ဗုဒ္ဓဘာသာရဲ့ ကမ္မဝါဒ သဘောတရားအရ သတ္တဝါတွေဟာ ကိုယ်ပြုတဲ့
ကံအကျိုးပေးတွေကြောင့်ပဲ မတူကွဲပြားမှုတွေ ရှိနေကြတယ်။ "ဘယ်သူမပြု
မိမိမှု"ဆိုသလို ကိုယ်ဟာကိုယ့်ကြောင့်ပဲ ဖြစ်ရတယ်။ ကိုယ့်ကံအကျိုးပေးဟာလည်း
ကိုယ့်ကံအကြောင်းတရားကြောင့်ပဲ ဖြစ်ကြရတာပဲလေ။
တစ်ချို့ကိစ္စတွေက
မတူတာကို အတူလုပ်ပေးလို့ မရဘူး။ "ကံမရှိ ဉာဏ်ရှိတိုင်းမွဲ"ဆိုသလို
ကံအကျိုးပေးတွေကို ဘယ်လိုပဲတူအောင် ညှိပေးပေမယ့် အတိတ်အကြောင်းတရား
ပါလာရင်တော့ တန်းညှိပေးလို့ ရမှာမဟုတ်ဘူးပေါ့။
တကယ်တော့ တန်းညှိဖို့ထက် တန်းသိဖို့ပဲလိုတယ်။ သူ့ကံအကျိုးပေးနဲ့
သူ့အဆင့်အတန်းအလိုက် နေထိုင်ဆက်ဆံတတ်ဖို့ပဲလိုတယ်။ မတူညီတဲ့
သတ္တဝါတွေအပေါ်မှာ ဗြဟ္မစိုရ်တရားနဲ့အညီ နေထိုင်ကျင့်သုံးဆက်ဆံ တတ်ရင်
ဘယ်လိုသတ္တဝါမျိုးနဲ့တွေ့တွေ့ ဘာပြဿနာမှ မရှိတော့ဘူး။
မြတ်ဗုဒ္ဓရဲ့ ဗြဟ္မစရိယ တရားဟာ သတ္တဝါတွေအပေါ် တန်းညှိဖို့ထက် တန်းသိဖို့လမ်းညွှန်ပေးတဲ့ သဘောပဲ။ ကံအကျိုးပေး မတူညီတဲ့ သတ္တဝါတွေအပေါ်မှာ သူ့အဆင့်အတန်းနဲ့ သူဆက်ဆံနိုင်ရင် တန်းသိတာပါပဲ။
~ ကိုယ်နဲ့အသက်သိက္ခာ ဂုဏ်ဝါတူညီတဲ့ သူတွေအပေါ်မှာ မေတ္တာနဲ့ဆက်ဆံမယ်၊
~ ကိုယ့်အောက်နိမ့်ကျသူတွေအပေါ်မှာ ကရုဏာနဲ့ ဆက်ဆံမယ်၊
~ ကိုယ့်ထက်သာသူတွေအပေါ်မှာ မုဒိတာနဲ့ ဆက်ဆံမယ်၊
~ ဘယ်လိုမှမရတဲ့သူတွေအပေါ်မှာ ဥပေက္ခာနဲ့ ဆက်ဆံမယ် ဆိုရင် အားလုံးနဲ့ အဆင်ပြေနေမှာပဲလေ။ ဗြဟ္မစရိယလမ်းစဉ်ဟာ အဆင့်အတန်းညှိဖို့ထက် အဆင့်အတန်းကိုသိပြီး နေထိုင်ကျင့်သုံးနည်းပဲ မဟုတ်လား။
ဆိုလိုတာက သတ္တဝါတစ်ခု ကံတစ်ခု အန်တုလို့မရ၊ အတူပြုလို့ မရတဲ့ အခြေအနေမှာ အတင်းလိုက်ပြီး တန်းညှိဖို့ထက် သူ့ကံအကျိုးပေးနဲ့ သူ့အခြေအနေအပေါ်မှာပဲ ဗြဟ္မစိုရ်နှလုံးသား လက်ကိုင်ထားပြီး နေထိုင်တတ်ဖို့ ဆိုလိုတာပါ။ မေတ္တာထားဖို့ လိုရင် မေတ္တာထား၊ ကရုဏာထားဖို့လိုရင် ကရုဏာနဲ့ဆက်ဆံ၊ မုဒိတာပွားဖို့လိုရင် ကျေကျေနပ်နပ်ကြီး သာဓုခေါ်ပေး၊ ဘယ်လိုမှ မရရင်တော့ ဥပေက္ခာပြုပေါ့။ ဒါဆိုရင် တန်းညှိနေဖို့ မလိုဘူး။ တန်းသိတဲ့ သဘောပဲပေါ့။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

0 comments:
Post a Comment