
Myat Thu
စိတ်ထဲမှာ ငြိမ်းချမ်းမှုလည်းရှိနေတယ်။ ပျော်ရွှင်မှုလည်းရှိတယ်။ ကိုယ်အင်မတန်နှစ်သက်တဲ့ တရားဘာဝနာအလုပ်ကိုလည်း အားထုတ်နေရတယ်ဆိုရင် သင်ဟာ အောင်မြင်တဲ့သူဖြစ်ပါတယ်။
There is no true success without peace of mind.
စိတ်ရဲ့ငြိမ်းချမ်းမှုမရှိပဲနဲ့ စစ်မှန်တဲ့အောင်မြင်မှု မရှိပါဘူး။
စစ်မှန်တဲ့အောင်မြင်မှုဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်း သဘောပေါက်သင့်တယ်။ ရိုးရိုးအောင်မြင်မှု မဟုတ်ဘူး။ တစ်ချို့ကတော့ ငါ ပညာတွေသင်လို့ ဘွဲ့လွန်တွေရပြီ။ ပါရဂူဘွဲ့တွေရပြီ။ ငါ အလုပ်လုပ်နေရတာ ရာထူးဘယ်လောက်ကြီးတယ်။ ငါ့မှာ တစ်လဝင်ငွေဟာ သိန်းပေါင်းဘယ်လောက်ရှိနေပါတယ်။ ငါ့မှာ အိမ်ကြီးရှိတယ်။ ကား ကောင်းကောင်းရှိတယ်။ ဒါ့ကြောင့် ငါ အင်မတန်အောင်မြင်တဲ့သူလို့ ပြောမှာပဲ။ အောင်မြင်မှုကို ဒါတွေနဲ့တိုင်းကြတယ်။ လောကီအမြင်နဲ့ကြည့်ရင် ဒါဟာအောင်မြင်မှုတစ်မျိုးပါပဲ။ ဒါပေမဲ့ ဥာဏ်ကြီးကြီးနဲ့ လောကုတ္တရာအမြင်နဲ့ကြည့်ရင်တော့ ဒါဟာ စစ်မှန်တဲ့အောင်မြင်မှု မဟုတ်ပါဘူး။



A successful man possesses a great spiritual understanding.
အောင်မြင်တဲ့သူမှာ ကြီးကျယ်လေးနက် မြင့်မြတ်တဲ့အသိဥာဏ် ရှိတယ်။
ဝိပဿနာဥာဏ်၊ မဂ်ဥာဏ်၊ ဖိုဥာဏ်ဆိုတာ အင်မတန်ကြီးကျယ်လေးနက် မြင့်မြတ်ပါတယ်။ လောကီပညာဗဟုသုတတွေ လောကီအတွေးအခေါ်တွေဟာ ဘယ်လောက်နက်နဲတယ်ပြောပြော ပထမဝိပဿနာဥာဏ်ဖြစ်တဲ့ နာမရူပပရိစ္ဆေဒဥာဏ်ကိုတောင်မှ လေးနက်မှု မြင့်မြတ်မှုမှာ ဘယ်လိုမှမမှီနိုင်ပါဘူး။ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။



လောကီအတွေးအခေါ်ဆိုတာ အတွေးသက်သက်ပဲများပါတယ်။ လောကီအတွေးအခေါ်တွေကို ဘယ်လောက်ပဲဖတ်ဖတ် စိတ်ရဲ ငြိမ်းချမ်းမှုကို မရနိုင်ပါဘူး။ တကယ့်အမှန်တရားကို မသိနိုင်ပါဘူး။ လေးနက်တဲ့သူ မဖြစ်နိုင်ပါဘူး။ မြင့်မြတ်တဲ့သူ မဖြစ်နိုင်ပါဘူး။ အဲဒီ အတွေးအခေါ်အယူအဆတွေကြောင့်ပဲ ပဋိပက္ခဖြစ်ပြီး နောက်ဆုံး စစ်ဖြစ်တဲ့အထိဖြစ်သွားရတာတွေ အများကြီးတွေ့ရတယ်။ ဒါကြောင့် လောကီဥာဏ်ဟာ လေးနက်တဲ့ မြင့်မြတ်တဲ့ဥာဏ်လို့ မပြောနိုင်ပါဘူး။ လေးနက်တဲ့ မြင့်မြတ်တဲ့အသိဥာဏ်ရှိလေလေ စိတိအေးချမ်းမှုရလေလေ အောင်မြင်လေလေလို့ ပြောလို့ရတယ်။ အတွင်းမှာအသိဥာဏ်ရှိမှသာ စိတ်ဓာတ်ခိုင်မာတဲ့သူ၊ ရင့်ကျက်တဲ့သူ ဖြစ်နိုင်တယ်။ ဘဝကိုကျေနပ်တဲ့သူ ဖြစ်နိုင်တယ် ။



