Thursday, 29 December 2016

"သံသရာအစ. အဝိဇ္ဇာက " တဲ့။

 



အဝိဇ္ဇာက လောကကို အမှောင်ချထားသောကြောင့် အမှန်ကို အမှားထင်၊ အမှားကိုလည်း အမှန်မြင်၊အထင်နှင့်အမြင်ကို ကပြောင်းကပြန် ကမောက်ကမဖြစ်ကုန်စေသည်။
ထိုမသိမှုအဝိဇ္ဇာက လူကို မျက်မှန်တပ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အမှားကို အမှန်မြင်၊အဆိုးကို အကောင်းမြင်၊ ဆင်းရဲကို ချမ်းသာမြင်ကုန်ကြတော့သည်။
ဆင်းရဲကို ချမ်းသာဟု မြင်သည့်အတွက် မလိုသင့်သည်ကို လိုချင်လာသည်။(တဏှာ )။
မစွဲလမ်းသင့်သည်ကို စွဲလမ်းသည်။(ဥပါဒါန် )။
မပြုလုပ်သင့်သည်ကို ပြုလုပ်သည်။(သင်္ခါရ)။
ထို့ကြောင့် မရသင့်သော ကမ္မဘဝဟူသော ဆင်းရဲဒုက္ခ အစုအပုံကို ရလာကြတော့သည်။
ဘဝတွင် ချမ်းသာလိမ့်မည်၊ကောင်းလိမ့်မည်အထင်နှင့် ကိုယ်တိုင်ကြိုးစားရှာဖွေထားသည့် ဒုက္ခတွေက အများသား။လူ့ဘဝသည် ရေမြှုပ်ပမာ မတည်မြဲ ဟုဆိုကြသည်။ု လူတို့က မိမိကိုယ်ပိုင် ရေမြှုပ်ကလေးတစ်ခု ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေရုံနှင့်အားမရ ၊အပူအပင် ကြီးသည်ထက်ကြီးအောင် ရေမြှုပ်လေးတွေအများကြီးဖြစ်အောင်ဖန်တီးခဲ့ကြသည်။ယခုတော့ သားအတွက်ပူရ၊သမီးအတွက်ပူရ၊ဇနီးခင်ပွန်းအတွက်ပူရနှင့်။သားသမီးလေးများ နေထိုင်မကောင်းဖြစ်လျှင် မအိပ်နိုင်၊မစားနိုင်။ကိုယ့်မျက်စိအောက်မရှိလျှင် စိုးရိမ်ပူပန်မှုကအပြည့်။ကြက်မကြီးလို မိမိရင်ခွင်ထဲထား၍ အမြဲတမ်း ကာကွယ်ပေးနေဖို့ကလည်း မဖြစ်နိုင်။ပျက်စီးတတ်သော ဝိပရိဏာမသဘောရှိမှန်းလည်း သိသောကြောင့်အစဉ်စိုးရိမ်ပူပန်နေကြရသည်။ဒါတွေသည် ဘယ်သူမှ ပေးသည့်ဒုက္ခများမဟုတ်၊မိမိဘာသာ ကြိုးစားယူခဲ့ခြင်းသာဖြစ်သည်။
