Wednesday, 20 June 2018

"နေတတ်ရင်....... မဆင်းရဲပါ"

Image may contain: text
 စိတ်ဆင်းရဲတယ်ဆိုတဲ့နေရာမှာ
ပတ်ဝန်းကျင်ဆိုတဲ့ အပြင်အကြောင်းတရားက
သာမညပါ
ကိုယ့်အတွေးဆိုတဲ့ အတွင်းအကြောင်းတရားက
အဓိကပါ
ပတ်ဝန်းကျင်အကြောင်းတရားဆိုတာက
ဖယ်ချင်တိုင်းလည်း ဖယ်လို့မရဘူး
ပြင်ချင်တိုင်လည်းပြင်လို့မရဘူး
ကိုယ့်အတွေးတွေကတော့
ဖယ်ချင်တိုင်းလည်းဖယ်လို့ရတယ်
ပြင်ချင်တိုင်းလည်းပြင်လို့ရတယ်
ကိုယ့်အတွက် ချမ်းသာဆင်းရဲက
ကိုယ်ပေါ်မှာပဲ အဓိကမူတည်တာ
တခြားဘယ်သူ့အပေါ်မှာမှဘယ်အရာပေါ်မှာမှ
အဓိက မူမတည်ဘူး
နောက်တစ်ခုကသိရမှာက
မရလို့ ဆင်းရဲတာမဟုတ်ဘူး
ရချင် လို့ဆင်းရဲတာ
မရလို့ဆင်းရဲတာလို့ ထင်နေရင်တော့
မရတိုင်းဆင်းရဲနေရမှာပဲ
ရချင်လို့ဆင်းရဲတာလို့သိမှ
အမှန်သိလို့ ခေါ်တာပါ
ရချင်စိတ်ကိုလျှော့လိုက်တာနဲ့
ဆင်းရဲလည်းလျော့သွားတာပဲ
ဒါ သဘာဝ ပါ
သဘာဝတရားတွေဆိုတာ စက်တွေလိုပဲ
ဒီခလုပ်နိပ်လိုက်ရင် ဒီအလုပ်လုပ်မှာ
ကား ဆိုပါတော့-
လီဗာနင်းလိုက်ရင်တော့
ရှေ့မှာ ဘယ်သူရှိရှိ ဘာရှိရှိ တိုက်ပစ်လိုက်မှာပဲ
ကားပေါ်မှာ ဘယ်လိုလူပဲပါပါ တိုက်ပစ်မှာပဲ
ဘယ်သူမှငဲ့ညှာ ထောက်ထားတဲ့သဘောမရှိဘူး
သဘာဝတရားတွေဟာလည်း
ဒီတိုင်းပဲ ဒီအကြောင်းရှိရင် ဒီအကျိုးဖြစ်မှာ
ဆင်းရဲစရာအကြောင်းရှိရင် ဆင်းရဲမှာပဲ
ချမ်းသာစရာအကြောင်းရှိရင်ဘယ်သူမှမငဲ့ညှာဘူး
ချမ်းသာမှာပဲ
စိတ်မဆင်းရဲအောင်
ကိုယ့်စိတ်ကို မှန်မှန်ကန်ကန်သိပြီး
ကိုင်တွယ်တတ်ဖို့လိုတယ်
နေတတ်ဖို့လိုတယ်
နေတတ်ရင်ချမ်းသာပါတယ်
(သစ္စာရွှေစည်ဆရာတော်)
Share:

အမတ်ကြီးရဲ့ ပညာမြတ် --------------------------

No automatic alt text available.
 ❀ အမတ်ကြီးနဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်းနဲ့ချောင်းတစ်ခုနားကို ရောက်တော့ အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့။
အဲဒီအ၀တ်ပုံမှာ အပေါ်ဝတ်အကျီတစ်ထည်နဲ့ ပုဆိုးအစုတ်နှစ်ထည်ကိုတွေ့ပါတယ်။
ဘုရင့်သားက စုတ်ပြတ်နေတဲ့ အ၀တ်ပုံကိုကြည့်ပြီးတော့
- အမတ်ကြီးကြည့်ပါ ဒီအ၀တ်ပုံဟာ ဆင်းရဲသားတစ်ယောက်ရဲ့ အ၀တ်ပုံဖြစ်ရမယ်။အ၀တ်တွေဒီနားမှာ ထားသွားတာကိုကြည့်ရတာ သူရေချိုးနေပုံရတယ်"
အမတ်ကြီးက ပြုံးနေတယ်။
ဘုရင့်သားကပဲ
- အမတ်ကြီး ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့ အ၀တ်တွေကို ဖွက်ထားပြီး ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်နေရရင် မကောင်းဘူးလား။
သူတက်လာလို့ အ၀တ်တွေပျောက်သွားတာကို မြင်ရင်တော်တော်ရယ်စရာကောင်းတဲ့ရုပ်ဖြစ်နေမှာ "
❀ အမတ်ကြီးက မင်းသားအား
- အရှင့်သား လူတစ်ဦးတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးနေမှုကို ကြည့်၍ ပျော်နေတယ်ဆိုတာ သူတော်ကောင်းတွေမဟုတ် တကယ်လို့ အရှင့်သားအနေနဲ့
အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်"
အမတ်ကြီးက ရွှေပြား ၂ ပြားအား မင်းသားကို ထုတ်ပေးလေသည်။မင်းသားက အမတ်ကြီးအားနားမလည်သလိုကြည့်၏။
အမတ်ကြီးက
- အရှင့်သား ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အ၀တ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ"
မင်းသားလဲ သွားထည့်လိုက်၏။ထို့နောက် သူတို့နှစ်ဦးသစ်ပင်အကွယ်တွင်စောင့်ကြည့်နေကြသည်။
❀ မကြာမီဆင်းရဲသားရေထဲမှပြန်တက်လာသည်။အရင်ဆုံး ပုဆိုးကို ရေလဲပြီးဝတ်လိုက်သည်။
ထို့နောက် အကျီ်င်္ကို ကောက်ဝတ်လိုက်သည်။ပြီးနောက် အကျီ်အိတ်ထဲတစ်ခုခုရှိနေသလို ခံစားမိသဖြင့် လက်နှိုက်လိုက်လေသည်။
❀ ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကိုတွေ့သည်။
သူအရမ်းပျော်မြူးသွားသည်။မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏။ ကိုက်ကြည့်၏။ နောက်အိတ်ကပ်တစ်ခု
လေးနေသည်ကိုသတိထားမိ၏။
လဆင်းရဲသားကားပျော်ရွှင်မြူးတူးနေ၏။
ထို့​နောက်ပြန်လှည့်အထွက်မှာက်နှိုက်ကြည့်ပြန်၏။ရွှေပြားတစ်ပြားထွက် လာပြန်၏။
❀ ထိုအချိန်တွင် ဆင်းရဲသားက မြေကြီးပေါ်ဒူးထောက်ထိုင်ချပြီး လက်အုပ်ချီကာ ကောင်းကင်ကို မော့၍
" အို အကျွနုပ်အား ဖေးမကူညီကျသော နတ်ဒေ၀ါအပေါင်းတို့ အကျွန်ုပ်အိမ်တွင်
နေမကောင်းဖြစ်နေသော ကျွန်ုပ်အမေအား အသင်တို့စောင့်ရှောက်ပေး၏။စားစရာမရှိသောကြောင့် အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏၊သင်တို့အား အထူးကျေးဇူးတင်ပါ၏"
ဟုဆိုကာ ဦးသုံးကြိမ်ချ၍
ပျော်ရွှင်စွာပြန်သွားလေသည်။
ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သားမျက်ရည်ကျ၏။အမတ်ကြီးကား ပြုံးနေ၏။မင်းသားက
" အမတ်ကြီးယနေ့ကျွန်တော့်အား မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ"
ဟုပြော၏။အမတ်ကြီးက
"အရှင့်သား လူတွေကို ဒုက္ခပေးပြီးမှ ပျော်ရတာထက် သုခပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် " အရှင့်သားအဖို့မှတ်သားထားပါလေ"။
အညတရ ဘိက္ခု
Share:

"ဘဝအရေး စိတ်အေးရလေအောင် တရားဒေသနာတော်"

Image may contain: text
 ၂။ "ဘာလုပ်ရင် ချမ်းသာမလဲ?"
နောက်မေးခွန်းတစ်ခုကို သူက ဆက်ပြီးတော့ မေးတယ်။
"ကိံသု သုစိဏ္ဏော သုခမာဝဟတိ - ဘာလုပ်ရင် ချမ်းသာမလဲ" တဲ့။
လောကလူတွေက ဘာလုပ်ရင် ချမ်းသာမလဲလို့ မေးကြတဲ့အခါ မင်း အရောင်းအဝယ် လုပ်ပေါ့၊ ဥယျာဉ်စိုက်ပေါ့ကွာ၊ တချို့က နှစ်လုံးထီ ထိုးဖို့တောင် ပြောသေးတယ်၊ ချဲထိုးဖို့လည်းပြောသေးတယ်၊ ခုခေတ်အဖြေတွေက ဒီလို မဟုတ်ဘူးလား။
လောကလူသားတွေရဲ့ အဖြေက အပေါ်ယံလေး ကြည့်ပြီးပြောတာ။ ဘာလုပ်ရင် ချမ်းသာမတုံး။ လက်ဖက်ရည်ဆိုင်ဖွင့်ကွာ၊ ဘာအရောင်းအဝယ် လုပ်ကွာ၊ ချဲထိုးကွာ၊ ဒီလိုပဲ ပြောကြမှာ မဟုတ်လား။
မြတ်စွာဘုရားကတော့ ဘယ်လိုဖြေတုံး
"ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ - ဓမ္မကို ကျင့်သုံးလို့ရှိရင် ချမ်းသာမယ်" တဲ့။
ဟောကြည့်၊ မြတ်စွာဘုရားရဲ့အဖြေနဲ့ လောကလူသားတွေရဲ့အတွေးနဲ့ ကိုက်ရဲ့လား၊ မကိုက်ဘူး။
ဓမ္မကို ကျင့်သုံးတယ်ဆိုတော့ ဓမ္မဆိုတာ ဘာလဲမေးရင် အားလုံးသိပြီးသားဖြစ်လို့ အကျယ်မပြောဘူး၊ ကုသလကမ္မပထတရား ၁ဝ-ပါးကို ဓမ္မလို့ ခေါ်တယ်။
ကာယသုစရိုက် ၃-ပါး၊
ဝစီသုစရိုက် ၄-ပါး၊
မနောသုစရိုက် ၄-ပါး၊
ပေါင်း ၁ဝ-ပါး။
မနောသုစရိုက်ကစပြီး ပြောရအောင်။
သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့ လောဘမျိုး မရှိရဘူး၊ ဒါကို အနဘိဇ္ဈာလို့ ခေါ်တယ်။
အဘိဇ္ဈာဆိုတာ သူများပစ္စည်းကို မျက်မုန်းကျိုးခြင်းလို့ ရှေးက ဒီလို ပြောတယ်၊ သူများပစ္စည်းကို မျက်မုန်းကျိုးတယ်ဆိုတာ သူများပစ္စည်းကြည့်ပြီး ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့ လောဘပဲ။ အဲဒီ အဘိဇ္ဈာကို ရှောင်ရမယ်တဲ့။ စိတ်ထဲမှာ မဖြစ်အောင် ထိန်းရမယ်။
ပြီးတော့ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို ပျက်စီးသွားအောင်၊ ဆုံးရှုံးသွားအောင်၊ ဒီကောင် ပျက်စီးသွားရင် ကောင်းမှာပဲ၊ ဒီကောင် ဒုက္ခရောက်သွားရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့။
ဒီလူ ကြီးပွားပါစေ၊ ဒီလူ ဆင်းရဲဒုက္ခမှ လွတ်ပါစေ ဆိုတဲ့ အတွေးမျိုးပဲ တွေးပါတဲ့၊
အဲဒါက အဗျာပါဒ။
လောကလူတွေမှာ စိတ်နေသဘောထားချင်း မတူဘူးမဟုတ်လား။ သူများပစ္စည်း ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့ စိတ်နေသဘောထား ရှိတယ်၊ လူတစ်ယောက် ဒုက္ခရောက်သွားစေချင်တဲ့ အတွေးရှိကြတယ်၊ အဲဒီ လောဘနဲ့ ပတ်သက်တဲ့ အတွေးတွေ၊ ဒေါသနဲ့ ပတ်သက်တဲ့ အတွေးတွေကို မနောဒုစရိုက် လို့ခေါ်တယ်။
နောက်တစ်ခုက ကံ,ကံရဲ့အကျိုးကို လက်မခံဘဲ ငြင်းပယ်ထားတဲ့ မှားယွင်းတဲ့အမြင် မိစ္ဆာဒိဋ္ဌိ၊ အဲဒါက မနောဒုစရိုက်၊
အဲဒီ မနောဒုစရိုက်က ရှောင်ကြဉ်ပြီး ကံ,ကံရဲ့အကျိုးကို လက်ခံယုံကြည်တဲ့ မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ ရှိရမယ်တဲ့။
သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်လိုတယ်ဆိုတဲ့ လောဘနဲ့တွေးတဲ့ အတွေး, လူတစ်ယောက် ဒုက္ခရောက်စေချင်တဲ့ ဒေါသနဲ့တွေးတဲ့ အတွေး၊ အဲဒီအတွေးတွေ ကင်းရှင်းပြီးတော့ ကံ,ကံရဲ့အကျိုးကို ယုံကြည်တဲ့, လက်ခံသိမြင်တဲ့ သမ္မာဒိဋ္ဌိ တဲ့၊
အဲဒါ ဓမ္မပဲ။
အဲဒီ ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်တဲ့၊ ဒါ တစ်ခုနော်။
တစ်ဖန် ဝစီသုစရိုက် ၄-ပါးဆိုတာ နှုတ်၏ စည်းကမ်းချက်တွေ ဖြစ်တယ်။ လိမ်မပြောဘူး၊ မှန်တာပဲပြောတယ်၊ ကုန်းမတိုက်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် ညီညွတ်အောင်ပဲလုပ်တယ်၊ ရိုင်းပျတဲ့စကားကို မပြောဘူး၊ ချိုသာတဲ့စကားကို ပြောတယ်၊ ယဉ်ယဉ်ကျေးကျေးပြောတယ်၊ အကျိုးမရှိတဲ့, တန်ဖိုးမရှိတဲ့ စကားတွေကို မပြောဘူး၊ အကျိုးရှိပြီး တန်ဖိုးရှိတဲ့စကားကိုသာ ပြောတယ်။ အဲဒါက ဝစီသုစရိုက် ၄-ပါး၊ အဲဒါ ဓမ္မပဲ။
ဝစီဒုစရိုက် ၄-ပါးက အဓမ္မ၊
ဓမ္မနဲ့ အဓမ္မကို ကွဲဖို့လိုတယ်၊
ဓမ္မကို ကျင့်သုံးပါလို့ ဒီလိုပြောတယ်။
လောကလူတွေဟာ ကိုယ့်နှုတ်ကလေး ကိုယ်မထိန်းဘူး၊ မထိန်းနိုင်တော့ အမှန်ပြောရမယ့်အစား လိမ်ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီညွတ်အောင် စေ့စပ်ပေးရမယ့်အစား မတည့်အောင် လုပ်တယ်။ ချိုချိုသာသာ ပြောရမယ့်အစား ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်၊ ယဉ်ယဉ်ကျေးကျေး မပြောဘူး။ အကျိုးမဲ့တဲ့ အတင်းအဖျင်းတွေ ပြောတယ်။ လူတွေဟာ နှုတ်နဲ့မကောင်းမှု အဓမ္မတွေကို လေ့ကျင့်နေကြတယ်။ အဲဒီလို နှုတ်နဲ့ အဓမ္မတွေ ကျင့်သုံးရင် ချမ်းသာသုခဝေးလိမ့်မယ်။ ဒါကြောင့်မို့ ဓမ္မကို ကျင့်သုံးပါလို့ ဒီလိုဟောတာ။
နောက် ကာယသုစရိုက်နဲ့ ကာယဒုစရိုက် ၃-ပါး။
သူ့အသက်သတ်တာ၊
သူများပစ္စည်းခိုးတာ၊
သူများဥစ္စာ မတရားတဲ့နည်းနဲ့ ရယူတာ၊ ကာမကိစ္စတွေမှာ ဓမ္မနဲ့ဆန့်ကျင်ပြီး မှားမှားယွင်းယွင်း ကျင့်သုံးတာတွေဟာ အဓမ္မ။
သူများအသက်သတ်ခြင်းမှ ရှောင်ကြဉ်တယ်၊ သူများဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တယ်၊ သူတစ်ပါး သားမယား ကျူးလွန်ခြင်းမှ ရှောင်ကြဉ်တယ်၊
ဒါက ဓမ္မ။
ပေါင်းလိုက်တဲ့အခါကျတော့ အဓမ္မ ဆိုတာက အကုသလကမ္မပထ တရား ၁ဝ-ပါး။
ဓမ္မ ဆိုတာက ကုသလကမ္မပထ တရား ၁ဝ-ပါး။
လောကမှာ ဒါပဲ အခြေခံအားဖြင့် ကျင့်စရာရှိတယ်။ ကိုယ်လျှောက်နေတာ ဓမ္မလမ်းကြောင်းပေါ် လျှောက်နေသလား၊ အဓမ္မလမ်းကြောင်းပေါ် လျှောက်နေသလား၊ ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းကို ကြည့်လိုက်လို့ရှိရင် သိတယ်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ
Share:

“ကုသိုလ်ဖြစ်ကြောင်း သိကောင်းစရာ " ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 No automatic alt text available.
 ❀ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် “ရဟန္တာမဖြစ်သေးသမျှ
ကာလပတ်လုံး မိမိတို့သန္တာန်၌ ကုသိုလ်နှင့်အကုသိုလ်
ဟူ၍ နှစ်မျိုးဖြစ်နိုင်ကြပေသည်”ဟု သိနေကြပေသည်။
“ကုသိုလ်သည် နိဗ္ဗာန်ရောက်သည့်ဘဝတိုင်အောင်
ကောင်းကျိုးအမျိုးမျိုးတို့ကို ရစေ၏။
❀ မိဘသဖွယ်၊ ဆွေမျိုးရင်းသဖွယ် မိမိတို့ကို လိုက်၍
စောင့်ရှောက်၏။အကုသိုလ်သည် နိဗ္ဗာန်ရောက်သည့်
ဘဝတိုင်အောင် မကောင်းကျိုးများကို ရစေ၏။
ရန်သူသဖွယ် မိမိတို့ကို လိုက်၍ နှိပ်စက်တတ်၏”
ဟု သိနေကြပေသည်။
❀ သို့ဖြစ်၍ ကုသိုလ်တရားတို့ကိုတော့ စွမ်းနိုင်သမျှ
ပြုလုပ်နေကြရပေသည်။ အကုသိုလ်တရားများကိုတော့
ကင်းနိုင်သမျှကင်းအောင် ရှောင်ကြဉ်၍
နေကြရပေသည်။ ထိုကုသိုလ်နှင့် အကုသိုလ်တို့တွင်
ကုသိုလ်တရားများဖြစ်နိုင်ခြင်း၏ အကြောင်းမှာ
(၅)ပါးရှိပေသည်။
(၁)။ ယောနိသော မနသိကာရ - သင့်သော
အကြောင်းအားဖြင့် နှလုံးသွင်းတတ်ခြင်း၊
(၂)။ သပ္ပူရိသူပနိဿယ - သူတော်ကောင်းကို အမှီရခြင်း။
(၃)။ သဒ္ဓမ္မဿန - သူတော်ကောင်းတရားကို
နာကြားရခြင်း၊
(၄)။ပတိရူပ ဒေသာဝါသ - သင့်လျော်သော အရပ်၌
နေထိုင်ရခြင်း။
(၅)။ ပုဗ္ဗေစ ကတပုညတာ- ကောင်းမှုအထူးပြုခဲ့ဖူးခြင်း
ဟူသော (၅)ပါးတို့ ဖြစ်ကြပေသည်။
(အဋ္ဌသာလိနီ-ဋ္ဌ-၁၁၇)
( ၁ ) ယောနိသော မနသိကာရ - သင့်သော
အကြောင်းအားဖြင့် နှလုံးသွင်းတတ်ခြင်းဟူသည် -
အကြောင်းမှန်များကို ဆင်ခြင်၍ မိမိစိတ်ကို
ကောင်းရာဘက်၌ ပြုပြင်ကာထားခြင်းပင် ဖြစ်ပေသည်။
❀ မိမိတို့မှာ တရားသဖြင့်ရှာဖွေ၍ ရရှိထားသော ပစ္စည်း
ဥစ္စာများ ရှိနေသည့်အခိုက်၊ ကြည်ညိုထိုက်သည့်
သီလ သမာဓိ ပညာနှင့်ပြည့်စုံသော အလှူခံပုဂ္ဂိုလ်များနှင့်
တွေ့ကြုံရသည့်အခိုက်၊ စိတ် ၊စေတနာ၊သဒ္ဓါ တရားများ
ထက်သန်နေသည့်အခိုက်တွင် အလှူဒါနပြုလုပ်မှသင့်မည်
ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း
လိုက်ခြင်းသည် မိမိတို့သန္တာန်၌ ဒါနကုသိုလ်ဖြစ်လာခြင်း
အကြောင်းတစ်ပါးပင် ဖြစ်ပေသည်။
❀ မိမိတို့သည် သူတော်ကောင်းတရားတို့ကို အားထုတ်
နိုင်သည့် လူလည်းဖြစ်နေရသည့်အခိုက်၊
မဂ်ဖိုလ်နိဗ္ဗာန်တို့ကို ရစေနိုင်သော သာသနာတော်ကြီး
နှင့်လည်း တွေ့ကြုံနေရသည့်အခိုက်၊
အသက်လည်းရှင်ကာ အသင့်အတင့်ကျန်းမာ
နေသည့်အခိုက်၊ မဂ်ဖိုလ်ရောက်ကြောင်း
သူတော်စောင့်ထိန်း၍ - သမထ၊ ဝိပဿနာ့တရားတို့ကို
အားထုတ်သင့်သည်ဟု သင့်သောအကြောင်းအားဖြင့်
နှလုံးသွင်းလိုက်ခြင်းသည် မိမိတို့သန္တာန်၌ သီလကုသိုလ်၊
သမထ ဝိပဿနာကုသိုလ်တို့ဖြစ်လာခြင်း အကြောင်း
တစ်ပါးပင်ဖြစ်သည်။
(၂)။သပ္ပူရိသူပနိဿယ = သူတော်ကောင်းကို
မှီဝဲရခြင်းဟူသည်-
မိကောင်းဖကောင်းများနှင့် အတူတကွ နေထိုင်ရခြင်း၊
ဆရာသမားကောင်းများကို ကိုးကွယ်ဆည်းကပ်နေရခြင်း၊
ဆွေမျိုးမိတ်သင်္ဂဟကောင်းများနှင့် ပေါင်းသင်းဆက်ဆံ
နေရခြင်းတို့သည် သူတော်ကောင်းကို မှီဝဲရခြင်းပင်
ဖြစ်ပေသည်။
❀ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာကုသိုလ်များကို ပြုလုပ်
အားထုတ်၍ နေလေ့ရှိကြကုန်သော မိဘ၊ ဆရာသမား၊
ဆွေမျိုးမိတ်သင်္ဂဟဟူသော သူတော်ကောင်းများနှင့်
အတူတကွ နေထိုင်ကြရ၊ပေါင်းသင်းဆက်ဆံကြ
ရသော ပုဂ္ဂိုလ်တို့သည် ထိုသူတော်ကောင်းများကို
မှီဝဲရ၍ ဒါနကုသိုလ်ကိုလည်း ပြုလုပ်နိုင်ကြပေသည်။
သီလကုသိုလ်ကိုလည်း ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာကုသိုလ်တို့ကိုလည်း ပွားများ
အားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍
သူတော်ကောင်းများကို မှီဝဲရခြင်းသည်လည်း မိမိတို့
သန္တာန်၌ ကုသိုလ်ဖြစ်ခြင်းအကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
(၃)။ သဒ္ဓမ္မဿန - သူတော်ကောင်းတရားကို
နာကြားရခြင်းဟူသည်-
ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဟူသော သူတော်ကောင်း
တရားတို့ကို နာကြားရခြင်းပင် ဖြစ်ပေသည်။
❀ ဒါနကုသိုလ်ကို ပြုထားခြင်းဖြင့် ယခုဘဝ၊
နောင်ဘဝများ၌ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊
ချမ်းသာများခြင်း၊ အစိုးရခြင်းဟူသော
အကျိုးများကို ရရှိနိုင်သည်။
သီလကို- လုံခြုံအောင် ဆောက်တည်ထားခြင်းဖြင့်
ယခုဘဝ၊ နောင်ဘဝများ၌ ပစ္စည်းဥစ္စာရလွယ်ခြင်း၊
ဂုဏ်သတင်း ကောင်း ကျော်ကြားခြင်း၊
ပရိသတ်အလယ် မျက်နှာမငယ်ခြင်း၊
မတွေမဝေ သေရခြင်း၊ နတ်ပြည်သို့ ရောက်ရခြင်း
အကျိုးများကို ရရှိနိုင်သည်။
သမထ၊ဝိပဿနာတရားကို ပွားများအားထုတ်ခြင်းဖြင့်
နိဗ္ဗာန်ချမ်းသာသို့ ရောက်ရှိသွားနိုင်ခြင်း အကျိုးကို
ရရှိနိုင်သည်ဟူသော သူတော်ကောင်းတရားတို့ကို
နာကြားရခြင်းပင် ဖြစ်ပေသည်။
❀ ဒါနအကျိုးတရားကို နာကြားရသော ပုဂ္ဂိုလ်တို့သည်
ဒါနကုသိုလ်ကို ပြုလုပ်နိုင်ကြပေသည်။
သီလအကျိုးတရားကို နာကြားရသော ပုဂ္ဂိုလ်တို့သည်
သီလကုသိုလ်များရအောင် ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာ အကျိုးတရားတို့ကို နာကြားရသော
ပုဂ္ဂိုလ်တို့သည် သမထ၊ ဝိပဿနာ ကုသိုလ်တို့ကို
ပွားများအားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍
သူတော်ကောင်း တရားနာကြားရခြင်းသည်လည်း
မိမိတို့ သန္တာန်၌ ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
(၄)။ ပတိရူပ ဒေသာဝါသ - သင့်လျော်သော အရပ်၌
နေထိုင်ရခြင်း။
- အအေးအပူ ဥတုရာသီကလည်း မျှတသည့်အရပ်ဒေသ၊
- ပစ္စည်းဥစ္စာများကိုလည်း တရားသဖြင့်ရှာဖွေ၍
ရလွယ်သောအရပ်ဒေသ၊
- သာသနာကလည်း ထွန်းကားသည့် အရပ်ဒေသ၌
နေထိုင်ရခြင်းပင် ဖြစ်ပေသည်။
❀ ထိုသင့်လျော်သော အရပ်ဒေသ၌ နေထိုင်ကြရသော
ပုဂ္ဂိုလ်တို့သည် ဒါနကုသိုလ်ကိုလည်း ပြုလုပ်
နိုင်ကြပေသည်။ သီလကုသိုလ်ကိုလည်း ဆောက်တည်
နိုင်ကြပေသည်။ သမထ၊ ဝိပဿနာ ကုသိုလ်များကိုလည်း
ပွားများအားထုတ်နိုင်ကြပေသည်။ သင့်လျော်သော
အရပ်ဒေသ၌ နေထိုင်ကြရသော ပုဂ္ဂိုလ်တို့သည်
အပါယ်တံခါးကို ပိတ်စေနိုင်သည့် အရိယာမဂ်ကုသိုလ်
များကိုပင် ရရှိသွားနိုင်ကြပေသည်။ သို့ဖြစ်၍
သင့်လျော်သော အရပ်ဒေသ၌ နေထိုင်ရခြင်းသည်လည်း
မိမိတို့ သန္တာန်၌ ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်
ဖြစ်ပေသည်။
(၅)။ ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက
ကောင်းမှု အထူးပြုခဲ့ဖူးခြင်းဟူသည် -
❀ လွန်ခဲ့ပြီးသော ရှေးရှေးအတိတ်ဘဝများက သီလ၊
သမာဓိ၊ ပညာနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့ထံ၌ ဒါနကုသိုလ်
အထူး၊ သီလကုသိုလ်အထူး စသော ကုသိုလ်အထူးတို့ကို
ပြုလုပ်ခဲ့ခြင်းပင် ဖြစ်ပေသည်။
❀ မြတ်စွာဘုရား ဟောကြားတော်မူသည့် အနမတဂ္ဂသုတ္တန်
ဒေသနာတော်အရ ထိုထိုပုဂ္ဂိုလ်တို့၏ဘဝများသည် အစကို
ရှာ၍မရအောင် ကြာညောင်းခဲ့ကြပေသည်။
မရေမတွက်နိုင်သော ဘဝတို့၌ ဖြစ်ခဲ့ကြရပေသည်။
ထိုထိုဖြစ်ခဲ့ကြရသောဘဝတို့တွင် အချို့အချို့သော
ဘဝတို့၌ သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသော
ပုဂ္ဂိုလ်တို့နှင့် တွေ့ကြုံခဲ့ကြရပေသည်။ ထိုပုဂ္ဂိုလ်တို့ထံ၌
ဒါန၊ သီလစသော ကောင်းမှုအထူးများကို
ပြုခဲ့ဖူးကြပေသည်။ ယင်းကုသိုလ်အထူးများကို
(ပုဗ္ဗေစ ကတပုညတာ) ရှေးဘဝများက ပြုခဲ့ဖူးသော
ကောင်းမှုအထူးဟု ဆိုရပေသည်။
❀ ရှေးရှေးဘဝများက ကုသိုလ်ကောင်းမှုအထူးများကို
ပြုလုပ်ခဲ့ဖူးကြသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက်
ပစ္စုပ္ပန်ဘဝသို့ ရောက်လာကြသောအခါ ကုသိုလ်
ကောင်းမှုများ ပြုလုပ်လိုသည့် စိတ်ဆန္ဒများ
များနေတတ်ကြပေသည်။ စိတ်ဆန္ဒများ ရှိကြသည့်အတိုင်း
ဒါနကုသိုလ်ကိုလည်း ပြုလုပ်နိုင်ကြပေသည်။
သီလကုသိုလ်ကိုလည်း ဆောက်တည်နိုင်ကြပေသည်။
သမထ၊ ဝိပဿနာကုသိုလ်များကိုလည်း ပွားများ
အားထုတ်နိုင်ကြပေသည်။ သို့ဖြစ်၍ ရှေးဘဝများက
ကောင်းမှုအထူး ပြုခဲ့ဖူးခြင်းသည်လည်းမိမိတို့ သန္တာန်၌
ကုသိုလ်ဖြစ်ခြင်း အကြောင်းတစ်ပါးပင်ဖြစ်ပေသည်။
❀ ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမှုအထူး
ပြခဲ့ဖူးခြင်းသည် ကုသိုလ်ဖြစ်ခြင်း၏ (၅)နံပါတ်
ဝေးသောအကြောင်းပင်ဖြစ်ပါသော်လည်း
အားအကြီးဆုံးသော အကြောင်းဖြစ်ပေသည်။
❀ ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမူအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်
ဘဝ၌ ပတိရူပ ဒေသာဝါသ = သင့်လျော်သော
အရပ်ကောင်း၊ဒေသကောင်းများ၌ ဖြစ်ရပြီး
ကောင်းမှုကုသိုလ်များကို ပြုလုပ်နိုင်ကြပေသည်။
❀ ပုဗ္ဗေစ ကတပုညတာ - ရှေးဘဝများက ကောင်းမှု
အထူးပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက်
ပစ္စုပ္ပန်ဘဝ၌ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဟူသော
သူတော်ကောင်းတရားများကို နာကြားချင်သော
စိတ်ဓာတ်များ ရှိနေတတ်ကြပေသည်။ နာကြားချင်သော
စိတ်ဓာတ်များ ရှိနေကြသည့်အတိုင်း သူတော်ကောင်း
တရားများကိုလည်း နာကြားနေကြရပေသည်။
❀ ပုဗ္ဗေစ ကတပုညတာ = ရှေးဘဝများက ကောင်းမှုအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်
ဘဝ၌ မိကောင်းဖကောင်း၊ဆရာသမားကောင်းများ
နှင့်လည်း တွေ့ကြရပေသည်။
ဆွေမျိုးမိတ်သင်္ဂဟကောင်းများနှင့်လည်း တွေ့ကြ
ရပေသည်။
❀ ပုဗ္ဗေစ ကတပုညတာ - ရှေးဘဝများက ကောင်းမှုအထူး
ပြုခဲ့ဖူးသော ပုဂ္ဂိုလ်တို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌
အကြောင်းမှန်တို့ကို ရှာဖွေဆင်ခြင်၍ မိမိတို့၏စိတ်ကို
ကောင်းအောင်ပြုပြင်ကာ ကုသိုလ်ဖြစ်အောင်လည်း
နှလုံးသွင်းတတ်ကြပေသည်။
❀ မိမိတို့သည် ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌ ဒါန၊သီလ၊
သမထ၊ ဝိပဿနာ ကုသိုလ်ကောင်းမူများကို ပြုလုပ်
နိုင်ကြခြင်းသည် ရှေးရှေး အတိတ်ဘဝများက
ကောင်းမှုအထူးများ ရှိခဲ့ကြလို့ပင် ဖြစ်ကြပေသည်။
ယခုပစ္စုပ္ပန်ဘဝ၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ခြင်းကို
ထောက်ထား၍ ရှေးရှေးအတိတ်ဘဝများက
ကုသိုလ်ကောင်းမူအထူးများကိုလည်း သိကြရပေသည်။
ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝ၌ ကုသိုလ်ကောင်းမှု
အထူးများကို ပြုလုပ်ထားခြင်းဖြင့် နောင်အနာဂတ်
ဘဝများ၌ ကောင်းမြတ်ရာကောင်းမြတ်ရာဘုံဘဝများသို့
ရောက်သွားကြရမည်ကိုလည်း သိကြရပေသည်။
အကောင်းမြတ်ဆုံး နိဗ္ဗာန်ချမ်းသာသို့
ရောက်သွားကြရမည်ကိုလည်း သိကြရပေသည်။
❆ ဆောင်ပုဒ်။ ။ “ရှေးကကောင်းလို့ ၊ ခုကောင်းပါသည်။
ခုကောင်းရင် ၊နောင်ကောင်းပါလိမ့်မည်။”
❀ ကုသိုလ်၏ ကောင်းကျိုးများကိုသိကြ၍
ကုသိုလ်တရားများကို အလိုရှိကြသော အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတို့သည် ကုသိုလ်ဖြစ်ကြောင်း
(၅)ပါးတို့ကို ဆည်းပူးရယူနိုင်ကြပြီးလျှင် အမြတ်ဆုံး
အရိယာမဂ်ကုသိုလ်များကို ရသည့်အထိ ဝိပဿနာ
တရားကို အားထုတ်နိုင်ကြပါစေ။ ။
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Share:

လေးစားထိုက်သူ ===========

No automatic alt text available.
 တစ်ခါက မြတ်စွာဘုရားရှင်နဲ့ နောက်ပါ ရဟန်းငါရာတို့ဗိဗ္ဗိသာရမင်းကြီးရဲ့အင်ပါယာဖြစ်တဲ့ အင်္ဂတိုင်းမှာဒေသစာရီလှည့်လည်ရင်း စမ္ပာဆိုတဲ့ တိုက်နယ်မြို့လေးရောက်တဲ့အခါ အဲဒီမြို့ ကိုအပိုင်စား ရတဲ့ သောဏဒဏ္ဍ ဆိုတဲ့ ပုဏ္ဏားကြီးနဲ့ နောက်လိုက်နောက်ပါ လူပရိတ်သတ်တွေနှင့်တကွမြတ်စွာဘုရားကို ခရီးဦးကြိုဆို ကြပါတယ်။
ထိုသောဏဒဏ္ဍပုဏ္ဏားဟာလည်း သူအမျိုးသူ့ဇာတ်မှာဆို အခြံအရံပရိတ်များနဲ့ အလေးဂရု အပြုခံရတဲ့ ပုဂ္ဂိုလ်ပါ။ မြတ်စွာဘုရားရှင်အား ခရီးကြိုဆိုကာ မြတ်စွာဘုရားရှင်နှင့် စကားဆို နုတ်ဆက်တဲ့ အချိန်ကြတော့မြတ်စွာဘုရားရှင်ကအသင်ပုဏ္ဏားဘာများလျှောက်စရာရှိလည်းလို့လမ်းဖွင့်ပေး လိုက်တော့ဒီလူတွေဘုရား သူ့အနား ခြံရံကာ ပါလာတဲ့ သူတွေကို ညွှန်ပြကာ
လျှောက်ထားလေတော့သည်။ တပည့်တော် မြတ်စွာဘုရားရှင်ကိုမသွားသင့်ဘူးဟုပဲပြောကြပါတယ်။မြတ်စွာဘုရားရှင်ဘာအကြောင်းကြောင့်လည်းလို့ ပြန်မေးတော့…ဘာဖြစ် လို့မသွားသင့်သလဲဆိုရင်သောဏဒဏ္ဍပုဏ္ဏားဟာ
၁။ ရုပ်လည်းချောတယ်၊
၂။ ဗေဒင်သုံးပုံလည်းတက်တယ်၊
၃။ အမျိုးမြတ်တယ်၊
၎။ သီလလည်းရှိတယ်၊
၅။ ပညာလည်းတက်တယ်။
အရည်အချင်း(၅)ပါးရှိတဲ့ ဆရာပုဏ္ဏားကို ဘုရားဆီမသွားသင့်ဘူးတဲ့။ဂေါတမဗုဒ္ဓဆီသွားရင် ကိုယ့်ဂုဏ်သိက္ခာ ကျကုန်မယ် အဲဒီလိုအမျိုးဇာတ်ကိုခွဲခြားပြီတော့ဘုရားဆီမသွားနဲ့လို့ဝိုင်းတားတဲ့ကြားကနေတပည့်တော်မြတ်စွာဘုရားရှင်ထံအရောက်လာခဲ့တာပါဘုရား ။
အဲဒီလိုလျှောက်တော့ မြတ်စွာဘုရားရှင်က သင်ပုဏ္ဏား ပြောတဲ့ အချက်ငါးချက်ထဲက ပထမဆုံးရုပ်ချောပါတယ်ဆိုတာကိုဖယ်ထုက်လိုက်တဲ့ကျန်တဲ့အင်္ဂါလေးချက်နှင့်ပြည့်စုံနေရင်မလေးစားထိုက်ဘူးလား၊ပြောလိုက်တော့ လေးစားထိုက်နေကြောင်း ပုဏ္ဏားက ဖြေလိုက် သည်။ နံပါတ်သုံး အချက်ဖြစ်တဲ့ ဗေဒင်သုံးပုံ တာကိုရော ဖယ်ထားလိုက်ရင်။
လေးစားထိုက်သူဟု မဆိုထိုက်ဘူး လားလို့ မြတ်စွာဘုရားကမေးတော့၊လေးစားထိုက်နေကြောင်း ပုဏ္ဏားက ဖြေလိုက်သည်။
အဲဒီလောက်အထိတော့ပုဏ္ဏားနောက်ပါလာတဲ့အခြံအရံပရိတ်သက်များကဘာမှစောကဒ မပြကြသေးပေ။နောက်အမျိုးမြတ်တာကိုရော ဖယ်ထားလိုက်မယ်ဆိုရင် လေးစားထိုက် သူမဟုတ်ဘူးလားဆိုလိုက်တော့အိန္ဒိယနိုင်ငံရဲ့ အမျိုးဇာတ်ခွဲခြားမှုက ကြီးထွားနေတော့ စပ်စပ်ထိမခံနိုင်ကြတော့ပေ။ အဲဒီတော့မှ သောဏဒဏ္ဍပုဏ္ဏားကအမျိုးဇာတ်မြတ်ပေမယ့်သူများအသက်သတ်ဖြတ်နေရင်သားသတ်သမားဖြစ်နေမှာပေါ့။ သူများဥစ္စာခိုးနေမယ် သူများသားမယားကျူးလွန်ဖျက်စီးနေမယ်ဆိုရင် အမျိုးမြတ်သူလေးစားထိုက်သူဟု မဆိုနိုင် ဘူး၊ဒါ့ကြောင့်သီလနဲ့ပညာသာအရေးကြီးဆုံးပါလို့ ရှင်းပြလိုက်တော့မှ အားလုံး စောဒက မတက်လာတော့ပေ။
ဒီနှစ်မျိုးထဲထပ်လျှော့လို့ရသေးလားလို့မေးလိုက်တော့၊
“မလျှော့နိုင်တော့ပါဘုရားသီလနဲ့သုတ်သင်မှ ပညာအရောင်တတ်ပါတယ်၊ပညာနဲ့သုတ်သင်ပေးမှ သီလဖြူစင်ပါတယ် သီလရှိသူမှာ ပညာရှိနိုင်တယ်၊ပညာရှိသူမှာသီလရှိနိုင်တယ် သီလနဲ့ပညာဟာ လက်နှစ်ဖက် လိုပါပဲ တစ်ဖက်စင်ကြယ်မှတစ်ဖက်ကဆေးကြောပေးနိုင်မှာပါ၊ သီလနဲ့ ပညာဟာ လောက မှာအမြတ်ဆုံးပါပဲ လို့ဖြေကြား လိုက်တော့”
မြတ်စွာဘုရား ရှင်က ဟုတ်တယ်ပုဏ္ဏားကြီး ဒီအတိုင်းမှန်တယ်လို့ငါဘုရားလည်းခံယူဟောကြားတယ်လို့ မိန့်တော်မူ လိုက်ပါတယ်။
"လေးစားထိုက်သူဟူသည် ဘယ်လိုလူဖြစ်မလဲဆိုတာအထက်ပါဇာတ်တော်ကိုဖက်ရှု့သောအားဖြင့်သိမြင်လောက်ပါတယ်။စာရှုသူတို့ဝန်းကျင်တွင်တွေ့မြင်နေရသောလေးစားထိုက်တဲ့ပုဂ္ဂိုလ်ကားအဘယ်စံချိန်ဖြင့် တိုင်းတာသတ်မှတ်ထားပါသနည်း၊ သူ့နေရာဒေသနှင့်သူတော့မိမိဉာဏ်မှီသလောက်တိုင်းတာစံထားနေကြမည်။မိမိတို့နှိုင်းယှဉ်ထားသည့် လေးစားထိုက် သူကိုလည်း အပြစ်မဆိုလိုပါ။ မိမိတို့နှိုင်းချိန်သည့် စံကား တို့သူပိုင်သည့်စီးစိမ်ဖြင့်လား၊ဆွေမျိုးများခြင်းဟူသောအမျိုးဂုဏ်ကြောင့်လား၊ရာထူးအာဏာကြောင့်လား၊ ဆန်းစစ်ဖို့ လိုသည်။
မြတ်စွာဘုရားရှင်ကတော့ သီလနှင့်ပညာ ထိုသူ့ထံ၌ (Balance) ချိန်ခွင်လျှာကဲ့သို့ ညီမျှနေရမည်၊ထိုသူကိုသာလေးစားထိုက်သူဟု ဟောကြားတော်မူခဲ့သည်။ထို့ကြောင့် မိမိမှာရှိနေသည့် လေးစားထိုက်သည့် ဂုဏ်သည်အဘယ်အချက်လက်များကြောင့်ပါလဲ၊ မှားနေသလား မှန်သလားဆိုတာ ပြန်လည်ဆန်းစစ် ဖို့လိုပေသည်။ လေးစား ထိုက်သူမဖြစ်သေးသော်လည်းဖြစ်နိုင်သောနည်းလမ်းများ ဘုရားရှင် ဟောကြားတော်မူခဲ့ သည်ကိုလေးစားလိုက်နာနိုင်ကြပြီးလေးစားထိုက်သူဖြစ်အောင် ကျင့်ဆောင်နိုင်ကြပါစေ။
"သီလက္ခန္ဓ၀ဂ္ဂ သောဏဒဏ္ဍသုတ်"ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်မှကူးယူဖော်ပြပါသည်
MS
Share:

Saturday, 16 June 2018

ပါရမီဆိုတာဘာလဲ ++++++++++

Image may contain: text
 ဗုဒ္ဓဘာသာဝင်တွေဟာ ပါရမီဆိုတဲ့စကားနဲ့
အတော် ရင်းနှီး ကျွမ်းဝင်သူတွေ ဖြစ်ကြပါ
တယ်။ ဘုရားလောင်းတော် အဂ္ဂသာဝက၊
မဟာသာဝက အလောင်းတော်ကြီးများ ပါရ
မီ ဖြည့်တော်မူခဲ့ကြကြောင်း ကြားဖူးကြသူ
များဖြစ်ပါတယ်။ ပါရမီဆိုတဲ့ အသုံးအနှုန်းကို
လည်း ဖောဖောသီသီ ပြောဆိုသုံးနှုန်းတတ်
ကြပါတယ်။ ဥပမာ ပါရမီဖြည့်ဖက်၊ ပါရမီရှိ
သူ ပါရမီရှင်စသည်ဖြင့်ပေါ့။ ကျမ်းဂန်တွေမှာ
ပြဆိုတဲ့ ပါရမီက
၁။ ပေးကမ်းစွန့်ကြဲလှူဒါန်းမှုဆိုတဲ့ ဒါနပါရမီ။
၂။ ငါးပါး ရှစ်ပါး ဆယ်ပါး စသည်ဖြင့် သိက္ခာ
ပုဒ်တွေကို စောင့်ထိန်းမှုဆိုတဲ့ သီလပါရမီ။
၃။ သက်ရှိသက်မဲ့ပစ္စည်းဝတ္ထုနှင့် အဲဒီပစ္စည်း
ဝတ္ထုအပေါ် လိုချင် တက်မက်တာကို စွန့်ခွါမှု
တောထွက်မှုဆိုတဲ့ နေက္ခမပါရမီ။
၎။ အရာရာမှာ တတ်သိနားလည်အောင်လုပ်
ဆောင်မှုဆိုတဲ့ ပညာပါရမီ။
၅။ ကုသိုလ်ရေး ကိစ္စတွေမှာ မကြောက်မရွံ့
သက်စွန့်ကြိုးပမ်း ထမ်းဆောင်မှုဆိုတဲ့ဝီရိယ
ပါရမီ။
၆။ အအေးအပူစတဲ့ဒဏ်၊ သူတစ်ပါးညှင်းပန်း
နှိပ်စက်မှုဒဏ် စသည်ကိုသည်းခံမှုဆိုတဲ့ ခန္တီ
ပါရမီ။
၇။ တရားနည်းလမ်းအတိုင်း ဖြောင့်မတ်မှန်
ကန်စွာ လုပ်ဆောင်မှုဆိုတဲ့ သစ္စာပါရမီ။
၈။ ကုသိုလ်ရေးကိစ္စတွေမှာ ရည်မှန်းဆုံးဖြတ်
ထားသည့် အခြေအနေသို့ မရောက် မချင်း
မယိမ်းမယိုင် ကြံ့ကြံ့ခံမှုဆိုတဲ့ အဓိဋ္ဌာန်။
၉။ မချစ် မမုန်း လျစ်လျူရှုမှု ဆိုတဲ့ ဥပေက္ခာ
ရယ်လို့ ဆယ်မျိုးရှိတယ်ဆိုတာ သိကြပြီးဖြစ်ပါ
တယ်။
ဒီနေရာမှာ စဉ်းစားစရာတစ်ခုရှိပါတယ်။
ပေးကမ်း လှူဒါန်းမှုကို ဒါနလို့ ပြောဆို သုံးနှုန်း
တတ်ကြသလို ဒါနပါရမီလို့လည်း ပြောဆို သုံး
နှုန်းတတ်ကြပါတယ်။ ဒါနနဲ့ ဒါနပါရမီတူသလား။
ဘာကြောင့် ပါရမီဆိုတဲ့ အထူးပြု စကားလုံးကို
ပြောဆိုသုံးနှုန်းရသလဲ။ ဒါစဉ်းစားစရာပါ။ သိသင့်
နားလည်သင့်တဲ့ ကိစ္စပါ။ ပါရမီဆိုတဲ့ အထူးပြု
စကားလုံးနှင့် ပါတ်သတ်လို့ သံသရာ တစ်ဖက်
ကမ်းဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်စေနိုင်ကြောင်း
ကောင်းမှု ကုသိုလ်ကို ပါရမီ ခေါ်တယ်လို့ ဇိနာ
လကာင်္ရဋီကာမှာ မိန့်ဆိုထားပါတယ်။
ဋီကာဆရာရဲ့ဆိုလိုချက်ကို နားလည်ကြမယ်ထင်
ပါတယ်။ ဒါပေမယ့် လူငယ် လူရွယ်တွေအဖို့ မေး
စရာရှိကောင်းရှိနိုင်ပါတယ်။ နိဗ္ဗာန်သို့ ရောက်စေ
နိုင်တဲ့ ကုသိုလ်ကောင်းမှုဆိုတာဘယ်လိုကုသိုလ်
ကောင်းမှုလဲ ဆိုတဲ့မေးစရာပါ။ ဟုတ်ပါတယ်။
ဒီအချက်က အထူးအရေးပါတဲ့ အချက်ပါပဲ။ ဒီအ
တွက် နိဗ္ဗာန်ကိုရည်မှန်းပြုလုပ်တဲ့ကုသိုလ်ကောင်း
မှုသည်သာ နိဗ္ဗာန်သို့ ရောက်စေနိုင်တဲ့ ကုသိုလ်
ကောင်းမှုဖြစ်တယ်လို့ ကျမ်းဂန်တွေမှာ မိန့်ဆို
ထားတာ အများအပြားရှိပြီးဖြစ်ပါတယ်။
ဒါကြောင့်ပါရမီဆိုတာ နိဗ္ဗာန်ကိုရည်စူး နိဗ္ဗာန်ကို
ရည်မှန်း ပြုလုပ်လို့မို့ နိဗ္ဗာန်သို့ ရောက်စေနိုင်တဲ့
ကုသိုလ်ကို ခေါ်တယ်လို့ သိနိုင်ပါတယ်။ တစ်
နည်းပြောရရင် လောကီကျိုးသက်သက်မျှော်ကိုး
တောင့်တပြုလုပ်တဲ့ ကုသိုလ်နှင့် လောကုတ္တရာ
ကျိုးမျှော်ကိုး တောင့်တပြုလုပ်တဲ့ကုသိုလ်နှစ်မျိုး
မှာလောကီကျိုးသက်သက်ကို မျှော်ကိုး တောင့်
တပြုလုပ်တဲ့ကုသိုလ်က ပါရမီနှင့်မဆိုင်ဘူး။
သာမာန်ကုသိုလ်သာဖြစ်တယ်။ လောကုတ္တရာ
ရည်မှန်းပြုလုပ်တဲ့ ကုသိုလ်ကို ပါရမီခေါ်တယ်
လို့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါပြီ။ ဒါက
ပါရမီဆိုတာ ဘာလဲဆိုတဲ့ အပိုင်းကို လေ့လာ
ကြည့်တာပါ။
ဒီတော့ ပြဆိုခဲ့တဲ့နှစ်ပိုင်းကို လေ့လာလိုက်တာ
နဲ့ပဲ ဒါနမှု သီလမှုစတဲ့ ကုသိုလ်ရေးအလုပ်တိုင်း
ကို ပါရမီလို့ခေါ်သလားဆိုတဲ့ မေးခွန်းရဲ့အဖြေ
ကို စာဖတ်သူများ သဘောပေါက်နားလည်ပြီ
လို့ ယူဆပါတယ်။ လိုရင်းကိုဖြေရရင် ကုသိုလ်
ရေးအလုပ်တိုင်းကို ပါရမီ မခေါ်နိုင်ဘူးလို့ဖြေရ
မှာပါပဲ။
ဒီနေရာမှာ တစ်ဆက်တည်း ပြောချင်တာက
ကုသိုလ်လုပ်တဲ့အခါ ပြဆိုခဲ့သလို ထားတတ်တဲ့
ရည်ရွယ်ချက်နဲ့ ပါရမီ သဘောကို သတိထား
ကြည့်ရင် ငါ ပါရမီကုသိုလ် ဘယ်လောက်စုမိပြီ
လည်း၊ သာမာန် ကုသိုလ်တွေပဲ လုပ်မိနေသ
လား၊ မိမိကိုယ်မိမိ ဆန်းစစ်နိုင်ပါလိမ့်မယ်။ မိမိ
အခြေအနေကို သုံးသပ်နိုင်ပါလိမ့်မယ်။ ဒါတင်
မကပါဘူး။ နောင်အခါလုပ်ဦးမယ့် ကုသိုလ်ရေး
ကိစ္စတွေကို ဘယ်လို ရည်ရွယ်ချက် ဘယ်လို
ဦးတည်ချက်တွေနဲ့ လုပ်သင့်တယ်ဆိုတဲ့ အသိ
ကိုပါ တစ်ခါတည်းရရှိပြီး ဖြစ်ပါလိမ့်မယ်။
ဒီအသိ ဒီအမြင် ဒီအတွေဒအခေါ်ဟာ စာဖတ်
သူများအဖို့ သံသရာ ခရီးအတွက် တန်ဖိုးကြီး
မားတဲ့ အရာတွေပါဘဲ။
အရှင်နန္ဒသေနာလင်္ကာရ
ဘာသာရေးအနှစ်သာရများ
Share:

သံသရာလွတ်မြောက်အောင်နေနည်းနဲ့ နေထိုင်သူများ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 ❀ သူတော်ကောင်းတို့တတွေကတော့ ကံကောင်းလို့ လူ့ဘ၀ ရလာကြပြီ။ လူ့ဘ၀ရောက်ဖို့
ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘ၀ကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာ
ဘယ်လိုနေကြမလဲ။ တချို့ကပြောကြတယ် ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်အောင်လုပ်မယ်။
ရာထူးဂုဏ်မြင့်မားအောင် ဆောင်ရွက်မယ်။ ပညာ၊ အောင်မြင်ကျော်ကြားအောင် ကြိုးစားမယ်။
အခြံအရံ ပေါကြွယ်အောင်လုပ်မယ်။ ဒီလိုနဲ့ ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်လို့၊ အောင်မြင်
ကျော်ကြားလို့၊ ရာထူးရာခံတွေ မြင့်မားလို့၊ အခြံအရံတွေ ပေါများနေရင် ဘ၀မှာ နေပျော်ပါပြီလို့
ပြောကြတယ်။ ဒါက .. တကယ့် ဘ၀နေနည်း ဟုတ်ရဲ့လား။
❀ ဆရာတော် ဥူးသုမင်္ဂလ ဟောကြားတာက “လူ့ဘ၀မှာ နေနည်း သုံးနည်းရှိတယ်။
၁။ ယုတ်ညံ့သောနေနည်း။ ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့ အပေါ်မှာ ယုံ
ကြည်သက်ဝင်မှု အားနည်းပြီး လိုက်နာကျင့်သုံးမှု မရှိသူ။ ရှာဖွေရရှိထားတဲ့ ဥစ္စာပစ္စည်းတို့ကို
လည်း ပေးခြမ်းလှူဒါန်းခြင်း မရှိသူ။ ကာမဂုဏ်တို့မှာ မွေ့လျော်ပျော်ပါးလိုက်စား၍ အကျိုးကျေး
ဇူးမဲ့ ဘ၀ကို အချီးနှီး ကုန်လွန်စေတဲ့သူ။ မိမိကိုယ်တိုင် ပစ္စုပ္ပန် သံသရာအကျိုးမဲ့၊ သူတစ်ပါး အ
တွက်လည်း အကျိုးမပြုနိုင်သော နေနည်းကို ယုတ်ညံ့သောနေနည်းနှင့် နေထိုင်ကြသူများလို့
ပြောနိုင်ပါတယ်။
၂။ မြင့်မြတ်သောနေနည်း။ ။ ရတနာသုံးပါးအပေါ်မှာ ရိုသေကိုင်းရှိုင်းပြီး မိဘဆရာသမား
ဆွေမျိုးမိတ်ဆွေတို့အပေါ်မှာ လေးစားအားကိုးလောက်စေခြင်း၊ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော
အကျိုးကျေးဇူးဖြင့် အတ္တဟိတ၊ ပရဟိတ အကျိုးကို လုပ်ကိုင်ဆောင်ရွက်နေခြင်းဟာ မြင့်မြတ်
သောနေခြင်း ဖြစ်ပါတယ်။
၃။ လွတ်မြောက်အောင်နေနည်း။ ။ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောလောကမှ လွတ်မြောက်
အောင် ၀ိပဿနာတည်းဟူသော သံသရာလွတ်ကြောင်းတရားတို့ကို ကြိုးစားအားထုတ်သဖြင့် ယခု ပစ္စက္ခ ဘ၀မှာပင်လျှင် အရဟတ္တမဂ်ရေစင်တို့ကို သောက်သုံးန်ုင်တဲ့ ၀ီရိယ စွမ်းအားတို့
ကြောင့် နောင်တဖန် ခန္ဓာမလာနိုင်အောင် ကြိုးစားအားထုတ်နိုင်လျှင် လွတ်မြောက်အောင်နေ
နည်းနဲ့ နေထိုင်သူများ ဖြစ်ပါတယ်။
လူတွေမှာ တစ်သံသရာလုံးကပါတဲ့ အကျင့်ဆိုးတွေရှိသလို အကျင့်ကောင်းတွေလည်း ရှိ
ကြတယ်။ အကျင့်ဆိုး ၀ါသနာဆိုးဆိုတာ စွန့်နိုင်ခဲတယ်။ ကျင့်ဖန်များလာရင် စရိုက်လို ဖြစ်လာ
တယ်။ အဲဒီ စရိုက်ကနေ မလုပ်ရရင် မနေနိုင် မပြောရရင် မနေနိုင်တဲ့ ၀ါသနာအဖြစ်ကို ပြောင်း
လဲသွားတယ်။ ကောင်းမွန်တဲ့ တရားဘက်ကိုလှည့်နိုင်ဖို့ မိမိတို့ရဲ့ ကောင်းမွန်တဲ့ အကျင့်မှ စရိုက်
ကောင်း ၀ါသနာကောင်းတွေကို ပြောင်းလဲနိုင်အောင် ခန္ဓာအရှိကို ဉာဏ်အသိနဲ့မြင်အောင် အကျင့်
စရိုက် ၀ါသနာကို ဉာဏ်ပညာနဲ့ ပြောင်းနိုင်မယ်။
ဘုရားအဆုံးအမ ကိန်းအောင်ကျင့်ရမယ်။ ဘုရားအဆုံးအမတွေက အရှိအမှန် တရားတွေ
သာသနာတွင်းသား ဖြစ်ချင်ရင် ကိုယ့်သီလကို ကိုယ်တိုင်စစ်ဆေး။ ကိုယ့်မှာရှိနေတဲ့ စရိုက်ဆိုးတွေ
ကို မြင်အောင်ကြည့်ပြီး ချိုးနှိမ်နိုင်ခြင်းဖြင့် သူတော်ကောင်း ဖြစ် မဖြစ် စစ်ဆေးကာ မြတ်သော၊
လွန်မြောက်သော၊ လွတ်မြောက်သော နေနည်းနဲ့ နေထိုင်ကြသူများ ဖြစ်နိုင်ကြပါစေသတည်း။
{ ၂၅.၁၂.၂၀၀၈ နေ့၊ မတ္တရာမြို့၌ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော လူဖြစ်ကျိုး
နပ်ပါစေ တရားတော်နှင့် ၄.၇.၂၀၀၉ နေ့၊ မင်္ဂလာတိုက်(မှော်ဘီ)၌ ဆရာတော်ဥူးသုမင်္ဂလ
ဟောကြားတော်မူသောရွှေသြ၀ါဒ အနှစ်ချုပ်တရားမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
Share:

ကျီးကန်းတစ်ကောင်မှ ပေးသော သင်ခန်းစာ 🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

 No automatic alt text available.
 အရမ်းပူတဲ့ နေ့တစ်နေ့မှာ ရေဆာနေတဲ့ ကျီးကန်းတစ်ကောင်ဟာ ရေဘယ်နေရာမှာ ရှိနိုင်သလဲဆိုတာကို သိနိုင်ဖို့အတွက် လယ်ကွင်းတွေရဲ့အပေါ်ကနေ ပျံသန်းပြီး ရှာဖွေနေပါတယ်။ အချိန်သာ ကုန်လာတယ် ရေရှိမယ့် နေရာကို
မတွေ့ဘူး ဖြစ်နေတယ်။ရေမသောက်ရသေးတဲ့အပြင် မောဟိုက်နေတာကြောင့် ပျံသန်းဖို့တောင် အားမရှိတော့ဘူး။ မျှော်လင့်ချက်မဲ့ နေတဲ့ အခြေအနေကို ရောက်နေပြီ။
မောဟိုက်လွန်းပြီး မပျံနိုင်တော့လို့ လယ်ကွင်းထဲတစ်ခုထဲမှာ နားလိုက်ရပါတော့တယ်။ ရုတ်တရက် လယ်ကွင်းရဲ့ တစ်နေရာ သစ်ပင်အောက်မှာ အရာတစ်ခုကို သူလှမ်းတွေ့လိုက်တယ်။
သေချာသွားပြီ အဲဒါကတော့ ရေခရားတစ်ခုပဲဖြစ်ပါတယ်။ ဝမ်းသာအားရနဲ့ ရေခရားအဖုံးကို နှုတ်သီးနဲ့ ထိုးကြည့်ပြီး ရေရှိ မရှိ ကြည့်လိုက်တော့ ခရားထဲမှာ ရေတစ်ဝက်လောက်ရှိသေးတယ်။ သောက်မယ်လည်းကြံရော ခရားရဲ့အဝနဲ့
သူ့ခေါင်းနဲ့ မဆံ့ဘူးဖြစ်နေတယ်။
အဲဒါနဲ့ ကျီးကန်းလည်း ရေခရားကို စောင်းကြည့်လိုက်တယ်။ ဒါပေမယ့် ရေခရားက အရမ်းလေးနေတယ်။ ဘယ်လိုမှ မလို့မရဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ကျောက်ခဲလေးတွေကို တွေ့လိုက်တော့ သူ အကြံတစ်ခု ရသွားတယ်။
အဲဒါနဲ့ ကျောက်ခဲတစ်ခုကို ခရားထဲကို ထည့်လိုက်တယ်။ အခြေအနေက
မထူးသေးဘူး။ နောက်ထပ်ကျောက်ခဲတွေ တစ်ခုပြီးတစ်ခု ထပ်လည်း
ထည့်လိုက်ရောက် ရေမျက်နှာပြင်မြင့်တက်လာလိုက်တာ နောက်ဆုံးတော့ သူ့နှုတ်သီးနဲ့ သောက်လို့ရတဲ့ အခြေအနေကို ရောက်ရှိသွားတော့တာပေါ့။ ကျီးကန်းလေးလည်း ပျော်ပျော်ကြီးသောက်လို့ရသွားပါတော့တယ်။
ဒီပုံပြင်ထဲက ကျီးကန်းလေးလိုပါပဲ ကျွန်ုပ်တို့လည်း ဘဝမှာ မိမိလိုချင်တာတွေကို ရှာဖွေတဲ့အခါမှာ အဆင်ပြေတာ ရှိသလို အဆင်မပြေ ဒုက္ခရောက်ရတာလည်း ရှိမှာပါ။ အဆင်မပြေတဲ့အခါမှာ ဘယ်တော့မှ အရှုံးမပေးပါနဲ့။
မြန်မာစကားပုံတစ်ခု ရှိပါတယ် "လိုလျှင်ကြံဆ နည်းလမ်းရ"တဲ့ သင့်ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့အတွက်တော့ သင့်ရဲ့ လုံလဝီရိယတွေကို တွေးခေါ်ဆင်ခြင်းစဉ်းစားမှု ဆိုတာတွေနဲ့ ချိန်ထိုးပြီးဖြေရှင်းမယ်ဆိုရင်တော့
သင်လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ဟာလည်း မလွဲမသွေ ရောက်ရှိမှာပါ။
မြနန်းဆရာတော်
Share:

စိတ်သောကကြုံတဲ့အခါ သတိရသင့်တဲ့စကားကြီး ၃ ခွန်း ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

 Image may contain: text
 ❀ အသက်တစ်ရာမနေရပေမဲ့ အမူတစ်ရာတွေ့ရပါတယ်လို့ လူကြီးသူမတွေပြောဆိုတာကို ခဏခဏကြားဖူးပါတယ်။ ကံဆိုးမိုးမှောင်ကျလို့ စိတ်အကျဉ်းအကျပ်ထဲ ရောက်နေတဲ့ အခါပဲဖြစ်ဖြစ် စိတ်သောကအကြီးအကျယ်ဖြစ်နေတဲ့ အချိန်အခါပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုကိုယ်ဖြန်ဖြေတတ်ဖို့ အလွန် အရေးကြီးပါတယ်။ အဲဒီအချိန်မျိုးမှာ အောက်ပါစကား ၃ ခွန်းကိုသတိရဖို့လိုပါတယ်။
၁။ ရှိပါစေတော့
❀ စွန့်စားတိုင်းအကျိုးအမြတ်ရတာမဟုတ်သလို ကြိုးစားတိုင်းလည်း အောင်မြင်ချင်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားခဲ့တဲ့ အနေအထားမှာ ကိုယ်မျော်လင့်ခဲ့တဲ့အတိုင်း ဖြစ်မလာခဲ့ရင် နေပါစေတော့၊ ရှိပါစေတော့ ဆိုတဲ့စကားနဲ့ ကိုယ့်စိတ်ကို ကိုယ်ဖြေလို့ရပါတယ်။
၂။ အရေးမကြီးပါဘူး
❀ ဘယ်လောက်ကြီးမားတဲ့ ပြဿနာနဲ့ပဲ ကြုံနေပါစေ အရေးမကြီးပါဘူးဆိုတဲ့ စိတ်နေစိတ်ထားနဲ့ ရင်ဆိုင်သင့်ပါတယ်။ ပြဿနာကို ပေါ့ပေါ့တန်တန် သဘောထားခိုင်းခြင်းမျိုး မဟုတ်ပါ။ အရေးကြီးတယ်လို့ ထင်မြင်လွန်းရင် ခေါင်းပူသွားတတ်ပါတယ်။ ခေါင်းအေးအေးထားနိုင်ခြင်း၊ အကောင်းမြင်အောင် ကြည့်တတ်ခြင်းနဲ့ အပြုသဘောဆောင်အောင်တွေးတောတတ်ခြင်းဟာ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးခြေလှမ်းဖြစ်တတ်ပါတယ်။ ဘ၀ကံကြမ္မာဟာ လူတစ်ဦးအတွက် အခွင့်အရေးတံခါး တစ်ပေါက် ပိတ်ဆို့လိုက်ပေမဲ့ အခြားတနေနေရာမှာ ပြူတင်းတစ်ပေါက် ပြန်ဖွင့်ပေးလေ့ရှိတတ်ပါတယ်။
၃။ ပြီးဆုံးသွားမှာပါ။
❀ သန်ခေါင်ယံထက်ညဉ်မနက်ပါဘူး၊ အချိန်ဟာ ဝေဒနာကိုကုစားဖို့ အကောင်းဆုံးဆေးဝါးဖြစ်တတ်ပါတယ်။ မိုးကြီးလေကြီး ဘယ်လောက်ပဲ သဲကြီးမဲကြီး ဖြစ်နေပါစေ မကြာမှီ နေသာမယ်ဆိုတာ ခန့်မန်းကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။ ဘယ်လောက်ကြီးမားတဲ့ ပြဿနာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးဆုံးသွားမှာပါ။
လေးစားစွာဖြင့်

Share:

ရှက်ဖို့ကောင်းတယ် = = = = = = ===

Image may contain: 1 person, text 

































တစ်ခါက ဓါးမကူး ဆရာတော်ဘုရားကြီးသည် ကျောင်းပေါ်၌ ဘုရားဝတ်တက်နေသည်။ ဘုရားဝတ်တက်လို့ ခဏအကြာ
ကျောင်းအောက်မှ ခွေးနှစ်ကောင်က ဆူညံ့စွာ တစ်ကောင်နှင့်တစ်ကောင် ကိုက်ကြသည်။ အစာ လုကြသည်။
ဘုရားအာရုံပြုသည်။ မရ။
ကြိုးစား အာရုံပြုသည်။ မရ။
ခွေးနှစ်ကောင် ကိုက်ဖြတ်အော်ဟစ်သံများဆီသို့သာ စိတ်က ရောက်ရောက်သွားသည်။ မနေနိုင်သည့်အဆုံး တောင်ဝှေးကိုင်ကာ ကျောင်းအောက်သို့ ဆင်း၍
ခွေးများကို မောင်းသည်။
ခွေးများက မောင်း၍မရ။
ကိုက်မြဲကိုက်သည်။
ဒါနဲ့ဒေါသထွက်ကာ
တောင်ဝှေးနှင့် ခွေးများသို့
ရိုက်မယ်ပြင်ပြီးမှ သတိဝင်လာကာ
နုတ်မှ စကားဆိုသည်။
!!ငါနှယ်''
တောင်ဝှေးနှင့် ဝင်ရိုက်လိုက်လို့
ငါနဲ့ဆို သုံးကောင်ဖြစ်တော့မယ်တဲ့!!
ဆရာတော်ကြီး တွေးပုံလေးကို ကြိုက်သည်။ ငယ်ငယ်ထဲက အသည်းစွဲနေမိသည်။
ဟုတ်ပါသည်။
အသိဥာဏ်မ မရှိ၍ ကိုက်သောခွေးများကို
မိမိက အသိဥာဏ်မဲ့စွာ
ဒေါသနှင့် ဝင်ရိုက်လိုက်လျှင်
မိမိလည်း ခွေးနှင့် ဘာထူးတော့မည်လဲ။
သူတို့ အသိဥာဏ်မရှိလို့ ကိုက်တာကို
မိမိက အသိဥာဏ်မဲ့စွာ မပြုမှုသင့်။
ဆရာတော်ကြီးက ပညာဥာဏ်ကြီးကြီးနှင့်
ရေနဲ့ ပက်လိုက်ရာ ခွေးများထွက်ပြေးသွားသည်။
ယခုလည်း facebook မှာ ဆဲခြင်း
''အလင်္ကာတန်ဆာဆင်ထားသော
video များကို တွေ့တွေ့နေရသည်။
သူဟာသူ ကျောင်းအောက်က
ခွေးနှစ်ကောင်ကိုက်သလို ဆဲနေတာကို
မိမိက ဝင်ဆဲလျှင် မိမိလည်း
ခွေးဖြစ်ပေလိမ့်မယ်။
မဆဲပါနဲ့ ခွေးကိုက်ရင် ခွေးကိုနိုင်တဲ့
ရေနဲ့ပက်ရသလို သူတို့ဆဲရေးခြင်းကို
မိမိတို့က ပညာဥာဏ်ရှိရှိ တုန့်ပြန်လိုက်ပါ။
ဗုဒ္ဓဘာသာတွေမှာ ဒါမျိုးမရှိဘူးဆိုတာ သက်သေပြလိုက်ပါ။
ဆရာကြီးဦးအောင်သင်း
စကားလေး သတိရမိသည်။
ပညာတတ်ရင် ဆဲစရာမလိုဘူး စကားလုံးနဲ့သေအောင်သတ်လို့ ရတယ်တဲ့။
ဆဲနေမဲ့အစား တိတိကျကျ
ခိုင်ခိုင်မာမာနဲ့ သမိုင်းအထောက်အထား
မှန်စွာ ပညာရှိရှိတုန့်ပြန်သင့်သည်။
တဆက်ထဲ ဘုရားရှင်ရဲ့ ဆဲလာသူကို
တုန့်ပြန်နည်းလေး သတိရမိပြန်သည်။
တခါက ပုဏ္ဏားတစ်ယောက်ဟာ
ဘုရားရှင်ကို အမျိုးမျိုးဆဲရေးတိုင်းထွာပါသည်။ ဘုရားရှင်ကတော့ ဆိတ်ဆိတ် ငြိမ်သက်နေပါသည်။ ပုဏ္ဏားလည်း ဆဲတာ
အချိန်ကြာလာတော့
မောလာ၍ ဘုရားရှင်ကလည်း
သူဆဲသည်ကို မခံမရပ်နိုင်ဖြစ်တာ
မတွေ့ရတော့ ဆဲရတာ
ဖီးလ်မလာဘူးထင်ပါရဲ့။
အဆဲရပ်ပြီး ဘုရားရှင်ကို မေးပါတယ်။
!!ရဟန်းဂေါတမ သင့်ကို ငါဆဲနေပါလျက် ဘာလို့ ငြိမ်နေတာလဲတဲ့!!
ဘုရားရှင်က ထိုအခါမှ!!
ပုဏ္ဏား ငါမေးပါရစေဦး။
သင်ဟာ သင့်မိတ်ဆွေတွေအတွက်
လက်ဆောင်မုန့်တွေ ပြုလုပ်ပေးပို့တဲ့အခါ သင့်မိတ်ဆွေတွေက
အဲဒီလက်ဆောင်ကို မယူရင်
ဘယ်သူရမလဲလို့ မေးလိုက်ပါတယ်။!!
ပုဏ္ဏားကလည်း သူတို့မယူမှတော့
ငါ​ပေးတာ ငါပြန်ယူလာရတာပေါ့လို့ ဖြေပါတယ်။
ထိုအခါ ဘုရားရှင်က အေး အဲဒီအတိုင်းပဲ သင်ပုဏ္ဏားရဲ့ဆဲရေးခြင်းတွေကို ငါမယူဘူး။ သင့်ရဲ့ဆဲရေးခြင်းတွေဟာ သင့်ထံသို့ အကုသိုလ်အဖြစ်နဲ့သာ ပြန်သွားလိမ့်မယ်တဲ့!!
စဉ်းစားကြည့်ပါ။
ဘုရားရှင်ရဲ့တပည့်သားမြေးတွေဖြစ်ပြီး ဘုရားရှင်ရဲ့နည်းကို ဘာလို့
မကျင့်သုံးကြတာလဲ။
သည်းခံလိုက်ပါ။
ဆဲတာဟာ အသားပဲ့မပါသွားပါဘူး။
ဗုဒ္ဓဘာသာတွေက
သူ့ဆဲရေးခြင်းကို မယူတဲ့အခါ
သူ့ဟာသူ သူဆဲရေးခြင်းတွေကို
ပြန်ယူ သွားပါလိမ့်မယ်။
ခုတော့ ဘုရှားရှင်ရဲ့ အဆဲတုန့်ပြန်နည်းကို
မကျင့်သုံးပဲ video တင်ကာ
ဆဲရေးနေတာတွေကြည့်၍
ဗုဒ္ဓဘာသာတွေ ကောင်းပါသည်။
ဘာကောင်းသလဲဆိုလျှင်
ရှက်ဖို့ကောင်းပါသည် ဟူ၍ သာ - - - ။
ဇိနပုတ္တ(ဂန္ထဝင်)
Share:

ကေသမုတ္တိသုတ္တန် ☸☸☸☸☸

 Image may contain: 1 person, text
 မြတ်စွာဘုရား ဟောတော်မူသော စကားကြီးဆယ်ခွန်း
မြန်မာပြည်က ရဟန်း ရှင် လူ ပြည်သူအပေါင်း နာ ဖက်ကြားသင့်သော တရားတော်ပါ
ကာလာမရွာသားတို့သည် မြတ်စွာဘုရားကို ဤကဲ့သို့
လျှောက်ထားကြကုန်၏။ အရှင်ဘုရား...အယူဝါဒတွေ
အမျိုးမျိုးဖြစ်နေကြပါသည်ဘုရား။
အခြားသော သမဏ ဗြဟ္မဏတို့သည် မိမိ၏ အယူဝါဒ
ကိုသာလျှင် ထင်စွာပြကုန်၏။ သူတစ်ပါး၏ အယူဝါဒကို
ထိပါးပုတ်ခတ်ကုန်၏။ မထီမဲ့မြင်ပြုကုန်၏။ ကဲ့ရဲ့ရှုတ်ချ
ကုန်၏။
အရှင်ဘုရား ဤသမဏ ဗြဟ္မဏတို့တွင် ဘယ်သမဏ
ဗြဟ္မဏသည် မှန်သောစကား မမှန်သောစကားကို ဆို
ပါသနည်း။ တပည့်တော်တို့ ယုံမှားခြင်း တွေးတောခြင်း
ဖြစ်ခဲ့ပါသည်ဘုရား။
=============================
မြတ်စွာဘုရား၏ စကားကြီးဆယ်ခွန်း
====================
၁။ ငယ်စဉ်ဘဝ အခါတုန်းက မိမိမှတ်သားထားသည့်
အရာကို အမှန်ပဲဟူ၍ မယူနဲ့ဦး။
၂။ ဘိုးစဉ်ဘောင်ဆက်တုန်းက ထိန်းသိမ်း စောင့်
ရှောက်ပြီး ယူလာတဲ့ အယူဝါဒကိုလည်း အမှန်ပဲဟူ၍
မယူနဲ့ဦး။
၃။ သူများတကာ ပြောဆိုတိုင်းလည်း အမှန်ပဲဟူ၍
မယူနဲ့ဦး။
၎။ မိမိလေ့လာထားသည့် ကျမ်းစာနှင့် ကိုက်ညီသည်
ဆိုပြီး ကိုက်ညီတိုင်းလည်း အမှန်ပဲဟူ၍ မယူနဲ့ဦး။
၅။ မိမိကြံစည်တွေးတော၍ ရလာသည့် အရာဟူသမျှ
ကိုလည်း အမှန်ပဲဟူ၍ မယူနဲ့ဦး။
၆။ သာဓကယုတ္တိ= သက်သေသာဓကအမျိုးမျိုးဖြင့်၎င်း။
အာဂမယုတ္တိ= ကျမ်းစာအာဂုံဆောင်၍ ရွတ်ပြခြင်းဖြင့်
၎င်း။ သဘာဝယုတ္တိ= သဘာဝကျကျ ဥပမာအမျိုးမျိုး
နှင့် ပြဆိုခြင်းဖြင့်၎င်း။ ဓမ္မယုတ္တိ= တရားနည်းလမ်းကျ
ကျဖြင့် ထောက်ထားပြခြင်းဖြင့်၎င်း။ ထို အထောက်
အထားခိုင်လှုံတိုင်းလည်း အမှန်ပဲဟူ၍ မယူနဲ့ဦး။
၇။ အခြားအခြားသော တိုင်းနိုင်ငံတွေနဲ့ နည်းလမ်းတွေ
အယူဝါဒတွေ တူညီကြသည်ဆိုပြီး နည်းလမ်း အယူ
ဝါဒတွေ တူညီတိုင်းလည်း အမှန်ပဲဟူ၍ မယူနဲ့ဦး။
၈။ သူတစ်ပါးအယူဝါဒနှင့် မိမိအယူဝါဒတို့သည် တူညီ
တာပဲဆိုပြီး အယူဝါဒတူညီတိုင်းလည်း အမှန်ပဲဟူ၍
မယူနဲ့ဦး။
၉။ ငါတို့လေးစား ကိုးကွယ်ထိုက်သော ရဟန်းတွေပဲဟု
ရဟန်းပြောတိုင်းလဲ အမှန်ပဲဟူ၍ မယူနဲ့ဦး။
၁၀။ ငါတို့ကို အပြစ်ကြီး အပြစ်ငယ်ကို ကြည့်ရှုမပြတ်
ဆိုဆုံးမတတ်သော ဆရာပဲ။ ဘယ်အခါမှ လွဲမည်
မဟုတ်ဆိုပြီး အမှန်ပဲဟူ၍ မယူနဲ့ဦးဟု ဟောတော်မူ
ခဲ့လေသည်။
=============================
စကားကြီးဆယ်ခွန်း လင်္ကာ
===============
ငယ်စဉ်မှတ်သား ဘိုးဘွားစဉ်လာ သူငါအပြော ကျမ်း
သဘောနှင့် မနောကြံစည် တစ်လီထောက်ထား တိုင်း
ခြားနည်းတူ သူ့အယူကိုယ့်အယူ ရဟန်းဟူ၍ တစ်ဆူ
ဆရာ ဖြစ်တိုင်းသာလည်း မှန်ရာကပ်တတ် မယူအပ်။
=============================
ဒါဖြင့်လျှင် မြတ်စွာဘုရား မှန်ကန်သော အယူဝါဒကို
ဘယ်လိုနည်းနဲ့ သိနိုင်ပါသလဲဘုရားဟု လျှောက်ထား
သည့်အခါ....
ထိုအခါ မြတ်စွာဘုရားသည် ကာလာမရွာသားတို့။ ဤ
တရားကား အကုသိုလ်တရား။ ဤတရားကား အပြစ်ရှိ
သောတရား။ ဤအကျင့်တရားကား ပညာရှိ သူတော်
ကောင်းတို့သည် ကဲ့ရဲ့ရှုပ်ချအပ် အပြစ်တင်အပ်သော
အကျင်းတရားပါပဲဟု သင်တို့၏ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်
ဖြင့် သိကြကုန်၏။
ထိုတရားတို့ကို နှလုံးသွင်းအပ် ကျင့်သုံးဆောက်တည်
အပ်သည်ရှိသော် အကျိုးစီးပွါး မရှိခြင်းငှါ၎င်း။ ကိုယ်
ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ခြင်းငှါ၎င်း ဖြစ်ကုန်၏ဟု သင်တို့
သည် မိမိကိုယ်ပိုင်ဆင်ခြင်ဉာဏ်ဖြင့် သိသောအခါ ပယ်
စွန့်အပ်ကုန်၏။
==============================
ကာလာမရွာသားတို့ ဤတရားကား ကုသိုလ်တရား။
ဤတရားကား အပြစ်ကင်း၍ သန့်ရှင်းသောတရား။
ဤအကျင့်တရားကား ပညာရှိ သူတော်ကောင်းတို့
ကောင်းချီးသြဘာ ချီးမွမ်းအပ်သော အကျင့်တရားတို့
ပါပဲဟု သင်တို့၏ ကိုယ်ပိုင်ဆင်ဉာဏ်ဖြင့် သိကြကုန်၏။
ထိုတရားတို့ကို နှလုံးသွင်းအပ် ကျင့်သုံးဆောက်တည်
အပ်သည်ရှိသော် အကျိုးစီးပွါး ဖြစ်ထွန်းခြင်းငှါ၎င်း။
ကိုယ်ချမ်းသာ စိတ်ချမ်းသာ ဖြစ်ခြင်းငှါ၎င်း ဖြစ်ကုန်၏
ဟု သင်တို့သည် မိမိကိုယ်ပိုင် ဆင်ခြင်ဉာဏ်ဖြင့် သိ
သောအခါ ဤအကျင့်တရားတို့ကို လိုက်နာကျင့်သုံး
ကုန်ရာ၏။
============================
မြတ်စွာဘုရားသည် ဆင်ခြင်တုန်ဉာဏ်တရားနှင့်
ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်စဉ်းစားရမည့်တရားကို
အများကြီး အားပေး၍ ဟောတော်မူခဲ့ပါသည်။
တစ်စုံတစ်ခုသော အမှန်တရားကို မိမိကိုယ်ပိုင်ဉာဏ်
ဖြင့် ဆင်ခြင်သုံးသပ်ပြီးနောက် ထိုတရားသည် မှန်ကန်
၍ မိမိအတွက်သာမက တလောကလုံးအတွက်လည်း
ကောင်းကျိုးချမ်းသာ ဖြစ်စေနိုင်သည်ဟုသိလျှင် ထို
တရားကို လက်ခံ၍ ကျင့်ကြကုန်လော့ဟု မိန့်တော်မူ၏။
=============================
ဤသုတ္တန်၌ မြတ်စွာဘုရား၏ မိန့်ခွန်းသံများသည်
ဘာသာရေး၌ ဉာဏ်မျက်စိမှိတ်နေကြသည့် ပုဂ္ဂိုလ်
တွေကို ဉာဏ်မျက်စိပွင့်စေသည့် စွမ်းအားတစ်မျိုး
ဖြစ်သည်။
ဗုဒ္ဓဝါတွင် မျက်ကန်းယုံကြည် လိုက်နာမှု မရှိကြောင်း
ထင်ရှားလှပေ၏။ ထိုသို့ မိန့်ကြားချက်အရ ဗုဒ္ဓသည်
လူ၏ဂုဏ်အင်္ဂါများကို ကျမ်းစာအထင်အမြင် အယူ
အဆများနှင့် ရှေးရိုးစဉ်လာ စကားများ၏ ဆုပ်ကိုင်မှုမှ
လွတ်မြောက်စေခဲ့သည်။
=============================
ဒီတော့ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။ ဘာကိုရည်မှန်း၍
ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်ခြင်းဖြစ်တာလဲ။
၎င်းဗုဒ္ဓဘာသာ၏ ရည်မှန်ချက်ပန်းတိုင်ဆိုတာ ဘာလဲ။
ထိုပန်းတိုင်ရောက်ရန် ဘယ်တရား ဘယ်အကျင့်များ
သည် ဗုဒ္ဓဘာသာ၏ တာဝန်ဖြစ်တာလဲ။ လောကီအနေ
ဖြင့် ဘယ်လိုဖြစ်တာလဲ။ လောကုတ္တရာအနေဖြင့် မည်
သို့ ရှိတာလဲဟု မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်အပ်၏။
=============================
ဗုဒ္ဓဘာသာသည် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဒုက္ခ
အသီးသီးမှ ချုပ်ငြိမ်းအောင် အားထုတ်ရသော လုပ်
ငန်းသာလျှင်ရှိသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည်
ပုဂ္ဂိုလ်စွဲ အားထုတ်မှုမရှိ။ ဓမ္မသက်သက်သာဖြစ်သည်။
ရုပ် နာမ် ခန္ဓာတို့၏ ကုန်ဆုံးရာ ချုပ်ငြိမ်းရာဖြစ်သော
နိဗ္ဗာန်ကိုသာလျှင် ဗုဒ္ဓဘာသာ၏ ပန်းတိုင်ဖြစ်သည်။
Share:
Image may contain: text
 ❀ ဘယ်လောက်ပဲ ကျောင်းကြီးတွေ ဆောက်ဆောက်၊ ဘယ်လောက်ပဲ ဘုရားကြီးတွေ တည်ထားထား မြတ်စွာဘုရားဟောတဲ့တရား ပျောက်ကွယ်ပြီဆိုရင် သာသနာကွယ်တယ်လို့ ပြောရမှာပဲ။ ဘာဖြစ်လို့တုန်းဆိုရင် ကြည့်လေ- ပါကစ္စတန်နိုင်ငံမှာ ဘုရားပုထိုးတွေ ရှိတယ်လေ၊ ပြတိုက်ထဲမှာ ဘုရားရုပ်ပွားတော်တွေရှိတယ်လေ။ ဒါပေမယ့် ပါကစ္စတန် တစ်နိုင်ငံလုံးကလူတွေရဲ့ နှလုံးသားထဲမှာ ဘုရားတရားမရှိတော့ဘူးနော်။
❀ အိန္ဒိယနိုင်ငံမှာ မြတ်စွာဘုရား သီတင်းသုံးခဲ့တဲ့နေရာတွေ ကျောင်းနေရာဟောင်းတွေ ရှိတယ်လေ။ သို့သော် လူတွေရဲ့နှလုံးသားထဲမှာ တရားမရှိတော့ဘူးဆိုရင် သာသနာကွယ်တာပဲပေါ့။
❀ အဲဒီတော့ မြန်မာနိုင်ငံမှာလည်းပဲ အခု နိုင်ငံသူနိုင်ငံသားတွေက ထိုက်သင့်သလောက် မြတ်စွာဘုရားတရားတော်ကို နာကြတယ်၊ လေ့လာကြတယ်၊ သင်ယူကြတယ်။ ဟို ရန်ကုန်တို့မှာဆိုလို့ရှိရင် အဘိဓမ္မာသင်တန်းတွေ၊ မန္တလေးမှာလည်း အခု အဘိဓမ္မာသင်တန်းတွေ စသင်လာတယ်၊ ဝိသုဒ္ဓိမဂ်သင်တန်းတွေတို့ သံယုတ်ပါဠိတော် သင်တန်းတွေတို့ ဒီလို သင်ယူလာကြတာဟာ ဒါက မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်လာတယ်လို့ပဲ ဒီလိုပြောရမယ်။ အဲဒီလို သင်ယူခြင်းဟာ သာသနာတည်တံ့ခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ဆိုတော့ မသင်ယူခြင်းဟာ သာသနာပျက်ခြင်းရဲ့အကြောင်းလို့ ဒီလိုပဲ ပြောရမှာပဲ။
❀ အေး- ဒါကြောင့်မို့လို့ မှန်ကန်တဲ့တရားကို သိဖို့အတွက် မှန်ကန်တဲ့စာပေကို သင်ရမယ်။ အဲဒီလို မသင်ဘူးဆို့ရှိရင် တစ်ဦးတစ်ယောက်က `ဒါ ဘုရားဟောပါ´လို့ လက်ခံပြီးတော့ မမှန်ကန်တဲ့တရားတစ်ခုကို အမှန်အကန်တရားလို့ ထင်ပြီးတော့ လိုက်နာကျင့်သုံးလို့ရှိရင် ကိုယ်ကျိုးနည်းသွားမယ်။အများကြီး လမ်းမှားပြီးတော့ ရောက်သွားနိုင်တယ်။
❀ ဒီကနေ့ခေတ်မှာ လမ်းဆိုတာ လမ်းအစစ်လိုလိုနဲ့ အတုအယောင်တွေက အင်မတန်မှ များလှသည့်အတွက်ကြောင့် မမှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်သွားလို့ရှိရင် မမှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်သွားလို့ရှိရင် မမှန်ကန်တဲ့ ခရီးဆုံးနဲ့ တွေ့သွားမှာပဲပေါ့။ အဲဒီတော့ လမ်းမှားသွားပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သွားလိုတဲ့ နေရာလည်း ရောက်မှာ မဟုတ်ဘူး။ မမှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်မိသည့်အတွက် ဒုက္ခရောက်နိုင်တယ်ပေါ့။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
Share:

ဒု - သ - န - သော ==========

Image may contain: text
  မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသား အမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီး အကြောင်းကို စုံးစမ်းခိုင်းတဲ့အခါ အိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီး အပေါ်စွဲလန်းနေမိတဲ့ အတွက် ဒီအမျိုးသမီးကို အရယူဖို့ သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာ အလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး အပြစ်အတိုင်း အဆုံးစီရင်ကာ ကျန်ခဲ့တဲ့ အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာ ရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ် ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကို တမင်အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်း သွားရောက် ဆောင်ယူရမှာ ဖြစ်ပါတယ်။
ဒါနဲ့ သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာ ရှိတဲ့သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ ဘုရင်အမိန့်အတိုင်း လိုအပ်တာကို ယူဆောင်ပြီး နန်းတော်သို့ အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ ဘုရင်ကြီးဟာ သူဆင်းရဲသား မရောက်ခင် နန်းတော်မြို့တံခါးကို စောစော အပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါး ပိတ်ထားတဲ့အတွက် အဲဒီည အိပ်စရာမရှိတဲ့အခါ နောက်ဆုံး သတ္တ၀ါတွေရဲ့ ထုံးစံအတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်းကန်ကို သတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။
ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက်ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရ ဖြစ်နေခဲ့ပါတယ်။ အိမ်မပျော် ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ ငရဲသားလေးယောက်ရဲ့ အသံကို ထူးထူးခြားခြား ကြာလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်း သူတို့မှားခဲ့တဲ့ အမှားအတွက် ခံရတဲ့ ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က “ဒု”၊ တစ်ယောက်က “သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲ ပြန်မြုပ်သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ်လန့်ကာ ဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။
မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပုရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကို ပူဇော်ရပါမယ်၊ ဒီယဇ်ပူဇော်ဖို့အတွက် ဆင်၊ မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ ၀က်၊ သတိုးသား၊ သတိုးသမီး စသဖြင့် သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီး ပူဇော်ရပါမယ်၊ အဲဒါဆို ဘုရင်ကြီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင်နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့သူ ဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်း စီရင်စေပါတယ်။ ဘုရင်ရဲ့ ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သားသမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။
ဒီအသံတွေကြောင့် ကောသလမင်းကြီးရဲ့ မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာ လမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာ ဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက်ကြားဖို့ အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့ အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။
ဘုရားရှင်ထံ ရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရ ကံကြောင့် လောဟကုမ္ဘီငရဲမှ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။
မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပ မြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာ အတူပျော်ပါး စားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကို ပေးကာ သူတို့နဲ့ ပျော်ပါးတဲ့ အခါ အသုံးပြုကြဖို့ ဆုံးဖြတ်ပြီး ချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီး ပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေးယောက်ဟာ ကာမေသုမိစ္ဆာစာရ အမှုကို နှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲ သူတို့လေးယောက် သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီး အခုတစ်ခါ လောဟကုမ္ဘီငရဲမှာ ထပ်ပြီး ခံနေရတာ ဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီ သူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲ ဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။
မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက
“ဒု” ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အား စည်းစိမ်ဥစ္စများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့် ကုသိုလ်ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“န” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည် မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“သော” ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကို သိလေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည် ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ ပြောလိုတာ ဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။
အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်း အဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင်ဟာ အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါတော့တယ်။
ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။
ဒီနေရာမှ အဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေ အကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်က လုပ်ခဲ့တဲ့ သူတပါး သားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့ တန်ပြန်သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင် ကိုယ်ကျင့်သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အဖြစ်အပျက် အဓိပ္ပါယ်တွေကို ကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့ လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)
Share:

Thursday, 19 April 2018

. "နှစ်ဟောင်းကို နှုတ်ဆက်ရင်း ပါရမီဖြည့်မယ်"

Image may contain: text
 - လူ့ ဘဝသက်တမ်းကို ယေဘုယျပြောရင်
(၇၅)နှစ်ပါပဲ။ (၇၅)နှစ်အတွင်းမှာပဲ ပျောက်ကွယ်
သွားကြရတာပါ။ ကံကောင်းလည်း နှစ်ကာလ
တစ်ခုအလွန်ပါပဲ။ ပျောက်ကွယ်သွားတဲ့သူတွေက
ပျောက်ကွယ်ကုန်ပါပြီ။ မပျောက်ကွယ်သေးတဲ့
သူတွေကိုလည်း ပျောက်ကွယ်ဖို့ အချိန်တစ်ခုက
ကြိုနေပါပြီ ။
- ဟော…ခုမကြာခင်မှာ နှစ်ဟောင်းကို
နှုတ်ဆက်ပြီး , နှစ်သစ်ကို ကြိုဆိုရတော့မှာပါ။
ဘယ်လိုပုံစံနဲ့  နှစ်ဟောင်းကိုနှုတ်ဆက်မလဲ ?
* အကုသိုလ်တွေကို နုတ်ပြီး , ကုသိုလ်တွေနဲ့ 
ဆက်ရမှာပါ။
* အမုန်းတွေကို နုတ်ပြီး , မေတ္တာတွေနဲ့ 
ဆက်ရမှာပါ။
* မရိုးသားမှုတွေကို နုတ်ပြီး , ရိုးသားမှုတွေနဲ့ 
ဆက်ရမှာပါ။
* မမှန်တရားတွေကို နုတ်ပြီး ,အမှန်တရားတွေနဲ့ 
ဆက်ရမှာပါ။ ။
ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
Share:

စေ တိုင်း မပါ ခိုင်းတာ မလုပ် ကြဖို့ 🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

* လောဘ အားကြီးနေတဲ့ အချိန်မှာ
လောဘက သူလိုချင်တာ ရဖို့ဘဲ ။
ဘယ်လိုနည်းနဲ့ ရရ ရရင် ပြီးရော ။
ဒါကိုဘဲ သူ ဆုံးဖြတ်မှာဘဲ ။
* ဒေါသ အားကြီးနေတဲ့ အချိန်မှာ
မကျေနပ်တဲ့ စိတ် အားကြီးနေတယ် ။
အဲဒီ အချိန်မှာ
သူ့ အတွက် ဘာ အရေးကြီးဆုံးလည်း ဆိုတော့
သူတစ်ပါး ကို
- ပြောရ ဆိုရ ဖို့
- ရိုက်ရ နှက်ရ ဖို့
- ပြစ်ဒဏ် ပေးရဖို့
- နှိပ်စက် ရဖို့ က
အရေး အကြီးဆုံး ဖြစ်နေတယ် ။
အဲဒါ ဟာ တရားတယ်
အဲဒါ ဟာ မျှတတယ် လို့ သူ ထင်မှာဘဲ ။
ဒါမှ လုပ်သင့်တဲ့ ကိစ္စလို့ သူ ထင်မှာဘဲ ။
* မာန ဖြစ်တဲ့ အခါမှာ
ဘယ်လို နေသလည်း ဆိုတော့
သူများထက် သာ ရဖို့ အရေး အကြီးဆုံးဘဲ ။
တခြား ကိစ္စတွေ အရေး မကြီးဘူး ။
* ထို့အတူ
ဣဿာ မစ္ဆရိယ စိတ်သဘောထား လည်း
ဒီလိုဘဲ ။
မနာလိုတဲ့ စိတ် ဝန်တိုတဲ့ စိတ် ရှိတယ် ။
သူများ ကြီးပွားတာကို မလိုချင်ဘူး ။
သူ မကြီးပွားသင့်ဘူး လို့ ယူဆတယ် ။
ငါ ဘဲ ကြီးပွားသင့်တယ် လို့ ထင်နေတယ် ။
ကိုယ့် မှာ ရှိတာကို မျှပေးဖို့ စိတ် မကူးနိုင်ဘူး ။
* လူတွေရဲ့  စိတ် မှာ
လောဘ ဖြစ်လိုက်
ဒေါသ ဖြစ်လိုက်
မာန ဖြစ်လိုက်
မနာလို ဝန်တို စိတ် ဖြစ်လိုက် ။
တော်ကြာ လောဘ ပြန်ဖြစ်လိုက် ။
တော်ကြာ မာန ဖြစ်လိုက် ။
- သတိ မရှိတဲ့ သူ
- မောဟနဲ့ နေတဲ့ သူ ဆိုရင်
တစ်ခု မဟုတ် တစ်ခု တော့
တစ်လှည့် စီ ဖြစ်နေတာ နော် ။
* စိတ် ရဲ့ သဘာဝ ဟာ
- လောဘ ဖြစ်နေတဲ့ အချိန်မှာ
လောဘ ကို ငါ လို့ ထင်တယ် ။
လောဘ ကို ငါ့ စိတ် လို့ ထင်တယ် ။
လောဘ က လိုချင် နေတာကို
ငါ လိုချင်တယ် လို့ ထင်တယ် ။
လောဘ က တရားတယ် လို့ ထင်ရင်
ငါ တရားတယ် လို့ ယူဆမှာဘဲ ။
- ထို့အတူ ဘဲ
ဒေါသ ဝင်လာတဲ့ အခါမှာ လည်းဘဲ
ဒေါသ ကို ငါ လို့ ထင်နေတယ် ။
ဒေါသ က လုပ်ချင်တာ ကို
အရေးကြီးတယ် လို့ ထင်တယ် ။
အဲသလို ဖြစ်နေတာ နော် ။
* ဒါပေမယ့်
သတိ နဲ့ ဉာဏ် နဲ့ ကြည့်တတ်တဲ့ သူ အဖို့
ဒီ ဒေါသ လောဘ ဟာ
ငါ မဟုတ်ဘူး လို့ မြင်လာတယ် ။
ဒါကြောင့်
" သူတို့ ခိုင်းတိုင်း " မလုပ်တော့ဘူး ။
သူတို့ရဲ့ လွှမ်းမိုးမှု ကနေ လွတ်သွားတယ် ။
ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )
Share:

လူတစ်​​ယောက်​ရဲ့ ဘဝမှာ ဒါန၊ သီလ၊ ဘာဝနာ သုံးပါးထဲက ဘယ်တရားက အရေးကြီးဆုံးလဲ။ *************************************