အဲဒီလို အတွင်းမှာအသိဥာဏ်ရှိတဲ့သူဟာ သူ့ ကံ၊ ဥာဏ်၊ ဝီရိယအကျိုးပေးကြောင့် ပစ္စည်းဥစ္စာတွေ ရှိချင်လည်းရှိမယ်။ ရှိပေမယ့်လည်း ဒီပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ပြီး မာန်မာန ကြီးကြီးကျယ်ကျယ်မဖြစ်ဘူး။ အသိဥာဏ်မရှိတဲ့သူဟာ ပစ္စည်းလေးနဲနဲရှိလာတာနဲ့ မာနကြီးလာတယ်။ အသိဥာဏ်ရှိတဲ့လူမှာ ပစ္စည်းဥစ္စာရှိတယ်ဆိုရင်လည်း ဒီပစ္စည်းကြောင့်ပဲ ကောင်းတာကိုလုပ်နိုင်တယ်။ ထို့အတူ အသိဥာဏ်ရှိတဲ့သူဟာ ရာထူးကြီးနေတဲ့သူ ဖြစ်ချင်လည်းဖြစ်နေမယ်။ ဒါပေမဲ့ အသိဥာဏ်ရှိတဲ့အတွက်ကြောင့် ဒီရာထူးကိုမှီပြီး မောက်မာတဲ့စိတ်၊ မာနကြီးတဲ့စိတ် မဖြစ်ဘူး။ ရာထူးကိုအားကိုးပြီး သူတစ်ပါးကိုအနိုင်ကျင့်တာ ဒုက္ခပေးတာမျိုး မလုပ်ဘူး။ ဒီရာထူးကိုအကြောင်းပြုပြီးတော့ တတ်နိုင်သလောက် အများအကျိုးရှိအောင်လုပ်ပေးမှာပဲ။ ဥာဏ်ရှိတဲ့လူအဖို့ ဆိုရင် ဘာပဲဖြစ်ဖြစ် ပိုကောင်းအောင်လုပ်နိုင်တယ်။
အဲဒီလိုမဟုတ်ပဲနဲ့ လေးနက်တဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ အသိဥာဏ်မရှိတဲ့သူဟာ ပစ္စည်းဥစ္စာရှိလေလေ အကုသိုလ်များလေလေ ဖြစ်လာတာပဲ။ ရာထူးကြီးလေလေ မကောင်းမှုပိုလုပ်လာလေလေပဲ။ အဲဒီလို မတရားမှုတွေ မကောင်းမှုအကုသိုလ်တွေကို လုပ်ထားတဲ့အတွက်ကြောင့် စိတ်မချမ်းသာမှုဆိုတာ ဖြစ်နေမှာပဲ။ တချို့လူတွေ အရွယ်ကောင်းတုန်း ရာထူးကြီးတုန်းမှာ မသင့်တော်တာတွေအများကြီးလုပ်ခဲ့ပြီး အသက်ကြီးတဲ့အခါကျမှ နောင်တအကြီးအကျယ်ရပြီးတော့ ပူလောင်နေကြရတယ်။



