❄သီလက ဒါနထက် မြတ်တယ်၊ ၀ိပဿနာက သီလထက် မြတ်တယ် ဆိုတာ အားလုံး သိကြပါတယ်။
❄ရဟန်းတော်တွေ
အတွက် ဒါနမပြုလို့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ ဘာဝနာ
မပွားလို့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလ
ဖောက်ဖျက်ရင်တော့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့် ရှိနေပါတယ်။
❄ဒီလိုပါပဲ။
လူတွေ အနေနဲ့လည်း ဒါန မပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာ ဘာဝနာ မပွားလို့
အပြစ်သင့်စေ ဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလ ဖောက်ဖျက်လို့ ကတော့
အပြစ် သင့်ရမှာပါ။
❄“သီလ
လုံခြုံနေရင် ပြီးတာပါပဲ။ ဒါန မပြုလည်း ကိစ္စ မရှိပါဘူး။ ၀ိပဿနာ မပွားလည်း
ကိစ္စ မရှိပါဘူး” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ သီလက အရေး
အကြီးဆုံးလို့ ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို
မလုပ်နိုင်သေး ရင်တောင် သီလကိုတော့ အထူး စောင့်ထိန်းရ မှာပါ။
❄တစ်ခါတလေ
အားတဲ့ အခါလေးတွေမှာ နဖူးပေါ် လက်တင်ပြီး တွေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်
တန်ဘိုးရှိအောင် ဘယ်လို နေမလဲလို့။ “သီလကိုပဲ ကြိုးကြိုးစားစား
စောင့်ထိန်းလိုက်ပါ” ဆိုတဲ့ အဖြေပဲ ထွက်လာမှာပါ။
❄တရား
သဘောအရ သေချာ စဉ်းစားကြည့်ရင် သီလက အားကိုးစရာ အစစ်ဆိုတော့ ကိုယ်နဲ့
အမြဲတမ်း တပါတည်း ရှိနေပါတယ်။ ရုံးတက်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ခရီးထွက်တဲ့
အခါပဲ ဖြစ်ဖြစ်၊ ထမင်းစားတဲ့ အခါပဲ ဖြစ်ဖြစ်၊ အိပ်နေတဲ့ အခါပဲ ဖြစ်ဖြစ်၊
နောက်ဆုံး ကျင်ကြီး ကျင်ငယ် စွန့်နေတဲ့ အခါမှာလည်း ကိုယ်နဲ့ တပါတည်း
ရှိနေပါတယ်။ ကိုယ့်ရဲ့ ခင်ပွန်း မိဘ ရာထူး အာဏာ ငွေကြေးတွေ ကတော့ ကိုယ်နဲ့
အမြဲ ရှိမနေနိုင်ပါဘူး။
❄ဒီသဘောလေး
တွေကို အာရုံပြုပြီး “ခင်ပွန်း၊ မိဘ၊ ရာထူး၊ အာဏာ၊ ငွေကြေးတွေဟာ ငါနဲ့
