Wednesday, 25 January 2017

ကိုယ့်စိတ်ကိုယ်စစ် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အရေးတကြီးသတိပေးတရား


 
 ဓမ္မ ပန်းခင်း

"ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ"သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့ သတ္တိကုန်ရင်တော့အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။-ဝိပဿနာ မလုပ်သေးတာဖြင့်သေရတာ အားမရသေးလို့ လား မေးဖို့ ဘဲ ရှိတော့တယ်။ခင်ဗျားတို့  အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့  ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။- ပုထုဇဉ်အဖြစ်နဲ့  သေရင် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ့ ဖြည်းလာခဲ့တာ ကြာပါပြီ။-ခင်ဗျားတို့ က မသိလို့ အေးအေးနေတာ,တော်ကြာ ခင်ဗျားတို့  တွေ့ ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို့ ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့  အတူတူဘဲ။-တစ်နေ့ တစ်နေ့  ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ့ ကို ငရဲရောက်ဖို့  ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,စိတ်ပေါင်းကလည်းမရေတွက်နိုင်ဘူးဆိုတော့က,အပါယ်ကတက်စရာမမြင်ဘူး။-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကိုခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို့ ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။-မနက်ဖြန် သေသွားရင် သာသနာနဲ့ ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ့ နှောင့်နှေးတဲ့အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့ တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ့  တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။- ဘုရား အပေါ်လည်း သံသယမရှိနဲ့  ,တရား အပေါ်လည်း သံသယ မရှိနဲ့ ,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ့  သာသနာနဲ့ ကြုံ ,ဆရာကောင်းနဲ့ကြုံလို့  ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။အချည်းနှီးလုံးဝမဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
Share:

မြတ်စွာဘုရားရဲ့ သာသနာ ==============

 Related image

 ဘုရားစကားတွေ စာအုပ်ထဲမှာ ရှိနေတာ သာသနာတည်တာ မဟုတ်ဘူး။ ပေထုပ်ထဲမှာ ရှိနေတာကို သာသနာတည်တယ်လို့ ပြောတာမဟုတ်ဘူး။ ကျောက်တုံးကြီးထဲမှာ ရှိနေတာကို သာသနာတည်တယ် လို့ ပြောတာမဟုတ်ဘူး။ လူတွေရဲ့ နှလုံးသားထဲရောက်မှ သာသနာတည်တယ်လို့ ပြောတာ။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ကိုယ့်နှလုံးသားထဲမှာ တည်တယ်ဆိုလို့ရှိရင် ကိုယ့်မှာ သာသနာရှိတယ်လို့ခေါ်တယ်။ မြတ်စွာဘုရား အဆုံးအမတွေ နှလုံးသားထဲက ပျောက်ကွယ်သွားပြီဆို ဒီပုဂ္ဂိုလ် သာသနာကွယ်နေတာနဲ့ မတူဘူးလား။ ဘယ်လိုပဲ ဘုရားကျောင်းကန်တွေ တွေ့ရတွေ့ရ၊ ဘုရားဖူးတွေ ဘယ်လိုပဲ လည်နေနေ၊ ကျောင်းတွေ ဘယ်လိုပဲ သွား သွား၊ ပိဋကတ်သုံးပုံထဲမှာ ဟောထားတဲ့ တရားဓမ္မတွေရဲ့ အနှစ်ချုပ်တွေ ကိုယ့်ရင်ထဲ မရောက်ဘူး၊ လက်တွေ့ကျင့်သုံးမှု မရှိဘူးဆိုရင် သာသနာတည်တယ်လို့ ခေါ်နိုင်ပါ့မလား။ ( မခေါ်နိုင်ပါဘုရား ) ဒီတော့ ရင်ထဲက သာသနာက ပိုအရေးမကြီးဘူးလား။ ကိုယ့်ရင်ထဲက သာသနာကို မပျောက်အောင် ထိန်းရမယ်။ ဘာနဲ့ ထိန်းရမလဲဆိုရင် သင်ယူရမယ်။ တရားနာနေတာဟာ သင်ယူနေတာပဲ။ စာအုပ်ကြီးကိုင်ပြီး စာဖတ်နေတာမှ သင်တာမဟုတ်ဘူး။ ဓမ္မကထိကတွေ တရားဟောတဲ့အခါ တရားနာနေတာဟာ သင်နေတာပဲ။ အဲဒီတရားဟောတဲ့ထဲက မှတ်သားပြီး လက်တွေ့ကျင့်သုံး မယ်ဆိုရင်ကျင့်နေတာလို့ ခေါ်တယ်။ ဒါသာသနာပြုတာ။ သာသနာပြုတယ်ဆိုတာ သင်တာနဲ့ ကျင့်တာ ဒီနှစ်ခုပဲ။ သာသနာပြုအစစ်ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ တရားဓမ္မတွေကို သင်ယူတာနဲ့ ကျင့်သုံးတာဟာ တကယ့်သာသနာပြု အစစ်ပဲ။ အဲဒီလိုကျင့်သုံးမှ သာသနာသည် ရင်ထဲရောက်မှာပေါ့။ ရင်ထဲက သာသနာ မပျောက်မှသာသနာမကွယ်တာ။ နို့မို့ဆိုရင် သာသနာကွယ်သွားနိုင်တယ်။ ဆရာဒေါက်တာအရှင်နန္ဒမာလာဘိဝံသ သာသနာပြုစွမ်းအားစု တရားတော်မှ ကောက်နုတ် ဖော်ပြထားပါသည်။ မိမိတို့ရင်ထဲက သာသနာမကွယ်အောင် တရားနာခြင်း၊ တရားစာပေများ လေ့လာဖတ်ရှုခြင်း၊ လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် သာသနာတည်တံ့နိုင်ကြပြီး နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းများ ရရှိနိုင်ကြပါစေ။ Posted by Words of Buddha
အညတရ ဘိက္ခု
Share:

အရေးအကြီးဆုံးက ကုသိုလ်ရဖို့ပဲ။ **********************


 
 ဘိက္ခု အဘယာဂိရိဝါသီရာဟုလာ
 လူ့ဘဝရလာရင်
အရေးအကြီးဆုံး နံပါတ်တစ်က
ကုသိုလ်ဖြစ်အောင် စိတ်ကို ပြုပြင်တတ်ဖို့။
စိတ်မထားတတ်ရင် ကုသိုလ်မဖြစ်ဘူး။
စိတ်ထားတတ်မှ ကုသိုလ်ဆိုတာ ဖြစ်တယ်။
အကုသိုလ်ဆိုတာကတော့
သံသရာက အကျင့်ပါနေသည့်အတွက်ကြောင့်
လွယ်လွယ်လေးနဲ့ ဖြစ်တယ်။
လူတွေရဲ့ သန္တာန်မှာ
မြင်စရာအာရုံလေးတစ်ခုကို မြင်လိုက်ရင်
လောဘနဲ့ နှစ်သက်တယ်။
ဒေါသနဲ့ မုန်းတီးတယ်။
မောဟနဲ့ အမှန်ကို မသိလိုက်ဘူး။
ဒီလိုမြင်မှုကို အကြောင်းပြုပြီးတော့
အကုသိုလ်စိတ်တွေပဲ ဖြစ်တယ်။
အဲဒီလို
့မြင်သမျှ၊ ကြားသမျှဆိုတဲ့ အာရုံတွေအပေါ်မှာ
လူတွေရဲ့စိတ်မှာ အကုသိုလ်ဖြစ်တဲ့ အကြိမ်တွေက
အလွန်ကို များတယ်။
အဲဒီလို အကုသိုလ်ဖြစ်တဲ့ အကြိမ်တွေ
လျှော့ချနိုင်ဖို့ မြင်ကြားသမျှ အာရုံကို အကြောင်းပြုပြီး
ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ရမယ်။
အဲဒီလိုဆင်ခြင်သုံးသပ်နိုင်မှုကြောင့်
မြင်ခြင်းကြားခြင်းအပေါ် သတိထားတတ်လာတယ်။
သတိမမူ ဂူမမြင် တဲ့။
သတိမမူဘူးဆိုရင်
ကိုယ့်မျက်စိအောက် ရောက်နေတာပဲဖြစ်စေ
မြင်ချင်မှ မြင်တာ။
အသံပေါ်လာတာဖြစ်စေ ကြားချင်မှ ကြားတာ။
ဒါကြောင့် ပထမဆုံး ကိုယ့်ကိုယ်ကို
မနက်လင်းလာလို့ မျက်စိဖွင့်ကြည့်တဲ့ အချိန်ကစပြီး
တွေးတောမှုအပေါ်
လောဘနဲ့တွေးတဲ့ အတွေးလား၊
ဒေါသနဲ့တွေးတဲ့အတွေးလား၊
အကောင်းအဆိုး ခွဲခြားသိနိုင်စွမ်း မရှိတဲ့ မောဟနဲ့
တွေးတဲ့ အတွေးလားဆိုတာ
သတိမူဖို့ အရေးကြီးတာပေါ့။
မြင်မှု၊ ကြားမှုတွေနဲ့ ပတ်သက်ပြီးလည်း
မြင်တဲ့အာရုံ၊ ကြားတဲ့အာရုံအပေါ်မှာ
ဘယ်လိုစိတ်အခြေအနေတွေ ဖြစ်သလဲဆိုတာကို
သတိထားမိဖို့ လိုအပ်တယ်ပေါ့။
အဲဒီလို သတိမူတဲ့အလုပ်ကိုပဲ meditation လို့
ပြောတာပါ။
ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ
စိတ်နဲ့လုပ်ရတဲ့ အလုပ်ဖြစ်တယ်။
ခန္ဓာကိုယ်ရဲ့ အနေအထား ဘယ်လိုပဲနေနေ
စိတ်က ဆင်ခြင်စဉ်းစားဖို့ လိုအပ်တယ်ပေါ့။
ဒါကြောင့် မြတ်စွာဘုရားက
စိတ်နဲ့ပတ်သက်လာတဲ့အခါ ဖြူစင်အောင် လုပ်ဖို့ဆိုပြီး
ဇာဂရီယာနုယောဂ ဆိုတဲ့ ကမ္မဋ္ဌာန်းကျင့်စဉ်တစ်ခုနဲ့
နိုးနိုးကြားကြား အားထုတ်ဖို့ ဟောထားတယ်။
နေ့အချိန်မှာ လမ်းလျောက်ရင်း ထိုင်ရင်းနဲ့
ကုသိုလ်မဖြစ်အောင် ဆို့ပိတ်တတ်တဲ့
နီဝရဏတရားတွေကို သုတ်သင်ရမယ်။
စင်ကြယ်စေရမယ်လို့ ဆိုတာ။
ညမှာလည်း အိပ်မပျော်သေးတဲ့အချိန်တွေမှာ
ဒီလိုပဲ လုပ်ရမယ်။
မနက်စောစောမှာလည်း ဒီလိုပဲ လုပ်ရမယ်။
နီဝရဏလို့ ခေါ်တဲ့ လောဘနဲ့တွေးတဲ့အတွေးတွေ၊
ဒေါသနဲ့တွေးတဲ့အတွေးတွေ၊
ထိနမိဒ္ဓဆိုတဲ့ အိပ်ချင်ထိုင်းမှိုင်းမှုတွေ၊
ဥဒ္ဓစ္စ ကုက္ကုစ္စ ခေါ်တဲ့ စိတ်ပျံ့လွင့်မှုတွေ၊
စိတ်ပူပန်မှုတွေ၊
ဝိစိကိစ္စာ ခေါ်တဲ့ ဟိုတွေးဒီတွေး တွေးပြီး
စိတ်သောက ဖြစ်ပွားနေမှုတွေ၊
စိတ်ရဲ့အညစ်အကြေးတွေ မဖြစ်ပေါ်လာအောင်
ကောင်းမြတ်တဲ့ အာရုံတစ်ခုအပေါ်မှာ
ဆင်ခြင်တုံတရားနဲ့ နေသွားတာဟာ
ကမ္မဋ္ဌာန်း အားထုတ်တယ်လို့ ခေါ်တာပဲ။
ဒါ လူ့ဘဝ ရလာတဲ့ ပုဂ္ဂိုလ်တိုင်း၊
ကိုယ့်ရဲ့ အကျိုးစီးပွား လိုလားပါတယ်ဆိုတဲ့
ပုဂ္ဂိုလ်တိုင်း၊ ကိုယ့်ကိုယ်ကို ချစ်တဲ့ပုဂ္ဂိုလ်တိုင်း
မလွဲမသွေ လုပ်ကြရမယ့် လုပ်ငန်းတစ်ခု ဖြစ်တယ်။
ဘာဖြစ်လို့တုန်းဆိုရင်
စိတ်ထဲမှာ ပူပန်မှုတွေ၊ သောကတွေ၊
အကုသိုလ်အကြေးတွေ လွှမ်းမိုးလာပြီဆိုရင်
ကိုယ့်ရဲ့အနာဂတ်အခြေအနေဟာ
ကောင်းစရာ မရှိလို့ပဲ။
လောဘ၊ ဒေါသ၊ မောဟ စတဲ့
ကိလေသာတွေရဲ့ လွှမ်းမိုးမှုကြောင့်
ဘယ်လိုပဲ အကောင်းမျှော်မျှော်
အကောင်းဖြစ်လာမှာ မဟုတ်ဘုး။
အဲဒီအဆိုးတရားတွေရဲ့ အကျိုးက
အကောင်းဖြစ်မလာသည့်အတွက်ကြောင့်
ဘဝမှာ နိမ့်ကျပြီး နောက်ဆုံးမှာ
ဆင်းရဲဒုက္ခတွေနဲ့ ကြုံကြရတယ်။
ဒါကြောင့် လူ့ဘဝ ရနေတဲ့အခိုက်မှာ
အရေးအကြီးဆုံးက ကုသိုလ်ရဖို့ပဲ။
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဆရာတော်ဟောကြားသော ကုသိုလ်ဖြစ်ပွား နှလုံးသွင်း
တရားတော်မှ ကောက်နုတ်ဖော်ပြထားပါသည်။
Posted by Words of Buddha
Share:

ပြေးကြပါစို့ ������������


 Image result for ဦးသုမင်္ဂလ
 #Credit
သုတ ဘဏ်
 တစ်နေ့သောအခါတွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ ဇေတဝန်
ကျောင်း၌ စံနေတော်မူသည်။ ထိုစဉ် မြင်းရိုင်းကို မြင်းယဉ်ဖြစ်စေရန် သွန်သင်ဆုံးမတတ်သည့် ကေသိ အမည်ရှိ မြင်းဆရာ ရောက်ရှိ လာ သည်။ မြတ်စွာဘုရားက တရားနာပရိသတ်များ ရှေ့မှောက်၌ မြင်းဆုံးမ
နည်းကို မေးမြန်းတော်မူ၏။
ဘုရား
မြင်းရိုင်းများကို ယဉ်ပါးအောင် သင်ဆုံးမပုံကို ပြောပြစမ်းပါ အမောင်ကေသိ။
ကေသိ
ပထမ အနုနည်းနဲ့ ဆုံးမပါတယ်။ မရရင် အကြမ်းနည်း သုံးပါ တယ်။ ဒါမှ မရသေးရင် အနုနဲ့ အကြမ်း နှစ်မျိုးရောတဲ့ နည်းနဲ့  ဆုံးမပါတယ်။
ဘုရား
အဲဒီလို ဆုံးမလိုက်ရင် မြင်းတွေအားလုံး ရိုင်းစိုင်းရာက ယဉ်ပါးသွားကုန်ရောလား။
ကေသိ
တတိယ နည်းနဲ့မှ ဆုံးမလို့မရခဲ့ရင် သတ်ပစ်လိုက်ပါ
တယ်ဘုရား။ တပည့်တော် မြင်းဆုံးမနည်းကတော့
ဒီလေးမျိုးပါပဲ။ အရှင်ဘုရားရဲ့ တပည့်များကို ဘယ်လို
နည်းတွေသုံးပြီး ဆုံးမတော်မူပါသလဲဘုရား။
ဘုရား
ငါဘုရားလည်း သင့်လိုပါပဲ။ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းရောနည်းနဲ့ နောက်ဆုံး သတ်ပစ်တဲ့နည်းကို
သုံးပြီး တပည့်တွေကို ဆုံးမပေတယ်။
ကေသိ
လူသတ်တာဟာ ရဟန်းနဲ့ မလျော်ကန်ပါ။ ဘယ်လိုများ သတ်တာပါလဲဘုရား။
ဘုရား
ဆုံးမလို့မရတဲ့ သူကို ဆုံးမထိုက်တဲ့ သူအဖြစ်က ပယ်လိုက် တယ်။ လူ့ဘဝမှာ အဆုံးအမကွယ်ရင်ေ သတာနဲ့ အတူတူပဲ မဟုတ်လား။ ဒီတော့၊ ဆုံးမလို့ မရတဲ့ သူကို မဆုံးမဘဲ နေ လိုက်တာဟာ သူ့ကို သတ်ပစ်လိုက်တာပဲပေါ့။
ကေသိ
သဘောပေါက်ပါပြီဘုရား။
ဘုရား
ကြာပွတ်သံကြားတာနဲ့ အသားအနာမခံဘဲ ပြေးတဲ့ အင်မတန် ပါးနပ်တဲ့မြင်း၊ အရေပြားကို ကြာပွတ်နဲ့ ပွတ်ပေးလိုက်ရုံနဲ့ ပြေး
တဲ့မြင်း၊ ရိုက်မှပြေးတဲ့မြင်းနဲ့ သံချွန်လေးနဲ့ အရေစုတ်အောင်
ရိုက်မှ ပြေးတဲ့မြင်း ရယ်လို့ လောကမှာ အာဇာနည်မြင်း
လေးမျိုးရှိတယ်။ ဒါကိုသင်သိမှာပါ။
ကေသိ
သိကြောင်းပါဘုရား။
ဘုရား
ငါ့တပည့်တွေထဲမှာလည်း ရေကြီး၊ မီးလောင် စတဲ့ ဘေးတွေ
ကြောင့် သေကျေဒုက္ခ ရောက်တယ်လို့ကြားတဲ့အခါ မိမိနဲ့ 
ပတ်သက်သူ မဟုတ်ပေမယ့် ငါလည်းပဲ သူတို့လို သေနိုင်
တယ်။ အသေမဦးခင် ဉာဏ်ဦးမှပဲလို့ အသံကြားရုံနဲ့ ငါးပါးအာရုံ ကာမဂုဏ် လွတ်အောင် အားထုတ်တဲ့သူ၊ မိမိနဲ့နီးစပ်ရာလူ
ဒီလိုဖြစ်ရင် ငါလည်း အချိန်မရွေး သေနိုင်တယ်လို့ သံဝေဂ
ရပြီး အားထုတ်သူ၊ မိမိရဲ့ မိဘဆွေမျိုးသားချင်းများ ဒီလို အဖြစ်မျိုး ကြုံတွေ့မှ ငါလည်းတစ်နေ့သေမှာ၊ သေမျိုးတွေပါပဲလို့ သံဝေဂရ အားထုတ် သူနဲ့ မိမိကိုယ်တိုင် အိပ်ရာထဲလဲကာမှ သံဝေဂရပြီး အားထုတ်သူရယ်လို့ရှိကြတယ်။ မမေ့မလျော့တဲ့ သူသာ မသေ
ရာနိဗ္ဗာန်ကို ရောက်မယ်။ မေ့လျော့ပေါ့ဆသူဟာ သေသူနဲ့ 
မခြားနားဘူး။ အိုရာက နာရာကို မရောက်ခင် ဉာဏ်နဲ့ပြေးမှ
ဖြစ်ကြတော့မယ်။ မြင်းဆရာကေသိ၊ သင်ဘယ်တော့ပြေးမှာ လဲ။
ကေသိ
မှန်လှပါ၊ မဆိုင်းမတွ အခုပင် ပြေးမှာဖြစ်တာကြောင့်
တပည့်တော်ကို ရဟန်းဝတ်ခွင့် ပြုတော်မူပါဘုရား။
ဘုရား
သာဓု သာဓု သာဓု။
စာကိုး။ ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)။
ပြေးစို့ တရားတော်မှ ‌ကောက်‌နှုတ်‌‌ရေးသား
ပူ‌ဇော်‌ပါသည်‌။
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။
မှားယွင်းမှုများရှိသော် အစဉ်သနားသော
အားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည်
ဆရာတော်အရှင်သူမြတ်များဘုရား။
Share:

Tuesday, 24 January 2017

☆“သက်သတ်လွတ်နှင့်ကုသိုလ်စိတ်”☆ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬

 Image may contain: 1 person

 ¤ အရှင်ဆန္ဒာဓိက ¤
════════════
 ◘ အစားအစာကတော့ သူ့ချည်းသက်သက်
ကုသိုလ်စိတ်ဖြစ်အောင်လည်း
မစွမ်းဆောင်နိုင်သလို
အကုသိုလ်စိတ်ဖြစ်အောင်လည်း
မဖန်တီးနိုင်ပါဘူး။
သက်သတ်လွတ်အစားအစာကို
စားလိုက်လို့အလိုလိုနေရင်း
ကုသိုလ်တွေရမသွားနိုင်သလို
အသားငါးအစားအစာကို
စားလိုက်လို့လည်းအလကားနေရင်း
အကုသိုလ်တွေဖြစ်မသွားနိုင်ပါဘူး။
◘ သက်သတ်လွတ်အစားအစာ
စားရုံနဲ့ကုသိုလ်ရတယ်ဆိုရင်
သက်သတ်လွတ်မစားတဲ့သူတွေ
အစာစားပြီးအချိုတည်းတဲ့အနေနဲ့
ငှက်ပျောသီး၊ သရက်သီးစားနေတဲ့
အချိန်မှာလည်းကုသိုလ်ရနေမှာပေါ့။
အရက်သမားတွေအရက်သောက်နေရင်း
အာလူးကြော်၊ မြေပဲလှော်မြည်းနေတဲ့
အချိန်မှာလည်းကုသိုလ်ရနေမှာပေါ့။
◘ ဘုရား၊ ရဟန္တာတွေ၊ သီလသမာဓိ
ပညာနဲ့ပြည့်စုံတဲ့သူတော်ကောင်း
သူမြတ်လောင်းကြီးတွေ
အသားငါးရှောင်ကြဉ်တော်မမူကြတာကို
ကြည့်ခြင်းအားဖြင့်အသားငါး
စားရုံသက်သက်နဲ့အကုသိုလ်
မဖြစ်နိုင်ဘူးဆိုတာထင်ရှားပြီးသားပါ။
☆ မြတ်စွာဘုရားရှင်က ပဋ္ဌာန်းဒေသနာတော်ကြီးမှာ ‘အစားအ
စာကလည်း လူတစ်ယောက်ကို ကုသိုလ်ဖြစ်အောင်၊ သို့မဟုတ် အကု
သိုလ်ဖြစ်အောင် ကျေးဇူးပြုနိုင်တယ်’ လို့ ဟောကြားတော်မူထားပါ
တယ်။ ‘ဥပနိဿယပစ္စယော’ ဆိုတဲ့ ပဋ္ဌာန်းပစ္စည်းရဲ့ အဖွင့်မှာပါ။
ဥပနိဿယပစ္စယသတ္တိ (အားကြီးသောမှီရာအကြောင်းတရားစွမ်းအင်)
နဲ့ ကျေးဇူးပြုနိုင်တယ်လို့ ဆိုလိုပါတယ်။
☆ အစားအစာတစ်ခုကြောင့် လူတစ်ယောက်မှာ ကုသိုလ်စိတ်
လည်း ဖြစ်နိုင်သလို အကုသိုလ်စိတ်လည်း ဖြစ်နိုင်ပါတယ်။ ကုသိုလ်
စိတ်ဖြစ်အောင် နှလုံးသွင်းပြီးစားရင် ကုသိုလ်စိတ်ဖြစ်နိုင်ပြီး အကုသိုလ်
စိတ်ဖြစ်အောင်နှလုံးသွင်းပြီးစားရင် အကုသိုလ်စိတ်ဖြစ်နိုင်ပါတယ်။
အစားအစာသက်သက်ကြောင့် ကုသိုလ်စိတ်၊ အကုသိုလ်စိတ်
ဖြစ်တာ မဟုတ်ပါဘူး။ အစားအစာကို စားသုံးသူရဲ့ နှလုံးသွင်းကြောင့်
သာ ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်ရတာပါ။
အစားအစာကတော့ သူ့ချည်းသက်သက် ကုသိုလ်စိတ်ဖြစ်
အောင်လည်း မစွမ်းဆောင်နိုင်သလို အကုသိုလ်စိတ်ဖြစ်အောင်လည်း
မဖန်တီးနိုင်ပါဘူး ။ သက်သတ်လွတ်အစားအစာကို စားလိုက်လို့ အလိုလို
နေရင်း ကုသိုလ်တွေ ရမသွားနိုင်သလို အသားငါးအစားအစာကို စား
လိုက်လို့လည်း အလကားနေရင်း အကုသိုလ်တွေ ဖြစ်မသွားနိုင်ပါဘူး။
အစားအစာဟာ အစားအစာပါပဲ။ ကုသိုလ်၊ အကုသိုလ်ဟာ ကုသိုလ်၊
အကုသိုလ်ပါပဲ။ တခြားစီပါ။ တိုက်ရိုက်ပတ်သက်ခြင်းမရှိပါဘူး။
☆ ‘အစားအစာက ကုသိုလ်၊ အကုသိုလ် ဖြစ်အောင် ကျေးဇူးပြုနိုင်
တယ်’ ဆိုတာက အစားအစာကို စားသုံးနေသူရဲ့ စားသုံးနေဆဲမှာ ဖြစ်
နေတဲ့ စိတ်အခြေအနေရယ်၊ အစားအစာကို စားသုံးပြီးနောက် စားသုံး
သူမှာ ဖြစ်ပေါ်လာမယ့် ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုရယ်၊ အဲဒီ
ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကို အခြေခံတဲ့ နောက်ဆက်တွဲ
လုပ်ရပ်တွေရယ်ကို ရည်ရွယ်ပြီး ပြောတာပါ။ အစားအစာရွေးချယ်မှု
သက်သက်ကြောင့် ကုသိုလ်၊ အကုသိုလ်ဖြစ်တယ်လို့ ပြောတာ မဟုတ်
ပါဘူး။
☆ သက်သတ်လွတ်ပဲစားစား၊ သက်သတ်မလွတ်ပဲစားစား၊ ဘာ
ဝနာတစ်ခုခု ပွားရင်း စားရင် ကုသိုလ်စိတ်ဖြစ်ပြီး ကုသိုလ်ရပါတယ်။
ဘာဝနာတစ်ခုခုပွားရင်း စားနေသူရဲ့ သန္တာန်မှာ စားနေဆဲအစားအစာ
နဲ့ပတ်သက်ပြီး ‘ကောင်းလိုက်တာ’ ဆိုတဲ့လောဘ၊ ‘မကောင်းဘူး’ဆိုတဲ့
ဒေါသ ဖြစ်ခွင့်မရတဲ့အတွက် အကုသိုလ်စိတ်ကင်းရှင်းနေပါတယ်။ မိမိ
ပွားတဲ့ ဘာဝနာနဲ့ လိုက်လျောညီထွေတဲ့ ကုသိုလ်စိတ်ဖြစ်နေတဲ့အတွက်
အစာစားရင်း ကုသိုလ်ရနေပါတယ်။
☆ သက်သတ်လွတ်ပဲ စားစား၊ သက်သတ်မလွတ်ပဲ စားစား
လောဘ၊ ဒေါသစတဲ့ ကိလေသာတွေနဲ့ စားနေရင် အစာစားရင်း အကု
သိုလ်စိတ်တွေဖြစ်ပြီး အကုသိုလ်တရားတွေ တိုးပွားနေပါတယ်။ ကိုယ်
စားနေဆဲ အစားအစာနဲ့ပတ်သက်တဲ့ လောဘ၊ ဒေါသပဲဖြစ်ဖြစ်၊ အစာ
စားရင်း သူများအကြောင်း၊ တခြားအကြောင်းတွေးလို့ ဖြစ်လာတဲ့ လော
ဘ၊ ဒေါသပဲဖြစ်ဖြစ်၊ လောဘ၊ ဒေါသမှန်သမျှ အကုသိုလ်တွေချည်း
ပါပဲ။
☆ လူတစ်ယောက် သက်သတ်လွတ် အစားအစာတစ်ခုကို စား
နေတယ်ဆိုပါစို့။ ‘ဟယ် ..၊ အသားတုဟင်းလေးကရှယ်ပဲ၊ အသားဟင်း
အစစ်နဲ့တောင် မလဲနိုင်ဘူး၊ ကောင်းလိုက်တာ} ဆိုရင် သက်သတ်လွတ်
စားရင်း လောဘကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။
‘ဟွန်း ....၊ ဒီနေ့ သက်သတ်လွတ်စားမှန်း သိရက်သားနဲ့ ဟင်းကို ကောင်း
ကောင်းချက်မထားဘူး၊ တစ်ခါလာ ကန်စွန်းရွက်၊ တစ်ခါလာ ပဲပင်
ပေါက်၊ သိပ်စိတ်ညစ်တာပဲ’ ဆိုရင် သက်သတ်လွတ်စားရင်း ဒေါသ
ကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။
☆ ‘ဟင်း ....ဟင်း၊ ငါမို့လို့ သက်သတ်လွတ်စားနိုင်တာ၊ ဟိုကောင်
တွေ ဟိုကောင်မတွေ ငါ့လို သက်သတ်လွတ်စားနိုင်တာမဟုတ်ဘူး’
ဆိုရင် သက်သတ်လွတ်စားရင်း မာနကိလေသာနဲ့ အကုသိုလ်စိတ်တွေ
ဖြစ်နေပါတယ်။ ‘သက်သတ်လွတ်စားမှ မေတ္တာသမား၊ သက်သတ်
လွတ်စားတာ ကုသိုလ်ရတယ်၊ ငါတော့ ဒီနေ့ သက်သတ်လွတ်စားလို့
ကုသိုလ်တွေ တော်တော်ရသွားပြီ’ ဆိုရင် သက်သတ်လွတ်စားရင်း ဒိဋ္ဌိ
ကိလေသာနဲ့ အကုသိုလ်စိတ်တွေ ဖြစ်နေပါတယ်။
☆ ဒါက အစားအစာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ အကုသိုလ်စိတ်
တွေပါ။ သက်သတ်လွတ်အစားအစာကို စားနေရင်း သူများအကြောင်း
တွေးပြီး လောဘ၊ ဒေါသ ဖြစ်နေမယ်၊ တခြားအကြောင်း တွေးပြီး
ဣဿာ၊ မစ္ဆရိယဖြစ်နေမယ်ဆိုရင်လည်း သက်သတ်လွတ်စားရင်း အ
ကုသိုလ်စိတ်တွေ တိုးပွားနေတာပါပဲ။
☆ သက်သတ်လွတ်အစားအစာကို စားလိုက်ရုံနဲ့ လူတစ်ယောက်
ဟာအလိုလိုနေရင်း ကုသိုလ်ရမသွားပါဘူး။ ကုသိုလ်စိတ်နဲ့စားမှ ကုသိုလ်
ရနိုင်ပါတယ်။ ကုသိုလ်စိတ်ကလည်း သက်သတ်လွတ်အစားအစာ
ကြောင့် မဖြစ်နိုင်ပါဘူး။ ဘာဝနာတစ်ခုခုပွားများခြင်း၊ လောဘ၊ ဒေါသ
စတဲ့ ကိလေသာမဖြစ်အောင် နှလုံးသွင်းဆင်ခြင်ခြင်းကြောင့်ပဲ ဖြစ်နိုင်
ပါတယ်။
☆ ‘သက်သတ်လွတ်စားတဲ့အလုပ်ဟာ ကုသိုလ်အလုပ်ပဲ’၊ ‘သက်
သတ်လွတ်စားရင် ကုသိုလ်ရတယ်’ လို့ ယူဆရင် အဲဒီအယူအဆဟာ
မိစ္ဆာဒိဋ္ဌိ (မှားယွင်းတဲ့အမြင်) ပါပဲ။ ဘာလို့လဲဆိုတော့ သက်သတ်လွတ်
စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်လို့ပါ။ သက်သက်လွတ်အစားအစာ
က စားသုံးသူကို အလိုအလျောက် ကုသိုလ်မပေးနိုင်လို့ပါ။
☆ သက်သတ်လွတ်အစားအစာ စားရုံနဲ့ ကုသိုလ်ရတယ်ဆိုရင်
သက်သတ်လွတ်မစားတဲ့သူတွေ အစာစားပြီး အချိုတည်းတဲ့အနေနဲ့
ငှက်ပျောသီး၊ သရက်သီး စားနေတဲ့အချိန်မှာလည်း ကုသိုလ်ရနေမှာပေါ့။
အရက်သမားတွေ အရက်သောက်နေရင်း အာလူးကြော်၊ မြေပဲလှော်
မြည်းနေတဲ့ အချိန်မှာလည်း ကုသိုလ်ရနေမှာပေါ့။ အဲဒါတွေအားလုံး
သက်သတ်လွတ်အစားအစာတွေပဲ မဟုတ်လား။
☆ သူငယ်ချင်းငါးယောက် ထမင်းဝိုင်းဖွဲ့စားကြတယ် ဆိုဆိုပါစို့။
တစ်ယောက်က သက်သတ်လွတ်သမား၊ ကျန်လေးယောက်က အစုံ
စားသမား၊ သက်သတ်လွတ်သမားက အသီးအရွက်တွေပဲ စားတယ်။
အစုံစားသမားတွေက အသီးအရွက်ရော၊ သားငါးတွေရော စားကြ
တယ်။ ရောက်တတ်ရာရာ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောရင်း
တစ်ယောက်နဲ့တစ်ယောက် စကြ၊ နောက်ကြနဲ့ တပျော်တပါး စားကြ
တယ်။
☆ ဟင်းချင်းတော့ မတူကြဘူး။ စိတ်ဖြစ်နေပုံချင်းတော့ တူကြ
တယ်။ စကြနောက်ကြ၊ ပြောကြဆိုကြနဲ့ တပျော်တပါး စားနေကြတာ
ဆိုတော့ သူငယ်ချင်းငါးယောက်လုံး အပျော်စိတ်တွေ၊ လောဘစိတ်တွေ
ဖြစ်နေကြတာပေါ့။ ကဲ ....သက်သတ်လွတ်စားတဲ့ သူငယ်ချင်း ကုသိုလ်
ရရောလား။ အစုံစားတဲ့သူငယ်ချင်းတွေပဲ ကွက်ပြီး အကုသိုလ်ဖြစ်ရော
လား။ မဟုတ်ဘူးနော်။ အားလုံး အတူတူပဲ။
☆ အကုသိုလ်အကြောင်းတွေ ပြောရင်း အကုသိုလ်စိတ်တွေနဲ့
စားရင် သူငယ်ချင်းငါးယောက်လုံး အကုသိုလ် အတူတူဖြစ်ပါတယ်။
ကုသိုလ်အကြောင်းတွေ ပြောရင်း ကုသိုလ်စိတ်တွေနဲ့ စားရင် သူငယ်ချင်း
ငါးယောက်လုံး ကုသိုလ် အတူတူဖြစ်ပါတယ်။ သက်သတ်လွတ်သမား
က အစုံစားသမားတွေထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ကုသိုလ်ပိုမရသလို
အစုံစားသမားတွေကလည်း သက်သတ်လွတ်သမားအောက် ခေါင်းတစ်
လုံးပိုနိမ့်ပြီး အကုသိုလ်မဖြစ်နိုင်ပါဘူး။
☆ အစားအစာမတူပေမယ့် စိတ်ချင်းတူရင် ကုသိုလ်၊ အကုသိုလ်
ဖြစ်ပုံချင်းအတူတူပါပဲ။ အစားအစာတူပေမယ့် စိတ်ချင်းမတူရင်ကုသိုလ်၊
အကုသိုလ်ဖြစ်ပုံချင်း ကွဲပြားပါတယ်။ အစားအစာက အဓိကမကျဘဲ
စိတ်က အဓိကကျပါတယ်။ ဘာပဲစားစား၊ ကုသိုလ်စိတ်နဲ့ စားရင်
ကုသိုလ်ဖြစ်ပြီး အကုသိုလ်စိတ်နဲ့ စားရင် အကုသိုလ်ဖြစ်ပါတယ်။
☆ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ်မရဘူးဆိုတာကို အမေး
အဖြေပုံစံလေးနဲ့ တစ်မျိုးပြောကြည့်ရအောင်ပါ။
‘သက်သတ်လွတ်စားတာနဲ့ အသားငါးစားတာ၊ ဘာစားတာ
က ကုသိုလ်ရလဲ’
‘သက်သတ်လွတ်စားတာက ကုသိုလ်ရတာပေါ့’
‘ကောင်းပြီ၊ ဒါဆို ထပ်မေးမယ်၊ လိမ္မော်သီးစားတဲ့သူနဲ့ ပန်းသီး
စားတဲ့သူ၊ ဘယ်သူ ကုသိုလ်ရလဲ’
‘ဘယ်သူမှ ကုသိုလ်မရဘူး’
‘ဟင် ....၊ ခုနပြောတော့ သက်သတ်လွတ်စားတာ ကုသိုလ်ရ
တယ်ဆို၊ လိမ္မော်သီးရော ပန်းသီးရော သက်သတ်လွတ်တွေပဲ မဟုတ်
လား၊ သက်သတ်လွတ်စားတာ ကုသိုလ်ရစတမ်းဆိုရင် လိမ္မော်သီးစား
သူရော၊ ပန်းသီးစားသူပါ နှစ်ယောက်လုံး ကုသိုလ်ရနေမှာပေါ့’
‘ဟဲ .... ဟဲ.... ဒါကတော့ ....’
‘ဒီလောက်ဆို သဘောပေါက်ပါတယ်နော်’
☆ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ်မရနိုင်သလို အသားငါးစားရုံ
နဲ့လည်း အကုသိုလ်မဖြစ်နိုင်ပါဘူး။ အသားငါးစားရုံနဲ့ အကုသိုလ်ဖြစ်
တယ်လို့ ယူဆရင် မြတ်စွာဘုရားရှင်ကိုလည်း အကုသိုလ်စိတ်ဖြစ်သေး
တယ်လို့ စွပ်စွဲရာရောက်ပါတယ်။ ဘာလို့လဲဆိုတော့ မြတ်စွာဘုရားရှင်
က အသားငါးကို ဘုဉ်းပေးတော်မူလို့ပါပဲ။
☆ အသားငါးဘုဉ်းပေးပေမယ့် မြတ်စွာဘုရားရဲ့ သန္တာန်မှာ အကု
သိုလ်စိတ် လုံးဝမဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အကုသိုလ်စိတ်
ဖြစ်စေနိုင်တဲ့ ကိလေသာတွေကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ပယ်သတ်
ထားပြီးဖြစ်လို့ပါ။
☆ ဒါကို ထောက်ရှုခြင်းအားဖြင့် ‘အစားအစာကြောင့် ကုသိုလ်၊
အကုသိုလ် ဖြစ်တာမဟုတ်ဘူး၊ ကိလေသာပယ်ခြင်း၊ မပယ်ခြင်း
ကြောင့်သာ ကုသိုလ်၊ အကုသိုလ် ဖြစ်တာ’ ဆိုတာ ထင်ရှားပါတယ်။
ကိလေသာပယ်ဖို့ကိုတော့ မကြိုးစားဘဲ အစားအစာပယ်ဖို့ကိုပဲ ကြိုးစား
နေမယ်ဆိုရင်တော့ လမ်းမှားလျှောက်နေတာဖြစ်တဲ့အတွက် စခန်းမှန်၊
ပန်းတိုင်မှန်ကို ဘယ်လိုနည်းနဲ့မှ မရောက်နိုင်တော့ပါဘူး။
☆ ကုသိုလ်ရတယ်အထင်နဲ့ သက်သတ်လွတ်စားနေသူတွေကို
မိုးကုတ်ဆရာတော်ဘုရားကြီးက ‘အတော်ဝဋ်ကြီးတဲ့သူတွေပဲ’ လို့ က
ရုဏာသက်တော်မူခဲ့ဖူးသလို ဓမ္မဒူတဆရာတော်ကြီးကလည်း ‘၀ဋ်ကြွေး
ရှိလို့ အငတ်ခံနေကြရတာ’ လို့ သနားတော်မူခဲ့ဖူးပါတယ်။ သက်သတ်
