Tuesday, 9 May 2017

ကိုယ့်​ကိုယ်​ကိုယ်​ ​ကျေနပ်​​ပျော်​ရွှင်​ဖို့ ****************************

❀ မကြာသေးခင်က သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဆီလာလည်ရင်း “သူများဘ၀တွေများကွာ သာယာလိုက်တာ၊ ပျော်နေတာပဲ၊ ငါ့မှာတော့ ရုန်းကန်နေလိုက်ရတာ၊ ပျော်ရွှင်ချိန်ကို မရပါဘူး” ဟုပြုံးပျော်နေတဲ့ တခြားဘ၀တွေကိုကြည့်ပြီး ညည်းညူရင်း ရင်ဖွင့်ပါတယ်။ ကျွန်တော်က မင်းကအထက်ပဲ ကြည့်နေတာကိုး မင်းအောက်မှာလည်း အများကြီးပါကွာ၊ အောက်ကိုကြည့်ပြီး ကိုယ့်ဟာကိုယ် ကျေနပ်စမ်းပါလို့ ပြောရပါတယ်။ ကျွန်တော်တို့ဟာ မကြာခဏဆိုသလို တခြားသူတစ်ယောက်ရဲ့ ဘ၀နဲ့နှိုင်းယှဉ်လေ့ရှိပါတယ်။ များသောအားဖြင့်တော့ ကိုယ်နှိုင်းယှဉ်လိုက်တဲ့သူက ကိုယ့်ထက်သာတဲ့သူ ဖြစ်နေတတ်ပါတယ်။ အဲဒီအခါမှာ သူတို့ဘ၀တွေများ သာယာလိုက်တာ၊ သူတို့ရဲ့ မိသားစုလေးက ပျော်ရွှင်စရာပါလား၊ စသည် တွေးမိစေကာ ကိုယ့်ဟာကိုယ် ညှိုးငယ်စိတ်ဖြစ်ပြီး မပျော်မရွှင် ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ကိုယ့်ထက်သာသူတွေကိုကြည့်ပြီး လေးစားအားကျ အတုယူကြိုးစားရမှာ ဖြစ်ပါတယ်။ သူတို့ကိုကြည့်ပြီး အားငယ်သိမ်ငယ်ရမှာ မဟုတ်ပါဘူး။
❀ ဖေ့စ်ဘွတ်ကို လူတိုင်းနီးပါးလောက်က သုံးနေကြတော့ ဖေ့စ်ဘွတ်မှာက ငေးမောအားကျစရာတွေကလည်း အများသားပါပဲ။ ဖေစ်ဘွတ်မှာ အများစုတင်နေကြတဲ့ ပို့စ်တွေကလည်း အဆင်ပြေနေတဲ့ပုံတွေ၊ ကမ်းခြေမှာ အပန်းဖြေပျော်ရွှင်နေတဲ့ပုံတွေ၊ စားဖွယ်သောက်ဖွယ်ပုံတွေ စသည်တင်နေကြတာဆိုတော့ မြင်ရတဲ့သူတွေက ပိုပြီးအားကျစိတ်ဖြစ်မိပြီး သူတို့ဘ၀တွေများ အဆင်ပြေလိုက်ကြတာ ကိုယ့်မှာတော့ သူတို့လိုမဟုတ်ပါလားတွေးပြီး ကိုယ့်ကိုယ့်ကိုယ် အားမလိုအားမရ ဖြစ်နေတတ်တဲ့ သဘောပါပဲ။
အမှန်တော့ ကိုယ်ထင်သလို အားလုံးက အဆင်ပြေချောမွှေ့ ပျော်ရွှင်နေကြတာတော့ မဟုတ်ပါဘူး။ လူတိုင်းမှာ အနည်းနဲ့အများတော့ အပူကိုယ်စီကတော့ ရှိနေကြမှာပါပဲ။ ငွေကြေးချမ်းသာတဲ့ သူတွေမှာလည်း အချိန်ပြည့် ပျော်ရွှင်ချမ်းမြေ့နေဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်ခါတစ်ရံမှာတော့ စိတ်ပိုင်းဆိုင်ရာ သောကဒုက္ခဆိုတာရှိနေဦးမှာပါပဲ။ ငွေကြေးမပြည့်စုံသော်လည်း ဘ၀ကိုအေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနေသူတွေလည်း ရှိနေတာမို့ ဘ၀ကို ကိုယ်ကဘယ်လိုပုံစံနဲ့ ဘ၀ကို ဖြတ်သန်းမလဲဆိုတာပဲ အရေးကြီးပါတယ်။