အမြဲ ရှိမနေနိုင်ဘူး၊ သီလကတော့ ငါ့ရဲ့ အားကိုးရာ အစစ်ပဲ၊ ငါနဲ့ မခွဲမခွါ
သေတဲ့အထိ လိုက်လာမယ့် အားကိုးရာပဲ၊ ငါသီလကို ကြိုးစား စောင့်ထိန်းသင့်တယ်”
လို့ မကြာ မကြာ ဆင်ခြင်ပေးသင့် ပါတယ်။
❄ခန္ဓာ
ရှိနေတဲ့ အတွက်၊ စားဝတ် နေရေး ရှိနေတဲ့ အတွက် သက်ရှိ သက်မဲ့ လောကီ ၀တ္ထုတွေ
ကတော့ လိုအပ်နေတာ ပါပဲ။ ဒါပေမယ့် ကိုယ်က အားကိုးရာ အတုနဲ့ အစစ်ကို
ခွဲခြားပြီး သိနေဖို့ပါပဲ။
❄တကယ်လို့
အားကိုးရာ အတုတွေက အကြောင်း ကြောင်းကြောင့် ကိုယ့်ကို ခွဲခွါသွားတဲ့
အခါမှာလည်း “ခွဲခွါခြင်း သဘောရှိတဲ့ တရားတွေ ခွဲခွါသွားတာ သဘာဝ တစ်ခုပဲလေ၊
သဘာဝ တရားကို ငါ လက်ခံရမှာပေါ့၊ လက်မခံနိုင်ရင် ငါပဲ ပင်ပန်းမှာပေါ့၊
သီလကတော့ ငါနဲ့ မခွဲမခွါ အမြဲ ရှိနေမယ့် တရားပဲ” လို့ ဆင်ခြင်လိုက် ရင်လည်း
ဖြေသာမှုကို ရစေပါတယ်။
❄ဒါနပိုင်းမှာ
ပါရမီမြောက်တဲ့ ဒါနကို ပြောခဲ့သလို၊ သီလပိုင်း မှာလည်း ပါရမီမြောက်တဲ့
သီလကိုပါ ပြောပြသွားရ အောင်ပါ။ သီလမှာလည်း ဟီနသီလ၊ မဇ္ဈိမ သီလ၊ ပဏီတ
သီလဆိုပြီး ရှိပါတယ်။ သူတစ်ပါး အထင်ကြီးအောင် ထင်ရှား ကျော်ကြားဖို့အတွက်
ဆောက်တည်တဲ့ သီလက ဟီနသီလ= ခပ်ညံ့ညံ့ သီလပါ။ ကောင်းမှုရဲ့ အကျိုးကို လိုလား
တောင့်တပြီး ဆောက်တည်တဲ့ သီလက မဇ္ဈိမသီလ= အလယ်အလတ် သီလပါ။
❄ထင်ရှား
ကျော်ကြားမှုကိုလည်း မလိုလား၊ နောင်အခါ ခံစားရမယ့် အကျိုးကိုလည်း မလိုလားဘဲ
“ဒီသီလဟာ မြတ်တဲ့ တရားပဲ၊ ဒီမြတ်တဲ့ တရားကို ငါ ကျင့်သုံးအပ်တယ်” လို့
တရားရဲ့ မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက်
ဆောက်တည်တဲ့ သီလကတော့ ပဏီတ သီလ= မြင့်မြတ်တဲ့ သီလပါ။ ရှင်းအောင် ပြောရရင်
သူတစ်ပါး အထင်ကြီးအောင် စောင့်တဲ့ သီလရယ်၊ လောကီ အကျိုးကို တောင့်တပြီး
စောင့်တဲ့ သီလရယ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တပြီး စောင့်တဲ့ သီလရယ်ပါ။
❄ထင်ရှား