မိသားစုရှိလာပြန်တော့ မကြောင့်မကျ ထားနိုင်ဖို့ ကြိုးစားရုန်းကန်ကြရပြန်သည်။စားဝတ်နေရေး ပြေလည်ပြန်တော့လည်း အထက်တန်းကျသည်ထက်ကျဖို့ ကြိုးစားမှုကို မရပ်ရဲ။မိမိဘဝ အချိန်တွေအားလုံး မိသားစုအတွက်၊ ငွေရှာဖို့အတွက်သာ သုံးလိုက်ရတော့သည်။
အသုံးမလိုသော်လည်း လောဘတကြီးဖြင့် ရှာဖွေစုဆောင်းထားသည့် ပစ္စည်းတွေကလည်း တစ်ပုံတစ်ပင်။ထိုပစ္စည်းတွေအတွက် ပေးလိုက်ရသည့် အချိန်တွေကမနည်းမနော။ပြီးတော့ ထိုပစ္စည်းဥစ္စာတွေအတွက် အစဉ်အမြဲ ပူပန်ကြောင့်ကျ နေရသေးသည်။နွားဆွဲလာသောလူကဲ့သို့ပင်။လူကနွားကို ပိုင်ပြီထင်သည်၊သို့သော် ကြိုးဖြင့်ဆက်ထားသည့်အတွက် နွားဆွဲရာသို့လည်း လူကလိုက်ပါနေရသည်။နွားကလည်း လူကိုပိုင်နေသေးသည်။မိမိဘာသာ လွတ်လွတ်လပ်လပ် မသွားနိုင်။
တကယ်တော့ တန်ဖိုးမရှိသည့်အလုပ်တွေ ၊အသုံးမဝင်သည့် ပညာတွေ..ပစ္စည်းတွေ..ဥစ္စာတွေ အတွက် တန်ဖိုးရှိသည့်အချိန်တွေ အမြောက်အမြားကို လူတို့ ပေးဆပ်ခဲ့ရသည်။
ဘဝနေဝင်ချိန်ရောက်မှ၊ အိပ်ရာကျောကပ်အခြေအနေရောက်မှ၊လောဘဖြင့် စုဆောင်ထားခဲ့သည့်ပစ္စည်းများ မိမိအတွက် တကယ်တန်ဖိုး မရှိမှန်းသိသည့် အချိန်ရောက်မှ ထိုပေးဆပ်ခဲ့ရသည့် အချိန်များကို နှမြောတတ်တော့မည်ထင်သည်။ယခုအချိန်တွင်တော့ အဝိဇ္ဇာနှင့်တဏှာက တပ်ပေးလိုက်သော မျက်မှန်စိမ်းကြီးကြောင့် ကောက်ရိုးခြောက်.. မြက်ခြောက်တွေကို စိမ်းစိမ်းစိုစိုမြက်အထင်ဖြင့် အားရပါးရစားနေသော မြင်းကြီးအလား ဖြစ်နေသေးသည်။
ဝိဇ္ဇာဉာဏ်ရပြီး အဝိဇ္ဇာနှင့် တဏှာက တပ်ပေးလိုက်သော မျက်မှန်စိမ်းကြီးအား မဖြုတ်နိုင်သမျှ ကာလပတ်လုံး ပစ္စည်းဥစ္စာများကို လောဘတကြီးနှင့် ရှာဖွေစုဆောင်းနေဦးမည်သာ။