Image may contain: 1 person, text
  သီလက ဒါနထက် မြတ်တယ်၊ ၀ိပဿနာက သီလထက် မြတ်တယ် ဆိုတာ အားလုံး သိကြပါတယ်။
ရဟန်းတော်တွေ အတွက် ဒါနမပြုလို့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ ဘာဝနာ မပွားလို့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလ ဖောက်ဖျက်ရင်တော့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့် ရှိနေပါတယ်။
ဒီလိုပါပဲ။ လူတွေ အနေနဲ့လည်း ဒါန မပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာ ဘာဝနာ မပွားလို့ အပြစ်သင့်စေ ဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလ ဖောက်ဖျက်လို့ ကတော့ အပြစ် သင့်ရမှာပါ။
“သီလ လုံခြုံနေရင် ပြီးတာပါပဲ။ ဒါန မပြုလည်း ကိစ္စ မရှိပါဘူး။ ၀ိပဿနာ မပွားလည်း ကိစ္စ မရှိပါဘူး” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ သီလက အရေး အကြီးဆုံးလို့ ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်နိုင်သေး ရင်တောင် သီလကိုတော့ အထူး စောင့်ထိန်းရ မှာပါ။
တစ်ခါတလေ အားတဲ့ အခါလေးတွေမှာ နဖူးပေါ် လက်တင်ပြီး တွေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဘိုးရှိအောင် ဘယ်လို နေမလဲလို့။ “သီလကိုပဲ ကြိုးကြိုးစားစား စောင့်ထိန်းလိုက်ပါ” ဆိုတဲ့ အဖြေပဲ ထွက်လာမှာပါ။
တရား သဘောအရ သေချာ စဉ်းစားကြည့်ရင် သီလက အားကိုးစရာ အစစ်ဆိုတော့ ကိုယ်နဲ့ အမြဲတမ်း တပါတည်း ရှိနေပါတယ်။ ရုံးတက်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ခရီးထွက်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ထမင်းစားတဲ့ အခါပဲ ဖြစ်ဖြစ်၊ အိပ်နေတဲ့ အခါပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ကျင်ကြီး ကျင်ငယ် စွန့်နေတဲ့ အခါမှာလည်း ကိုယ်နဲ့ တပါတည်း ရှိနေပါတယ်။ ကိုယ့်ရဲ့ ခင်ပွန်း မိဘ ရာထူး အာဏာ ငွေကြေးတွေ ကတော့ ကိုယ်နဲ့ အမြဲ ရှိမနေနိုင်ပါဘူး။
ဒီသဘောလေး တွေကို အာရုံပြုပြီး “ခင်ပွန်း၊ မိဘ၊ ရာထူး၊ အာဏာ၊ ငွေကြေးတွေဟာ ငါနဲ့ အမြဲ ရှိမနေနိုင်ဘူး၊ သီလကတော့ ငါ့ရဲ့ အားကိုးရာ အစစ်ပဲ၊ ငါနဲ့ မခွဲမခွါ သေတဲ့အထိ လိုက်လာမယ့် အားကိုးရာပဲ၊ ငါသီလကို ကြိုးစား စောင့်ထိန်းသင့်တယ်” လို့ မကြာ မကြာ ဆင်ခြင်ပေးသင့် ပါတယ်။
ခန္ဓာ ရှိနေတဲ့ အတွက်၊ စားဝတ် နေရေး ရှိနေတဲ့ အတွက် သက်ရှိ သက်မဲ့ လောကီ ၀တ္ထုတွေ ကတော့ လိုအပ်နေတာ ပါပဲ။ ဒါပေမယ့် ကိုယ်က အားကိုးရာ အတုနဲ့ အစစ်ကို ခွဲခြားပြီး သိနေဖို့ပါပဲ။
တကယ်လို့ အားကိုးရာ အတုတွေက အကြောင်း ကြောင်းကြောင့် ကိုယ့်ကို ခွဲခွါသွားတဲ့ အခါမှာလည်း “ခွဲခွါခြင်း သဘောရှိတဲ့ တရားတွေ ခွဲခွါသွားတာ သဘာဝ တစ်ခုပဲလေ၊ သဘာဝ တရားကို ငါ လက်ခံရမှာပေါ့၊ လက်မခံနိုင်ရင် ငါပဲ ပင်ပန်းမှာပေါ့၊ သီလကတော့ ငါနဲ့ မခွဲမခွါ အမြဲ ရှိနေမယ့် တရားပဲ” လို့ ဆင်ခြင်လိုက် ရင်လည်း ဖြေသာမှုကို ရစေပါတယ်။
ဒါနပိုင်းမှာ ပါရမီမြောက်တဲ့ ဒါနကို ပြောခဲ့သလို၊ သီလပိုင်း မှာလည်း ပါရမီမြောက်တဲ့ သီလကိုပါ ပြောပြသွားရ အောင်ပါ။ သီလမှာလည်း ဟီနသီလ၊ မဇ္ဈိမ သီလ၊ ပဏီတ သီလဆိုပြီး ရှိပါတယ်။ သူတစ်ပါး အထင်ကြီးအောင် ထင်ရှား ကျော်ကြားဖို့အတွက် ဆောက်တည်တဲ့ သီလက ဟီနသီလ= ခပ်ညံ့ညံ့ သီလပါ။ ကောင်းမှုရဲ့ အကျိုးကို လိုလား တောင့်တပြီး ဆောက်တည်တဲ့ သီလက မဇ္ဈိမသီလ= အလယ်အလတ် သီလပါ။
ထင်ရှား ကျော်ကြားမှုကိုလည်း မလိုလား၊ နောင်အခါ ခံစားရမယ့် အကျိုးကိုလည်း မလိုလားဘဲ “ဒီသီလဟာ မြတ်တဲ့ တရားပဲ၊ ဒီမြတ်တဲ့ တရားကို ငါ ကျင့်သုံးအပ်တယ်” လို့ တရားရဲ့ မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလကတော့ ပဏီတ သီလ= မြင့်မြတ်တဲ့ သီလပါ။ ရှင်းအောင် ပြောရရင် သူတစ်ပါး အထင်ကြီးအောင် စောင့်တဲ့ သီလရယ်၊ လောကီ အကျိုးကို တောင့်တပြီး စောင့်တဲ့ သီလရယ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တပြီး စောင့်တဲ့ သီလရယ်ပါ။
ထင်ရှား ကျော်ကြားမှုကိုလည်း မတောင့်တ၊ လောကီ အကျိုးကိုလည်း မတောင့်တဘဲ တရားရဲ့ မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလမှ ပါရမီမြောက်တဲ့ သီလပါ။
ဘုရား အလောင်းတော် မြတ်ဟာ သီလ ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ သီလ ဆောက်တည်ရတဲ့ ကုသိုလ်ကို မိမိအတွက် ဒုဂ္ဂတိဘ၀ မကျရောက်ဖို့လည်း ဦးမတည် ပါဘူးတဲ့။ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ် ခြောက်ပါး၊ ပဋိပမ္ဘိဒါ လေးပါး၊ သာဝက ဗောဓိ၊ ပစ္စေက ဗောဓိကိုလည်း ဦးမတည်ပါဘူးတဲ့။
ဘာကို ဦးတည်သလဲ ဆိုတော့ သဗ္ဗညုတ ဉာဏ်ကိုပဲ ဦးတည်ပါတယ်တဲ့။ ကိုယ်က ဘုရားအလောင်း မဟုတ်တော့ သဗ္ဗညုတ ဉာဏ်နေရာမှာ နိဗ္ဗာန်ကို ဦးတည်လိုက် ရုံပါပဲ။
ဒီတော့ သီလ ယူပြီးတဲ့အခါ “တပည့်တော်၏ သီလသည် မဂ်ဖိုလ် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ” လို့ စိတ်ညွတ်လိုက်ရင် ပါရမီ မြောက်တဲ့ သီလ ဖြစ်သွားတာပါ။ ဒါက ပါရမီအကြောင်း ရေးနေတာမို့ ပါရမီ မြောက်တဲ့ သီလ ဆောက်တည်နည်းကို ပြောပြတာပါ။ အခြေအနေ အကြောင်း ကြောင်းကြောင့် ပါရမီ မြောက်အောင် မဆောက်တည်နိုင် သေးရင်လည်း ကိုယ်နဲ့ သင့်သလို ဆောက်တည်နိုင် ပါတယ်။
ကိုယ့်နိုင်ငံကို ငြိမ်းချမ်း စေချင်တယ်၊ တိုးတက် ကြီးပွား စေချင်တယ် ဆိုရင် မင်းကော၊ ရဟန်းကော၊ ပြည်သူကော သုံးဦး သုံးဖလယ် သီလကို စောင့်ထိန်းပေးကြ ရမှာပါ။ ဒါနဲ့ ပတ်သတ်ပြီး စံကင်း ဆရာတော်ကြီး ပြောပြတဲ့ ပုံပြင်လေးကို သွားသတိရမိ ပါတယ်။
တစ်နေ့တော့ စံကင်း ဆရာတော် ဘုရားဆီကို ဦးနုနဲ့ အဖွဲ့ ရောက်လာကြ ပါတယ်။ ရောက်လာတဲ့ အချိန်မှာ ဆရာတော် ဘုရားက သက်တော် ၉၂ နှစ် ရှိပြီ ဖြစ်သလို ရွှေကျင် သာသနာ ပိုင်လည်း ဖြစ်နေပါပြီ။
အထူးသဖြင့် ဦးနုကပဲ ဆရာတော် ဘုရားကို မေးခွန်းတွေ မေးတာပါ။ ဆရာတော် ဘုရားက ဦးနုရဲ့ မေးခွန်းတွေကို ဖြေရင်းနဲ့ တစ်ကြိမ်မှာတော့ ဦးနုကို မေးခွန်းတစ်ခု ပြန်မေးလိုက် ပါတယ်။
“နဂိုက ပြောဖူးတဲ့ ဆန်သုံးထုပ် ပြုတ်တဲ့ ဥပမာ မေ့သွားပြီလား”
“ထပ်ပြီး အမိန့် ရှိပါဦး ဘုရား”
“ရှေးက မင်းရယ် (အစိုးရရယ်)၊ ဘုန်းကြီးရယ်၊ လူထုရယ် ဘယ်သူ တရား(သီလ) ရှိမရှိ သိရအောင် တရား (သီလ) ရှိတဲ့သူရဲ့ ဆန်ထုပ်က ပြုတ်ရင် နပ်မှာပဲ ဆိုပြီး ဆန်ထုပ်သုံးထုပ် ပြုတ်ကြ သတဲ့၊ ပြုတ်ပြီး အားလုံး ဆယ်ကြည့်ကြတော့ တစ်ထုပ်မှ မနပ်ဘူး ဆိုဘဲ”
“ဒီလိုဆို အစိုးရ ခံသာသေးတယ် ဘုရား၊ ဘာဖြစ်ဖြစ် အစိုးရချည်း လွှဲချ အပြစ်တင် ခံနေကြရ ပါတယ်ဘုရား”
ဒီတော့ ဆရာတော် ဘုရားက “ခုကာလတော့ ဦးရာလူက ပြောကြစမြဲပေါ့” လို့ ပြန်မိန့်လိုက် ပါတယ်။
ဆရာတော် ဘုရားက တိုင်းပြည်တစ်ခု တိုးတက်ဖို့ ဆိုရင် မင်းကော၊ ရဟန်းကော၊ ပြည်သူကော တရား သီလရှိဖို့ သိမ်သိမ် မွေ့မွေ့ ဟာသဆန်ဆန် ပုံပြင်လေးနဲ့ ဩ၀ါဒ ပေးထားတာပါ။
ကိုယ့်တိုင်းပြည် တကယ် တိုးတက် ကြီးပွား စေချင်ရင် ရဟန်းကော၊ မင်းကော၊ ပြည်သူကော သီလကို အထူး စောင့်ထိန်းရ မှာပါ။
သုံးဦးထဲက တစ်ဦးဦး သီလ ပျက်နေရင် တိုးတက်မှာ မဟုတ်ပါဘူး။ ဥပမာ- မင်းက သီလ ပြည့်စုံပြီး ရဟန်းနဲ့ ပြည်သူက သီလ ပျက်နေရင် ဘယ်လိုမှ တိုးတက်မှာ မဟုတ်ပါဘူး။ ကိုယ်က သုံးဦးထဲက တစ်ဦးဦး ဖြစ်နေတာ ဆိုတော့ တာဝန် တစ်ရပ်အနေနဲ့ စောင့်ထိန်း ပေးရမှာပါ။
လူ့ဘ၀ ရောက်လာပြီး လူ့ဘ၀ရဲ့ တန်ဖိုးတစ်ခု ဖြစ်တဲ့ သီလလေးမှ စောင့်ထိန်း မသွားရဘဲ လူ့လောက ထဲက ပြန်ထွက် သွားရတယ် ဆိုရင် လူ့ဘ၀ ရလာတာ အဓိပ္ပါယ် မရှိတော့ ပါဘူး။
သီလကို စောင့်ထိန်း လိုက်တဲ့ အခါမှာ ပထမဆုံး ရရှိလိုက်တဲ့ အကျိုးကတော့ ကိုယ့်ကိုယ်ကိုယ် ကြည်ညို ဖြစ်သွားတဲ့ အကျိုးပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနေတဲ့ အချိန်မှာ ဘ၀က သိပ်ပြီး ငြိမ်းချမ်းနေ ပါတယ်။ ဘ၀မှာ သူတစ်ပါး ကြည်ညိုဖြစ် ဖို့က ဒုတိယ ကိစ္စပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုဖို့ ကိစ္စက ပထမ ကိစ္စပါ။
ချစ်တဲ့ စာဖတ်သူ တွေကို သီလ လုံးဝမကျိုးတဲ့ ဆောက်တည်နည်းကို ပေးချင်ပါတယ်။ ကဲ.. စာဖတ်သူတွေကို မေးကြည့်ရအောင်ပါ။ သီလ ကျိုးတယ် ကျိုးတယ်ဆိုတာ မနက်ပိုင်း၊ နေ့လယ်ပိုင်း သွားလာ လှုပ်ရှားနေတဲ့ အချိန်မှာ ကျိုးတာလား၊ ညပိုင်း အိပ်နေတဲ့ အချိန်မှာ ကျိုးတာလား။
ညပိုင်း အိပ်နေတဲ့ အချိန်မှာ သီလက မကျိုးပါဘူး။
စာထဲမှာ ကာလ ပရိယန္တ သီလဆိုတာ ရှိပါတယ်။ ကာလကို ပိုင်းဖြတ်ပြီး စောင့်ထိန်းတဲ့ သီလပါ။ နေ့ပိုင်း တစ်နေ့တာပဲ ဖြစ်ဖြစ်၊ ညပိုင်း တစ်ညတာပဲ ဖြစ်ဖြစ်၊ တစ်ရက်လုံးပဲ ဖြစ်ဖြစ်၊ နောက်ဆုံး တစ်ထိုင်ပဲ ဖြစ်ဖြစ်၊ ကာလ ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။
ဥပမာ ကိုယ်က ညမှာ ဆယ့်တစ်နာရီ အိပ်ပြီး မနက် ငါးနာရီ အိပ်ယာထတယ် ဆိုပါစို့။
ဒီတော့ ညအိပ်ယာ ၀င်ခါနီးမှာ ၈ ပါးသီလ၊ ၉ ပါးသီလ ယူလိုက်ပြီး “ဘုရား တပည့်တော် ည ၁၁ နာရီကနေ မနက် ၅ နာရီ အထိ သီလ ဆောက်တည် ပါ၏” လို့ ကာလ ပိုင်းဖြတ်ပြီး စောင့်ထိန်းလိုက် ရုံပါ။
ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ဆိုတော့ တစ်နေ့ကို ၆ နာရီလောက် သီလ စောင့်ထိန်း ဖြစ်နေတာပါ။ ၁၀ ရက်ဆိုရင် နာရီပေါင်း ၆၀၊ တစ်လ ဆိုရင် နာရီပေါင်း ၁၈၀၊ တစ်နှစ်ဆိုရင် နာရီပေါင်း ၂၁၆၀ ပါ။
ဒါက ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်း ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။ တကယ်တော့ မနက် ၅ နာရီ ထိုးတာနဲ့ သီလက တန်း မကျိုးသေး ပါဘူး။
ဒီနည်းကို စာရေးသူ သဘောနဲ့ ရေးပြတာ မဟုတ်ပါဘူး။ မဟာ ဗုဒ္ဓ၀င်မှာ မင်းကွန်း ဆရာတော် ဘုရားကြီးက သီလကို တစ်နေ့လုံး မဆောက်တည်နိုင် သေးရင်တောင် ညမှာ တစ်နိုင် တစ်ပိုင် ဆောက်တည်ဖို့ အသေအချာ ရေးပြထား လို့ပါ။ ဆရာတော် ဘုရားကြီးက ၀တ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး အားပေးထား ပါတယ်။
ပေတ ၀တ္ထုထဲက မိဂလုဒ္ဒက ဆိုတဲ့ ၀တ္ထု နှစ်ပုဒ်ပါ။ ခပ်ကျဉ်းကျဉ်းလောက် ရေးပြရ အောင်ပါ။
မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုဟ် ပြည်မှာ အလွန်ချစ်တဲ့ သူငယ်ချင်း နှစ်ယောက် ရှိပါတယ်။ သူငယ်ချင်း နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အလွန် ချစ်ကြပေမယ့် စရိုက် အပြုအမူ ချင်းက မတူပါဘူး။ တစ်ယောက်က မုဆိုး အလုပ်ကို လုပ်ပြီး တစ်ယောက်က ကောင်းရောင်း ကောင်းဝယ် လုပ်ပြီး ရတနာ သုံးပါးကို ဆည်းကပ်ပါတယ်။
မုဆိုး လုပ်နေတဲ့ သူငယ်ချင်းကို ကြည့်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် သူငယ်ချင်းကို အကုသိုလ် အလုပ်တွေ မလုပ်ဖို့ အမြဲ ပြောပါတယ်။ မုဆိုး သူငယ်ချင်း ကလည်း သူငယ်ချင်းကို ချစ်ပေမယ့် ၀ါသနာကို မစွန့်နိုင်လို့ လုပ်မြဲ ပါပဲ။
ဒီလိုနဲ့ တစ်နေ့ ကျတော့ ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို ဘာ တောင်းဆိုလာသလဲ ဆိုတော့ “သူငယ်ချင်းရယ်၊ မင်း အလုပ်ကို မစွန့်နိုင် ရင်တောင် ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလ စောင့်ပေးပါလား” လို့ တောင်းဆို ပါတယ်။
မုဆိုး သူငယ်ချင်း ကလည်း ညမှာတော့ ကောင်းကောင်း စောင့်ထိန်းနိုင်တာ ဆိုတော့ နေ့မှာ မုဆိုး အလုပ်ကို လုပ်ပြီး ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလကို စောင့်ထိန်းပါတယ်။ သက်တမ်း စေ့လို့ ကွယ်လွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာ ဝေမာနိက ပြိတ္တာ သွားဖြစ် ပါတယ်။
အကျိုးက ဘယ်လို ခံစားရသလဲ ဆိုတော့ နေ့မှာ အကုသိုလ်တွေ ပြုခဲ့တဲ့ အတွက် နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခတွေ ခံစားရပြီး ညမှာ သီလ စောင့်ခဲ့တဲ့ အတွက် ညပိုင်းမှာ ကာမဂုဏ် ငါးပါးကို ပြည့်ပြည့်စုံစုံ ခံစားနေရ ပါတယ်။ ဒါကို အရှင်နာရဒ မထေရ် တွေ့တော့ ဘာကြောင့် နေ့ခံ ညစံ ခံစားနေရ သလဲဆိုတာ မေးကြည့် ပါတယ်။
ပြိတ္တာ ဖြစ်နေရသူက “တပည့်တော်ဟာ နေ့ပိုင်းမှာ မုဆိုး အလုပ်ကို လုပ်ခဲ့ပါတယ် ဘုရား၊ ညပိုင်း မှာတော့ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းရဲ့ တိုက်တွန်း မှုကြောင့် မကောင်းမှုကို ရှောင်ပြီး သီလ စောင့်ခဲ့လို့ အခုလို နေ့ခံ ညစံ ဖြစ်နေရ တာပါဘုရား” လို့ ပြန်လျှောက်ပြ ပါတယ်။
နောက် ၀တ္ထု တစ်ပုဒ်က ရှေးဝတ္ထုနဲ့ ခပ်ဆင်ဆင် ပါပဲ။ သူငယ်ချင်း နှစ်ယောက် ပါပဲ။ တစ်ယောက်က မုဆိုး၊ တစ်ယောက်က ဘာသာရေး ကိုင်းရှိုင်းသူ၊ ဒါပေမယ့် ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို မကောင်းမှုတွေ မလုပ်ဖို့ အကြိမ်ကြိမ် တားမြစ်ပေမယ့် လုံးဝ နားမထောင် ပါဘူး။
ပြောမရတော့ ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက သူ ဆည်းကပ် ကိုးကွယ်နေတဲ့ ဆရာ ရဟန္တာ တစ်ပါးကို အကျိုးအကြောင်း ပြောပြပြီး “အရှင်ဘုရား တပည့်တော် သူငယ်ချင်းကို အကုသိုလ် မပြုဖို့ ပြောဟောပေးပါ ဘုရား” လို့ လျှောက်ပါတယ်။
ဆရာ ရဟန္တာက မုဆိုး သူငယ်ချင်းဆီ သွားပြီး တရား ဟောပေးပါတယ်။ ဒါပေမယ့် မုဆိုး သူငယ်ချင်းက ရဟန္တာ အရှင်မြတ်ကို ကြည်ညိုပေမယ့် ပါဏာတိ ပါတ အမှုကို ရှောင်ကြဉ်လိုစိတ် လုံးဝ မရှိပါဘူး။ သူ့အနေနဲ့ ရှောင်ကြဉ်ဖို့ လုံးဝ ခက်နေပါတယ်။
ဒါကို သိတဲ့ ရဟန္တာ အရှင်မြတ်က “ဒကာရယ်၊ တစ်နေ့လုံး မရှောင်ကြဉ်နိုင် ရင်တောင် ညအခါ လေးတော့ ရှောင်ကြဉ်ပေး ပါနော်” လို့ ကရုဏာ သံနဲ့ ထပ်ဟောပါတယ်။
ဒီတော့မှ မုဆိုးလည်း “ဒါဖြင့်ရင်လည်း ကောင်းပါပြီ ဘုရား၊ တပည့်တော် ညမှာတော့ ပါဏာတိ ပါတမှ ရှောင်ကြဉ်ပါမယ် ဘုရား” လို့ ပြန်ကတိ ပေးလိုက်ပါတယ်။ မုဆိုး သူငယ်ချင်းလည်း ရဟန္တာ အရှင်မြတ်ကို ကတိ ပေးထားတဲ့ အတိုင်း နေ့ပိုင်းမှာ မကောင်းမှု ပြုပေမယ့် ညပိုင်းမှာတော့ သီလကို စောင့်ပေးပါတယ်။ သေလွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာပဲ ဝေမာနိက ပြိတ္တာဖြစ်ပြီး နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခကို ခံစားနေရ ပေမယ့် ညပိုင်းမှာတော့ ကာမဂုဏ် ငါးပါးကို အပြည့်အ၀ ခံစားနေရ ပါတယ်တဲ့။
ဆရာတော် ဘုရားကြီးက ဒီဝတ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး နေ့အခါမှာ မစောင့်နိုင် ပေမယ့် ညမှာ စောင့်ထိန်းရင် အကျိုးပေးနိုင်တဲ့ အတွက် မိမိ စွမ်းနိုင်သလောက် စောင့်ထိန်းဖို့ ကရုဏာ တရားနဲ့ တိုက်တွန်းထား ပါတယ်။
ဆရာတော် ဘုရားကြီးက ဘုရားဟော ပါဠိတော် အဋ္ဌကထာ ဋီကာတွေ ထဲကထုတ်ပြီး ရေးပြတယ်။ စာရေးသူက ဆရာတော် ဘုရားကြီး ရေးပြတာကို တစ်ဆင့် ပြန်ရေးပြတယ်။ စာဖတ်သူ တွေကလည်း ကိုယ်နဲ့ နီးစပ်ရာ ဓမ္မ မိတ်ဆွေတွေကို “သီလ ဆိုတာ နေ့ပိုင်းမှာ မစောင့်နိုင် ရင်တောင် ညပိုင်းမှာ ဒီလို ဒီလိုစောင့်ရင် သီလ မကျိုးဘူး” လို့ ဆောက်တည်နည်း လေးတွေ တစ်ဆင့် ပြန်ပြောနိုင်ရင် တကယ့် ဓမ္မဒါန ကုသိုလ်တွေ ဖြစ်နေတာပါ။ ဒါမှလည်း ရေးရ ဖတ်ရတာ တန်ပါတယ်။
Share:

မမြဲ ခြင်းမှ မြဲခြင်းသို့  ---------------------

Image may contain: one or more people

ဒီကနေ့  ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ သဘာဝဘေး
အန္တရယ်တွေဟာ ဘုရားရှင်ဟောခဲ့တဲ့ မမြဲခြင်း
ဆိုတဲ့ နိယာမ ကို ပိုမို ပေါ်လွင်စေသလိုပဲ
ပိုင်ဆိုင်မှု့ပေါင်း များစွာ ပိုင်ဆိုပြီး
ကိုယ့်ကိုကိုယ် ချမ်းသာတယ်ဆိုတဲ့ သူဋ္ဌေးကြီးတွေ
သားသမီးတွေနဲ့  ပျော်မြူးနေပြီး အမြဲတမ်း
ပျော်ရွှင်နေရမယ် ထင်နေသူတွေ
ကျမ္မာတယ် သန်စွမ်းတယ် ရုတ်တရက် ဘာမှ
မဖြစ်နိုင်သေးဘူး လို့ ထင်ထားသူတွေဟာ
ငလျှင် လှုပ်တာ စစ်ဖြစ်တာ မီးလောင်တာ
စတဲ့ သဘာဝရဲ့ ဘေးအန္တရယ်တွေနဲ့ 
ရုတ်တရက်ကြုံကြရတော့
သေဆုံးခဲ့ကြတယ်
သားသမီးတွေနဲ့  ရှင်ကွဲ သေကွဲ ကွဲခဲ့ကြတယ်
လိုတာရတဲ့သူဌေးကြီးဘဝကနေ ကုန်းကောက်စ
ရာမရှိအောင် ရုတ်တရက် မွဲသွားခဲ့တယ်
ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲရှိနေပါစေ
နောက်ကျောမလုံတော့ဘူး
ဒီနေ့ သဌေး မနက်ဖန် ဆင်းရဲသား
ဒီနေ့ လူ နောက်နေ့  ဘယ်ဘုံရောက်မလဲ
ဒီနေ့ သာသနာတွင်းမှာ ကုသိုလ်ယူနိုင်တယ်
မနက်ဖန် သာသနာပ ချက်ချင်းရောက်နိုင်တယ်
တကယ်တော့
ဒီနေ့ ဖြစ်နေတဲ့ အပျက်တွေကနေ
သံဝေဂ ဥာဏ်ယူတတ်ရင်
နိဗ္ဗါန်ထိ ခရီးရောက်ပါတယ်
ပဋာစာရီတို့  ခေမာတို့  မဟာဓန တို့ ရဲ့
ပျက်စီးမှု့တွေက သံဝေဂ ယူနေရတာ
ဝေးပါသေးတယ်
မိတ်ဆွေတို့ သာ
သံဝေဂဥာဏ် ယူတတ်ရင်
ကြည့်လိုက်ပါ
ကမ္ဘာ့သတင်း မြန်မာ့သတင်း
လူတွေရဲ့ ဒီနေ့ အဖြစ်အပျက်တွေဟာ
မျက်လှည့်ဆရာ ပြတာကမှ ကြာပါဦးမယ်
တကယ်ကို သံဝေဂ ဥာဏ် ရဖို့ ကောင်းတဲ့
ခေတ်ကြီးပါ
နိဗ္ဗါန်ဆိုတာ
ကိုယ်ပျက်မှ သံဝေဂ ရပြီး ယူရတာမဟုတ်ဘူး
သူများအပျက်ကနေလည်း သံဝေဂ ယူတက်ရင်
ရပါတယ်လို့  သတိပေးချင်ပါတယ်
မမြဲတဲ့ လောကကြီးကို အရင်းပြုပြီး
မြဲတဲ့အရာကို အရယူ ရှာဖွေ နိုင်ကြပါစေ
စေတနာ များစွာဖြင့်
ဦးမြင့်ခိုင်
Share:

" ဘဝဆိုတာ ဗေဒါပင်တွေလိုပါပဲ " *************************

No automatic alt text available.
  မြစ်ပြင်ထဲက ဗေဒါတွေဟာ
လေကြောင့်ပဲ ပေါင်းဆုံကြသလို
လေကြောင့်ပဲ ကွဲကွာသွားကြပါတယ် ၊
သံသရာမြစ်ပြင်ထဲက
လူသားတွေဟာလည်း
ကံကြောင့်ပဲ ဆုံဆည်းခွင့်ရကြသလို
ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ် ၊
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့ ၊
လမ်းခွဲမှာ ဝမ်းနည်းစရာမလိုပါဘူးလေ. . ။
---------------------------------------------
-လောကမှာ အစဆိုတာရှိရင် အဆုံးသတ်ဆိုတာလည် ရှိရတယ် ၊
-ငယ်ရွယ်ခြင်းဆိုတဲ့အစရှိရင် ကြီးရင့်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ၊
-နုပျိုခြင်းဆိုတဲ့ပစရှိရင် အိုမင်းခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ၊
-ကျန်းမာခြင်းဆိုတဲ့အစရှိရင် ဖျားနာခြင်း ၊ နာခြင်း ဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ၊
-မွေးဖွားခြင်းဆိုတဲ့အစရှိရင် သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ၊
-ပေါင်းဆုံခြင်းဆိုတဲ့အစရှိရင် ခွဲခွာခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ။
လောကရဲ့ သဘာဝကိုက အစရှိရင် အဆုံးရှိနေတဲ့ အတွက် . . .ပေါင်းဆုံခြင်း ဆိုတာ ရှိရင် လမ်းခွဲခြင်းဆိုတာ ရှိတတ်စမြဲပဲ ။
လမ်းခွဲခြင်းက နှစ်မျိုးရှိတယ် ၊
အသက်ရှင်လျှက် လမ်းခွဲခြင်းနဲ သေဆုံးပြီးတော့ လမ်းခွဲခြင်း ၊
ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနဲ့ သေကွဲ ခွဲရတဲ့ လမ်းခွဲခြင်း ဆိုပြီး လမ်းခွဲခြင်းနှစ်မျိုးရှိတယ် ။
ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းကတော့ . . .
အသက်ရှင်နေသမျှ ကာလပတ်လုံး နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ လောကဓံတစ်ခုပါပဲ ၊
လောကဓံဆိုတာ လောကဓမ္မ ၊
"လောက" ဆိုတာ လောကကြီးထဲမှာ " ဓမ္မ " ဆိုတာက ဖြစ်တတ်တဲ့ သဘောတရား ၊
----------------------------------------------
ဆိုပါတော့ . . .
သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်
ညဘက် လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်၊ အချိန်တန် ကိုယ့်အိမ် ကိုယ်ပြန်တော့ . . .သူငယ်ချင်း အချင်းချင်း ချစ်လွန်းလို့ ဆိုပြီးတော့ သူ့အိမ် ကိုယ်လိုက်အိပ် ၊ သူ့အိမ် ကိုယ်လိုက်အိပ် လို့ မဖြစ်ဘူး ၊ တခါတရံပဲ ဖြစ်မယ် ၊ အမြဲတမ်း မဖြစ်ဘူး ၊ ဒါဟာ နေ့စဉ်ကြုံတွေ့ရတဲ့ လမ်းခွဲခြင်းပဲ ။
ကျောင်းသွားတဲ့သူဆိုရင်လည်း
ကျောင်းစတက်တဲ့ အချိန်ကနေ ကျောင်းဆင်း ခေါင်းလောင်းထိုးချိန်ထိ ကျောင်းမှာ နေရတယ် ။ သူငယ်ချင်း ၊ ဆရာ၊ဆရာမတွေနဲ့ ခေတ္တခဏ ပေါင်းဆုံရတယ် ၊
ကျောင်းဆင်းခေါင်းလောင်းထိုးပြီဆိုရင် လမ်းခွဲကြရပြီ ၊ ကိုယ့်အိမ် ကိုယ်ပြန်ရပြီ ။ ဒါလည်း နေ့စဉ် ကြုံတွေ့ရတဲ့ လမ်းခွဲခြင်းပါပဲ ။
သိပ်ချစ်ပါတဲ့ ဇနီးမောင်နှံတောင် တချိန်လုံး တပူးတွဲတွဲ နေလို့ မရပါဘူး ။
တစ်ယောက်က အပြင်မှာ ဈေးရောင်း ၊
တစ်ယောက်က အိမ်ထဲမှာ ထမင်း၊ ဟင်းချက် လုပ်နေတယ် ၊ ဇနီးမောင်နှံနှစ်ယောက် လမ်းမခွဲ ရဘူးလား ။
အတိတ်ကံကောင်းလွန်းလို့ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ ၊ မျက်စိအောက်က အပျောက်မခံ တပူးတွဲတွဲ နေနိုင်တယ်ပဲ ထားဦး ၊ နောက်ဆုံး ကျင်ကြီးကျင်ငယ် စွန့်ချင်လို့ ရေအိမ်ထဲဝင်ရင် လမ်းမခွဲရဘူးလား၊ လမ်းခွဲရပါတယ် ။
----------------------------------------------
စက္ကန့်အမျှ အမြဲတမ်း ကိုယ်ချစ်တဲ့လူနဲ့ တပူးတွဲတွဲ ပေါင်းသင်းဆက်ဆံနေရတယ် ဆိုတာ ရှိရဲ့လား ၊ မရှိပါဘူး ၊ အချိန်ပြည့် ရင်ချင်းအပ် ၊ ကိုယ်ချင်းထပ်ထားလို့ မဖြစ်နိုင်ဘူးနော် ၊
လမ်းခွဲချိန်ဆိုတာ နေ့စဉ်နဲ့အမျှ ရှိပါတယ် ၊ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်း ဆိုတာ အမြဲတမ်း ရှိပါတယ် ။
ဦးပဉ္ဇင်းအပါအဝင် တရားနာပရိတ်သတ်များ ကျဉ်လည်နေရတဲ့ သံသရာဆိုတာက မြစ်ပြင်ကြီးနဲ့ တူပါတယ် ၊
ဦးပဉ္ဇင်းတို့တတွေကတော့ မြစ်ပြင်ထဲမှာ ရှိတဲ့ ဗေဒါပင်လေးတွေနဲ့ တူပါတယ် ။
မြစ်ပြင်ထဲမှာ လေတိုက်ရာ ရွှေ့လျားနေရတဲ့ ဗေဒါပင်လေးတွေပေါ့ ၊ တခါတရံ ဒီဗေဒါအုပ်စုနဲ့ ဆုံလိုက် ၊ တခါတရံ ဟိုဗေဒါအုပ်စုနဲ့ ဆုံလိုက် ။
လေတိုက်လို့ ပြန်ကွဲသွားလိုက် ၊ တစ်ပင်တည်း ဖြစ်နေရပြန်လိုက် ၊ တော်ကြာ လေသင့်လို့ ပြန်ပေါင်းမိလိုက် ၊ အဲဒီလိုနဲ့ပဲ ဗေဒါပင်တွေဟာ ဆုံလိုက် ၊ ကွဲလိုက်နဲ့ ပုံသဏ္ဍာန်အမျိုးမျိုး ၊ အနေအထား အမျိုးမျိုး နဲ့ ရွေ့လျား ကျင်လည် နေပါတယ် ။
အဲဒီလိုပါပဲ. . .
သံသရာတည်း ဟူသော မြစ်ပြင်ကြီးထဲမှာလည်း ဦးပဉ္ဇင်းတို့တစ်တွေဟာ ကံကြမ္မာလေ ပင့်တဲ့အတိုင်း ၊ စီမံပေးတဲ့အတိုင်း ခွဲခွာလိုက် ၊ ပေါင်းဆုံလိုက်နဲ့ ပုံစံအမျိုးမျိုး ၊ အနေအထား အမျိုးမျိုးနဲ့ လှုပ်ရှားကျင်လည်နေရပါတယ် ။
---------------------------------------------
နေ့စဉ်နဲ့အမျှ ၊ လစဉ်နဲ့အမျှ ၊ နှစ်စဉ်နဲ့အမျှ ဆိုသလို လမ်းခွဲခြင်း အမျိုးမျိုးကို ကြုံတွေ့နေတယ် ၊ အဲလို ကြုံတွေ့နေရတဲ့အခါမှာ" လမ်းခွဲတာ ဝမ်းနည်းစရာလား" ဆိုတဲ့ မေးခွန်းက အကျုံးဝင်ပါတယ် ။
မေတ္တာနဲ့ လမ်းခွဲတဲ့သူက ငြိကပ်စွဲလမ်းနေတာမျိုး မရှိတဲ့အတွက် လမ်းခွဲရပေမယ့် ဝမ်းမမနည်းပါဘူး ။
မေတ္တာရဲ့သဘောက တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ရဖို့က အဓိက မဟုတ်ဘူး ။ တဖက်သား ကောင်းကျိုး ဖြစ်စေချင်တဲ့ စိတ်ကလေး ရှိနေဖို့ အဓိကပဲ ။
ကိုယ်မေတ္တာထားရသူနဲ့ မဆုံတွေ့ရတဲ့အတွက် ဝမ်းနည်း ၊ ပူဆွေး ၊ တမ်းတ လွမ်းဆွတ်ခြင်း ဆိုတာ မရှိပါဘူး ။
ဝမ်းမနည်းလို့ မေတ္တာမရှိဘူး မထင်နဲ့နော် ။
မေတ္တာရှိတာနဲ့ ဝမ်းနည်းတာ ဘာမှ မဆိုင်ဘူး ။
မေတ္တာရှိတာက အဒေါသ ၊ ဝမ်းနည်းတာက ဒေါသ ၊ တစ်ခုနဲ့တစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ် ။
မေတ္တာကြောင့် ဝမ်းနည်းရတယ် ဆိုတာ ဘယ်တော့မှ မရှိပါဘူး ။ တဏှာကြောင့်သာ ဝမ်းနည်းကြရတာပါ ။
ဒါကြောင့် အချုပ် မှတ်ရမှာက . . .
တဏှာနဲ့ လမ်းခွဲရင် ဝမ်းနည်းရတယ် ၊
မေတ္တာနဲ့ လမ်းခွဲရင် ဝမ်းမနည်းရဘူး ။
ဉာဏ်နဲ့ချဲ့ထွင်ပြီး အသေးစိတ်ပွားလိုက်ပေါ့ ၊
ဦးပဉ္ဇင်းတို့က အကြမ်းဖျင်းပဲ ပြောသွားတာပါ ။
-------------------------------------------
မေတ္တာနဲ့ လမ်းခွဲတဲ့ ပုဂ္ဂိုလ်ဟာ
တစ်ယောက်နဲ့တစ်ယောက် မဆုံတွေ့ရချိန်မှာ
ကိုယ့်အလုပ် ကိုယ်လုပ်ရင်း စိတ်အေးချမ်းစွာ နေတတ်ပါတယ် ။
တဏှာနဲ့ လမ်းခွဲတဲ့ ပုဂ္ဂိုလ်ကတော့
ကိုယ့်အလုပ်ကိုယ် စိတ်မဝင်စားတော့ဘဲ
တစ်ဖက်လူနဲ့ ပတ်သက်တာတွေအပေါ် စိတ်ပျံ့လွင့် ၊ နစ်မြောပြီး အလုပ်ပျက် အကိုင်ပျက်နဲ့ စိတ်ပူလောင်စွာ နေရပါတယ် . ။
----------------------------------------------
ရှေးရေစက် ကြီးလွန်းလို့
တွေ့ခွင့်ဆုံခွင့်ချစ်ခင်ခွင့်
ရခဲ့ကြတာ မဟုတ်လား၊
ဘာလို့များ တစ်ယောက်အပေါ်တစ်ယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေးနေရတာလဲ ။
နာကျည်းမှုကုဋေကုဋာနဲ့
ဝမ်းနည်းစွာ လမ်းခွဲခဲ့ကြမှတော့
သံသရာတစ်ကွေ့ ပြတ်လာတွေ့တဲ့အခါ
ဘယ်လိုအပြုံး ဘယ်လိုမျက်လုံးတွေနဲ့
နှုတ်ဆက် ဖက်ပွေ့ ကြမလဲကွယ်. . .။
" ဆရာတော် အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
(လမ်းခွဲတာ ဝမ်းနည်းစရာလား၊ စာ- ၁၂-၂၁)
Share:

" ငါးပါးသီလ " 🔸🔸🔸

လူတွေက ငါးပါးသီလကိုပရဟိတလုပ်ငန်းမှန်း
သိတဲ့လူ အင်မတန်နည်းတယ်၊
ဒါလည်း ပရဟိတပဲ။
ငါးပါးသီလဆိုတာ အင်မတန်မှ အရေးပါလှတဲ့
" ဝါရိတ္တသီလ" မျိုး၊ မလုပ်ရဘူးဆိုတာကိုရှောင်
တဲ့သီလမျိုး၊ ဒီနေရာမှာလည်း ငါးပါးသီလဟာ
မြတ်စွာဘုရားက ပညတ်ထားလို့ရှောင်ရတာမျိုး
မဟုတ်ဘူး။
မြတ်စွာဘုရားက ဒါလုပ်ရင် အပြစ်ဖြစ်မယ်၊
ဒါကိုရှောင်ရင် ကောင်းကျိုးချမ်းသာတွေရတယ်
ဆိုတာ လမ်းညွှန်မှုပြတာပဲဖြစ်တယ်။
သီလဆိုတဲ့ သဘာဝတရားဟာ စဉ်းစားကြည့်
ကိုယ်ကိုယ်တိုင် ကိုယ်ကျင့်သီလဆောက်တည်
လိုက်တာဟာ ကိုယ့်အတွက်ပဲလို့ ဒီလို့အောက်
မေ့ကြတယ်။
ဒါနကျတော့ အများအတွက်လို့ ထင်ကြတယ်လေ၊
ကိုယ်ကပေးလိုက်ကမ်းလိုက်ကျွေမွေးလိုက်တဲ့
သူတွေစားသောက်သွားတာ ကြည့်ပြီး ဒါနကတော့ 
အများအတွက်ပဲ။ သီလကတော့ ကိုယ့်အတွက်လို့
ထင်ကြတာ။
သီလကလည်း ဒါနလိုပါပဲ အများအတွက်
အကျိုးဖြစ်တာ၊ ကိုယ့်အတွက်အကျိုးမဖြစ်ဘူး
ပြောတာမဟုတ်ဘူး၊ကိုယ့်အတွက်လည်းအကျိုး
ဖြစ်တယ်။ သို့သော်အများအတွက်အကျိုးဖြစ်တာ၊
ပါဏာတိပါတာ ရှောင်လိုက်သဖြင့် ကိုယ့်လက်နဲ့
သူများသေတာရှိသေးလား၊ကိုယ့်ဘေးနားကလူတွေ
အန္တရာယ်မကင်းသွားဘူးလား၊ကင်းသွားတယ်။
ပါဏာတိပါတာရှောင်လိုက်တာ ကိုယ့်ရပ်ကွက်ထဲမှာ
ကိုယ့်ကြောင့်ဒုက္ခရောက်တဲ့သူတစ်​ယာက်မှမရှိ
တော့ဘူး။
ရပ်ကွက်ထဲမှာ ကိုယ်က………
အဒိန္နာဒါနရှောင်လိုက်ရင် ရပ်ကွက်ထဲမှာ ပစ္စည်းပျောက်တာ ကိုယ့်ကြောင့်ဆိုတာဖြစ်နိုင်ပါ့မလား၊
မဖြစ်နိုင်တော့ဘူး။
ဒါကြောင့်သီလဆောက်တာအားလုံးအတွက်
ဖြစ်မနေဘူးလား။ တစ်ရပ်ကွက်လုံးလူတွေက
ပါဏာတိပါတာလည်းရှောင်တယ်၊ အဒိန္နာဒါန
လည်းရှောင်မယ်။
ကာမေသုမိစ္ဆာစာရလည်းရှောင်မယ်ဆိုလို့ရှိရင်
တစ်ရပ်ကွက်လုံးဟာ အေးချမ်းသာယာနေမှာပဲ။
မုသာဝါဒ လိမ်လည်လှည့်ဖြားပြီး ဘယ့်သူ့ကိုမှ
ဒုက္ခရောက်အောင် မလုပ်ဘူး၊ဒါလည်းသူများ
အတွက်ပဲ။ ကိုယ့်ကိုယ်ကို လိမ်တာမဟုတ်ဘူး၊
ဒါလည်းသူများအတွက်ပဲ။
သူရာမေရယ အရက်သေစာမသောက်မစားဘူး
ဆိုရင်လည်း အများအတွက် အကျိုးဖြစ်တာပဲ။
မိမိကြောင့်စိတ်ဆင်းရဲမှပုဂ္ဂိုလ်မရှိတော့ဘူး။
ဒါကြောင့်မို့ မြတ်စွာဘုရားက "ငါးပါးသီလ"ကို
" မ ဟာ ဒါ န " လို့ဟောထားတာရှိတယ်။
တကယ့်ကြီးမားတဲ့ အလှူကြီး ။
ဘာတွေလှူ ထားတုန်း' အဘယဒါန'တစ်ခြားပုဂ္ဂိုလ်
တွေကိုဘေးမဲ့ပေးတဲ့အလှူ ပဲ။
ဒါကြောင့်ငါးပါးသီလရဲ့လက်တွေ့အကျိုးက
ဆောက်တည်သူအတွက်သာမကအများအတွက်
လည်းဖြစ်ပါတယ်။
ပရဟိတလုပ်ငန်းထဲမှာ သူပါတယ်။
သို့သော် လူတွေက ငါးပါးသီလကိုပရဟိတလုပ်
ငန်းမှန်း သိတဲ့သူအင်မတန်မှနည်းတယ်။*
ဒါလည်း …ပရဟိတပဲ၊
အများအတွက်အကျိုးဖြစ်သွားတာပေါ့။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
*သားကောင်းသမီးကောင်းတရားတော်မှ

Share:

ကြိုတင်ပြင်ဆင် သတိဝင် 🔸🔸🔸🔸🔸🔸🔸

Image may contain: 1 person, text
 မနေရလို့ သေကြတဲ့ခါ
ကိုယ့်နောက်ကိုကား ဘာများပါမည်
ပစ္စည်းဟူက မြူမျှမပါ
ကိုယ်ပြုထား ကံများ
ကိုယ့်နောက်ပါ၏
သေခြင်းတရား နေ့စဉ်ပွား
🔸🔸🔸🔸🔸🔸🔸🔸
တစ်နေ့နေ့တွင် မိမိသေရမည်ကို
မကြာမကြာ နှလုံးသွင်းဆင်ခြင်ခြင်းအားဖြင့်
မိမိစိတ်ကို ပုံမှန် ဖြစ်စေသည်။
အမြင်မှန်ကန်စေသည်။
မာန် မာန လျော့နည်းစေသည်။
လူတိုင်းကို..မိမိက
တန်းတူ ဆက်ဆံသည့်အတွက်
ခင်မင်သူ တိုးပွားစေသည်။
လောဘ၊ ဒေါသ၊ မောဟလျော့နည်းစေသည်။
ပျက်စီးမှုမျိုးစုံနှင့် ကြုံတွေ့ရသောအခါ
စိတ်တုန်လှုပ်မှု ၊ ကြောက်လန့်မှု
စိုးရိမ်သောကဖြစ်မှုကို လျော့နည်းစေသည်။
လေးအိမ်စုဆရာတော် အရှင်ဝိစိတ္တသာရ
ဘဝဆိုတာ ခဏပါ...
ဓမ္မပါအောင် လုပ်ရမှာ။
အလှဆိုတာ ခဏပါ...
မာနမပါအောင် လုပ်ရမှာ။
ဓနဆိုတာ ခဏပါ...
ဒါနပါအောင် လုပ်ရမှာ။
ဂုဏ်ဆိုတာ ခဏပါ...
သိက္ခာပါအောင် လုပ်ရမှာ။
အရာရာဟာ မမြဲပါ
အားလုံးခဏပါ။
ခဏအသိ ဓမ္မရှိ
သိညှိ ကျင့်ရမှာ။
မနာပဒါယီ အရှင်ဝိစိတ္တ
ဥပါဒါန်နဲ့ သတိ
သေမှာမကြောက်နဲ့..
သတိမရှိမှာသာကြောက်။
ဥပါဒါန်ဖြစ်မှာမကြောက်နဲ့...
သတိမရှိမှာသာကြောက်။
ဥပါဒါန်က အကုသိုလ်
သတိက ကုသိုလ်။
ဥပါဒါန်ကြောင့် ကံဖြစ်
သတိကြောင့် ဉာဏ်ဖြစ်။
ကံကြောင့် သံသရာလည်
ဉာဏ်ကြောင့် ခန္ဓာပယ်။
ခန္ဓာလည်းပြတ် သံသရာရပ်
အမြတ်နိဗ္ဗာန် ရောက်လိမ့်မယ်
Share:

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support