ကျော်ကြားမှုကိုလည်း မတောင့်တ၊ လောကီ အကျိုးကိုလည်း မတောင့်တဘဲ တရားရဲ့
မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက်
ဆောက်တည်တဲ့ သီလမှ ပါရမီမြောက်တဲ့ သီလပါ။
❄ဘုရား
အလောင်းတော် မြတ်ဟာ သီလ ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ သီလ ဆောက်တည်ရတဲ့
ကုသိုလ်ကို မိမိအတွက် ဒုဂ္ဂတိဘ၀ မကျရောက်ဖို့လည်း ဦးမတည် ပါဘူးတဲ့။
ဝိဇ္ဇာသုံးပါး၊ အဘိညာဉ် ခြောက်ပါး၊ ပဋိပမ္ဘိဒါ လေးပါး၊ သာဝက ဗောဓိ၊ ပစ္စေက
ဗောဓိကိုလည်း ဦးမတည်ပါဘူးတဲ့။
❄ဘာကို
ဦးတည်သလဲ ဆိုတော့ သဗ္ဗညုတ ဉာဏ်ကိုပဲ ဦးတည်ပါတယ်တဲ့။ ကိုယ်က ဘုရားအလောင်း
မဟုတ်တော့ သဗ္ဗညုတ ဉာဏ်နေရာမှာ နိဗ္ဗာန်ကို ဦးတည်လိုက် ရုံပါပဲ။
❄ဒီတော့
သီလ ယူပြီးတဲ့အခါ “တပည့်တော်၏ သီလသည် မဂ်ဖိုလ် နိဗ္ဗာန်၏ အထောက်အပံ့
ဖြစ်ပါစေ” လို့ စိတ်ညွတ်လိုက်ရင် ပါရမီ မြောက်တဲ့ သီလ ဖြစ်သွားတာပါ။ ဒါက
ပါရမီအကြောင်း ရေးနေတာမို့ ပါရမီ မြောက်တဲ့ သီလ ဆောက်တည်နည်းကို
ပြောပြတာပါ။ အခြေအနေ အကြောင်း ကြောင်းကြောင့် ပါရမီ မြောက်အောင်
မဆောက်တည်နိုင် သေးရင်လည်း ကိုယ်နဲ့ သင့်သလို ဆောက်တည်နိုင် ပါတယ်။
❄ကိုယ့်နိုင်ငံကို
ငြိမ်းချမ်း စေချင်တယ်၊ တိုးတက် ကြီးပွား စေချင်တယ် ဆိုရင် မင်းကော၊
ရဟန်းကော၊ ပြည်သူကော သုံးဦး သုံးဖလယ် သီလကို စောင့်ထိန်းပေးကြ ရမှာပါ။
ဒါနဲ့ ပတ်သတ်ပြီး စံကင်း ဆရာတော်ကြီး ပြောပြတဲ့ ပုံပြင်လေးကို သွားသတိရမိ
ပါတယ်။
❄တစ်နေ့တော့
စံကင်း ဆရာတော် ဘုရားဆီကို ဦးနုနဲ့ အဖွဲ့ ရောက်လာကြ ပါတယ်။ ရောက်လာတဲ့
အချိန်မှာ ဆရာတော် ဘုရားက သက်တော် ၉၂ နှစ် ရှိပြီ ဖြစ်သလို ရွှေကျင် သာသနာ
ပိုင်လည်း ဖြစ်နေပါပြီ။
❄အထူးသဖြင့်
ဦးနုကပဲ ဆရာတော် ဘုရားကို မေးခွန်းတွေ မေးတာပါ။ ဆရာတော် ဘုရားက ဦးနုရဲ့
မေးခွန်းတွေကို ဖြေရင်းနဲ့ တစ်ကြိမ်မှာတော့ ဦးနုကို မေးခွန်းတစ်ခု
ပြန်မေးလိုက် ပါတယ်။
❄“နဂိုက ပြောဖူးတဲ့ ဆန်သုံးထုပ် ပြုတ်တဲ့ ဥပမာ မေ့သွားပြီလား”