Htin Kyaw to ဗုဒ္ဓဘာသာများဆုံဆည်းရာနေရာ

Share:

Thursday, 6 October 2016

ကိုယ်တိုင်ပြုမူခဲ့သည့် ကံ စေတနာ @@@@@@@@@@@@@


 
အညတရ ဘိက္ခု
 ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက "စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်"လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။
ပြီးပြီးသွားတာက ကံပါ။

ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ ... ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ "ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ" ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။
ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလို ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။
စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။
ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီး သွားတဲ့အခါ သရက်စေ့လေး ကျန် ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇ သတ္တိလေး ရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်၊ အဓိကတော့ မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ် ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။
အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိ ဟာလည်း ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။
ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ-ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏ မိတ္တ-ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း-စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေး တာပါ။
ဒီလိုပါပဲ ... မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံး သွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေး ချင် ပေးမယ်။ နှစ်ဘဝမြောက်၊ သုံးဘဝမြောက်၊ ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။
ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီ ဆိုရင်တော့ ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။ အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။
ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာ ပြုပြီး အကျိုး မပေးသေး ဘူး ဆိုပြီး ကံကို အထင်သေးနေလို့လည်း မရပါဘူး။
ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ မြောက်သွားတာဆိုတော့ ကောင်းတဲ့ ကံအတွက် ပြဿနာ မရှိပေမယ့် မကောင်းတဲ့ ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက ကျင်လည်ရဦး မှာပါ။ တစ်ဘဝထဲနဲ့ မပြီးသေးပါဘူး။ တစ်ဘဝထဲနဲ့ ပြီးပြတ်အောင် လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။
ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။
ကျမ်းကိုး -
၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။
၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။
Share:

"မသေခင်ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ" •••••••••••••••••••••••••••••••


 

သားလေး ဟိန်း 
 မြတ်စွာဘုရားရှင်က “မသေခင်သုတ္တန်”လို့ အဓိပ္ပါယ်ရတဲ့ “ပုရာဘေဒသုတ္တန်”မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘ၀အရည်အသွေးတွေကို တစ်စုတစ်ဝေးတည်း ဟောကြားထားပါတယ်။
မြင့်မြတ်တဲ့လူ...သားတိုင်းနဲ့ မြင့်မြတ်လိုတဲ့လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး၊ ဘ၀အရည်အသွေးတွေဖြစ်လို့ အကျဉ်းဆုံးချုပ်ပြီး ပြောပြချင်ပါတယ်။
မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။
ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်။
မသေခင်မှာ ကိုယ့်စိတ်ကိုယ် " ဒေါသမီး" မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်။ ထစ်ကနဲရှိ ဒေါသထွက် တာမျိုး၊ ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ၊ ဘာလို့ ဒေါသထွက်နေဦးမှာလဲ။
နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ်ပူလောင်မူတွေနဲ့ ဘာလို့ အချိန်ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသောမနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။
ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ်၊ မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာလှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာမို့လဲ။
လုပ်သင့်တာ မလုပ်ခဲ့မိလေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။
နူတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန်ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။
မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့ လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး။ ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်းမူအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်။
ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ်လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေ လို့အပိုပါပဲ။
ကံ၊ ကံရဲ့ အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိတွေလည်း ကင်းရှင်းနေရပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီ ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါ ဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ်။
ကိလေသာဖြစ်မယ့်ကိစ္စ၊ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။
ကိုယ့်ကို သူတပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံလူံ့ဆော်တာမျိုး လုံးဝမပြုလုပ်ရပါဘူး။ အံ့ဖွယ်ထူးဆန်းတွေ လိမ်ညာဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမည်းရောင်ဆိုးနေတာပါပဲ။
လူသားတွေရဲ့ မသေခင်ဘ၀ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ မနာလိုဝန်တို၊ ၀န်တိုမူ (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့သူဟာ "မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်" ပါပဲ။
ကိုယ်အပြုအမူကြမ်းတမ်းသူ၊ နူတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေသဘောထား ကြမ်းတမ်းသူ မဖြစ်စေရဘူး။
ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ "ကိုယ်ကျင့်တရားပျက်သူ" မဖြစ်ပါစေနဲ့။
ချစ်ခင်နေသူအချင်းချင်း၊ အဆင်ပြေနေသူအချင်းချင်း ကွဲပြားအောင် လူံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။
သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ၊ ခင်ကြ၊ အဆင်ပြေနေကြတာကို မနာလိုဝန်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့သူ လောက် ကျက်သရေယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်။ မြင်-မြင်ကာမျှ၊ ကြား-ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန်တရား ကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမူ ရပ်တန့်သွားမှာပါ။
မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ၊ သူများထက်သာတယ်လို့ ထင်နေတဲ့ “အထင်”ကြီးနေတာပါ။ အထင်ဟာ အထင်ပါပဲ။ တကယ်မဟုတ်ပါဘူး။
မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာ ကြီးမားသူဖြစ်အောင်ကြိုးစားနေရပါမယ်။ လောကီဉာဏ် သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုးနပ်ပါတယ်။
ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာမှန်သမျှ သူတစ်ပါး အပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေရပါဘူး။ သိသင့်သိထိုက်တာ မှန်သမျှ သူတစ်ပါးပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါးပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်။
ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ်ကောင်းမူတွေ ပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမူရေးလာဘ် လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမူ၊ စီးပွားရာထူးတိုးတက်မူ၊ သံသရာ ကောင်းစားမူတွေကို လုံးဝမမျှော်ကိုးဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ်၊ သတ္တ၀ါအများ ကောင်းစားစေလိုတဲ့စိတ်နဲ့ ပြုလုပ်ကြပါမယ်။
အကောင်း၊ အဆိုး လောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါ မှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်။
သက်ရှိ သက်မဲ့တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွားအကုသိုလ်စိတ်တွေ၊ မကောင်းမူ ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်းနိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။
အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ဒါ မစားရ မနေနိုင်၊ ဒါ မသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမူ ကင်းရှင်းရပါမယ်။ ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်။ ကိုယ်အပြုအမူဖြစ်သမျှ၊ စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ် ရူမှတ်နိုင်တဲ့အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရူနိုင်တဲ့သူ ဖြစ်ရပါမယ်။
ကိုယ့်အထက်လူနဲ့ နိုင်းယှဉ်တဲ့မာန၊ ကိုယ့်တန်းတူလူနဲ့ နိုင်းယှဉ်တဲ့မာန၊ ကိုယ့်အောက်တန်းစားလူနဲ့ နိုင်းယှဉ်တဲ့မာန၊ မာန သုံးမျိုးလုံးလည်း ကင်းရှင်းရပါမယ်။
သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀လိုက်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊
ဘာမှ မဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါးရှိနေရင် မသေခင်လုပ်ရမယ့် အလုပ်တွေ ကမောက်ကမဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။
ကိုယ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေစတဲ့ သက်မဲ့အရာဝတ္ထုတွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေးဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။
ဘာပဲလုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။
ကိလေသာအရင်းမခံဘဲ အလုပ်လုပ်နေပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလူပ် သည်းခံနိုင်ရပါမယ်။
“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား”ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ပါဘူး။ ရှိပြီးတော့ မရှိလို့လည်း မဆူညံတော့ပါဘူး။
ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာလုပ်တဲ့ အဂတိလိုက်စားမူလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။
လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာလုပ်၊ လုပ်သင့် လုပ်ထိုက်တာမလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့် မလုပ်ထိုက်တာတွေလည်း ရှောင်ကြဉ်နိုင်လာပါလိမ့်မယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ဆောင်နိုင်လာပါလိမ့်မယ်။
မလုပ်သင့်တာအားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ ဘ၀လွတ်မြောက်မူကို ရပါပြီ။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ။
ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။
ဒါ့ကြောင့် မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာနအကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေးအလုပ်၊ ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ။
[ အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)]
(မသေခင်ဘာလုပ်ကြမလဲစာအုပ်မှ-)
Credit to U Myomyat Thu.
Share:

ထူးခြားသော စကားလက်ဆောင် xxxxxxxxxxxxxxxxxxxxxxx



Aye Aye Khine


အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍ ရသေ့ကြီး ပြန်ကြွမည်အပြုတွင် ကုန်သည်သူဋ္ဌေးကြီးက ရသေ့ကြီးအား
အရှင်ရသေ့၊ ပြန်မကြွမီ တပည့်တော်အား တန်ဖိုးရှိသော အဆုံးအမသြ၀ါဒ စကားလေးများ ပြောကြားတော်မူပါ-ဟု ပန်ကြားသည်။
ရသေ့ကြီးက-သူဋ္ဌေးမင်း၊ နောက်တပတ် ဒီလိုအချိန်တွင် ကျွန်ုပ်ကို စောင့်ပါ၊ ထိုအခါ သင်လိုချင်သော တရားအဆုံးအမစကားကို ကျွန်ုပ်မြွက်ကြားမည်။ ယခုသော် ကျွန်ုပ်အတွက် ခရီးဆက်ရန် တာဝန်ရှိ၍ ခွင့်ပြုပေဦးလော့-ဟု ဆိုကာ ကြွသွားလေသည်။
ထိုနေ့မှစ၍ သူဋ္ဌေးကြီးလည်း ရသေ့ကြီး မှာကြားသည့်ရက်ကို လက်ချိုးရေတွက်၍ စောင့်၏၊ တပတ်ကြာသော် ရသေ့ကြီးသည် သူဋ္ဌေးကြီးအိမ်သို့ ဆိုက်ရောက်လာသည်၊ သူဋ္ဌေးကြီးလည်း ကောင်းမွန်သော ချိုချဉ်ခဲဘွယ် ဘောဇဉ်များ လောင်းလှူရန် အထူးစီစဉ်ထားသည်။
ရသေ့ကြီးကြွလာသော် ဆွမ်းလောင်းရန် သပိတ်ကို ဖွင့်လိုက်၏၊ ထိုအခါ ရသေ့ကြီး၏ သပိတ်ထဲတွင် နွားချေးခြောက်များ၊ အမှိုက်သရိုက်များနှင့် ရှုပ်ထွေး ညစ်ပေနေသည်ကို တွေ့ရ၏။ သူဋ္ဌေးကြီးက ရွံရှာလျက်-
ရှင်ရသေ့၊ သပိတ်ထဲမှာ အမှိုက်သရိုက်နဲ့ အညစ်အကြေးများ ပြည့်နှက်နေလို့ပါလား-ဟု ဆို၏။
ထိုအခါ ရသေ့ဆရာကြီးက-သူဋ္ဌေးကြီး၊ သင့်ရဲ့ ဆန္ဒအရ လောင်းလှူစရာရှိတာကိုသာ လောင်းလှူပါ၊ ကျန်သည့်အရေးအတွက် သင်မှာ တာဝန်မပိုသင့်ပါ-ဟု ဆို၏။
သူဋ္ဌေးကြီးက အို-ဒီလိုအညစ်အကြေးတွေနဲ့ ပြည့်နက်နေတဲ့ သပိတ်ထဲကို တပည့်တော် အလွန်ကောင်းမွန်သော ဆွမ်းခဲဘွယ်တွေ လောင်းလှူလိုက်လျှင် အညစ်အကြေးတွေ ဖြစ်သွားမှာပေါ့၊ အရှင်ဘုရား သပိတ်တော်ကို ဆေးကြောသုတ်သင်ပြီးမှ တပည့်တော်ရဲ့ ဆွမ်းခဲဘွယ်ကို လောင်းလှူပါရစေ-ဟု ဆို၏။ ထို့နောက် ရသေ့ဆရာကြီး၏ သပိတ်ကို ရေဖြင့်စင်ကြယ်စွာ ဆေးပြီး ဆွမ်းခဲဘွယ် ချိုချဉ်များကို လောင်းလှူလိုက်သည်။
သူဋ္ဌေးကြီး ဆွမ်းလောင်းလှူပြီးသောအခါ ရသေ့သည် သူ၏သပိတ်ကိုပိုက်ကာ ကြွသွားမည်ပြု၏။ သူဋ္ဌေးကြီးက အရှင်ရသေ့ကြီး၊ ဟိုတခါက ဆိုခဲ့သောစကားကို မေ့လျော့နေပြီ ထင်ပါတယ်၊ တပည့်တော်ကို အဆုံးအမစကား ပြောမယ်ဆိုလို့ တပည့်တော်စောင့်နေတာ တပတ်တိတိ ရှိနေပါပြီ-ဟု ဆို၏။
သြော်-ဒါများလား၊ သင့်ကို ကျွန်ုပ်ပေးခဲ့တဲ့ စကား အဆုံးအမလက်ဆောင် မရသေးဘူးလား၊ ကျွန်ုပ် သင်လိုချင်တဲ့ အဆုံးအမ စကားလက်ဆောင်ကို မကြာသေးခင်သောအချိန်ကပဲ ပေးခဲ့ပြီးပါပြီ၊ အသင် သတိမမူ၍ ဂူမမြင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။
ကျွန်ုပ်ရဲ့ သပိတ်မှာ အညစ်အကြေး အမှိုက်သရိုက်တွေရှိလို့ ကောင်းမွန်တဲ့ ဆွမ်းခဲဘွယ်များကို သင်မလောင်းခဲ့ဘူး မဟုတ်လား။ ဒီလိုပဲ သင့်ရဲ့အတွင်းစိတ်မှာ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတွေ ပြည့်လျှံနေတယ်၊ ဒါတွေကို အရင် စင်ကြယ်အောင်လုပ်ပါ၊ ဒါမှ သင်-ကောင်းကျိုးတွေ ရလိမ့်မယ်။
ဤသို့ဆိုကာ ရသေ့ကြီး ထွက်ခွါသွားပါတော့သည်။ ထိုအခါမှ သူဋ္ဌေးကြီးသည် ရသေ့ကြီး၏ အဆုံးအမကို ကောင်းစွာနားလည်သဘောပေါက်သွားသည်၊ ရသေ့ကြီးအား များစွာ ကြည်ညိုလေးစားသွားလေသည်။
ပြန်လည်မျှဝေပါသည်