လွတ် စားသူတိုင်းကို ရည်ရွယ်ပြီး မိန့်တော်မူကြတာ မဟုတ်ပါဘူး။
ကုသိုလ်ရတယ်အထင်၊ ကံကောင်းလိမ့်မယ်အထင်နဲ့ သက်သတ်လွတ်
စားနေကြသူတွေကိုသာ ရည်ရွယ်ပြီး မိန့်တော်မူကြတာပါ။
☆ စာနယ်ဇင်းတွေထဲက အနုပညာရှင်များရဲ့ အင်တာဗျူးအမေး
အဖြေတွေမှာပဲဖြစ်ဖြစ်၊ ပြင်ပလောကမှာ မိတ်ဆွေအချင်းချင်းတွေ့ဆုံလို့
တစ်ယောက်နဲ့တစ်ယောက် မေးကြပြောကြတဲ့အခါမှာပဲဖြစ်ဖြစ် ....
စာနယ်ဇင်းတွေထဲက အနုပညာရှင်များရဲ့ အင်တာဗျူးအမေး
အဖြေတွေမှာပဲဖြစ်ဖြစ်၊ ပြင်ပလောကမှာ မိတ်ဆွေအချင်းချင်းတွေ့ဆုံလို့
တစ်ယောက်နဲ့တစ်ယောက် မေးကြပြောကြတဲ့အခါမှာပဲဖြစ်ဖြစ် ....
‘ဘာသာရေးအနေနဲ့ ဘာတွေလုပ်ဖြစ်လဲ’
ဆိုတဲ့မေးခွန်းကို ....
‘မွေးနေ့တိုင်း သက်သတ်လွတ်စားဖြစ်ပါတယ်’
‘၀ါတွင်းသုံးလတိုင်း သက်သတ်လွတ်စားပါတယ်’
လို့ ဖြေကြားကြတာကို မကြာခဏ ဖတ်ဖူး၊ ကြားဖူးပါတယ်။
☆ တကယ်တော့ သက်သတ်လွတ်စားတာဟာ ဘာသာရေး
အလုပ် မဟုတ်ပါဘူး။ တခြားဘာသာရေးတွေရဲ့ အလုပ်တော့ ဟုတ်ချင်
ဟုတ်ပါလိမ့်မယ်။ ထေရ၀ါဒဗုဒ္ဓဘာသာရေးရဲ့ အလုပ်ကတော့ လုံးဝ
မဟုတ်ပါဘူး။
☆ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့
ကုသိုလ်ရကြောင်း အလုပ်တွေထဲမှာ သက်သတ်လွတ်စားတဲ့အလုပ်
လုးံဝ မပါပါဘူး ။ ‘သက်သတ်လွတ်စားတဲ့အလုပ်ဟာ ကုသိုလ်အလုပ်လို့
မြတ်စွာဘုရား ဟောကြားမထားဘူး’လို့ ဆိုလိုပါတယ်။
☆ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့
ကုသိုလ်ရကြောင်းအလုပ်တွေက ဆယ်မျိုးရှိပါတယ်။ စွန့်ကြဲပေးကမ်း
လှူဒါန်းခြင်း ဒါနအလုပ်၊ ကိုယ်နှုတ်လွန်ကျူးမှုစောင့်ထိန်းခြင်း သီလ
အလုပ်၊ စိတ်ကောင်းစိတ်မြတ်ပွားထုံခြင်း ဘာဝနာအလုပ်၊ အသက်
သိက္ခာဂုဏ်ဝါကြီးသူကိုရိုသေခြင်း အပစာယနအလုပ်၊ ကုသိုလ်ကိစ္စ
ကူညီလုပ်ဆောင်ခြင်းဝေယျာဝစ္စအလုပ်၊ ကိုယ့်ကုသိုလ် သူတစ်ပါး
မျှဝေခြင်း ပတ္တိဒါနအလုပ်၊ သူတစ်ပါးကုသိုလ် ကိုယ် ၀မ်းမြောက်ခြင်း
ပတ္တာနုမောဒနအလုပ်၊ သူတော်ကောင်းတရားနာကြားခြင်း ဓမ္မဿဝန
အလုပ်၊ သူတော်ကောင်းတရားဟောပြောခြင်း ဓမ္မဒေသနာအလုပ်နဲ့
အယူအမြင်ဖြောင့်မှန်ခြင်း ဒိဋ္ဌိဇုကမ္မအလုပ်တို့ဖြစ်ပါတယ်။
☆ အဲဒီအလုပ်ဆယ်မျိုးကို ‘ပုညကြိယ၀တ္ထုဆယ်ပါး’ လို့ ခေါ်ပါ
တယ်။ ‘ကုသိုလ်လိုလားသူတိုင်း ပြုသင့်ပြုထိုက်တဲ့ ချမ်းသာစီးပွားတွေရဲ့
တည်ရာဆယ်ပါး’ လို့ ဆိုလိုပါတယ်။ လိုရင်းကတော့ ‘ကုသိုလ်ရကြောင်း
အလုပ်ဆယ်မျိုး’ ပေါ့။ အဲဒီ အလုပ်ဆယ်မျိုးထဲက ဘယ်အလုပ်ကိုပဲ
လုပ်လုပ် ကုသိုလ်ရနိုင်ပါတယ်။
☆ တကယ်လို့ သက်သတ်လွတ်စားတဲ့ အလုပ်ဟာ ကုသိုလ်ရ
ကြောင်းအလုပ်၊ ကုသိုလ်ရစေနိုင်တဲ့အလုပ်ဆိုရင် ပုညကြိယ၀တ္ထုတွေ
ထဲမှာ တစ်ပါးအဖြစ် မြတ်စွာဘုရား ထည့်သွင်းဟောကြားတော်မူခဲ့မှာ
ပါ။ သက်သတ်လွတ်စားရုံနဲ့ ကုသိုလ်မရနိုင်လို့ မြတ်စွာဘုရား ဟော
ကြားတော်မမူခဲ့တာကို အထူးသတိပြုရပါမယ်။
☆ တစ်ေခတ်တစ်ခါတုန်းက ရဟန္တာလို့ ထင်ရှားကျော်ကြားခဲ့တဲ့
‘ဘုန်းတော်ကြီးဦးသီလ’ ဟာ သက်သတ်လွတ် ဘုဉ်းပေးတဲ့ဆရာတော်
ကြီးတစ်ပါးဖြစ်ပါတယ်။ ဘုန်းတောကြီးနဲပအတူနေပြီး ဘုန်းတော်ကြီးလို
ပဲ သက်သတ်လွတ်စားပါမယ်လို့ လျှောက်ထားလာတဲ့ ရဟန်းတော်
တစ်ပါးကို ဆရာတော်ကြီးက ....
☆ ‘တို့များ သက်သတ်လွတ်စားနေတာကို ကုသိုလ်ဖြစ် ကျင့်နေ
တယ်လို့များ မထင်လိုက်ပါနဲ့ကွယ်၊ သွားနာသက်သာလို့ စားနေတာ
ပါ’ လို့ ရိုးရိုးရှင်းရှင်း မိန့်ကြားတော်မူခဲ့ဖူးပါတယ်။
☆ သက်သတ်လွတ်စားခြင်းကို ကုသိုလ်ကျင့်စဉ်တစ်ခု၊ သူတော်
ကောင်းကျင့်စဉ်တစ်ခုလို့ မှားယွင်းစွာ ထင်မှတ်ယူဆသွားမှာစိုးလို့ ဆရာ
တော်ကြီးက ပွင့်ပွင့်လင်းလင်း မိန့်ကြားတော်မူလိုက်တာပါ။
☆ မှန်ပါတယ်။ သက်သတ်လွတ်စားခြင်းဟာ ကုသိုလ်ကျင့်စဉ်
တစ်ခုမဟုတ်သလို သူတော်ကောင်းကျင့်စဉ်တစ်ခုလည်း မဟုတ်ပါဘူး။
သက်သတ်လွတ်စားခြင်းကြောင့် ကုသိုလ်လည်း ရမသွားနိုင်သလို သူ
တော်ကောင်းလည်း ဖြစ်မသွားနိုင်ပါဘူး။
☆ အတိတ် သာသနာဝင်မှာရော၊ ပစ္စုပ္ပန် သာသနာဝင်မှာပါ
သက်သတ်လွတ်ဘုဉ်းပေးတဲ့ ဆရာတော်ကြီးတွေ ရှိကြပါတယ်။ သူတို့
ဟာ ‘ကုသိုလ်ရတယ်’ ဆိုတဲ့ ခံယူချက်နဲ့ သက်သတ်လွတ် ဘုဉ်းပေးကြ
တာ မဟုတ်ပါဘူး။ သူတို့မှာ ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့ အနာရောဂါတွေက
အသားငါးနဲ့ မတည့်လို့၊ သူတို့ရဲ့ ကျန်းမာရေးက အသီးအရွက်နဲ့မှ
အဆင်ပြေလို့ အနာရောဂါနဲ့ ကျန်းမာရေးကို ငဲ့ပြီး သက်သတ်လွတ်
ဘုဉ်းပေးတော်မူကြတာပါ။
☆ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်သွေးသား တည်
ဆောက်ပုံချင်း မတူညီကြတဲ့အတွက် ခန္ဓာကိုယ်က တောင်းဆိုတဲ့ အာ
ဟာရလိုအပ်ချက်ချင်းလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါ
ဘူး။ တချို့က အသီးအရွက်လောက်ပဲ စားရုံနဲ့ အာဟာရမျှတပြီး ကျန်း
မာကြသလို၊ တချို့ကတော့ အသီးအရွက်ရော၊ အသားငါးပါ အစုံစား
မှ အာဟာရမျှတပြီး ကျန်းမာကြပါတယ်။
☆ အသီးအရွက်စားရုံနဲ့ ကျန်းမာရေးအဆင်ပြေတဲ့ သူတွေက
အသီးအရွက်ပဲစားပြီး ‘သက်သတ်လွတ်သမားဘ၀’ ခံယူပိုင်ခွင့်ရှိသလို
အစုံစားမှ ကျန်းမာရေးအဆင်ပြေတဲ့သူကလည်း အစုံစားပြီး ‘အစုံစား
သမားဘ၀’ ခံယူပိုင်ခွင့်ရှိပါတယ်။ လူသားတိုင်းမှာ ကိုယ်စားလိုတဲ့ အစား
အစာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ကိုယ်ကြိုက်ရာ ကိုယ်
စားတာ လူ့သဘာဝပဲ မဟုတ်လား။
☆ ဘယ်အစားအစာကိုပဲ ရွေးချယ်ရွေးချယ်၊ အာဟာရမျှတပြီး
အနာရောဂါကင်းရှင်းဖို့၊ ကျန်းမာဖို့က အဓိကပါပဲ။ ကျန်းမာမှ အလုပ်
လုပ်နိုင်မယ်မဟုတ်လား။ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ကုသိုလ်အလုပ် လုပ်
ရင် ကုသိုလ်တရား တိုးပွားပြီး အကုသိုလ်အလုပ်လုပ်ရင် အကုသိုလ်
တရား တိုးပွားပါလိမ့်မယ်။ ဒါကို ရည်ရွယ်ပြီးတော့ပဲ မြတ်စွာဘုရားရှင်
က ‘အစားအစာက ကုသိုလ် သို့မဟုတ်၊ အကုသိုလ်ဖြစ်အောင် ကျေးဇူး
ပြုတယ်’ လို့ မိန့်ကြားတော်မူခဲ့တာပါ။ အစားအစာသက်သက်ကြောင့်
ကုသိုလ်၊ အကုသိုလ်ဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
☆ လူ့စိတ်ဆိုတာကလည်း သိပ်ဆန်းကြယ်ပါတယ်။ (ဆန်း
ကြယ်လို့လည်း စိတ်လို့ခေါ်တာပါ။ စိတ် = စိတ္တ = ဆန်းကြယ်သော
အရာ) တချို့က သက်သတ်လွတ်စားမှ ကုသိုလ်စိတ်မွေးနိုင်ပြီး ကုသိုလ်
အလုပ်လုပ်နိုင်ပါတယ်။ ကုသိုလ်စိတ်တိုင်းကိုတော့ မဟုတ်ပါဘူး။ တချို့
ကုသိုလ်စိတ်တွေကိုပါ။
☆ ရက်အကန့်အသတ်နဲ့ သက်သတ်လွတ်စားနေတဲ့ လူငယ်
ဒကာတစ်ယောက်ကို ‘သက်သတ်လွတ်စားတာ ဘာအကျိုးထူးလဲ’
လို့ မေးကြည့်တော့ ....
☆ ‘သက်သတ်လွတ်စားတာ ငါးပါးသီလ လုံတယ်၊ ငါ သက်
သတ်လွတ်စားနေတယ်ဆိုတဲ့ အသိနဲ့ ခြင်ကအစ မရိုက်ဖြစ်တော့ဘူး၊
စကားကိုလည်း လိမ်ညာပြီး မပြောဖြစ်တော့ဘူး၊ အထူးသဖြင့် အရက်၊
ဘီယာလုံးဝမသောက်ဖြစ်တော့ဘူး၊ အသားငါးစားခွင့်မရတော့ အမြည်း
မကောင်းတော့လို့၊ ဟဲ ....ဟဲ ....’
လို့ ရယ်ရယ်မောမော ပြန်ဖြေခဲ့ပါတယ်။ သူ့အနေနဲ့ အမြည်း
မကောင်းလို့ အရက်၊ ဘီယာ မသောက်ဖြစ်ပေမယ့် အာလူးကြော်၊
မြေပဲလှော်၊ အသားတုကင် စတဲ့ သက်သတ်လွတ် အမြည်းတွေနဲ့
အရက်၊ ဘီယာ သောက်နေကြတဲ့ သက်သတ်လွတ် အရက်သမားတွေ
လည်း အများကြီး ရှိပါတယ်။ သက်သတ်လွတ် စားပြီး ကာမဂုဏ်
ဖောက်ပြန်နေတဲ့ ဒုသနသောတွေလည်း ဒုနဲ့ဒေးပါ။
☆ လူတစ်ယောက်အတွက် သက်သတ်လွတ်စားခြင်းက ငါးပါး
သီလ လုံခြုံအောင် စောင့်ထိန်းဖြစ်ဖို့ တွန်းအားပေးပေမယ့် တခြားလူ
တစ်ယောက်အတွက်တော့ အဲဒီလို ဖြစ်ချင်မှဖြစ်မှာပါ။ သက်သတ်လွတ်
စားပြီး ငါးပါးသီလမလုံတဲ့သူတွေ အများကြီးရှိပါတယ်။
☆ ဘယ်လိုပဲဖြစ်ဖြစ် သက်သတ်လွတ်စားမှ ကုသိုလ်စိတ်မွေးနိုင်
ပြီး ကုသိုလ်အလုပ်လုပ်ဖြစ်တဲ့သူတွေအနေနဲ့ ကိုယ်စွမ်းနိုင်သလောက်
အချိန်ကန့်သတ်ပြီး သက်သတ်လွတ်စားတာ သဘာဝကျပါတယ်။
☆ (မစားရဘူးလို့မဆိုပါဘူးကွယ်။) သက်သတ်လွတ်စားစား၊ မစားစား
ကုသိုလ်စိတ်မွေးနိုင်တဲ့သူ၊ ကုသိုလ်အလုပ် လုပ်ဖြစ်တဲ့သူတွေကတော့
‘သက်သတ်လွတ်မှ’ ရယ်လို့ ရွေးချယ်ချေးများ (ဂျီးများ) နေစရာမလိုဘဲ
ရရာအစားအစာကို အဆင်သင့်သလို အကုန် စားသုံးနိုင်ပါတယ်။
☆ ဘုရား၊ ရဟန္တာတွေ၊ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့သူ
တော်ကောင်း၊ သူမြတ်လောင်းကြီးတွေ အသားငါး ရှောင်ကြဉ်တော်
မမူကြတာကို ကြည့်ခြင်းအားဖြင့် အသားငါး စားရုံသက်သက်နဲ့ အကု
သိုလ် မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားပြီးသားပါ။ အသားငါး ရှောင်တာ
သူတော်ကောင်း အကျင့်လို့ယူဆရင် မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်း ‘အာမဂန္ဓ
သုတ္တန်’ မှာ မြတ်စွာဘုရား တိုက်ရိုက်ဟောကြားထားပါတယ်။
☆ အသားငါး စားရုံသက်သက်နဲ့ အကုသိုလ် မဖြစ်နိုင်ဘူးဆိုပေ
မယ့် အဲဒီအသားငါးက နောက်ခံ သမိုင်းကြောင်း မကောင်းဘူးဆိုရင်
တော့ စားသုံးသူမှာ အကုသိုလ်ဖြစ်နိုင်ပါတယ်။ ‘အစွန်းသုံးပါး’ မလွတ်
တဲ့ အသားငါးကို စားသုံးရင် စားသုံးသူမှာ ပါဏာတိပါတကံထိုက်ပြီး
အကုသိုလ်ဖြစ်ပါတယ်။ ရဟန်းတော်များဆိုရင်တော့ ပါဏာတိပါတကံ
ထိုက်ရုံမက ဒုက္ကဋ်အာပတ်ပါ သင့်ပါတယ်။
☆ အစွန်းသုံးပါး ဆိုတာကတော့ ‘မြင်ခြင်း’ ‘ကြားခြင်း’ နဲ့ ‘ယုံ
မှားခြင်း’ တို့ပါပဲ။ ‘ဒီအသားငါးဟာ ငါ့အတွက် ရည်စူးပြီး သတ်ထား
တာ၊ ငါစားဖို့ ရည်ရွယ်ပြီး သတ်ထားတာ’ လို့မြင်ခဲ့ရင်၊ သို့မဟုတ်
ကြားခဲ့ရင်၊ သို့မဟုတ် ယုံမှားသံသယဖြစ်ခဲ့ရင် အဲဒီ အသားငါးဟာ
အစွန်းသုံးပါး (တစ်ပါးပါး) မလွတ်တဲ့ အသားငါး ဖြစ်သွားပါပြီ။ လုံးဝ
မစားထိုက်တော့ပါဘူး။ စားရင် အကုသိုလ်ဖြစ်ပါတယ်။
☆ လူဝတ်ကြောင်တွေအနေနဲ့ အစွန်းသုံးပါးလွတ်ရင် ဘယ်အ
သားငါးကိုမဆို လွတ်လပ်စွာ စားသုံးနိုင်ခွင့်ရှိပေမယ့် ရဟန်းတော်များ
ကတော့ ‘အသားကြီးဆယ်မျိုး’ ကို လုံးဝရှောင်ကြဉ်တော်မူကြရပါတယ်။
မရှောင်ဘဲ စားမိရင် သက်ဆိုင်ရာ အာပတ်သင့်ပြီး အကုသိုလ်ဖြစ်ပါ
တယ်။
☆ အသားကြီးဆယ်မျိုးကတော့ ‘လူ၊ ခွေး၊ မြင်း၊ ဆင်၊ ကျား၊
ကျားသစ်၊ ခြင်္သေ့၊ ၀ံ၊ အောင်း၊ မြွေ’ တို့ရဲ့ အသားတွေပါပဲ။ အသား
ကိုသာ မစားကောင်းတာမဟုတ်ပါဘူး။ သူတို့ရဲ့ အရိုး၊ အရေ၊ အသွေး၊
အမွေး ဘာကိုမှ အသုံးမပြုကောင်းပါဘူး။ (ဆင်စွယ်ပုတီး၊ စပါးကြီး
သည်းခြေဆေး စသည်တို့ကို ရဟန်းတော်များ လုံးဝ မသုံးကောင်းပါ)
အသုံးပြုရင် အာပတ်သင့်ပြီး သုံးတိုင်း သုံးတိုင်း အကုသိုလ်တရား တိုး
ပွားပါတယ်။
☆ သက်သတ်လွတ်ပဲ စားစား၊ ကြုံရာရရာပဲစားစား၊ အရေးအ
ကြီးဆုံးကတော့ စိတ်ကောင်းရှိဖို့၊ သူတော်ကောင်းအလုပ် လုပ်နိုင်ဖို့နဲ့
ဘ၀သံသရာဝဋ်ဆင်းရဲက အပြီးတိုင်လွတ်မြောက်ဖို့ပါပဲ။ ‘ကြိုက်ရာရွေး
စား လူ့ငနွား’ မဖြစ်စေဘဲ၊ ‘သင့်ရာစားသူ လူ့ထက်လူ’ ဖြစ်စေဖို့က
အဓိကပါပဲ ....
အပ္ပမာဒေန သမ္ပာဒေထ။
[အင်တာဗျူးဂျာနယ်၊ နိုဝင်ဘာ၊ ၇ နှင့် ၁၄၊ ၂၀၀၁]
Buddhavasa Tiloka
Share:

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★

 Image may contain: 1 person, sitting
  ဓမ္မရေချမ်းစင်

■ လူဆိုတာ အမြဲတမ်း ကောင်းကျိုးချမ်းသာ
ရတာ မဟုတ်ဘူး။
━ တစ်ခါတလေ ရာထူးကျသွားတာ ရှိတယ်။
━ စီးပွားဥစ္စာတွေ ပျက်သွားတာ ရှိတယ်။
━ နောက်ဆုံးမှာ ကုန်းကောက်စရာ မရှိအောင်
ဆင်းရဲသွားတာတွေ ရှိတယ်။

■ “မှားတဲ့နည်းနဲ့ ထွက်ပေါက်ရှာတာ”
❖ အဲဒီလိုရှိတဲ့အခါမှာ လူဟာ Depression
ဝင်လာတယ်။ ဝင်လာတဲ့အခါမျိုးမှာ နိုင်ငံခြား
တိုင်းပြည်တွေမှာဆို suicide လုပ်ပစ်တာတွေ
ရှိတယ်ပေါ့။Suicide လုပ်တယ်ဆိုတာ ဒီဘဝမှာ
“မှားတဲ့နည်းနဲ့ ထွက်ပေါက်ရှာတာ” ။
နောင်ဘဝမှာ ကောင်းစားသွားမလားဆိုတော့
ဒီထက်ဆိုးတဲ့ဘဝ ရောက်သွားနိုင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို သတ်သေ
တယ်ဆိုတဲ့လူက ဒေါသနဲ့ သတ်သေတာ ဖြစ်သည့်
အတွက်ကြောင့် ဒီ့ထက်ဆိုးတဲ့ “ငရဲ”
ရောက်သွားနိုင်တယ်။
❖ အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတဲ့အမှုကိုက ငရဲကို
ရောက်သွားနိုင်တယ်။ သေခါနီးမှာ စိတ်က
ပြောင်းသွားရင်တော့ မပြောနိုင်ဘူးပေါ့။
များသောအားဖြင့် ကိုယ့်ကိုယ်ကို သတ်သေရင်
“ဒေါသ” နဲ့ သေတာ။ “ငရဲ” ဘဝ ရောက်တယ်။
❖ အကယ်၍ ဒေါသပြေပြီးတော့ ကုသိုလ်ကောင်းမှုလေး
သတိရလို့ မသေခင်လေးမှာ စိတ်ကလေး
ပြောင်းသွားရင်တော့ လူမသိနိုင်ဘူးပေါ့။
ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို သတ်သေပြီးတော့
လူပြန်ဖြစ်တယ်ဆိုတာ ခုနက ကြားထဲမှာ
အပြောင်းအလွဲလေးတွေ ဖြစ်တတ်တယ်ပေါ့နော်။
❖ အေး၊ အဲဒီလို ပျက်စီးလာပြီဆိုတဲ့အခါ လူမှာ
Depression ဝင်လာတတ်တယ်။
အဲဒီလိုလည်း မဝင်စေနဲ့တဲ့။
❖ “ဘာကြောင့် ပျက်စီးတာတုန်းလို့ အကြောင်း
တရားကို ရှာ။ဘယ်လို ရပ်တည်ရမလဲလို့
အကြောင်းတရားကိုရှာ။”
❖ “အတ္ထဗျာပတ္တိ အဗျထော”- ကိုယ့်ကျိုး
ကိုယ့်စီးပွားတွေ ပျက်စီးဆုံးရှုံးလာတယ်
ဆိုတဲ့အချိန်မှာ မတုန်လှုပ်နဲ့တဲ့။
✦“ဘာကြောင့် ပျက်စီးတာတုန်းလို့
အကြောင်းတရားကိုရှာ။
✦ဘယ်လို ရပ်တည်ရမလဲလို့
အကြောင်းတရားကိုရှာ”တဲ့။
❖ နိုင်ငံခြားတွေမှာ ကုမ္ပဏီကြီးတွေ စီးပွားပျက်ကပ်နဲ့
ကြုံတာရှိတယ်။မိတ်ဆွေသင်္ဂဟတွေနဲ့ အဖြေရှာပြီး
သူတို့ ကုစားကြတာပဲ။ ပံ့ပိုးပေးကြတာ။
Bankcrupt ဖြစ်တော့မယ်ဆိုရင် ဝိုင်းပြီးတော့
Support လုပ်ကြတာ မဟုတ်လား။
လူတွေလည်း ကိုယ့်အချင်းချင်း ပြန်ပြီးတော့
ထိန်းမတ်သွားအောင် ဒီလိုပဲ လမ်းကြောင်းရှာရမယ်။
စိတ်ပျက်နေလို့က အဖြေမပေါ်ဘူး။
❖ တစ်စုံတစ်ခု စီးပွားရေးပျက်သွားရင်….
► လမ်းကြောင်း ပြောင်းမယ်။
► ကိုယ့်စိတ် သက်သာရာ သက်သာကြောင်း
တစ်ခုခု လုပ်မယ်။
► လမ်းမှန်တွေ့အောင် ရှာမယ်။
► အခြေအနေကောင်းတွေကို ဖန်တီးမယ်။
► ဒီတစ်နေရာမှာ စီးပွားမဖြစ်လို့ နောက်
တစ်နေရာမှာ ပြောင်းပြီးတော့ လုပ်မယ်။
► ဒီလုပ်ငန်းမကောင်းလို့ နောက်လုပ်ငန်း
ပြောင်းလုပ်မယ်၊ ဒီလိုပဲ လုပ်သင့်တာပဲ။
✦ ဒါ “ထွက်ပေါက် အစစ်အမှန်” ပဲ။ ✦
❖ အဲဒီလိုမဟုတ်ဘဲနဲ့ စိတ်ဓာတ်တုန်လှုပ်
ခြောက်ခြားပြီးတော့ Depression တွေ ဝင်သွားတာဟာ အဖြေ မဟုတ်ဘူးတဲ့။
အဲဒါကြောင့် မြတ်စွာဘုရားက
❖ “အတ္ထ ဗျာပတ္တိ အဗျထော” –
ရာထူးကျမယ်။စည်းစိမ်ဥစ္စာတွေ
ပျက်စီးမယ်ဆိုရင် - “အဗျထ”
- မတုန်လှုပ်ပါစေနဲ့တဲ့၊
-စိတ်ဓာတ်တွေ မပျက်ပါစေနဲ့တဲ့။
ကိုယ့်ဘာသာကိုယ် ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်နိုင်အောင်
ကြိုးစားပါတဲ့။ဒါကလုပ်ရမယ့်ကိစ္စတွေကို
မြတ်စွာဘုရား ဟောတာ။
❖ အဲဒီတော့ ဒီသုတ္တန်တွေဟာ တစ်နေရာတည်းမှာ
မဟုတ်ဘူး။လောကမှာ လူတွေ လိုက်နာ ကျင့်သုံးဖို့
ဆိုတာ မြတ်စွာဘုရားက စပ်ရာစပ်ရာ ဟိုနားဒီနား
ဟောထားတဲ့သုတ္တန်တွေကို ဘုန်းကြီးတို့ စုပြီးတော့
ဒီနေရာမှာ ဟောပေးတာနော်။
● “ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက် ၆-ပေါက်” ●
❖ နောက်တစ်ခါ သတိထားစရာ အချက်ကလေး
တစ်ခုရှိတယ်။ မြတ်စွာဘုရားက ဖြေဆိုထားတာ။
အဖြေ ထုတ်ထားတာလေး။
ပစ္စည်းဥစ္စာတွေရဲ့ ယိုကျပျက်စီးသွားတတ်တဲ့
ယိုပေါက်ကြီး ၆-ပေါက် ရှိတယ်။
အဲဒီယိုပေါက်ကြီး ၆ - ပေါက်မှာ ကိုယ်ရှာထားတဲ့
ပစ္စည်းဥစ္စာတွေဟာ အကုန်လုံး ပျောက်ပြီးတော့
နောက်ဆုံးမှာ ဆင်းရဲဒုက္ခတွေ ရောက်သွားတယ်။
ဒါတွေဟာ ပုံပြင်တွေ အများကြီး ရှိတာပဲ။
❖ အားလုံး သိကြလိမ့်မယ်။ရန်ကုန်မှာ ချင်းချောင်း
ပဲလေ့စ် Chin Chong Palace ဆိုတာ ရှိတယ်။
ဘုန်းကြီးတို့ တစ်လောတုန်းက ဂျာနယ်တစ်ခုမှာ
ချင်းချောင်း သူဌေးအကြောင်း ဖတ်လိုက်ရတယ်။
နောက်ဆုံးကျတော့ သူက တကယ့်ကို ဆင်းရဲ
ဒုက္ခ ရောက်သွားရှာတယ်။
ကုက္ကိုင်းလမ်းဆုံမှာ တကယ့် နန်းတော်ကြီးလို
ဆောက်ထားတာပဲ။နောက်ဆုံးကျတော့
ပျက်စီးဆုံးရှုံးသွားတာ။
မိဘတွေလက်ထက်က အင်မတန် ချမ်းသာတာ။
ပျက်စီးဆုံးရှုံးသွားတာဟာ အကြောင်းမဲ့တော့
မဟုတ်ဘူး။အကြောင်းတော့ရှိတယ်။
မကျွမ်းကျင်တာတွေရော။မကြိုးစားတာတွေရော
အကုန်လုံးပေါ့။ဒီလို ဖြစ်တတ်တယ်။
★ အဲဒီမှာ မြတ်စွာဘုရား ဟောထားတာကတော့
လောကမှာ စီးပွားရေးပစ္စည်းဥစ္စာတွေရဲ့
ယိုပေါက်ကြီး ၆-ခုဆိုတာ ဘာလဲဆိုတော့
ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့။
မြန်မာတွေကတော့ ပြောကြတယ်။
“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့။
ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။
● (၁)။လူပျင်းနဲ့ဆိုရင်ငွေဟာ အတူမနေဘူး။ ●
● မြတ်စွာဘုရားက ဘာကို ဟောသလဲဆိုရင်-
နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင်
ငွေဟာ အတူမနေဘူးတဲ့။ပျင်းရိလို့ရှိရင် -
ပျင်းတယ်ဆိုတာ ခုနကပြောတဲ့ ပူလွန်းတယ်။
အေးလွန်းတယ်။မိုးချုပ်လွန်းတယ်။
ဆာနေသေးတယ်။မစားရသေးဘူး။
စားပြီးပြီ။ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို
အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို
ပျင်းတယ် လို့ ပြောတာနော်။
အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့
ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။
● (၂)။ “ပမာဒ-အပျော်အပါးတွေဘက်ပဲ
စိတ်ဝင်စားတယ်။”
● နောက် နံပါတ် (၂) ကတော့ ပမာဒ တဲ့။
အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်။
ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး။
လုပ်ငန်းကိုလည်းစိတ်မဝင်စားဘူး။
အပျော်အပါးတွေကို အမြဲတမ်း
စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။
● (၃)။ “လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ
တက်တက်ကြွကြွ မရှိဘူး။”
● နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို
လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး။
ဝတ်ကျေတမ်းကျေပဲ လုပ်တယ်။
ဖြေးဖြေးဆေးဆေးပဲ။၊ slow ပေါ့။
သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို
သွက်သွက် လက်လက် မလုပ်ဘူး။
ပျင်းပျင်းရိရိ လုပ်တယ်။အဲဒီလိုဟာမျိုး
မဖြစ်ရဘူးတဲ့၊ ကြိုးကြိုးစားစား လုပ်ရမယ်။
အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက်
တစ်ခု။
● (၄)။ “ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို
လွှတ်ထားပြီးတော့ ပျော်ပါးခြင်း”
● နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို
လွှတ်ထားပြီးတော့ ပျော်ပါးခြင်း ဟာလည်း ပစ္စည်း
ဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုတဲ့။
● (၅)။ “မစောင့်စည်းခြင်း”
● နံပါတ် (၅) က မစောင့်စည်းခြင်း၊
ကိုယ့်စိတ်ကိုလည်း မစောင့်စည်းဘူး။
ကာယကံ ဝစီကံကိုလည်းမထိန်းသိမ်း
မစောင့်ရှောက်ဘူး။ကိုယ်ကျင့်တရားကိုလည်း
မထိန်းသိမ်း မစောင့်ရှောက်ဘူး။
အဲဒါဟာစီးပွားရေး ယိုပေါက်တစ်ခုပဲ။
● (၆)။ “အအိပ်ကြူးခြင်း”
● နံပါတ် (၆) က အအိပ်ကြူးခြင်း၊
ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ၊ အအိပ်များနေတယ်၊
အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတစ်ခုပဲ။
ခုနကပြောခဲ့တဲ့ “အာလသျ နဲ့ တန္ဒီ” မှာ -
အာလသျ-ပျင်းရိတယ် ဆိုတဲ့နေရာမှာ
ဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး။
တန္ဒီ- ကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကိုရွှေ့တာ။
အမြဲတမ်းအချိန်ကို ရွှေ့ချင်တယ်။
စောသေးတယ်။အချိန်ရွှေ့လိုက်တယ်။
၈-နာရီလောက် အလုပ် လုပ်ရမှာကို မလုပ်သေးပါဘူး။
၉-နာရီမှ လုပ်မယ်။၉-နာရီကျတော့လည်း
၁၀-နာရီကျမှ သွားတော့မယ်။
ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။
★ အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့။
မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့အတူ
မရှိနိုင်ဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်။
အဲဒီလိုဟောတာ တွေဟာ ကိုယ့်အတွက်
ပစ္စုပ္ပန်ဘဝမှာ ကောင်းကျိုးရနိုင်သလို၊
သံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ်။
မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့
ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန်မှာ
ကျင့်ဆောင်ဖို့ အရေးကြီးတယ်။ ။……………………
#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#credit - စာရိုက်ပူဇော်သူ Admin Team of
Young Buddhist Association.
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
#နှစ်သက်သလိုshareပြီးကုသိုလ်ယူနိုင်ပါသည်...
ဓမ္မမိတ်ဆွေများ facebook အသုံးပြုရင်း
ဆရာတော် သံဃာတော်များ
ဟောပြလမ်းညွှန်ထားသော ထေရဝါဒ
တရားတော်များ ပြန့်ပွားစေပြီး ဓမ္မဒါန၊ဓမ္မဒေသနာ
ကုသိုလ်များ ရရှိနိုင်ရန် ရည်ရွယ်ပါသည်။ KL.
Share:

ပြိုင်သင့်တာကို ပြိုင်ပါ ============

 

 ဓမ္မရေချမ်းစင်

မာနတွေ ပြိုင်နေတာလား
ခဏလောက်ရပ်ပြီး
စေတနာချင်း ပြိုင်ကြည့်ပါလား။

အလှတွေ ပြိုင်နေတာလား
ခဏလောက်ရပ်ပြီး
စိတ်ထားချင်း ပြိုင်ကြည့်ပါလား။
ပိုင်ဆိုင်မှူတွေ ပြိုင်နေတာလား
ခဏလောက်ရပ်ပြီး
အေးချမ်းမှူကို ပြိုင်ကြပါလား။
ပညာတွေ ပြိုင်နေတာလား
ခဏလောက်ရပ်ပြီး
လူသားကောင်းကျိုးကို အတူတူလုပ်ကြည့်ပါလား။
ကျော်ကြားမှူတွေ ပြိုင်နေတာလား
ခဏလောက်ရပ်ပြီး
နိုင်ငံ နှင့် အမျိုးဘာသာသာသနာအတွက် ကြိုးစားကြည့်ပါလား။
ဂုဏ်ပကာသနတွေ ပြိုင်နေတာလား
ခဏလောက်ရပ်ပြီး
ဆင်းရဲသားတွေကို ဝိုင်းဝန်းပေးကမ်းကြပါလား။
လောဘတွေ ပြိုင်နေတာလား
ခဏလောက်ရပ်ပြီး
နိမ့်ကျနေသူတွေရဲ့ ဘဝကို မြင်အောင်ကြည့်လိုက်ပါလား။
အမြင်မတူညီမှူတွေကို ငြင်းခုံနေမှာလား
ခဏလောက်ရပ်ပြီး
သူ့အတွေး ကိုယ့်အတွေးကို ညှိကြည့်ပါလား။
အတ္တတွေ ပြိုင်နေတာလား
ခဏလောက်ရပ်ပြီး
ကြားထဲက မြေစာပင်လေးတွေကို သနားကြည့်ပါလား။
မိတ်ဆွေ.....
အားနည်းချက်ရှိနေသူအချင်းချင်း ပြိုင်သင့်တာကိုပြိုင်ပြီး
မပြိုင်သင့်တာကို နှစ်ဦးစလုံးလျော့ချ ညှိနှူိင်းကာ
လောကကို အလှဆင်ကြပါစို့နော်။
လေးစားစွာဖြင့်
ဇင်းနစ် မကွေး credit
Share:

လူလူချင်းဆက်ဆံတဲ့အခါမှာ •~•~•~•~•~•~•~•~•~•~•

အကျင့်သီလ၊ စိတ်နေစိတ်ထားဆိုတဲ့ သူ့ရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီးတော့ ဆက်ဆံတဲ့သူက တဖြေးဖြေး နည်းလာတယ်။ ပစ္စည်းဥစ္စာတို့ ရာထူးတို့ ကျော်ကြားမှုတို့ကို ပိုပြီးတော့ အထင်ကြီးပြီးတော့ ဆက်ဆံတာမျိုး တဖြေးဖြေး များလာတယ်။
အကျင့်သီလ ဘယ်လောက်ကောင်းကောင်း၊ စိတ်ထားဘယ်လောက်ကောင်းကောင်း ဆင်းရဲတယ်ဆိုရင် အထင်သေးတယ်။ အကျင့်သီလဘယ်လောက် ညံ့ညံ့ ချမ်းသာတယ်၊ ရာထူးရှိတယ်၊ ကျော်ကြားတယ်ဆိုရင် အထင်ကြီးတယ်။ အဲဒီလို သဘောထားတွေ ဖြစ်လာတယ်။ လူ့ဂုဏ်သိက္ခာတန်ဖိုးဟာ ကျသွားတယ်။
အဲဒီလို လူ့တန်ဖိုးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ လူ့အသိုင်းအဝိုင်းမှာ လူတွေဟာ စိတ်အေးအေးချမ်းချမ်း မနေနိုင်ဘူး။ ဟန်လုပ်ပြီး ဆက်ဆံနေရတဲ့ လူ့အသိုင်းအဝိုင်းမှာ အဖော်စစ်ဆိုတာလည်း ဘယ်မှာ ရှိနိုင်တော့မလဲ။
#အပြောနဲ့အလုပ်
အခုခေတ်ဖြစ်နေတာတွေမှာ နာတာရှည် စိတ်ရောဂါဟာ ဘာလုပ်ရမှန်း မသိတာပဲ။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ သူတို့ရဲ့ values တွေသူတို့ ဘာကိုတန်ဖိုးထားတယ်ဆိုတာတွေဟာ မပီပြင်ဘူး။ ရှုပ်ထွေးနေတယ်။ ပြီးတော့ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အများအကျိုး ဆောင်ရွက်တာ ကောင်းတယ်လို့ တစ်ဖက်က စဉ်းစားပြီးတော့၊ လက်ခံပြီးတော့ ငါတစ်ကိုယ်တည်း ကောင်းစားဖို့က အရေားကြီးဆုံးလို့ ယူဆချင်လည်း ယူဆနေတယ်။ ရိုးသားမှုဟာ အရေးကြီးတယ်လို့ သိပေမယ့် အများမရိုးသားလို့ ငါလည်းရိုးရိုးသားသား လုပ်လို့မရဘူးလို့ တွေးတယ်။ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ သူ့စိတ်ထဲမှာ ခိုင်မာတဲ့ ခိုင်မြဲတဲ့ သဘောထား ခံယူချက် မရှိဘူး။ Here I stand လို့မပြောနိုင်ဘူး။
လူတစ်ယောက်ရဲ့ အတွင်းအင်အား၊ ကိုယ့်ကျင့်သိက္ခာ၊ အတွင်းမှာဘယ်လောက် အားကောင်းနေလဲဆိုတာ ဘယ်အပေါ်မှာ မူတည်နေလဲဆိုတော့ သူနေ့စဉ်ကျင့်သုံးနေတဲ့ တန်ဖိုးထားမှုတွေပေါ်မှာ မူတည်တယ်။ သူဘယ်လောက်ယုံကြည်သလဲ ဆိုတာပေါ်မှာ မူတည်တယ်။
ငါဘာကိုတန်ဖိုးထားပြီး နေသွားနေသလဲ?
ငါတန်ဖိုးထားတာပေါ်မှာ ဘယ်လောက်ယုံကြည်နေသလဲ?
ငါ့ယုံကြည်မှု ဘယ်လောက် ခိုင်မာသလဲ?
အဲဒါတွေပေါ်မူတည်ပြီးတော့ ငါ့စိတ်ဓါတ်အင်အား၊ ငါ့ကိုယ်ကျင့်တရား ဆိုတာတွေ ဖြစ်လာတာ။
တစ်ချို့လူတွေဟာ အပေါ်ယံမှာတော့ တစ်ခုခုကို တန်ဖိုးထားပါတယ်ဆိုတဲ့ အမူအရာမျိုးတွေနဲ့ နေသွားနေတာ တွေ့ရပါတယ်။ ဘာသာတရားကိုင်းရှိုင်းပါတယ်လို့ ဆိုပေမယ့် သူနေစဉ် နေသွားတာကို ကြည့်တဲ့အခါ သူကိုင်းရှိုင်းပါတယ်ဆိုတဲ့ ဘာသာတရားနဲ့ သူနေသွားတာနဲ့ တခြားစီပဲ။
အများအကျိုးဆောင်ရွက်နေပါတယ် ပြောပေမယ့် သူတစ်ကယ်နေသွားတာကို ကြည့်ပါ။ သူ့အပြောနဲ့ သူ့အလုပ်ညီရဲ့လား။ အတွင်းစိတ်ထားနဲ့ အပြောနဲ့အလုပ်နဲ့ တစ်ထပ်တည်း ဖြစ်လာရင် စိတ်ဓါတ်အင်အား အများဆုံးထွက်လာတယ်။
#ဆက်ပြီးတော့_ညာမနေပါနဲ့
အရေးကြီးတဲ့အချက်က ကိုယ့်ကိုကိုယ် မညာဖို့။ လူတွေဟာ ကိုယ့်ဘဝရဲ့ တကယ်အဓိပ္မါယ်မရှိတာ အနှစ်သာရမရှိတာကို ကိုယ့်ဟာကိုယ် ရိုးရိုးသားသား ကြည့်ဖို့လက်ခံဖို့ အင်မတန် ကြောက်တယ်။ ကြောက်တော့ ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ ညာနေကြတယ်။ ငါ့မှာ ပစ္စည်းဥစ္စာရှိတယ်၊ အိမ်ရှိတယ်၊ ကားရှိတယ်၊ ဘွဲ့ရှိတယ်၊ ရာထူးရှိတယ်၊ ဒါကြောင့် ငါ့ဘ၀ဟာ အဓိပ္ပာယ်ရှိတယ်၊ အနှစ်သာရရှိတယ်။ ဒီလို ပစ္စည်းဥစ္စာ ရာထူးတွေအကုန်လုံးပြည့်စုံတဲ့အတွက်ကြောင့် ငါ့ကို လူတွေက ချစ်ခင်ကြတယ်၊ လေးစားကြတယ်လို့ ထင်နေကြတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ညာပေးနေကြတာနဲ့ တူနေတယ်။
ပစ္စည်းဥစ္စာကြောင့် ရာထူးကြောင့် ဘွဲ့ကြောင့် ကိုယ့်ကို ချစ်တယ် လေးစားတယ်ဆိုရင် အဲဒါ ချစ်တာလည်းမဟုတ်ဘူး၊ လေးစားတာလဲမဟုတ်ဘူး။ အဲဒါ အတုတွေ။ သူများကလည်း ကိုယ့်ကိုအောင်မြင်နေတယ်၊ အဆင်ပြေနေတယ်၊ ကျေနပ်စရာကောင်းပါတယ်လို့ထင်အောင် ညာပေးနေတယ်။ တစ်ကယ်တော့ တစ်ယောက်ထဲ ကိုယ့်ဘ၀ကိုကိုယ် ထိုင်စဉ်းစားလိုက်မယ်ဆိုရင် ပေါလောကြီးပေါ်နိုင်ပါတယ်။ ငါ့မှာ ဘာတွေရှိနေရှိနေ တစ်ကယ်တော့ ငါ့ဘ၀ဟာ အဓိပ္ပာယ်မရှိနိုင်ပါဘူး။ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ရှိနေရှိနေ ငါ့မှာ တစ်ကယ်တော့ အဖော်မရှိဘူးဆိုတာ သိနိုင်ပါတယ်။ အဓိပ္ပာယ်မရှိဘူးဆိုတာ သိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဆက်ပြီးတော့ မလိမ်ဖို့၊မညာဖို့ အရေးကြီးပါတယ်။
ကိုယ့်ဘ၀မှာ တစ်ကယ် empty ဖြစ်နေတာ၊ အဓိပ္ပာယ်မရှိ ဖြစ်နေတာ၊ ကိုယ့်ဘ၀ကြီးဟာ တစ်ကယ်တော့ ပျင်းစရာ ကောင်းနေတာ၊ ကျေနပ်စရာမရှိတာကို လက်ခံရမှာ တော်တော်ခက်နေတယ်။ လက်ခံရမှာကို အင်မတန် ကြောက်တယ်။ အဲဒီတော့ ခဏဖြစ်ဖြစ် သက်သာအောင်ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုညာနေကြတယ်။ ကိုယ့်ပတ်ဝန်းကလည်း ကိုယ့်ကို ညာပေးနေတယ်။ နင့်ဘ၀ဟာ သိပ်ဟုတ်နေတာ၊ သိပ်အဆင်ပြေနေတာ၊ သိပ်ကျေနပ်စရာကောင်းနေတာဆိုပြီး ၀ိုင်းညာပေးနေတာကို ကိုယ့်ကလည်း ယုံချင်နေတော့ ယုံလိုက်တာပဲ။
အဲဒီလို ကိုယ့်ကို သူများက ညာတာကိုလည်း အညာမခံဖို့၊ ကိုယ့်ကိုယ်ကိုလည်း မညာဖို့နဲ့ ကိုယ့်ကလည်းသူများကိုမညာဖို့ အင်မတန်အရေးကြီးပါတယ်။ ဒီလိုဆက်ပြီးတော့ ညာနေသေးသ၍ တစ်ကယ်အဓိပ္ပာယ်ရှိတဲ့ဘ၀၊ အနှစ်သာရရှိတဲ့ဘ၀၊ တစ်ကယ်ကျေနပ်စရာကောင်းတဲ့ ဘ၀ကို ရဖို့ မဖြစ်နိုင်တော့ဘူး။
ဒါကြောင့် အမှန်ကို ရိုးရိုးသားသားပဲ လက်ခံလိုက်ဖို့ လိုတယ်။ လက်ခံပြီးနောက် ကိုယ့်ဘ၀ကို တစ်ကယ်အဓိပ္ပာယ်အနှစ်သာရ ရှိစေမယ့် အရာဟာ ဘာလဲဆိုတာကို သိအောင်လုပ်ရမယ်။ ခိုင်မာတဲ့၊ လေးနက်တဲ့၊ ရင့်ကျက်တဲ့၊ မြင့်မြတ်တဲ့ value၊ တန်ဖိုးထားစရာ ရှိမှဖြစ်မယ်။ တစ်ကယ်အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေကို၊ မိမိအတွက် ရေရှည် တစ်ကယ်အကျိုးရှိတဲ့၊ အများအတွက်လည်း ရေရှည် တစ်ကယ်အကျိုးရှိတဲ့ အလုပ်တွေကို လုပ်နေဖို့လိုပါတယ်။
လူအများနဲ့ဆက်ဆံတဲ့အခါမှာလည်းပဲ တစ်ယောက်ကိုတစ်ယောက် မြှောက်ပင့်ပြီးတော့ ညာနေတဲ့ဆက်ဆံရေးမျိုး ဆက်ပြီးတော့ မလုပ်တော့ပဲနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်လာအောင် ကြိုးစားပြီး တည်ဆောက်ဖို့လိုတယ်၊
ကိုယ့်ကိုယ်ကိုကိုယ် တစ်ကယ်တော့ အောင်အောင်မြင်မြင်ကြီး ညာလို့မရနိုင်ဘူးဆိုတာကို အမှန်တိုင်း လက်ခံနိုင်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုကိုယ် တစ်ကယ် အလေးထားလိုက်ပြီဆိုရင် (ကိုယ့်ကိုယ်ကို ညာတယ်ဆိုတာ အမှန်တော့ ကိုယ့်ကိုကို ညာလို့ရတဲ့လူလို့ ထင်နေတာပဲ၊ ကိုယ့်ကိုယ်ကို ဘာမှမသိတဲ့ ညာလို့ရတဲ့ ကလေးလို့ သဘောထားနေတာပဲ) “ ငါ့ကိုယ်ငါ ညာလို့မရဘူး “ ဆိုပြီးတော့ ကိုယ့်ကိုယ်ကို တစ်ကယ် seriously လက်ခံလာပြီဆိုရင် ကိုယ့်ဘ၀ ပိုပြီးအဓိပ္ပာယ်ရှိလာအောင်၊ ပြန်ပြီးတော့ အဓိပ္ပာယ်ရှိလာအောင်၊ နာလံထူလာအောင်၊ ကိုယ့်ရဲ့စိတ်ဆင်းရဲမှုတွေ ကိုယ့်ရဲ့သောကတွေ လွန်မြောက်သွားလာအောင် လုပ်ပေးနိုင်တဲ့ အင်အားတွေ စွမ်းရည်တွေကို ကိုယ့်စိတ်ထဲမှာပဲ ပြန်တွေ့လာမှာ ဧကန်မုချပဲ။
ဒီအချက်ကို အင်မတန် လေးလေးနက်နက် သဘောပေါက်ဖို့ လက်ခံဖို့ လိုတယ်။ ဆက်ပြီးတော့ ညာမနေပါနဲ့။ အမှန်တရားကို အမှန်တိုင်း လက်ခံလိုက်ပါ။
ကိုယ့်အင်အားဟာ ကိုယ့်အတွင်းကနေ ထွက်လာပြီဆိုရင် အဲဒီအင်အားဟာ တမျှင်းမျှင်းနဲ့ ထွက်နေအုံးမယ်၊ ခမ်းမသွားဘူး။ ရေကန်ထဲမှာရေထည့်ပြီး ခပ်သုံးနေရင် တဖြေးဖြေး လျော့သွားမယ်၊ ကုန်သွားမယ်။ မြေကြီးအောက်က ရေကြောထိ ရောက်အောင် တူးထားတဲ့ တွင်းရေကို ခပ်သုံးနေမယ်ဆိုရင် ဘယ်လောက်သုံးသုံး ဘယ်တော့မှ မခမ်းဘူး။
ကိုယ့်ရင်ထဲမှာပဲ အင်အားတွေရဲ့ပင်းရင်းဌာနကို ရှာရမယ်၊ ကိုယ့်ရဲ့အကျင့်သီလ၊ အကျင့်သိက္ခာ၊ ကိုယ့်ရဲ့ရိုးသားမှုရဲ့ ပင်းရင်းဌာနကို ကိုယ့်ရဲ့ရင်ထဲမှာပဲ ရှာရမယ်။
တန်ဖိုးထားစရာရဲ့ပင်ရင်းကို ကိုယ့်ရင်ထဲမှာပဲ ရှာရမယ်။ အဲသလို တန်ဖိုးထားစရာတွေကို ကိုယ်ကလည်း အသိအမှတ်ပြုရမယ်။ ကိုယ့်ရဲ့အသိုင်းအ၀ိုင်းထဲမှာ ရှိနေတဲ့ value တွေကိုလည်းပဲ သေသေချာချာ သိအောင်လုပ်ရမယ်။ တန်ဖိုးထားစရာတွေကို အသိအမှတ်ပြုရမယ်။
တန်ဖိုးထားစရာတွေကို တန်ဖိုးထားနိုင်တဲ့စွမ်းရည် ကိုယ့်မှာရှိမှသာ အဲဒီတန်ဖိုးထားစရာဟာ တစ်ကယ်ထိရောက်တယ်လို့ ပြောလို့ရတယ်။ ကိုယ့်ကတန်ဖိုးထားတက်တဲ့သူဖြစ်မှ တန်ဖိုးထားနိုင်တဲ့စိတ်ထားရှိမှ ကိုယ်တန်ဖိုးထားတဲ့အရာက ကိုယ့်ကိုအားရှိစေမယ်။ ကိုယ်ကတန်ဖိုးထားမှ သူ့ဆီက energy ကိုကိုယ်ရမယ်။
တန်ဖိုးထားစရာကို ကိုယ်ကပဲ သေသေချာချာ ရွေးချယ်ဖို့၊ တန်ဖိုးထားဖို့၊ အဲဒီတန်ဖိုးထားစရာတွေကို နေ့စဉ် ကျင့်သုံးနေဖို့ အဲဒါ အရေးကြီးတဲ့အချက်ဖြစ်တယ်။သူများ ရွေးပေးလို့ မရဘူး။ ကိုယ်တိုင်ရွေးရမယ်။
ကိုယ့်ဘ၀ကိုကိုယ် တစ်ကယ်နှစ်နှစ်ကာကာ ကျေနပ်မှုရချင်ရင်ရနူိုင်ဖို့ တစ်နည်းပဲရှိတယ်။ အဲဒီနည်းက ကိုယ်ဘာကို နှစ်နှစ်ကာကာ တန်ဖိုးထားသလဲ၊ ကိုယ်တန်ဖိုးအထားဆုံးအရာဟာ ဘာလဲဆိုတာကို သိအောင်လုပ်ပြီးတော့ နေ့တိုင်း ကိုယ်တန်ဖိုးထားတာကို အကောင်အထည်ဖော်ရင်း နေသွားတာပဲ။
တန်ဖိုးထားစရာကို ပြတ်ပြတ်သားသား ရွေးချယ်ပြီးတော့ စိတ်ပါလက်ပါ ကျင့်သုံးလိုက်ခြင်းအားဖြင့် ပိုပြီးတော့ ကျေနပ်စရာကောင်းတဲ့ ထိရောက်တဲ့ လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုကို တစ်ဦးချင်းက တည်ဆောက်နိုင်လာလိမ့်မယ်။ အဲဒီလို တည်ဆောက်လာနိုင်မှသာ အခုလို အင်မတန် မအေးချမ်းတဲ့ (သောက) ခေတ်ကာလကြီးကို ကျော်လွှားနိုင်မယ်။
#သေခါနီးမှာမေးမယ်ဆိုရင်
ကိုယ့်စိတ်ကို ကိုယ်အမှန်အတိုင်း တကယ်သိတဲ့အချိန်ကျမှပဲ ဒီ Ethical awareness (ကိုယ်ကျင့်တရားကိုနားလည်သဘောပေါက်လာမှု) ဆိုတဲ့မှားတယ်၊ မှန်တယ်၊ ကောင်းတယ်၊ ဆိုးတယ်၊ သင့်တော်တယ်၊ မသင့်တော်ဘူး၊ ရိုးသားတယ်၊ မရိုးသားဘူးဆိုတာကို တိတိကျကျ သိနိုင်တဲ့အသိကို ရနိုင်တယ်။
ဒါကြောင့် ဒီကိုယ့်စိတ်ကို ကိုယ်သိနေတဲ့အကျင့်ကို လေ့ကျင့်ပြီးတော့ ကိုယ့်စိတ်ကို ပိုပိုသိလာတဲ့လူတွေက “တစ်ခါတစ်လေ ကိုယ့်အကြောင်းကို ကိုယ်အမှန်အတိုင်း သိရတာ မသက်သာဘူး” လို့ပြောကြတယ်။ ဒါပေမယ့် အဲဒီမသက်သာတာကိုပဲ လုပ်မှရမယ်။ သက်သာတာကို လုပ်နေသရွေ့ကတော့ ကိုယ့်ဘဝဟာ တကယ်အသက်ဝင်မှာ မဟုတ်ဘူး။ တကယ်ကျေနပ်မှု ရမှာမဟုတ်ဘူး။ သက်သာအောင်နေတာဟာ တကယ်မသက်သာပါဘူး။
နောက်ဆုံး သေခါနီးပြီဆိုပါတော့၊ နာရီပိုင်းအတွင်းသေတော့မယ်၊ မိနစ်ပိုင်းအတွင်းသေတော့မယ်၊ အဲဒါကိုလည်း သိနေတယ် ဆိုပါတော့၊ ငါတစ်သက်လုံး လုပ်ခဲ့တာတွေဟာ ဘာအဖတ်တင်သလဲလို့မေးရင် ဘယ်လိုအဖြေထွက်မှာလဲ။ သိရက်နဲ့ မရိုးသားတာတွေ မမှန်တာတွေ ငါလုပ်ခဲ့တာက တကယ်ရော အကျိုးရှိရဲ့လား။ ဘယ်သူ့အတွက် တကယ်အကျိုးရှိသလဲ။ အဲဒီလိုအချိန်မှာ မေးမယ်ဆိုရင် ဘယ်လိုအဖြေများ ထွက်မလဲ..?
#ဆရာတော်ဦးဇောတိက
(ဆရာတော်ဦးဇောတိက၏ “ဘာကို တန်ဖိုးထားရမလဲ” စာအုပ်မှ ကောက်နှုတ် ရေးသားချက် ဖြစ်ပါသည်)
ဓမ္မဒါနပြုတင်ထားပါသဖြင့် မည်သူမဆို မည်သည့်တရားပို့စ်ကိုမဆို လွတ်လပ်စွာ ကူးယူမျှဝေ ထပ်ဆင့် ဓမ္မဒါန ပြုနိုင်ပါသည်။
အားလုံး စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ အသိပညာတိုးပွားပြီး တရားထူးရဖို့
အထောက်အပံ့ ကိုယ်စီဖြစ်ပါစေရှင်..
credit : #ပီတ်ဖြူ acc










Image may contain: one or more people, people standing, sky, ocean, outdoor and nature
Share:

Sunday, 22 January 2017

အတွေးအခေါ်နှင့် အတွေ့အကြုံ ====================











 Image result for ဘုရားပုံတော်
 ဓမ္မနဒီ
တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းတူဖို့လည်းမလွယ်၊ တူတယ်ဆိုတာမျိုးကလည်း အလွန်ရှားပါတယ်။ စိတ်ချင်းတူဖို့ ဆိုတာက ပိုပြီးတော့မလွယ်ဘူး။ မဖြစ်နိုင်ကြပါဘူး။ လူတူမရှားနာမည့်တူမရှား ဆိုတာကလည်း ခေတ်အ ဆက်ဆက်ကို ပြောတာပါပဲ။ အားလုံးမတူနိုင်ပါဘူး။ နာမည်ဆိုရင်လည်း အခေါ်အဝေါ်အသုံးအနှုန်းသာ တူရင်တူမယ်။ စိတ်ချင်းတော့ ဘယ်လိုမှမတူနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တူဖို့နေနေသာသာ ကိုယ်တစ်ယောက်တည်းကိုပဲ တစ်စိတ်နဲ့တစ်စိတ်မတူပါပဲ။ တစ်ရက်နဲ့တစ်ရက် မတူပါဘူး။ တစ်ချိန်နဲ့ တစ်ချိန်မတူပါဘူး။ အမြဲပြောင်းလဲနေတာပါပဲ။စိတ်ကတော့ ခုတစ်မျိုး ခုတစ်မျိုး ပြောင်းနေတာပါပဲ။ လူပြောင်းတာက မသိသာပေမယ့် ပြောင်းလဲတာကတော့ အမှန်ပါပဲ။
စိတ်ပြောင်းတာကတော့ မကောင်းတာကနေ ကောင်းတာကို ပြောင်းနိုင်တယ်။ ကောင်းတာကနေ မကောင်းတာကို ပြောင်း နိုင်တယ်။ မကောင်းတာတွေလည်း ဆက်ကာဆက်ကာ ပြောင်းနေနိုင်တယ်။ ကောင်းတာတွေချည်းပဲလည်း ဆက်ကာ ဆက်ကာ ပြောင်းနေနိုင်တာပဲ။ ဒါ သဘာဝဓမ္မ သဘောတရားအမှန်ပါပဲ။ တစ်ချို့ ဒီပြောင်းလဲမှုသဘောတရားကို သဘော မပေါက်ကြဘူး။ နားမလည်ကြဘူး။ မသိကြဘူး။ တစ်ချို့ကတော့ ဒီပြောင်းလဲမှု သဘောတရားကို သိရှိနားလည်သဘော ပေါက်ကြတယ်။ ဒါပေမယ့် ပေလယျကန် မသိကျိုးကျွန်ပြုနေကြတယ်။ ကောင်းနေတဲ့ စိတ်ဓာတ်ကို ကောင်းသထက် ကောင်းအောင်၊ ဒါမှမဟုတ် မကောင်းတဲ့ဘက်ကို မြားဦးလှည့်မသွားအောင် အသိရှိရှိ သတိရှိရှိနဲ့ ကြိုးစားနေကြတဲ့ တချို့ တချို့တွေလည်း ရှိနေကြပါသေးတယ်။
အခုလိုပြောပေးရတာက ဒီပြောင်းလဲမှုသဘောတရား ရှိတယ်ဆိုတာကို မသိတဲ့သူတွေသိဖို့၊ လက်ခံလာဖို့၊ မသိကျိုးကျွန် ပြုနေသူတွေကို သတိပေးဖို့၊ သိရှိနားလည် သဘောပေါက်ပြီးသူတွေကို ဆက်လက်ကြိုးစားအားပေးချင်လို့လို့ ထင်ကြပါ လိမ့်မယ်။ မဟုတ်ပါဘူး။ သူသိသလို ကိုယ်မသိတာတွေလည်း ရှိနေသလို၊ ကိုယ်သိသလို သူမသိတာတွေလည်း ရှိနေလေ တော့ ကိုယ်သိသလောက်၊ သိနိုင်သလောက်ကိုယ်သိပြီး၊ သူကလည်း သူသိသလောက်၊ သူသိနိုင်သလောက် သူလည်းသိ မှာပါပဲ။ ဒါကလည်း သဘာဝပါ။ အရွယ် ချင်းမတူရင် အသိချင်းမတူဘူးလေ။ အရွယ်မတူတော့ ပတ်ဝန်းကျင်လည်း မတူ ဘူး။ အသိတရားဆိုတာ အသက်အရွယ်နဲ့လည်းဆိုင်တယ်၊ ပတ်ဝန်းကျင်နဲ့လည်းဆိုင်တယ်။ တစ်ခြားအကြောင်းအရာတွေ အများကြီးနဲ့လည်း ဆိုင်ပါတယ်။ ဒီသဘောကိုတော့ မိဘတွေဘက်က အများကြီးနားလည်းစေချင်ပါတယ်။
မိဘတွေဆိုတာ သားသမီးတွေကို ကိုယ့်လိုဖြစ်စေချင်တယ်။ ကိုယ်အဆင်ပြေနေရင်ပေါ့လေ။ ဒါမှမဟုတ် ကိုယ့်ထက်သာ စေချင်တယ်။ ဒါကမိဘတိုင်းရဲ့စေတနာလို့ ပြောရမှာပေါ့။ဒါပေမယ့် တစ်ချို့မိဘတွေက အရွယ်ချင်းမတူ၊ အရွယ်မရောက် သေးတာကိုမေ့ပြီး၊ မွေးကင်းစနီတာရဲလေးကို လမ်းထလျှောက်စေချင်နေတတ်တယ်။လမ်းလျှောက်တတ်ခါစကလေးကို အထုပ်ထမ်းခိုင်းချင်နေကြတယ်။ အရွယ်ကိုထည်ပြီး စဉ်းစားနေမှုတွေ အားနည်းနေသေးလို့ပါပဲ။ မိဘတွေရဲ့အားနည်းချက် တွေကြောင့် မိဘရဲ့စေတနာ၊ မိဘရဲ့မေတ္တာကို နားမလည်တတ်သေးတဲ့ သားသမီးတွေအတွက်ကတော့ မိဘစကားကို လက်မခံနိုင်တဲ့ အဆင့်ကိုရောက်ကုန်တာပေါ့။ မိဘစကား၊ မိဘရဲ့ညွှန်ပြချက်၊ မိဘရဲ့အပြုအမှုတွေကို အရွဲ့တိုက်ချင်တာ တွေ ပေါက်ဖွားလာကြာတော့တာပေါ့။
ဒါတွေကို မိဘတွေကကြိုတင်သိထားရင် အလွဲစေတနာ၊ အချိန်မတန်သေးတဲ့ မေတ္တာမျိုးတွေ မဖြစ်နိုင်တော့သလို၊ အရွဲ့တိုက်တဲ့ သားသမီးဆိုတာမျိုးလည်း ဘယ်တော့မှ မပေါ်ပေါက်လာနိုင်ပါဘူး။ သားသမီးတွေကလည်း ကိုယ့်ရဲ့နား လည်မှုရှိသလောက် အသိဉာဏ်နဲ့ မိဘတွေရဲ့ လွဲနေတဲ့စေတနာကို အချိန်မတန်သေးပေမဲ့ ပေါ်ထွက်လာမြဲဖြစ်တဲ့ မေတ္တာ ဓာတ်တွေကို နားလည်မှုပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အသက်( ၂၀ ) အရွယ်ရောက်ခဲ့ရင် မြေမှုန့်တွေထဲမှာ အိုးပုတ်ချိုးရုပ်တွေနဲ့ မကစားတော့တာဟာ အရွယ်ပြောင်းလာလို့ အသိပြောင်းလာတဲ့ နိယာမသဘောတရားပါပဲ။ အသက်(၄၀) (၅၀) အရွယ်ရောက်ရင် အသက်(၂၀) အရွယ်ကလို မပြော တော့တာ မလုပ်တော့တာ၊ မတွေးတော့တာတွေဟာလည်း အရွယ်ပြောင်းလို့ အသိပြောင်းလာတဲ့သဘောတွေပါပဲ။ ဒါပေမယ့် တစ်ချို့ဆိုရင် အသက်(၈၀) သာရှိနေပြီ လူငယ်လေးတွေလိုပဲနေချင်ပြီး၊ ကလေးစိတ်မကုန်သေးတာတွေ့ရတော့ အသိဉာဏ်မရင့်ကျက်သေး၊ မဖွံ့ဖြိုးသေးတဲ့ အားနည်းချက်ကို စိတ်မကောင်းဖြစ်မိတာပေါ့။ ဒါလည်း သူ့အသိနဲ့ သူပေါ့လေ။
တစ်ချို့ဆိုရင် လူအရွယ်ငယ်သေးပေမယ့် အသိဉာဏ်အရွယ်မငယ်တော့ဘဲ ရင့်ကျက်နေတာတွေကို တွေ့တတ်သေး တယ်။ ရှားပါးပစ္စည်းလို့ပဲပြောရမလား။ တန်ဖိုးအလွန်ကြီးမားပါတယ်။ အဲ့ဒိလိုသားသမီးတွေရဲ့ မိဘမျိုးဖြစ်ရတာ ဘယ် လောက်များစိတ်ချမ်းသာလိုက်မလဲ၊ ဆွေမျိုးအသိုင်းအ၀ိုင်းပရိတ်သတ် ဘယ်လောက်များ ၀မ်းသာလိုက်မလဲ။ ဟုတ်တယ် လေ ... အဲ့ဒိရှားပါးပစ္စည်းသဖွယ် သားတွေသမီးတွေ ဖြစ်လာဖို့ကိုလည်း ရွယ်ပြောင်းလဲလိုက်တဲ့ လူအရွယ်ထက် စိတ် ကောင်းပြောင်းလာနိုင်ဖို့၊ အသိဉာဏ်အရွယ်ရင့်သန်စေဖို့၊ စိတ်ပြောင်းရမယ်ဆိုတဲ့အသိကရှိဖို့က အရေးကြီးတာကိုး။ ဒီအ ရွယ်ရောက်မှ ဒီအသိရတယ်ဆိုတာထက်၊ ဒီအရွယ်မရောက်ခင်ကတည်းများ အဲ့ဒိအသိမျိုးတွေ ရှိထားရင် ဘယ်လောက် ကောင်းလိုက်မလဲ။
အမြင်လည်းရှင်း၊ စိတ်လည်းရှင်း၊ နှလုံးသွင်းမှန်ပါစေ။
ဓမ္မဒူတ အရှင်ဆေကိန္ဒ
ဓမ္မဒါန စိရံတိဋ္ဌတုသဒ္ဓမ္မော သဒ္ဓမ္မော- မွေးသေလွတ်သော သူတော်ကောင်းတရားသည်၊ စိရံ-ကြာမြင့်စွာသောကာလပတ် လုံး၊ တိဋ္ဌတု- တည်ပါစေသတည်း။
ရတနာဝါသဘုရားကျောင်းဆိုဒ်မှတဆင့်
MS
Share:

အချစ်ယာဂု၊ ငရုတ်သီးစပ်သည်

 
 Image may contain: 3 people, people standing

 သီဟိုဠ်ကျွန်းမှာ ဒုဋ္ဌဂါမဏိမင်းရဲ့ ငရုတ်သီးတစ်
တောင့်ကျောင်း ရေစက်ချပွဲဟာ သမိုင်းတွင်ရစ်
အောင် စည်ကားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ငရုတ်သီးတစ်ထောင့်ကျောင်း ရေစက်ချပွဲ
မှာ ရဟန်းတော် တစ်သိန်း၊ ဘိက္ခုနီမ ကိုးသောင်း
ပင့်ပြီး လှူဖွယ်ဝတ္ထုများစွာနဲ့  အကြီးအကျယ် ပေး
လှူခဲ့ပါတယ်။ အဲဒီအလှူမှာပဲ ဆုံခဲ့ကြသူနှစ်ဦးရဲ့
စိတ်ဝင်စားစရာ တစ်ခုအဖြစ် ပူးတွဲ သမိုင်းတွင်
ကျန်ရစ်ခဲ့ပါတယ်။
ဒုဋ္ဌဂါမဏိမင်းကြီးဟာ သိတတ်တဲ့အရွယ်ကစပြီး
စားဦးကိုမလှူဘဲ ထမင်းစားလေ့ မရှိပါဘူး။ ဒီလိုနဲ့
တစ်နေ့တောထဲမှာ စစ်တိုက်ရင်း ပွဲတော်တည်တဲ့
အခါ စားဦးကိုမလှူရသေးဘဲ ငရုတ်သီးတစ်ထောင့်
ကိုအမှတ်တမဲ့ စားလိုက်မိပါသတဲ့.။ ဒုဋ္ဌဂါမဏိမင်း
ကြီးက ဒီအမှတ်တမဲ့ စားလိုက်မိတာလေးကိုပဲ
သတိတရ ရှိနေခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးလို့ တိုင်း
ပြည်အေးချမ်းတဲ့အခါ ငရုတ်သီး တစ်ထောင့် စား
လိုက်မိတာလေးကိုကိုယ့်ကိုယ်ကိုဒဏ်ခတ်တဲ့အနေ
နဲ့ ကျောင်းတိုက်ကြီးတစ်တိုက် ဆောက်လုပ်လှူဒါန်း
ပါတယ်။ ကျောင်းတိုက်အမည်ကိုလဲ ငရုတ်သီးတစ်
တောင့်ကျောင်းလို့ အမည်ပေးထားပါတယ်။
အဲဒီငရုတ်သီးတစ်တောင့်ကျောင်းတိုက်ရေစက်ချပွဲ
မှာ ခုနှစ်နှစ်အရွယ် ကိုရင်ကလေးတစ်ပါးဟာ ယာဂု
ပူပူတွေကို သပိတ်နဲ့အပြည့် ခံယူလာပါတယ်။ ယာဂု
ကပူတော့ သပိတ်ကို သင်္ကန်းစွန်းကလေးနဲ့ ခုကိုင်
လိုက်၊ မကိုင်နိုင်လောက်အောင် ပူလာနတဲ့ အခါကျ
တော့ မြေကြီးပေါ် ချထားလိုက်၊ တစ်ခါ သင်္ကန်းစွန်း
ကလေးနဲ့ကိုင်ပြီး ရှေ့ဆက် ကြွလိုက်၊ ပူလာတဲ့အခါ
ကျတော့ မြေကြီးပေါ် ခဏချလိုက်နဲ့ဖြစ်နေပါတယ်။
ကိုရင်လေးဖြစ်နေပုံကို ခပ်လှမ်းလှမ်းက ကိုရင်လေးနဲ့
သက်တူရွယ်တူ ခုနှစ်နှစ်အရွယ် သာမဏေမလေးက
မြင်သွားပါတယ်။ ဒါကြောင့်ကိုရင်လေးဆီသွားပြီး
ကိုရင် ပူနေရင် တပည့်တော်ရဲ့ ဒီခံခွက်ကလေးနဲ့
သပိတ်အောက်က ခံကိုင်သွားပါဘုရား၊ ပြီးတော့ ဒီခံ
ခွက်ကလေးကို ကိုရင့်ကိုအပြီးလှူလိုက်ပါတယ်ဘုရား
လို့ပြောပြီး ကိုရင်လေးရဲ့ အခက်အခဲကို ဖြေရှင်းပေး
လိုက်ပါတယ်။ ကိုရင်လေးကလည်း ကျေးဇူးတင်ပါ
တယ်ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်ပါသတဲ့။
ဒီလိုနဲ့ နှစ်ကာလတွေ ကြာသွားရောဆိုပါတော့၊
အဲဒီကြားကာလမှာ ဗြဟ္မဏတိဿ သူပုန်ကြီးက ၁၂
နှစ်တိုင်တိုင် ထအုပ်ချုပ်လိုက်ပါတယ်။ ဒီတော့ပြည်သူ
တွေ ငတ်မွတ်ဆင်းရဲ၊ ရဟန်းသံဃာတွေလည်း အတိ
ဒုက္ခရောက်၊ တချို့ကျတော့ အိန္ဒိယဘက် ထွက်ပြေး
ကြပါတယ်။ တချို့ရဟန်းတော်တွေကျတော့ တောထဲ
ရှောင်ပြေး ပိဋကတ်စာကို ခက်ခက်ခဲခဲ ဆောင်ယူခဲ့ကြ
ပါတယ်။
အဲဒီအချိန်မှာ ယာဂုပူပူကို သပိတ်နဲ့ယူခဲ့တဲ့ကိုရင်
ကလေးဟာ သက်တော် ၈၀ ၊ ၀ါတော် ၆၀ရ ဆရာ
တော်ကြီး ဖြစ်နေသလို ခံခွက်ကလေး လှူခဲ့တဲ့ သာမ
ဏေမလေးဟာလည်း သက်တော် ၈၀ရ ဘိက္ခုနီမကြီး
ဖြစ်နေပါပြီ။
အိန္ဒိယကို အစောဆုံး စစ်တိမ်းရှောင်သူတွေထဲမှာ
စောစောက ဘိက္ခုနီမလည်း ပါပါတယ်.။ သူတို့ဟာ
အိန္ဒိယရောက်နေပေမဲ့ သူတို့ရဲ့ဇာတိသီဟိုဠ်စစ်သတင်း
ကို အမြဲနားစွင့်နေကြပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာ သီဟိုဠ်က ဆရာတော်ကြီးတစ်ပါး
အိန္ဒိယကို စစ်တိမ်းရှောင်လာတယ်၏ဆိုတဲ့သတင်းကြားလိုက်ကြပါတယ်။ ဒီတော့ ဆရာတော်ကြီးဆီကို ဇာတိစစ်သတင်း သွားမေးကြတယ်။ သတင်းမေးသူတွေထဲမှာဘိက္ခုနီမကြီးလည်းပါပါတယ်။
လူတွေရှင်းသွားတော့ ဘိက္ခုနီမကြီးက ဆရာတော်
ကြီးကို မေးခွန်းတစ်ခုမေးပါတယ်။
ဆရာတော်ဘုရား၊ ငရုတ်သီးတစ်တောင့်ကျောင်း
ရေစက်ချပွဲတုန်းက ဆရာတော်ဘုရား သက်တော်ဘယ်
လောက်ရှိပါပြီလဲဘုရား။
အဲဒီတုန်းက ငါ့အသက်က ခုနှစ်နှစ်အရွယ်ကိုရင်
ကလေးပေါ့။
အဲဒီကျောင်း ရေစက်ချပွဲတုန်းက တပည့်တော်
လည်း ခုနှစ်နှစ်အရွယ် သာမဏေမလေးပါဘုရား၊ အဲဒီ
ကျောင်း ရေစက်ချပွဲတုန်းက တပည့်တော်ကြုံခဲ့ရတာ
လေးကို ဆရာတော်ကိုလျှောက်ပြဦးမယ်ဘုရား၊ ကိုရင်
လေးတစ်ပါးပေါ့၊ ယာဂုပူပူကို အလှူခံလာပြီး သပိတ်ကို
သင်္ကန်းစွန်းနဲ့ ကိုင်လိုက်၊ မြေပေါ်ပြန်ချထားလိုက်နဲ့ဖြစ်
နေပါတယ်ဘုရား။ ဒါနဲ့တပည့်တော်လည်း သူ့ဆီသွားပြီး
တပည့်တော်ရဲ့ ခံခွက်ကလေးကို သပိတ်အောက်ကခံဖို့
ဆိုပြီး လှူလိုက်တယ်ဘုရား။ ဒီအကြောင်းအရာကလေး
ကိုတော့ ဒီနေ့အထိမေ့လို့ကို မရပါဘူးဘုရား။
ဘိက္ခုနီမကြီးဆီက စကားကို ကြားလိုက်ရတော့ဆရာတော်ကြီးက သြော် ဆိုပြီး အာမေဋိတ်သံနှင့်အတူသက်ပြင်းကို မသိမသာချလိုက်ပါတယ်။ ပြီးတော့ ........
အဲဒီကိုရင်ကလေးဟာ တခြားသူမဟုတ်ပါဘူး၊ ငါပါပဲ လို့ပြောပြီး အနှစ်နှစ်အလအလလက ကိုယ်နဲ့မခွဲမခွါ အမှတ်တရအဖြစ် သိမ်းဆည်းလာခဲ့တဲ့ ခံခွက်ကလေးကို အိတ်ထဲက ထုတ်ပြလိုက်ပါသတဲ့။
သက်တော် ၈၀ အရွယ် ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီး
တို့ဟာ နှစ်ပေါင်းခုနှစ်ဆယ်ကျော် သက်တမ်းရှိနေပြီဖြစ်
တဲ့ ခံခွက်ကလေးကိုနှစ်ဦးသားမှင်တက်မိစွာ စိုက်ကြည့်
နေကြပါတယ်။
ပြီးတော့ နှစ်ပေါင်းများစွာ ၀တ်ခဲ့တဲ့အ၀တ်တွေကို တခြားအ၀တ်တစ်ခုနဲ့လဲပြီး နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပါသတဲ့။
တကယ်တော့ စာရေးဆရာတစ်ယောက်အနေနဲ့ စာလေးကို ဒီမှာတင် အဆုံးသတ်လိုက်ချင်ပါတယ်။ အဋ္ဌကထာမှာလည်း ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ ရှေ့ဆက်ဘာဖြစ်သွားကြတယ်။ လူ့ဘ၀မှာ ဘယ်လိုလုပ်ကိုင် စားသောက်နေကြတယ်ဆိုတာဆက်ပြမထားပါဘူး။ လူထွက်သွားတယ်ဆုတာနဲ့ပဲ အဆုံးသတ်ထားပါတယ်။ ဒါပေမဲ့ကိုယ်က ၀ိပဿနာနယ်နိမိတ်အတွင်းမှာ ရောက်နေရတာဖြစ်လေတော့ ၀ိပဿနာနွယ်တဲ့ အဘိဓမ္မာ သဘောလေးတစ်ခုကို ခပ်ကျဉ်းကျဉ်း သုံးသပ်ပြပါရစေဦး။
ပုထုဇဉ်တိုင်းမှာ ကိလေသာတွေရှိနေတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူး။ ကိလေသာက သုံးပါးရှိပါတယ်။
၁။ အနုသယကိလေသာ
၂။ ပရိယုဋ္ဌာနကိလေသာ
၃။ ၀ီတိက္ကမကိလေသာ တဲ့။
အနုသယကိလေသာဆိုတာ ပဋိသန္ဓေတည်ကတည်းကပါလာတဲ့ ကိလေသာပါ။ သတ္တ၀ါတွေရဲ့ သန္တာန်မှာအစဉ်သဖြင့် ကိန်းနေတဲ့ ကိလေသာပါ။
ပရိယုဋ္ဌာန ကိလေသာဆိုတာက အာရုံတစ်ခုကို တွေ့
ပြီး ထကြွသောင်းကျန်းလာတဲ့ ကိလေသာပါ။
ဝီတိက္ကမဆိုတာကတော့ အာရု့တစ်ခုကိုတွေ့ပြီး ထကြွ
သောင်းကျန်းရုံတင် မကဘဲ လွန်ကျူးမှု အဆင့်အထိ
ရောက်သွားတဲ့ ကိလေသာပါ။
ဒီကိလေသာသုံးပါးရဲ့သရုပ်ကို ပေါ်လွင်သွားအောင်
အထက်က ရေးပြခဲ့တဲ့ ၀တ္ထုကလေးကိုပဲ ပြန် အာရုံပြု
ကြည့်လိုက်ပါ။
ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ဟာ ပဋိသန္ဓေတည်
ကတည်းက အနုသယ ကိလေသာတွေက ပါလာပြီး
သားပါ။ သူတို့နှစ်ဦးရဲ့ သန္တာန်မှာအနုသယကိလေသာ
တွေက ကိန်းနေခဲ့ပါတယ်။
ဆရာတော်ကြီးက ဘိက္ခုနီမကြီးဆိုတဲ့ ၀ိသဘာဂ
အာရုံကို တွေ့လိုက်တဲ့အချိန် အဲဒီအချိန်မှာအစဉ်သဖြင့်
ကိန်းနေခဲ့တဲ့ကိလေသာတွေကထကြွသောင်းကျန်းလာ
ပါတော့တယ်။ အဲဒီ ထကြွသောင်းကျန်းလာတဲ့ ကိလေ
သာကို ပရိယုဋ္ဌာနကိလေသာလို့ ခေါ်ပါတယ်။
နောက်ဆုံး ဆရာတော်ကြီးနဲ့ ဘိက္ခုနီမကြီးတို့ နှစ်ဦး
သဘောတူလက်ထပ်လိုက်ကြတာကတော့လွန်ကျူးခြင်းဆိုတဲ့ ၀ီတိက္ကမကိလေသာ ဖြစ်သွားတော့တာပါပဲ။
ဒီတော့ ကိလေသာသုံးပါးကို ဘာနဲ့တားမလဲ။ ( ဒီ
နေရာမှာ ဘာနဲ့ပယ်မလဲလို့ မသုံးပါဘူး။ ဘာဖြစ်လို့လဲ
ဆိုတော့ ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်လို့ရပါ
တယ်။ အခုပြောတာက ပုထုဇဉ် သက်သက်မျှအသွင်နဲ့
ပြောနေတာမို့ပါ။)
စာဖတ်သူများ သိထားပြီးသားဖြစ်တဲ့ သိက္ခာသုံးပါးနဲ့
တားရပါမယ်။
၁။ ၀ီတိက္ကမကိလေသာကို သီလသိက္ခာနဲ့တားရပါတယ်။ကိုယ့်အခွင့်သင့်ရာ သီလ တစ်ခုခုကို ဆောက်တည်ထားရင် လွန်ကျူးစရာ အာရုံတစ်ခုကို တွေ့ပေမယ့် သီလဆောက်တည်ထားတဲ့အတွက် မလွန်ကျူးဖြစ်တော့ပါဘူး။
၂။ ပရိယုဋ္ဌာန ကိလေသာကို သမာဓိသိက္ခာနဲ့တားရပါတယ်။ သမာဓိဖြစ်စေတဲ့ ကမ္မဋ္ဌာန်းလေးဆယ်ထဲကကိုယ်နှစ်သက်ရာ ကမ္မဋ္ဌာန်းတစ်ခုခုနဲ့ တားလို့ရပါတယ်။ ဥပမာဗုဒ္ဓါနုဿတိ ပွားများနေမယ်ဆိုရင် စိတ်က ဘုရား ဂုဏ်တော်ဆီမှာပဲ အာရုံရောက်နေတဲ့အတွက် ထကြွ သောင်းကျန်းစရာအာရုံ မတွေ့ရတော့ပါဘူး။ ဒီတော့ ပရိယုဋ္ဌာနကိလေသာကို တားပြီးသားဖြစ်နေပါတယ်။
၃။ အနုသယကိလေသာကိုတော့ ၀ိပဿနာဆိုတဲ့ ပညာသိက္ခာနဲ့ တားရပါတယ်။ ဆိုလိုချက်ကတော့ ကိလေသာသုံးပါးကို သိကာသုံးပါးနဲ့တားဆီးရတဲ့သဘောပါ။
ဒီစာစုမှာ အဓိကပြောချင်တာကတော့ သတိပဋ္ဌာန်ပါပဲ။
မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ သတ္တာနံ ၀ိသုဒ္ဓိယာ ဧကာယနောမဂ္ဂေါလို့ ဟောခဲ့ပါတယ်။
အဓိပ္ပါယ်ကတော့ သတ္တ၀ါတွေ ကိလေသာစင်ကြယ်ဖို့ နှစ်ကြောင်းမရှိတဲ့ တစ်ကြောင်းတည်းသော လမ်းစဉ်က ၀ိပဿနာ သတိပဋ္ဌာန် လမ်းစဉ်ပါပဲတဲ့။ ဒါကြောင့် ကိလေသာတွေ စင်ကြယ်ဖို့အတွက် ၀ိပဿနာ သတိပဋ္ဌာန်လမ်းစဉ်မှတစ်ပါး ........။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
၁။ မူလပဏ္ဍာသ အဋ္ဌကထာ
(ရထ၀ိနီတသုတ်၊ နှာ- ၅၀၊ ၅၁)
၂။ မဟာဝင် ( ကျီးသဲလေးထပ်ဆရာတော် )
၃။ သၿဂိၤဳလ္ဘာသာဋီကာ ( အရွင္ဇနကာဘိ၀ံသ )
အင်တာဗျူးဂျာနယ်