❄“ထပ်ပြီး အမိန့် ရှိပါဦး ဘုရား”
❄“ရှေးက
မင်းရယ် (အစိုးရရယ်)၊ ဘုန်းကြီးရယ်၊ လူထုရယ် ဘယ်သူ တရား(သီလ) ရှိမရှိ
သိရအောင် တရား (သီလ) ရှိတဲ့သူရဲ့ ဆန်ထုပ်က ပြုတ်ရင် နပ်မှာပဲ ဆိုပြီး
ဆန်ထုပ်သုံးထုပ် ပြုတ်ကြ သတဲ့၊ ပြုတ်ပြီး အားလုံး ဆယ်ကြည့်ကြတော့ တစ်ထုပ်မှ
မနပ်ဘူး ဆိုဘဲ”
❄“ဒီလိုဆို အစိုးရ ခံသာသေးတယ် ဘုရား၊ ဘာဖြစ်ဖြစ် အစိုးရချည်း လွှဲချ အပြစ်တင် ခံနေကြရ ပါတယ်ဘုရား”
❄ဒီတော့ ဆရာတော် ဘုရားက “ခုကာလတော့ ဦးရာလူက ပြောကြစမြဲပေါ့” လို့ ပြန်မိန့်လိုက် ပါတယ်။
❄ဆရာတော်
ဘုရားက တိုင်းပြည်တစ်ခု တိုးတက်ဖို့ ဆိုရင် မင်းကော၊ ရဟန်းကော၊ ပြည်သူကော
တရား သီလရှိဖို့ သိမ်သိမ် မွေ့မွေ့ ဟာသဆန်ဆန် ပုံပြင်လေးနဲ့ ဩ၀ါဒ
ပေးထားတာပါ။
❄ကိုယ့်တိုင်းပြည် တကယ် တိုးတက် ကြီးပွား စေချင်ရင် ရဟန်းကော၊ မင်းကော၊ ပြည်သူကော သီလကို အထူး စောင့်ထိန်းရ မှာပါ။
❄သုံးဦးထဲက
တစ်ဦးဦး သီလ ပျက်နေရင် တိုးတက်မှာ မဟုတ်ပါဘူး။ ဥပမာ- မင်းက သီလ
ပြည့်စုံပြီး ရဟန်းနဲ့ ပြည်သူက သီလ ပျက်နေရင် ဘယ်လိုမှ တိုးတက်မှာ
မဟုတ်ပါဘူး။ ကိုယ်က သုံးဦးထဲက တစ်ဦးဦး ဖြစ်နေတာ ဆိုတော့ တာဝန်
တစ်ရပ်အနေနဲ့ စောင့်ထိန်း ပေးရမှာပါ။
❄လူ့ဘဝ
ရောက်လာပြီး လူ့ဘ၀ရဲ့ တန်ဖိုးတစ်ခု ဖြစ်တဲ့ သီလလေးမှ စောင့်ထိန်း မသွားရဘဲ
လူ့လောက ထဲက ပြန်ထွက် သွားရတယ် ဆိုရင် လူ့ဘ၀ ရလာတာ အဓိပ္ပါယ် မရှိတော့
ပါဘူး။
❄သီလကို
စောင့်ထိန်း လိုက်တဲ့ အခါမှာ ပထမဆုံး ရရှိလိုက်တဲ့ အကျိုးကတော့
ကိုယ့်ကိုယ်ကိုယ် ကြည်ညို ဖြစ်သွားတဲ့ အကျိုးပါ။ ကိုယ့်ကိုယ်ကိုယ်
ကြည်ညိုနေတဲ့ အချိန်မှာ ဘ၀က သိပ်ပြီး ငြိမ်းချမ်းနေ ပါတယ်။ ဘ၀မှာ သူတစ်ပါး
ကြည်ညိုဖြစ် ဖို့က ဒုတိယ ကိစ္စပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုဖို့ ကိစ္စက ပထမ
ကိစ္စပါ။
❄ချစ်တဲ့
စာဖတ်သူ တွေကို သီလ လုံးဝမကျိုးတဲ့ ဆောက်တည်နည်းကို ပေးချင်ပါတယ်။ ကဲ..
