယ်လိုဆင်ခြေမျိုးတွေပဲပေးပေး
မိမိသန္တန်မှာ မပျောက်မပျက်ရှိနေမှာဖြစ်ပြီး
ဒီဝဋ်ကြွေးတွေက လွတ်အောင်ပြေးဖို့ဆိုတာ
ဘယ်သံသရာမှာမှမရှိပါဘူး။
❀
ဒီတော့ကာ
ကံကြမ္မာဝဋ်ကြွေးတွေ သံသရာမှာမတင်ရှိဖို့၊
မပေးဆပ်ကြရဖို့အတွက် မကောင်းတဲ့စိတ်တွေ၊
မကောင်းတဲ့ အပြုအမူတွေ၊ မကောင်းတဲ့
လုပ်ရပ်တွေကို
လက်တွေ့မပြောနဲ့၊
စိတ်အကြံလေးနဲ့တောင် မတွေးကြပါနဲ့၊
မကြံကြပါနဲ့၊ မပြောကြပါနဲ့၊ မလုပ်ကြပါနဲ့။
❀
တစ်ဘဝစာ တစ်ခဏတာ အရေးကြည့်ပြီးလည်မကောင်းမှုမပြုကြပါနဲ့။ မကောင်းတာမကြံကြပါနဲ့
မကောင်းတဲ့အတွေးအခေါ် အယူအဆနဲ့ လုပ်ရပ်တွေဟာ
ဘဝဝဋ်ကြွေးတွေချည်းပဲဖြစ်တယ်ဆိုတာ သတိထားရှောင်ကြဉ် ကြိုးကုတ်အားထုတ်တော်မူနိုင်ကြပါစေ။
....................
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
Credit ဓမ္မ အနှစ်​သာရ
Share:

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော မှတ်သာဖွယ်ရာများ

 
 ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
ရတနာသုံးပါး
၁။ ဘုရား
၂။ တရား
၃။ သံဃာ
ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ
မြတ်စွာဘုရား၏ ဖခမည်းတောအမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ဘမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊
ညီနော်အာနန္ဒာ၊
ယသော်ဓရာ၊
ဗောဓိညောင်ပင်
သံဝေဇနိယ လေးဌာန
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၎။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ
သတ္တဌာန ခုနှစ်ပါး
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြံ
၎။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်ဝယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ လင်းလွန်းပင်အရပ်
ဘုရားဂုဏ်တော်ကိုးပါး
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၎။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောက၀ီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။
တရားဂုဏ်တော် ခြောက်ပါး
၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၎။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။
သံဃာ့ဂုဏ်တော် ကိုးပါး
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်ဝတ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၎။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။
အနှစ်သုံးပါး
၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ
ပစ္စည်းလေးပါး
၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း
ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း
ဆွမ်းအကျိုး ငါးပါး
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၎။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း
ပန်းလှူရသည့် အကျိုးသုံးပါး
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။
သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၎။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘ၀ရောက်နိုင်သည်။
တရားနာခြင်း၏ အကျိုး ငါးပါး
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၎။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။
မေတ္တာအကျိုး ၁၁ ပါး
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၎။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။
သည်းခံခြင်းအကျိုး ငါးမျိုး
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။
အပယ်လေးပါး
၁။ ငရဲ
၂။ တိရိစ္ဆာန်
၃။ ပြိတ္တာ
၎။ အသူရကာယ်
ကပ်သုံးပါး
၁။ ဒုဗ္ဘိက္ခန္တရကပ်
ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန္တရကပ်
လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်
ရပ်ပြစ်ရှစ်ပါး
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တ၀ါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တ၀ါ
၎။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ၀ိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။
ရန်သူမျိုး ငါးပါး
၁။ ရေ
၂။ မီး
၃။ မင်းဆိုး
၎။ သူခိုး
၅။ မချစ်မနှစ်သက်သောသူ
ဝိပတ္တိတရား လေးပါး
၁။ သီလ၀ိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရ၀ိပတ္တိ = အကျင့်ပျက်ခြင်း
၎။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း
ဗျသနတရား ငါးပါး
၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း
ကိလေသာ သုံးပါး
၁။ လေဘ ၂။ ဒေါသ ၃။ မောဟ
ကာလ သုံးပါး
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ
အဂတိတရား လေးပါး
၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ
မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း
သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း ၂။ သေဆုံးခြင်း
ကံသုံးပါး
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း
အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၎။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ
ပိဋကတ် သုံးပုံ
၁။ သုတ္တန် ၂။ ၀ိနည်း ၃။ အဘိဓမ္မာ
စေတနာ သုံးတန်
၁။ ပုဗ္ဗ =ကြိုတင်စေတနာ ၂။ မုဉ္စ = ပြုဆဲစေတနာ ၃။ ပရ = ပြုပြီးစေတနာ
လောကပါလတရား သုံးပါး
၁။ လွတ်လပ်ခြင်း ၂။ ညီမျှခြင်း ၃။ တရားမျှတခြင်း
လောက သုံးပါး
၁။ သတ္တလောက = လူသတ္တ၀ါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တ၀ါအားလုံးရှိသောလောက
ဗြဟ္မစိုရ်တရား လေးပါး
၁။ မေတ္တာတရား ၂။ ကရုဏာတရား ၃။ မုဒိတာတရား ၄။ ဥပက္ခာတရား
သမ္ပတ္တိတရား လေးပါး
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၎။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။
သမ္ပဒါတရား လေးပါး (မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လ၀ီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၎။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု
ခန္ဓာ ငါးပါး
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။ သင်္ခါရက္ခန္ဓာ
၎။ သညာက္ခန္ဓာ
၅။ ၀ိညာဏက္ခန္ဓာ
သစ္စာ လေးပါး
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၎။ မဂ္ဂသစ္စာ
စေတီ လေးမျိုး
၁။ ဓမ္မစေတီ
၂။ ဓါတုစေတီ
၃။ ဥဒ္ဓိဿစေတီ
၎။ ပရိဘောဂစေတီ
ဥပါယ်တံမျဉ် လေးမျိုး
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၎။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။
Credit အသိတစ်​လုံး အမြတ်​ဆုံး
Share:

ကံသုံးကံ ======

Image may contain: text
 ❀ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ဖြစ်၏။
ဘုရားရှင်အား ဖူးမျှော်ကန်တော့ရန် နေရာဒေသအသီးသီးမှ ရဟန်းတော်များကြွရောက်စဉ်
လမ်းခရီး၌ ကြုံတွေ့ခဲ့ရသော အကြောင်းအရာသုံးခုကိုအခြေပြု၍၊
ဤ ဒေသနာတော်ကို သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်း၌ ဟောတော်မူခြင်းဖြစ်၏။
❀ (၁)ဘုရားရှင်ထံဖူးမျှော်ရန်လာခဲ့ကြသော ရဟန်းတော်တို့သည် ရွာတရွာသို့ ရောက်သောအခါ ဆွမ်းခံဝင်ကြ၏။
ရွာသူရွာသားအပေါင်းတို့သည် စေတနာသဒ္ဓါတရားထက်သန်စွာ ရဟန်းတော်များအား ဆွမ်းစားဇရပ်သို့ ပင့်ဆောင်ပြီး အာရုံဆွမ်းအဖြစ် ယာဂု(ဆန်ပြုတ်)ခဲဘွယ်ဘောဇဉ်များ ဆပ်ကပ်လှူဒါန်းကြပြီးလျှင် နေ့ဆွမ်းအလို့ငှါ ဆွမ်း ဆွမ်းဟင်းများချက်ပြုတ်ကြ၏။
ထိုသို့ ပြုလုပ်နေစဉ် ဆွမ်းဟင်း ချက်ပြုတ်နေသော အိမ်တအိမ်၏ ဟင်းအိုးမှ မီးထတောက်ကာ အိမ်ကို မီးစွဲလောင်လေ၏။
မီးလောင်စဉ် အိမ်အတွင်းမှ ကောက်ရိုးကရွတ်ခွေ တခုသည် လေနှင့်အတူ အထက်သို့ လွှင့်ပါသွားပြီး ကောင်းကင်တွင်ပျံနေသော ကျီးကန်း၏ လည်ပင်း၌ စွပ်မိကာ မီးလောင်၍ ကျီးသေဆုံးသွားလေ၏။
ထိုအဖြစ်ကို ရဟန်းတော်များ မြင်တွေ့သဖြင့် အံ့သြဘနန်းဖြစ်ကာ မှတ်သားထားလေ၏။
❀ (၂)အရပ်တပါးမှ ကြွလာသော ရဟန်းတော်တစုသည်လည်း ဘုရားရှင်ကိုဖူးမျှော်ရန် သင်္ဘောစီး၍လာစဉ်
သင်္ဘောသည် ရေအလယ်၌ ရပ်လေ၏။မည်သို့ပင်ကြိုးစားဆောင်ရွက်သော်လည်း ရေလည်၌ ကျောက်ချ ထားသကဲ့သို့ တည်လေ၏။
“ဤသင်္ဘောပေါ်တွင် လူယုတ်မာတယောက် ရှိသဖြင့်သင်္ဘောထွက် မရခြင်းဖြစ်မည်။မဲချကြစို့” ဟု စည်းဝေးတိုင်ပင်ပြီး မဲချရာ သင်္ဘောသူကြီး၏ ဇနီးသည် သူယုတ်မာမဲ ပေါက်လေ၏။
သင်္ဘောသူကြီးသည် ငယ်ရွယ်နုပျိုလှပသော ဇနီးချောကို မစွန့်နိုင်သဖြင့် ထပ်မံ မဲချခိုင်း၏။
သုံးကြီမ်တိုင်တိုင် သင်္ဘောသူကြီး၏ဇနီးသည် သူယုတ်မာမဲ ပေါက်လေ၏။
လူအများ အသက်ချမ်းသာကြောင်းကို ငဲ့ကွက်ပြီး သင်္ဘောသူကြီး၏ဇနီးအား ရေထဲပြစ်ချဘို့ ဆုံးဖြတ်ကြ၏။
သင်္ဘောသူကြီးက မိမိဇနီး ရေထဲပေါလောမျောပါပြီး ဆင်းရဲဒုက္ခဖြစ်နေသည်ကို မကြည့်မမြင်လိုပါ။
လည်ပင်းသဲအိုးဆွဲပြီး ပြစ်ချရန် အကြံပေးသဖြင့် သင်္ဘောသားများက သမုဒ္ဒရာထဲပြစ်ချလိုက်ကြ၏။
ထိုအခါတွင်မှ သင်္ဘောသည် အရှိန်နှင့်ထွက်ခွာလေ၏။
ထိုအဖြစ်ကို ရဟန်းတော်များ မှတ်သားထားလိုက်ပြန်၏။
❀ (၃)နောက်ဆုံး ဘုရားဖူးမျှော်ရန် ထွက်ခွာလာသော ရဟန်းခုနှစ်ပါးသည် လမ်းခရီးတွင် ကျောင်းတကျောင်းသို့
ဝင်ရောက်တည်းခိုရာ နေရာမရသဖြင့် တောင်စောင်းရှိ လှိုင်ဂူအတွင်းဝင်ရောက်ကာ တည်းခိုကျိန်းစက်ရ၏။
မမျှော်လင့်ဘဲ ရုတ်တရက် အိမ်လုံးပမာဏရှိသော ကျောက်တုန်းကြီးသည် လှိုင်ဂူဝတွင် အလိုအလျောက် လာရောက်ပိတ်ဆို့လေ၏
အနီးအနားရှိ ရွာသူရွာသားများနှင့် ကျောင်းနေရဟန်းတော်များ စုပေါင်း၍ ဖယ်ရှားသော်လည်းမရ။
ရဟန်းတော်များ ခုနှစ်ရက်တိုင်တိုင် အစာရေစာပြတ်လပ်ကာ ဆင်းရဲဒုက္ခခံစားပြီးမှ အလိုအလျောက် ကျောက်တုန်းကြီး ရွေ့လျားသွားလေ၏။
❀ ထိုဖြစ်စဉ်များ ကြုံတွေ့ကြပြီးနောက် ရဟန်းတော်များ ခရီးဆက်လက် ထွက်ခွါလာခဲ့ကြရာ
တနေရာတွင် ဆုံတွေ့ကြသဖြင့် အတူတကွ ဘုရားရှင်ထံ ၀င်ရောက်ကန်တော့ကြပြီး
မိမိတို့ ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်သုံးခုနှင့် အတိတ်အကုသိုလ် ၀ဋ်ကြွေးအကြောင်းကို လျောက်ထားသဖြင့် ဘုရားရှင်က အောက်ပါအတိုင်း ဟောကြားတော်မူလေသည်။
❀ (၁)ကျီး၏အကုသိုလ်ကံ
ကျီးသည် ဗာရဏသီပြည်၌ လယ်သမားတယောက်ဖြစ်ခဲ့၏။လယ်ထွန်စဉ် နွားသည် မကြာခဏ ၀ပ်၏
လယ်သမားကရိုက်၏။နွားကားမထ၊၀ပ်မြဲဝပ်နေ၏။ လယ်သမားသည် စိတ်တိုသဖြင့် ပေကပ်ကပ်လုပ်နေသော နွား၏လည်ပင်းတွင် ကောာက်ရိုးများရစ်ပတ်ပြီး မီးရှို့ လေရာ နွာသေလေ၏။
ထိုသို့ ပြုဘူးသော အကုသိုလ်ကံကြောင့် ငရဲ၌ ဆင်းရဲဒုက္ခ ခံစားရပြီးလျှင် အကုသိုလ်ကံကြွေး ကျန်နေသေးသဖြင့် ခုနှစ်ကြီမ်တိုင်တိုင် ကျီးဘ၀တွင် မီးကွင်းစွပ်ခံရပြီး သေဆုံးခဲ့ရလေသည်။
❀ (၂) သဲအိုးစွပ် ရေနစ်ခံရသူ၏ အကုသိုလ်ကံ
သင်္ဘောသူကြီး၏ ဇနီးသည် ဘ၀တခုတွင် သူဌေးကတော်ဖြစ်ခဲ့၏။ခွေးတကောင်သည် သူမ သွားလေရာသို့ အမြဲလိုက်လေ့ရှိ၏။သူမနောက်သို့ လိုက်မလာစေရန် မောင်းထုတ်သော်လည်းမရ။
လိုက်မြဲလိုက်၏။ အခြားသူများက ပြောင်လှောင်ပျက်ရယ်ပြုသဖြင့် အရှက်ရကာ
ခွေးလည်ပင်းတွင် သဲအိုးစွပ်၍ ရေနစ်သတ်လိုက်၏။ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ကြာမြင့်စွာ
ခံစားရပြီးလျှင် အကုသိုလ်ဝဋ်ကြွေး မကုန်သေးသဖြင့် ဘ၀တရာတိုင်တိုင် လည်ပင်းသဲအိုးဆွဲခံရကာ ရေနစ်သေဆုံးခဲ့ရလေသည်။
❀ (၃)ရဟန်းခုနှစ်ပါး၏အကုသိုလ်ကံ
လှိုင်ဂူအတွင်း ပိတ်မိနေကြသော ရဟန်းခုနှစ်ပါးတို့သည် ဘ၀တခုတွင် အတူတကွ နွားကျောင်းသား
ဖြစ်ခဲ့ကြ၏။
တောင်ပို့အတွင်း ၀င်သွားသော ဖွတ်တကောင်ကို မြင်တွေ့သဖြင့် ဖမ်းကြရာ နေ၀င်သည့်တိုင် ဖွတ်ကို
မမိ။ နောက်နေ့မှ ဖွတ်ဖမ်းရန်ရည်ရွယ်၍ တောင်ပို့ရှိ အပေါက်ခုနှစ်ပေါက်ကို တယောက်တပေါက်စီ
ပိတ်ပြီး သစ်ရွက် သစ်ခက်များဖြင့် ပိတ်ဆို့ထားခဲ့ကြ၏
ခုနှစ်ရက်ပြည့်မှ သတိရသဖြင့် ပိတ်ဆို့ထားသော သစ်ရွက်သစ်ခက်များကို ဖယ်ရှားလိုက်သောအခါ အားအင်ချိနဲ့စွာဖြင့် တောင်ပို့အတွင်းမှ ထွက်လာသော ဖွတ်ကို တွေ့သဖြင့် သနားကရုဏာဖြစ်ခါ မသတ်တော့ဘဲ ချမ်းသာရာသို့ လွတ်ပေးခဲ့ကြ၏။
ဖွတ်ကို မသတ်ခဲ့သဖြင့် ငရဲသို့ မကျရောက်ခဲ့သော်လည်း ခုနှစ်ရက်တိုင်တိုင် ဖွတ်ကို ပိတ်ဆို့ထားခဲ့ဘူးသော အကုသိုလ်ကံကြောင့် ဆယ့်လေးဘ၀တိုင်တိုင် အစာရေစာ ပြတ်လပ်ခဲ့ရလေသည်။
ဤသို့ သတ္တ၀ါသုံးမျိုးတို့၏ မိမိတို့ပြုလုပ်ဘူးသော အကုသိုလ်ကံအားလျော်စွာ ခံစားရပုံကို ဘုရားရှင်က ရှင်းပြတော်မူပြီးလျှင်--
❀ “ရဟန်းတို့…
မကောင်းမှု ပြုသောသူသည်-
ကောင်းကင်၌ ပျံနေသော်လည်းကောင်း၊သမုဒ္ဒရာအလယ်၌တည်နေသော်လည်းကောင်း၊
တောင်ခေါင်အတွင်းသို့ဝင်၍ နေသော်လည်းကောင်း၊မကောင်းမှုမှမလွတ်နိုင်ချေ။
မကောင်းမှုမှ လွတ်မြောက်အောင် ပုန်းရှောင်နိုင်သောအရပ်သည် မရှိသည်သာတည်း” ဟု မိန့်တော်မူ၏။
တရားအဆုံး၌ ရဟန်းတော်များ သောတာပန် တည်ကြ၏။
မကောင်းမှုမှန်၊ပြုသူမှန်လျှင်၊
ထက်ယံအာကာ၊တက်ပျံကာနှင့်၊
သမုဒ္ဒရာဝင်အောင်း၊တောင်ခေါင်းသို့ဆင်း၊
ပုန်းကပ်ချည်းလည်း၊ပြုရင်းကြောင်းစု၊
မကောင်းမှုမှ၊မလွတ်ရတည့်၊
ပါပမှုကံ၊လွတ်မြောက်ရန်ကား၊
ရပ်ဌာန်ဒေသာ၊မရှိပါသည်၊
သိသာရန်ဖို့ မိန့်ခွန်းတည်း။
(ဓမ္မပဒ၊ပါပ၀ဂ်၊တယောဇန၀တ္ထု)
အရှင်ပညာနန္ဒ
ကိုယ့်စိတ်ကိုယ်စစ်(USA)
အောက်တိုဘာ၊၈၊၂၀၁၅
Share:

"တွယ်တာမှုရှိတဲ့နေရာမှာ သောကဖြစ်တယ်" ✅✔✅✔✅✔✅✔✅✅✔✅✔✅













































လူ့လောကမှာ ကြည့်..
တစ်ယောက်နဲ့တစ်ယောက် သိလာလို့ရှိရင်
တစ်ယောက်နဲ့တစ်ယောက် ခင်မင်လာတယ်..
သိလာပြီး ခင်လာပြီး လက်တွဲပြီဆိုရင် ပူပြီ..
မသိခင်တုန်းက သူ့အတွက်ပူသလား?လုံးဝမပူဘူး..
ဒါက လူနဲ့ပတ်သက်တာ..

ပစ္စည်းနဲ့ပတ်သက်တာရော
ကိုယ်မပိုင်တဲ့ပစ္စည်းအတွက်
ဘယ်သူမှ မပူဘူး..
အဲ့ဒီပစ္စည်းလေး ကိုယ့်ပစ္စည်းဖြစ်လာပြီဆိုတာနဲ့တစ်ပြိုက်နက် ပူတော့တာပဲ..
တန်ဖိုးရှိတဲ့ပစ္စည်းတွေ
လောကမှာ အများကြီးရှိတယ်..
သို့သော် ကိုယ့်ဟာမဟုတ်ရင် မပူကြဘူး..
အေး..အကြောင်းညီညွတ်လို့ ကိုယ့်လက်ထဲရောက်လာပြီဆိုလို့ရှိရင်
အဲ့ဒါလေးအတွက် ပူပြီလေ..
ပူတော့ ဘာလုပ်လဲ..
သော့တွေခတ်..မလုံမခြုံတွေဖြစ်လာတယ်..
အဲ့ဒါဟာ လောဘက သောကကို မွေးဖွားပေးတယ်ဆိုတာ အလွန်ထင်ရှားတယ်..
🔜တိုက်ခန်းတစ်ခု ပိုင်ထားတယ်..
အဲ့ဒီပိုင်ထားတဲ့ တိုက်ခန်းတစ်ခုကြောင့် စိတ်ပူလောင်မှုရှိတယ်..
ကားတစ်စီး ဝယ်ထားတယ်..
အဲ့ဒီကား တစ်စုံတစ်ခုဖြစ်မှာ စိတ်ပူတယ်..
အေး..ကိုယ်စိတ်ပူတဲ့အရာတစ်ခု သူများလက်ထဲ ရောင်းလိုက်ပြီ..
ရောင်းလိုက်လို့ ငွေချေပြီးတာနဲ့ တစ်ပြိုင်နက်
အဲ့ဒါတွေ အကုန်ပျောက်..
သောက က ဘယ်ရောက်သွားလဲ?
ငွေထုပ်ကြီးနောက် လိုက်သွားတယ်..
စွန့်လွှတ်လိုက်ပြီဆိုရင် မပူတော့ဘူးလေ..
🔜မီးကို မလျှော့ပဲနဲ့ ပူတာကိုတော့ လျှော့ချလို့မရဘူး..
မီးကိုလျှော့မှ ပူတာကို လျှော့လို့ရမယ်..
ဘာကြောင့်တုန်း မီးကြောင့်ပူနေတာကိုး..
အဲ့ဒီလိုပဲ လူတွေရဲ့စိတ်သောက
ဘယ်သူကနေ မွေးဖွားပေးနေတာတုန်းဆိုရင်
ဟောဒီ တွယ်တာမှုတဏှာက..
ဒါကြောင့်မို့လို့ ပြောမယ်ဆိုရင်
Where there is attachment,
there is worry..
တွယ်တာမှုရှိတဲ့နေရာမှာ သောကဖြစ်တယ်..
🔚 ဒီတော့ ပူလောင်မှုတို့
အပူအပန်မရှိမှုတို့ဆိုတာဟာ
ဘာကြောင့်ဖြစ်နေတာတုန်းလို့ စဉ်းစားကြည့်လိုက်လို့ရှိရင်
လောဘကြောင့်ဖြစ်နေတာ အားလုံးဟာ..
လူတွေက တလွဲထင်ပြီး လောဘရှိလို့ ကြီးပွားတယ်လို့ ထင်နေကြတယ် မဟုတ်ဘူး..
အသိဉာဏ်ရှိလို့ လုံ့လဝီရိယရှိလို့ ကြီးပွားတာ..
လောဘက သောကကိုပဲ မွေးဖွားပေးတယ်..
ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေါ့..
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
Credit ဂူးဂူး
Share:

❀ ✏ ဒေါသ✏ ❀










































































ဒေါသဆိုတဲ့ စကားလုံးဟာ နားယဉ်နေတဲ့, အားလုံးနဲ့ ရင်းနှီးနေတဲ့ စကားလုံးပဲ၊ ဒေါသဆိုတာ ငြိမ်းချမ်းနေတဲ့, ရွှင်ပျနေတဲ့ စိတ်အခြေအနေတစ်ခုကို ဖျက်ဆီးပစ်ခြင်းလို့ အဓိပ္ပါယ်ရတယ်၊ ဒုဿတိ- ဖျက်ဆီးတတ်တယ်၊ စိတ်ဆိုးပြီ ဆိုလို့ရှိရင် ရုပ်ရော စိတ်ရော ပုံပျက်သွားတာပဲ၊ လူတွေကပြောတယ်၊ `စိတ်ပျက်လိုက်တာ၊ စိတ်ပျက်လိုက်တာ´ နဲ့ပြောတယ်၊ စိတ်ပျက်တာတော့ အကုန်မြင်ချင်မှမြင်ရမှာ၊ ရုပ်ပျက်တာကတော့ သိသာတယ်နော်၊ စိတ်ဆိုးနေတဲ့မျက်နှာကြီးကို မှန်ထဲကြည့်လိုက်မယ်ဆိုရင် ကိုယ့်ဘာသာကိုယ်တောင် လန့်ကောင်းလန့်မယ်၊ ရုပ်ပျက်တာကတော့ သေချာတယ်နော်။ ဒါကြောင့်မို့ ဖျက်ဆီးတတ်လို့ `ဒေါသ´လို့ခေါ်တာ၊ ပင်ကိုယ်အခြေအနေလေးတွေ ပျက်ဆီးသွားတယ်၊ ဘယ်သူကဖျက်ဆီး၊ ဒေါသကဖျက်ဆီးတယ်။
ဒေါသမီး(တောမီးလို)
ဒေါသက သူဖြစ်နေတဲ့နေရာကို လောင်ကျွမ်းပျက်စီးစေတယ်၊ ဘာနဲ့ ဥပမာတူတုန်းဆို တောမီးနဲ့တူတယ်တဲ့၊ ကြည့်လေ၊ သစ်ပင်တွေပေါ် စွဲနေတဲ့မီးသည် ဘယ်သူ့ကို ဖျက်ဆီးတာတုန်း၊ တောတွေကိုပဲ ဖျက်ဆီးတာပဲ မဟုတ်လား၊ ထင်းလောင်တဲ့မီးသည် ထင်းကို ဖျက်ဆီးပစ်တယ်၊ စိတ်ကိုမှီပြီး ဖြစ်တဲ့ဒေါသသည် စိတ်ကို ဖျက်ဆီးပစ်လိုက်တာပဲ၊ ဒါကြောင့် ဒေါသကို ဒါဝဂ္ဂိယ- တောမီးလိုပဲတဲ့၊ ဒီလိုခေါ်တာ။
မြွေဟောက်လို
ဒေါသဆိုတာ ကြမ်းတမ်းတဲ့သဘောရှိတယ်၊ ဒါကြောင့်မို့ မြွေဟောက်ကို တုတ်နဲ့ ရိုက်လိုက်တယ်ဆို ရှူးခနဲ ခေါင်းကြီးထောင်မလာဘူးလား။ အဲဒီလိုမျိုးပဲတဲ့၊ ဒေါသက အဲဒီလို စိတ်ထဲမှာပြင်းထန်တဲ့, ကြမ်းတမ်းတဲ့ သဘာဝတွေ ပေါ်လွင်ထင်ရှားလာစေတတ်တယ်။
#{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
Share:

Friday, 18 August 2017

ဘဝဆိုတဲ့ ကျောင်း ==========

 ( ၁ ) သင်ဟာခန္ဓာတစ်ခုကိုရမယ်။ အဲဒီခန္ဓာကိုယ်ကို သင်ကြိုက်ချင်လည်းကြိုက်မယ်။ မုန်းချင်လည်းမုန်းမယ်။
ဒါပေမယ့်ဒီဘ၀အတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပဲ။
( ၂ ) ရောက်သွားတဲ့ဘ၀မှာသင်ဟာ၊ သင်ခန်းစာတွေအများကြီး ဆည်းပူးရလိမ့်မယ်။ ဘ၀လို.ခေါ်တဲ့ သင်ရိုးသတ်မှတ် ချက်မရှိတဲ့၊ အချိန်ပြည့်ကျောင်းကြီးမှာ၊ သင့်ကို စာရင်းသွင်းထားပြီ။ ဒီကျောင်းမှာနေ.စဉ်ပဲ သင့်ဘ၀အတွက်၊ သင်ခန်းစာတွေ ဆည်းပူးခွင့်ရလိမ့်မယ်။ ဒီသင်ခန်းစာတွေကို၊ သင်သဘောကျချင်လည်းကျမယ်။ အရေးမပါဘူးလို. ထင်ချင်လည်းထင်မယ်။ အဓိပ္ပါယ်မရှိဘူးလို.ထင်ချင်လည်းထင်မယ်။
( ၃ ) အမှားမရှိပါဘူး။သင်ခန်းစာတွေချည်းပါပဲ။ လုပ်ကြည့်ရင်းမှားမှန်းသိရင်း၊ ပြင်လိုက်ရင်းနဲ.ပဲ၊ ဥာဏ်ပညာကြီးတဲ့သူဖြစ်လာတာပဲ။ မအောင်မြင်တဲ့စမ်းသပ်မှုဟာ၊ အောင်မြင်တဲ့စမ်းသပ်မှုလိုပဲ၊ အသိဥာဏ်ကြီးပွားမှုကို အထောက်အကူပြုပါတယ်။
( ၄ ) သင်ခန်းစာတစ်ခုကိုမကျေညက်ရင်၊အဲဒီသင်ခန်းစာပဲထပ်တွေ.ရမယ်။ သင်ခန်းစာမရမချင်းဒီသင်ခန်းစာရမယ့်အခြေအနေကိုပုံစံအမျိုးမျိုးနဲ. ထပ်တွေ.ရမယ်။ သင်ခန်းစာတစ်ခုကိုသေသေချာချာနားလည်သွားပြီ။ သဘောပေါက်
သွားပြီဆိုရင်၊ နောက်သင်ခန်းစာတစ်ခုကိုတက်ရပြီ။
( 5 ) ပညာသင်တာဟာအဆုံးမရှိဘူး။ဘ၀မှာသင်ခန်းစာယူစရာမရှိတဲ့အချိန်အခါ၊ အသက်အရွယ်၊ အပိုင်းအခြား
ဆိုတာမရှိပါဘူး။ အသက်ရှင်နေရင်၊ သင်ခန်းစာယူစရာတွေရှိနေသေးတာပဲ။
( 6 ) ဟိုနေရာဟာ၊ ဒီနေရာထက်ပိုမကောင်းဘူး။ (အနာဂတ်ဟာပစ္စုပ္ပန်ထက်၊ ပိုမကောင်းဘူး) သင်မျှော်လင့်နေတဲ့ အနာဂတ်ဟာ၊ ပစ္စုပ္ပန်ဖြစ်လာတဲ့အခါ၊ သင့်မှာအဲဒီပစ္စုပ္ပန်ထက်၊ ပိုကောင်းတယ်လို.ထင်ရတဲ့၊ နောက်ထပ်အနာဂတ်တစ် ခုရဦးမှာပဲ။
( ၇ ) သူတစ်ပါးဟာသင့်ရဲ့မှန်တွေပါပဲ။ ကိုယ့်မှာရှိနေတဲ့ချစ်စရာကောင်းတဲ့အချက်တွေ၊ မုန်းစရာကောင်းတဲ့အချက်တွေကိုကိုရောင်ပြန်ထင်ဟပ်မှုမပါပဲနဲ.၊ သူတစ်ပါးကို ချစ်လို.မုန်းလို.မရဘူး။
( ၈ ) သင့်ဘ၀ကိုသင်ဘယ်လိုလုပ်သင့်​တယ်ဆိုတာ၊ သင့်အပေါ်မှာပဲမူတည်ပါတယ်။ သင့်မှာလိုအပ်တဲ့လက်နက်ကိရိယာနဲ.ပစ္စည်းတွေရှိနေပါတယ်။ အရည်အချင်း တွေရှိနေပါတယ်။ အဲဒီလက်နက်ကိရိယာနဲ.ပစ္စည်းတွေ၊ အရည်အချင်းတွေကို သင်ဘယ်လိုအသုံးပြုသလဲဆိုတာ၊ သင့်ပေါ်မှာပဲမူတည်ပါတယ်။ သင်ကြိုက်တာ ရွေးချယ်ခွင့်ရှိတယ်။
( ၉ ) သင့်အတွက်အဖြေဟာ၊ သင့်စိတ်အတွင်းထဲမှာရှိတယ်။ သင့်ဘ၀နဲ.ပတ်သတ်တဲ့ မေးခွန်းတွေရဲ့အဖြေဟာသင့် အတွင်းမှာပဲရှိပါတယ်။ လုပ်ဖို.လိုတာကတော့ ဥာဏ်နဲ.ကြည့်ဖို.၊ နားထောင်ဖို.နဲ.ယုံကြည်မှုရှိဖို.ပါပဲ။
ဆရာတော်ဦးဇောတိက
Credit ဓမ္မနဒီ
Share:

ဖန်ခွက်ကိုအောက်ချလိုက်ပါ။ (Put the glass down) ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

