ကောင်းမှုဟူသည် မျိုးစေ့နှင့်တူ၏၊ မျိုးစေ့ကို စိုက်ပျိုး တတ်ပါမှ
အကျိုးများ၏၊ အပင် ကောင်းစွာဖြစ်ထွန်း၏၊ အသီး ကောင်းစွာသီး၏၊ အပွင့်
ကောင်းစွာပွင့်၏။ မှန်၏… စိုက်ပျိုးမည့် သူသည် ပထမ…မိမိစိုက်ပျိုးမည့်
မျိုးစေ့ကို စီစစ်ရ၏၊ ဟုတ်မဟုတ်, မှန်မမှန်, အောင်မအောင်, ပိုးထိုးချစား
ကင်းမကင်း, မစိုက်ပျိုးမှီ သေချာအောင် ရွေးချယ်ရ၏၊ မျိုးစေ့ မမှန်သာ်
အပင်မသန်သဖြင့် ရည်မှန်းသည်နှင့် လွဲတတ်၏။
မျိုးစေ့မှန်၍ အပြစ် ကင်းသည်ရှိသော် စိုက်ပျိုးသူအတွက် ၀မ်းမြောက်ဖွယ်ရာကို ဖြစ်စေမည်။ ဤမျှဆိုက မျိုးစေ့ အတွက် လုံလောက်ပါပြီ။
ဒုတိယ… စိုက်ပျိုးမည့် နေရာအမှန်ကို ရွေးရ၏။ အိမ်၏ရှေ့ စိုက်မည်,
သို့မဟုတ် အိမ်၏နောက် စိုက်မည်, အိမ်ဘေးမှာ စိုက်မည်, စသည့် နေရာကို
ရွေးသင့်၏။
အကြောင်းသော်ကား အိမ်ရှေ့စိုက်သင့်သော အပင်မျိုးကို
အိမ်၏နောက် စိုက်ခဲ့မိသော်.. အိမ်၏နောက်ဘက် စိုက်သင့်သော အပင်မျိုးကို
အိမ်ရှေ့ စိုက်မိခဲ့သော်… နေရာမမှန်သဖြင့် ပြန်ရွှေ့ရမည့် အလုပ်သည်
ပိုလာတော့၏၊ အလုပ်ပို မဖြစ်စေသင့် အချိန်ကို အကျိုးရှိအောင်သာ သုံးသင့်သည်၊
အကျိုးမဲ့ မဖြစ်စေသင့်ပါ။ နေရာ အမှန်ရွေးနိုင်က အချိန်နှင့် အလုပ်ကို
တန်ဖိုးထားရာ ရောက်သဖြင့် အကျိုးများလှပေသည်။
တတိယ… နေရာမှန်သော်-
မြေ၏ အမျိုးအစားကို ရွေးရပေဦးမည်။ မြေကောင်းလော, မြေညံ့လော, မြေပွလော,
မြေကြတ်လော။ အဘယ် မြေမျိုးသည် စိုက်ပျိုးမည့် အပင်ကို ကောင်းစွာ ရှင်သန်စေ၍
လိုလားသည့် ကောင်းကျိုးကို ရစေ, ဖြစ်စေပါသနည်း စသည့် စိုက်ပျိုးမှု
ပညာရပ်တို့ကိုလည်း ကောင်းစွာ သိထားသင့်၏။
အဘယ့်ကြောင့်ဆိုသော် မြေ၌
မျိုးစေ့ကျတိုင်း အပင်ကို ဖြစ်စေသော်လည်း ဖြစ်လာသော ထိုအပင်သည် မြေညံ့လျှင်
မြေကြတ်လျှင် အပင်သည် ညံ့ဖျင်းတော့၏။
အပင်ညံ့သော်ကား အသီးအပွင့်
အဘယ်မှာ အလိုရှိသည့်အတိုင်း ဖြစ်နှိုင် ရနှိုင်ပါမည်နည်း။ ထို့ကြောင့်
