သတ္တိရှိမှဘာသာတရားအစစ်ကိုရနိုင်မယ်





ဘာသာတရားဆိုတာ အားကိုးရာကိုရှာတာလို့ ပြောကြတယ်။ အဲဒါဟာ အားငယ်တတ်သူတို့ရဲ့ မပြည့်စုံမှု၊ ချို့တဲ့မှုကိုအကြောင်းခံပြီးတော့ ဘာသာတရားကိုကိုးကွယ်တယ်။ သူလိုချင်တာတွေရဖို့ ဘာသာတရားကိုကိုးကွယ်တယ်။ အားမငယ်တတ်တဲ့သူဟာ မပြည့်စုံမှု ချို့တဲ့မှုကို အကြောင်းမခံဘူး။ လိုချင်တာရဖို့ မကိုးကွယ်ဘူး။ လွတ်လပ်ဖို့နည်းလမ်းကိုပဲ ရှာတယ်။ ချို့တဲ့နေသူရဲ့ဘာသာတရားဟာ ပြည့်စုံမှုကိုရည်မှန်းချက်ထားတယ်။ ပြည့်စုံနေသူရဲ့ဘာသာတရားဟာ လွတ်လပ်မှုကိုရည်မှန်းချက်ထားတယ်။ ကြောက်တဲ့သူ၊ စိုးရိမ်တဲ့သူရဲ့ဘာသာတရားဟာ လုံခြုံမှုကိုရှာတဲ့ ဘာသာတရား။ မကြောက်တဲ့သူ၊ မစိုးရိမ်တဲ့သူရဲ့ဘာသာတရားဟာ လွတ်မြောက်မှုကိုရှာတဲ့ ဘာသာတရား။



အားမငယ်တတ်တဲ့သူ၊ သတ္တိရှိတဲ့သူရဲ့ဘာသာတရားဟာ အားကိုးစရာကိုရှာတာ မဟုတ်ဘူး။ လွတ်လပ်မှုကိုရှာတာ။ လွတ်လပ်မှုကိုရှာတာမှ ဘာသာတရားအစစ်ဖြစ်တယ်။ “ဝိမုတ္တိ” လို့ခေါ်တဲ့ လွတ်လပ်မှုကိုရှာမှ ဗုဒ္ဓဘာသာတရားအစစ်ကိုကိုးကွယ်တာလို့ ဆိုနိုင်တယ်။ ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်တဲ့သူမှပဲ လွတ်လပ်မှုကိုရှာနိုင်မယ်။ ရလည်းရနိုင်မယ်။ ကိုယ့်တာဝန်ကို ကိုယ်မယူနိုင်တဲ့သူဟာ လွတ်လပ်မှုကိုကြောက်တယ်။ ရှာမှာလည်းမဟုတ်ဘူး။ ဒါကြောင့် ရမှာလည်းမဟုတ်ဘူး။ ဗေဒင်ဆိုတာ အားငယ်တတ်သူတို့ရဲ့ ဘာသာတရားတစ်မျိုးဖြစ်ပါတယ်။ ဟိန္ဒူဝါဒ ဘာသာတရားဖြစ်တယ်။ ဗုဒ္ဓဘာသာတရား မဟုတ်ဘူး။ ကိုယ်ကအားငယ်တတ်သူဖြစ်နေရင်တော့ အားငယ်တတ်သူတို့ရဲ့ဘာသာတရားကို ကြိုက်မှာပဲ။ ကိုယ်ကအားမငယ်တတ်သူ သတ္တိရှိတဲ့သူဆိုရင်တော့ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဆုံးဖြတ်ချက်ကိုကိုယ်ချ၊ ကိုယ့်ဘဝကိုကိုယ်တာဝန်ယူရတဲ့ ဗုဒ္ဓဘာသာတရားကို ကြိုက်မှာပဲ။



သတ္တိရှိမှ ဘာသာတရားအစစ်ကိုရနိုင်မယ်၊ သိနိုင်မယ်။ ကိုယ့်တာဝန်ကိုကိုယ် ရာခိုင်နှုန်းပြည့်ယူနိုင်မှ ဘာသာတရားအစစ်ကိုသိနိုင်မယ်။ သတ္တိမရှိတဲ့သူ တာဝန်မယူရဲတဲ့သူမှာ ဘာသာတရားအစစ် မရှိဘူး။ ဘာသာတရားအတုပဲ ရှိတယ်။ အားငယ်တတ်တဲ့သူဟာ ချိုင်းထောက်နဲ့တူတဲ့ဘာသာတရားကို ရှာတယ်။ အားမငယ်တတ်တဲ့သူ၊ သတ္တိရှိတဲ့သူ၊ လွတ်လပ်မှုကိုချစ်တဲ့သူဟာ အတောင်ပံနဲ့တူတဲ့ဘာသာတရားကို ရှာတယ်။ ဘယ်လိုဘာသာတရားကို လိုချင်သလဲ။ ကဲ… ဆုံးဖြတ်လိုက်ပါ။ ဆုံးဖြတ်ရဲသလား။





