ဘဝမှာ တစ်ခါတလေ ကိုယ်က စေတနာကောင်းနဲ့ လုပ်ပေမယ့် တုံ့ပြန်မှုကောင်း
မရတာလည်းရှိတတ်တယ်။ ကိုယ့်ဘက်ကကြည့်တော့ ကိုယ်က စေတနာထားလုပ်တာပဲ။
တစ်ဘက်မှာကျတော့ အကျိုးသက်ရောက်မှု မကောင်းဘဲ အစောင်းဖြစ်သွားတာမျိုး
ရှိတတ်တယ်။
တစ်လောက တပည့်ကိုရင်
တစ်ပါးက ကျောင်းထဲမှာရှိတဲ့ အမှိုက်တွေကို အပင်ပန်းခံ လှဲစုပြီး
မီးရှို့တာမှာ တစ်ဘက်ကျောင်းက အပင်တွေ မီးဟပ်ကုန်သလို မီးခိုးငွေ့တွေလည်း
တအားထွက်ကုန်တော့ ဟိုဘက်ကျောင်းက အဲဒီကိုရင်ကို အပြစ်ဆိုတယ်။ ဒါကို ကိုရင်က
သူကောင်းတာလုပ်တဲ့အပေါ်မှာ ဒီလိုအပြောခံရတော့ စိတ်မကောင်းဖြစ်ပြီး
လာလျှောက်တယ်။ အဲဒါသူ့ကို စေတနာကောင်းပေမယ့် အကျိုးသက်ရောက်မှု မကောင်းရင်
ဒါမျိုးက ဖြစ်တတ်ကြောင်း ရှင်းပြရတယ်။
အမှန်တော့ စေတနာကောင်းဟာ ဉာဏ်လေးနဲ့ယှဉ်မှ အကျိုးသက်ရောက်မှုကောင်းကို ဖြစ်စေတယ်။ ဉာဏ်မပါရင် ပင်ပန်းသလောက် ကောင်းကျိုးမရောက်သလို၊ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်တတ်တယ်။ စေတနာကောင်းတိုင်း အကျိုးပေးကောင်းတာ မဟုတ်ဘူး။ မှန်ကန်တဲ့စေတနာနဲ့၊ မှန်ကန်တဲ့ လုပ်ဆောင်ချက်ရှိမှ ရလာဒ်ကောင်းဖြစ်တာ။ ဒါတောင်တစ်ခါတခါ အချိန်အခါကလည်း လိုသေးတယ်။ ကာလ၊ ဒေသ၊ ပုဂ္ဂလဆိုတာ အကျိုးသက်ရောက်မှုကောင်းဖို့အတွက် လိုအပ်တဲ့ အကြောင်းတရားပဲ ဖြစ်တယ်။
ဒါကြောင့် အလုပ်လုပ်တဲ့အခါ စေတနာက အရေးကြီးတယ်ဆိုပေမယ့် မကောင်းတဲ့အလုပ်တွေမှာ စေတနာမကောင်းဖို့နဲ့ ကောင်းတဲ့အလုပ်တွေမှာလည်း ဉာဏ်နဲ့ယှဉ်တဲ့ စေတနာကောင်းဖြစ်ဖို့ အထူးသတိပြု လုပ်ဆောင်ကြရမှာ ဖြစ်တယ်။
မနာပဒါယီ အရှင်ဝိစိတ္တ

0 comments:
Post a Comment