
မသေခင်မှာ စိတ်ချမ်းသာစွာ နေသွားချင်တာဟာ
လူသားတိုင်းရဲ့ ဆန္ဒပါ။ တစ်နေ့ထက်တစ်နေ့၊
တစ်ချိန်ထက်တစ်ချိန် ပိုပိုပြီး စိတ်ချမ်းသာလာတဲ့
ဘ၀မျိုးကို လူသားတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။
စိတ်ဆင်းရဲစရာမှန်သမျှ၊ စိတ်ပူလောင်စရာမှန်သမျှ
လုံးဝကင်းရှင်းပြီး စိတ်ချမ်းသာမှု၊စိတ်ငြိမ်းအေးမှု
အတိပြီးတဲ့ဘ၀မျိုးကို ဖန်တီးတည်ဆောက်ပေးနိုင်တဲ့
နည်းလမ်းရှိပါတယ်။ အဲဒါကတော့
“သတိပဋ္ဌာန်းတရားနဲ့ ဘ၀နေနည်း” ပါပဲ။
သတိပဋ္ဌာန်းတရားနဲ့ နေရတာလောက် စိတ်ချမ်းသာစရာ
ကောင်းတာ လောကမှာ မရှိတော့ပါဘူး။
တခြားနည်းနဲ့ စိတ်ချမ်းသာရတာက အပြည့်အဝ
စိတ်ချမ်းသာမှု မရပါဘူး။ သတိပဋ္ဌာန်နည်းနဲ့
စိတ်ချမ်းသာရတာက အပြည့်အ၀ စိတ်ချမ်းသာမှု
ရပါတယ်။
ဘာလို့လဲဆိုတော့ သတိပဋ္ဌာန်းတရားကြောင့်ရတဲ့
စိတ်ချမ်းသာမူက ပူလောင်တင်းကျပ်တဲ့ ငါအစွဲနဲ့
ငါ့ဥစ္စာအစွဲတွေ ကင်းရှင်းလွတ်မြောက်နေလို့ပါပဲ။
မြတ်စွာဘုရားရှင်ရဲ့ ၀ိပဿနာလမ်းစဉ်ဟာ
သတိပြဋ္ဌာန်းပြီး၊ သတိဦးဆောင်ပြီး လုပ်ရတဲ့
အလုပ်ဖြစ်လို့ သတိပဋ္ဌာန်းကျင့်စဉ်လို့လည်း ခေါ်ပါတယ်။
သတိပဋ္ဌာန်းတရားဟာ အလုပ်မရွေး၊ နေရာမရွေး၊
ဣရိယာပုထ်မရွေး၊ အချိန်မရွေး ကျင့်ကြံအားထုတ်လို့
ရပါတယ်။
ဝိပဿနာ ရှုရမယ့်တရား၊ ရှုပုံရှုနည်းနဲ့ ရှုရမယ့်အချိန်၊
နေရာတွေကို အတိုဆုံးနဲ့ အပြည့်စုံဆုံး ဖော်ပြနိုင်အောင်
ခုလို ဆောင်ပုဒ်နှစ်ခုစီထားပါတယ်။
ဖြစ်ခိုက်ရုပ်နာမ်၊ ဖြစ်တိုင်းဟန်၊ ဧကန်မှတ်သိမူ။
အလုပ်နေရာ၊ ဣရိယာ၊ ချိန်ခါမရွေးရှု။
“ဖြစ်ခိုက်ရုပ်နာမ်”ဆိုတဲ့ စကားနဲ့ ၀ိပဿနာရှုရမယ့်
တရားကို ဖော်ပြပါတယ်။
ရုပ်တရား၊ နာမ်တရား (ကိုယ်အမူအရာနဲ့
စိတ်အမူအရာ)ကို ၀ိပဿနာရှုကြရပါမယ်။
ရုပ်ထင်ရှားရင် ရုပ်၊ နာမ်ထင်ရှားရင် နာမ်၊
အထင်ရှားဆုံးတစ်ခုကို ရှုကြရပါမယ်။
ရုပ်သက်သက်ပဲ ရှုမယ်လို့ နှလုံးသွင်းပြီး
ရုပ်ကိုချည်း မရှုရပါဘူး။
နာမ်သက်သက်ပဲ ရှုမယ်လို့ နှလုံးသွင်းပြီး
နာမ်ကိုချည်း မရှုရပါဘူး။
ဘာလို့လဲဆိုတော့ ရုပ်သက်သက်ရှုရုံ၊
နာမ်သက်သက်ရှုရုံနဲ့ တရားမရနိုင်၊ မဂ်မကျနိုင်လို့ပါပဲ။
ဒါပေမဲ့ ရုပ်နှစ်ခုသုံးခု၊ နာမ်နှစ်ခုသုံးခု စသည်တို့ကို