သိတဲ့ဒကာကြီးတစ်ယောက်က လာမေးတယ်။ -"အရှင်ဘုရား တပည့်တော်တို့လုပ်ထားတဲ့ အကုသိုလ်တွေပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲ" တဲ့။ အခုမှစဉ်းစားတတ်လာလို့ ကြောက်တတ်လာပြီး လာမေးတယ်။ အဲဒီတော့ အမှန်အတိုင်းပဲ သူ့ကိုပြောရတယ်။ "ဒကာကြီ့း့ ကိုယ်ပြုထားတဲ့အကုသိုလ်ကတော့ အကျိုးပေးချိန်တန်ရင် ပေးဦးမှာပဲ။ ပျောက်သွားအောင်လို့ တခြားနည်းနဲ့လုပ်လို့ မရဘူး။ ရတဲ့နည်းကတော့ တစ်နည်းပဲရှိတယ်။ အနိမ့်ဆုံး သောတပတ္တိမဂ်လောက်ရရင်တော့ အပါယ်ကျနိုင်တဲ့အကုသိုလ်တွေက အကျိုးမပေးတော့ပါဘူး။ ဒါပေမဲ့ ဘဝရလာရင်တော့ အကုသိုလ်အကျိုးပေးခွင့်က ရှိနေသေးတာချည်းပါပဲ။ မြတ်စွာဘုရားတောင်မှ စိတ်ဆင်းရဲမှုဒုက္ခမရှိတော့ပေမယ့် ကာယိကဒုက္ခလို့ခေါ်တဲ့ ကိုယ်ဆင်းရဲမှုကတော့ ရှိသေးတာပဲ။ အကုသိုလ်ကတော့ အကျိုးပေးသေးတာပဲ။ အပါယ်လေးပါးကျနိုင်တဲ့အကုသိုလ်ကိုတော့ သောတပတ္တိမဂ်ရရင် တားနိုင်ပါပြီ။ ကိုယ်ပြုခဲ့တဲ့အကုသိုလ်တွေကိုတွေးမိပြီး နောင်တရလို့ တကယ်ကောင်းတာလုပ်ချင်တယ်ဆိုရင်တော့ တရားကို ထိထိရောက်ရောက်အားထုတ်ပါတော့။ တခြားနည်း မရှိပါဘူး။" လို့ ပြောလိုက်ရတယ်။



When you attain peace of mind, your mind will automatically reject every thought and every mental reaction which is not beneficial to your welfare.
သင်ဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကိုရပြီဆိုရင် သင့်အတွက်အကျိုးဖြစ်ထွန်းစေမှုမရှိတဲ့အတွေးတွေနဲ့ စိတ်ရဲ့တုန့်ပြန်မှုတွေကို အလိုအလျောက်ပယ်လိုက်မယ်။
ဒီစကားဟာ ရိုးရိုးလေးနဲ့ အင်မတန်သိမ်မွေ့တယ်။ အင်မတန်နက်နဲတယ်။ စိတ်ရဲ့ငြိမ်းချမ်းမှုဟာ တခြားနည်းနဲ့မရဘူး။ အပျော်အပါးနဲ့ မရနိုင်ဘူး။ ဝိပဿနာတရားနဲ့မှ ရနိုင်တာ။ ဝိပဿနာတရား အားထုတ်လို့ စိတ်ရဲ့ငြိမ်းချမ်းမှုကိုရလာရင် မသင့်တော်တဲ့အတွေးတွေ၊ မသင့်တော်တဲ့စိတ်ကူးအကြံအစည်တွေကို သူ့အလိုအလျောက်ပဲ ပယ်ပြီးသားဖြစ်သွားမယ်။ တရားအားထုတ်တဲ့သူဆိုရင် ကိုယ့်ကိုယ်ကို သတိထားကြည့်ပါ။ ဒီအချက်ကိုသိနိုင်ပါတယ်။



