Sunday, 5 February 2017

စိတ်ညစ်ခြင်းကို အကြာကြီး မွေးမထားပါနဲ


 




 အညတရ ဘိက္ခု
 “ငါက ကံကောင်းလေ့မှ မရှိတာ၊ ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်တော့ထင်သားပဲ”
“ငါ့ကျမှပဲ ဒီလိုအဆိုးတွေ ဖြစ်ရတယ်လို့၊ ငါ့လိုတော့ ဘယ်သူမှ ဖြစ်မှာမဟုတ်ဘူး”
“ငါက တသက်လုံး စိတ်ညစ်နေရမယ့် ကံ ပါတယ်နဲ့ တူတယ်၊ ငါ့ဘဝမှာ ပျော်နေရတဲ့အချိန်ဆိုတာ မရှိသလောက်ပါဘဲ”
လူတိုင်းလူတိုင်း အကျပ်အတည်း၊ အခက်အခဲတွေ၊ ပြဿနာတွေ ရှိတာချင်းတူတူ ကိုယ်က ဘာလို့ အဲလိုအတွေးမျိုး တွေးနေမှာလဲ။ မှားယွင်းတဲ့ကိုယ့်ရဲ့ အယူအဆကြောင့် ကိုယ့်စိတ်ကို ဒုက္ခပေးရာရောက်ပါတယ်။ ဖြစ်ချိန်တန်လို့ ဖြစ်သွားတဲ့ကိစ္စတခုကို ဘယ်လိုဖြေရှင်းရမလဲ။
မဖြေရှင်းနိုင်ရင်လည်း ဘယ်လို ကျော်ဖြတ်ရမလဲလို့ပဲ စဥ်းစားပါ။ ဒီပြဿနာရဲ့ ရှေ့က ပြဿနာတွေ၊ မဖြစ်သေးတဲ့နောက် ပြဿနာတွေကိုပါ ထည့်မတွေးပါနဲ့။ ပြဿနာသေးသေးလေးကနေ အကြီးကြီး ဖြစ်သွားပြီး စိတ်ညစ်စရာ ကောင်းသွားပါလိမ့်မယ်။
တခါတုန်းက လုပ်ငန်းရှင်သူဌေးတယောက်ဟာ စီးပွားရေးအဆင်မပြေမှုတွေ ဆက်တိုက်ကြုံတွေ့ပြီး နေ့ချင်းညချင်း ဆင်းရဲသွားခဲ့တယ်။ သူ့ဘဝကို စိတ်ပျက်လွန်းမက စိတ်ပျက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အတွက် မနက်အစောကြီး ထွက်လာခဲ့တယ်။
လမ်းမှာ သူ့ကို ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ လူတယောက်က “မင်္ဂလာနံနက်ခင်းပါ၊ ဒီနေ့ အရမ်းသာယာတာပဲနော်” နှုတ်ဆက်သွားတယ်။ အဲလောက် ပျော်ရွှင်တက်ကြွနေတဲ့ လူကို သူကြည့်လိုက်တော့ ခြေထောက်နှစ်ဖက်လုံးမရှိတာကိုတွေ့ရတယ်။
သူက သူ့ဘဝမှာ စည်းစိမ်ဥစ္စာတွေ မရှိတော့လို့ သေလောက်အောင် စိတ်ညစ်နေတဲ့အချိန်မှာခြေထောက်နှစ်ဖက်စလုံးမရှိတဲ့လူက ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်နေတာကို တွေ့ရတယ်။ အဲဒါနဲ့ သူ အင်အားတွေ ပြန်ပြည့်လာတယ်။ စီးပွားရေးကို တစ်ကနေ ပြန်စတယ်။ ဒီလိုနဲ့ သူပြန်ပြီး သူဌေးဖြစ် သွားခဲ့တယ်။
စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေကို ထပ်ခါတလဲလဲ တွေးနေတတ်တဲ့သူဟာ အဲဒီ စိတ်ညစ်စရာတွေနဲ့ အကျွမ်းဝင်သွားပြီး အမြဲတမ်းစိတ်ညစ်နေရလိမ့်မယ်။ ကိုယ့်ကိုယ်ကို ကံဆိုးတယ်လို့ ခံယူထားတဲ့သူဟာ ကိုယ်လက်ခံထားတဲ့ အစွဲအလမ်းကြောင့်ပဲ အမြဲတမ်းကံဆိုးနေရပါလိမ်မယ်။ ဒါကြောင့် ဘယ်ကိစ္စမဆို အကောင်းဘက်ကတွေးတဲ့ အလေ့အကျင့်ကို မွေးပါ။
“တော်သေးတာပေါ့၊ ဒီလောက်ဒုက္ခသေးသေးလေးနဲ့ ကြုံရတာ”
“ငါ့ထက် အဖြစ်ဆိုးတဲ့သူတွေ အများကြီးပဲ၊ ငါ တော်တော် ကံကောင်းလို့”
ဆိုတဲ့ အတွေးမျိုးပဲ တွေးပါ။ ပြီးရင်လည်း မေ့ပစ်ပါ။ စိတ်ညစ်ခြင်းကို အကြာကြီး မွေးမထားပါနဲ့။ စိတ်ပျက်စရာ အတွေးတွေကို ကိုယ့်အနားမှာ အကြာကြီး မနေခိုင်းပါနဲ့။ မောင်းထုတ်ပစ်လိုက်ပါ။
ဒီနေ့ထက် ပိုကောင်းအောင် မနက်ဖြန်မှာ ကြိုးစားပါ။ စိတ်ညစ်စရာ အတွေးတွေကို ကြိုးစားခြင်းနဲ့ အနိုင်ယူပါ။ အကောင်းဘက်ကတွေးခြင်းနဲ့ ဖယ်ရှားပစ်ပါ။
Share:

1 comment:

  1. ရှယ်ပါရစေ၊ ဒီလိုသတိပေးသံဝေဃ လမ်းညွန်များ များများတင်ပေးပါခင်ဗျား

    ReplyDelete

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support