တစ်ပြိုင်နက်၊ တစ်ပေါင်းတည်း ရှုဖို့တော့ မလိုပါဘူး။
ထင်ရှားတဲ့ ရုပ်နာမ် တစ်ခုခုကို ရှုမှတ်ပြီးသိရင်
တစ်ပြိုင်နက်ဖြစ်တဲ့ ရုပ်နာမ်တွေကို ရှုခြင်းကိစ္စ၊
သိခြင်းကိစ္စလည်း အလိုလို ပြီးစီးသွားပါတယ်။
ရူတဲ့ရုပ်နာမ်ကလည်း ဖြစ်ပြီးတဲ့ အတိတ်ရုပ်နာမ်၊
မဖြစ်သေးတဲ့ အနာဂတ်ရုပ်နာမ် မဟုတ်ရပါဘူး။
“ဖြစ်ခိုက်ရုပ်နာမ်”ဆိုတဲ့အတိုင်း
လောလောဆယ်ဖြစ်နေဆဲ ပစ္စုပ္ပန်ရုပ်နာမ်ကိုသာ
ရှုရပါမယ်။
အတိတ်ရုပ်နာမ်ကလည်း ဖြစ်ပြီးသွားလို့ မရှိတော့ပါဘူး။
အနာဂတ်ရုပ်နာမ်ကလည်း မဖြစ်သေးလို့ မရှိသေးပါဘူး။
မရှိတဲ့ ရုပ်နာမ်ကို ရှုနေလို့ ၀ိပဿနာဉာဏ်အစစ်
မဖြစ်နိုင်ပါဘူး။
“ဖြစ်တိုင်းဟန်”ဆိုတဲ့စကားနဲ့
ဝိပဿနာရှုပုံရှုနည်းကို ဖော်ပြပါတယ်။
ဝိပဿနာရှုတယ်ဆိုတာ ပါဠိစကားလုံးတွေ၊
အဘိဓမ္မစကားလုံးတွေ၊ စေတသိက်သရုပ်တွေကို
အထူးအထွေ ကျက်မှတ်ပြီး အဲဒီအတိုင်း
လိုက်ရှုနေရမှာ မဟုတ်ပါဘူး။
အဲဒီလို ကျက်မှတ်ပြီးရှုနေရင် သုတမယဉာဏ်
(တစ်ဆင့်ကြားအသိ)၊ စိန္တာမယဉာဏ်(ကြံတွေးအသိ)ပဲ
ဖြစ်နိုင်ပါတယ်။
ဘာဝနာမယဉာဏ် (ကိုယ်တွေ့အသိ၊ မျက်မှောက်အသိ)
မဖြစ်နိုင်ပါဘူး။
လောလောဆယ် ဖြစ်နေတဲ့ ကိုယ်အမူအရာ
(ရုပ်၊ စိတ်အမူအရာ(နာမ်)ဖြစ်နေတဲ့ အတိုင်းလေး
ရိုးရိုးရှင်းရှင်း ရှုမှတ်ရပါမယ်။
ဥပမာ၊ ကိုယ်အမူအရာ(ရုပ်)အနေနဲ့ သွားရင်
သွားတယ်”၊ ရပ်ရင်“ရပ်တယ်”၊ ထိုင်ရင်“ထိုင်တယ်၊
လျောင်းရင်“လျောင်းတယ်”၊ ကွေးရင်“ကွေးတယ်”၊
ဆန့်ရင်“ဆန့်တယ်”လို့ ရှုမှတ်ရပါမယ်။
“ဂစ္ဆန္တော ၀ါ ဂစ္ဆာမီတိ ပဇာနာတိ” စသည်အားဖြင့်
မြတ်စွာဘုရား တိုက်ရိုက် ဟောကြားထားတဲ့
ရှုမှတ်နည်းပါပဲ။
စိတ်အမူအရာ(နာမ်)အနေနဲ့ လိုချင်ရင်
လိုချင်တယ်”၊ တပ်မက်ရင်“တပ်မက်တယ်”၊
စိတ်ဆိုးရင်“စိတ်ဆိုးတယ်”၊
တွေးရင်“တွေးတယ်”၊
ပျင်းရင်“ပျင်းတယ်”လို့ ရှုမှတ်ရပါမယ်။
“သရာဂံ ၀ါစိတ္တံ သရဏံ စိတ္တန္တိ ပဇာနာတိ”
စသည်အားဖြင့် မြတ်စွာဘုရား တိုက်ရိုက်
ဟောကြေားထားတဲ့ ရှုမှတ်နည်းပါပဲ။
နေ့စဉ်သုံးစွဲနေကျ ၊ အမြဲခေါ်ဝေါ်နေကျ စကားလုံး
အတိုင်း ရှုမှတ်ရပါမယ်။
ဆောင်ပုဒ်ထဲမှာပါတဲ့ “အလုပ်”ဆိုတာ
