Thursday, 19 April 2018

" ဘဝဆိုတာ ဗေဒါပင်တွေလိုပါပဲ " *************************

No automatic alt text available.
  မြစ်ပြင်ထဲက ဗေဒါတွေဟာ
လေကြောင့်ပဲ ပေါင်းဆုံကြသလို
လေကြောင့်ပဲ ကွဲကွာသွားကြပါတယ် ၊
သံသရာမြစ်ပြင်ထဲက
လူသားတွေဟာလည်း
ကံကြောင့်ပဲ ဆုံဆည်းခွင့်ရကြသလို
ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ် ၊
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့ ၊
လမ်းခွဲမှာ ဝမ်းနည်းစရာမလိုပါဘူးလေ. . ။
---------------------------------------------
-လောကမှာ အစဆိုတာရှိရင် အဆုံးသတ်ဆိုတာလည် ရှိရတယ် ၊
-ငယ်ရွယ်ခြင်းဆိုတဲ့အစရှိရင် ကြီးရင့်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ၊
-နုပျိုခြင်းဆိုတဲ့ပစရှိရင် အိုမင်းခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ၊
-ကျန်းမာခြင်းဆိုတဲ့အစရှိရင် ဖျားနာခြင်း ၊ နာခြင်း ဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ၊
-မွေးဖွားခြင်းဆိုတဲ့အစရှိရင် သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ၊
-ပေါင်းဆုံခြင်းဆိုတဲ့အစရှိရင် ခွဲခွာခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရတယ် ။
လောကရဲ့ သဘာဝကိုက အစရှိရင် အဆုံးရှိနေတဲ့ အတွက် . . .ပေါင်းဆုံခြင်း ဆိုတာ ရှိရင် လမ်းခွဲခြင်းဆိုတာ ရှိတတ်စမြဲပဲ ။
လမ်းခွဲခြင်းက နှစ်မျိုးရှိတယ် ၊
အသက်ရှင်လျှက် လမ်းခွဲခြင်းနဲ သေဆုံးပြီးတော့ လမ်းခွဲခြင်း ၊
ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းနဲ့ သေကွဲ ခွဲရတဲ့ လမ်းခွဲခြင်း ဆိုပြီး လမ်းခွဲခြင်းနှစ်မျိုးရှိတယ် ။
ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်းကတော့ . . .
အသက်ရှင်နေသမျှ ကာလပတ်လုံး နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ လောကဓံတစ်ခုပါပဲ ၊
လောကဓံဆိုတာ လောကဓမ္မ ၊
"လောက" ဆိုတာ လောကကြီးထဲမှာ " ဓမ္မ " ဆိုတာက ဖြစ်တတ်တဲ့ သဘောတရား ၊
----------------------------------------------
ဆိုပါတော့ . . .
သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်