ကိုယ့်ရဲ့အသိဥာဏ်ကို နေရာတိုင်းမှာသုံးပါ။ ကိစ္စတိုင်း ကိစ္စတိုင်းမှာ ထောင့်စေ့အောင်စဉ်းစားပါ။ ကောင်းကောင်းလေ့ကျင့်ပြုစုထားတဲ့ အသိဥာဏ်နဲ့နေသွားမှ လောကကြီးမှာ နေရတာအဆင်ပြေမယ်။ ကိုယ့်ဘဝအခြေအနေကို အကောင်းဆုံးဖြစ်အောင်ဖန်တီးနိုင်မယ်။ အသိဥာဏ်ကို ဖွံ့ဖြိုးအောင်ပြုစုမထားတဲ့သူတွေဟာ မကြောက်သင့်တာတွေ ကြောက်နေတယ်။ အားမကိုးသင့်တာတွေကို အားကိုးကြတယ်။ ဗေဒင်ကိုအားကိုးတယ်။ နတ်ကိုအားကိုးတယ်။ ဘိုးတော်တွေ မယ်တော်တွေ အားကိုးတယ်။ ကိုယ့်ဘဝကို သူများလက်ထဲကိုထည့်လိုက်တယ်။ ဗေဒင်ကကြောက်အောင်ပြောရင် ကြောက်တယ်။
ဗေဒင်ဆရာကခိုင်းတာကို လုပ်တယ်။



ဂြိုလ်တွေဟာ ကမ္ဘာမြေကြီးလိုပါပဲ။ နေကိုဗဟိုရ်ပြုပြီးတော့ လှည့်သွားနေကြတယ်။ သူတို့က လူတစ်ယောက်ချင်းရဲ့ဘဝကို ဘယ်လိုမှ ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး။ နက္ခတ်ဆိုတာက အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးပါတယ်။ အဝေးမှာရှိတဲ့ကြယ်တွေကို ကိုယ့်နေရာကနေကြည့်ပြီးတော့ ကိုယ်ဖော်ချင်တဲ့ပုံကိုဖော်ပြီး စိတ်ကူးယဉ်အဓိပ္ပာယ်တွေကောက်ကြတယ်။ အလင်းနှစ်ပေါင်း သန်းနဲ့ချီပြီးဝေးတဲ့ကြယ်တစ်လုံးက ဒီကမ္ဘာမှာရှိတဲ့လူတစ်ယောက်ရဲ့ဘဝကို ကောင်းအောင် ဆိုးအောင် လုပ်နိုင်သလား။ ဒါကိုယုံတယ်ဆိုရင် ကျန်တာတွေ၊ အဓိပ္ပာယ်မရှိတာတွေ၊ အကြောင်းအကျိုးမကိုက်တာတွေ ဘာမဆိုယုံတော့မှာပဲ။



မယုံသင့်တာကိုမယုံတဲ့လူရဲ့ဘဝဟာ ရှင်းတယ်။ မကြောက်သင့်တာကိုမကြောက်တဲ့သူရဲ့စိတ်ဟာ ကြည်လင်ပေါ့ပါးတယ်။ မမျှော်လင့်သင့်တာကိုမမျှော်လင့်တဲ့သူဟာ တခြားလုပ်သင့်တာကိုလုပ်နိုင်လို့ သူ့ဘဝဟာ ပိုပြီးအဆင်ပြေတယ်။ အကျိုးမရှိတာတွေကို မတွေးတော့ဘူး။ ကြောက်စရာတွေကို မတွေးတော့ဘူး။ ဒါကြောင့် သူ့စိတ်ဟာ အလကားနေရင်းအားမကုန်ဘူး။ အားပြည့်နေတယ်။ တကယ်အကျိုးထိထိရောက်ရောက်ရှိတဲ့ကိစ္စတွေကို အာရုံစိုက်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်နိုင်တယ်။ လွတ်လပ်တယ်။ အဲဒီအချက်ကအရေးကြီးတယ်။ သူစိတ်ဟာ လွတ်လပ်တယ်။ စိတ်မလွတ်လပ်တဲ့သူတွေ များလှပါတယ်။ ပိုက်ဆံချမ်းသာတယ်၊ ရာထူးတွေကြီးတယ်။ ဒါပေမဲ့ စိတ်မလွတ်လပ်ဘူး။ အဲဒီလို မလွတ်လပ်တဲ့စိတ်နဲ့ တစ်သက်လုံးနေသွားကြရတယ်။



