Friday, 20 January 2017

တန်ခိုးထက် သဒ္ဓါတရားက ပို၍စွမ်း၏

 
 Image may contain: 1 person, outdoor
 ဓမ္မ ပူဇာတန်ခိုးထက် သဒ္ဓါတရားက ပို၍စွမ်း၏
လောကီကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာမျှ ကန့်သတ် တောင်းတခဲ့ခြင်းမပြုခဲ့ပဲ၊ အလှူ ခံဖြစ်တဲ့ သူတစ်ပါးအကျိုး အတွက် သက်သက် ရည်မှန်းပြုလုပ်တဲ့ ကုသိုလ်မျိုးဟာ ​လောကုတ္တရာဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရောက်မချင်း ဘဝအဆင့်ဆင့် မြင့်သထက်မြင့်အောင် အထောက်အပံ့ပြုပေးရုံမျှမက လောကီအကျိုးကို ပေးရာမှာလည်း သူတစ်ပါးတို့ ဟန့်တား ပိတ်ပင်လို့မရအောင် အကန့်အသတ်မဲ့ ကောင်းကျိုးပေးပါတယ်။
တခါက မြတ်စွာဘုရားရှင်သည် နောက်ပါရဟန်းငါးရာတိုနဲ့ အတူ "ထူဏ" ဆိုတဲ့ ပုဏ္ဏားရွာကို ကြွသွားတဲ့အခါ ရွာခံအများစုဖြစ်တဲ့ ပုဏ္ဏားတွေက ဘုရားရှင့်နဲ့ နောက်ပါရဟန်းတော်တို့ တည်းခိုခွင့်မရနိုင်အောင် ရေကိုဖြတ်တောက်ဖို့ အစီအစဉ် ပြုလုပ်ကြတယ်။ မိမိတို့ ရွာသားများအတွက် ခုနှစ်ရက်စာ ရေကို ခပ်ယူသိုလှောင်ထားစေပြီး ရေတွင်းရေကန်တွေကို မြက်တွေ၊ အမှိုက်တွေနဲ့ ဖို့ထားလိုက်ကြတယ်။
မြတ်စွာဘုရားရှင်က ဒီအကြောင်းအရာကို သိထားပေမယ့် အဲဒီရွာကို အရောက်ကြွတော်မူတယ်။
ရွာနားရောက်တော့ သစ်တစ်ပင်အောက်မှာ တစ်ထောက်နားပြီး ရှင်အာနန္ဒာကို ရေခပ်ခိုင်းတယ်။
အရှင်အာနန္ဒာက ဖြစ်ကြောင်းစုံကို လျှောက်ထားပေမယ့် ဘုရားရှင်က သုံးကြိမ်အထိ ဆက်ပြီး တိုက်တွန်းတဲ့အခါမှာတော့ မငြင်းဆန်တော့ဘဲ ရေသွားခပ်ရတော့တယ်။
အရှင်အာနန္ဒာ ရေတွင်းအနီး ချည်းကပ်မိတာနဲ့ တစ်ပြိုင်နက် အတွင်းက ရေတွေက အပေါ်မှာ ဆို့ပိတ်ထားတဲ့ အမှိုက်သရိုက်တွေကို တွန်းဖယ်ပြီး ရေတွေလျှံထွက်လာလို့ ကြိုးတပ်ပုံးနဲ့တောင် ငင်စရာမလိုဘဲ သပိတ်နဲ့ အလွယ်တကူ ခပ်ယူနိုင်ခဲ့တယ်။
ဒီအကြောင်းကို အံ့သြဝမ်းမြောက်ဖြစ်နေတဲ့ အရှင်အာနန္ဒာက ဘုရားရှင်ထံ လျှောက်ထားတဲ့အခါမှာ ဘုရားရှင်က
"ငါဘုရားဟာ ပါရမီဖြည့်စဉ်ကာလတစ်လျှောက် ကုသိုလ်ကောင်းမှု ပြုရာမှာ မိမိအတွက် တောင်းတခြင်း အလျဉ်းမပါဘဲ သူတစ်ပါးအတွက် သက်သက်သာ ရည်မှန်းပြုလုပ်ခဲ့တယ်။
ဒါကြောင့် ငါဘုရားအတွက် တောင့်တတဲ့အရာကို မရခြင်းကြောင့် ကြုံရတဲ့ ဒုက္ခဆိုတာ ဘယ်တော့မှမရှိနိုင်ဘူး၊ လိုအပ်တဲ့အရာကို စိတ်ထဲက ဆုံးဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် ဘယ်သူမှ ဟန့်တားဖျက်ဆီးလို့ မရဘဲ ပြည့်စုံရတယ်။
ဒီလိုပြည့်စုံတာဟာ ငါဘုရားရှင်ရဲ့ အဓိဋ္ဌာန်​ကြောင့်လည်း မဟုတ်ဘူး၊ နတ်တို့က ဖန်ဆင်းတာလည်း မဟုတ်ဘူး၊ ကုသိုလ်ကြောင့် ပြီးပြည့်စုံရတဲ့ "ပုညိဒ္ဓိ" သာဖြစ်တယ်" လို့ မိန့်ကြားတော်မူပါတယ်။
အဲဒါကြောင့် အလှူ တစ်ခုပြုတော့မယ်ဆိုရင် မိတ်ဆွေနဲ့ ရန်သူကိုပင် ခွဲခြားခြင်းမရှိဘဲ အလှူ ခံမှန်သမျှအားလုံးကို တစ်သားတည်းသဘောထားပြီး စေတနာကြီးကြီး၊ သဘောထားကြီးကြီးနဲ့ လှူဒါန်းကြပါ။
ထိုကုသိုလ်မျိုးမှသာ အမြင့်ဆုံး၊ အမြတ်ဆုံး၊ အထွက်အထိပ် အကျဆုံးဖြစ်လို့ ပါရမီကုသိုလ်လို့ ခေါ်ပါတယ်။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support