အလုပ်မရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။
သတိပဋ္ဌာန် ၀ိပဿနာတရားဟာ အလုပ်မရွေး
ရှုမှတ်လို့ရတဲ့ အရာပါ။ ဘယ်အလုပ်လုပ်နေရလို့
ဝိပဿနာ မရှုနိုင်ဘူးဆိုတာ မရှိစေရပါဘူး။
ချက်ပြုတ်တဲ့ စားသောက်တဲ့အလုပ်၊
ဖွပ်လျှော်တဲ့ ၀တ်ဆင်တဲ့အလုပ်၊
ပြောဆိုတဲ့ နားထောင်တဲ့အလုပ်၊
ဈေးရောင်းတဲ့ ကားမောင်းတဲ့အလုပ်၊
ကိုင်တွယ်တဲ့ ထုနှက်တဲ့အလုပ်၊
ဘာအလုပ်ပဲ လုပ်လုပ် သတိထည့်ပြီးလုပ်ရင်
ဝိပဿနာဖြစ်ပါတယ်။
သတိထည့်ပုံကလည်း မခက်ပါဘူး။
“ဖြစ်တိုင်းဟန်”ဆိုတဲ့ အတိုင်း ကိုယ်လုပ်နေတဲ့
အလုပ်ကို လုပ်နေတဲ့အတိုင်းလေး
မှတ်လိုက်၊ သိလိုက်ဖို့ပါပဲ။
ဥပမာ-ထမင်းလုတ်ဝါးရင် “၀ါးတယ်”၊
ရေသောက်ရင်“သောက်တယ်”၊
လုံချည်ပြင်ဝတ်ရင်“၀တ်တယ်” စသည်ဖြင့်ပေါ့။
“နေရာ”ဆိုတာက နေရာမရွေး ရှုမှတ်ရမယ်
လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်းဝိပဿနာတရားဟာ
နေရာမရွေး ရှုမှတ်လို့ရတဲ့ တရားပါ။
ဘယ်နေရာရောက်နေလို့ ၀ိပဿနာမရှုနိုင်ဘူး
ဆိုတာ မရှိစေရပါဘူး။
ဘတ်စ်ကားပေါ်မှာ၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ၊
ရုံးခန်းထဲမှာ၊ ဈေးထဲမှာ၊ ဧည့်ခံပွဲပရိသတ်ထဲမှာ၊
မီးဖိုချောင်ထဲမှာ၊ ရေချိုးခန်းထဲမှာ၊
နောက်ဆုံး အိမ်သာထဲမှာ ဘယ်နေရာမှာပဲ
ဖြစ်ဖြစ် သတိထည့်ပြီးနေရင် ၀ိပဿနာဖြစ်ပါတယ်။
ဝိပဿနာတရားဆိုတာ ဘုရားခန်းလို
တင့်တယ်တဲ့နေရာမျိုးမှာမှ ရှုမှတ်လို့ ရတာမဟုတ်ပါဘူး။
အိမ်သာလို မတင့်တယ်တဲ့ ညစ်ပတ်နံစော်တဲ့
နေရာမျိုးမှာလည်း ရှုမှတ်လို့ ရပါတယ်။
မြတ်စွာဘုရားကိုယ်တော်တိုင် “ဥစ္စာရပဿာဝကမ္မေ
သမ္ပဇာနကာရီ ဟောတိ=ကျင်ကြီးကျင်ငယ်စွန့်ရင်လည်း
သတိ၊ ပညာနဲ့ စွန့်ပါ”လို့ တိုက်ရိုက်
ဟောတော်မူထားပြီးသားပါ။
အိမ်သာတက်တတ်ရင် အိမ်သာတက်ရင်း
ကုသိုလ်ရပါတယ်။ စွန့်ချင်ရင်“စွန့်ချင်တယ်”၊
စွန့်ရင်“စွန့်တယ်”၊ နံရင်“နံတယ်”၊
ဗိုက်နာရင်“နာတယ်”လို့ မှတ်နေ၊ သိနေရုံပါပဲ။
လွယ်သလောက်ခရီးရောက်တာ သတိပဋ္ဌာန်းပါ။
ယူတတ်ရင် ကုသိုလ်က နေရာတိုင်းမှာ ရနိုင်ပါတယ်။
အိမ်သာတက်ရင်းနဲ့တောင် ၀ိပဿနာကုသိုလ်
ယူနိုင်တယ်ဆိုမှတော့ တခြားနေရာဆို မပြောနဲ့တော့။
“ဣရိယာ”ဆိုတာက ဣရိယာပုတ်မရွေး
ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။ သတိပဋ္ဌာန်း
ဝိပဿနာတရားဟာ ဣရိယာပုထ်မရွေးရှုမှတ်လို့ရတဲ့
တရားပါ။ ဘယ်ဣရိယာပုထ်ဖြစ်နေလို့ ၀ိပဿနာ
မရှုနိုင်ဘူးဆိုတာ မရှိစေရပါဘူး။
သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းလို
ဣရိယာပုထ် လေးပါးရှိတယ်ဆိုတော့
သွားရင်“သွားတယ်”၊ ရပ်ရင်“ရပ်တယ်”၊
ထိုင်ရင်“ထိုင်တယ်”၊ လျောင်းရင်“လျောင်းတယ်”
လို့ရှုမှတ်နေရုံပါပဲ။
လွယ်လိုက်တာမပြောပါနဲ့တော့။
ခွံ့ပေးတဲ့ ထမင်းလုတ် ၀ါးရတာလောက်တောင် မခက်ပါဘူး။
“အချိန်အခါမရွေးရှု”ဆိုတာကတော့ ရှင်းပါတယ်။
အချိန်မရွေး ရှုမှတ်ရမယ်လို့ ဆိုလိုပါတယ်။
သတိပဋ္ဌာန်းဝိပဿနာတရားဟာ အချိန်မရွေး
ရှုမှတ်လို့ ရတဲ့တရားပါ။
ဘယ်အချိန်ဖြစ်နေလို့ ၀ိပဿနာ မရှုနိုင်ဘူး
ဆိုတာ မရှိစေရပါဘူး။ မနက်အိပ်ရာနိုးတဲ့ အချိန်ကစပြီး
ညအိပ်ရာဝင် အိပ်ပျော်သွားတဲ့အထိ အချိန်တိုင်းမှာ
သတိကပ်ထားရင် ၀ိပဿနာဖြစ်ပါတယ်။
အိပ်ရာနိုးတဲ့အချိန်မှာ “နိုးတယ်”လို့
ရှုမှတ်ပြီး တစ်နေ့တာ အချိန်ကို စတင်လိုက်ပါ။
အဲဒီနောက်… တစ်နေ့တာလုံး မြင်တဲ့အချိန်မှာ
“မြင်တယ်”၊ ကြားတဲ့အချိန်မှာ “ကြားတယ်”၊
နံတဲ့အချိန်မှာ “နံတယ်”၊
မွေးတဲ့အချိန်မှာ “မွှေးတယ်”၊
စားတဲ့အချိန်မှာ “စားတယ်၊
ထိတဲ့အချိန်မှာ “ထိတယ်“၊
သိတဲ့အချိန်မှာ “သိတယ်”လို့ ရှုမှတ်ပြီး
တစ်နေ့တာအချိန်တွေကို ဖြတ်သန်းလွန်မြောက်ပါ။
ညအိပ်ရာဝင်တဲ့အချိန်ကျတော့ “အိပ်တယ်”
လို့ ရှုမှတ်ရင်း တစ်နေ့တာအချိန်ကို အဆုံးသတ်လိုက်ပါ။
ဘ၀တစ်နေ့တာ အချိန်လေးတွေမှာ
ဘာအလုပ်ပဲလုပ်လုပ်၊ အမှတ်ကလေးနဲ့ လုပ်နေရတာ
အင်မတန် စိတ်ချမ်းသာပါတယ်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ】
Posted by►
www.facebook.com/youngbuddhistassociation.mm
[“လွတ်လပ်စွာ Share နိုင်ပါသည်။
ပေ့ခ်ျများအနေဖြင့်၊ Blog များအနေဖြင့်
share မည်ဆိုရင် စာရေးသူ ဆရာတော် အမည်နဲ့
စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association ကို
credit လေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]
0 comments:
Post a Comment