ညဘက် လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်၊ အချိန်တန် ကိုယ့်အိမ် ကိုယ်ပြန်တော့ . . .သူငယ်ချင်း အချင်းချင်း ချစ်လွန်းလို့ ဆိုပြီးတော့ သူ့အိမ် ကိုယ်လိုက်အိပ် ၊ သူ့အိမ် ကိုယ်လိုက်အိပ် လို့ မဖြစ်ဘူး ၊ တခါတရံပဲ ဖြစ်မယ် ၊ အမြဲတမ်း မဖြစ်ဘူး ၊ ဒါဟာ နေ့စဉ်ကြုံတွေ့ရတဲ့ လမ်းခွဲခြင်းပဲ ။
ကျောင်းသွားတဲ့သူဆိုရင်လည်း
ကျောင်းစတက်တဲ့ အချိန်ကနေ ကျောင်းဆင်း ခေါင်းလောင်းထိုးချိန်ထိ ကျောင်းမှာ နေရတယ် ။ သူငယ်ချင်း ၊ ဆရာ၊ဆရာမတွေနဲ့ ခေတ္တခဏ ပေါင်းဆုံရတယ် ၊
ကျောင်းဆင်းခေါင်းလောင်းထိုးပြီဆိုရင် လမ်းခွဲကြရပြီ ၊ ကိုယ့်အိမ် ကိုယ်ပြန်ရပြီ ။ ဒါလည်း နေ့စဉ် ကြုံတွေ့ရတဲ့ လမ်းခွဲခြင်းပါပဲ ။
သိပ်ချစ်ပါတဲ့ ဇနီးမောင်နှံတောင် တချိန်လုံး တပူးတွဲတွဲ နေလို့ မရပါဘူး ။
တစ်ယောက်က အပြင်မှာ ဈေးရောင်း ၊
တစ်ယောက်က အိမ်ထဲမှာ ထမင်း၊ ဟင်းချက် လုပ်နေတယ် ၊ ဇနီးမောင်နှံနှစ်ယောက် လမ်းမခွဲ ရဘူးလား ။
အတိတ်ကံကောင်းလွန်းလို့ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ ၊ မျက်စိအောက်က အပျောက်မခံ တပူးတွဲတွဲ နေနိုင်တယ်ပဲ ထားဦး ၊ နောက်ဆုံး ကျင်ကြီးကျင်ငယ် စွန့်ချင်လို့ ရေအိမ်ထဲဝင်ရင် လမ်းမခွဲရဘူးလား၊ လမ်းခွဲရပါတယ် ။
----------------------------------------------
စက္ကန့်အမျှ အမြဲတမ်း ကိုယ်ချစ်တဲ့လူနဲ့ တပူးတွဲတွဲ ပေါင်းသင်းဆက်ဆံနေရတယ် ဆိုတာ ရှိရဲ့လား ၊ မရှိပါဘူး ၊ အချိန်ပြည့် ရင်ချင်းအပ် ၊ ကိုယ်ချင်းထပ်ထားလို့ မဖြစ်နိုင်ဘူးနော် ၊
လမ်းခွဲချိန်ဆိုတာ နေ့စဉ်နဲ့အမျှ ရှိပါတယ် ၊ ရှင်ကွဲခွဲရတဲ့ လမ်းခွဲခြင်း ဆိုတာ အမြဲတမ်း ရှိပါတယ် ။
ဦးပဉ္ဇင်းအပါအဝင် တရားနာပရိတ်သတ်များ ကျဉ်လည်နေရတဲ့ သံသရာဆိုတာက မြစ်ပြင်ကြီးနဲ့ တူပါတယ် ၊
ဦးပဉ္ဇင်းတို့တတွေကတော့ မြစ်ပြင်ထဲမှာ ရှိတဲ့ ဗေဒါပင်လေးတွေနဲ့ တူပါတယ် ။
မြစ်ပြင်ထဲမှာ လေတိုက်ရာ ရွှေ့လျားနေရတဲ့ ဗေဒါပင်လေးတွေပေါ့ ၊ တခါတရံ ဒီဗေဒါအုပ်စုနဲ့ ဆုံလိုက် ၊ တခါတရံ ဟိုဗေဒါအုပ်စုနဲ့ ဆုံလိုက် ။
လေတိုက်လို့ ပြန်ကွဲသွားလိုက် ၊ တစ်ပင်တည်း ဖြစ်နေရပြန်လိုက် ၊ တော်ကြာ လေသင့်လို့ ပြန်ပေါင်းမိလိုက် ၊ အဲဒီလိုနဲ့ပဲ ဗေဒါပင်တွေဟာ ဆုံလိုက် ၊ ကွဲလိုက်နဲ့ ပုံသဏ္ဍာန်အမျိုးမျိုး ၊ အနေအထား အမျိုးမျိုး နဲ့ ရွေ့လျား ကျင်လည် နေပါတယ် ။
အဲဒီလိုပါပဲ. . .
