Tuesday, 21 May 2019

ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း ~~~~~~~~~~~~~~

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား
 ဗုဒ္ဓဘာသာရဲ့ ကမ္မဝါဒ သဘောတရားအရ သတ္တဝါတွေဟာ ကိုယ်ပြုတဲ့ ကံအကျိုးပေးတွေကြောင့်ပဲ မတူကွဲပြားမှုတွေ ရှိနေကြတယ်။ "ဘယ်သူမပြု မိမိမှု"ဆိုသလို ကိုယ်ဟာကိုယ့်ကြောင့်ပဲ ဖြစ်ရတယ်။ ကိုယ့်ကံအကျိုးပေးဟာလည်း ကိုယ့်ကံအကြောင်းတရားကြောင့်ပဲ ဖြစ်ကြရတာပဲလေ။
တစ်ချို့ကိစ္စတွေက မတူတာကို အတူလုပ်ပေးလို့ မရဘူး။ "ကံမရှိ ဉာဏ်ရှိတိုင်းမွဲ"ဆိုသလို ကံအကျိုးပေးတွေကို ဘယ်လိုပဲတူအောင် ညှိပေးပေမယ့် အတိတ်အကြောင်းတရား ပါလာရင်တော့ တန်းညှိပေးလို့ ရမှာမဟုတ်ဘူးပေါ့။
တကယ်တော့ တန်းညှိဖို့ထက် တန်းသိဖို့ပဲလိုတယ်။ သူ့ကံအကျိုးပေးနဲ့ သူ့အဆင့်အတန်းအလိုက် နေထိုင်ဆက်ဆံတတ်ဖို့ပဲလိုတယ်။ မတူညီတဲ့ သတ္တဝါတွေအပေါ်မှာ ဗြဟ္မစိုရ်တရားနဲ့အညီ နေထိုင်ကျင့်သုံးဆက်ဆံ တတ်ရင် ဘယ်လိုသတ္တဝါမျိုးနဲ့တွေ့တွေ့ ဘာပြဿနာမှ မရှိတော့ဘူး။
မြတ်ဗုဒ္ဓရဲ့ ဗြဟ္မစရိယ တရားဟာ သတ္တဝါတွေအပေါ် တန်းညှိဖို့ထက် တန်းသိဖို့လမ်းညွှန်ပေးတဲ့ သဘောပဲ။ ကံအကျိုးပေး မတူညီတဲ့ သတ္တဝါတွေအပေါ်မှာ သူ့အဆင့်အတန်းနဲ့ သူဆက်ဆံနိုင်ရင် တန်းသိတာပါပဲ။
~ ကိုယ်နဲ့အသက်သိက္ခာ ဂုဏ်ဝါတူညီတဲ့ သူတွေအပေါ်မှာ မေတ္တာနဲ့ဆက်ဆံမယ်၊
~ ကိုယ့်အောက်နိမ့်ကျသူတွေအပေါ်မှာ ကရုဏာနဲ့ ဆက်ဆံမယ်၊
~ ကိုယ့်ထက်သာသူတွေအပေါ်မှာ မုဒိတာနဲ့ ဆက်ဆံမယ်၊
~ ဘယ်လိုမှမရတဲ့သူတွေအပေါ်မှာ ဥပေက္ခာနဲ့ ဆက်ဆံမယ် ဆိုရင် အားလုံးနဲ့ အဆင်ပြေနေမှာပဲလေ။ ဗြဟ္မစရိယလမ်းစဉ်ဟာ အဆင့်အတန်းညှိဖို့ထက် အဆင့်အတန်းကိုသိပြီး နေထိုင်ကျင့်သုံးနည်းပဲ မဟုတ်လား။
ဆိုလိုတာက သတ္တဝါတစ်ခု ကံတစ်ခု အန်တုလို့မရ၊ အတူပြုလို့ မရတဲ့ အခြေအနေမှာ အတင်းလိုက်ပြီး တန်းညှိဖို့ထက် သူ့ကံအကျိုးပေးနဲ့ သူ့အခြေအနေအပေါ်မှာပဲ ဗြဟ္မစိုရ်နှလုံးသား လက်ကိုင်ထားပြီး နေထိုင်တတ်ဖို့ ဆိုလိုတာပါ။ မေတ္တာထားဖို့ လိုရင် မေတ္တာထား၊ ကရုဏာထားဖို့လိုရင် ကရုဏာနဲ့ဆက်ဆံ၊ မုဒိတာပွားဖို့လိုရင် ကျေကျေနပ်နပ်ကြီး သာဓုခေါ်ပေး၊ ဘယ်လိုမှ မရရင်တော့ ဥပေက္ခာပြုပေါ့။ ဒါဆိုရင် တန်းညှိနေဖို့ မလိုဘူး။ တန်းသိတဲ့ သဘောပဲပေါ့။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
Share:

လုပ်ပေးနိုင်လို့ပါ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ 






























# လူ့စိတ်ဆိုတာ ကြံဖန်ပြီး မကောင်းတဲ့ အတွေးတွေ ဝင်တတ်တယ်။ မိသားစုတစ်ခုခုမှာပဲ ဖြစ်ဖြစ်၊ ပရဟိတ တစ်ဖွဲ့ဖွဲ့မှာပဲ ဖြစ်ဖြစ်၊ နေရာဌာန တစ်ခုခုမှာပဲ ဖြစ်ဖြစ် အများအတွက် လုပ်ပေးနိုင်တဲ့ အစွမ်းရှိတဲ့သူတွေ ပါတတ်သလို နေရာတိုင်းမှာလည်း အပေါက်လုပ်တဲ့သူတွေ၊ မသိတတ်တဲ့ သူတွေက ရှိနေတတ်ပြန်တယ်။ အဲဒီလို အခါမျိုးမှာ ကောင်းရာကောင်းကြောင်း လုပ်ပေးနေတဲ့သူတွေမှာ “ငါကတော့ လုပ်ပေးလိုက်ရတာ သူတို့ကတော့ ဘာဖြစ်နေတာ၊ ဘယ်လိုဖြစ်နေတာ” စတဲ့ အတွေးတွေဝင်ပြီး စိတ်မှာမကြည်မလင် ဖြစ်လာတတ်တယ်။ ကောင်းတာလုပ်နေရဲ့သားနဲ့ အဲဒီလို မကောင်းတဲ့ အတွေးတွေ ဝင်လာမိရင် လုပ်လည်းလုပ်ရသေး၊ အပြစ်လည်း ဖြစ်သေးဆိုတာမျိုးတွေ ဖြစ်လာတတ်တယ်။
# အကောင်းဆုံးကတော့ “ငါကတော့ လုပ်ပေးလိုက်ရတာ”ဆိုတဲ့ အတွေးမျိုး မထားဘဲ၊ “ငါလုပ်ပေးနိုင်လို့ လုပ်ခွင့်ရနေလို့ ဒီလိုအခွင့်အရေးမျိုး ရနေတာပါလား” ဆိုတဲ့ စိတ်အတွေးနဲ့ ကိုယ့်စိတ်ကိုယ်ပြုပြင်ပြီး လုပ်ပေးနိုင်သလောက် အကျိုးရောက်အောင် စေတနာမပျက် ခရီးဆက်ကြဖို့ပဲ ဖြစ်တယ်။
# အများအကျိုးဆိုတာ လုပ်ပေးနိုင်တဲ့သူ၊ လုပ်ခွင့်ရတဲ့သူ၊ စေတနာ သဒ္ဓါကောင်းတဲ့ သူတွေကသာ လုပ်ပေးနိုင်တာဖြစ်တဲ့အတွက် ဒီလိုအခွင့်အရေးမျိုးကို အဲဒီ “ငါကတော့…”ဆိုတဲ့ အတွေးမျိုးနဲ့ စိတ်မကွက်အောင် သတိနဲ့ ဆင်ခြင်ကာ ပြုပြင်ကြဖို့ပဲ ဖြစ်တယ်။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ


































Share:

Thursday, 9 May 2019

💢ဒေါသ။💢

 ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: အပြင်ဘက်
 လူတိုင်းတွင် ဒေါသ အနည်းနှင့်အများ ရှိကြသည်။ ဒေါသ ထွက်ပုံများ ကလည်း နည်းမျိုးစုံလင်သည်။ တချို့ သည် ဒေါသ ဖြစ်လွယ်သေ လာက်ပြေပျောက်လွယ်၏။ ပြေပျောက်သွားသည်နှင့် ဘာမျှမဖြစ် သကဲ့သို့ ပုံမှန်အနေအထား ဖြစ်နေသည်။
တချို့မှာမူ ဒေါသ ဖြစ်လာလျှင် မုန်းတီးစိတ်ပါ တွဲလာကာ လက်တုံ့ ပြန် လိုသည့် ဆန္ဒ ဖြစ်ပေါ် လာတတ်သည်။ ကလဲ့စားချေနိုင်မည့် အချိန် အထိ အငြိုးအတေးထားတော့သည်။ တချို့ကား ဒေါသ ဖြစ်ခဲ့ သော် မည်သည့် အ ခါမျှ မေ့မသွားအောင် စွဲမှတ်သိမ်းဆည်းထား တတ်၏။ ဒေါသ ထွက်သည့် အခါတိုင်း သိမ်းဆည်းထားသော ဒေါ သကြီးငယ်တို့နှင့် ပေါင်းစပ်တွဲချည်တတ်သည်။ အဖန် တလဲလဲ စဉ်းစားနေတတ်သည်။
ဒေါသ ထွက်ခြင်းသည် ရေဆူနေသော ကရားနှုတ်သီးမှ ရေနွေးငွေ့ များ ထွက်သည်နှင့် တူသည်။ အပူကြောင့် ရေနွေးငွေ့ ဖြစ်လာသည်။
ရေသည် မုန်းတီးစိတ်ရှိသော ဒေါသ၊ အပူသည် ဒေါသကိုဖြစ်စေသော အခြေအနေ၊ ရေနွေးငွေ့ ကားဒေါသစိတ် ၏ ခံစားမှု၊ အပူကို မတုံ့ပြန်ပါ က ရေနွေးငွေ့ မဖြစ်၊ ဒေါသ ဖြစ်စေသည့် အခြေအနေကို လက်မခံလျှင်ဒေါ သမ ဖြစ်။ အပူကို လက်မခံနိုင်လျှင် ယင်းကိုထုတ်ပယ်နိုင်မည့် နည်း လမ်း ကို ရှာကြံ ရမည်ဖြစ်သည်။ ရေနွေး ကရား တွင် အပေါက်ပါသဖြင့်ရေနွေးငွေ့ များကို လျင်စွာထွက်သွားစေ၏။ ထို့အတူ ဒေါသဖြစ်သူသည်ဒေါသေ လျာ့ ပါး စေရန် ထွက်ပေါက်ကို ရှာဖွေရမည်ဖြစ်သည်။
ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ခေတ္တခဏဖြစ်စေ၊ ကြာရှည်ဖြစ်စေေ ဒါသသည် ပျော်ရွှင်ခြင်းနှင့် ကျန်းမာ ခြင်းကို ထာဝစဉ် ဖျက်ဆီးတတ်၏။ မိမိနှင့် မိမိ၏ ပတ်ဝန်းကျင်ကို အန္တရာယ် ပေးမြဲဖြစ်သည်။ ဗုဒ္ဓက ဒေါသ ကို ပယ်သတ်နိုင်သူသည် ဝမ်းနည်းပူဆွေးရခြင်းများ မရှိ၊ ပျော်ရွှင်စွာနေ ရ၏ ဟု မိန့်ကြား တော်မူခဲ့သည်။
သတိနှင့် ပညာသည်သာ ဒေါသကို ပယ်ခွါရန် အားကိုးစရာဖြစ်သည်။ သို့ ဖြစ်ရကား၊ သတိနှင့် ပညာ ကိုယ်မှာရှိစေရန် ကြိုးကုတ်အားထုတ် ကြရပေမည်။
အေးဆက် 
 
Share:

သင့်ရဲ့စိတ်ဟာ သံလိုက်တစ်ခုပါပဲ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: ပန်း၊ သစ်ပင် နှင့် စာသား 
🌹🌹 သင့်ရဲ့စိတ်ဟာ သံလိုက်တစ်ခုပါပဲ။
ကောင်းတာတွေကို အမြဲစဉ်းစားနေရင်
ကောင်းတာတွေကို ဆွဲငင်တယ်။
ပြဿနာတွေကို အမြဲစဉ်းစားနေရင်
ပြဿနာတွေကို ဆွဲငင်တယ်။
အမြဲတမ်း ကောင်းတဲ့အတွေးအမြင်နဲ့
နေထိုင်ရှင်သန်ပါ။
🌹🌹 "အမဲငါးပုပ်၊ ဖက်နှင့်ထုပ်သော်၊
ထုပ်သည့်ဖက်ဝယ်၊ ပုပ်နံ့ကြွယ်၏။
စံပယ်မြတ်လေး၊ ဖက်နှင့်ထွေးသော်၊
ထွေးသည့်ဖက်ဝယ်၊ မွှေးနံ့ကြွယ်၏” ဆိုသလို မကောင်းတဲ့အရာတွေကို ကိုယ့်စိတ်ထဲမှာ
စိမ်ထားရင် မကောင်းတဲ့ အပြောအဆို၊အမူအကျင့်တွေ စွဲကျန်ထင်ဟပ်လာတယ်။
ကိုယ့်စိတ်ထဲမှာ ကောင်းတာတွေ စိမ်ထားရင် ကောင်းတဲ့အပြောအဆို၊ အမူအကျင့်တွေ
စွဲကျန်ထင်ဟပ်လာတယ်။
🌹🌹 စိတ်​ပုပ်​လူပုပ်တွေနဲ့အတူနေ၊ အတုယူနေရင်
ကိုယ်လည်း အနံ့ဆိုးတွေ စွဲထင်လာမယ်။
စိတ်​​မွှေးလူမွှေးတွေနဲ့အတူနေ၊ အတုယူနေရင်
ကိုယ်လည်း အနံ့မွှေးတွေ စွဲထင်လာမယ်။
🌹🌹 အမွှေးဆုံးဖြစ်တော်မူတဲ့ ဘုရားရှင်နဲ့
တပည့်သား သူတော်ကောင်းတွေရဲ့
အမူအကျင့် စိတ်ထာမြင့်မြတ်ပုံ ဂုဏ်တော်အစုံကို ထုပ်ပိုးရွတ်ပွား အတုယူစိမ်ထားတဲ့အခါ
ကိုယ့်နှလုံးသားဖက်ရွက်လေးဟာလည်း (ပတ်ဝန်းကျင်ကလူတွေအတွက်)
မွှေးရနံ့တွေ ကြွယ်နေပါလိမ့်မယ်။
#မောင်စံလေး
Share:

မိန်းမဟူသမျှ ဖန်တန်တန်ပါပဲ ပုဏ္ဏားကြီးရယ် 🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

 ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ထိုင်နေသည် နှင့် အခန်းတွင်း
 တစ်ခါက ပုဏ္ဏားကြီးက နန်းတော်ထဲ အခစားဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်။
ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ် လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့တပ်မက် ဖွယ် အာရုံကို မြင်တွေ့သွားတယ်။
ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ် မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ် အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့။
နောက်ရက်တွေကျတော့ ပုဏ္ဏားကြီး နန်းတော်မဝင်တော့ဘူး ပုဏ္ဏားကြီး နေမကောင်းလို့ အခစား မဝင်နိုင်ကြောင်း ရှင်ဘုရင်ကို လျှောက်တင်ထားကြောင်းလည်း သတင်းစကားကြားလိုက်ရတော့..
မိဖုရားကြီးက စဉ်းစားတယ် ဟိုတစ်နေ့က ကိစ္စနဲ့ ပက်သက် နေသလားပေါ့ ပုဏ္ဏားကြီးက ပညာတော်တယ် အတွေ့အကြုံများ တယ် တိုင်းပြည်အတွက် အားကိုးရလို့ ဘုရင်ကြီးကလည်း အားထား နေရတယ်။
ပုဏ္ဏားကြီးကလည်း ဟိုတစ်နေ့က မြင်ခဲ့ရတဲ့ မိဖုရားရဲ့ နေရောင် မခတဲ့ လျှို့ဝှက်သော အလှကို မျက်စိထဲကကို မထွက်ဘူး ခက်တာ က ရှင်ဘုရင်ရဲ့ မိဖုရား ရှင်ဘုရင်ကိုသတ် ပလ္လင်ပေါ်တက်နိုင်မှအလို ဆန္ဒ ပြည့်ဝရမယ့် အဖြစ် ....
ရင်ထဲဖြစ်တဲ့ ဝေဒနာကို ကျိတ်ခံစားရင်း စားလို့လည်းမရ အိပ်လို့လည်းမရ ကြံမရ စည်မရ ဖြစ်နေတုန်း နန်းတွင်း အစေခံ တစ်ယောက်က မိဖုရားအလှဒေဝီက ပုဏ္ဏားဆီကို အခစား ဝင်စေ အမိန့်တော် ချွေလိုက်သတဲ့ ။
အိုး……… ရင်တွေ တလှပ်လှပ် ဘဝင်မှာ လေဟပ်သလို မြင်ချင် စိတ်နဲ့ သိချင်စိတ်က မစားနိုင် မသောက်နိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ ပုဏ္ဏား ဆေးကောင်းစားလိုက်သလို ငေါက်ကနဲထ နန်းတော်ကို ကြွပြီပေါ့။
နန်းတော်လည်း ရောက်ရော မိဖုရားကြီးက အပြုံးလေးနဲ့ ကြိုဆိုရင်း ပုဏ္ဏာကြီး နေမကောင်းဘူဆိုလို့ မေးလိုက်တော့..
မှန်လှပါဘုရား…… အိပ်လို့လည်း မပျော် စားလို့လည်းမရ ရင်ထဲမှာ တမ်းတနေတာက ဘာလိုလို ညာလိုလိုနဲ့ ဘာကိုမှ အလိုမကျ ဖြစ်နေရပါတယ်ဘုရား…………လို့
လူကြီးကြူနည်းနဲ့ စကားလမ်းခင်းကြူသံလေးနဲ့ လျှောက်တင် တာပေါ့လေ။
မိဖုရားကြီးကလည်း သြော်… ပုဏ္ဏားကြီးရယ် ကျမကလည်း ဒါကို သိလို့ ပုဏ္ဏားကြီးအတွက် ဆေးကောင်းသုံးခွက် ဖော်စပ် ပေးထား ပါတယ်လို့ အပြုံးလေးနဲ့ ပြောလိုက်ရင်း
ရှေ့မှာတင်ထားတဲ့ ဆေးခွက်ကို လက်ကမ်းပေးလိုက်တော့
ကိုရွှေပုဏ္ဏားက ဘာပြောကောင်းမလည်း တစ်ကျိုက်တည်းပေါ့ မော့ချပြစ်လိုက်တယ် ဘာမှ မေးမနေတော့ဘူး ချစ်သူတိုက်တဲ့ ဆေးလေ ကောင်းမှ ကောင်းပေါ့
မိဖုရားက နောက်တစ်ခွက် ကမ်းပေးလိုက်ပြန်တယ် ပုဏ္ဏားက လည်း မော့ချပြစ်လိုက်တာပဲ ဒီတခွက်ကျတော့ ဆေးအရသာကို နည်းနည်း ခံစားမိသွားတယ်
ဒုတိယခွက်ကုန်သွားတော့ မိဖုရားက တတိယမြောက် ဆေးခွက်ကို ကမ်းပေးပြန်တယ် ပုဏ္ဏားက နည်းနည်းတွန့်လာပြီ ဆေးခွက်ကို သေချာ ကြည့်နေတယ်
မိဖုရားက သောက်လိုက်ပါ ပုဏ္ဏားကြီးရယ် အားရှိသွားပြီး ရောဂါ ပျောက်တာပေါ့လို့ ချိုချိုလေး ပြောလိုက်တော့ မော့ချ လိုက်ပြန် တယ် ဒီတစ်ခါတော့ ပုဏ္ဏားက မိဖုရားကို သေချာ ပြန်ကြည့်တယ်
နောက် စဉ်းစားနေတယ် ဘာလည်းပေါ့
မိဖုရားကလည်း ဒါကို ရိပ်မိတော့ ပုဏ္ဏားကြီး
၁။ပထမ ခွက်က ဘာခွက်လည်းလို့ မေးလိုက်တော့
ကြေးခွက်ပါဘုရားတဲ့
ဘာအရသာရှိလည်းဆိုတော့
ဖန်တန်တန်နဲ့ပါ ဘုရားတဲ့
၂။ ဒုတိယခွက်က ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့
ငွေခွက်ပါဘုရားတဲ့
ဘာအရသာ ရှိပါသလည်းဆိုတော့
ဖန်တန်တန်ပါပဲ ဘုရား……တဲ့
၃။ တတိယခွက်ကကော ဘာခွက်လည်း ပုဏ္ဏားကြီးဆိုတော့
ရွှေခွက်ပါဘုရား………တဲ့
ဘာအရသာများ ရှိသလည်းဆိုတော့
ဖန်တန်တန်ပါပဲဘုရား………တဲ့
ပုဏ္ဏားကြီးက မိဖုရားရဲ့ အမေးကို ဖြေနေရင်းနဲ့ စဉ်းစားမိလာတယ် သြော်……… အပေါ်ယံ ခွက်ကသာ ပြောင်းပေမယ့် အထဲက အရသာ က မပြောင်းဘူးဆိုတာ မိဖုရားက ပြောချင်နေတာပဲ
ဘာကြောင့် ပြောချင်နေတာလည်းလို့ ထပ်စဉ်းစားတော့ မိဖုရားကို စွဲလမ်းနစ်သက်မိတဲ့ အတွက်ကြောင့်ပဲ။
မိဖုရားအဆောင် အယောင်တွေနဲ့ ဆိုတော့ ရွှေခွက်နဲ့တူတယ်။
အိမ်က ပုဏ္ဏမက ပုဏ္ဏား အဆောင်အယောင်နဲ့ဆိုတော့ ငွေခွက်နဲ့တူတယ် အရသာကတော့ ဖန်တန်တန်ကြီးပါပဲပေါ့ ဒါကို မိဖုရားက ပြောချင်တာပဲဆိုပြီး သဘောပေါက်သွားတယ်။
မှန်လှပါ သဘောပေါက်ပါပြီ မိဖုရားကြီး မိဖုရားကြီးက ပညာရှိပါ ပေတယ်လို့ ချီးမွှန်းလိုက်တယ်။
မိဖုရားကြီးကလည်း ပုဏ္ဏားကြီးကလည်း ပညာရှိပါပေတယ်လို့ ပြန်ပြောလိုက်တယ်။
ဒီတော့မှ ပုဏ္ဏားကြီးလည်း စိတ်ရောဂါတွေ ပျောက်ပြီး ပုံမှန်အတိုင်းပဲ စားနိုင် အိပ်နိုင် အလုပ် လုပ်နိုင်သွားပါတော့တယ်။
ဒီလိုနားလည်မယ်ဆိုရင်တော့
အိမ်ထောင်ဖက်အပေါ် သစ္စာဖေါက်စရာ မလိုတော့ဘူးပေါ့
အားလုံးက ဖန်တန်တန်ပဲလေ။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏
အခြေပြုပဌာန်းတရားတော် စာအုပ်မှ
အာရုံအကြောင်း ရှင်းပြပုံ ဥပမာကို မှီငြမ်းပါသည်။
phyoeMayOo
Share:

"ဘဝဆိုတာ လမင်းကြီးလို ပြည့်လိုက်ကွယ်လိုက်ပဲ"

 ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
 လ ဆိုတာ ပြည့်ပြီးရင် ကွယ်ရသလို
ဘဝဆိုတာလည်း တက်ပြီးရင်ကျရတာပဲ
ဖြစ်ပြီးရင်လည်း ပျက်ရတာပဲ
ဘာမှတစ်သမတ်တည်း မရှိဘူး
သေချာပေါက်ရှိနေတာကတော့ မမြဲခြင်းပဲ
ဘဝဆိုတာ လ လိုပဲ
အမြဲတမ်းပြည့်နေတာ မဟုတ်သလို
အမြဲကွယ်နေတာတော့ မဟုတ်ဘူး
တဖြေးဖြေးဆန်း တဖြေးဖြေးပြည့် တဖြေးဖြေးဆုတ်
တဖြေးဖြေးကွယ်
ဒါဟာ သဘာဝရဲ့ အပြောင်းအလဲ
ဘဝရဲ့ အပြောင်းအလဲပဲ မဟုတ်လား
အဆင်ပြေနေလို့လည်း သတိလက်လွတ်မဖြစ်ဖို့
လိုသလို အဆင်မပြေလို့လည်း စိတ်ပျက်လက်ပျက်
ဖြစ်နေဖို့ မဟုတ်ဘူး
ဖြစ်လိုက်ပျက်လိုက်ပြေလိုက်မပြေလိုက်
တက်လိုက်ကျလိုက် ဖြစ်နေတာကိုက
ဘဝရဲ့ သင်္ကေတပဲ
အချိန်နဲ့အခြေအနေ အခိုက်အတံ့ကို
မယိမ်းယိုင်အောင် ထိမ်းနေနိုင်ရင်
ဘဝရဲ့လောကဓံဆိုတာ ကျော်လွှားသွားမှာပါပဲ
ဘဝပြည့်နေလို့လည်း ဓမ္မမမေ့နဲ့
ဘဝကွယ်နေလို့လည်း ဓမ္မမပယ်နဲ့
ဘဝကယ်ဖို့ဆိုတာ ဓမ္မနဲ့ပဲ ဖြေဆည်ရမှာဖြစ်တဲ့အတွက်
အပ္ပမာဒတရားလက်ကိုင်ထား
သတိအားတွေ မကျအောင်ပဲ ကြိုးစားကြရမှာပဲပေါ့
(မနာပ ဒါယီ အရှင်ဝိစိတ္တ)
Share:

Monday, 6 May 2019

ပိုက်ဆံရှိတာ နဲ့ ကုသိုလ်ရှိတာ မတူဘူး •••••••••••••••••••••••••••••••••••

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ စာသား
 ပိုက်ဆံရှိလို့ .. ငါရှိတယ်၊ ငါသုံးနိုင်တယ် ဆိုတဲ့
အတွေးလေး ၀င်လာတဲ့ အခါမှာ ချမ်းသာတယ်။
သြော် . ငါပိုင်ဆိုင်တဲ့ ပစ္စည်းတွေ လုံခြုံမှုရှိရဲ့လားလို့
တွေးလိုက်လို့ရှိရင် စိတ်ဆင်းရဲစရာ ဖြစ်လာတယ်။
တစ်ဖက်ကကြည့်ရင် ချမ်းသာသော်လည်း
တစ်ဖက်ကကြည့်ရင် ချမ်းသာတယ်လို့ ပြောလို့ မရဘူး။
ကုသိုလ်ကောင်းမှုကတော့ အဲဒါမျိုး မဟုတ်ဘူး။
ကုသိုလ်ကောင်းမှု ရှိတယ် ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
ကိုယ့်မှာ အားကိုးတစ်ခု ရှိနေတယ်။
ငါ့မှာ ကုသိုလ်ကောင်းမှုရှိတယ် ဆိုတဲ့
အတွေးဝင်တဲ့ အခါမှာလည်း ချမ်းသာတယ်။
ထိုကုသိုလ်ကောင်းမှုတွေ ပျောက်ပျက်သွားမလားလို့
တွေးပြီး ပူပန်စရာလည်း မရှိဘူး။
ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်အပ်သော
အမွေခံ သားဆိုးသမီးဆိုးတွေရဲ့ အန္တရာယ်ကြောင့်
ကိုယ့်မှာရှိတဲ့ကုသိုလ်တွေ ပျောက်သွားမလားလို့
တွေးပြီး ပူပန်စရာလည်း မရှိဘူး။
အဲဒီတော့ ကုသိုလ်က ချမ်းသာသက်သက် ပေးတာ။
ဒါကြောင့်မို့
"သုခေါ ပုညဿ ဥစ္စယော။ ပုညဿ - ကုသိုလ်ကောင်းမှု၏၊
ဥစ္စယော - မိမိသန္တာန်မှာ စုဆောင်းမိခြင်းသည်၊
သုခေါ - ချမ်းသာသုခ ရရှိခြင်း၏ အကြောင်းဧကန်
အစစ်အမှန်ပဲ" လို့ ဒီလိုဟောတယ်။
ကုသိုလ်ကောင်းမှုဆိုတာ ဒီလောက်အားကိုးရတယ်နော်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
Share:

သာဓု သာဓု သာဓု.

 ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား နှင့် အပြင်ဘက်
 "" ဘုန်းဘုန်း..ကျောင်းအရှေ့ဘက်ပိန္နဲတောက ဒကာကြီးဦးကောင်းက ဘုန်းကြီးနဲ့တွေ့ချင်လို့တဲ့..ဘုရား...""
"" ဘယ် ဦးကောင်း..""
"" တပည့်တော်တို့ကျောင်းအရှေ့က ပိန္နဲတောကလေ...""
""အဲ့ဒိပိန္နဲတောကြီးက လူမနေဘူးဆို..""
"" ဟုတ်တယ်..သူတို့က ရွာတောင်အစပ်က စိုက်ပျိုးရေးခြံထဲမှာ အဘိုးကြီး အဘွားကြီးနေကြတာ...သားသမီးလဲမရှိဘူး...""
"" ငါ မသိပါဘူး..သူတို့ကို...""
"" ဘယ်သိမှာတုံး...အဘိုးကြီးရော အဘွားကြီးရော ဒိဌိတွေလေ ..
တသက်နဲ့တကိုယ်ဘုန်းကြီးကျောင်း ဒီတခါလာဖူးသေးတာပဲ...""
"" ဟင်..ဟုတ်လား...""
ဆရာတော့်စိတ်ထဲ နည်းနည်းတော့ ထူးဆန်းသွားပါတယ်...
စိတ်လဲ စိတ်ဝင်စားသွားမိတယ်...
"" ဘုန်းဘုန်းက ဒီဒေသကို ရောက်တာသိပ်မကြာသေးလို့လေ..
ဒေသခံတွေကတော့ သူတို့အကြောင်းအကုန်သိကြတယ်..
ဗုဒ္ဓဘာသာတာပြောတာ..ဘုန်းကြီးကျောင်းလဲ မလာဘူး..
အိမ်လဲ ဆွမ်းကပ်တို့ ကထိန်သင်္ကန်းကပ်တို့ တခုမှ မလုပ်ဖူးဘူး...ရွာသူရွာသားတွေနဲ့လည်း သိပ်ရောရောနှောနှောနေတာမတွေ့ရဘူး..သူတို့လုပ်တဲ့ခြံနားနီးချင်းတွေလောက်ပဲ အပေါင်းအသင်းရှိတာ...""
ဆရာတော်က သူကျိန်းတဲ့ကျောင်းကနေ ဧည့်တွေ့ကျောင်းလေးဆီကို စင်္ကြံလျှောက်လာရင်း ကပ္ပိယမောင်ကျန်ပြောသမျှ နားထောင်လာမိတယ်...
"" အိမ်တော့ ဘုရားစင်ရှိလား...""
"" ဘုရားစင်ရှိလားတောင်မသိဘူး...အော် ရှိတယ်..ရှိတယ်..
တခေါက်ဘုန်းဘုန်းဒီကျောင်းရောက်ခါစက ဝါတွင်းရိပ်သာဖွင့်ပွဲလုပ်တော့ သူတို့ခြံထဲ ပန်းသွားဝယ်ရသေးတယ်..တဲလေးအရှေ့ခန်းမယ် ဘုရားစင်လေးတွေ့ခဲ့တယ်..တပည့်တော်တောင် ဘုရားစင်တော့ ရှိသားဟလို့တွေးလိုက်မိသေးတယ်...""
"" အော်...ဆွမ်းတွေဘာတွေလောင်းလား...""
"" အဲ့လိုလဲ လောင်းပါတယ်..အဘိုးကြီးကိုယ်တိုင်တော့ မဟုတ်ဘူး..အဘွားကြီးပဲ သူတို့နဲ့ခြံနားနီးချင်း ဒေါ်ဘုတ်အိမ်လာလာပြီးစောင့်လောင်းတာ တွေ့တယ်..""
"" အိမ်မှာ ဘုရားစင်ရှိတယ်..သံဃာတွေလဲ ဆွမ်းလောင်းတယ် ဒိဌိမဟုတ်ပါဘူးကွ..မင်းကလဲ...""
"" ဒါပေမဲ့ သူတို့က ရွာနီးစပ်ချုပ်က ဘုန်းကြီးကျောင်းတွေကျ အဝင်အထွက်မရှိဘူးဘုရား..ဒါကြောင့် တရွာလုံးက သူတ်ု့ကို
ဒိဌိတွေလို့ ပြောတာပဲဘုရား...""
"" ကဲကဲ တော်တော် ကျောင်းရောက်ခါနီးနေပြီ..ဧည့်သည်တွေ ကြားသွားလို့မတော်ဘူး...""
ကျောင်းပေါ်တက်လိုက်တော့ အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါး ကျက်သရေရွှန်းတဲ့ရုပ်ရည်ရူပကာယနဲ့ ဒကာကြီးတစ်ယောက်ရယ် ဖြူဖြူဖိုင့်ဖိုင့် ဒကာမကြီးတစ်ယောက်ရယ် ဘေးမှာ လှူဖွယ်ပစ္စည်းလေးတွေထဲ့ထားတဲ့ လင်ပန်းလေးချလို့ ဆရာတော်အလာကို စောင့်နေတာတွေ့ရပါတယ်...
ဆရာတော်ကြွလာတာမြင်တော့ ဒကာကြီးက လက်အုပ်ချီပြီး ပြုံးယောင်ပြုတယ်...ဒကာမကြီးကတော့ မွန်မွန်ရည်ရည်ကြီးပြုံးလို့...
"" တပည့်တော်တို့ရောက်လာတာနဲ့ ဘုန်းဘုန်းအိပ်ရေးပျက်သွားပြီထင်တယ်...""
"" မပျက်ပါဘူး ဒကာကြီး ရေလေးချိုးမလို့လုပ်နေတာပါ..""
"" အော် တင်ပါးဘုရား...""
တကာကြီးဦးကောင်းရဲ့မျက်နှာနေမျက်နှာထားနဲ့ စကားပြောပုံအမူအရာက အင်မတန်ငြိမ်းအေးလှတယ်..
လူပုံပန်းသဏ္ဌန် အကဲခတ်ကြည့်တော့လဲ ပြေပြေပြစ်ပြစ်မျက်နှာမှာ နှာတံပေါ်ပေါ် နားရွက်ဝိုင်းဝိုင်းနဲ့ ပညာရှိဥပတိရုပ်လက္ခဏာမျိုးတွေ့ရတယ်...
"" တပည့်တော်လာရင်းကတော့ ဘုန်းဘုန်းကျောင်းမှာ နိုင်ငံတကာအဆင့်မှီ တရားရိပ်သာကြီးတခုဖွင့်မယ်လို့ တီဗီမှာ ကြော်ငြာတာတွေ့လို့ တပည့်တော်တို့လဲ အလှူငွေလေး ထည့်ချင်လို့ပါဘုရား...""
"" အော့်..ဟုတ်ကဲ့..ဒကာကြီး ..ဒါဆို ခဏနော် မောင်ကျန်ရေ..အလှူငွေစရင်းကိုင်တဲ့ဦးပန္တိကို သွားလျှောက်လိုက်..တရားရိပ်သာအတွက် အလှူရှင်လာတယ်လို့
စရင်းသွင်းပြီး အလှူငွေလက်ခံရအောင်လာခဲ့ပါဦးတဲ့လို့...""
အမှန်အတိုင်းပြောရရင် အထင်သေးတာမဟုတ်ပေမဲ့ ဒကာမကြီးနဲ့ဒကာမကြီး ပုံပန်းသဏ္ဌန်ကြည့်ပြီး အလှူငွေကို နှစ်သိန်းသုံးသိန်းလောက်မှတ်တာပေါ့...
ဦးပန္တိရောက်လာပြီး အလှူငွေလက်ခံတော့မှ ဒကာကြီးက ဒကာကြီးနဲ့ဒကာမကြီးကြားထဲ ညှပ်ထိုင်ထားတဲ့ ဆာလာအိတ်အဝါလေးထဲကနေ တစ်သောင်းတန်းအုပ်ကြီးတွေကို
တအုပ်ချင်းထုတ်ပြီးစီနေတာ အကြာကြီးပဲ..
အဲ့တော့မှ ဆရာတော်ရော ဦးပန္တိရော မောင်ကျန်ရော
မျက်လုံးတွေ ပြူးကုန်တယ်...
"" ဒါ စုစုပေါင်း သိန်းတထောင့်ငါးရာရှိပါတယ်ဘုရား..
ဦးဇင်းမရိုမသေစစ်လိုက်ပါဦးဘုရား..သိန်းတထောင်က တရာရိပ်သာကြီးဆောက်တဲ့အထဲ လှူဒန်းပါတယ်ဘုရား...
ကျန်တဲ့သိန်းငါးရာကတော့ ဝါတွင်းတရာစခန်းဖွင့်တဲ့အခါ အလှူရှင်မရှိတဲ့ရက်တိုင်း တပည့်တော်တို့က ဆွမ်းကွမ်းဆေးနဲ့အာရုံဆွမ်းနေ့ဆွမ်းကုသိုလ်ယူတာပါဘုရား...""
ဆရာတော်လဲ အံ့သြ..ဦးပန္တိလဲ အံ့သြ..မောင်ကျန်လဲ အံ့သြပေါ့လေ..ပိုပြီးအံ့သြဖို့ကောင်းတာက ဒီသိန်းပေါင်းတစ်ထောင့်ငါးရာ လှူဒါန်းတဲ့အလှုကို ဘယ်ဧည့်ပရိတ်သက်တစ်ယောက်မှ မဖိတ်ကြားပဲ လှူဖွယ်လင်ပန်းလေးတစ်ချပ်နဲ့ တစ်ထိုင်ထဲ ယတိပြတ်လှူဒါန်းလိုကိတာကိုပါပဲ...
"" ဘယ်သူ့မှလဲ ဖိတ်မနေတော့ပါဘူးဘုရား..ကိုယ်ကဖိတ်တော့လဲ ဝတ္တရားအရလာပြီး မဆာပဲစား...လက်ဆောင်တွေယူလာရနဲ့
ပင်ပန်းပါတယ်ဘုရား...တခါချက်ကြဦးဟ ပြုတ်ကြဦးဟ ကျွေးမွေးဧည့်ခံကြဦးဟနဲ့..ဘေးကလူတွေတာဝန်ပိုမှာလဲစိုးတယ်ဘုရား...""
"" ကောင်းပါလေ့..ကောင်းပါလေ့..ဒကာကြီး..တိုတိုတုတ်တုတ်ပေါ့ဗျာ..""
ဒကာကြီးကြည့်ပြီး ဆရာတော့်ရဲ့ခမည်းတော်ကြီးကို ရုပ်ချည်းသတိရလိုက်မိတယ်...
ဆရာတော့်ရဲ့ခမည်းတော်ကြီးက ယောင်ထုံးကြီးနဲ့ ရှေးခေတ်က တောသူဌေးကြီးပေါ့...
ခမည်းတော်ကြီးက အင်မတန်ရိုးသားတယ်..ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင်အားထုတ်တယ်..အင်မတန်လဲ စရဏအားကောင်းတယ်...တိုင်းရင်းဆေးလာမလား..နက္ခက်ဗေဒင်လာမလား..အထက်လမ်းကျင့်စဉ်လာမလား..လေ့လာလိုက်စားမှု့ကလဲ စူးရှတယ်...
ခမည်းတော်ကြီးက ဒိပြင်ရွာကပါ. ..မယ်တော်ကြီးနဲ့အိမ်ထောင်ကျပြီးမှ ဆံထုံးနောက်ယောင်ပါပြီး မယ်တော်ကြီးရွာလိုက်လာရှာတာ...
ဆရာတော်လူမမယ်အရွယ်လေးကတည်းက မယ်တ်ာကြီးက ဆုံးသွားတော့ မုဆိုးဖိုဘဝနဲ့ ဆရာတော့်ကို တစ်ယောက်ထဲစောင့်ရှောက်ခဲ့တယ်..
ဆရာတော်တို့သိတက်ကတည်းက ခမည်းတော်ကြီးက ရွာထဲက ဘုန်းကြီးကျောင်းကို တခါမှ မသွားဖူးဘူး...
ဥပုဒ်နေ့တိုင်း ဘုရာစင်အရှေ့မှာ ကိုယ့်ဘာသာငါးပါသီလယူပြီး ဥပုဒ်စောင့်တည်တယ်...
ဆရာတော် နည်းနည်းအရွယ်လေးရလာတော့
"" အဖေ ဘာလို့ ဘုန်းကြီးကျောင်းမသွားတာလဲ"" ဆိုတော့
ဘုန်းကြီးကျောင်းသွား ဥပုဒ်စောင့်ပြီး ငါးပါးသီလမလုံတဲ့သူတွေနဲ့ အတူတူဖြစ်သွားမှာစိုးလို့တဲ့...
ဒီလိုနဲ့ မိုးကုတ်မှာအိမ်ထောင်ကျတဲ့ဆရာတော့်မယ်တော်ကြီးရဲ့ညီမက
အလှူလုပ်တော့ ဆရာတော့်ကိုလဲ မောင်ရင်လောင်းထဲထည့်လိုက်တာကြောင့် ခမည်းတော်ကြီးနဲ့မိုးကုတ်မြို့ကိုရောက်ခဲ့ရတယ်..
အလှူရေစက်ချတရားမှာ ဘုန်းကြီးဟောတဲ့တရားကို နာပြီး ခမည်းတော်ကြီးက အလွန်သဘောကျနှစ်ခြိုက်ကာ ဆရာ့တော်ကိုလဲ တော်တော်လေးစားကြည်ညိုသွားတယ်..
အလှူပြီးတော့ အိမ်တန်းမပြန်သေးပဲထိုဆရာတော်ဘုရားကြီးဖွင့်တဲ့ ရိပ်သာမှာ တလ တရားစခန်းဝင်တယ်...
အအေးကြိုက်တဲ့ကိုရင်လေးကလဲ ကိုရင်ဘဝနဲ့မိုးကုတ်ကျောင်းမှာပျော်နေတော့ ခမည်းတော်ကြီး ရိပ်သာကထွက်တဲ့အခါ ရွာပြန်ပြီး လယ်တွေ မြေတွေ နွားတွေ နဲ့အိမ်ပါမကျန် အကုန်ရောင်းချကာ မိုးကုတ်ကျောင်းမှာ တခါတည်းဘုန်းကြီး ဝတ်လိုက်ပါတော့တယ်..
ကိုရင်လေးဖြစ်တဲ့ဆရာတော်ကလဲ သာသနာမှာပျော်ပြီး ကိုရင်လေးဘဝကစပြီး စာဝါတွေလိုက်ခဲ့တယ်...
ဆရာတော်ဓမ္မစရိယာဘွဲ့ရတဲ့နှစ်မှာ ခမည်းတော်ကြီး နတ်ရွာစံခဲ့ရှာတယ်...
"" တပည့်တော်တို့လဲ ဘုန်းဘုန်းကျောင်းအရှေ့က ပိန္နဲတောကြီးကို တဧက သိန်းနှစ်ရာနဲ့ ဆယ့်ငါးဧကရှိတာ အကုန်ရောင်းပစ်လိုက်ပြီဘုရာ...""
"" အော် ဟုတ်လား ဘယ်ကဝယ်လိုက်တာတုံးဒကာကြီး...""
"" မန်းလေးက တရုပ်ကျောက်သူဌေးတစ်ယောက်ပဲဘုရား..
သူကလဲ ဗုဒ္ဓဘာသာပဲ..ဘိုးဘွားရိပ်သာနဲ့ စာသင်တိုက်အတွက်ဝယ်လှူတယ်ပြောတာပဲဘုရား..""
"" အော့် ကောင်းပါ့ဗျာ..ကြားရတာ မင်္ဂလာရှိလိုက်တာ...""
ဆရာတော်နဲ့ ဒကာကြီးတို့ စကားစမည်အနည်းငယ်ပြောပြီး
ဆရာတော်က အနုမောဒနာတရားပေးကာ သိန်းတထောင့်ငါးရာအလှူကြီးကို ရေစက်ချပါတယ်...
"" ကဲ ဒကာကြီးနဲ့ဒကာမကြီးတို့ အလှူကြီးပေးပြီးပြီဆိုတော့ ဘာတွေများဆုတောင်းကြတုံးဗျာ...""
ရေစက်ချပြီး ဒကာကြီးကို ဆရာတော်က ရင်းရင်းနှီးနှီး အရွှန်းဖောက်လိုက်တော့ ဒကာကြီးက တည်ကြည်လေးနက်သော
အမူအရာနဲ့..
"" တပည့်တော် ဘာဆုမှ မတောင်းပါဘူးဘုရား...""
ဒကာကြီးစကားကြောင့် ဆရာတော်ဘုရားက အံ့သြပြီးနှုတ်ဆိတ်သွားပေမဲ့ စကားသွက်တဲ့ ကပ္ပိယကြီး မောင်ကျန်က ...
"" ဟုတ်ပါ့မလား ဘကြီး လူ့စည်းစိမ် နတ်စည်းစိမ် စင်္ကြဝတေးမင်းစည်စိမ်းတွေ ဆုမတောင်းလိုက်ဘူးလား...""
မောင်ကျန်အဖျင်းအနောက်စကားကြောင့် ဦးပန္တိက
"" ဒကာကြီးက အဲ့ဒါတွေ လိုချင်ပုံမရပါဘူးနော် ဆုတောင်းချင်းဆုတောင်း နိဗ္ဗာန်ပဲ တိုက်ရိုက်ဆုတောင်းတော့မပေါ့..မဟုတ်ဘူးလားနော့ဒကာကြီးတဲ့...
"" တပည့်တော် ခုလှူတဲ့အလှူက လူ့စည်စိမ် နတ်စည်စိမ် စင်္ကြဝတေးမင်းစည်းစိမ်မှသည် နိဗ္ဗာန်ရောက်ပါစေဆိုတဲ့အမြင့်ဆုံးရည်ရွယ်ချတ်အထိ ဘာရည်ရွယ်ချတ်မှ မပါပါဘူးဘုရား..
အဲ့လိုကိုယ့်ပြန်ရမဲ့အကျိုးမျှော်ကိုးပြီး လှူတယ်ဆိုရင် စီးပွားရေးလုပ်သလို အမြတ်လိုချင်လို့ အရင်းအနှီးချသလို ဖြစ်နေမှာပေါ့ဘုရား...
တပည့်တော်အလှူက ရှင်းတယ် သန့်တယ်ဘုရား..
တပည့်တော်အလှူငွေထည့်လိုက်တဲ့ ရိပ်သာမှာ ဘုန်းကြီးရဟန်း သီလရှင် အမျိုးသားယောဂီ အမျိုးသမီးယောဂီ စတဲ့ပုဂ္ဂိုလ်တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဘာဝနာအားထုတ်စီးဖြန်းတာမြင်ရင် တပည့်တော်စိတ်ချမ်းသာတယ်ဘုရာ...
တပည့်တော်လှူလိုက်တဲ့ဝတ္ထုငွေနဲ့ ဆရာတော်ဘုရားတို့ ရိပ်သာဝင်တဲ့သူတို့ ဆာလောင်နေတဲ့ဝမ်းကို ဖြည့်တင်းလိုက်နိုင်တယ်ဆို တပည့်တော်ကျေနပ်ပါပြီဘုရား..
တပည့်တော်လှူတယ်ဆိုတာ တပါးသူတွေငြိမ်းအေးစေချင်လို့..
တပါးသူတွေ ဝမ်းဝစေချင်လို့ သူတို့အတွက် တပည့်တော်ကလှူတာပါပဲဘုရား...
တပည့်တော်အတွက် ဘာရပါစေ ညာရပါစေဆိုတဲ့ စိတ်တွေ တပည့်တော်မထားဘူးဘုရား..
ဒါပေသိ ဘုရားတရားတော်နဲ့အညီ အင်္ဂါသုံးတန်နဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားလို အလှူခံပုဂ္ဂိုလ်ကို လှူဒါန်းလိုက်ရတဲ့အတွက်တော့ တပည့်တော်အေတိုငိးမသိဝမ်းမြောက်မိပါတယ်ဘုရား..."" တဲ့...
ဒကာကြီးစကားကြားလိုက်တော့ ဆရာတော်ကိုယ်တိုင် ကြက်သီးမွှေညင်းတွေထပြီး ...
"" ကောင်းပါလေ့..ကောင်းပါလေ..ကောင်းပါလေ့...ဘုန်းကြီးတသက်နဲ့တကိုယ် ဒီလိုအလှူရှင်မျိုး မတွေ့ခဲ့ဖူးပါဘူးဗျာ..လှူတဲ့အလှူ တနည်းအားဖြင့်မိမိပြုတဲ့ကောင်းမှု့ကုသိုလ်အပေါ်မှာတောင်အစွဲအလန်းမထားတော့တဲ့အတွက် ဒကာကြီး သေရင် ဆွမ်းသွပ်စရာမလ်ုတော့ဘူး...သာဓု သာဓု သာဓု.."" လို့ နှုတ်က လေးလေးနက်နက်ရွတ်ဆ်ုလိုက်ပါတော့တယ်...
Credit လွမ်း သု ဝဏ်
Share:

ပြီးပြည့်စုံသော လူ့ဘဝ ===============

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား
  လောက၌ လူတို့သည် ဘ၀တစ်ခု တည်တည်တံ့တံ့ ရပ်တည်နိုင်ရန် ရုန်းကန်အားထုတ်ကြရ၏။ ငယ်စဉ်ကတည်းကပင် “ဆရာဝန်ကြီး ဖြစ်ရမယ်၊ အင်ဂျင်နီယာကြီး ဖြစ်ရမယ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ရမယ်” စသည်ဖြင့် လူလူသူသူ နေထိုင်နိုင်သော ဘဝကို စိတ်ကူးခဲ့ကြ၏။ ထိုသို့ စိတ်ကူးခဲ့သည့်အတိုင်း အောင်မြင်မှုရရန် ခဲခဲယဉ်းယဉ်း ကြိုးစားအားထုတ်ကြရ၏။
ထိုတွင် မိမိနောက်ခံအသိုင်းအဝိုင်း၏ ပံ့ပိုးပေးနိုင်မှု အခြေအနေနှင့် မိမိ၏ အရည်အချင်းတို့အပေါ် မူတည်ကာ အချို့ ဆိုင်ရာဆိုင်ရာ အတတ်ပညာရှင်များ ဖြစ်ခဲ့ကြ၏။ အချို့ကမူ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ခဲ့ကြ၏။ မှန်ပေသည်။ လူဖြစ်လျှင် ဆိုင်ရာဆိုင်ရာ အတတ်ပညာတစ်ခုခုနှင့် ခိုင်မာသော စီးပွားရေးလုပ်ငန်းတစ်ခုခုကိုကား ပိုင်ဆိုင်ထားရမည် ဖြစ်၏။ သို့မှသာ ဘဝလမ်းခရီးကို မပင်မပန်း လျှောက်လှမ်းနိုင်မည် ဖြစ်၏။ သို့ပါသော်လည်း ထိုအရာများကို ပိုင်ဆိုင်ထားရုံမျှဖြင့် ပြီးပြည့်စုံသော လူ့ဘဝကို ရရှိထားသည်ဟုကား မဆိုနိုင်သေးပေ။ ထို မိမိတတ်ကျွမ်းထားသော အတတ်ပညာများနှင့် ရှာဖွေရရှိထားသော ပစ္စည်းဥစ္စာတို့မှာ ဘဝလမ်းခရီးအတွက် အထောက်အပံ့ကောင်းတစ်ခုမျှသာ ဖြစ်ပေ၏။
ပမာအားဖြင့် ကိုယ်ကျင့်တရားမကောင်းသော အတတ်ပညာရှင်ကို မည်သူမျှ တန်ဖိုးထားမည်မဟုတ်။ ထို့အတူပင် ခိုင်မာသော စီးပွားရေးလုပ်ငန်းတစ်ခုခုကို ပိုင်ဆိုင်၍ ငွေကြေးဥစ္စာသာကြွယ်ဝပြီး ကိုယ်ကျင့်တရားမရှိသော ပုဂ္ဂိုလ်ကိုလည်း မည်သူကမျှ ယုံကြည်မည် မဟုတ်။ လေးစားကြမည်မဟုတ်ပေ။ အတတ်ပညာလည်းတတ်၊ (သို့မဟုတ်) ငွေကြေးဥစ္စာလည်းကြွယ်ဝပြီး ကိုယ်ကျင့်တရားလည်း ကောင်းမွန်သော ပုဂ္ဂိုလ်ကိုသာ ယုံကြည်ကြမည်ဖြစ်၏။ တန်ဖိုးထားကြမည်ဖြစ်၏။
ထို့ကြောင့် လူ့ဘဝတွင် ကိုယ်ကျင့်တရားသည် အရာရာတိုင်းထက် အရေးပါ၏။ အရာရာတိုင်းထက် ပဓာနကျ၏။ အရာရာတိုင်းထက် တန်ဖိုးကြီးမား၏။ ထို “ကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားမှသာလျှင် ပြီးပြည့်စုံသော လူ့ဘဝကို ရရှိထားသည်” ဟု ဆိုရမည်ဖြစ်၏။
အရှင်သိရိန္ဒ
Share:

သီးခံခြင်းမှာ မတ္တရာ ➖➖➖➖➖➖

 ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ
 မတ္တရာ ဆရာတော်မှာ ထူးခြားတဲ့ အချက်တွေ အများကြိးရှိတဲ့ အထဲက အံ့သြစရာ ကောင်းလောက်အောင် သည်းခံနိုင်ခြင်းက အထူးခြားဆုံး ဖြစ်လိမ့်မယ်။ မင်းတုန်းမင်း တရားကြီိးကတောင် အထောက်တော်တွေ လွှတ်ပြီး ဆရာတော်ဘုရား ဘယ်လောက် သည်းခံနိုင်လဲ ဆိုတာ စုံစမ်းယူရတဲ့ အထိပါ။
ဆရာတော်က နေ့လယ်နေ့ခင်းမှာ ကျောင်းခါးပန်းကို ခေါင်းအုံးပြီးတော့ ကျိန်းစက်လေ့ရှိသတဲ့။ ဆရာတော် ကျိန်းစက်တဲ့ အနားမှာ ကျောင်းသားတွေက ပြေးတမ်းလိုက်တမ်း ကစားနေကြတယ်။ ဆရာတော် ခေါင်းအုံးထားတဲ့ ကျောင်းခါးပန်းကို နင်းပီးတော့ ခုန်ချနေကြသတဲ့။ အဲဒါကို ဦးပဉ္ဇင်းမြင်တော့ ရိုက်မည်လုပ်တယ်။ ဆရာတော်သိပြီး ထလာရင်း-
” အောင်မယ်… ကိုပဉ္ဇင်းတို့ မရိုက်ကြပါနဲ့၊ ကလေးတွေ ဘာသိမလဲ ၊ တို့ငယ်ငယ် ကျောင်းသားတုန်းကလည်း သူတို့ထက်ပဲ ဆော့သေးတယ်၊ မရိုက်ကြပါနဲ့ ၊ သည်းခံပါ ၊ ငါလဲ အကျိန်းမပျက်ပါဘူး “လို့ တောင်းပန်သတဲ့။
မင်းတုန်းမင်း လွှတ်လိုက်တဲ့ အထောက်တော်တွေက ကပ္ပိယလုပ်ပြီး ဆွမ်းချက်ပြီး ပျော့ပျော့ကြီး ကပ်တော့ ဆရာတော်က –
“အင်း … အဝါးရ သက်သာတယ် ၊ အစာကြေလွယ်တယ် ” လို့ မိန့်သတဲ့။ နောက်တစ်ခါ ဆွမ်းကို မာမာချက် ကပ်ပြန်တော့လည်း-
“ဒီလိုဝါးပြီး ဘုဉ်းပေးရတာ အရာသာ ပေါ်တယ်” တဲ့။ ဟင်းကို ဆားမခတ်ဘဲ ချက်ပြီးကပ်တော့ –
“အင်း … ရေငတ်ပြေတယ်” တဲ့ ။ ဆားများများ ထည့်ပြီး ကပ်တော့ –
“အင်း … သွေးကြေတယ်” လို့ မိန့်သတဲ့။
အထောက်တော်တွေက အမျိုးမျိုး စမ်းပြီးတော့ လုပ်ကြတာပဲ။ မခံနိုင်စရာ ဖြစ်ပေမဲ့ ဆရာတော်က မကောင်းဘူးလို့ တစ်ခွန်းမှ မပြောဘူး။ သည်းခံတာပဲ ၊ ဒီအကြောင်းကို မင်းတုန်းမင်းကို ပြန်လျှောက်တော့ မင်းတုန်းမင်းလည်း သိပ်ဝမ်းသာပြီး ကြည်ညိုသွားတယ်။ ညီတော် မင်းတပ်မြို့စားကို နန်းတော်ကို ပင့်လို့ရမရ လျှောက်ထား ခိုင်းတယ်။ ဆရာတော်ကလည်း –
“သာသနာ့ ဒါယကာ ပင့်တာကို ငြင်းစရာမရှိပါဘူး” ဟု မိန့်တော်မူလိုက်တယ်။
ဒါနဲ့ မဟာဒါန်ဝန်ကို လှေတော်နဲ့ သွားပင့်စေတယ်။ မတ္တရာမြို့မှာ သီတင်းသုံးနေရာက ရွှေတချောင်း အတိုင်း ဆရာတော် ကြွလာတော့ လမ်းမှာ ဝါးရင်းတုတ်ရွာကို ရောက်တဲ့အခါ ဘုရင်လွှတ်ထားတဲ့ သူတွေက လှေကို အကပ်ခိုင်းပြီး အမိန့်စာကို ပြသတဲ့။
“ဆရာတော်ဘုရားမှာ သက်တော်ကြီး ရင့်ပြိီမို့ မတ္တရာ ကျောင်းတိုက်မှာပဲ ပြန်သီတင်းသုံးရန် လျှောက်ထားလိုက်သည်” ဆိုတော့ ဆရာတော်က –
“အင်း … ဟုတ်ပေတယ် ၊ ငါ့မလဲ ခွေးနို့စို့သလို ပညာသင်နေကြတဲ့ တပည့်တွေ ပညာနို့ရည်ငတ်ရင် ဝမ်းနည်းကြမယ် ၊ ပြန်ပြီး နေရရင် သူတို့ ဝမ်းသာကြလိမ့်မယ် “လို့ မိန့်သတဲ့ ။
နောက်တစ်လလောက်ကြာတော့ မင်းတုန်းမင်းက အုတ်ဝန်ကို နန်းဦိးကျောင်းဆောင် ဆောက်ခိုင်းတယ်။ ပြီးတာနဲ့ မတ္တရာ ဆရာတော်ကို သံတော်ဆင့်တွေ လွှတ်ပြီး အပင့်ခိုင်းတယ်။ ဒိီတော့ ဆရာတော်က –
“အင်း … မဟာမုနိဘုရားကြီး မဖူးရတာကြာပြီ ၊ သည်တစ်ခါတော့ ဆိုက်ဆိုက်မြိုက်မြိုက် ဖူးရတော့မယ် “လို့ မိန့်ပြီးကြွလာတယ်။ နန်းဦးကျောင်း ရေစက်ချပွဲမှာ ဆရာတော် တရားဟောလိုက်တာ ညနေ သုံးနာရီလောက်ကနေ မိုးစုန်းစုန်းချုပ်တဲ့ အထိပဲတဲ့။ မင်းတုန်းမင်းကြီးနဲ့တကွ နန်းတွင်းသူ နန်းတွင်းသားတွေ ညစဉ် တရားနာလာကြသတဲ့။
နောက်တော့ မင်းတုန်းမင်းကြီးက ကျောင်းအနီးမှာ ထန်းရွက်မိုးတဲကျောင်း ဆောက်ပြီး ပင့်တော့ ဆရာတော်က –
“အင်း … ဟုတ်ပေတယ် ၊ တက်ရဆင်းရဆိုတာ လူအိုဖြစ်တော့ သတိထားရတယ် ၊ အောက်မြေပြင်မှာပဲ ကောင်းမယ့်”လို့ မိန့်သတဲ့။ ထန်းရွက်တဲကျောင်းမှာ တစ်လလောက်ကြာတော့ –
“ကျောင်းပေါ်တက်ပြီး သီတင်းသုံးပါ “လို့ လျှောက်တယ်။ ဒီတော့လည်း –
“ကျောင်းကြီးပေါ်မှာတော့ မိုးလုံလေလုံ ကောင်းတာပဲ ၊ သည်ထန်းရွက်ကျောင်းမှာတော့ မိုးလုံလေလုံမဟုတ်ဘူး ၊ တရားနာပရိသတ် မြေပြင်မှာ နာရလို့ အအေးမိပြီး ဥတုပျက်မှာ စိုးရတယ်”လို့ မိန့်သတဲ့။
ဆရာတော်ဘုရားက သက်တော် ၆၅ ၊ ဝါတော် ၄၅ ရောက်တော့ ညပိုင်းမှာ ဦးပဉ္ဇင်းတွေ ဝတ်ဖြည့်တဲ့အခါ ဆရာတော်ဘုရားရဲ့ ခြေထောက်က ဆက်ခနဲ ဆက်ခနဲလှူပ်သတဲ့။ ဒါနဲ့ ဦးပဉ္ဇင်းတွေက သင်းပိုင်ကို လှန်ကြည့်ကြတော့ ခြေသလုံးမှာ လက်သီးဆုပ်လောက်ရှိတဲ့ အနာကြီး ၊ လောက်တွေ တဖွားဖွားနဲ့တဲ့။ ဦးပဉ္ဇင်းတွေက အနာကို ရှင်းမယ်လုပ်တော့ –
“အောင်မယ် …. မောင်ပဉ္ဇင်းတို့ သူတို့ အိုးအိမ်တည်နေတာကို မဖျက်ဆီးကြပါနဲ့ ၊ သူတို့ ဒုက္ခဖြစ်ပါလိမ့်မယ်။ သည်းခံကြပါ”လို့ မိန့်သတဲ့ ။ တစ်လလောက်ကြာတော့ ဆရာတော် မထနိုင်တော့ဘူး ၊ အနာကလည်း လောက်တွေ စားလို့ ဒူးရိုးတောင် ပေါ်လာပြီ။ ဒူးခေါင်းအထက် ပေါင်ဖျားထိအောင် အနာကြီးလာတော့ ဘုရင့်ထံ စာသွင်းပြီး ပြောကြတယ်။ ဘုရင်လည်း လာကြည့်ပြီး ဒီလောက်အနာကြီး ပေါက်လို့ လောက်ကိုက် လောက်ထိုးနေတာ သည်းခံနိုင်တာ အံ့သြစရာကြီးပဲလို့ မိန့်တော်မူသတဲ့။
အနာက သည်းနေတော့ ကုသလို့ မရတော့ဘူး။ ဆယ်ရက်လောက် ကြာတဲ့အခါ ညတစ်ချက်တီးလောက်မှာ အထက်ကောင်းကင်က တူရိယာသံတွေ ကြားရသတဲ့။ နိမိတ်ထူးတာနဲ့ စုံစမ်းကြည့်တော့ မတ္တရာ ဆရာတော်ကြိီး ပျံလွန်တော်မူကြောင်း သိရတယ်။ ဆရာတော့် ဈာပနာကို မင်းတုန်းမင်းကြီးက အကြီးအကျယ် ကျင်းပပူဇော်ပါတယ်။
မတ္တရာဆရာတော်နဲ့ ပတ်သက်ပြီး ယောအတွင်ဝန် ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင်ကို မင်းတုန်းမင်းကြိီး အမိန့်ရှိတဲ့ ကြာမျိုးငါးပါး ဆိုတာရှိပါတယ်။ မတ္တရာဆရာတော်ကြီးက ကြာမျိုးငါးပါးနဲ့ပြည့်စုံတယ်။ အဲဒီ ကြာမျိုးငါးပါးကတော့ –
၁။ ဆွမ်းဘုဉ်း​ပေး​သောအခါကြာခြင်း
၂။ မျက်နှာသစ်​သောအခါကြာခြင်း
၃။ ​ရေချိုး​သောအခါကြာခြင်း
၎။ ကုဋီတက်​သောအခါကြာခြင်း
၅။ တရား​ဟော​တော်မူ​သောအခါကြာခြင်း တို့ ဖြစ်ပါတယ်။
မတ္တရာခေါ် ၊ ဆရာတော် ၊ ကြာတော်ငါးခုပေါက်၊ စား-အိပ်-အနှိပ်ခံ ၊ ဝစနံ ဝစ္စံ ငါးခုရောက် လို့ စာချိုးကလေးတောင် ရှိသေးတယ်။
အရိုးပေါ်အောက်ကတော့ အနာကြီးဖြစ်ပြီး လောက်ထိုး လောက်ကိုက်ခံ နေနိုင်တာတော့ ဆရာတော်ရဲ့ သည်းခံတရားမှာ အံ့သြစရာ အကောင်းဆုံး ဖြစ်ပါတော့တယ်။
Ko Aung Zaw Lay
Share:

“ ကိုယ်ချင်းစာစိတ် ” ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 
 ❀ လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။
သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့
မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။သူများဆင်းရဲအောင်
မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။
ဒါလူ့သီလပဲ။
(အရှင်ဇနကာဘိဝံသ)
❀ သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ
ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့
စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလိုဆန္ဒတွေ
ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ
ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊
အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့
ဒေါသဆိုတာ ဖြစ်လာကြတယ်။
❀ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ
တစ်စုံတယောက်က ဖြစ်စေ၊
တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက်
အဟန့်အတားဖြစ်တယ်လို့ ယူဆရင်
အဲဒီတစ်စုံတစ်ယောက်ကို နာကျင်အောင်၊
သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး
စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။
●ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊
●ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့
သတ်မှတ်ပြီး၊ခွန်အားတို့၊ လက်နက်တို့နဲ့
အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့
တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။
အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊
ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို
ဖြေရှင်းကြတာမျိုးပေါ့။ ဒီလိုကာယခွန်အားနဲ့ ပြဿနာကို
ဖြေရှင်းကြတာဟာ တစ်ခဏလောက်
ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
ရေရှည် ဘေးရန်ကင်းကြောင်း မဖြစ်ဘူး။
● ဒေါသ ကိလေသာတွေ များသည်ထက်များပြီး
ရန်ငြိုးအာဃာတတွေ တိုးစေတယ်။
“သံသရာခရီး တစ်လျှောက်”မှာလည်း
ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။
ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ=
အမျက်ဒေါသ ရန်ငြိုး အာဃာတကင်းတဲ့
မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို
အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။
🔸 ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန်
ဆုံးမတော်မူတဲ့ အတိုင်းပဲ နိုင်ထက်စီးနင်း ပြုမူလိုတဲ့
အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊
ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။
“ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊
သူ့အသက်ကို ချစ်ပါလေ” ဆိုတဲ့ အရှင်မဟာရဋ္ဌသာရရဲ့
ဆုံးမစကား အတိုင်းပါပဲ။ ကိုယ်ချင်းစာတယ်
ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က
အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။
ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများခံစားရပါ့မလဲ
ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင်
ကြိုးစားကြစေချင်တာပါ။
🔸 ကိုယ်ချင်းစာမှ တရားမျှမယ်၊
🔸 တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။
ကိုယ်ချင်းစာ စိတ်ကောင်းကလေး
တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင် လောကမှာ
●ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့
နားမချမ်းသာစရာ စကားမျိုးတွေ၊
●ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာအပြုအမူမျိုးတွေနဲ့
ကိုယ်က သူများအပေါ် ဘယ်တော့မှ၊
မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။
အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင်
အဲဒီပုဂ္ဂိုလ်ဟာ “မတရားမှု ကင်းသူ” ဖြစ်ပါတယ်။
သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု)
ကို လုံးဝမပြုရဆိုတဲ့ ဘုရားရှင်တို့ရဲ့
အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ
နေထိုင်နိုင်ခြင်းဖြစ်လို့ သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင်
အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။
လောကမှာ တရားမျှတတယ်ဆိုတာကို
ကောင်းစွာ သဘောမပေါက်ကြပေမယ့်
မတရားဘူး၊မမျှတဘူး ဆိုတာကိုတော့
လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။
●တစ်ယောက်ယောက်က မိမိအပေါ်
ကျိုးမဲ့ပြစ်ရဖြစ်အောင်၊
●ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင်
ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊
●အလိမ်အညာခံရတဲ့ အခါ၊
●ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့
အခါမျိုးတွေမှာ .....ဒါဟာ သပ်သပ် မတရားပြောတာပဲ၊
မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး
ကိုယ်တိုင် ခံစားဖူးကြမှာပါ။
❀ ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က
မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊
ကိုယ်က သူများအပေါ် မပြောမဆိုမိအောင်
ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို မတရားမှု
ကင်းအောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။
အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ
ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ
ချမ်းသာလိုက်လေ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့
အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင်
ခံစားဖူးကြပါလိမ့်မယ်။
❀ အဲဒီလို ကိုယ်တိုင်က “တရားမျှတတယ်” လို့
ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့
အပြောအဆို၊အပြုအမူတွေနဲ့ သူတစ်ပါးအပေါ်
ပြောဆိုပြုမူမယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ
မွေးမြူကြပါ။
■ တောရဆရာတော်ကြီး ကတော့
“ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။
ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။
ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ်”လို့
မိန့်ကြားတော် မူပါတယ်။
■ ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို ၊
အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊
ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း
သူတပါးကိုလည်း ပေးဝေဖို့၊ ကိုယ်ပေးတဲ့ အတိုင်းပဲ
ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။


❀ ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့
အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။
“ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့်” (ကံနဲ့ ကံ၏ အကျိုး)
ဖြစ်ပါတယ်။ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး
အသုံးချသူဟာ ခံစားခွင့်ကိုလည်း
ဆိုးဆိုးဝါးဝါး ခံယူရမယ်။
ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ
ကောင်းကွက်လေးတွေ ရှာပြီး
ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင်
လောကကြီးလည်း အေးချမ်းရသလို
ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။
ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့်
“မေတ္တာမျက်ဝန်းလေးတွေ” နဲ့သာ ကြည့်တတ်ကြပြီး၊
မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင်
ကမ္ဘာလောကကြီး ဘယ်လောက်များ
သာယာလိုက်မလဲလေ။
ကိုယ်ချင်းစာကြင်နာတတ်တဲ့သူတွေဖြစ်ကြပါစေ…။။
အရှင်သုမနသာရ ( ဖြူး )
Share:

Thursday, 2 May 2019

အေးချမ်းသော နေတတ်ခြင်း _____________________

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား
 အချို့သောသူများက တရားဓမ္မ
အလုပ်ဟူသည် ဘာသာရေးကိစ္စဖြစ်ပြီ။
အသက်အရွယ် ကြီးရင့်သူများ
ဘုန်းကြီးများ သာသနာနွယ်ဝင်များ၏အလုပ်ဟု
အထင်မှားနေတတ်ကြပါတယ်။
အချို့ကလည်း ဘဝကူးကောင်းအောင်
ကြိုတင်ပြင်ဆင်ရသော အလုပ်ဟုသာ
ထင်မှတ် နေတတ် ကြပြန်တယ်။
ဘဝမှာ သေတတ်ဖို့ထက်
နေတတ်ဖို့က ပိုအရေးကြီးပါတယ်။
အနေတတ်လျှင် အသေတတ်ပါတယ်
ယခုဘဝ၌ တွေ့ကြုံရင်ဆိုင်နေရသည့်
အခက်ခဲ အကျပ်အတည်း အတတ်အကျ
အနိမ့်အမြင့် သုခဒုက္ခတို့၏ကြားတွင်
မိမိစိတ်ကို တည်ငြိမ်အေးချမ်းစွာထားပြီး
နေတတ်ဖို့ရန် လိုပါတယ်။
ထိုကဲ့သို့ နေတတ်ရန်
တရားမရှိပဲ မဖြစ်နိုင်ပါဘူး။
လူတိုင်း လူတိုင်း တရားအလုပ်ကို
အရွယ်မရွေး အချိန်မရွေး
နေရာမရွေး လုပ်နိုင်ပါလျှင်
အေးချမ်းသော နေတတ်ချင်နဲ့
နေနိုင်သော သူတစ်ယောက် ဖြစ်ပါလိမ့်မယ်။
တိပိဋကယောဆရာတော်
Share:

မိမိကိုယ်​ကို ဧည့်​သည်​လို့ သ​ဘော​ပေါက်​ရင်​... 🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: Panna Vam Sa၊ အနီးကပ်
  🔸 ​လောကကြီးအတွင်းမှာ သတ္တဝါ​တွေဆိုတာက
ကိုယ့်​အထုပ်​ ကိုယ်​ထမ်း ၊ ကိုယ့်​လမ်း ကိုယ်​​လျှောက်​ပြီးကိုယ့်​အထုပ်​ကို ကိုယ်​ဆွဲပြီး သံသရာခရီးကို ဆက်​ခါဆက်​ခါ သွား​နေကြရတာပါ...။
`အ​ဖေ့´ကို ကြည့်​ပြန်​​တော့လည်း ကိုယ့်​အထုပ်​ ကိုယ်​ဆွဲပြီး ကိုယ့်​ခရီး ကိုယ်​သွား​နေရတာ...။
`အ​မေ့´ကို ကြည့်​ပြန်​​တော့လည်း ကိုယ့်​အထုပ်​ ကိုယ်​ဆွဲပြီး ခရီး သွား​နေရတာ...။
ဘယ်​​လောက်​ ချစ်​ပါတယ်​, ခင်​ပါတယ်​​ပြောတဲ့
ညီအစ်​ကို ​မောင်​နှမ​တွေပဲ ဖြစ်​ဖြစ်
ကိုယ့်​အထုပ်​ ကိုယ်​ဆွဲပြီး ကိုယ့်​ခရီး ကိုယ်​ဆက်​သွားကြရတာပါ...။
🔸 ဒီ​လောက်​​နေပူပူကြီးထဲမှာ ...
သစ်​ပင်​ရိပ်​​အောက်​ ​ရေ​သောက်​ရင်းနဲ့ ခရီးသွားဧည့်​သည်​ ဘဝတူအချင်းချင်း​ ​ရေမလုကြနဲ့၊ အရိပ်​ မလုကြပါနဲ့၊ စကားမများကြပါနဲ့ ၊ ရန်​မဖြစ်​ကြပါနဲ့ ၊ သူလည်း ခရီးသွား ကိုယ်​လည်း ခရီးသွား၊ ​`မေတ္တာ´​ရှေ့ထားပြီး `အသိဉာဏ်​´ နဲ့ နားလည်​​ပေးလိုက်​ပါ...။
🔸 ခရီးသွားဧည့်​သည်​ ဆိုတာ - `၂မျိုး ´ ရှိတယ်​။
ပထမ တမျိုးက...
ပကတိခရီးကို သွား​နေကြတဲ့ ပကတိဧည့်​သည်​ ...။
နောက်​တစ်​မျိုးက ....
လောကကြီးထဲမှာ တစ်​ဘဝပြီး တစ်​ဘဝ..
တစ်​ဆင့်​ပြီး တစ်​ဆင့်​ တိုးတက်​လာပြီး နိဗ္ဗာန်​အထိ
အ​ရောက်​ သွား​နေကြတဲ့ နိဗ္ဗာန်​ခရီးသွား သံသရာဧည့်​သည်​ရယ်​ -၂မျိုး ရှိကြတယ်​...။
🔸 နိဗ္ဗာန်​ဆိုတဲ့ ရည်​မှန်းချက်​၊ နိဗ္ဗာန်​ဆိုတဲ့ ဦးတည်​ချက်​ မရှိပဲ သံသရာထဲမှာ ဟို​ရောက်​ဒီ​ရောက်​ ၊ ဟိုလည်​ ဒီလည်​ သွား​နေတဲ့ လူ​တွေက​တော့ ခရီးသွားဧည့်​သည်​အစစ်​ မဟုတ်​ဘူး လို့ ​ပြောချင်​ပါတယ်​။
အဲဒီလို လူမျိုးက ဧည့်​သည်​ မဟုတ်​ပါဘူး ၊ အိမ်​လည်​တာ၊ ဘဝအိမ်​လည်​တဲ့ သူ​တွေလို့ ​ခေါ်ကြပါတယ်​။
ဟိုအိမ်​သွား စကား​ပြော၊ ဒီအိမ်​သွား စကား​ပြော
အလှူ ရှိလို့သွား၊ မင်္ဂလာ​ဆောင်​ ရှိလို့သွား
အိမ်​လည်​ပြီး စကားစမြည်​​ပြော လုပ်​​နေကြတဲ့သူ​တွေ
ရှိကြတယ်​ ။ အဲဒီ လူ​တွေ ခရီးသွားတာ မဟုတ်​ဘူး
အိမ်​လည်​​နေကြတာပါ ၊ အိမ်​လည်​တဲ့ သူ​တွေဟာလိုရာခရီး ပန်းတိုင်​ကို မ​ရောက်​ပဲ အရပ်​ထဲမှာ ဝဲလည်​ပြီး ပြသနာအမျိုးမျိုး ဖြစ်​​နေတတ်​ကြတယ်​။
ဧည့်​သည်​​တော့ ဧည့်​သည်​ပါပဲ ၊ အိမ်​လည်​သွားတဲ့ ဧည့်​သည်​​တွေက အချိန်​တန်​​တော့ သူများအိမ်​ အိပ်​လို့မရပါဘူး၊ ကိုယ့်​အိမ်​ ကိုယ်​ပြန်​ရတာပါပဲ...။
များ​သောအားဖြင့်​ ကိုယ့်​အ​ကြောင်းကို ကိုယ်​မသိတဲ့ လူ​တွေက အခုလို လူ့ဘဝကို ​ရောက်​လာတယ်​ ဆိုတာအလည်​ လာတာပါ ၊ အိမ်​လည်​ လာတာပါ
ခဏတဖြုတ်​ သူများအိမ်​ကို အလည်​လာတာပါ။
🔸 အခု ဒီလူ​တွေ ဒီလူ့ဘဝမှာ ဘာလုပ်​ဖို့ လာကြတာလဲ?
ဒီလိုများ အ​မေးခံရရင်​ တို့တစ်​​တွေက...
`ဗုဒ္ဓမြတ်​စွာ သာသနာနဲ့ ကြုံကြိုက်​တုန်း ကုသိုလ်​ လုပ်​စရာ ရှိတာ လုပ်​ဖို့, ကိုင်​ဖို့၊ ကုသိုလ်​ပါရမီ​တွေနဲ့ နိဗ္ဗာန်​ ထိ​အောင်​ သွားကြဖို့ ဒီလူ့ဘဝကို အလည်​လာတာ´ လို့
ဖြေလိုက်​ကြစမ်းပါ...။
--------------------------------
🔸 ​လောကမှာ ညဉ့်​မိုးချုပ်​လာရင်​ ၊ ​ခြောက်​နာရီ​ကျော်​ ခုနှစ်​နာရီ ရှိရင်​ အ​မေက ​မျှော်​​နေ​ရော့မယ်​၊ အ​ဖေက ​မျှော်​​နေ​ရော့မယ်​၊ ထမင်းစားချိန်​ တန်​ပြီ ဆိုပြီး ကိုယ့်​အိမ်​ ကိုယ်​ပြန်​ကြရတယ်​။
🔸 ဒီလိုပါပဲ
အသက်​ ​ခြောက်​ဆယ်​​ကျော်​ပြီ၊ ခုနှစ်​ဆယ်​ ​ကျော်​ပြီ၊
အချိန်​တန်​ရင်​ အိမ်​ပြန်​ရ​တော့မယ်​၏ ဒါ​လေးကို
သိကြပါ...။
🔸 ဘုရားရှင်​ ​ဟောထားပါတယ်​ ...
`အပါယ်​​ဘေးဘုံက ပုထုဇဉ်​​တွေရဲ့ အိမ်​´ တဲ့ ၊
ကိုယ့်​အိမ်​နဲ့ အတူတူပဲ တဲ့၊ အခုက အိမ်​လည်​လာတာ ဆိုရင်​ အချိန်​တန်​ရင်​ အပါယ်​​ဘေးဘုံ ဆိုတဲ့ ကိုယ့်​အိမ်​ကို ကိုယ်​ပြန်​ရမှာပါ...။
ဟိုလိုလို ဒီလိုလိုနဲ့ ​နေကြရင်​...
ငရဲ ၊ တိရစ္ဆာန်​ ၊ ပြိတ္တာ ၊ အသူရကယ်​ ဆိုတဲ့
ကိုယ်​အရင်​က ​နေခဲ့တဲ့ ဒုက္ခဘုံ၊ ဆင်းရဲအိမ်​ကို ပြန်​ရမှာပါ ဘယ်​​လောက်​ ​ကြောက်​စရာ ​ကောင်းလိုက်​သလဲ ​နော်​....။
🔸 ဒါ​ကြောင့်​မို့ ...
သတိပဋ္ဌာန်​တရား ဘာဝနာကို အားထုတ်​ကြစမ်းပါ
`သတိ´ ရှိလို့ အသိဉာဏ်​​တွေ တိုးလာ​တော့မှ
မိမိတို့ ပုထုဇဉ်​ဘဝက လွတ်​​မြောက်​ပြီး
အပါယ်​​လေးဘုံ ဒုက္ခဆင်းရဲအိမ်​ကို ပြန်​မ​ရောက်​​တော့မှာပါ...။
🔸 အသိဉာဏ်​ ဆိုတာက...
အမျိုးမျိုး အဆင့်​ ရှိကြတယ်​ ၊ * အဓိက က​တော့
သံ​ဝေဂဉာဏ်​​တွေ ရဖို့ ၊ ဝိပဿနာဉာဏ်​​တွေ ရပြီး
မဂ်​ဉာဏ်​, ဖိုလ်​ဉာဏ်​​တွေ ရ​အောင်​လို့ ခုလို ​ပြော​ပေး​နေရတာပါ....။
🔸 ​​ရှေးဦးစွာ သံ​ဝေဂဉာဏ်​ ရပြီး​တော့ အဲဒီ သံ​ဝေဂဉာဏ်​နဲ့ပဲ ...
`ငါတို့ ​နေရတဲ့ ဘဝ သံသရာကြီးထဲမှာ
*သတိ​လေး တစ်​ချက်​​လောက်​ လွတ်​ပြီး ဟိုလိုလို ဒီလိုလိုနဲ့ ​ပေါ့တီး​ပေါ့​ဆ ​နေလို့က​တော့ အပါယ်​လေးဘုံ ပြန်​​ရောက်​မှာ အ​သေချာပဲ ...´
🔸 သံသရာခရီးက ဆက်​ပြီး သွားရဦးမှာ......။
မိမိကိုယ်​ကို `ဧည့်​သည်​´ လို့ သ​ဘော​ပေါက်​ရင်​..
`သတိ၊ ပညာ ´ အလွတ်​မခံဘဲ ဝိပဿနာဉာဏ်​ ရ​အောင်​ ရှုရတာ၊ ကြိုးစားရတာ....။
🔸 အမှန်​တကယ်​လည်း ...
လူ့ဘဝဆိုတာ ဧည့်​သည်​လို ​နေကြရတာ၊
နေတတ်​ထိုင်​တတ်​ဖို့ အ​ရေးကြီးတယ်​ လို့
`သံ​ဝေရဉာဏ်​၊ အသိဉာဏ်​´ ​​တွေ ရ​စေချင်​ပါတယ်​။
ဆရာ​တော်​ ဓမ္မဒူတ အရှင်​​ဆေကိန္ဒ
Share:

လုံလောက်တဲ့ ပညာရှိရမယ် ••••••••••••••••••••••••

ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။ 





































စပါးသီးထဲမှာ အဆန်ပြည့်တဲ့စပါးနှင့်
အဆန်မပြည့်တဲ့စပါး နှစ်ခုရှိတယ်။
အဆန်ပြည့်တဲ့စပါးက ငိုက်ကျတယ်။
အဆန်မပြည့်တဲ့စပါးက ထောင်ထောင်
ထောင်ထောင်နဲ့ နေတယ်။
ကြည့်လိုက်ရင် အဆန်မပါဘူး။ သူကအခွံချည့်ပဲ။
အဲဒီ အခွံတွေချည့်ပဲဆိုလျှင် ပိုထောင်တယ်တဲ့။
အဆန်ပြည့်သွားလျှင် ငိုက်ကျသွားတယ်။
အဲဒါ ဘာကိုသရုပ်ဖော်သလဲဆိုရင် တရားကို
သိရင် အားလုံးကို လေးစားတတ်သွားတယ်
လို့ ဒီလိုဆိုလိုတာ။
မာန်မာန ပိုပြီးနည်းသွားတယ်လို့ ပြောတာ။
ပညာရှိလာတဲ့ပုဂ္ဂိုလ်က မာန်မာန ပိုနည်းလာ
တယ်။
ပညာရှိလို့ မာန်မာနတွေ ပိုတက်သွားတယ်
ဆိုတာ “လုံလောက်အောင် ပညာမရှိလို့ပဲ”
လို့ မှတ်ရမယ်။
အဆန်ပြည့်တဲ့စပါးတွေ ငိုက်ကျသွားသလိုပဲ
ပညာရှိတဲ့ ပုဂ္ဂိုလ်က အားလုံးကို လေးစားနိုင်တဲ့
အနေအထားမျိုး ရောက်သွားတယ်တဲ့။
အဆန်မဲ့တဲ့ စပါးသည် ထောင်သလို
မတတ်တတတ် ပညာမရှိတဲ့ ပုဂ္ဂိုလ်က
ဆောင့်ကြွား ဆောင့်ကြွား မာန်မာနတရားတွေ
တက်ကြွလာတတ်တယ်တဲ့။
အဲဒီတော့ ဘုရားရဲ့တရားတော်တွေကို
လေ့လာကျင့်သုံးတဲ့အခါ…
တကယ်တရားသိပြီဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားက
ဘယ်လိုရှိသလဲဆိုလျှင် …
ဥပမာ သောတာပန် ဖြစ်သွားပြီဆိုသူရဲ့
စိတ်ဓာတ်က "သူသိတဲ့ တရားဓမ္မတွေကို
တစ်လောကလုံး သိစေချင်တယ် ”
သို့သော် သူလျှို့ဝှက်ချင်တာက
သူ့ရဲ့အရည်အချင်းပဲ။
ဘယ်လောက်အထိ လျှို့ဝှက်ချင်သလဲ ဆိုရင်
သူပိုင်တဲ့ရွှေအိုး လူမြင်မှာစိုးသလို ဖြစ်တယ်။
အေး အဲဒီလိုမဟုတ်ဘဲ ကိုယ့်အရည်အချင်း
လူတကာကို ပြချင်တဲ့ ပုဂ္ဂိုလ်ဟာ “ရွှေတု”
လို့ပဲ မှတ်ရမယ်။
သောတာပန်ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားက
(၂)ခု ရှိတယ်။
သူသိတဲ့တရားကို တစ်လောကလုံးကလူတွေ
သိစေချင်တယ်။ သူ့ရဲ့ အရည်အချင်းကို
ရွှေအိုးလို ဝှက်ထားချင်တယ်။
သူ့လိုတော့ ဖြစ်စေချင်တယ်။ သို့သော် သူ့မှာ
ဒီအရည်အချင်းတွေ ရှိပါတယ် ဆိုတာတော့ မပြဘူး။
ဒါ ပြောတာနော်။
အဲဒါ သောတာပန်ပုဂ္ဂိုလ်ရဲ့
စိတ်ဓာတ်ပဲ။
သူတော်ကောင်းရဲ့ စိတ်ဓာတ်ကလည်း
အဲဒီအတိုင်းရှိတယ်လို့ ပြောတာ။
သူတော်စင်ဖြစ်လို့ တရားဓမ္မသိသွားတဲ့
ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကိုယ်အမူအရာ
နှုတ်အမူအရာသည် .…
ဆောင့်ကြွားကြွားမရှိဘဲ ငြိမ်သက်အေးချမ်းတဲ့
အမူအရာရှိလာတယ် ဆိုတာ ထင်ရှားတယ်။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Share:

ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း *********************


ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
 ဘဝမှာ တစ်ခါတလေ ကိုယ်က စေတနာကောင်းနဲ့ လုပ်ပေမယ့် တုံ့ပြန်မှုကောင်း မရတာလည်းရှိတတ်တယ်။ ကိုယ့်ဘက်ကကြည့်တော့ ကိုယ်က စေတနာထားလုပ်တာပဲ။ တစ်ဘက်မှာကျတော့ အကျိုးသက်ရောက်မှု မကောင်းဘဲ အစောင်းဖြစ်သွားတာမျိုး ရှိတတ်တယ်။
တစ်လောက တပည့်ကိုရင် တစ်ပါးက ကျောင်းထဲမှာရှိတဲ့ အမှိုက်တွေကို အပင်ပန်းခံ လှဲစုပြီး မီးရှို့တာမှာ တစ်ဘက်ကျောင်းက အပင်တွေ မီးဟပ်ကုန်သလို မီးခိုးငွေ့တွေလည်း တအားထွက်ကုန်တော့ ဟိုဘက်ကျောင်းက အဲဒီကိုရင်ကို အပြစ်ဆိုတယ်။ ဒါကို ကိုရင်က သူကောင်းတာလုပ်တဲ့အပေါ်မှာ ဒီလိုအပြောခံရတော့ စိတ်မကောင်းဖြစ်ပြီး လာလျှောက်တယ်။ အဲဒါသူ့ကို စေတနာကောင်းပေမယ့် အကျိုးသက်ရောက်မှု မကောင်းရင် ဒါမျိုးက ဖြစ်တတ်ကြောင်း ရှင်းပြရတယ်။
အမှန်တော့ စေတနာကောင်းဟာ ဉာဏ်လေးနဲ့ယှဉ်မှ အကျိုးသက်ရောက်မှုကောင်းကို ဖြစ်စေတယ်။ ဉာဏ်မပါရင် ပင်ပန်းသလောက် ကောင်းကျိုးမရောက်သလို၊ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်တတ်တယ်။ စေတနာကောင်းတိုင်း အကျိုးပေးကောင်းတာ မဟုတ်ဘူး။ မှန်ကန်တဲ့စေတနာနဲ့၊ မှန်ကန်တဲ့ လုပ်ဆောင်ချက်ရှိမှ ရလာဒ်ကောင်းဖြစ်တာ။ ဒါတောင်တစ်ခါတခါ အချိန်အခါကလည်း လိုသေးတယ်။ ကာလ၊ ဒေသ၊ ပုဂ္ဂလဆိုတာ အကျိုးသက်ရောက်မှုကောင်းဖို့အတွက် လိုအပ်တဲ့ အကြောင်းတရားပဲ ဖြစ်တယ်။
ဒါကြောင့် အလုပ်လုပ်တဲ့အခါ စေတနာက အရေးကြီးတယ်ဆိုပေမယ့် မကောင်းတဲ့အလုပ်တွေမှာ စေတနာမကောင်းဖို့နဲ့ ကောင်းတဲ့အလုပ်တွေမှာလည်း ဉာဏ်နဲ့ယှဉ်တဲ့ စေတနာကောင်းဖြစ်ဖို့ အထူးသတိပြု လုပ်ဆောင်ကြရမှာ ဖြစ်တယ်။
မ​နာပဒါယီ အရှင်​ဝိစိတ္တ
Share:

စေတနာသဒ္ဓါတရား မှန်​ကန်​ဖို့ လို့တယ်​ ********************************

 ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: အခန်းတွင်း
 ❀ `သဒ္ဓါဆိုတာကို ပညာနဲ့မထိန်းရင် လမ်းကြောင်း မဖြောင့်နိုင်ဘူး´ တဲ့။ ဒီဘုရားကတော့ လာဘ်ကောင်းလို့ ကိုးကွယ်လိုက်ရဦးမယ်ဆိုတာမျိုးတွေရှိတယ်နော်၊ ဒါဖြင့် လာဘ်မကောင်းဘူးဆိုရင် ဒီဘုရား အိမ်ပေါ်ထားမှာ မဟုတ်ဘူး၊ ဟုတ်ရဲ့လား။ အေး လာဘ်မရတော့ဘူးဆိုရင် ဘုရားကိုးကွယ်ကြတော့မှာ မဟုတ်တော့ဘူး။ အဲဒီလို ကိုးကွယ်တာဟာ `လာဘ´ဆိုတဲ့ လာဘ်လာဘကို ရည်စူးပြီးတော့ ကိုးကွယ်တာဖြစ်နေတယ်။သေချာ စဉ်းစားကြည့်နော်။
❀ လောကမှာလူတွေ ဘုရားကိုးကွယ်နေကြတာ တကယ့်ကို အနှစ်သာရ သဒ္ဓါနဲ့ ပညာနဲ့ ယှဉ်ပြီးတော့ ကိုးကွယ်တာလား။ တစ်ခုခု စီိးပွားတိုးတက်ချင်လို့လား။ အလုပ်အကိုင်လေး အဆင်ပြေစေချင်လို့လား ဆိုတာကို စဉ်းစားကြည့်။ အလုပ်အကိုင်လေး အဆင်ပြေစေချင်လို့၊ စီးပွားတက်ချင်လို့၊ နှစ်လုံးတို့၊ ဘာတို့ညာတို့ပေါ့လေ၊ အဲဒါမျိုးတွေအတွက် ကိုးကွယ်နေသေးတယ်ဆိုရင် ဒါ`အဝေစ္စပ္ပသာဒေန´ဆိုတဲ့ အသိဉာဏ်‌ သက်ဝင်၍ နှစ်နှစ်ကာကာ ယုံကြည်ခြင်း မျိုးမဟုတ်ဘူးနော်။
❀ ဒါကြောင့်မို့လို့ အခုဆိုရင် ဘုရားတောင်မှပဲ နာမည်ကောင်းကောင်းလေးတွေပေးပြီး ကိုးကွယ်ကြတာ။ `အမျက်တော်ပြေတို့ အလိုတော်ပြည့်တို့ လာဘမုနိတို့´၊ ဟုတ်ရဲ့လား။ အေး...အဲလိုမဟုတ်ရင် ဘုရားကိုးကွယ်မယ်တောင်မထင်ဘူး။
❀ မြတ်စွာဘုရားဆိုတာနော်... အကုန်လုံး ဘုရားတိုင်း ဘုရားတိုင်းဟာ အနည်းဆုံး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တာချည်းပဲ မဟုတ်လား။ ဘုရားတိုင်း ဘုရားတိုင်းဟာ ဂုဏ်တော်ကိုးပါးနဲ့ ပြည့်စုံတာချည်းပဲ။ ပုံတော်ကနေ ဂုဏ်တော်ကို ရောက်ဖို့ လိုအပ်တယ်။ အနှစ်သာရကို သိပြီးတော့ မြတ်စွာဘုရားရဲ့ အာရုံ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ထဲမှာ စိတ်ကလေးကိုနှစ်ပြီး ဘုရားကို အသိဉာဏ်‌ရှိရှိ ကိုးကွယ်ဖို့ပဲ လိုအပ်ပါတယ်။
❀ ခုခေတ်က ပြောရမယ်ဆိုရင်အများကြီးပဲ၊ ဘုန်းကြီးတို့ စစ်ကိုင်းမှာလည်း ရှိတယ်။ ဘုရားတစ်ဆူက `မဟိယင်္ဂဏ´ ဆိုတဲ့ ဘုရား၊ မူရင်းက `မဟိယင်္ဂဏ´။ ကာလရွေ့လျောတဲ့အခါ `မရှိခဏ´ ဖြစ်သွားတယ်။ ဘုန်းကြီးတို့က သမိုင်ကြောင်းကို ပြောပြပြီးတော့ `မဟိယင်္ဂဏ´ လုပ်ပါ၊ `မရှိခဏ´ တော့ မလုပ်ပါနဲ့လို့ဆိုတော့ ဒီဘုရားကို ကိုးကွယ်မယ်ဆိုရင် `မရှိရင် ခဏပဲ´ပေါ့၊ ရှိရမယ် ထာဝရဆိုပြီးတော့ အဲဒီနာမည်လေးကို မဖျောက်နိုင်ဘူး၊ လူတွေက ဘုရားကိုတောင်မှ အဲဒီလို အတွေးမျိုးဆိုရင်တော့ `အဝေစ္စပသာဒ´မဖြစ်တာ သေချာတယ်။ ဂုဏ်တော်တွေရဲ့ အနှစ်သာရတွေကို အသိဉာဏ်‌နဲ့ သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
Share:

အမှားမကင်းတဲ့လူသားတွေမို့ ×××××××××××××××

 

 လူရယ်လို့ဖြစ်လာရင်အမှားနဲ့ကင်းသူဆိုတာ
မရှိသလောက်ကိုရှားပါးမှာပါ ။
တစ်ခါတရံမှားနေတာမဟုတ်ပဲနဲ့
ခဏခဏထပ်ခါထပ်ခါကြိမ်ဖန်များစွာ
မှားနေမယ်ဆိုပြန်ရင်တော့လည်း
ကိုယ်ရပ်တည်ရာလူ့ပတ်ဝန်းကျင်မှာ
အသိတရားမဲ့သူဆင်ခြင်ဥာဏ်နည်းသူအဖြင့်
လူအများရဲ့အပြစ်တင်ရှုံ့ချမှုကိုခံကြရတော့မှာမလွဲပါပဲ ။
မမှားအောင်နေထိုင်ပါလို့ပြောဖို့ဆိုတာမလွယ်ကူပါဘူး
ဒါပေမယ့်အမှားတွေနည်းတစ်ထက်နည်းအောင်တော့
ဆင်ဆင်ခြင်ခြင်နေနိုင်လို့ရတယ်ဆိုတာသိထားပါ ။
အမှန်တရားကိုလက်ခံထားသူ
အမှန်တရားကိုချစ်မြတ်နိုးသူ
အမှန်တရားနဲ့ရပ်တည်နေသူတွေလဲ
ကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးရှိနေပါလိမ့်မယ် ။
အမှန်တရားနဲ့နေထိုင်သူဟာ
မှားနေတဲ့သူကိုကဲ့ရဲ့နေမယ်ဆိုဖြစ်သင့်ရဲ့လား
လမ်းမှန်ကိုညွှန်ပြရမဲ့အစားအပြစ်တင်စကားပဲ
ပြောနေလို့နှစ်ဦးလုံးအတွက်မှအကျိုးမရှိနိုင်တာ ။
ကိုယ်ကမှန်အောင်နေပြီ
သူများမှားနေရင်လည်းနားလည်ပေးနိုင်ရမှာပေါ့ ။
ကိုယ်မှန်တယ်လို့ယူဆထားတဲ့အမှန်တရားဟာ
ကိုယ်တစ်ယောက်ထဲအတွက်အမှန်မဟုတ်ဘဲ
လူတိုင်းအတွက်မှန်နေဖို့တော့လိုအပ်ပါလိမ့်မယ် ။
မှားနေသူတစ်ယောက်မှာအမှန်ကိုပြင်ဆင်ဖို့
အခွင့်အရေးအပြည့်ရှိတယ်ဆိုတာမေ့မထားပါနဲ့
ဒီတစ်ခါအမှားကနောက်တစ်ခါအမှန်ဖြစ်ဖို့အတွက်
အထောက်အပံ့ကောင်းတစ်ခုဆိုတာသိထားပါ ။
တစ်ခါအမှားကိုအခါခါရှုံးနိမ့်နေသလို
သင်တွေးတောမနေထိုင်သင့်ပါ
တစ်ခါအမှားကိုပြင်ဆင်ခွင့်မရှိသော
လူတစ်ယောက်အဖြစ်စိတ်ဓာတ်ကျ
အားလျော့သူအဖြစ်သင်ရှင်သန်စရာမလိုပါ
အမှားရဲ့တစ်ဖက်ကအမှန်လမ်းပေါ်ကို
ရဲရဲဝံ့ဝံ့သင်လျှောက်လှမ်းလိုက်စမ်းပါ ။
အဝေးရောက် နှင်းငယ်
Share:

ဘုရားရှင်က ရှင်ရာဟုလာကိုပေးတဲ့ သြဝါဒ ➖➖➖➖➖➖➖➖➖➖➖➖➖

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား




























ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား
👉 အျပဳ (ကာယကံ)
ပြုမည်ကြံလဲ၊သင့်စိတ်ထဲ၊အမြဲဆင်ခြင်ပါ။
မိမိ သူတပါး၊နှစ်ဦးသား ဘယ်သူ့များထိမည်လဲ။
ထိခိုက်မည်များ အပြုများ မမှားရှောင်ကျဉ်ပါ။
ပြုဆဲမှာလည်းသင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတပါး နှစ်ဦးသားဘယ်သူ့များထိသလဲ။
ထိခိုက်နိုင်ငြား အပြုများ မမှားရှောင်ကျဉ်ပါ။
ပြုပြီးပြန်လဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတပါး နှစ်ဦးသား ဘယ်သူ့ထိပြီလဲ။
ထိခိုက်နိုင်ငြား အပြုများ မမှားရှောင်ကျဉ်ပါ။
👉 အပြော (ဝစီကံ)
ပြောမည်ကြံလဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတပါး နှစ်ဦးသား ဘယ်သူ့ထိမည်လဲ။
ထိခိုက်နိုင်ငြား အပြောများ မမှားရှောင်ကျဉ်ပါ။
ပြောဆဲမှာလဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတပါး နှစ်ဦးသား ဘယ်သူ့ထိသလဲ။
ထိ ခိုက်နိုင်ငြား အပြောများ မမှားရှောင်ကျဉ်ပါ။
ပြောပြီးပြန်လဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတပါး နှစ်ဦးသား ဘယ်သူ့ထိပြီးလဲ။
ထိခိုက်နိုင်ငြား အပြောများ မမှားရှောင်ကျဉ်ပါ။
👉 အတွေး (မနောကံ)
တွေးမည်ကြံလဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတပါး နှစ်ဦးသား ဘယ်သူ့ထိမည်လဲ။
ထိခိုက်နိုင်ငြား အတွေးများ မမှားရှောင်ကျဉ်ပါ။
တွေးဆဲမှာလဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတပါး နှစ်ဦးသား ဘယ်သူ့ထိသလဲ။
ထိခိုက်နိုင်ငြား အတွေးများ မမှားရှောင်ကျဉ်ပါ။
တွေးပြီးပြန်လဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတပါ နှစ်ဦးသား ဘယ်သူ့ထိပြီးလဲ။
ထိခိုက်နိုင်ငြား အတွေးများ မမှားရှောင်ကျဉ်ပါ။
💢 (ချမ်းမြေ့ဆရာတော်)💢
Share:

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support