စာဖတ်သူတွေကို မေးကြည့်ရအောင်ပါ။ သီလ ကျိုးတယ် ကျိုးတယ်ဆိုတာ မနက်ပိုင်း၊
နေ့လယ်ပိုင်း သွားလာ လှုပ်ရှားနေတဲ့ အချိန်မှာ ကျိုးတာလား၊ ညပိုင်း
အိပ်နေတဲ့ အချိန်မှာ ကျိုးတာလား။
❄ညပိုင်း အိပ်နေတဲ့ အချိန်မှာ သီလက မကျိုးပါဘူး။
❄စာထဲမှာ
ကာလ ပရိယန္တ သီလဆိုတာ ရှိပါတယ်။ ကာလကို ပိုင်းဖြတ်ပြီး စောင့်ထိန်းတဲ့
သီလပါ။ နေ့ပိုင်း တစ်နေ့တာပဲ ဖြစ်ဖြစ်၊ ညပိုင်း တစ်ညတာပဲ ဖြစ်ဖြစ်၊
တစ်ရက်လုံးပဲ ဖြစ်ဖြစ်၊ နောက်ဆုံး တစ်ထိုင်ပဲ ဖြစ်ဖြစ်၊ ကာလ ပိုင်းဖြတ်ပြီး
စောင့်ထိန်းတာပါ။
❄ဥပမာ ကိုယ်က ညမှာ ဆယ့်တစ်နာရီ အိပ်ပြီး မနက် ငါးနာရီ အိပ်ယာထတယ် ဆိုပါစို့။
❄ဒီတော့
ညအိပ်ယာ ၀င်ခါနီးမှာ ၈ ပါးသီလ၊ ၉ ပါးသီလ ယူလိုက်ပြီး “ဘုရား တပည့်တော် ည
၁၁ နာရီကနေ မနက် ၅ နာရီ အထိ သီလ ဆောက်တည် ပါ၏” လို့ ကာလ ပိုင်းဖြတ်ပြီး
စောင့်ထိန်းလိုက် ရုံပါ။
❄ည
၁၁ နာရီကနေ မနက် ၅ နာရီအထိ ဆိုတော့ တစ်နေ့ကို ၆ နာရီလောက် သီလ စောင့်ထိန်း
ဖြစ်နေတာပါ။ ၁၀ ရက်ဆိုရင် နာရီပေါင်း ၆၀၊ တစ်လ ဆိုရင် နာရီပေါင်း ၁၈၀၊
တစ်နှစ်ဆိုရင် နာရီပေါင်း ၂၁၆၀ ပါ။
❄ဒါက ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်း ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။ တကယ်တော့ မနက် ၅ နာရီ ထိုးတာနဲ့ သီလက တန်း မကျိုးသေး ပါဘူး။
❄ဒီနည်းကို
စာရေးသူ သဘောနဲ့ ရေးပြတာ မဟုတ်ပါဘူး။ မဟာ ဗုဒ္ဓ၀င်မှာ မင်းကွန်း ဆရာတော်
ဘုရားကြီးက သီလကို တစ်နေ့လုံး မဆောက်တည်နိုင် သေးရင်တောင် ညမှာ တစ်နိုင်
တစ်ပိုင် ဆောက်တည်ဖို့ အသေအချာ ရေးပြထား လို့ပါ။ ဆရာတော် ဘုရားကြီးက
ဝတ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး အားပေးထား ပါတယ်။
❄ပေတ ၀တ္ထုထဲက မိဂလုဒ္ဒက ဆိုတဲ့ ၀တ္ထု နှစ်ပုဒ်ပါ။ ခပ်ကျဉ်းကျဉ်းလောက် ရေးပြရ အောင်ပါ။
❄မြတ်စွာဘုရား
လက်ထက်တော်က ရာဇဂြိုဟ် ပြည်မှာ အလွန်ချစ်တဲ့ သူငယ်ချင်း နှစ်ယောက်
ရှိပါတယ်။ သူငယ်ချင်း နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အလွန် ချစ်ကြပေမယ့်
စရိုက် အပြုအမူ ချင်းက မတူပါဘူး။ တစ်ယောက်က မုဆိုး အလုပ်ကို လုပ်ပြီး
တစ်ယောက်က ကောင်းရောင်း ကောင်းဝယ် လုပ်ပြီး ရတနာ သုံးပါးကို ဆည်းကပ်ပါတယ်။