ကိုယ့်ဘဝကို သူများအယူအဆအတိုင်းနေရတဲ့သူဟာ လွတ်လပ်တဲ့သူဟုတ်ရဲ့လား။ အဲဒီလိုလူဟာ လွတ်လပ်တဲ့သူဆိုရင် သူ့လွတ်လပ်မှုဟာ ဘယ်လိုလွတ်လပ်မှုမျိုးလဲ။ ကိုယ့်ဥာဏ်ကိုကိုယ် မသုံးနိုင်တဲ့သူ၊ မယုံနိုင်တဲ့သူမှာ လွတ်လပ်မှုရှိသလား။ ဥာဏ်နဲ့လုပ်တဲ့အလုပ်ဟာ ပိုကောင်းတယ်။ (ဥာဏ သမ္ပယုတ်) ဥာဏ်နဲ့ယှဉ်တဲ့ကုသိုလ်က ပိုပြီးအားကြီးတယ်လို့ ဘုရားဟောပါတယ်။ ဒါကြောင့် ဘုန်းကြီးကတော့ ကောင်းတဲ့စိတ်ထားမှာအခြေခံပြီးတော့ ဥာဏ်နဲ့လုပ်ရင် ကံကောင်းမယ်လို့လက်ခံတယ်။ ဥာဏ်မပါရင် အရာရာတိုင်းဟာခက်ခဲတယ်။ ဒါ ဘုန်းကြီးရဲ့ကိုယ်တွေ့မှာအခြေခံပြီး ပြောတာပါ။ စိတ်ကူးယဉ်ပြီးပြောတာ မဟုတ်ပါဘူး။
ဘုန်းကြီးငယ်ငယ်ကတည်းက လက်ကိုင်ထားတဲ့ မူတစ်ခုရှိတယ်။ (၁) ကိုယ်လည်းအကျိုးမရှိတာ၊ သူများလည်းအကျိုးမရှိတာ မလုပ်ဘူး။ (၂) ကိုယ့်မှာအကျိုးရှိတယ်၊ သူတစ်ပါးကိုမထိခိုက်ဘူးဆိုရင် လုပ်တယ်။ (၃) ကိုယ့်မှာလည်းအကျိုးရှိတယ်၊ သူတစ်ပါးလည်းအကျိုးရှိတယ်ဆိုရင်တော့ ပိုပြီးလုပ်တယ်။ (၄) ကိုယ့်မှာအကျိုးမရှိဘူး။ သူတစ်ပါးမှာအကျိုးရှိတယ်ဆိုရင် တစ်ခါတလေလုပ်တယ်။ (၅) ကိုယ့်အတွက်အကျိုးရှိတယ်၊ သူတစ်ပါးကိုတော့ထိခိုက်တယ်ဆိုရင် မလုပ်ဘူး။ (၆) ကိုယ့်ကိုလည်းထိခိုက်တယ်၊ သူတစ်ပါးလည်းထိခိုက်တယ်ဆိုရင်တော့ လုံးဝမလုပ်ဘူး။ (အမှိုက်ပစ်တာ၊ တံတွေးထွေးတာကအစ ဆင်ခြင်ပါတယ်)