သံသရာတည်း ဟူသော မြစ်ပြင်ကြီးထဲမှာလည်း ဦးပဉ္ဇင်းတို့တစ်တွေဟာ ကံကြမ္မာလေ ပင့်တဲ့အတိုင်း ၊ စီမံပေးတဲ့အတိုင်း ခွဲခွာလိုက် ၊ ပေါင်းဆုံလိုက်နဲ့ ပုံစံအမျိုးမျိုး ၊ အနေအထား အမျိုးမျိုးနဲ့ လှုပ်ရှားကျင်လည်နေရပါတယ် ။
---------------------------------------------
နေ့စဉ်နဲ့အမျှ ၊ လစဉ်နဲ့အမျှ ၊ နှစ်စဉ်နဲ့အမျှ ဆိုသလို လမ်းခွဲခြင်း အမျိုးမျိုးကို ကြုံတွေ့နေတယ် ၊ အဲလို ကြုံတွေ့နေရတဲ့အခါမှာ" လမ်းခွဲတာ ဝမ်းနည်းစရာလား" ဆိုတဲ့ မေးခွန်းက အကျုံးဝင်ပါတယ် ။
မေတ္တာနဲ့ လမ်းခွဲတဲ့သူက ငြိကပ်စွဲလမ်းနေတာမျိုး မရှိတဲ့အတွက် လမ်းခွဲရပေမယ့် ဝမ်းမမနည်းပါဘူး ။
မေတ္တာရဲ့သဘောက တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ရဖို့က အဓိက မဟုတ်ဘူး ။ တဖက်သား ကောင်းကျိုး ဖြစ်စေချင်တဲ့ စိတ်ကလေး ရှိနေဖို့ အဓိကပဲ ။
ကိုယ်မေတ္တာထားရသူနဲ့ မဆုံတွေ့ရတဲ့အတွက် ဝမ်းနည်း ၊ ပူဆွေး ၊ တမ်းတ လွမ်းဆွတ်ခြင်း ဆိုတာ မရှိပါဘူး ။
ဝမ်းမနည်းလို့ မေတ္တာမရှိဘူး မထင်နဲ့နော် ။
မေတ္တာရှိတာနဲ့ ဝမ်းနည်းတာ ဘာမှ မဆိုင်ဘူး ။
မေတ္တာရှိတာက အဒေါသ ၊ ဝမ်းနည်းတာက ဒေါသ ၊ တစ်ခုနဲ့တစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ် ။
မေတ္တာကြောင့် ဝမ်းနည်းရတယ် ဆိုတာ ဘယ်တော့မှ မရှိပါဘူး ။ တဏှာကြောင့်သာ ဝမ်းနည်းကြရတာပါ ။
ဒါကြောင့် အချုပ် မှတ်ရမှာက . . .
တဏှာနဲ့ လမ်းခွဲရင် ဝမ်းနည်းရတယ် ၊
မေတ္တာနဲ့ လမ်းခွဲရင် ဝမ်းမနည်းရဘူး ။
ဉာဏ်နဲ့ချဲ့ထွင်ပြီး အသေးစိတ်ပွားလိုက်ပေါ့ ၊
ဦးပဉ္ဇင်းတို့က အကြမ်းဖျင်းပဲ ပြောသွားတာပါ ။
-------------------------------------------
မေတ္တာနဲ့ လမ်းခွဲတဲ့ ပုဂ္ဂိုလ်ဟာ
တစ်ယောက်နဲ့တစ်ယောက် မဆုံတွေ့ရချိန်မှာ
ကိုယ့်အလုပ် ကိုယ်လုပ်ရင်း စိတ်အေးချမ်းစွာ နေတတ်ပါတယ် ။
တဏှာနဲ့ လမ်းခွဲတဲ့ ပုဂ္ဂိုလ်ကတော့
ကိုယ့်အလုပ်ကိုယ် စိတ်မဝင်စားတော့ဘဲ
တစ်ဖက်လူနဲ့ ပတ်သက်တာတွေအပေါ် စိတ်ပျံ့လွင့် ၊ နစ်မြောပြီး အလုပ်ပျက် အကိုင်ပျက်နဲ့ စိတ်ပူလောင်စွာ နေရပါတယ် . ။
----------------------------------------------
ရှေးရေစက် ကြီးလွန်းလို့
တွေ့ခွင့်ဆုံခွင့်ချစ်ခင်ခွင့်
ရခဲ့ကြတာ မဟုတ်လား၊
ဘာလို့များ တစ်ယောက်အပေါ်တစ်ယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေးနေရတာလဲ ။
နာကျည်းမှုကုဋေကုဋာနဲ့
ဝမ်းနည်းစွာ လမ်းခွဲခဲ့ကြမှတော့
သံသရာတစ်ကွေ့ ပြတ်လာတွေ့တဲ့အခါ
ဘယ်လိုအပြုံး ဘယ်လိုမျက်လုံးတွေနဲ့
နှုတ်ဆက် ဖက်ပွေ့ ကြမလဲကွယ်. . .။
" ဆရာတော် အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
(လမ်းခွဲတာ ဝမ်းနည်းစရာလား၊ စာ- ၁၂-၂၁)
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support