စိုက်ပျိုးမည့် မြေနေရာသည် အလွန်မှ အရေးပါလှပေသည်။ မြေကောင်းသော်ကား
မျိုးစေ့ ညံ့စေဦးတော့ စိုက်ပျိုးသူ ကျွမ်းကျင်မှု ရှိပါလျှင် ပြုစု
စောင့်ရှောက်မှု နည်းမှန်ပါလျှင် အကျိုး ဖြစ်တန်သလောက် ဖြစ်ပါသေး၏။
ထို့ကြောင့် မြေအမျိုးစားကိုကား အလေးထား၍ ရွေးချယ်ကြရမည်
ဖြစ်ပေသည်။{ဤသည်ကား လောက ဥပမာတည်း}
{ ဥပမေယျ . ဆိုရသော် }…
မပေးလှူမှီ ဖြစ်သောစေတနာ, ပေးလှူနေဆဲ ဖြစ်သောစေတနာ, ပေးလှူပြီးနောက်
ဝမ်းမြောက်ခြင်း ဖြစ်သောစေတနာ, ဤသုံးဖြာနှင့် ပြည့်စုံသော ကောင်းမှု
ကုသိုလ်ဟူသည် မျိုးစေ့အတူပါတည်း။ အကြင်သို့သောသူသည် ကောင်းမှုကုသိုလ်ကို
အလိုရှိပါအံ့… အလှူပေးပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ်နှင့်, လှူဘွယ်ပစ္စည်း,
ဤသုံးမျိုးကို အမှန်စီစစ်ရ၏, ရွေးချယ်ရ၏, သုံးသပ်ရ၏။ အလှူကို
ပေးလှူမည့်သူသည် မိမိကိုယ်ကို မပေးလှူမှီ ပြန်လည်သုံးသပ်သင့်၏။ ငါသည်
သီလနှင့် ပြည့်စုံပါ၏လော, ဟု {အခြေခံ ငါးပါးသီလ} သုံးသပ်သင့်၏။ ကိုယ်ကျင့်
သီလပြည့်စုံပါလျှင် စိုက်ပျိုးနည်း ကျွမ်းကျင်လိမ္မာသော
ဥယာဉ်မှူးကောင်းနှင့်တူ၏။ အကျင့်သီလ မပြည့်စုံသော် မပေးလှူကောင်းဟု မဆို၊
ပေးလှူကောင်းပါ၏၊ သို့သော် စိုက်ပျိုးမှု မကျွမ်းကျင်သော သူနှင့်သာ
တူလှပေတော့သည်။
ထိုနောက် လှူဘွယ်ပစ္စည်းကို ရွေးချယ်သင့်၏၊ ဓမ္မိယလဒ္ဓ
ဖြစ်ပါ၏လော, စင်ကြယ်ပါ၏လော, မိစ္ဆာအာဇီဝမှ ကင်းသော ပစ္စည်း ဟုတ်ပါ၏လော,
အပြစ်ကင်းစွာ ရှာဖွေထားသော ဥစ္စာ ဖြစ်ပါ၏လော, အချုပ်ဆိုရသော်.. ခိုး၍,
လိမ်လည်၍, သတ်၍, အပြစ်မကင်းသော ပစ္စည်းတို့ကို ရောင်းချ၍, ရသော ဥစ္စာမှ
ကင်းလွတ်ပါ၏လော, ဟု မိမိလှူမည့် ပစ္စည်းကို စီစစ် ရွေးချယ်သင့်၏။
မစင်ကြယ်သော ပစ္စည်းများကို မပေးလှူကောင်းဟု မဆို၊ ပေးလှူကောင်းပါ၏။
သို့သော် ညံ့ဖျင်းသော မျိုးစေ့ကို စိုက်ပျိုးမိသူနှင့်သာ တူပေတော့သည်။
