Q. အများအားဖြင့် တစ်ဖက်သားက ကိုယ့်ထက်နိမ့်ကျတဲ့အခါ
ကရုဏာစိတ်ထားနိုင်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင်တော့
မုဒိတာစိတ်မထားနိုင်ကြတာမျိုးတွေ ရှိပါတယ်ဘုရား။ အဲဒါကြောင့်
မုဒိတာစိတ်ထားနိုင်အောင် လမ်းညွှန်ဆုံးမပေးတော်မူပါဘုရား။
A. တစ်ဖက်သား ဒုက္ခရောက်နေတဲ့အချိန်မှာ ကရုဏာလေးဖြစ်ပြီး မေတ္တာရှိနေတယ်၊
ပြည့်စုံသွားတဲ့အချိန်မှာ ၀မ်းသာပြီးတော့ မေတ္တာထပ်မဖြစ်တော့ဘူး၊
မုဒိတာမဖြစ်ဘူးဆိုတာ အဲဒီကရုဏာက အစစ်အမှန် မဟုတ်လို့ပါ။ မိတ်ဆွေတစ်ယောက်
ဒုက္ခရောက်နေတယ်ဆိုရင် ကိုယ်က သနားပြီးတော့ ကူညီတယ်။ စောင့်ရှောက်တယ်။
ငွေကြေး လိုအပ်တယ် ဆိုရင် ငွေကြေးကူညီပေးတယ်။ ဒါပေမဲ့ သူပြည့်စုံသွားပြီး
ကိုယ့်ထက်သာသွားတဲ့အခါကျတော့ မနာလိုဖြစ်ပြီး လုံးဝလှည့်မကြည့်တော့ဘူး၊
ဝမ်းမသာနိုင်ဘူး ဖြစ်သွားတယ်ဆိုရင် အဲဒါက သူ ဒုက္ခရောက်နေတဲ့ အချိန်မှာ
သနားတဲ့ကရုဏာက တကယ့်အစစ်အမှန်မဟုတ်လို့ပါ။ တကယ်သာ
တစ်ဖက်သားရဲ့ဆင်းရဲဒုက္ခကို သနားတဲ့ ကရုဏာစိတ်အစစ်အမှန်ဖြစ်တယ် ဆိုရင်
ပြည့်စုံသွားတဲ့အခါမှာလည်း ၀မ်းသာရမှာပါ။ ၀မ်းမသာနိုင်ဘူးဆိုတာ အစကတည်းက
သနားတယ်ဆိုတဲ့စိတ်က တကယ်တမ်းကျတော့ ကိုယ့်ကို
ကျေးဇူးတင်ခံချင်တဲ့စိတ်ဖြစ်နေလို့ပါ။ ကရုဏာအစစ် မဟုတ်ဘဲနဲ့
ကရုဏာအယောင်ဆောင်ထားတာပါ။ သူ့ကို ကူညီနေတာက ငါက သူ့ထက်သာနေတယ်၊ ငါက
သူ့ထက်ပြည့်စုံနေတယ်၊ ဒါကြောင့် ငါက ကူညီနိုင်တာဆိုတဲ့ သူ့ထက် ကိုယ်က
နည်းနည်း သို့မဟုတ် များများ သာနေတာကို ကျေနပ်ပြီးတော့ သဘောကျသာယာပြီး
ကိုယ် ပြည့်စုံမှန်း၊ ကိုယ်ကူညီနိုင်မှန်းသိအောင်လို့ ကြွားဝါတဲ့သဘောလည်း
ဖြစ်နိုင်တယ်။ အဲဒါကိုပဲ ကိုယ်က ကရုဏာလို့ထင်နေတာ။ အစကတည်းက ကရုဏာအစစ်နဲ့
ကူညီခဲ့မယ်ဆိုရင် သူပြည့်စုံလည်း ၀မ်းသာရမှာပါ။
ကရုဏာကျတော့ အများအားဖြင့် လွယ်လွယ်ကူကူ ထားနိုင်တတ်ကြတယ်။ မုဒိတာကျတော့ ထားနိုင်ဖို့ ခက်တယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ဘူး။ တချို့ကျတော့လည်း မုဒိတာတော့ထားနိုင်ပြီး ကရုဏာတော့ မထားနိုင်တာတွေရှိတယ်။ ကိုယ့်ရဲ့မေတ္တာဓာတ်အား ကောင်းမကောင်းအပေါ်မှာ မူတည်တယ်။ မေတ္တာစစ်သလား၊ မစစ်သလားအပေါ် မူတည်သွားတယ်။ အဲဒီတော့ လက်တွေ့ဘ၀ထဲမှာ ထင်ရှားတာက မေတ္တာက အဓိကဆိုတော့ မေတ္တာဓာတ်အားကောင်းတဲ့လူက သူများဒုက္ခရောက်တာတွေ့ရင် သနားတဲ့ ကရုဏာစိတ်အစစ်ဖြစ်မယ်။ အောင်မြင်နေတဲ့သူ၊ ချမ်းသာပြည့်စုံတဲ့သူတွေ့ရင် ၀မ်းမြောက်ဝမ်းသာဖြစ်တဲ့ မုဒိတာစိတ်အစစ် ဖြစ်မယ်။ အဲဒီတော့ မေတ္တာဓာတ်အားကောင်းဖို့လိုတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)

0 comments:
Post a Comment