ယုံကြည်ချက်နဲ့ပတ်သက်တာကတော့ ကာလာမသုတ်ထဲကအတိုင်းပဲ ကျင့်သုံးပါတယ်။ ကာလာမသုတ်ကို ဖတ်ကြည့်လိုက်ပါ။ တိုတိုနဲ့ လိုရင်းရောက်အောင်ပြောရရင်တော့ ကိုယ်တွေ့ကိုယုံကြည်တယ်။ တစ်ခါမှမကြုံဘူးတာတွေတော့ မယုံဘူး။ ကုသိုလ်၊ အကုသိုလ်ကို ယုံကြည်တယ်။ သတိပဌာနသုတ်ကို ရင်ထဲနှလုံးသားထဲက မြတ်နိုးတယ်။ ကာလမသုတ်ကို နေ့တိုင်း သတိရတယ်။ မြတ်စွာဘုရား ကာလာမသုတ်ကိုဟောကြားတော်မူနေပုံကို ရည်မှန်းပြီးတော့ရှိခိုးပါတယ်။ ကိုယ့်ဘဝကို ဒီလက်ရှိဘဝကို အကောင်းဆုံးဖြစ်အောင် နေချင်ပါတယ်။ စိတ်ကျေနပ်စရာအကောင်းဆုံးဖြစ်အောင် နေချင်ပါတယ်။ ဒီနေ့နေရတာကို အကောင်းဆုံးဖြစ်အောင်နေမယ်။ ဒီဘဝကိုအကောင်းဆုံးဖြစ်အောင်နေနိုင်ရင် ကျေနပ်ပါပြီ။







သဘာဝတရားကို ကိုယ့်ရဲ့လမ်းပြအဖြစ်ထားတဲ့သူရဲ့ အကြောင်းအကျိုးဆင်ခြင်မှုကို တခြားလူတွေက လွယ်လွယ်နဲ့နောက်ဆုတ်သွားအောင် လုပ်လို့မရဘူး။ သဘာဝကျကျတွေးခေါ်စဉ်းစားတတ်တဲ့သူကို သဘာဝမကျတာကို ပြောလို့မရဘူး။ လက်ခံမှာမဟုတ်ဘူး။ သဘာဝကျကျတွေးတတ်တဲ့သူဟာ အပြောကောင်းတာကို မလိုက်လျောဘူး။ သူ့ကို ခြောက်ပြောလို့လည်းမရဘူး။ မြှောက်ပြောလို့လည်းမရဘူး။ သူဟာ သဘာဝကျရဲ့လားဆိုတဲ့မေးခွန်းကို အမြဲမေးတယ်။ အရာရာတိုင်းမှာ သဘာဝကိုအခြေခံပြီး စဉ်းစားတယ်။ ဘာသာရေးမှာဖြစ်ဖြစ်၊ လူမှုရေးမှာဖြစ်ဖြစ်၊ ကျန်းမာရေးမှာဖြစ်ဖြစ် သဘာဝကိုအခြေခံပြီးစဉ်းစားတာ အဖြေမှန်ရဖို့သေချာတယ်။ သဘာဝမကျတာဆိုရင် ဘယ်သူပြောတာဖြစ်ဖြစ်၊ ဘယ်စာအုပ်မှာ ပါတာဖြစ်ဖြစ် လက်မခံဘူး။



သစ်စေ့မရှိပဲ သစ်ပင်မဖြစ်နိုင်ဘူး။ ကိုင်းပျိုးလို့တော့ ရတယ်။ အဲဒါလည်း သစ်စေ့သဘောပါပဲ။ ဆိုလိုတာက အပင်ဖြစ်စေသတည်းလို့ပြောလိုက်ရုံနဲ့ အပင်ဖြစ်မှာမဟုတ်ဘူး။ သဘာဝလိုအပ်ချက်တွေပြည့်စုံမှ အပင်ဖြစ်မယ်။ အဲဒီလိုပဲ ယတြာချေရုံနဲ့ ဘာမှဖြစ်မှာမဟုတ်ဘူး။ ဘုန်းကြီးတစ်သက်လုံး တစ်ခါမှ ယကြာမချေဖူးဘူး။ ဒါပေမဲ့ ကိုယ့်ဘဝမှာကောင်းတာတွေဖြစ်အောင် ကိုယ့်အားကိုယ်ကိုးပြီးလုပ်ခဲ့လို့ ကောင်းတာတွေဟာ အံ့သြစရာကောင်းလောက်အောင် ဖြစ်လာတယ်။ သဘာဝကျအောင်စဉ်းစားပြီး သဘာဝလိုအပ်ချက်အတိုင်း ပြည့်စုံအောင်လုပ်တဲ့လူမျိုးက ပိုပြီးတိုးတက်တာ အဆင်ပြေတာ အများမျက်မြင်ပဲ။ ကမ္ဘာမှာ အတိုးတက်ဆုံးလူမျိုးဟာ အယူသည်းအနည်းဆုံးလူမျိုးပဲ။ အယူသည်းမှုအများဆုံးလူမျိုးဟာ တိုးတက်မှုနောက်အကျဆုံးလူမျိုးပဲ။