နောက်ဆုံး အချက်မှာကား… အလှူခံပုဂ္ဂိုလ်ကို အလေးထား၍ ရှာဖွေစီစစ်
ရွေးချယ်ကြရပေမည်။ မြေကောင်းလျှင် မျိုးစေ့ညံ့သော်လည်း
ထိုက်သည့်အားလျော်စွာ အကျိုး ဖြစ်ထွန်းကြောင်းကို ပြောခဲ့ပြီးပြီ၊
မြေကောင်းသော်ကား ဆိုဘွယ်ရာ မရှိပြီ။ ထို့ကြောင့် ကောင်းမှုကုသိုလ် ပြုလုပ်
လိုသောသူသည် ကိုယ်, နှုတ်, စိတ်သုံးပါး ဖြောင့်မတ်သော, အကျင့်သီလနှင့်
ပြည့်စုံသော, မြင့်မြတ်သော အလှူခံပုဂ္ဂိုလ်တို့ကို ရှာဖွေ ရွေးချယ်, စီစစ်၍,
ပေးလှူနှိုင်ကြရပေမည်။ တနည်း- အလှူခံ ဌာနတို့ကို အမှန်စီစစ် ရွေးချယ်၍သာ
ပေးလှူ ကြရပေလိမ့်မည်။ မျက်မှောက် လောက၌ စင်စစ် အလှူခံ ပုဂ္ဂိုလ်, အလှူခံ
ဌာနတို့သည်…
၁။ အနိမ့်ဆုံး - တိရိစ္ဆာန်, (၂) သာသနာပ သီလမရှိသော လူ,
(၃) သာသနာပ သီလနှင့် ပြည့်စုံသော လူ, (၄) သာသနာပ ဈာန်အဘိညာဏ်ရ ရသေ့ , (၅)
သာသနာတွင်း သရဏဂုဏ် သီလ ပြည့်စုံကြသောသူနှင့် သောတာပတ္တိမဂ်ရရန် ၀ိပဿနာတရား
ပွားများသော အာဂါရိက+အနာဂါရိကပုဂ္ဂိုလ်, (၆) သောတာပန် ဖြစ်သောပုဂ္ဂိုလ်,
(၇)သကဒါဂါမိမဂ် တည်သောပုဂ္ဂိုလ်, (၈) သကဒါဂါမ်ပုဂ္ဂိလ်, (၉)အနာဂါမိမဂ်
တည်သောပုဂ္ဂိုလ်, (၁၀) အနာဂါမ်ပုဂ္ဂိုလ်, (၁၁) အရဟတ္တမဂ် တည်သောပုဂ္ဂိုလ်, (၁၂)
ရဟန္တာပုဂ္ဂိုလ်, (၁၃) ပစ္စေကဗုဒ္ဓါဘုရား, (၁၄) သမ္မာသံဗုဒ္ဓဘုရား, ဟူ၍
အလှူခံပုဂ္ဂိုလ် တစ်ဆယ့်လေးဦး ရှိပါ၏။
ကောင်းကျိုး များစွာကို
အလိုရှိသူသည် ထို အလှူခံ ပုဂ္ဂိုလ်နှင့် အလှူခံ ဌာနတို့ကို အဆင့်ဆင့်
မြင့်မြတ်ရာကို ရှာဖွေ, ရွေးချယ်, စီစစ်၍သာ လှူဒါန်းသင့်ကြ၏။ မြင့်မြတ်သော
အလှူခံ ပုဂ္ဂိုလ်နှင့် အလှူခံ ဌာနတို့ကို လှူဒါန်းရသော သူတို့သည် မြေကောင်း၌
မျိုးစေ့ကောင်း စိုက်ပျိုးရသည့် နည်းတူဖြစ်၏။ များမြတ်သော
ကောင်းကျိုးတရားများစွာ ထင်ရှားဖြစ်စေ, ရစေပါသည်။
အထက်ပါ အကြောင်းအရာနှင့် ဆက်စပ်၍ ဇာတ်တော်တစ်ခု ထုတ်ဆောင်လို၏။
မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိတော်မူစဉ် ဝေဠုဝန်ကျောင်းတော်မှာ
သီတင်းသုံးတော်မူခိုက် ပေဿနဒီ ကောသလမင်းကြီးသည် မဟာအသဒိသ အလှူတော်ကြီးကို
ခုနှစ်ရက် တိုင်တိုင် ပေးလှူ၏၊ သံဃာတော်တို့သည် ပေဿနဒီ ကောသလမင်းကြီးသည်
စီစစ်ရွေးချယ်၍သာလျှင် ကောင်းမှု၏ စိုက်ပျိုးရာ လယ်မြေကိုသိ၍
ဘုရားအမှူးရှိသော အရိယာသံဃာအား မဟာအသဒိသဒါနကို ပေးလှူ၏” ဟု တရားစကား
ဆွေးနွေးကြလေသည်။
မြတ်စွာဘုရားရှင် ကြွလာတော်မူလာ၍ … ရဟန်းတို့ အဘယ်စကားဖြင့် တရားဆိုနေကြပါသနည်း? မေးတော်မူလတ်သော်…
ဘုန်းတော်ကြီးမြတ်တော် မူပါသော မြတ်စွာဘုရား ပေဿနဒီ ကောသလမင်းကြီး၏
အတိုင်းမသိသော မဟာအသဒိသ အလှူတော်ကြီးကို အကြောင်းပြု၍ တရားစကား
ဆိုနေကြပါသည်ဘုရား။
“ရဟန်းတို့ ပေဿနဒီ ကောသလမင်းကြီးသည်
စီစစ်ရွေးချယ်၍ အတုမရှိ မြတ်သောကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေသဖွယ်
ဖြစ်တော်မူသော ဘုရားအမှူးရှိသော သံဃာ၌ အလှူပေးခြင်းသည် အံ့ဖွယ်မရှိသေး…
ရှေး ပညာရှင် သူတော်ကောင်း တို့သည်လည်း စီစစ်ရွေးချယ်၍သာ အလှူကို ပေးလှူ
ခဲ့ကြကုန်၏ ” ဟု မိန့်တော်မူ၍ အတိတ်အကြောင်းကို ဆောင်ပြတော်မူပါတယ်။
ရဟန်းတို့… လွန်လေပြီးသောအခါ သိဝိတိုင်း ရောရုဝ အမည်ရှိသော မင်းကြီးသည်
ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမူ၍ လေးပါးကုန်သော
သင်္ဂဟ၀တ္ထုတို့ဖြင့် ပြည်သူများကို သင်္ဂြိုလ် ထောက်ပံ့လျက် ပြည်သူများ၏ မိဘအရာ၌
တည်စေ၍ ဆင်းရဲသောသူ , ခရီးသွား , ဖုန်းတောင်း ယာစကာတို့အား စားစရာ ၀တ်စရာ
သုံးဆောင်စရာတို့ကို အလှူကြီးပေးခြင်း ပြုတော်မူတယ်။
တနေ့သောအခါ
မင်းကြီးသည် သူ၏ အလှူပေးရာ မဏ္ဍပ်၌ အလှူခံနေကြသော အလှူခံများကို ကြည့်ရှုလျက် “
ငါ၏ အလှူကို သီလ မရှိကုန်သော လောလီကလက် အကျင့်ပျက်ကုန်သော သူတို့သည်သာ
အလှူခံ၍ နေကြကုန်၏ ထိုအလှူ ကောင်းမှုတို့သည် ငါ၏ စိတ်ကို မရွှင်လန်းစေ,
