လောက၌ လူတို့သည် ဘ၀တစ်ခု တည်တည်တံ့တံ့ ရပ်တည်နိုင်ရန်
ရုန်းကန်အားထုတ်ကြရ၏။ ငယ်စဉ်ကတည်းကပင် “ဆရာဝန်ကြီး ဖြစ်ရမယ်၊
အင်ဂျင်နီယာကြီး ဖြစ်ရမယ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ရမယ်”
စသည်ဖြင့် လူလူသူသူ နေထိုင်နိုင်သော ဘဝကို စိတ်ကူးခဲ့ကြ၏။ ထိုသို့
စိတ်ကူးခဲ့သည့်အတိုင်း အောင်မြင်မှုရရန် ခဲခဲယဉ်းယဉ်း ကြိုးစားအားထုတ်ကြရ၏။
ထိုတွင် မိမိနောက်ခံအသိုင်းအဝိုင်း၏ ပံ့ပိုးပေးနိုင်မှု အခြေအနေနှင့် မိမိ၏
အရည်အချင်းတို့အပေါ် မူတည်ကာ အချို့ ဆိုင်ရာဆိုင်ရာ အတတ်ပညာရှင်များ
ဖြစ်ခဲ့ကြ၏။ အချို့ကမူ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ခဲ့ကြ၏။ မှန်ပေသည်။
လူဖြစ်လျှင် ဆိုင်ရာဆိုင်ရာ အတတ်ပညာတစ်ခုခုနှင့် ခိုင်မာသော
စီးပွားရေးလုပ်ငန်းတစ်ခုခုကိုကား ပိုင်ဆိုင်ထားရမည် ဖြစ်၏။ သို့မှသာ
ဘဝလမ်းခရီးကို မပင်မပန်း လျှောက်လှမ်းနိုင်မည် ဖြစ်၏။ သို့ပါသော်လည်း
ထိုအရာများကို ပိုင်ဆိုင်ထားရုံမျှဖြင့် ပြီးပြည့်စုံသော လူ့ဘဝကို
ရရှိထားသည်ဟုကား မဆိုနိုင်သေးပေ။ ထို မိမိတတ်ကျွမ်းထားသော အတတ်ပညာများနှင့်
ရှာဖွေရရှိထားသော ပစ္စည်းဥစ္စာတို့မှာ ဘဝလမ်းခရီးအတွက်
အထောက်အပံ့ကောင်းတစ်ခုမျှသာ ဖြစ်ပေ၏။
ပမာအားဖြင့် ကိုယ်ကျင့်တရားမကောင်းသော အတတ်ပညာရှင်ကို မည်သူမျှ
တန်ဖိုးထားမည်မဟုတ်။ ထို့အတူပင် ခိုင်မာသော စီးပွားရေးလုပ်ငန်းတစ်ခုခုကို
ပိုင်ဆိုင်၍ ငွေကြေးဥစ္စာသာကြွယ်ဝပြီး ကိုယ်ကျင့်တရားမရှိသော
ပုဂ္ဂိုလ်ကိုလည်း မည်သူကမျှ ယုံကြည်မည် မဟုတ်။ လေးစားကြမည်မဟုတ်ပေ။
အတတ်ပညာလည်းတတ်၊ (သို့မဟုတ်) ငွေကြေးဥစ္စာလည်းကြွယ်ဝပြီး ကိုယ်ကျင့်တရားလည်း
ကောင်းမွန်သော ပုဂ္ဂိုလ်ကိုသာ ယုံကြည်ကြမည်ဖြစ်၏။ တန်ဖိုးထားကြမည်ဖြစ်၏။
ထို့ကြောင့် လူ့ဘဝတွင် ကိုယ်ကျင့်တရားသည် အရာရာတိုင်းထက် အရေးပါ၏။
အရာရာတိုင်းထက် ပဓာနကျ၏။ အရာရာတိုင်းထက် တန်ဖိုးကြီးမား၏။ ထို
“ကိုယ်ကျင့်တရားကို ပိုင်ဆိုင်ထားမှသာလျှင် ပြီးပြည့်စုံသော လူ့ဘဝကို
ရရှိထားသည်” ဟု ဆိုရမည်ဖြစ်၏။
အရှင်သိရိန္ဒ
0 comments:
Post a Comment