Image may contain: text
 ❀ ဒီဇာတ်လမ်းလေးဟာ သင့်အတွက် ကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်ပေါ်
စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။
❀ တစ်နေ့မှာ ပါမောက္ခကြီးတစ်ဦးဟာ ရေထည့်ထားတဲ့ဖန်ခွက်တစ်
ခွက်ကို ကိုင်ပြီးသင်တန်းခန်းမထဲကို ၀င်လာပါတယ်။ သူဟာ
အဲဒီဖန်ခွက်ကိုအားလုံးမြင်နိုင်အောင်မြှောက်ပြီး
❀ “တပည့်တို့ဒီဖန်ခွက် ဘယ်လောက်လေးတယ်
် ထင်သလဲ” လို့သင်တန်းသား၊သင်တန်းသူများကိုမေးလိုက်ပါတယ်။
သင်တန်းသား/သူ တွေက '50g!' ….. ‘100g!’ ….. ‘125g’လို့တစ်
ယောက်တစ်ပေါက်နဲ့ ထင်တာကို ဖြေကြတာပေါ့။
အဲဒီမှာ ပါမောက္ခကြီးက
“ဒီ ဖန်ခွက်ကို မချိန်ကြည့်ပဲနဲ့တော့ဆရာကိုယ်တိုင်လဲ သိမှာ
မဟုတ်ပါဘူး” လို့ပြန်ဖြေပြီး
❀ “ဒါပေမယ့် ဆရာ တစ်ကယ်သိချင်တာက ဒီဖန်ခွက်ကို မိနစ်အနည်း
ငယ်ကြာဒီလိုမြှောက်ပြီး ကိုင်ထားရင်ကော ဘာတွေဖြစ်လာမလဲ
ဆိုတာပါပဲ” လို့သင်တန်းသား/သူ တွေကို မေးလိုက်ပါတယ်။
သင်တန်းသား/သူများက
“ဘာမှ မဖြစ်နိုင်ပါဘူးဆရာ” လို့ပြန်ဖြေကြတာပေါ့။
ပါမောက္ခကြီးကဆက်ပြီးတော့
❀ “တကယ်လို့ အခုလို၁နာရီလောက် ဆရာကိုင်ထားရင်ကော
ဘာဖြစ်လာမလဲ တပည့်တို့” လို့ထပ်မေးတော့ ကျောင်းသား
တစ်ယောက်က
“ဆရာ့ လက်တွေနာကျင်ကိုက်ခဲလာလိမ့်မယ်” လို့ဖြေပါတယ်။
❀ ပါမောက္ခကြီးက “သိပ်မှန်တာပေါ့ကွာ၊ ကဲ ဆရာ တကယ်လို့တစ်နေ
ကုန် ကိုင်ထားရင်ကောကွာ’’ လို့မေးတော့ နောက်ကျောင်းသား
တစ်ယောက်က အရဲစွန့်ပြီး
❀ “အဲလိုသာ တစ်နေကုန်ကိုင်ထားရင်တော့ ဆရာရေ ဆရာ့လက်မောင်း
ထုံကျင်ပြီး ကြွက်သားတွေဆိုးဆိုးရွားရွားထိခိုက်ပြီး သွက်ချာပါဒဖြစ်
လို့ ဆေးရုံကိုရောက်မှာ သိပ်သေချာတယ်” လို့ဖြေတော့
အခြားအတန်းသားများက အဖြေကိုသဘောကျပြီး ရယ်မော
ကြပါတယ်။
❀ “သိပ်မှန်တာပေါ့ကွာ၊ ဒါနဲ့ အဲဒီလိုတစ်နေကုန်ကိုင်ထားတုန်းဖန်ခွက်ရဲ့
အလေးချိန်ကပြောင်းသွားသေးလား” လို့ ပါမောက္ခကြီးကမေးတော့
သင်တန်းသား/သူ များက
“မပြောင်းပါဘူးဆရာ” လို့တခဲနက်ပြန်ဖြေတော့ ပါမောက္ခကြီးက
❀ “ဒါဆို ဘာကြောင့်လက်မောင်းတွေနာကျင်ပြီးကြွက်သားတွေကိုက်ခဲ
လာရတာလဲ” လို့ထပ်မေးတော့ ကျောင်းသားများက မဖြေနိုင်တော့ပဲ
ဖြစ်သွားကြပါတယ်။
❀ “ဒါဆိုရင် ဆရာ့လက် မနာကျင်အောင် ဘယ်လိုလုပ်ရမလဲတပည့်တို့”
လို့ထပ်မေးတော့ ကျောင်းသားတစ်ယောက်က
“ဖန်ခွက်ကို မကိုင်တော့ပဲ ချလိုက်ပါဆရာ”လို့ပြန်ဖြေတော
့ ပါမောက္ခကြီးက “သိပ်မှန်တာပေါ့”
❀ “ဘ၀မှာကြုံတွေ့ရမယ့်
အခက်အခဲ ပြဿနာတွေက အဲဒီလိုပါပဲ” လို့ပြန်ဖြေပါတယ်။
❀ “တကယ်လို့သင်ဟာ အဲဒီ အခက်အခဲ ပြဿနာတွေကို ခေါင်းထဲမှာ
မိနစ်အနည်းငယ်ပဲထည့်ထားရင် ဘာမှမဖြစ်နိုင်ပေမယ့်
အချိန်ကြာကြာသာတွေးတောနေမယ်ဆိုရင်တော့ သင်တို့ဟာ
တစ်ဖြည်းဖြည်းခေါင်းကိုက်လာပါမယ်”
❀ “ဒီထက်ပိုပြီးကြာလာရင်တော့ အဲဒီ အခက်အခဲ ပြဿနာတွေက
သင့်ကိုသွက်ချာပါဒ ပါဖြစ်စေနိုင်ပါတယ်”
❀ “အဲဒီအချိန်ဆိုရင် သင်ဘာမှ လုပ်ဆောင်နိုင်တော့မှာ မဟုတ်တော့
ပါဘူး”သင့်ဘ၀မှာကြုံတွေ့ရမယ့် အခက်အခဲပြဿနာတွေ အကြောင်း
ကို တွေးတောစဉ်းစားတာဟာသင့်အတွက် အရေးပါ ပါတယ်။
❀ ဒါ့ထက်ပိုအရေးကြီးတာကတော့ သင်အိပ်ရာမ၀င်ခင် အဲဒီ အခက်အခဲ
တွေကို ခေါင်းထဲကထုတ်လိုက်တာပါပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့်
သင်ဟာ စိတ်ဖိစီးမှုမရှိပဲနေ့စဉ် အားပြည့်လန်းဆန်းစွာနဲ့ အိပ်ရာက
နိုးထနိုင်တဲ့ အပြင်၊ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ်
ကိုင်တွယ်ဖြေရှင်းနိုင်ပြီး စိန်ခေါ်မှုများကိုသင်အမြဲအနိုင်ယူနိုင်မှာပဲ ဖြစ်​ပါတယ်​ ။
Credit နှလုံးသား အဟာရ ရသစာ​ပေများ
Share:

Sunday, 13 August 2017

" ရခဲလှစွာ မြတ်သဒ္ဓါ " •••••••••••••••••••••••••

No automatic alt text available.
 ❀ ကောင်းမှုတစ်ခု ဖြစ်လာဖို့ ဆိုတာ . .
➳ ပစ္စည်းဥစ္စာနဲ့ ပြည့်စုံဖို့ ၊
➳ သာသနာတော်နဲ့ တွေ့ဆုံရဖို့ ၊
➳ သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ လိုတယ် ။
❀ ဒါနကုသိုလ် ပြုချင်တယ် ၊ မိမိမှာ ပစ္စည်းမရှိရင် မပြုနိုင်ဘူး ။
❀ ပစ္စည်း ရှိပြန်တော့ သာသနာနဲ့ မကြုံပြန်ရင် သာသနာတွင်း ကုသိုလ် ပြုခွင့် မရနိုင်ဘူး ။
❀ နှစ်မျိုး ပြည့်စုံလို့လဲ မပြီးပြန်ဘူး ။
သဒ္ဓါတရားနဲ့လည်း ပြည့်စုံဦးမှ ၊ သဒ္ဓါတရား မရှိရင် မလှူဖြစ်ဘူး ၊ သဒ္ဓါတရားက ပိုပြီး အရေးကြီးပြန်တယ် ။
❀ အင်္ဂုတ္တိုရ်အဋ္ဌကထာ မှာ . . .
➳ လှူဖွယ်ပစ္စည်းသည်လည်းကောင်း
➳ အလှူခံပုဂ္ဂိုလ်သည်လည်းကောင်း
➳ သဒ္ဓါတရားသည် လည်းကောင်း ရခဲကုန်၏
ထိုသုံးမျိုးထဲမှ ပို၍ ရခဲတာက သဒ္ဓါတရား ဖြစ်၏ တဲ့ ။
------------------------------------------------------
❀ သဒ္ဓါတရား ရခဲပုံကို ပြပါမယ် ၊
❀ မြတ်စွာဘုရားရှင် ကုဏ္ဍဓာန လို့ ခေါ်တဲ့ တောအရပ်မှာ သီတင်းသုံး နေတော်မူစဉ်က အရှင်မဟာမောဂ္ဂလာန်ရဲ့ အလုပ်အကျွေး ဒကာ တစ်ယောက် ရှိတယ် ။
❀ ထိုဒကာက မြတ်စွာဘုရားထံ သွားပြီး ဆွမ်းစား သွားပင့်ပါတယ် ။ သူပင့်ပြီးတော့ နောက် တစ်ယောက်ကလည်း လာပင့်ပြန်တယ် ။
❀ နောက်ဆွမ်းစားတစ်ခုက. . .
အရှင်သီဝလိရဲ့ မယ်တော်က အရှင်သီဝလိကို ၇ နှစ် ၇ရက်တိုင်တိုင် ဝမ်းမှာ လွယ်ထားရ , မွေးတော့လည်း ၇ ကြာ ။ အဲဒီလို ပင်ပမ်းစွာ မွေးဖွားရလို့ ( ၇ ) ရက်တိုင်တိုင် မွေးနေ့ဆွမ်း ကပ်ဖို့ ဆွမ်းစားလာပင့်တာ ။
❀ မြတ်စွာဘုရားထံမှာ ဆွမ်းစားနှစ်ခု ဆုံနေတော့ မြတ်စွာဘုရားရှင်က ရှင်သီဝလိမွေးနေ့ဆွမ်းဟာ နောင်တချိန် ရှင်သီဝလိဟာ သာနာတော်မှာ ကျေးဇူးများမှာကို မြင်တော်မူတာနဲ့
အရှင်မောဂ္ဂလန်ရဲ့ဒကာ ဆွမ်းစားကို ( ၇ ) ရက် သွားရွှေ့ခိုင်းတယ် ။
---------------------------------------------
❀ အရှင်မောဂ္ဂလာန်လည်း ဒကာအိမ်ကြွပြီး ရက်ရွှေ့ဖို့ အကျိုးအကြောင်း ပြောတဲ့အခါ ဒကာက ဘယ်လို ပြန်လျှောက်သလဲ ဆိုတော့ . .
❀ အရှင်ဘုရား , တပည့်တော်ရဲ့ ဆွမ်းစားကို နောက် ( ၇ ) ရက် ရွှေ့မယ် ဆိုရင် အဲဒီ ( ၇) ရက် အတွင်းမှာ . . .
၁။တပည့်တော်ရဲ့ အသက် ၊
၂။ တပည့်တော်ရဲ့ စည်းစိမ်ဥစ္စာ ၊
၃။တပည့်တော်ရဲ့ သဒ္ဓါတရား ( ဥဒါနပါဠိ )
ဒီသုံးပါး မပြောင်းလဲ မပျက်စီးသွားအောင် အရှင်ဘုရား တာဝန်ယူမယ် ဆိုရင် တပည့်တော် ရက်ရွှေ့ပေးပါ့မယ် ဘုရား တဲ့ ။
❀ အဲလိုလျှောက်တဲ့အခါ အရှင်မောဂ္ဂလန်က. .
❀ သင်ရဲ့ အသက်နဲ့ စည်းစိမ်ဥစ္စာ ဒီနှစ်မျိုးကို မပျက်စီးအောင် တာဝန်ယူနိုင်ပါတယ်။ ဒါပေမယ့် သင်၏သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ သဒ္ဓါတရားကို မပြောင်းလဲ , မပျက်စီးအောင် တာဝန်မယူနိုင်ပါ လို့ ပြန်ဖြေကြားတော်မူတယ် ။
❀ ( ၇ ) ရက်အတွင်း အသက် မသေအောင်ရယ် ၊ စည်းစိမ်တွေ မပျက်စီးအောင်ရယ် ၊ ဒီနှစ်ခုကိုတော့ အရှင်မောဂ္ဂလာန်က တန်ခိုးနဲ့ ကာကွယ်ပေးနိုင်ပါတယ် ။
❀ သဒ္ဓါတရား မပျက်အောင်တော့ ကာကွယ်ပေးလို့ မရဘူးတဲ့ ။
❀ အဲဒါ ကြည့်ပေါ့နော် ၊ ပုထုဇဉ်တွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ သဒ္ဓါတရားဟာ အချိန်မရွေး ပြောင်းလဲနိုင်တယ် ၊ မခိုင်မြဲဘူး ။ သတိပြုရမယ် ။
❀ ဒါကြောင့် အလှူရှင် ဒကာကြီးတွေ သေချာ ပြန်လည် သုံးသပ်ကြည့်နော် ။ မိမိတို့ကိုယ်တိုင် ဖြစ်ပြီးတဲ့ သဒ္ဓါတွေ ပျက်ခဲ့ဖူးတာ ကြုံဖူးလိမ့်မယ် ။
❀ ဒီအချက်ကို သတိပြုပြီး သဒ္ဓါတရား ဖြစ်ပေါ်နေချိန်မှာ အချိန် ရွှေ့ဆိုင်းမနေဘဲ ချက်ချင်း လှူဒါန်းလိုက်ရမယ် ။
❀ ဒါကြောင့် သဒ္ဓါတရားဟာ ပစ္စည်း , သာသနာ နှစ်မျိုးထက် ပိုပြီး ရခဲတဲ့ ဒုလ္လဘ လို့ ဆိုတာ ဖြစ်တယ် ။
( အဂ္ဂမဟာပဏ္ဍိတ-ငွေပန်းရုံဆရာတော် ၏ ဒေသနာပန်းခင်း ) မှ
Credit ဓမ္မရတနာ
Share:

Saturday, 12 August 2017

ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 ❀ မကျေနပ်စရာ ကိစ္စတစ်ခုနဲ့ကြုံတယ်။ ကိုယ်မှန်တယ်ထင်တဲ့ ကိစ္စဖြစ်တော့ စိတ်ကပိုပြီးတင်းတယ်။ စိတ်ရှိတဲ့အတိုင်း ပြောပစ်လိုက်တယ်။ ပြောနေရင်းနဲ့ သတိပြန်ဝင်လာတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိတယ်။ သတိကပ်သွားတာနဲ့ လေသံက အလိုလိုလျော့သွားတယ်။ တင်းနေတဲ့စိတ်ကလေး တဖြည်းဖြည်းပျော့လာတယ်။ နောက်သတိကနိုင်သွားသွားတော့ စိတ်လိုက်မာန်ပါ လုပ်လိုက်တဲ့ အဆင့်ထိ ရောက်မသွားတော့ဘူး။ သတိကဦးသွားတာဆိုတော့။
❀ ပုထုဇဉ်သဘာဝ အာရုံနဲ့တွေရင် ကိလေသာဆိုတာကတော့ ပေါ်လာတာပဲ။ လောဘဖြစ်စရာ အာရုံနဲ့တွေ့တော့ လောဘဖြစ်သွားတယ်။ ဒေါသဖြစ်စရာ အာရုံနဲ့တွေတော့ ဒေါသထွက်သွားတယ်။ မောဟ၊ မာနစသည်ဖြစ်စရာ အာရုံနဲ့တွေတော့ မောဟမာန စသည်ဖြစ်သွားတယ်။ ဖြစ်မှာပဲ။ သတိတစ်ချက်လွတ်သွားတာနဲ့ ကိလေသာက နေရာယူသွားတော့တာ။
❀ ဒါပေမယ့် ဖြစ်ပါစေဆိုပြီး လွှတ်ထားလို့မရဘူး။ ပိုဆိုးသွားတတ်တယ်။ ဖြစ်နေရင်းကိုပဲ သတိအမြန်ပြန်ကပ်နိုင်အောင် ကြိုးစားရတယ်။ ဖြစ်စဲဖြစ်ခိုက်မှာ သိလိုက်နိုင်ရင် ရှေ့ဆက်ဖြစ်မှုကို တားလိုက်နိုင်မှာ အမှန်ပဲ။ မသိရင် မှားတယ်။ သိရင် တားတယ်။ သိလိုက်တာကိုက ရှေ့ဆက်မဖြစ်ဖို့ တားလိုက်နိုင်တာပဲပေါ့။
❀ မကျေနပ်တာ မသိရင် အသေသတ်တာအထိ ဖြစ်သွားတတ်တယ်။
လွှတ်ထားရင် ဇွတ်သွားတတ်တဲ့ ဒီစိတ်၊ သတိနဲ့ ဘရိတ်အုပ်နိုင်မှ
လွန်ကျူးတဲ့အဆင့် ရောက်မသွားမှာ မဟုတ်လား။
အပ္ပမာဒေန သမ္ပာဒေထ သတိမချမှ ဖြစ်မည်ပ။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
Share:

★ ပြည့်​စုံပြီလား.............. ......................ပြည့်​စုံပြီလား


❀ လူတော်တော်များများဟာ ဒီဘဝမှာတော့
သူများကို မကောင်းတာမလုပ်ဘူး ဒါန သီလ
ကိုလည်း နိုင်သလောက်ပြုတယ် စီးပွားဥစ္စာ
ကိုလည်း သမ္မာအာဇီဝကျကျရှာတယ် အခုဘဝမှာ
သူများလေးစားတာ ကြည်ညိုတာခံရတယ်
ပြီးတော့ သေသွားတယ် သေတဲ့အခါမှာလည်း
နာမည်ကောင်းကျန်ခဲ့တယ်
❀ အဲဒီလိုလူရဲ့အယူအဆဟာ
ပြည့်စုံပြီလား လူဖြစ်ကျိုး နပ်ပြီလားလို့ 
မေးစရာရှိတယ်
❀ အဖြေက
မရှိဘူး လိုသေးတယ် လို့ ပဲ ပြောရမယ်
❀ ဘာဖြစ်လို့ လည်းဆိုတော့
လူတိုင်းလူတိုင်းမှာ သံသရာက မသိလို့ မိုက်မဲ
ခဲ့တဲ့ မိုက်ပြစ်ကြွေးတွေဟာ အများကြီးရှိနေလို့ ပဲ
❀ ဘုရားရှင်သာသနာနဲ့ ကြုံတွေ့ နေရလို့ သာ
ကောင်းမှု မကောင်းမှု
ရဲ့ကောင်းကျိုးဆိုးကျိုးသိ
ပြီးဆောင်သင့်တာဆောင်
ရှောင်သင့်တာရှောင်ကာ
ဘဝကို ဖြတ်သန်းကြ ပေမဲ့ သံသရာမှာ
ဘုရားတရားနဲ့ မတွေ့ ကြုံလို့  မသိပဲမိုက်မဲခဲ့တဲ့
မိုက်ပြစ်တွေက လူတိုင်းမှာ ငရဲကျဖို့ အကြောင်း
တွေကဒုနဲ့ ဒေး ပါ
❀ လူ့ ဘဝမှာ ဒါန သီလ လောကါသာပြုပြီး
သေသွားသူဟာ နတ်ပြည်လောက်သာ
ရောက်ပြီး တနေ့ မှာ သံသရာမှာမသိလိုက်မိုက်မဲ
ခဲ့တဲ့ မိုက်ပြစ်ကြွေးတွေက နတ်သက်ကုန်ရင်
မဖြစ်မနေ ပြန်လည်ပေးဆပ်ရမှာပါ
❀ အပါယ်လေးပါးက ကိုယ်ပိုင်အိမ်လို့ 
ဘုရားရှင်ဒါ့ကြောင့်ဟောခဲ့တာပေါ့
ဘဝမှန်သမျှ လက်ဖျစ်တတွတ်စာတောင်
ဘုရားရှင်မချီးမွမ်းခဲ့ပါဘူး ဒါ့ကြောင့် နတ်ဘဝ
ဗြဟ္မဘဝ ဟာလည်း သံသရာနဲ့ ယှဉ်လိုက်ရင်
ခဏလေးပါ ကမ္ဘာပေါင်း ရှစ်သောင်းလေးထောင်
အသက်ရှည်တဲ့ မဟာဗြဟ္မာကြီးရဲ့အသက်တမ်း
တောင်ခဏလေးလို့ ဘုရားဟောထားတော့
ကျန်တဲ့ လူသက် နတ်သက်ဆိုတာ မပြောနဲ့ တော့
❀ ဒါ့ကြောင့် ဒါန သီလ ပြုပြီး လူ့ ပြည်မှာ
နာမည်ကောင်းကျန်ခဲ့တာလောက်ဟာ
မပြည့်စုံဘူးလို့ ပြောတာပါ
➳ တကယ်ပြည့်စုံတဲ့သူဖြစ်ဖို့ က
❀ စီးပွားဥစ္စာကိုလည်း စွမ်းနိုင်သလောက်ရှာ
ဒါန သီလကိုလည်း စွမ်းနိုင်သလောက်ပြု
➳ ပြီးတော့
❀ သံသရာကိုအနားသတ်ပေးဖို့ 
ဝိပဿနာကုသိုလ်ကိုလည်း
စွမ်းနိုင်သလောက်ပြုဖို့ ပါပဲ
❀ ဒါမှ အတိတ်က ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေရဲ့
မကောင်းကျိုးတွေဟာ အကျိုးပေးဖို့ အခွင့်မရရှိပဲ
ပျက်ပြယ်သွားမှာပါ*
❀ ဒီဘဝမှာတရားထူးရဖို့ အကြောင်းမပါရင်တောင်
နောင်သံသရာမှာ တရားထူးရဖို့ အခွင့်အရေးတွေ
ရ ရှိပြီး ဘဝသံသရာကို အနားသတ်နိုင်မှာပါ
ဦးမြင့်​ခိုင်
Share:

အသက်​က စကား​ပြောတာလား...... အသိက စကား​ပြောတာလား.... ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

 ★ တဖြည်းဖြည်းအသက်လေးရလာတော့
အရင်ကလို ကလေးဆန်ဆန်မနေချင်တော့ဘူး
လောကဝတ်တွေကို ပိုမိုပြုချင်လာတယ်
★ အရင်ကလို ခဏလေးနဲ့ဒေါသ မထွက်ဖြစ်တော့ဘူး
ကရုဏာတရားနဲ့မေတ္တာထားတတ်လာတယ်။
★ ဟိုတုန်းကလို ဘာကိစ္စမဆို ကိုယ့်ဘက်က ပိုပြီးမတွေးပေးဖြစ်တော့ဘူး
သူများဖက်ကိုငဲ့ညှာနေတတ်ပြီလေ
★ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာဘက်ကိုအလေးသာပေးဖို့ အသက်အရွယ်ကများသင်ကြားပေးခဲ့လေသလားးးး
ခုတော့ အတွေ့အကြုံကြားက အမြတ်တချို့အတွက်ဂုဏ်ယူဝမ်းမြောက်တတ်နေပြီလေ
★ သည်းခံလိုစိတ်ရင့်သန်လာသလို အရာရာတိုင်းကို
မြတ်နိုးဖွယ်ရာ ခံစားနားလည်တတ်နေပါပြီ။
★ ချို့တဲ့သူတွေနဲ့အားနည်းနေသူများအတွက် ကူညီထောက်ပံ့လိုစိတ်
ငယ်စဉ်ကထက် ပိုမိုလာတာတော့အမှန်ပဲ။
★ စာနာဖေးမလိုစိတ်တွေက ပိုမိုတိုးပွါးလာနေတော့ ရင့်ကျက်တည်ငြိမ်လာတဲ့စိတ်ကလေးကိုချီးကျူးနေမိတော့တယ်။
★ အပြစ်မြင်နေတာတောင် ကဲ့ရဲ့လိုစိတ် ငြူစူလိုစိတ်မပေါ်တော့ပဲ
ရန်ကိုရန်ချင်းတုန့်ပြန်ဖို့ စိတ် ကုန်ခန်းသွားပြီလေ။
★ စိတ်နေစိတ်ထား ပြောင်းလဲလာပြီး တွေ့ရာစိတ်မများ
မြင်တိုင်းရင်မခုန် ပြောတိုင်းစိတ်ထဲမထားမိတော့ဘူး
★ သေချာတာက
အရင်ကထက် ရင့်ကျက်လာသလို
ပိုပြီးလည်းကြည့်ကောင်းလာတယ်-------
စနိုးဖြူ
Share:

ကိုယ်ကိုယ်ကိုယ် ဆုံးမခြင်း ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 
❀ ကုသိုလ်အလုပ်က ကောင်းတယ်။ အများမကြိုက်ဘူး။
အကုသိုလ်အလုပ်က မကောင်းဘူး။ အများကြိုက်တယ်။
❀ ပုထုဇဉ်တွေရဲ့ စိတ်ဆိုတာ ကောင်းတာထက် မကောင်းတာမှာ ပိုပျော်ကြတယ်။ ကောင်းတဲ့ဘက်မှာ တိုက်တွန်းရသလောက် မကောင်းတဲ့ဘက်မှာ အခိုင်းလွတ်ကို ပျော်နေမိတတ်ကြတယ်။ လူအတော်များများက စိတ်ထိန်းရတဲ့အလုပ်ကို မကြိုက်ကြဘူး။ အာရုံမှန်သမျှ လွတ်လွတ်လပ်လပ် လိုက်ခံစားရတာကို သဘောကျတတ်တယ်။ လိုချင်မှုတွေနဲ့ ပျော်တယ်။ စိတ်ရှိတိုင်း လုပ်လိုက်ရတာကို ကျေနပ်တယ်။ မသိတာကို အရှိငါထင်နေတတ်တယ်။
❀ မကောင်းမှုမှာပျော်၊ ကောင်းမှုမှာ ချော်နေတတ်တဲ့ ပုထုဇဉ်တွေအတွက် ကုသိုလ်နဲ့အကုသိုလ်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အကျိုးပေးမှုကျတော့လည်း ကွာခြားတယ်။ ကုသိုလ်ကို ကိုယ်ကလုပ်ထားရင် ကုသိုလ်က ကိုယ့်ကို တာဝန်ယူတယ်။ အချိန်တန်ရင်၊ အခွင့်သာရင် ကိုယ်မမျှော်လည်း သူက ကောင်းကျိုးကို ဖြစ်စေတယ်။ အကုသိုလ်ကို ကိုယ်ကလုပ်မိရင်တော့ အဲဒီအကုသိုလ်ကို ကိုယ်ကတာဝန်ယူရတယ်။ ကိုယ်လုပ်ထားတဲ့ စေတနာအတိုင်း ကိုယ်က ပြန်လည်ပေးဆပ်ရတယ်။ တစ်ခါတလေ လုပ်လိုက်တဲ့ အကုသိုလ်အလုပ်လေးက အသေးလေး၊ ခံစားရတဲ့ ခံစားမှုကလည်း ခဏလေးပေမယ့် ပြန်လည်ပေးဆပ်ရတဲ့အခါကျတော့ အကြားကြီးနဲ့ အများကြီး ပေးဆပ်ရတယ်။
❀ သတ္တဝါတွေဟာ ပျက်စီးချိန်တန်လာရင် အကုသိုလ်ကို ကုသိုလ်ထင်၊ ကုသိုလ်ကို အကုသိုလ်ထင်၊ အမှန်ကိုအမှား အမှားကိုအမှန်ထင်ပြီး ဘုရားမရှိ၊ တရားမသိ၊ သံဃာမကြည့်ဘဲ ဖြစ်တတ်တယ်တဲ့။ မန်လည်ဆရာတော်ဘုရားကြီးက "အကြင်လူများ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်ဆီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့်၊ ဘုရားသော်မှ၊ ဟောမရဘူး"လို့ မိန့်တော်မူတယ်။ ဒီအထဲ ကိုယ်မပါစေနဲ့။
❀ ကုသိုလ်အလုပ်ဆိုတာ လုပ်ချင်ချင်မလုပ်ချင်ချင် လုပ်ကိုလုပ်ရတယ်။
အကုသိုလ်အလုပ်ကတော့ လုပ်ချင်ပေမယ့်လည်း မလုပ်ဖြစ်အောင် ထိန်းရတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
Share:

Wednesday, 9 August 2017

♠♠မြင့်မြတ်တဲ့ ဥပေက္ခာတရားဆိုတာ ♠♠ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 ❀ ဥပေက္ခာဆိုတာ
➳ ဘယ်လိုဟာကို ခေါ်တာလဲ
ဆိုတော့ တစ်ဖက်သားက ကိုယ့်ကို စော်ကား
မော်ကား လုပ်သွားရင် သည်းခံခွင့်လွှတ်နိုင်တယ်။
" ငါ့အလှည့်ကျရင်သိစေမယ် " ဆိုတာမျိုး တေးမှတ်
မထားဘူး။
တစ်ဖက်သားရဲ့လုပ်ရပ်အပေါ်မှာ မေ့ဖျောက်ပြီး
တော့ ခွင့်လွှတ်ခြင်း, သည်းခံခြင်းဖြင့် နေနိုင်တယ်။
နောက်တစ်ခါ တစ်ဖက်သားကို ကူညီတော့လည်း
မျှော်လင့်ချက်နဲ့ကူညီတာမဟုတ်ဘူး။
မျှော်လင့်ချက်နဲ့ ကူညီရင် ဥပေက္ခာမရှိလို့။
❆ ဥပေက္ခာရဲ့ ဘောတရားဟာ
➳ အရပ်ထဲမှာ
ပြောကြသလို မတည့်လို့ ဥပေက္ခာပြုထားတာမျိုး
မဟုတ်ဘူး။ တစ်ဖက်သားရဲ့လုပ်ရပ်အပေါ်မှာ
သည်းခံခွင့်လွှတ်ပြီး မေ့ပျောက်ထားတယ်။
မိမိကကူညီတဲ့အခါမှာလည်း ကူညီရုံသက်သက်ပဲ
ကူညီတယ်။ တစ်ဖက်သားက ကိုယ့်ကို ကျေးဇူး
တင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ။
ကောင်းသောတုန့်ပြန်မှု ပြုသည်ဖြစ်စေ၊
မပြုသည်ဖြစ်စေ မိမိရဲ့လုပ်ရပ်အပေါ်မှာ
တုန့်ပြန်မှုကို ဘယ်တော့မှ မမျှော်လင့်တာ
ဥပေက္ခာလို့ခေါ်တယ်။ အဲဒီ ဥပေက္ခာဟာလည်း
ရှားပါးပစ္စည်း တစ်ခုဖြစ်တယ်ပေါ့။
❆ ခုခေတ်ဆိုကြည့်​​လေ
➳ အတုံ့အလှည့်တွေ ဘယ်လောက်များတုန်းနော်။
သူ့အလှူတုန်းက ငါဘယ်လောက် ကူတယ်။
သူ့မင်္ဂလာဆောင်မှာ ငါ ဘယ်လောက်ကူတယ်၊
ငါ့မင်္ဂလာဆောင်ကျတော့ ဘယ်လောက်ကူတာလဲ
ဆိုတာ ပြန်ကြည့်တတ်ကြတယ်လေ။
ဥပေက္ခာမထားနိုင်ဘူးဆိုတာ ထင်ရှားတာပေါ့နော်။
တစ်ဖက်သားအပေါ်မှာ ပြတ်သားတဲ့စိတ်ဓာတ်နဲ့
မကူညီပဲနဲ့ အတုံ့အပြန်မျှော်လင့်ချက်နဲ့ဆိုရင်
ဒါနကောင်းမှုတောင်မှပဲ အကောင်းဖြစ်မလာတော့
ဘူးပေါ့။
ကိုယ်ကူညီပေးတဲ့သတ္တဝါတွေဆီကနေ ကျေးဇူးတင်
တယ်ဆိုတဲ့ တုံ့ပြန်မှုမမျှော်လင့်တာကို ဥပေက္ခာလို့
ဆိုလိုတယ်။
❆ များသောအားဖြင့်
➳ လူ​တွေဟာ ​မျှော်လင့်ချက်ကြီးနဲ့
လုပ်တတ်ကြတယ်။ ကိုယ်လုပ်ပေး ကူညီပေးတုန်းက
မမျှော်လင့်တောင် တုံ့ပြန်စရာရှိလာတဲ့အခါ မတုံ့ပြန်ရင်
မကျေမနပ် ဖြစ်နေတတ်တယ်။
အေး… အဲဒါမျိုး မဖြစ်ရအောင် မိမိကူတာ မိမိအတွက်၊
သူကကိုယ့်ကို တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ
ကိုယ့်ရဲ့မျှော်လင့်ချက် မဖြစ်စေဘူးဆိုမှ မြင့်မြတ်တဲ့
ဥပေက္ခာတရား၊ ဗြဟ္မစိုရ်တရားထဲက ဥပေက္ခာဆိုတာ
အဲဒါပြောတာနော်။
အင်မတန်မှမွန်မြတ်တဲ့ တ်ကြံ့ခိုင်ပြီး
စိတ်နေသဘောထားတည့်မတ်တဲ့ သဘောတရားကို
ဥပေက္ခာလို့ ခေါ်တယ်။
အင်္ဂလိပ်လိုပြန်တဲ့အခါ Equanimity လို့ပြန်တယ်။
Equanimity ဆိုတာ စိတ်အစွန်းမရောက်ဘူး၊
တည်ငြိမ်တယ်၊ တည့်မတ်တယ်ဆိုတဲ့စကားလုံး။
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Credit Words of Buddha
Share:

စေတနာကောင်းအစဉ်မွေးပါ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 Image may contain: text
 ❀ စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါ၏။ စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟူ၍ မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေတနာကောင်းရှိသူထံသို့ ကောင်းကျိုးတရားများ ရောက်ရှိပြီး စေတနာဆိုးရှိသူထံသို့ ဆိုးကျိုးတို့ ရောက်ရှိမည်ဖြစ်ရာ ကိုယ်ပြုသည့်ကံ ကိုယ်ထံသာ ပြန်လည်ရောက်ရှိသည်ဖြစ်သောကြောင့် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းနေအောင်၊ ဘယ်သူတော်တော် မတော်တော် ကိုယ်ကတော် နေအောင် ကြိုးစားရမည်ဖြစ်သည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရား ကိုစောင့်ရှောက် သောသူအား တရားက ပြန်လည်စောင့်ရှောက်” ကြောင်း ဘုရားရှင် ဟောကြား ခဲ့ပေသည်။ ထို့ကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်၊ သူများ မိုးခါးရေသောက်လည်း ကိုယ်မသောက်မိအောင် သတိရှိရှိဖြင့် တရားအသိ အမြဲရှိနေကြရမည်ဖြစ်၏။
❀ အရင်ဦးဆုံး ကိုယ်ကောင်းအောင်၊ ထို့ကြောင့် သူတစ်ပါးတို့ကောင်းအောင်လည်း ကြိုးစားကြ ရပါမည်။ နှိုးဆော်တိုက်တွန်းအားပေးသမု ပြုကြရပါမည်။ Globalization ကမ္ဘာ့ရွာကြီးဟု ဆိုသည့်အတိုင်း လူသားအားလုံး အချင်းချင်း ဆက်နွယ်နေကြသည်ဖြစ်ရာ ကမ္ဘာ့လူသား အားလုံး ကောင်းကြပါလျှင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာနေမည်ဖြစ်၏။
❀ “ဂျင်းစိမ်းနှင့်မဿလင်- သူကြင်မှ ကိုယ်ကြင်”မည်ဆိုပါလျှင် လက်ဝါးနှစ်ဖက်တီးက အသံထွက်သလို၊ လှိုဏ်ခေါင်းထဲ တွင် အော်ဟစ်လိုက်ပါက ထိုအသံအတိုင်း လှိုဏ်သံပေးသလို ခိုက်ရန်ဒေါသတွေ၊ မာန်မာန ထောင်လွှားသံတွေ ထွက်လာကာ ကြားရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့ဖွယ်ဖြစ်၏။
❀ ရွာထဲက ဘေးချင်းကပ်နှစ်အိမ် ဆဲဆိုအော်ဟစ် ရန်ဖြစ်ကြပါ လျှင် ဘေးနားကကြားရသော အိမ်အများ စိတ်မချမ်းသာနိုင်ကြပေ။ ထို နှစ်အိမ် တွင် နေထိုင်ကြ သူတို့မှာလည်း နှစ်ဖက်စလုံး ပူလောင် ဒေါသ ရန်မီးတွေ ပွါးနေရသောကြောင့် စိတ်ချမ်း သာနေကြရမည် မဟုတ်ပေ။
❀ တစ်အိမ်တည်းရှိ တစ်မိသားစုမှ သူနှစ်ဦး ရန်ဖြစ်ကြမူလည်း တစ်မိသားစုလုံး စိတ်ဆင်းရဲကြရပေသည်။
❀ မြတ်စွာဘုရားရှင်က “ရန်ကို ရန်ချင်း မတုန်းညှင်းနှင့်၊ မေတ္တာဖြင့်သာ ငြိမ်းစေရာ၏”ဟု ဆုံးမ ထားပေသည်။ ဓမ္မပဒ ပါဠိတော်၌လည်း “ငါတို့သည် တစ်နေ့ကျ လျှင် သေကြရမည်ဟု မသိကြကုန်သော သူမိုက်တို့အတွက် ခိုက်ရန်ဒေါသ ငြင်းခုန်ခြင်းသည် မပြေငြိမ်းကြ ကုန်။
❀ တစ်နေ့၌ သေကြရမည်ဟု သိကြကုန်သော ပညာရှိတို့ကာ်း ခိုက်ရန်ဒေါသငြင်းခုန်ခြင်း တို့ ပြေငြိမ်းကြကုန်၏။”ဟူ၍ ဆုံးမထားပေ သည်။ နှစ်ဦးနှစ်ဖက်အကျိုးမဲ့သောအလုပ်သည် သူမိုက်တို့၏ အလုပ်၊ အကျိုးရှိအောင် ဆောင်ရွက်ခြင်းကား ပညာရှိသူတော်ကောင်းတို့၏အလုပ် ဖြစ်၏။
❀ လူတိုင်းပေါ် တွင် စေတနာကောင်း ထားပြီး ပြောဆိုပြုမူနေ ထိုင်ခြင်းသည် အကျိုးရှိသော အလုပ်၊ မိမိရော သူတစ်ပါးပါ စိတ်ချမ်းသာစေသော အလုပ်ပင် ဖြစ်ပါသည်။
❀ မြတ်စွာဘုရားက “စေတနာ အဟံ ဘိက္ခ ကမ္မံ ၀ဒါမိ- ဘိက္ခဝေ- ငါ၏ချစ်သား ရဟန်းများ တို့၊ စေတ နာ- စေတနာ ကို၊ ကမ္မံ- ကံ ဟူ၍၊ အဟံ ၀ဒါမိ- ငါ ဘုရားဟောတော်မူ၏။”
❀ ထို့ကြောင့် စေတနာကောင်း လျှင် ကံကောင်းမည်၊ စေတနာဆိုးလျှင် ကံဆိုးမည် ဖြစ်၏။ ယခင် သံသရာက စိတ်ဆိုးစေတနာဆိုး ရှိခဲ့ပါလျှင် ယခုဘ၀ ကံဆိုးမိုးမှောင်ကျနေသည့် အဖြစ်ဆိုးတို့ ကြုံတွေ့နေရခြင်းကို စိတ်ရိုင်းစိတ်မိုက်များ ထပ်မံမွေးမြူနေပါလျှင် နောင်သံသရာ၌ကား သည်ထက်ပိုသော အပါယ်ဆင်းရဲသို့ ကျရောက်ပေတော့ မည်။
❀ အပါယ်ငရဲသို့ ကျရောက်သွား ပါက ကောင်းဆိုးနှစ်တန် ခွဲခြားတတ်သည့် ယခုလို လူ့အဖြစ် ရရန်ကား လွန်စွာခဲယဉ်း ပေသည်။ အပါယ်လေးပါး ကျရောက်နေသော သတ္တ၀ါတို့ သည် ကောင်းမှုကို မဆည်းပူးနိုင်ဘဲ မကောင်းမှုတို့သာလျှင် ပြုလုပ်နေကြရသည်ဖြစ်ခြင်းကြောင့် ဆင်းရဲပြီးဆင်းရဲ နွံတွင် နစ်သကဲ့သို့ လှုပ်လေ မြုပ်လေ ဖြစ်ကြရပေသည်။
❀ သတ္တ၀ါတို့၏ အမြဲနေအိမ်မှာ အပါယ်ဘုံ ဖြစ်ရာ ထိုသို့ ကျင်လည်နေရခြင်းမှာ မကောင်းမှုတို့ကို ကြိမ်ဖန်များစွာ လုပ်နေ ရခြင်းကြောင့် ဖြစ်သည်။ တိရစ္ဆာန်သည် အိပ်မည်၊ စားမည်၊ မေထုန်မှီဝဲမည် ဤသုံးခုသာလျှင် သိ၏။ ဤ အလုပ် သုံးခုကိုသာ ပတ်ချာလည် အမြဲလုပ်ဆောင်နေ၏။
❀ ရတနာမြတ်သုံးပါးဆိုသည်ကို မသိ။ သီလ မည်သို့ ဆောက်တည်သလဲ နားမလည်။ ဘာဝနာ ဘယ်လို ပွါးသလဲ မတတ်မြောက်နိုင်ကြပေ။ လူသည်ကား သံသရာဆိုတာကိုလည်း သိ၏။
❀ အဘယ်ကြောင့် ကျင်လည်နေရသည်ကိုလည်း နားလည်၏။ ကောင်းမှု၊ မကောင်းမှုတို့ကိုလည်း ခွဲခြားနိုင်၏။
❀ သံသရာမှလွတ်မြောက်အောင်လည်း အားထုတ်နိုင်ပါပေ၏။ လူ့ဘ၀ရရှိခြင်းကား လွန်စွာ မွန်မြတ်လှပေသည်။ မွန်မြတ်သည့်လူ့ဘ၀မှာ မွန်မြတ်သည် စိတ်ကောင်း၊ စေတနာကောင်းများ ထားရှိမွေးမြူကာ ကျင့်ကြံအားထုတ်မှသာ တန်ဘိုးရှိ သည့် ကလျာဏပုထုဇဉ်အဖြစ် မှသည် သောတာ ပန်နှင့် အထက်အထက်သော အရိယာသူတော်စင် များအဖြစ်သို့ ရောက်ရှိပြီး ဘ၀၏ဒုက္ခတောနက်ထဲမှ လွတ်မြောက်နိုင်ကြပေမည်။
❀ စိတ်ကောင်းစေတ နာကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပါသ်ာလည်း အဆင်ပြေမှုတို့ မရရှိ၊ လောကဓံဆိုး တို့သာ လျှင် ထပ်ခါ ထပ်ခါ ကြုံတွေ့ရသည့်အခါ စိတ်ဓာတ်တွေကျလိုက်၊ စိတ်ဓာတ်တွေ တင်းမာသွားလိုက်ဖြစ်ကာ စိတ်ဆိုးစိတ်ညစ်များ ၀င်လာတတ်ပေသည်။
❀ ကိုယ်ကောင်းသလို တုန့်ပြန်မှုတွေ မကောင်းသည့်အခါ သည်းခံစိတ်ကိုသာ အားတင်းမွေးမြူ ရာ၏။ လောကဓဆိုးတို့ ကြုံတွေ့ရသည့် အချိန်တွင် “သြော်…ငါယခင်က အတော်ကို မကောင်းတာတွေ ပြောဆို ပြုမူမိခဲ့ပါလား”ဟူ၍ ကံနှင့် ကံ၏အကျိုးတို့ကို ဆင်ခြင်သင့်၏။ ကိုယ်စေတနာ သူတစ်ပါးတို့ နားလည်ဖို့၊ သိရှိကြဖို့ မျှော်လင့်နေမည့် အစား မိမိစေတနာ မိမိသိဖို့သာလျှင် အရေးကြီးပေ သည်။ ကျေးဇူးတော်ရှင် မေတ္တာရှင်-ရွှေပြည်သာ ဆရာတော် အရှင်ဇ၀န၏ သြ၀ါဒကို ပြောရပါလျှင် “လောကီ စာမေးပွဲ၌ ဖြေသူက မိမိ၊ အမှတ်ပေးသူကား သူတစ်ပါး၊ လောကုတ္တရာစာမေးပွဲ၌ ဖြေသူရော အမှတ်ပေးသူပါ မိမိသာလျှင်ဖြစ်၏။” ကိုယ်ကောင်းသည် ကို ကိုယ်သိဖို့ လို၏။ ကိုယ်မကောင်းသည်ကို ကိုယ် ဆင်ခြင်ဖို့ လို၏။ ကိုယ့်ကိုယ်ကို ဆုံးမနိုင်ခြင်း ကား မြတ်သောအောင်မြင်မှုပင် ဖြစ်လေသည်။
❀ ကောင်းမှုကိုလုပ်က ကောင်းကျိုးရပြီး မကောင်းမှုလုပ်က ဆိုးကျိုးရကြောင်း မြတ်စွာဘုရား ဆုံးမထား ၏။ ကောင်းမှုလုပ်လျက် ဆိုးကျိုးတွေ့ရသည့်အခါ ကံတရား၏ အကျိုးပေးသဘောကို နားလည်မှု လွဲတတ်ပေသည်။
❀ ဥပမာဆိုရလျှင် “ဗောဓိကိုင်း ချိုးလို့ ရွှေအိုးရ၊ ဗောဓိပင်ပျိုးလို့ ခြေကျိုးရ”ဆိုသည့် သာဓကကိုထောက်၍ မကောင်းမှုလုပ်လည်း ကောင်းကျိုးပေး၍ ကောင်းမှုလုပ်ပါကလည်း ဆိုးကျိုးရ သည်”ဟူ၍ ကံနှင့်ကံအကျိုးအပေါ်၌ လွဲမှားစွာမှတ်ယူပြီး ယုံကြည်မှု လွဲတတ်ပေသည်။
❀ ထိုသာဓက၏ အကြောင်းအရင်းမှန်မှာ ဗောဓိကိုင်း ချိုးသော သူသည် ထိုနေ့ ဗောဓိကိုင်း မချိုးဘဲ နေခဲ့ပါ မူ ရွှေအိုးပေါင်းများ ရရှိမည်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်အလုပ် လုပ်မိသောကြောင့် ရွှေအိုး များစွာရရှိမည့် အတိတ်အကြောင်းခံ ရှိသော်လည်း ရွှေအိုးတစ်လုံးသာရရှိပြီး အကျိုးပေးနည်း သွားခြင်းဖြစ် ၏။
❀ ဗောဓိပင် ပျိုးသောသူ မှာလည်း ထို့နေ ဗောဓိပင်ပျိုးသည့် ကုသိုလ်ကောင်းမှု မလုပ်မိပါလျှင် အသက်ပါ သေဆုံးရမည့် အကုသိုလ်အကျိုးပေးအတိတ်အကြောင်းခံရှိသော် လည်း ဗောဓိပင်ပျိုး သည့် ကောင်းမှု ရှိလိုက်သောကြောင့် အသက်မသေဘဲ ခြေကျိုးရုံသာ အကျိုးပေးနည်း သွားခြင်း ဖြစ်ပေ သည်။ မြတ်စွာဘုရားတိုင်း၏ သြ၀ါဒအနှစ်ချုပ်မှာ “မကောင်းမှုရှောင်၊ ကောင်း မှုဆောင်၊ ဖြူအောင် စိတ်ကိုထား”ရမည်ဖြစ်ရာ မလွှဲသာ မရှောင်သာကာ အကုသိုလ်အလုပ်ဖြင့် အသက်မွေး ၀မ်း ကြောင်းပြုနေ ရသော၊ သို့မဟုတ် မကောင်းမှုကို မပြုချင်သော်လည်း ကျူးလွန်မိနေကြသည့် သူတို့အနေဖြင့်လည်း စိတ်ကောင်းစေတနာကောင်းဖြင့် မွေးမြူဆောင်ရွက်နိုင်သလို ကောင်းမှု များကိုလည်း ပူးတွဲဆည်းပူး လုပ်ဆောင်သင့်ပေသည်။
❀ အရက်သေစာ သောက်စားမိနေသူ သည် တရားပွဲနှင့် တွေ့သောအခါ တရားနာကြားလိုက်ခြင်းဖြင့် အသိအမြင် တိုးသွားနိုင်သလို၊ ရိုသေစွာ နာကြားခြင်း သက္ကစ္စ ဓမ္မဿဝန ကုသိုလ်ကောင်းမှု ရရှိနိုင်၏။ တချို့က အရက် သေစာသောက်မိလျှင် တခြားကုသိုလ်ကို မယူရဲတော့ဘဲ ရှိကြ၏။ မကောင်းမှုသက်သက်ချည်း ပြုလုပ်မိနေခြင်းသည် မီးခဲကိုသာ ကိုင်နေပြီး ရေနှင့် မဖြန်းမိ သလို ဖြစ်သောကြောင့် ပို၍ ပူလောင်စေပေသည်။
❀ ကောသလမင်းကြီး၏ စစ်သူကြီးတစ်ဦးသည် စစ်ပွဲများ စွာ အရှုံးမရှိ အောင်နိုင်သောကြောင့် ခုနစ်ရက်တာ မင်းစည်းစိမ်ကို ခံစားခွင့် ပေးသနားခံရပြီး ကချေသည် အလှကညာတစ်ဦးကို ရာသက်ပန် ကြင်ရာတော်အဖြစ် ရွေးကောက်တင်မြှောက်မိလိုက်ရာ ချစ်ဦးသက်ကလျာမှာ ရုတ်တရက် သေဆုံးသွား သဖြင့် စစ်ပွဲတစ်ရာ အောင်နိုင်ခဲ့ပါသော်လည်း အချစ်တစ်ပွဲမှာ ရှုံးနိမ့် သွားရသော စစ်သူကြီး ခမျာ ဖြေမဆည်နိုင်ဘဲ သေရည်ခွက် လက်မှာကိုင်၍ အရူးမီးဝိုင်း ခံရသလိုဖြစ်ကာ အသဲကွဲ ရှာတော့၏။
❀ ဘယ်လိုများဖြေရပါ့ဟူ၍ အကြံတော်တောင်းလိုက်မှ မသေဆေးကျွေးတတ်သည့် မြတ်စွာဘုရားဆိုသော သမားတော်ကြီးဆီသွားပါက ဝေဒနာ ပျောက်ကင်းနိုင်ကြောင်း သိလျှင်သိခြင်း မသေဆေးတောင်းခံရန် အတွက် ဘုရားထံ အမြန်ပြေးလေရာ ဥပါဒါန်အစွဲအလန်းကြောင့် ဒုက္ခရောက်ရသည့်အဖြစ်ကို အသိဖွင့် လမ်းပြလိုက်ခါမှ လေးပါဒ တရားအဆုံးတွင် အရဟတ္တမဂ်ဖိုလ် ဆိုက်ရောက်သွားလေသည်။ ရှင်ဘုရင် အ၀တ်အစားဖြင့်ပင် ရဟန္တာဖြစ်သွားသော စစ်သူကြီးမှာ ပါးစပ်၌ သေရည်အနံ့ပင် မပျောက်သေးပေ။
❀ အရက်သောက်ထားသူ တရားမနာကြားရဟူ၍ မြတ်စွာဘုရား မဟောကြား ခဲ့ပေ။ ထို့ကြောင့် ဘီယာလေး တမျှမျှ၊ သေစာကလေး မ၀တ၀ မှီဝဲတတ်ကြသောသူများသည် တရားဆွေးနွေးခြင်း၊ တရားနာကြားခြင်း၊ ဘုရားရှိခိုးခြင်းအလုပ်များကိုလည်း ပူးတွဲလုပ်ဆောင် ပါလျှင် ကုသိုလ်က အသာရ၍ သံဝေဂ ၀င်ပြီး ဉာဏ်အမြင် ပွင့်လင်းသွားနိုင်ပေသည်။
❀ မြတ်စွာဘုရားလက်ထက်က အရိယတံငှါသည်တစ်ဦးရှိရာ တစ်နေ့သ၌ ဘုရားရှင်နှင့် သံဃာတော်များ ဒေသစာရီကြွချီရင်း ငါးမျှားနေသော အရိယတံငှါ သည်ကို တွေ့သောအခါ မြတ်စွာဘုရားသည် အရိယတံငှါသည်၏ တရားရနိုင်သော ပါရမီရှိ သည်ကိုမြင် ၍ ခေတ္တရပ်ကာ အမည်နာမ မိတ်ဆက်ပြီး“အရိယဟူသောအမည်သည် သူတော်ကောင်းတရား တို့နှင့် မွေ့လျော် သူဖြစ်ကြောင်း” အစရှိသဖြင့် တရားဓမ္မ ဆုံးမလိုက်ရာ အရိယတံငှါသည်သည် ရေစပ်၌ တရား နာရင်းဖြင့် သောတာပန်တည်ကာ အမှန်တကယ် အရိယာသူတော်စင်တစ်ဦးအဖြစ်သို့ ရောက်ရှိပြီး တံငှါသည်ဘ၀မှ လွတ်မြောက်သွားပေသည်။ မလွှဲသာ မရှောင်သာ၍ မကောင်းမှု ပြုမိနေကြရသော်လည်း စိတ်ကောင်းမွေးကာ ကောင်းမှုကို ပူးတွဲလုပ်ဆောင်နိုင်ပါလျှင် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြောင်း သာဓကထုတ်အပ်ပေသည်။
❀ စိတ်ကောင်း စေတနာကောင်း အမြဲမွေးမြူနေခြင်းသည် မသေဆေး အမြဲမှီဝဲနေသော ကျန်းမာရေး အသိရှိသူတစ်ဦးကဲ့သို့ ဖြစ်ပါသည်။ ပုထုဇဉ်မှန်သမျှသည် ရောဂါရနေကြသော ဝေဒနာ သည်များ သာဖြစ်ကြ၏။
❀ မိမိ၌ ရောဂါရှိနေသည်ကို မသိရှိကြဘဲ ကိုယ့်ကိုယ်ကို မသေသေးဘူးဟု ထင်နေကြပြီး အဖန်ဖန်သေနိုင်သော ကိလေသာဓာတ်စာတို့ကိုသာ အမြဲမှီဝဲ ကာ ငါကွ အာဂလူဟူ၍ မိမိကိုယ်ကို အမြဲကျန်းမာသန်စွမ်းနေသည်ဟု ထင်နေကြပေသည်။
❀ ကိလေသာရောဂါထပြီး အမျိုးမျိုး ကာမဂုဏ်တွေ မှီဝဲသုံးဆောင်နေနိုင်သည်ကို ငါလိုလူ ဇမ္ဗူမရှိဟူ၍ ၀ါကြွားနေတတ်ကြပေသည်။ နောင်သံသရာ အဖန်ဖန် သေရမည့်အရေးကိုကား မေ့လျော့၍ နေကြကုန်၏။ ပုထုဇဉ်တို့ကား ကိုယ့်ကိုယ်ကို အမောဖောက်နေမှန်းမသိသော စိတ်ရူးသွတ်နေသူတစ်ဦး အစွမ်းကုန်ပြေးနေသကဲ့သို့ ဖြစ်၏။
❀ ကိလေသာ အမောဆို့၍သာ ဘ၀များစွာ အကြိမ်ကြိမ် သေပွဲဝင်ကြရသူများ ဖြစ်၏။ သေတစ်နေ့ မွေး တစ်နေ့၊ သေတာ များ ဘာဆန်းလဲဟေ့ဟူ၍ သေမင်းနှင့် စစ်ခင်းကာ ကြိမ်ဖန်များ စွာ ရှုံးပွဲရနေကြသူများဖြစ်ကြပေ သည်။
❀ “ကိလေသာစရိုက်
စိတ်စေတနာ အရိုင်းအမိုက်တို့ကို
မြတ်ဘုရား တရားအမြိုက်ဖြင့်
ဆေးကြောရန် အချိန်ဆိုက်သော်လည်း
ဆက်လက်၍ မိုက်မြဲပါလျှင်
နောင်အခါ သံသရာနှင့်တိုက်ဖို့
ဘယ်တော့များ ထိုက်တန်ပါအံ့နည်း။”
စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ ပါရမီကုသိုလ် အစဉ်နွေးအောင် စိတ်ကောင်း စေတနာ ကောင်း အစဉ်မွေး၍ နိဗ္ဗာန်သို့ အပြေးဝင်ရောက်နိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတ)ု
Credit ဓမ္မရတနာ
Share:

"ဗုဒ္ဓအလိုကျ" 🔁✺🔁✺🔁✺

 ❆ ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့  ၄၅နှစ် လုံးနေသွားတဲ့
အတွင်း ဘာဟော ခဲ့သလဲ ဆိုတော့ -- သေချာမှတ် ထား -- "ဓမ္မ" ။ "ဓမ္မ" ဆိုတာဘာလဲ --- "ဓမ္မ"ဆို တာလူ့  အဆင့် ကိုမြှင့်ပေးတယ်။ လူ့ အဆင့် ကို အဆင့် ဆင့်မြှင့် ပေးတယ်။ ဘယ်လို့  မြှင့်ပေးတာ လည်း---- အခြေခံကျင့် စဉ်သုံးခုကျင့် မှရမယ် ------
❆ ၁။ (ကိုယ်နဲ့ နှုတ်သောင်းကျန်းမှု တွေကို ထိန်းခြင်း အကျင့်= သီလ) သီလကိုကျင့် လို့ ရှိရင် အားလုံးလူကောင်းတွေဖြစ်လာမယ်၊ [ to be good person ]
❆ ၂။ (စိတ်ပေါ်မှာ ရှိနေတဲ့ သောင်းကျန်းမှု တွေကိုငြိမ်းချမ်းအောင် ထိန်းခြင်းအကျင့် = သမာဓိ) သမာဓိ ကို ကျင့်လို့ ရှိ ရင်အားလုံးစိတ်ထားဖြောင့် တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမယ်။ [ to be right person]
❆ ၃။ ( စိတ်ထဲမှာ ရှိနေတဲ့ 
အညစ်အကြေးတွေကိုထုတ်ပစ်နိုင် ဖို့ ၊ စိတ်ထဲက အရှိတရား၊ အမှန်တရား ကိုသိအောင် ကျင့်ခြင်း = ပညာ) ပညာကိုကျင့် လို့ ရှိရင် ဖြူစင်တဲ့ သူတော်စင်တွေ ဖြစ် လာမယ် (အရိယာသူတော်စဉ်) ။ [ to be noble person ]
➳ ဥပမာဆိုရလျှင်---
လူမမာ ရောဂါရလို့  ဆရာဝန်သွားပြ ရင် ဆရာဝန်က ဆေးညွှန်း ပေးလိမ့် မယ်၊ ဆေးညွှန်း အတိုင်း ဆေးပေး လိုက်လိမ့်မယ် ဆေးဘယ်လို သောက်ဖို့ ညွှန်ကြားလို လိမ့် မယ်၊
ဒါကို လူနာက အိမ်ပြန်ရောက်တော့ အညွှန်းကိုဖတ်ကြည့်၊ ပြီးရင်း ကောင်းလိုက် တဲ့  ဆေးညွှန်း ဆိုပြီး ဆေးညွှန်း တွေပဲ ထိုင်ဖတ်တယ်၊ ပြီတော့ ဒီဆရာသိပ် တော်တာပဲ၊ ဆိုပြီး၊ ဒီဆရာဝန် ကို ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏၊ ဆိုပြီး လုပ်နေကာ ဆေးတော့ မသောက် ဖူး၊ ဒါဆို ဘာဖြစ်မလဲ------------------"လူနာ သေတာပေါ့။"
ဒီဥပမာ လို ပဲ၊ ဒီကနေ့ ဗုဒ္ဓဘာသာ အမျိုးကောင်းသား၊ အမျိုး ကောင်း သမီးတွေ၊ ယုံကြည်ပါ၏၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆို တဲ့ အဆင့်မှာ ရပ်၍ မနေ့ သင့်ပါဘူး။
ဆေးညွှန်း လဲဖတ်ပါ (ဆေးညွှန်း ဆိုတာက- ပိဋက တရားတော်တွေ )၊ ပြီးရင် ဆေးလည်းသောက်ပါ၊ (ဆေးဆိုတာက = သီလ၊သမာဓိ၊ ပညာ) သေချာတာက တော့ ဆေးမသောက်ပဲ၊ ၊ ရှိခိုး ပါ၏၊ ကိုးကွယ်ပါ၏ ဆိုရင်ဖြင့် ဘာရောဂါ မှ မပျောက်ဖူး။ ဒါ အသေအချာပဲ။
ဓမ္မကို ကိုးကွယ်မယ်ဆိုရင်ဖြင့်၊ ဓမ္မံ သရဏံ ဂစ္ဆာမိ နဲ့  ရပ်မနေပဲ၊ သီလ-သမာဓိ-ပညာ အကျင့်တရား ကို အလေးထားကျင့် ကြံ မှသာ ဗုဒ္ဓ အလိုကျ ဓမ္မကို ကိုးကွယ်ရာရောက်မှာဖြစ်ကြောင်းအသိတရားပွင့် လာစေရန် ဟောကြားဆုံးမတော်မူခဲ့ပါတယ်။
➢ သီတဂူဆရာတော်
Credit Aung Zaw Lay
Share:

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support