ဒီနေ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့-မြတ်စွာဘုရားရှင်တို့ရဲ့ သာသနာဆိုတာ
ကောင်းမှုမျိုးစေ့များ ဖြစ်ထွန်းတိုးပွားအောင် စိုက်ပျိုးကြဲချနိုင်တဲ့
လယ်ယာမြေကောင်းကြီးသဖွယ်ဖြစ်တယ်-ဆိုတာ အားလုံးသိပြီးသားပါ။
မနုဿတ္တဘာဝ ဒုလ္လဘကို ဗုဒ္ဓုပ္ပါဒ ဒုလ္လဘနဲ့ တွဲပြီး ရရှိသူတိုင်းဟာ ကုသိုလ်မျိုးစေ့များသာမက ပါရမီမျိုးစေ့ပါ ရင်ဝယ်ပိုက်ပြီး ရောက်လာကြလို့ ခေသူတွေတော့မဟုတ်ပါဘူး။
နောက်ကျန်သာဝကများဟာ ရွှေခွက်ချင်း ဆတ်မိသံလောက်နဲ့ မနိုးနိုင်လောက်အောင် မောဟထုထည် ထူပြောမှန်းသိတော်မူလို့ မြတ်စွာဘုရားက တရားစည်ကြီးကို ၄၅-နှစ်ကာလပတ်လုံး ရိုက်တီးခဲ့ရုံမျှမက သာဝကအဆက်ဆက်တို့က ဆက်လက်ရိုက်တီးနိုင်ဖို့လဲ တရားစည်ပေါင်း ရှစ်သောင်းလေးထောင်တို့ကို ကိုယ်စားတော်အဖြစ် ထားရစ်တော်မူခဲ့ပါတယ်။ သာဝကအဆက်ဆက်တို့ကလဲ ဘုရားရှင်ရဲ့ဆန္ဒတော်နဲ့အညီ ဆက်လက်ရိုက်တီးခဲ့တာ ခုဆို နှစ်ပေါင်းနှစ်ထောင့်ငါးရားကျော်ခဲ့ပြီးပြီ။ ဒါပေမယ့်-ဗုဒ္ဓဘာသာဝင်ကာလနဂါးများကတော့ ခုထိ အိပ်မက်မက်လို့ ကောင်းနေကြဆဲပဲ။

---ဗုဒ္ဓဘာသာဝင်တို့ ထုပ်ပိုးပိုက်ထွေးထားတဲ့ ကံပါရမီမျိုးစေ့လေးတွဟာ
လိုရမည်ရ သိမ်းထားထားတဲ့ ဇာတိပ္ဖိုလ်သီးကလေးများ ဖြစ်နေကြလေရော့လားလို့တောင်
တွေးမိပါတယ်။
ကလေးငယ်တယောက် နေမကောင်းလို့ ဆေးဆရာတယောက်ပင့်ပြီး ပြကြည့်တော့ ဆရာက-နင့်ကလေး ဝေဒနာက ဇာတိပ္ဖိုလ်သီး သွေးပြီးတိုက်မှ အမြန်ပျောက်ကင်းချမ်းသာမှာ၊ ငါ့မှာ ဇာတိပ္ဖိုလ်သီးက အရန်သင့် ပါမလာဘူး၊ သက်သာလို သက်သာငြား ရှိတဲ့ဆေးလေးနဲ့တော့ တိုက်ကျွေးကြည့်ရမှာပဲ-ဆိုပြီး ကုသပါတယ်။ ကလေးရဲ့ဝေဒနာ ထူးခြားမလာဘူး၊ ဒါနဲ့ ညနေပိုင်းရောက်တော့ ဆရာက-နင့် ကလေးရဲ့ ကံပဲကွယ်၊ ဇာတိပ္ဖိုလ်သီးသာ မရခဲ့ရင်တော့-လို့ပြောလိုက်တော့မှ ကလေးအမေက-နေဦးဆရာ-ကျမမှာ လိုရမည်ရ သိမ်းထားတဲ့ ဇာတိပ္ဖိုလ်သီးလေး တလုံးတော့ရှိတယ်-လို့ပြောသတဲ့။ ဆရာက-ဟေ-နင်ကလေး မျက်ဖြူဆိုက်နေပြီ၊ မြော့မြော့ပဲကျန်တော့တယ်၊ နင့် ဇာတိပ္ဖိုလ်သီးက ခုထိ လိုရမည်ရ ဆောင်ထားတုန်းဆိုရင် ဘယ်အချိန်သွားပြီး လိုမှာလဲဟေ့-လို့ ပြောလိုက်သတဲ့။