❄မုဆိုး
လုပ်နေတဲ့ သူငယ်ချင်းကို ကြည့်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက
စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် သူငယ်ချင်းကို အကုသိုလ် အလုပ်တွေ
မလုပ်ဖို့ အမြဲ ပြောပါတယ်။ မုဆိုး သူငယ်ချင်း ကလည်း သူငယ်ချင်းကို
ချစ်ပေမယ့် ၀ါသနာကို မစွန့်နိုင်လို့ လုပ်မြဲ ပါပဲ။
❄ဒီလိုနဲ့
တစ်နေ့ ကျတော့ ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို
ဘာ တောင်းဆိုလာသလဲ ဆိုတော့ “သူငယ်ချင်းရယ်၊ မင်း အလုပ်ကို မစွန့်နိုင်
ရင်တောင် ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလ စောင့်ပေးပါလား” လို့
တောင်းဆို ပါတယ်။
❄မုဆိုး
သူငယ်ချင်း ကလည်း ညမှာတော့ ကောင်းကောင်း စောင့်ထိန်းနိုင်တာ ဆိုတော့
နေ့မှာ မုဆိုး အလုပ်ကို လုပ်ပြီး ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလကို
စောင့်ထိန်းပါတယ်။ သက်တမ်း စေ့လို့ ကွယ်လွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည်
အနီးမှာ ဝေမာနိက ပြိတ္တာ သွားဖြစ် ပါတယ်။
❄အကျိုးက
ဘယ်လို ခံစားရသလဲ ဆိုတော့ နေ့မှာ အကုသိုလ်တွေ ပြုခဲ့တဲ့ အတွက်
နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခတွေ ခံစားရပြီး ညမှာ သီလ စောင့်ခဲ့တဲ့ အတွက်
ညပိုင်းမှာ ကာမဂုဏ် ငါးပါးကို ပြည့်ပြည့်စုံစုံ ခံစားနေရ ပါတယ်။ ဒါကို
အရှင်နာရဒ မထေရ် တွေ့တော့ ဘာကြောင့် နေ့ခံ ညစံ ခံစားနေရ သလဲဆိုတာ မေးကြည့်
ပါတယ်။
❄ပြိတ္တာ
ဖြစ်နေရသူက “တပည့်တော်ဟာ နေ့ပိုင်းမှာ မုဆိုး အလုပ်ကို လုပ်ခဲ့ပါတယ်
ဘုရား၊ ညပိုင်း မှာတော့ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းရဲ့ တိုက်တွန်း
မှုကြောင့် မကောင်းမှုကို ရှောင်ပြီး သီလ စောင့်ခဲ့လို့ အခုလို နေ့ခံ ညစံ
ဖြစ်နေရ တာပါဘုရား” လို့ ပြန်လျှောက်ပြ ပါတယ်။
❄နောက်
ဝတ္ထု တစ်ပုဒ်က ရှေးဝတ္ထုနဲ့ ခပ်ဆင်ဆင် ပါပဲ။ သူငယ်ချင်း နှစ်ယောက် ပါပဲ။
တစ်ယောက်က မုဆိုး၊ တစ်ယောက်က ဘာသာရေး ကိုင်းရှိုင်းသူ၊ ဒါပေမယ့် ဘာသာရေး
ကိုင်းရှိုင်းသူ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို မကောင်းမှုတွေ မလုပ်ဖို့
အကြိမ်ကြိမ် တားမြစ်ပေမယ့် လုံးဝ နားမထောင် ပါဘူး။