သဘာဝကို လေးစားပါတယ်။ တန်ဖိုးထားပါတယ်။ ယုံကြည်ပါတယ်။ သဘာဝတရားကိုလေ့လာပြီး လက်တွေ့အသုံးပြုလို့ လူ့လောကကြီး ဒီလောက်တိုးတက်လာတာ။ ဆေးပညာရှင်တွေ သိပ္ပံပညာရှင်တွေဟာ ယတြာချေနေတဲ့လူတွေ မဟုတ်ဘူး။ သူတို့လုပ်နေတဲ့ စမ်းသပ်မှုတွေအောင်မြင်ဖို့ သဘာဝကျတဲ့နည်းလမ်းအတိုင်းပဲ လုပ်ကြတယ်။ သဘာဝမကျတာကိုယုံကြည်မှုဟာ အယူသည်းမှုပဲ။ ဘာသာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သဘာဝကျရဲ့လားဆိုတာကို မေးပါ။ သဘာဝကျတာကို လက်ခံပါ။ သဘာဝမကျတာကို ရဲရဲကြီးပယ်လိုက်ပါ။ အဲဒါ သတ္တိပဲ။



သဘာဝမကျတဲ့ အယူအဆတစ်ခုကိုယုံမိရင် နောက်ထပ်သဘာဝမကျတာတွေကိုယုံဖို့ လမ်းဖွင့်လိုက်သလို ဖြစ်သွားတယ်။ ဒါကြောင့် သဘာဝမကျတာကို တစ်ခုမှမယုံဖို့ အရေးကြီးတယ်။ ကလေးငယ်တွေကို သဘာဝမကျတာတွေကို မပြောပြသင့်ဘူး။ ပြောရင်လည်း ဒါတွေဟာသဘာဝမကျဘူး။ မဖြစ်နိုင်ဘူး။ ဘာအထောက်အထားမှမရှိဘူး။ ဒါကြောင့် မယုံသင့်ဘူးလို့ပဲ ပြောသင့်တယ်။ ငယ်ရွယ်တဲ့အချိန်မှာယုံမိတဲ့အရာကို တစ်သက်လုံးစွဲသွားနိုင်တယ်။ ကြီးမှ ပြင်လို့မရနိုင်ဘူး။ အမှားတစ်ခုက နေရာယူပြီးလမ်းပိတ်ထားလိုက်ရင် အမှန်ကနေရာမရတော့ဘူး။ ပေါင်းပင်တွေထူလွန်းနေတဲ့နေရာမှာ ပန်းမျိုးစေ့ကိုကြဲရင် ပေါက်လာတဲ့ပန်းပင်တွေက ပေါင်းပင်တွေအောက်မှာ ညှပ်ပြီးနေတော့မယ်။ တကယ်သန်မှာ မဟုတ်ဘူး။ အပွင့်ကောင်းကောင်းပွင့်မှာ မဟုတ်ဘူး။ လောင်းရိပ်ကိုမဖယ်ဘဲ၊ ပေါင်းမရှင်းဘဲ၊ အပင်စိုက်တဲ့သူဟာ တော်တော်ဥာဏ်နည်းတယ်လို့ ဆိုရမယ်။
ဒါပေမဲ့ ကလေးတွေရဲ့ဘဝမှာ သူတို့ငယ်ငယ်လေးထဲက မှားနေတဲ့အယူအဆတွေကို ခေါင်းထဲထည့်ပေးလိုက်တာ ခံလိုက်ရတယ်။ ဆယ်နှစ်လောက်အရွယ်ရောက်ရင် သူတို့ခေါင်းထဲမှာ အမှားတွေပြည့်နေပြီ။ အဲဒီနောက်မှာ မှန်တာကိုပြောပြရင် မှန်တာက နေရာမရနိုင်တော့ဘူး။ ပေါင်းပင်တွေကို နှုတ်ပစ်မှဖြစ်မယ်။ အမြစ်တွယ်နေတဲ့အပင်ကိုနှုတ်လိုက်ပေမဲ့ အမြစ်ကျန်နေလို့ အမြစ်ကနေပြန်ပေါက်လာတယ်။ အမြစ်ပါမကျန်အောင် နှုတ်ပစ်မှဖြစ်မယ်။ ဥယျာဉ်ထဲကပေါင်းပင်တွေကိုနှုတ်ပစ်လိုက်ရင် ပန်းပင်တွေစိုက်ဖို့ နေရာရတယ်။ ဒါကြောင့် ပေါင်းနှုတ်ကြပါ။






၏


စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊


credit : ဘဝ page
0 comments:
Post a Comment