Share:

ဘုရားမကယ်နိုင်သူများ ===============


  Image may contain: 1 person, standing and outdoor

 Than Tun Aung

  လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ ကလေးကလား သဘောထားတတ်၏။ အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်၏။ ထို့အတူ မိမိ၏လုပ်ရပ်များတွင် လက်ယဉ်လာသည့်အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်၏။
ထို့သို့သောသူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်များကြောင့် “ဟေ့…ဟေ့… အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ပြောဆိုသည့်အခါ “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်လှန်တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့ အလုပ်တွေ လုပ်ရင် ၀ဋ်လိုက်တတ်တယ်..”ဟု ပြောလာလျှင်လည်း “၀ပ်လိုက်ရင် ထပြေးတာပေါ့…” စသည်ဖြင့် သံတူကြောင်းကွဲ စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်၏။ ထိုသူတို့ ဆိုချင်သည်မှာ လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေသည့်သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပို၍အလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်လျက် အပျော်အပြက် ပြောလိုဟန် ရှိပေ၏။
အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှု၏ တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိသည့် သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏။ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာသည့် အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏။ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏။ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂ ရရန်၊ နောင်တရရန် ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံ သတိသံဝေဂ ရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်၏။ ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ကား မည်သူကယ်၍မျှ ရမည်မဟုတ်သကဲ့သို့ ဘုရားလည်း ကယ်၍ရနိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။
အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏။ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများ၏ အကျိုးပေးချိန် မတန်သေး၍သာ ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေးကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထား၏။ ဤစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများ၏ အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်လာမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်၏။ အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်သည်ကား အထူးပင် သိသားထင်ရှားလှ၏။ အကုသိုလ် အလုပ်၏ အကျိုးပေးချိန် ရောက်လာလျှင်ကား မည်သည့်တံခိုးရှင်မျှ ကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှ၏။
မှန်၏။ အကုသိုလ်အလုပ်များကို လုပ်ရင်း အကုသိုလ်ကံ၏ အကျိုးပေးချိန်သို့ ရောက်လာသော သူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မသိဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏။ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများသည် ကြာလာသည့်အခါ ပညာ၊ သတိတရားများ ချွတ်ယွင်းလာကာ အပြောအဆို အလုပ်အကိုင်များတွင်လည်း အမှားမှား အယွင်းယွင်းဖြစ်လာပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏။
မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူများသည် ပညာသတိ မရှိဖြစ်ကာ မိမိတို့၏ အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ရောက်ရတတ်ကြောင်း မဃဒေ၀ လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါ၏။ ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထား၏။
ဆရာတော်ကြီး၏ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်း၍ ပျက်စီးချိန် စောင်းလာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့ မကောင်းမှုများဖြင့် ကျင်လည်နေသူများသည် ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။
အမှန်အားဖြင့် အကုသိုလ် ဒုစရိုက်အမှုများသည် အချိန်တန် အကျိုးပေးချိန် ရောက်လာလျှင်ကား ယခုမျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကို တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်၏။ ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏။ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်၏။
ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှိသည့် သူတစ်ယောက်ရှိ၏။ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိ၏။ ထို့ကြောင့် သူ့ကို စုန္ဒသူကရိက စုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြ၏။ စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကို လှည်းအပြည့်တင်ကာ စပါးအနည်းငယ်ဖြင့် တောရွာများမှ ၀က်ငယ်များကို လှည်းအပြည့်ဝယ်ယူကာ မိမိအိမ်သို့ ရောက်သည့်အခါ အိမ်နောက်ဖေး ၀က်ခြံတွင် ၀က်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ ၀က်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင့်တုတ်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိ၏။ ၀က်များသည် ရိုက်ပုတ်သည့်ဒဏ်များကြောင့် ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်၍ ပွတ်ပွတ်ဆူနေသည့် ရေနွေးဖြင့် ပါးစပ်အတွင်းမှ လောင်းထည့်လေ၏။ ထိုလောင်းထည့်သည့် ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာ စအိုဝမှ အညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေ၏။ စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီး သန့်ရှင်းသည့် အရောင်အဖြစ် ရောက်သည့်အထိ ပါးစပ်မှ ရေနွေးများကို လောင်ထည့်လေ့ရှိ၏။ စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရ၏။ စုန္ဒသည် ၀က်တို့၏ အော်ဟစ်သံကို အလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့် ၀က်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၏။ ထို့နောက် မြက်မီးဖြင့် အမွေးအမြင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏။ ဤနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်ခဲ့၏။
တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ ဖြစ်ပေါ်လာခဲ့၏။ အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏။ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရ၏။ မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်လည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရ၏။ စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံသွားစဉ် ကြားခဲ့ရ၏။ ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြ၏။ ထိုအခါ ဘုရားရှင်က ယင်းအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏ အသံသာ ဖြစ်ကြောင်း မိန့်ကြားကာ တရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက “မကောင်းမှု ပြုလုပ်သူသည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရ၏၊ ပင်ပန်းရ၏” စသဖြင့် တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံး ၀က်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့် အကုသိုလ်ကံအတိုင်း ၀က်ကဲ့သို့ ပူလောင်ပြင်းထန်စွာ အော်ဟစ်ပြီး နောက်ဆုံးတွင် အသက်ကုန်ကာ အ၀ီစီငရဲသို့ ကျရောက်သွားခဲ့ရ၏။
ဤကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမား၏ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါ၏။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်လည်း ဘုရားမကယ်နိုင်သည့် အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရ၏။ ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏။ မှန်၏။ အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားမကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏။ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်၏ လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါ၏။
ဆိုလိုသည်မှာ ဘုရားမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများကို ဆိုခြင်းဖြစ်သဖြင့် မကောင်းမှုလုပ်ကာ ဘုရားတနေကြသည်ထက် ဘုရားမ, နိုင်အောင်၊ ဘုရားကယ်နိုင်အောင် မကောင်းမှုကို ရှောင်ပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါ၏။ ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူကိုကား ဘုရားစသော အရိယ သူတော်ကောင်းများက မကယ်မနိုင်သဖြင့် မိမိဘ၀ကို မိမိ၏ အလုပ်များကသာ ကယ်မနိုင်ကြမည်ကို သတိပြုဆင်ခြင်ပြီး မကောင်းမှုမှ ရှောင်နိုင်အောင် ကြိုးစားကြရန်လိုကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့် ဘုရားမကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်း ဘုရားကယ်နိုင်သူ ဖြစ်အောင်သာ ကြိုးစားကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါသည်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) ။
MS
Share:

Friday, 20 January 2017

အကြီးစား ရူးသွပ်သူများ -------------------------


 Image may contain: 1 person, baby

အာယသ္မာ ဓမ္မဗုဒ္ဓိ
လူ့ ဘဝ တစ်ဘဝဆိုတာ သံသရာနဲ့ ယှဉ်လိုက်ရင်
မျက်စိတမှိတ် ဆိုတဲ့ ခဏတာလေးပဲ ကြာတာပါတဲ့
အားလုံးကြားဘူးမှာပေါ့ နတ်ပြည်မှာပန်းခူးနေတုန်း စုတေပြီး လူ့ ပြည်ရောက်လာတယ် အိမ်ထောင်ကျတယ်
ခလေးလေးယောက်မွေးတယ် သေတော့
အဲဒီနတ်ပြည်ကို စိတ်ညွတ်နေတဲ့အတွက်
အဲဒီပန်းခူးနေတဲ့နေရာကိုပဲ နတ်သမီးအဖြစ်နဲ့ 
ပြန်ရောက်သွားတယ် ရောက်တဲ့အခါ နတ်သားက ခုနက မင်းဘယ်သွားနေတာလဲတဲ့
တပည့်တော်ပန်းခူးနေတုန်းသေပြီး လူ့ ပြည်
ရောက်သွားတယ် ခလေးလေးယောက်မွေးပြီးမှ
အခုပြန်လာတာ ဆိုတော့ နတ်သားက လူ့ ပြည်
ဆိုတာ အဲဒီလောက်တောင် အသက်တမ်း
တိုသလားတဲ့ မေးပြီး နတ်သားလည်း သံဝေဂဥာဏ်ရသွားတယ် တဲ့
ပြောချင်တာက လူ့ ဘဝနဲ့ ခလေးလေးယောက်
မွေးတာတောင် နတ်ပြည်မှာ ပန်းခူးမပျက်သေးဘူး
ဒါဟာ လူ့ ဘဝရဲ့ မမြဲမှု့နဲ့  တိုတောင်းလှတယ် ဆိုတဲ့ သရုပ်ကို ပေါ်လွင်စေတာပါပဲ
နတ်ပြည်နဲ့ ယှဉ်တာတောင် ဒီလောက် တိုတောင်း
နေတယ် ဆိုရင် ဗြဟ္မာပြည် နဲ့ အပါယ်ငရဲ နဲ့ 
ယှဉ်လိုက်မယ်ဆိုရင် ပိုပြီး သံဝေဂ ရစရာ
ကောင်းမှာပါပဲ
မမြဲတဲ့ လူ့ ဘဝ မျက်စိတမှိတ် လောက်သာ
ကြာမြင့်တဲ့ လူ့ ဘဝ ထဲကနေပဲ သာသနာနဲ့ 
ကြုံတုန်း အမြတ်ထုတ်ကြရမှာပါ
ဒါန သီလ သမထ ဝိပဿနာ ကို ရသလောက်
လုပ်နိုင်မှသာ သံသရာမှာ နိဗ္ဗါန်အတွက် အထောက်အပံ့ဖြစ်စေမှာပါ
ဒီလိုမဟုတ်ပဲ
ခဏလေးသာကြာတဲ့ လူ့ ဘဝ ရခိုက်မှာ
ငါက ဘယ်လောက်ချမ်းသာတာ
ငါက ဘယ်လောက် နာမည်ကြီးတာ
ငါက ဘယ်လိုရှာနိုင်လို့  ဘယ်လိုတော် တာ
ငါက ဘယ်လိုကြိုးစာလို့  ဘယ်လိုအောင်မြင်တာ
စတဲ့ တလွဲမာနတွေနဲ့ အချိန်ကုန်နေကြမယ်
ဆိုရင်ဖြင့်
အကြီးစား ရူးသွပ်သူများလို့ 
နာမည်ပေးချင်ပါတယ်
ဦးမြင့်ခိုင်
Share:

ဥပါသကာငါးယောက် =============

သာဝတ္ထိပြည်ဇေတ၀န်ကျောင်း၌ မြတ်စွာဘုရားသီတင်းသုံးနေထိုင်တော်မူစဉ် ဒါယကာငါးယောက်တရားနာလာကြ၏။
မြတ်စွာဘုရား၏အလုပ်အကျွေးဖြစ်သောရှင်အာနန္ဒာမထေရ်မြတ်သည် အနီးအပါး၌ မြတ်စွာဘုရားအားယပ်လေခပ်လျက်
အနီးအပါးတွင်နေတော်မူ၏။ဘုရားရှင်တို့မည်သည် အမျိုးဇာတ် ဆင်းရဲသား သူဋ္ဌေးစသည်မခွဲခြားဘဲ တရားတော်ကိုသာအလေးအမြတ်ပြုလျက် ကောင်းကင်မှမိုးကြီးများရွာသွန်းသကဲ့သို့လည်းကောင်း၊ရေတခွန်မှရေများတသွင်သွင်စီးဆင်းဘိသကဲ့သို့ လည်းကောင်း တရားမိုးကိုရွာသွန်းတော်မူလေ့ရှိ၏။ဤကဲ့သို့တရားမိုရွာသွန်းနေစဉ် ဒါယကာတဦးသာလျှင်တရားတော်ကို အာရုံစူးစိုက်၍ နာယူ၏။ ကျန်ဒါယကာလေးဦးမှာတရားတော်၌ စိတ်မ၀င်စား- အာရုံများလျက်ရှိ၏။
ဒါယကာတဦးမှာ ငိုက်မျည်းနေ၏။
နောက်တဦးမှာ မြေကြီးကို လက်နှင့်ခြစ်နေ၏။
တဦးမှာမူ သစ်ပင်ငယ်လေးကိုလှုပ်ရမ်းကာ ကစားနေ၏။
နောက်တဦးမှာမူကား ကောင်းကင်ကိုမော့ကြည့်နေ၏။
ရှင်အာနန္ဒာသည် ထိုသူတို့ပြုမူနေပုံကိုတွေ့မြင်သဖြင့်-
“ ရှင်တောမြတ်ဘုရားအနေဖြင့် တရားမိုးကြီးရွာသွန်းနေပါသော်လည်း ထိုသူတို့သည် တရားတော်၌ စိတ်ဝင်စားခြင်းမရှိဘဲ ဤကဲ့သို့ပြုမူနေကြပါသည်ဘုရား”ဟု မြတ်စွာဘုရားအားလျောက်ထားလေသည်။
ထိုအခါ ဘုရားရှင်က-
“အာနန္ဒာ ငိုက်မျည်းနေသူသည် ဘ၀ငါးရာတိုင်တိုင်မြွေဖြစ်ခဲ့ဘူးသူတည်း။
မြေကြီးကိုလက်နှင့်ခြစ်နေသူကား ဘ၀ငါးရာတိုင်တိုင် တီကောင်ဖြစ်ခဲ့ဘူးသူတည်း။
သစ်ပင်လှုပ်ရမ်းနေသူကား ဘ၀ငါးရာတိုင်တိုင်မျောက်ဖြစ်ဘူးသူတည်း။
ကောင်းကင်သို့မော့ကြည့်နေသူမှာ ဘ၀ငါးရာတိုင်တိုင် နက္ခတ်ဗေဒင်ကြည့်သူတည်း။
ထိုသူတို့သည် ငါဘုရား၏တရားတော်၌စိတ်မ၀င်စား ဘ၀ဟောင်းက ၀ါသနာအတိုင်းပြုမူနေကြခြင်းဖြစ်သည်။
ငါဘုရား၏တရားတော်ကိုစူးစိုက်နာသူ ဒါယကာတဦးသာလျှင် ဘ၀ငါးရာတိုင်တိုင် ဆရာသမားတို့၏အထံ၌ ဝေဒသုံးပုံကိုအာရုံစူးစိုက်၍ သင်ယူမှတ်သားခဲ့ဘူးသူဖြစ်သည်ဟု မိန့်တော်မူ၏။
မြတ်စွာဘုရားသခင် ဤသို့မိန့်တော်မူသည်ရှိသော်- ရှင်အာနန္ဒသည်ဤသို့လျောက်ထားတော်မူ၏
“ရှင်တော်မြတ်ဘရား၏တရားတော်သည် ရိုးတွင်းချဉ်ဆီထိခိုက်အောင်စွဲငြိစေနိုင်ပါသည်။ သို့သော် ထိုသူတို့သည် အဘယ့်ကြောင့်တရားတော်ကိုရိုရိုသေသေ လေးလေးမြတ်မြတ် မနာယူနိုင်ကြပါသနည်းမြတ်စွာဘုရား?
“အာနန္ဒာ ငါဘုရား၏တရားတော်ကို လူတိုင်းနာယူနိုင်သည်။နာယူလွယ်သည်ဟုမမှတ်ထင်နှင့်။
ငါဘုရား၏တရားတော်ကိုလူတိုင်းမနာယူနိုင်ခြေ။
နာယူခက်သူတို့သာများလှခြေ၏။
အဘယ့်ကြောင့်ပါနည်းမြတ်စွာဘုရား?
“အာနန္ဒာ သတ္တ၀ါတို့သည် ဘ၀ပေါင်းများစွာ ဗုဒ္ဓ၊ဓမ္မ၊သံဃဟူသောအသံကိုမျှမကြားဘူး။
ရုပ် နာမ် ဓမ္မသင်္ခတစသည်တို့၏နာမည်မျှပင်မသိ။
အနိစ္စ ဒုက္ခ အနတ္တဆင်ခြင်ဘို့ဝေးစွ-ကြားပင်မကြားဘူးကြချေ။
သံသရာတခွင်ဝယ် သာသနာတော်၏ဆန့်ကျင်ဘက်စကားများကိုသာပြောဆိုခဲ့ကြသည်။
သတ္တ၀ါတို့သည် တရားစကားဆိုလျှင် မကြားလို၊နားခါးလှချေ၏။
ကာမဂုဏ်အာရုံများ၌သာ အပျော်ကျူး၍နေကြလေကုန်၏။
တရားဆိုလျှင်မနာယူလိုကြ၊ကျားထက်ပင်ကြောက်ကြလေကုန်၏။
မြတ်စွာဘုရား-အဘယ်တရားကြောင့် လူသားများတရားမနာယူနိုင်ကြပါသနည်း?
“အာနန္ဒာ- ထိုပုဂ္ဂိုလ်တို့သည် ရာဂမီး၊ဒေါသမီး၊မောဟမီးလောင်မြိုက်နေသောကြောင့်လည်းကောင်း၊ တဏှာရေအယဉ်ကြော မြောပါနေကြသောကြောင့်သော်လည်း တရားတော်ကိုမနာယူနိုင်ကြချေဟု မိန့်တော်မူ၏။ ။
တရားပွဲပြီးလေသော်
တရားတော်ကိုအာရုံစူးစိုက်နာယူသူတဦးသာလျှင် မဂ်ဥာဏ်ဖိုလ်ဥာဏ်ဆိုက်၍၊ကျန်ဒါယကာလေးဦးမှာ သက်တော်ထင်ရှားမြတ်ဘုရား၏တရားတော်ကို ကိုယ်တိုင်နာကြားရပါသော်လည်းတရားတော်အား ရိုရိုသေသေ စူးစူးစိုက်စိုက် မနာယူခြင်းကြောင့် လူဖြစ်ကျိုးမနပ် ဖြစ်ကြရပေသည်။
(ဓမ္မပဒ ဋ္ဌ ဒု ပဉ္စဥပါသက၀တ္ထု)
အရှင်ပညာနန္ဒ
ကိုယ့်စိတ်ကိုယ်စစ်(USA)
Share:

✏ စိတ်ညစ်ရမယ့်စကားများ မပြောပါနဲ့လား ✏


 Image may contain: 1 person, sitting
 ဓမ္မရေချမ်းစင်

တစ်ခါတုန်းက ဘုရားလောင်းဟာ ပုဏ္ဏားမျိုးမှာဖြစ်ပြီး တက္ကသိုလ်ပြည်မှာ ပါမောက္ခအဖြစ်နဲ့ ဗေဒင်ပညာတွေကို သင်ကြားပို့ချပေးနေပါတယ်။
ပညာသင်ယူနေကြတဲ့ တပည့်တွေထဲမှာ ဘုရင့်သား မင်းသားတွေရော၊ ပုဏ္ဏားတွေရဲ့သား ပုဏ္ဏားလုလင်ငယ်တွေရော၊ သူဌေးသားတွေရော နယ်ပယ်စုံပါပါတယ်။ အဲဒီအထဲက ပုဏ္ဏားလုလင်ငယ်တစ်ယောက်က ဗေဒင်ပညာရပ်တွေကို ယုံမှားကင်းအောင် ပြည့်ပြည့်စုံစုံတတ်သွားလို့ ဆရာငယ်တစ်ယောက် ဖြစ်သွားပါတယ်။
နောင် အရွယ်ရောက်တဲ့အခါမှာ ပုဏ္ဏားလုလင်က အိမ်ထောင်ပြုပါတယ်။ အိမ်ထောင်ပြုတော့ အိမ်ထောင်ရေးကိစ္စကြောင့် စိတ်တွေက ညစ်လာပါတယ်။ စိတ်ညစ်လာတော့ မူလမြတ်မြတ်နိုးနိုးသင်ကြားခဲ့တဲ့ ဗေဒင်ပညာရပ်တွေကို ပြန်မလေ့ကျက်နိုင်တော့ပါဘူး။
တစ်နေ့တော့ ပုဏ္ဏားလုလင်က ကိစ္စတစ်ခုနဲ့ ဆရာဖြစ်သူ ဘုရားလောင်းဆီရောက်သွားတော့ ဘုရားလောင်းက `ငါ့တပည့် သင်ထားတဲ့ ဗေဒင် ပညာရပ်တွေရော ပြန်လေ့ကျက်ဖြစ်ရဲ့လား´ လို့ မေးပါတယ်။
ဒီတော့ ပုဏ္ဏားလုလင်က `ကျွန်တော် အိမ်ထောင်ပြုလိုက်တော့ အိမ်ထောင်မှုကိစ္စတွေကြောင့် စိတ်ညစ်နေရပါတယ်။ စိတ်ညစ်တော့ ဗေဒင်တွေကို ပြန်မလေ့ကျက်နိုင်တော့ပါဘူး´ လို့ ပြန်ပြောလိုက်ပါတယ်။
စိတ်ညစ်တဲ့ပုံပေါက်နေတဲ့ တပည့်ပုဏ္ဏားလုလင်ကို ဆရာဖြစ်သူ ဘုရားလောင်းက ---
`ငါ့တပည့် ... ရေဟာ နောက်ကျုနေရင် ရေထဲက ကျောက်ခဲတွေ၊ သဲတွေ၊ ငါးတွေ၊ လိပ်တွေကို မမြင်နိုင်သလို ဒီအတိုင်းပဲစိတ်ညစ်နေရင် မိမိကိုယ်ကျိုးအတွက်ရော သူတစ်ပါးအကျိုးအတွက်ပါ မလုပ်နိုင်တော့ဘူး။
ရေကြည်နေရင် ရေထဲက ကျောက်ခဲတွေ၊ သဲတွေ၊ ငါးတွေ၊ လိပ်တွေကို မြင်ရသလို စိတ်ကြည်နေရင်၊ စိတ်ပျော်နေရင် ကိုယ်ကျိုးအတွက်ရော သူတစ်ပါးအကျိုးအတွက်ပါ ကောင်းကောင်းဆောင်ရွက်နိုင်တယ်´ လို့ ပြန်ပြောပြလိုက်ပါတယ်။
ပုဏ္ဏားလုလင်လည်း ဆရာသမားဆီက သြဝါဒ အဖြေစကားကြားလိုက်ရတော့ ကျေနပ်တဲ့အမူအရာနဲ့ပဲ ပြန်သွားပါတော့တယ်။
(အနဘိရတိဇာတ်၊ အသဒိသဝဂ်)
ဘုရားလောင်းရဲ့ `စိတ်ညစ်နေရင် ကိုယ်ကျိုးအတွက်ရော၊ အများအကျိုးအတွက်ပါ ဆောင်ရွက်လို့မရဘူး´ ဆိုတဲ့ စကားလေးကို ကြိုက်လွန်းမက ကြိုက်လွန်းလို့ပါ။ ဇာတ်တော်ထဲမှာတော့ ဘုရားလောင်းက သူ့တပည့် ပုဏ္ဏားကို ဒီစကားလေး ပြောလိုက်တယ်ဆိုတာပဲပါပါတယ်။ ဘုရားလောင်းစကားကြားပြီး တပည့်ပုဏ္ဏားလည်း စိတ်ညစ်တာတွေပျောက်၊ ကိုယ်ကျိုးအတွက်ရော အများအကျိုးအတွက်ပါ ဆက်လက်ဆောင်ရွက်သွားတယ်လို့တော့ စာထဲမှာ ဆက်ပြမထားပါဘူး။ မှန်းဆကြည့်ရတာကတော့ တပည့်ကလည်း ခပ်ထက်ထက်ဆိုတော့ ဆရာဖြစ်သူက အကျဉ်းဟောလိုက်တာနဲ့ အကျယ်တွေးဆသဘောပေါက်ပြီး အကောင်းဘက်ကို ရောက်သွားဖို့ပဲ များပါတယ်။ ဘုရားလောင်းရဲ့ စကားလေးက နှစ်ပေါင်း ထောင်သောင်းမက ကြာခဲ့ပြီဖြစ်ပေမယ့် ဒီနေ့အထိ အသစ် အသစ် ဖြစ်နေဆဲပါ။
အဲဒီမှာ တစ်ခုသတိထားစရာက စိတ်ညစ်နေရင် ကိုယ့်အတွက်တင်မကဘဲ သူတစ်ပါးအကျိုးအတွက်ပါ ဆောင်ရွက်လို့မရတာပါ။ ဒီတော့ စိတ်ညစ်တာဟာ ကိုယ့်အတွက်သာမကဘဲ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးအတွက်ပါ ကောင်းကျိုးမပြုနိုင်တာပါ။ စိတ်ညစ်တာဟာ ဘာမှကို မကောင်းတာပါ။
ဥပမာ- တစ်ယောက်ယောက် စိတ်ညစ်နေတုန်း အကူအညီများ သူ့ဆီကသွားတောင်းရင် မရဖို့က များပါတယ်။ ဒီလိုပါပဲ ကိုယ်စိတ်ညစ်နေတုန်း တစ်ယောက်ယောက်က အကူအညီလာတောင်းရင်လည်း မပေးချင်ပါဘူး။ သူစိမ်းမှတင် မဟုတ်ပါဘူး။ မိသားစုထဲကတစ်ယောက်ယောက် စိတ်ညစ်နေတုန်း မိသားစုအချင်းချင်းခိုင်းရင်တောင် အဆင်မပြေလှပါဘူး။ စိတ်ညစ်တာဟာ လူ့အဖွဲ့အစည်းကို အဲဒီလောက်ထိ ဒုက္ခပေးတာပါ။
စိတ်ညစ်တယ်ဆိုတာ အဘိဓမ္မာသဘောတရားအရ ကောက်ရင် ဒေါမနဿပါ။ ဒေါမနဿဆိုတာ အကုသိုလ်ပါ။ ဒေါမနဿကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးက `စိတ်ထဲ၌ နှလုံးမသာယာမှု၊ မခံသာမှုမှန်သမျှသည် ဒေါမနဿ- စိတ်ဆင်းရဲခြင်းမည်၏´ လို့ မြန်မာပြန်ပြပေးပါတယ်။ စိတ်ဆင်းရဲတယ်၊ စိတ်ညစ်တယ်ဆိုတာ ဒေါမနဿ အကုသိုလ်ဖြစ်နေတာပါပဲ။ နေရင်းထိုင်ရင်း တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် အကုသိုလ်ဖြစ်နေမှန်းမသိ ဖြစ်နေတာပါ။ စိတ်လည်းညစ်ရသေး အကုသိုလ်လည်းဖြစ်ရသေးဆိုရင် ဈေးတွက်နဲ့တွက်ရင် မတန်ပါဘူး။
တကယ်လို့ `ငါစိတ်ညစ်တယ် ... ငါစိတ်ညစ်တယ်´ လို့ပြောနေတာဟာ `ငါအကုသိုလ်ဖြစ်နေတယ်´ လို့ ပြောနေတာနဲ့ အတူတူပါပဲ။ ဒီလိုပါပဲ တစ်ယောက်ယောက်က `ငါစိတ်ညစ်တယ်၊ ငါစိတ်ညစ်တယ်´ လို့ အော်နေတာဟာလည်း `ငါ အကုသိုလ်ဖြစ်နေတယ်´ လို့ ပတ်ဝန်းကျင်ကို တရားဝင် ကြေညာလိုက်တာပါ။ တွေးကြည့်တော့လည်း ရှက်စရာကြီးပါ။
စိတ်ညစ်စရာစကားကို ပြောတဲ့သူရှိရင် နားထောင်ပေးရတဲ့သူလည်း ရှိတော့တာပါ။ စိတ်ညစ်စရာစကားဆိုတာ အကုသိုလ်စကား၊ အပူစကားပါ။ အကုသိုလ်စကား၊ အပူစကားကို နားထောင်ပေးရတဲ့သူမှာလည်း မသက်သာလှပါဘူး။ တကယ်တော့ ဘယ်သူမှ စိတ်ညစ်စရာစကား အပူစကားကို နားမထောင်ချင်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာ စိတ်ညစ်စရာ အပူကိုယ်စီ ရှိကြပါတယ်။ ထုတ်မပြောလို့သာပါ။ စိတ်ညစ်စရာရှိနေတုန်းမှာ စိတ်ညစ်စရာစကားကို ထပ်ကြားတဲ့အချိန်မှာ စိတ်ညစ်စရာ နှစ်ခါဆင့်သွားတဲ့သဘောပါ။ အပူနှစ်ခါလောင်သွားတာပါ။ နားထောင်ပေးရတဲ့သူမှာလည်း အလွန်ဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ ကောင်းပါတယ်။ စိတ်ညစ်စရာစကားတွေကို အမြဲနားထောင်ပေးနေရရင် ရေရှည်မသက်သာလှပါဘူး။
ဥပမာ- ညကလည်း ကောင်းကောင်းမအိပ်လိုက်ရဘူး။ ကောင်းကောင်း မအိပ်လိုက်ရတဲ့အတွက် ခေါင်းကလည်း ကိုက်နေမယ်။ မနက်ကျ စိတ်ညစ်စရာစကားလည်း ကြားလိုက်ရမယ်ဆိုရင်တော့ အဲဒီလူသားအတွက် ဒီနေ့တစ်နေ့တာ ကံအဆိုးဆုံး လူသားတစ်ယောက် ဖြစ်သွားတော့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ အထူးသဖြင့် မနက်စောစောဟာ ကျက်သရေမင်္ဂလာရှိတဲ့ အချိန်လေးပါ။ ကျက်သရေမင်္ဂလာရှိနေတုန်း ဘဝတစ်နေ့တာရဲ့အစမှာ စိတ်ညစ်စရာစကား ကြားလိုက်ရရင် တစ်နေ့တာအလုပ်တွေကို လုပ်ဖို့အတွက် အားအင်တွေကို ရိုက်ချိုးခံလိုက်ရသလိုပါပဲ။
စိတ်ညစ်စရာစကားဟာ ပြောပါများရင် အကျင့်တစ်ခုလို ဖြစ်သွားတတ်ပါတယ်။ အလေ့အကျင့်တစ်ခုဖြစ်သွားရင် ပြန်ပယ်ဖို့ တော်တော်ခက်သွားပါတယ်။ ဒီတော့ စိတ်ညစ်စရာစကားပြောနေတုန်း သိလိုက်တာနဲ့ ချက်ချင်း ရပ်ပစ်လိုက်ဖို့ပါ။ တုံးတိကြီးရပ်လိုက်ဖို့ ခက်တယ်ဆိုရင်လည်း တခြားစကား လမ်းကြောင်း ပြောင်းပစ်လိုက်ဖို့ပါ။ တချို့များ စိတ်ညစ်စရာစကားတွေကို တစ်နာရီကျော် နှစ်နာရီလောက် မနားတမ်းတရစပ် ပြောနေတော့တာပါ။ နားထောင်ပေးရတဲ့သူမှာလည်း `အင်း- အင်း- အင်း´ နဲ့ အပူပိုက်ကွန်နဲ့ အုပ်ထားသလို စိတ်ပူလောင်မှုဒဏ်ကို ခံစားရတော့တာပါ။ ကိုယ်ပြောချင်တာကိုပဲ မနားတမ်းပြောနေပြီး နားထောင်ပေးရတဲ့သူကိုတော့ စကားပြန်ပြောခွင့် လုံးဝကို မပေးတော့တာပါ။ စကားဆိုတာကလည်း သူ (၅၀) ကိုယ် (၅၀) ပြောမှ အရသာရှိတာပါ။ ကိုယ်ကချည်း တစ်ဖက်သတ်ပြောနေရင် ဘယ်သူမှ နားမထောင်ချင်ပါဘူး။
နားထောင်ပေးရတဲ့သူမှာသာ `အင်း´ တစ်လုံးကလွဲလို့ ဘာစကားမှ ပြန်ပြောခွင့်ပြုထားတာ မဟုတ်ပါဘူး။ သူ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို `အင်းပေါ့၊ ဟုတ်တာပေါ့´ နဲ့ နားထောင်မှုပါရမီကို စိတ်မသက်မသာနဲ့ ဖြည့်နေရတော့တာပါ။
ဒီနေရာမှာ စိတ်ညစ်စရာစကားကို ပြောတဲ့နေရာမှာ လူနှစ်မျိုးထွက်လာပါတယ်။ စိတ်ညစ်တဲ့အခါ စိတ်ညစ်စရာတွေ ပြေပျောက်သွားဖို့ အဖြေသိဖို့ ပြောတဲ့လူရယ်။ စိတ်ညစ်စရာစကားကို ဝါသနာအလေ့အကျင့်အရ နားထောင်ပေးရတဲ့သူကို ပြန်ပြောခွင့်မပေးတော့ဘဲ ကိုယ်ကချည်းပဲ မနားတမ်းတရစပ် ပြောနေတဲ့သူရယ်ပါ။
လူနှစ်မျိုးထဲက တစ်မျိုးမျိုးထဲမှာတော့ ပါနေမှာ အသေအချာပါ။ ကိုယ်က ဘယ်အမျိုးအစားထဲမှာ ပါနေမယ်ဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ ပထမအမျိုးအစားအတွက်ကတော့ ပြဿနာ မရှိပါဘူး။ ဒုတိယအမျိုးအစားအတွက်သာ ပြဿနာရှိနေတာပါ။
ပုထုဇဉ် လူသားတစ်ယောက်အနေနဲ့ စိတ်ညစ်စရာတော့ အခါအားလျော်စွာ ရှိနေကြမှာပါ။ စိတ်ညစ်စရာက အနာဂါမ်ရောက်မှပဲ ပယ်လို့ရတာပါ။ ဒီတော့ အနာဂါမ် မဖြစ်သရွေ့ စိတ်ညစ်စရာကတော့ ကြုံနေရမှာပါ။
စိတ်ညစ်လာတဲ့အခါ ဘယ်လိုဖောက်ထွက်ရမလဲ အဖြေရှာတာကတော့ သဘာဝကျတဲ့ မှန်ကန်တဲ့လမ်းစဉ် တစ်ခုပါ။ အနဘိရတိဇာတ်မှာ ပုဏ္ဏားလုလင်က ဆရာဘုရားလောင်းဆီသွားပြီး အဖြေရှာပါတယ်။
ဒီလိုပါပဲ သိကြားမင်း သေရတော့မယ်ဆိုတာ ခုနှစ်ရက်အလိုမှာ သိရတဲ့အခါ စိတ်တွေဆင်းရဲလွန်းလို့ သိကြားမင်းစည်းစိမ်ကို စွန့်လွှတ်ရမှာ ကြောက်လို့ မြတ်စွာဘုရားဆီ သွားလျှောက်ပြ၊ မြတ်စွာဘုရားက ပြန်တရားဟောပြ၊ တရားနာပြီး သောတာပန်ဖြစ်၊ သောတာပန်တည်ပြီး သိကြားမင်းသေ၊ ပြီးတော့ သူဖြစ်ချင်တဲ့ သိကြားမင်းအသစ်ပြန်ဖြစ်၊ ကျန်တဲ့ နတ်ဗြဟ္မာတွေလည်း တရားနာခွင့်ရ အားလုံးအားလုံး အကျိုးရှိသွားတော့တာပါ။ သိကြားမင်း စိတ်ညစ်တာ ကျန်တဲ့ နတ်ဗြဟ္မာတွေပါ တရားထူးရသွားကြကုန်တာက သိကြားမင်းရဲ့ အဖြေရှာမှု၊ စကားပြောတတ်မှု လမ်းကြောင်းမှန်ကန်သွားလို့ပါပဲ။
စိတ်ညစ်လာတဲ့အခါ အဖြေစကားကြားရဖို့ သိကြားမင်းလိုပဲ စိတ်ညစ်တာတွေက ရုန်းထွက်နိုင်ဖို့ သူငယ်ချင်း မိတ်ဆွေတွေကိုပဲဖြစ်ဖြစ် ပြောပြတာကတော့ သဘာဝကျတဲ့ အပြုအမူတစ်ခုပါ။ အဲဒီသူအတွက်တော့ နားထောင်ပေးရတဲ့သူကလည်း ဝန်မလေးသလို စိတ်လည်း မညစ်ပါဘူး။
ဒုတိယလူ အမျိုးအစားကျတော့ စိတ်ညစ်စရာစကားကို ပြောတဲ့လူရော နားထောင်ပေးရတဲ့လူပါ နှစ်ဦးစလုံးအတွက် အကျိုးကိုမရှိတာပါ။ ပြောနေတဲ့လူကလည်း စိတ်ညစ်စရာစကားကို ပြောနေတာဖြစ်တဲ့အတွက် အကုသိုလ်တွေ ထပ်ဆင့်ပွားနေတော့တာပါ။ နားထောင်ပေးရတဲ့လူကလည်း ကြာလာတဲ့အခါကျတော့ အကြိမ်ရေများလာတဲ့အခါကျတော့ ပုထုဇဉ်အားလျော်စွာ နှလုံးမသွင်းတတ်ရင် ငြီးငွေ့မှုတွေ၊ စိတ်ဆင်းရဲမှုတွေ ဖြစ်လာတော့မှာပါ။ ဒီလိုဖြစ်လာရင် ပြောသူရော နားထောင်ပေးရတဲ့သူပါ နှစ်ဖက်စလုံး အကုသိုလ် ဖြစ်ရတော့တာပါ။
ဒီတော့ ကိုယ်က ဒုတိယအမျိုးအစားထဲမှာပါနေမယ်ဆိုရင်လည်း ပထမအမျိုးအစားထဲမှာပါအောင် ပြန်ကြိုးစားယူရပါမယ်။ သိပ်ပြီးခက်မယ်တော့ မထင်ပါဘူး။
အဲဒီမှာ အထူးသတိထားရမှာက ဘယ်အရာပဲဖြစ်ဖြစ် အလေ့အကျင့်များရင် နောက်ဘဝအထိ ပါတတ်တယ်ဆိုတော့ ဒီဘဝ စိတ်ညစ်စရာစကားတွေ တွင်တွင်ပြောတတ်ရင် နောင်ဘဝတွေမှာလည်း စိတ်ညစ်စရာစကားတွေ ပြောပြောနေပါလိမ့်မယ်။ အဲဒါမျိုးဖြစ်သွားရင် ပိုလို့တောင် ရှုံးပါသေးတယ်။
တခြားဆိုးကျိုးတွေလည်း အများကြီးပါ။ စိတ်ညစ်စရာစကားတွေကို မရပ်တမ်းပြောနေတဲ့သူကို ဘယ်သူမှ အချိန်ကုန်ခံ နားမထောင်ချင်ပါဘူး။ အားလုံးက အလုပ်ကိုယ်စီနဲ့ပါ။ အလုပ်ပျက်ခံ၊ အချိန်ကုန်ခံပြီး နားထောင်ပေးဖို့ဆိုတာ ရေရှည်မှာ မလွယ်ပါဘူး။ ကြာလာရင် ကိုယ့်ဆီက တယ်လီဖုန်းလာရင်တောင် ကိုင်တော့မှာ မဟုတ်ပါဘူး။ ဝေးဝေးက ရှောင်ကြတော့မှာပါ။ တချို့ဆို စိတ်ညစ်စရာစကားတွေကို တစ်ညလုံး အအိပ်ပျက်ခံပြီး နားထောင်ပေးရတာတောင် ရှိဖူးပါသတဲ့။
ဒီတော့ စိတ်ညစ်စရာစကားတွေ ပြောဖြစ်ခဲ့ရင် သိလိုက်တာနဲ့ ရပ်လိုက်ဖို့ပါ။ တုံးတိတိရပ်လိုက်ဖို့ခက်ရင်လည်း စကားလမ်းကြောင်း ပြောင်းလိုက်ဖို့ပါ။ တတ်နိုင်ရင်တော့ စိတ်ညစ်စရာစကားပြောတဲ့ ကိုယ့်ကိုလည်း အထင်မသေးအောင်၊ ပျော်စရာ၊ ကုသိုလ်ဖြစ်စရာစကားဘက်ကို လမ်းကြောင်းပြောင်းပစ်လိုက်ဖို့ပါ။ စကားလမ်းကြောင်း ပြောင်းတာတော့ ခက်မယ်မထင်ပါဘူး။ လေ့ကျင့်သွားရင် ရနိုင်ပါတယ်။ စကားလမ်းကြောင်းပြောင်းတတ်တာလည်း အတတ်ပညာတစ်ခုပါပဲ။ အဓိကကတော့ စိတ်ညစ်တာရော၊ စိတ်ညစ်စရာစကားပြောတာရော အကုသိုလ်ဆိုတာကို သေချာသိထားလိုက်ဖို့ပါ။ အကုသိုလ်လို့ဆိုလိုက်ရင် အများစုက ကြောက်ကြတာများပါတယ်။
တစ်ခါတစ်လေ တွေးမိပါတယ်။ `ငါ စိတ်ညစ်စရာတစ်ခုခုကို တွေးနေတုန်းများ အသက်ထွက်သွားရင်´ ဆိုတဲ့ အတွေးပါပဲ။ အဲဒီအချိန်မှာ အသက်ထွက်သွားရင်တော့ မသက်သာလှပါဘူး။ အသက်ဆိုတာကလည်း ပြောလို့ရတာ မဟုတ်ပါဘူး။ သူ ထွက်ချင်တဲ့အချိန် ထွက်သွားမှာပါ။ `အသက်ကလေးရယ် စိတ်ညစ်နေတုန်းလေးတော့ မထွက်ပါနဲ့ဦး။ ခဏနေပါဦး´ လို့ တောင်းပန်ထားလို့ရတာလည်း မဟုတ်ပါဘူး။ စိတ်ဆိုတာကလည်း အာရုံမျိုးစုံကို တစ်ချိန်တစ်မျိုး မရိုးရအောင် တွေးနေတာပါ။ `ကောင်းတဲ့အာရုံလေး တွေးဖြစ်နေတုန်း ထွက်ပါစေ´ လို့ ဆုတောင်းရတော့မယ့် အနေအထားပါ။
ဘာပဲပြောပြောလေ.. .. စိတ်ညစ်တာရော၊ စိတ်ညစ်စရာစကားပြောတာရော ဒေါမနဿဆိုတဲ့ အကုသိုလ်လို့ သေချာနှလုံးသွင်းလိုက်ရင် အခွင့်သင်ရင် ပြောတတ်တဲ့ စိတ်ညစ်စရာစကားတွေ အတိုင်းအတာတစ်ခုအထိ လျော့လျော့သွားမှာတော့ အမှန်ပါပဲလေ။
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)
(စံတော်ချိန် သတင်းစာ)
Share:

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support