❄ပြောမရတော့
ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက သူ ဆည်းကပ် ကိုးကွယ်နေတဲ့ ဆရာ ရဟန္တာ
တစ်ပါးကို အကျိုးအကြောင်း ပြောပြပြီး “အရှင်ဘုရား တပည့်တော် သူငယ်ချင်းကို
အကုသိုလ် မပြုဖို့ ပြောဟောပေးပါ ဘုရား” လို့ လျှောက်ပါတယ်။
❄ဆရာ
ရဟန္တာက မုဆိုး သူငယ်ချင်းဆီ သွားပြီး တရား ဟောပေးပါတယ်။ ဒါပေမယ့် မုဆိုး
သူငယ်ချင်းက ရဟန္တာ အရှင်မြတ်ကို ကြည်ညိုပေမယ့် ပါဏာတိ ပါတ အမှုကို
ရှောင်ကြဉ်လိုစိတ် လုံးဝ မရှိပါဘူး။ သူ့အနေနဲ့ ရှောင်ကြဉ်ဖို့ လုံးဝ
ခက်နေပါတယ်။
❄ဒါကို
သိတဲ့ ရဟန္တာ အရှင်မြတ်က “ဒကာရယ်၊ တစ်နေ့လုံး မရှောင်ကြဉ်နိုင် ရင်တောင်
ညအခါ လေးတော့ ရှောင်ကြဉ်ပေး ပါနော်” လို့ ကရုဏာ သံနဲ့ ထပ်ဟောပါတယ်။
❄ဒီတော့မှ
မုဆိုးလည်း “ဒါဖြင့်ရင်လည်း ကောင်းပါပြီ ဘုရား၊ တပည့်တော် ညမှာတော့ ပါဏာတိ
ပါတမှ ရှောင်ကြဉ်ပါမယ် ဘုရား” လို့ ပြန်ကတိ ပေးလိုက်ပါတယ်။ မုဆိုး
သူငယ်ချင်းလည်း ရဟန္တာ အရှင်မြတ်ကို ကတိ ပေးထားတဲ့ အတိုင်း နေ့ပိုင်းမှာ
မကောင်းမှု ပြုပေမယ့် ညပိုင်းမှာတော့ သီလကို စောင့်ပေးပါတယ်။ သေလွန်တဲ့
အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာပဲ ဝေမာနိက ပြိတ္တာဖြစ်ပြီး နေ့ပိုင်းမှာ
ဆင်းရဲ ဒုက္ခကို ခံစားနေရ ပေမယ့် ညပိုင်းမှာတော့ ကာမဂုဏ် ငါးပါးကို အပြည့်အဝ
ခံစားနေရ ပါတယ်တဲ့။
❄ဆရာတော်
ဘုရားကြီးက ဒီဝတ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး နေ့အခါမှာ မစောင့်နိုင်
ပေမယ့် ညမှာ စောင့်ထိန်းရင် အကျိုးပေးနိုင်တဲ့ အတွက် မိမိ စွမ်းနိုင်သလောက်
စောင့်ထိန်းဖို့ ကရုဏာ တရားနဲ့ တိုက်တွန်းထား ပါတယ်။
❄ဆရာတော်
ဘုရားကြီးက ဘုရားဟော ပါဠိတော် အဋ္ဌကထာ ဋီကာတွေ ထဲကထုတ်ပြီး ရေးပြတယ်။
စာရေးသူက ဆရာတော် ဘုရားကြီး ရေးပြတာကို တစ်ဆင့် ပြန်ရေးပြတယ်။ စာဖတ်သူ
တွေကလည်း ကိုယ်နဲ့ နီးစပ်ရာ ဓမ္မ မိတ်ဆွေတွေကို “သီလ ဆိုတာ နေ့ပိုင်းမှာ
မစောင့်နိုင် ရင်တောင် ညပိုင်းမှာ ဒီလို ဒီလိုစောင့်ရင် သီလ မကျိုးဘူး”
လို့ ဆောက်တည်နည်း လေးတွေ တစ်ဆင့် ပြန်ပြောနိုင်ရင် တကယ့် ဓမ္မဒါန
ကုသိုလ်တွေ ဖြစ်နေတာပါ။ ဒါမှလည်း ရေးရ ဖတ်ရတာ တန်ပါတယ်။
0 comments:
Post a Comment