---ခုလဲ အားလုံး အသက်တွေကို သေသေချာချာ စဉ်းစားပြီး တွက်ကြည့်လိုက်ရင်
ကုန်သွားတဲ့ အသက်တွေသာ ကြီးကြီးသွားပြီး လက်ကျန် သက်တမ်းကလေးက
တဖြည်းဖြည်းငယ်ငယ်လာလိုက်ကြတာ ခုဆို ဘာမှကို ပြောပလောက်အောင် မကျန်တော့ဘူး။
ဒါပေမယ့် ကံပါရမီ
မျိုးစေ့ကလေးတွေကတော့ လိုရမည်ရ သိမ်းထုပ်ထားခြင်းခံနေရဆဲပဲနဲ့ တူပါရဲ့။
ဒီအချိန်ရောက်လို့မှ မြေနဲ့ရေနဲ့ ထိတွေ့ခွင့် မရသေးရင်တော့ မျိုးစေ့ကောင်းလေးတွေ အချည်းအနှီး ဆွေးမြေ့ပျက်စီးသွားမယ့် အရေးက တွေးကြည့်ရင် တကယ့်ကို နှမြောစရာပါ။ ကိုယ်ရရှိထားတာက ဗုဒ္ဓပ္ပါဒ မြေကောင်းပေါ်မှာ ရောက်နေတဲ့ မနုဿတ္တဒုလ္လဘ မျိုးစေ့လေ။ ဒါကြောင့်-
ပတိရူပဒေသ၀ါသကို ရဲဝံ့ပြတ်သားစွာ ရွေးချယ်ကြပြီး ပျော်ရာကို ပြတ်ပြတ်သားသားစွန့်၊ တော်ရာကို လူသားပီပီ နေရဲကြဖို့ဟာ သူကောင်းဖြစ်လိုသူတိုင်းအတွက် အရေးကြီးတကြီး ပြောင်းရွှေ့ရဲရမယ့် လူတာဝန်ကြီးတခုပါ။ ဒုလ္လဘခေတ်ကောင်း တခုကို အချည်းနှီးဖြုန်းတီးပစ်မိပြီးမှ နောက်တကြိမ် ဒီလို အခွင့်ထူးရနိုင်ဖို့ဆိုတာက ဗြဟ္မာ့ပြည်က ကျလာတဲ့ အပ်တစင်းနဲ့
လူ့ပြည်မှာ မတော်တဆထောင်လျက်ရှိနေတဲ့ အပ်တစင်းတို့ ထိပ်တိုက်ဆုံမိဖို့ထက် ခဲယဉ်းတယ်လို့ ဘုရားရှင်က သတိပေးခဲ့ပါတယ်။

---တချို့က ဆင်ခြေပေးကြမှာပေါ့-တရွာပြောင်းကာမှ သူကောင်းမဖြစ်ဘဲ
သေချင်တဲ့ကျား တောပြောင်းမိသလို ဖြစ်မသွားနိုင်ဘူးလား-လို့။ ဒါကတော့
ဥာဏသမ္ပတ္တိရှိသူအတွက် ပျော်ရာနဲ့ တော်ရာကို သေချာအောင် ခွဲခြားတတ်သလို
သုံးသပ်မှုမပါတဲ့ ဆုံးဖြတ်ချက်မျိုးဟာ ဆင်ကန်းတောတိုး သလိုသာ
ဖြစ်နေတတ်တယ်ဆိုတာ သိပြီးသားပါ။
---တချို့ကလဲ ကိုယ်ညံ့ဖျင်းမှု
ဆင်သေကို မတောက်တခေါက် တရားဆိတ်ရေနဲ့ ဖုံးချင်တဲ့အတွက်-ဒါတွေဟာ သင်္ခါရတွေပါ၊
သေတော့ ကိုယ့်နောက် ပါမှာမှတ်လို့၊ ရှိတာလေးနဲ့ ရောင့်ရဲပြီး နေတတ်ဖို့သာ
အရေးကြီးတယ်-လို့၊ ဟုတ်ကဲ့-ပစ္စည်းဥစ္စာ ပြည့်စုံသူမှသာ အချိန်တန်ရင်
တရားဓမ္မနဲ့ အေးအေးနေနိုင်တယ်-လို့ ဘုရားရှင်ကိုယ်တိုင်က
ဟောထားတာရှိပါတယ်။ မနိုင်လို့ သည်းခံ၊ မရှိလို့ ရောင့်ရဲ-ဆိုတာဟာ တရားမဟုတ်ပါဘူး၊ သတ္တိညံ့ဖျင်း၊ ပျင်းရိခြင်းများက ရောင့်ရဲတင်းတိမ်ခြင်းရဲ့
အတုအယောင်အဖြစ်နဲ့ အဖိုးတန် ဒုလ္လတရားတွေကို လှည့်စားဖျက်ဆီး ပစ်နေတယ်လို့သာ မှတ်ချက်ချရပါလိမ့်မယ်။ ဘုရားရှင်က ဒီလိုလူများနဲ့
ပတ်သက်လို့--အရွယ်ရှိတုန်း မြင့်မြတ်တဲ့ တရားကိုလဲ မကျင့်သုံး၊ စီးပွားဥစ္စာကိုလဲ ရအောင်မရှာဖွေတဲ့ လူမိုက်ဟာ ငါးကုန်ရေခန်းလို့ ရွှံ့ညွန်ချောက် ပက်ကြာားအက်ဖြစ်နေတဲ့ ရေအိုင်ငယ်နားက အတောင်ကျွတ်ပြီး ဘယ်မှမရွှေ့ပြောင်းနိုင်တော့တဲ့ ကြိုးကြာအိုကြီးလို ကြံမှိုင် ညည်းညူရင်း ဘ၀ကို အရှုံူးပေးသွားရတယ်-လို့ သတိပေးခဲ့ပါတယ်။

---ဘ၀ရဲ့
နေခြည်တောက်ပချိန်မှာ ဘ၀ကိုလှအောင် မဆင်နိုင်သူများအတွက်
နေ၀င်ဆည်းဆာချိန်မှာ ရောင်စုံတိမ်ပန်းများနဲ့ လှပနေမှာ မဟုတ်ဘဲ
တိမ်ညိုတိမ်မဲများနဲ့ အုံ့ဆိုင်းမှုန်မှိုင်းပြီး အရုပ်ဆိုး
အကျည်းတန်နေတတ်စမြဲဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တိုင် ပစ္စန္တရာဇ်မှာ
ပွင့်တော်မမူဘဲ မဇ္စျိမဒေသမှာ ပွင့်တော်မူတာဟာလဲ ပတိရူပဒေသ၀ါသကို
အလေးအနက်ထားတဲ့သဘောပါ။
0 comments:
Post a Comment