❀ Don't compare your life to others. There's no comparison between the sun and the moon. They shine when it's their time. ဆိုတဲ့အင်္ဂလိပ်စကား ရှိပါတယ်။ ဆိုလိုတာက ကိုယ့်ဘ၀ကို သူများဘ၀တွေနဲ့ မနှိုင်းယှဉ်ပါနဲ့၊ နေနဲ့လတို့အကြားမှာ ယှဉ်ပြိုင်မှုဆိုတာမရှိဘဲနဲ့ သူတို့အချိန်နဲ့ သူတို့တောက်ပနေကြတာပါပဲတဲ့။ မှန်ပါတယ်။ ကိုယ့်ထက်သာသူတွေကို ကြည့်ပြီးစိတ်ညစ်နေဖို့ မလိုပါဘူး။ ကိုယ့်ရှိတာလေးနဲ့ ကိုယ့်ဘ၀ကို ကျေနပ်ပျော်ရွှင်နေဖို့ပါပဲ။
❀ ဒီနေရာမှာ ဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဖော်ပြချင်ပါတယ်။ တစ်ခါတုန်းက တောကျီးကန်းလေး တစ်ကောင်ဟာ သူ့ဘ၀သူတွေးပြီး ပျော်ရွှင်နေပါတယ်။ တစ်နေ့မှာတော့ တောကျီးကန်းလေးဟာ ငန်းတစ်ကောင်ကိုမြင်ပြီး အခုလိုတွေးထင်လိုက်မိပါတယ်တဲ့။ “ဒီငန်းလေးရဲ့ အရောင်အဆင်းက အရမ်းဖြူတာပဲ၊ ငါ့မှာတော့ မည်းလိုက်တာ၊ ဒီငန်းလေးက လောကမှာ အပျော်ဆုံးငှက်ဖြစ်ရမယ်”
❀ တောကျီးကန်းလေးဟာ သူတွေးမိတဲ့အကြောင်းကို ငန်းလေးကို ပြောပြတော့ ငန်းလေးက “ငါလည်းအရမ်းလှတဲ့ ကြက်တူးရွေးလေးကို မမြင်ဖူးခင်တုန်းက ကိုယ့်ကိုယ်ကိုယ် အပျော်ရွှင်ဆုံးသူအဖြစ် ထင်ခဲ့ဖူးတယ်။ ကြက်တူရွေးက ငါ့ထက်ပိုလှတယ်လေ၊ အခုတော့ ဒီလောကမှာ ကြက်တူရွေးလေးသာ အပျော်ရွှင်ဆုံးငှက်လို့ ငါထင်တယ်” လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါမှာတော့ တောကျီးကန်းလေးဟာ ကြက်တူးရွေးလေးဆီသွားပြီး အဲဒီအကြောင်းကို ပြောပြတော့ ကြက်တူးရွေးလေးက အခုလိုပြန်ပြောသတဲ့ “ငါလည်းဒေါင်းတစ်ကောင်ကို မမြင်ဖူးခင်တုန်းကတော့ ပျော်ရွှင်ဖူးတယ်လေ၊ ငါ့မှာက အရောင်နည်းနည်းပဲရှိတာလေ၊ ဒါပေမဲ့ဒေါင်းမှာကတော့ အရောင်းအသွေးစုံတယ်လေ” တဲ့။
❀ အဲဒီနောက်မှာတော့ တောကျီးကန်းလေးဟာ တိရစ္ဆာန်ရုံထဲက ဒေါင်းလေးဆီသွားတော့ လူတွေအများကြီး ဒေါင်းလေးကို ၀ိုင်းအုံကြည့်နေတာကိုတွေ့ပြီး ကိုယ့်ကိုယ် ကိုယ်သိမ်ငယ်စိတ်ဝင်လာပြီး ဒေါင်းလေးကို အခုလိုပြောလိုက်သတဲ့။ “အိုဒေါင်းလေးရယ် အရမ်းလှတာပဲ၊ နေ့တိုင်းမင်းကိုကြည့်ဖို့ လူတွေအများကြီး လာကြတယ်၊ ဒါပေမဲ့လူတွေက ငါ့လို တောကျီးကန်းကိုကျတော့ အဝေးကိုပဲ မောင်းထုတ်ကြတယ်၊ ဒေါင်းလေးရယ် မင်းကတော့ ဒီကမ္ဘာမှာ အပျော်ရွှင်ဆုံးသူလို့ ငါထင်တယ်ကွာ” တဲ့။ တောကျီးကန်းလေးရဲ့ စကားသံကိုကြားတော့ ဒေါင်းလေးဟာ ၀မ်းနည်းတဲ့ အမူအယာနဲ့ ပြန်ပြောလိုက်တယ်။ “ငါလည်း ဒီကမ္ဘာမှာ ငါ့ကိုယ်ငါအလှဆုံးနဲ့ အပျော်ရွှင်ဆုံးလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ့အလှကြောင့်ပဲ ဒီတိရစ္ဆာန်ရုံထဲမှာ ပိတ်လှောင်ခံရတယ်လေ။ စဉ်းစားလိုက်တဲ့အခါမှာတော့ ကျီးကန်းတွေပဲ လှောင်အိမ်ထဲ အထည့်မခံရဘူးဆိုတာ ငါသဘောပေါက်လာတယ်။ ငါအမြဲတွေးမိတယ်။ ငါသာ ကျီးကန်းဖြစ်ရင် လောကမှာ အပျော်ရွှင်ဆုံးဖြစ်မယ်လို့လေ”