မနှစ်သက်စေ, ပါကလား… ငါသည် ဤသို့သော အလှူခံတို့ဖြင့် မကြေနပ်
မရောင့်ရဲနှိုင်ပါ၊ ငါသည်ကား သီလနှင့်ပြည့်စုံ၍ မြင့်မြတ်သော
အကျင့်ရှိကုန်သော ပစ္စေကဗုဒ္ဓါ အလှူခံ ပုဂ္ဂိုလ်တို့ကို ပေးလှူလို၏၊
ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို အဘယ် သို့သောသူသည် ပင့်ဖိတ်နှိုင်ပါအံ့နည်း၊
အဘယ်သူကို စေခိုင်းရပါအံ့” ဟု ကြံစည်စဉ်းစား၍ မရွှင်မလန်း ငြိုးနွမ်းသော
မျက်နှာတို့ဖြင့် နန်းတော်သို့ ပြန်ကြွလာတယ်။
ရဟန်းတို့…
ရောရုဝမင်းကြီး၏ သမုဒ္ဒ၀ိဇယာ အမည်ရှိသော မိဖုရားရတနာသည် ပညာကြီး၏၊
ညာဏ်နှင့်ပြည့်စုံ၏။ မိဖုရားကြီးသည် မရွှင်မလန်း ငြိုးနွမ်းသော
မျက်နှာတို့ဖြင့် နန်းတော်ကို ပြန်ကြွလာသော မင်းကြီးကို မြင်တွေ့လတ်သော်
ငါမှတပါး နှစ်သိမ့်စေနှိုင်သောသူ မရှိပြီဟု သိလျှက် “ မြတ်သောမင်းကြီး
ကြောင့်ကြတော် မမူပါလင့်, မစိုးရိမ်ပါလင့်, ရွှင်ပြသော မျက်နှာကို
ဖြစ်တော်မူပါ၊ ချမ်းသာသော စိတ်အစင် ပြုတော်မူပါ။ အကျွန်ုပ်တို့၏ စေတနာ
သုံးတန်ဖြင့် ပေးလှူ လာခဲ့သမျှသော အလှူ၏ အာနုဘော်, ပြည်သူလူထု အပေါ်
မင်းကျင့်တရားဆယ်ပါး သင်္ဂဟလေးပါးနှင့်အတူ ကျင့်သုံး ဆောက်တည် လာခဲ့သော
သီလတရားတို့၏ အာနုဘော်, သစ္စာတရား၏ အာနုဘော်တို့ဖြင့် မြတ်လေးပန်းတို့ကို
စေ၍… ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ပင့်ဖိတ်ပါမည်။ အရှင်မြတ်တို့
ကြွရောက်တော် မူလာသောအခါ အလုံးစုံသော အလှူတို့ကို ပေးလှူကြပါကုန်အံ့ ”
ထိုသို့သော သမုဒ္ဒ၀ိဇယာ မိဖုရားကြီး၏ စကားကြောင့် ရောရုဝမင်းကြီးသည်
ရွှေစိတ်တော် ရွှင်လန်းလျှက် မျက်နှာတော်မှာ တိမ်ကင်းသော လမင်းသဖွယ်
တင့်တယ်တော် မူခဲ့တယ်။
ရဟန်းတို့… နောက်တနေ့ဝယ်… ရောရုဝမြို့သူ
မြို့သား အားလုံးတို့အား သီလကို ဆောက်တည်ကြရမည်, ဟု အမိန့်တော်ဖြင့်
စည်လည်စေ၍ မင်းမိဖုရား နှစ်ပါးတို့သည်လည်း မင်းပရိသတ်နှင့်အတူ ဥပုသ်သီလကို