တရားအားထုတ်လို့ စိတ်ကြည်လင်အေးချမ်းမှုရှိလာတဲ့အခါမှာ ဒီစိတ်ကြည်လင်အေးချမ်းမှုလေးကို အပျက်မခံနိုင်ဘူး။ အကြောင်းတစ်ခုခုကြောင့် သတိနဲ့စိတ်ကိုသိမနေပဲ မေ့လျော့နေတဲ့အခါမှာ အဆင်မပြေတဲ့ကိစ္စတစ်ခုခုကိုမြင်ရကြားရလို့ စိတ်မှာပူလောင်သွားတယ်၊ လှုပ်ရှားသွားတယ်၊ ဒေါသ ဖြစ်သွားတယ်ဆိုရင်တောင်မှ တရားကြောင့်အေးချမ်းမှုကို သေသေချာချာခံစားဖူး သိထားဖူးတဲ့သူဟာ အဲဒီပူလောင်မှုကြီးကို ကြာရှည်လက်ခံမထားနိုင်ဘူး။ ပူလောင်နေမှန်း ချက်ချင်းသိလိုက်ပြီး ချက်ချင်းပယ်လိုက်လို့ရတယ်။ ဘယ်သူ့အပေါ်ကိုမှ အပြစ်ပုံချမနေဘူး။
သတိမရှိတဲ့သူ၊ ဥာဏ်မရှိတဲ့သူဟာ အဆင်မပြေတဲ့ကိစ္စတစ်ခုခုကြုံရရင် စိတ်ဆိုးဒေါသဖြစ်ပြီးတော့ သူများမကောင်းလို့ ငါဒုက္ခဖြစ်တာဆိုပြီး သူတစ်ပါးကိုသာအပြစ်မြင်တတ်တယ်။ အဲဒီလိုအပြစ်တင်နေရင်းနဲ့ သူ့အတွေးနဲ့သူ ပူလောင်နေမှာပဲ။ အဆင်မပြေမှုတစ်ခုခုဖြစ်တဲ့အခါ သူတစ်ပါးအပြစ်ကိုရှာတွေးလေလေ မိမိစိတ်က ပိုပြီးဒေါသဖြစ်လေလေပဲ။ တရားကိုသိတဲ့သူ၊ သတိရှိတဲ့သူ၊ ဥာဏ်ရှိတဲ့သူဆိုရင်တော့ သူလွန်တာ ငါလွန်တာ၊ သူမှားတာ ငါမှားတာတွေကို ခဏထားဦး။ ဒါကို နောက်မှ အေးအေးဆေးဆေးစဉ်းစားမယ်။ အခုလောလောဆယ်မှာ စိတ်ဆင်းရဲတာ ဒေါသဖြစ်တာဟာ ပင်ပန်းနေပြီ။ စိတ်မှာ ငြိမ်းချမ်းမှုမရှိတော့ဘူး။ စိတ်ငြိမ်းချမ်းမှုမရှိတာကြီးက အင်မတန်အခံရခက်တယ်ဆိုပြီးတော့ ပူလောင်နေတဲ့သဘာဝကိုရှုမှတ်ပြီး ချက်ချင်း သက်သာအောင်လုပ်တယ်။



စိတ်ပူလောင်မှုဟာ အင်မတန်ကြောက်စရာကောင်းတာပဲ။ အထူးသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါရှိတဲ့သူဆိုရင် ဒီစိတ်ပူပန်မှုကြီးကို လုံးဝလက်ခံထားလို့မဖြစ်ဘူး။ သူ့ကိုတာရှည်လက်ခံထားရင် ကျန်းမာရေးထိခိုက်နိုင်တယ်။ နောက်ဆုံး အသက်တောင်ထိခိုက်နိုင်တယ်။ သတိမရှိတဲ့သူဟာ ပူလောင်မှုကို တာရှည်လက်ခံထားတယ်။ သတိရှိတဲ့သူဆိုရင် ပူတာနဲ့ ချက်ချင်းသိတယ်။ သိတဲ့အထဲမှာ ဥာဏ်သဘောပါနေတယ်။ ဥာဏ်ပါနေတော့ အကြောင်းအကျိုးကို ပိုင်းပိုင်းခြားခြားသိနေတယ်။ သတိနဲ့ဥာဏ်ရှိနေပြီဆိုရင် ပစ္စုပ္ပန်တည့်တည့် စိတ်ကိုရှုမှတ်လိုက်ရင် အမှန်ကိုထင်ထင်ရှားရှားသိတဲ့သဘော ဖြစ်လာတယ်။ အဲဒီလိုသိတဲ့စိတ်က ပြဿနာရဲ့သဘာဝကို သိတယ်။ ဒီစိတ်ရဲ့အနတ္တသဘောကို သိတယ်။ ဒီစိတ်ကြောင့် ဖြစ်ပေါ်နေတဲ့ဒုက္ခကိုလည်း သိတယ်။ သတိ, သမာဓိကောင်းကောင်းနဲ့သိလိုက်ရင် သိသိချင်းပဲ ပျောက်သွားတယ်။ ပျောက်သွားတဲ့အခါ စိတ်ကကြည်လင်အေးချမ်းပြီးတော့ ငြိမ်းချမ်းသွားတယ်။





၏


စာအုပ်မှ ကူးယူဖေါ်ပြပါသည်။
credit : ဘဝ page
0 comments:
Post a Comment