❀ ပုံပြင်လေးကတော့ ဒါလောက်ပါပဲ။ ကျွန်တော်တို့တွေဟာ အခြားသူတစ်ယောက်ရဲ့ ဘ၀ကိုကြည့်ပြီး မလိုအပ်ဘဲ နှိုင်းယှဉ်မှုတွေပြုလုပ်ပြီး ၀မ်းနည်းနေတတ်ကြတယ်။ အဲဒီလို နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်မှာပိုင်ဆိုင်ထားတဲ့အရာကို တန်ဖိုးထားရကောင်းမှန်း မသိဖြစ်နေကြတယ်။ ကိုယ့်မှာမရှိသေးတဲ့ အရာတွေကို မျှော်မှန်းတမ်းတ ငေးမောအားကျရင်း ကိုယ့်ဘ၀ကို အားမလိုအားမရဖြစ်ပြီး မပျော်မရွှင်ဖြစ်နေရတဲ့ သဘောပါပဲ။
❀ အမှန်တော့ လူတိုင်းမှာ အားသာချက်၊ အားနည်းချက်ဆိုတာက ရှိကြမှာပါပဲ။ ကိုယ်ရရှိထားတဲ့ ဘ၀ကိုကိုယ်တိုင်ကျေနပ်ပြီး ကိုယ့်ဘ၀ကို ကိုယ်တိုင်အကောင်းမြင် ပျော်ရွှင်တဲ့ဘ၀တစ်ခု တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လူဆိုတာ အမြင်အမျိုးမျိုးရှိနိုင်တာမို့ ကိုယ်တိုင်မကျေမနပ်နဲ့ မပျော်ရွှင်ရတဲ့ ကိုယ့်ဘ၀ကိုပဲ တခြားသူတွေက ငေးမောအားကျနေတဲ့ သူတွေလည်း ရှိနိုင်တာပါပဲ။ ဒါကိုသဘောပေါက်ဖို့ လိုပါတယ်။
❀ အကောင်းအဆိုးတွေနဲ့ ဒွန်တွဲနေတဲ့ လောကသဘာဝအလိုအရ ကိုယ့်ကိုအကောင်းမြင်သူတွေရှိသလို၊ မကောင်းမြင်သူတွေလည်း ရှိနေမှာပါပဲ။ ကိုယ့်ကိုတခြားသူတွေက မကောင်းမြင်လို့လည်း စိတ်ညစ်ညူးနေစရာ မလိုပါဘူး။ ကိုယ့်ရဲ့ရှင်သန်မှုနဲ့ ပျော်ရွှင်မှုက တခြားသူတွေရဲ့ အမြင်နဲ့စကားမှတ်ချက်တွေရဲ့ အောက်မှာမရှိသင့်ပါဘူး။
❀ တစ်လောကပဲ ကိုယ့်ကိုယ်ကိုယ် အလေးထားဖို့နဲ့ပတ်သက်ပြီး ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးရဲ့ တရားတစ်ပုဒ်ကိုလည်း နာလိုက်ရပါသေးတယ်။ မြတ်စွာဘုရားက နံပါတ် ၁ ကိုယ့်ကိုယ်ကိုယ် အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရမယ်၊ နံပါတ် ၂ ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရမယ်။ နံပါတ် ၃ တရားဓမ္မကို အလေးထားပြီး ဆင်ခြင်သုံးသပ်တတ်ရမယ်တဲ့။
❀ မြတ်စွာဘုရားက “အတ္တာနံယေ၀ အဓိပတိဒကတွာ” ကိုယ့်ကိုယ်ကိုယ် အလေးထားပြီးတော့ “အကုသလံ ပဇဟတိ၊ ကုသလံဘာဝေတိ” အကုသိုလ်တွေ ဖယ်ရှားဖို့ ကြိုးစားတယ်။ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားတယ်၊ ဒါဟာကိုယ့်ကိုယ်ကိုယ် အလေးထားတာပါပဲတဲ့။