ဆောက်တည်၍ ကြီးစွာသော လှူဘွယ်ပစ္စည်း ၀တ္ထုတို့ကို စီမံ ဆောင်ရွက်စေပြီး
မင်းရင်ပြင်၌ အရှေ့အရပ်ကို မျက်နှာမူလျှက် ငါးပါးသော ထိခြင်းတို့ဖြင့်
ရှိခိုး၍ မြတ်လေးပန်း ခုနှစ်ဆုတ်ကို ကိုင်ဆောင်ပြီးလျှင်…
“ပုရတ္တိမာယ ဒိသာယ၊ သစေသန္တိ အရဟန္တော။ အာဂန္တွာ သုဝေသုဒ္ဓံ၊ ဘိက္ခံ ဂဏှ န္တိအာဂတံ။”
“ အရှေ့လောကဓာတ် သတ်မှတ်အပ်စွာ အရပ်မျက်နှာ၌ အာသ၀ါမြူမှေး ညစ်အကြေးမှ
ကင်းဝေးစင်ဖြူ မြတ်အလှူကို ခံယူထိုက်စွာ ရဟန္တာဟု သညာငြိမ့်ညောင်း
အရှင်ကောင်း အရှင်မြတ်တို့သည်… အကယ်၍များ သီတင်းသုံး နေထိုင်တော်မူကြ
ကုန်သည်ရှိသော် အရုဏ်ကျင်းလာ နက်ဖန်ခါ၌ တပည့်တော်တို့၏ စေတနာသုံးတန်
ထက်သန်လှူဒါန်းမည့် ဘောဇဉ်ဆွမ်းကို ကြွမြန်း၍ အလှူတော် ခံယူတော်မူလှည့်
ပါကုန်ဘုရား ” နှုတ်မှလည်းဆို လက်မှလည်း ပန်းတို့ကို ကောင်းကင်ယံသို့
မြှောက်တင် ကြတယ်။
အ၀ိညာဏကဖြစ်သော မြတ်လေးပန်းတို့သည် သ၀ိညာဏက
သက်ရှိပမာ ကောင်းကင်၌ ပျားပိတုန်းတို့ပမာ အရှေ့ စူးစူးသို့
ပျံသွားကြလေကုန်၏။ နံနက်လင်းသော် ဆွမ်းဘောဇဉ် တို့နှင့်အတူ လှူဒါန်းဘွယ်
ပစ္စည်းတို့ကို စီမံစေ၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား စောင့်မျှော်ကြကုန်၏၊
အရှေ့ဘက်မှ ထွက်ပေါ်လာသော နေမင်းကြီးသည် အနောက်ဘက်သို့ ၀င်သွားသော်လည်း
ထိုအရပ်မှ ပစ္စေကဗုဒ္ဓါတို့ မရှိ၍ ကြွရောက်မလာကြကုန်။
ရဟန်းတို့…
နှစ်ရက်မြောက်သော နေ့၌လည်း ပထမရက် နည်းတူ တောင်ဘက် အရပ်မျက်နှာကို ရှိခိုး၍
ပင့်ကြလေပြန်၏၊ ထိုအရပ်မှလည်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ မရှိ၍
ကြွမလာကြကုန်။ သုံးရက်မြောက်သော နေ့၌လည်း ဒုတိယရက် နည်းတူ အနောက်အရပ်
မျက်နှာကို ရှိခိုး၍ ပင့်ကြလေပြန်၏၊ ထိုအရပ်မှလည်း ပစ္စေကဗုဒ္ဓါ
အရှင်မြတ်တို့ မရှိ၍ ကြွမလာကြကုန်။
ရဟန်းတို့… လေးရက်မြောက်သောနေ့
ရောက်သောအခါ တတိယရက် နည်းတူ မြောက်ဘက်အရပ်သို့ မျက်နှာမူ.. ရှိခိုး၍
မလျော့သော သဒ္ဓါစိတ်တို့ဖြင့်… “မြောက်ဘက် လောကဓာတ် သတ်မှတ်အပ်စွာ
အရပ်မျက်နှာ၌ အာသ၀ါမြူမှေး ညစ်အကြေးမှ ကင်းဝေးစင်ဖြူ မြတ်အလှူကို
ခံယူထိုက်စွာ ရဟန္တာဟု သညာငြိမ့်ညောင်း အရှင်ကောင်း အရှင်မြတ်တို့သည်
အကယ်၍များ သီတင်းသုံး နေထိုင်တော်မူကြ ကုန်သည်ရှိသော် အရုဏ်ကျင်းလာ
နက်ဖန်ခါ၌ တပည့်တော်တို့၏ စေတနာသုံးတန် ထက်သန်လှူဒါန်းမည့် ဘောဇဉ်ဆွမ်းကို
ကြွမြန်း၍ အလှူတော် ခံယူတော်မူလှည့် ပါကုန်ဘုရား” မြတ်လေးပန်းတို့ကို
ပြစ်တင်၍ ပင့်လျှောက်ကြတယ်။ ထိုအခါ အ၀ိညာဏကဖြစ်သော မြတ်လေးပန်းတို့သည်
သ၀ိညာဏက သက်ရှိပမာ ကောင်းကင်၌ ယခင်ရက်များ နည်းတူ ပျားပိတုန်းတို့ကဲ့သို့
မြောက်အရပ်သို့ ပျံသွားကြလေကုန်၏။
ရဟန်းတို့… မြတ်လေးပန်းတို့သည်
နန္ဒမူလိုဏ်၌ သီတင်းသုံး၍ နေတော်မူကြသော ပစ္စေကဗုဒ္ဓါ ခုနှစ်ဆူတို့၏ ရှေ့ဝယ်
အသီးသီး ကျရောက်ကြလေသော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် နှလုံးသွင်းဆင်ခြင်
ကြသောအခါ မင်း-မိဖုရားနှင့် ပြည်သူအပေါင်းတို့သည် ပင့်ဖိတ်သည်၏ အဖြစ်ကို
သိတော်မူကြ၍ နံနက်လင်းသော် ကောင်းကင်ယံမှ ဈာန်ယာဉ်စီးလျက်
နန်းတော်မုခ်ဦး၌ ဆင်းတော်မူ၏။
မင်း-မိဖုရား ပြည်သူများတို့သည်
ဝမ်းမြောက်စွာ ကြိုဆို ရှိခိုးလျက် နန်းတော်ဆောင်သို့ ပင့်ကြလေပြီး…
ဆွမ်းစသော အလှူတော်တို့ကို ပေးလှူကြလေကုန်၏။
ဆွမ်းဘုန်းပေးပြီးသော
အဆုံး၌ နက်ဖြန်အလို့ငှာ, နက်ဖြန်အလို့ငှာ, ဟူ၍ ခြောက်ရက်တိုင်တိုင် ဆက်လက်
ပင့်ကြလေ၏… ခုနှစ်ရက် မြောက်သောနေ့ဝယ် ရတနာ ခုနှစ်ပါးတို့ဖြင့် စီရင်အပ်သော
ညောင်စောင်း အင်းပျဉ် တို့ကို ခင်းစေ၍ သီတင်းသုံးစေပြီး
ဆွမ်းပစ္စည်းနှင့်တကွ သင်္ကန်း, ထီး, အစရှိကုန်သော ရဟန်းတော်တို့၏
အသုံးအဆောင်ဖြစ်သော ပရိက္ခရာ ပစ္စည်းတို့ကို ပေးလှူကြ ပြီးသည်ရှိသော်…
မင်း-မိဖုရားနှင့် ပြည်သူများတို့အား အနုမောဒနာ ပြုလိုရကား သံဃမထေရ်ကြီးသည်
….