❀ ကိုယ့်ကိုယ်ကိုယ် အလေးထားတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ငါဟာ အခုအင်မတန် တန်ဖိုးရှိတဲ့ လူ့ဘ၀ကိုရောက်လာပြီ၊ မျက်စိကောင်း၊ နားကောင်း အသိဥာဏ်ရှိတယ်။ လူ့ဘ၀မှာလည်း ပြည့်ပြည့်စုံစုံရှိတယ်။ မြတ်စွာဘုရား သာသနာတော်ကြီးလည်း ထွန်းကားနေတယ်။ ဘုရားဟောထားတဲ့ တရားတော်တွေကိုလည်း တို့သိရှိခွင့်ရနေတယ်။ အဲဒီလိုတွေးပြီး ကိုယ့်ဟာကိုယ် အလေးထားနေဖို့ပါပဲ။
❀ အဲဒီလို ကိုယ့်ကိုယ်ကိုယ် အလေးထားတဲ့ စိတ်ရှိလာရင် ကိုယ့်ဘ၀ကိုတန်ဖိုးရှိအောင်နေဖို့ ကြိုးစားလာမယ်။ အခုလို အသိဥာဏ်ရှိတဲ့ဘ၀မှာ ကိုယ်ကျင့်သီလကောင်းအောင် ငါကြိုးစားမယ်၊ အနည်းဆုံးတော့ ငါးပါးသီလ လုံအောင်ကြိုးစားမယ်။ ဥပုသ်နေ့မှာ ရှစ်ပါးသီလ ဆောက်တည်မယ်၊ နေ့စဉ်နဲ့အမျှ ဒါနကောင်းမှု ငါပြုနိုင်အောင် သတိထားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အလေးထားတာပါပဲ။ ဒါနကောင်းမှုဆိုတာက သိပ်ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ စိတ်ရှိဖို့ပါပဲ။ ကိုယ့်အိမ်မှာ နေ့စဉ်ထမင်းချက်တဲ့အထဲက ဆွမ်းလေးတစ်ဇွန်း သံဃာတွေကို လောင်းလှူရင်လည်း ဒါနကောင်းမှုဖြစ်တာပါပဲ။
❀ ဒါကြောင့် လူတိုင်းဟာ မိမိကိုယ်ကိုယ် မိမိအလေးထားဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလေးထားလာလို့ရှိရင် မိမိရဲ့လောက ပတ်ဝန်းကျင်ကိုပါ အလေးထားပြီး မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို အလေးထားပြီး အလေးအနက် စဉ်းစားဆင်ခြင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်အောင် ပြင်ယူကြရမှာဖြစ်ပါတယ်။
ကောင်းအောင်ပြင်တယ်ဆိုတာက မကောင်းတဲ့စရိုက်နဲ့ စိတ်သဘောထားတွေို ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်အောင် ကြိုးစားတယ်။ ကုသိုလ်တွေ တိုးပွားအောင် ကြိုးစားတယ်။ ဒါဟာမိမိကိုယ်ကိုယ် အလေးထားပြီး ကောင်းမွန်တဲ့ဘ၀တစ်ခု၊ ချမ်းမြေ့ပျော်ရွှင်ရတဲ့ ဘ၀တစ်ခုတည်ဆောက်တာပါပဲ။
❀ ကိုယ့်ကိုယ်ကိုယ် အလေးထားတဲ့သူဟာ တခြားသူတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ့်ဘ၀ကို မရှင်သန်စေပါဘူး။ ကိုယ့်ဘ၀ကိုယ်ပိုင် အဓိပ္ပာယ်နဲ့ ကိုယ့်ဘ၀ကို ကိုယ်လိုချင်သလိုပုံဖော်ပြီး တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြစ် ရှင်သန်သူတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ဘ၀ကိုယ့် ရှင်သန်မှုကို ကိုယ်ပဲအပိုင်၊ ကိုယ်ပဲအရှင်သခင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားပြီး ကျေနပ်ပျော်ရွှင်နေဖို့ပါပဲ။
Writer:
စိုးခိုင်ညိန်း
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support