“အာဒိတ္တသ္မိံ အာဂါရသ္မိံ၊ ယံနီဟရတိ ဘာဇနံ ။ တံတဿ ဟောတိ အတ္ထာယ၊ နောစယံ တတ္ထဒယှတိ ။
ဧ၀ံ မာဒီပိတော လောကော၊ ဇရာယ မရဏေနစ ။ နီဟရထေ၀ ဒါနေန ၊ ဒိန္နံဟောတိ သုနီဟတံ” ဤသို့ ဟောတော်မူပါတယ်။
“မြတ်သောမင်းကြီး လောကအတွင်း လူခပင်းတို့ မှီတင်းနေရာ အိမ်ဂေဟာကို
အလျှံပြောင်ပြောင် မီးတောက်လောင် အပ်သည်ရှိသော်၊ အိမ်ရှင်သည် အိမ်၏အတွင်းမှ
အကြင်ပစ္စည်းကို ဆွဲယူနှိုင်ခဲ့မည် ဆိုပါလျှင် ထိုပစ္စည်းအစုသည် အိမ်ရှင်၏
အကျိုးငှာ အသုံးချနှိုင်၏။ မယူနှိုင်သော ပစ္စည်းစုသည်ကား အသုံးချ၍
မရနှိုင်တော့ချေ။ ထို့အတူ… လူ, နတ်, ဗြဟ္မာ, သတ္တ၀ါအပေါင်းတို့၏
ခန္ဓာအိမ်ကြီးသည်လည်း အိုခြင်း, နာခြင်း, သေခြင်း စသော မီးတစ်ဆယ့်
တပါးတို့သည် နေ့ရော ညရော တောက်လောင်နေပါ၏။
မီးမပြတ် အလောင်ခံနေရသော
သင်မင်းကြီးတို့၏ ခန္ဓာအိမ်အတွင်းမှ ဒါန, သီလ, ဘာဝနာ, စသော
ကုသိုလ်ဥစ္စာတို့ကို ကောင်းစွာ ထုတ်ယူပါလော့။ မထုတ်ယူ နှိုင်ခဲ့သော်ကား
ဘ၀ခန္ဓာအိမ်သည် အကျိုးမဲ့ ပျက်စီးရာ၏။ ထုတ်ယူနှိုင်ခဲ့သော
ကုသိုလ်ဥစ္စာတို့သည်ကား သင်မင်းကြီးတို့၏ သံသရာ ဘ၀ခရီးအတွက် ကောင်းမြတ်သော
ရိက္ခာတို့ပေးတည်း။ မမေ့မလျော့ ကောင်းစွာ သတိဆောင်ပါလော့ ” ဟု အဆုံးမတို့ကို
ပေးလျက် ကောင်းကင်သို့ ပြန်တက်၍ နန္ဒမူလိုဏ်သို့ အသီးသီး ကြွတော်မူ၏၊
မထေရ်မြတ်တို့၏ ပရိက္ခရာတို့သည်လည်း မထေရ်တို့နှင့်အတူ ကောင်းကင်သို့
ပျံလိုက်သွားကြကုန်၏။… ထိုသို့သောအခါမှ ရောရုဝမင်းကြီး၏ ပီတိတို့သည်
ပြည့်လျမ်းသွားလျက် အသက်ထက်ဆုံး စေတနာ သုံးတန်တို့ဖြင့်
အလှူကြီးတို့ကိုပေး၍… မင်းအဖြစ်မှ စုတေသော် နတ်ပြည်သို့ ရောက်တော်မူတယ်။
ရဟန်းတို့… “ရှေးအခါ ကာလမှာလည်း ပညာရှင်တို့သည် ဤသို့သာ စီစစ် ရွေးချယ်၍
ပေးလှူခဲ့ကုန်၏၊ ” ဟု ဒေသနာတော်ကို ဆောင်ပြတော်မူ၍… ပစ္စေကဗုဒ္ဓါတို့သည်
ပရိနိဗ္ဗာန် ပြုကြလေကုန်ပြီ၊ ယခုအခါ ရာဟုလာ၏ မယ်တော်သည် ထိုအခါ သမုဒ္ဒ၀ိဇယာ
မိဖုရား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါက ရောရုဝမင်း
ဖြစ်ခဲ့ဖူးပြီ…ဟု ဇာတ်တော်ကို ပေါင်းတော် မူပါတယ်။
မျိုးစေ့မမှန် ပင်မသန်
ဖူးတန်ငုံကင်း အသီးဖျင်း။
စေတနာသုံးတန် အရင်းမခံ ဘ၀ညံ့ဖျင်း ကောင်းကျိုးကင်း။
မုဒုံဆရာတော် {၂၅.၈.၂၀၀၉ }