Share:

မိတ်ဆွေကောင်း၏ တန်ဖိုး *******************




 
 အညတရ ဘိက္ခု
 
 ဗာရာဏသီပြည်၌
ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဘုရားလောင်းသည် သူဌေးသားဖြစ်နေသည်။ တစ်နေ့တွင် သူအပါအ၀င် သူဌေးသား လေးယောက်တို့ သည် မြို့ အပြင်ဘက်မှ လမ်းဆုံတစ်နေရာ၌ ၀ိုင်းဖွဲ့ ကာ စကားပြောဆိုနေကြစဉ် မုဆိုးတစ်ယောက် မောင်းနှင်လာသော အမဲသား လှည်းတစ်စီးသည် သူတို့ အနီးသို့  ရောက်လာသည်။
ပထမဆုံး သူဌေးသားတစ်ယောက်က ဟယ်မုဆိုး ငါ့အား အမဲသားတစ်တုံးပေးပါဟု တောင်းလိုက်သည်။ မုဆိုးက မိတ်ဆွေ တောင်းရမ်းသူသည် ချစ်ဖွယ်သော စကားကို ဆိုတတ်ရသည်။ သင့်စကားသည် အသားမပါ။ အမြှေးတုံးနှင့်သာ တူပေသည်ဟု ဆိုပြီးလျှင် အသားမပါသော အမြှေးတုံးတစ်တုံးကို ပေးသည်။
ဒုတိယတစ်ယောက်က အစ်ကိုကြီး ငါ့အား အမဲသားတစ်တုံးပါးပါဟု တောင်းပြန်ရာ ထိုသူအား ကိုယ်သား တစ်တုံးပေးသည်။
တတိယတစ်ယောက်က အဘ ငါ့အားလည်း အမဲသားတစ်တုံး ပေးပါဟု တောင်းပြန်ရာ နှလုံးသားအပါအ၀င် အသားကောင်းများကို ပေးလိုက်သည်။
နောက်ဆုံး သူဌေးသားကမူ မိတ်ဆွေ ငါ့အားလည်း အမဲသားတစ်တုံး ပေးခဲ့ပါဟု တောင်းသောအခါ၌ကား မုဆိုးသည် လှည်းပေါ်ပါသော အမဲသားအားလုံးကို ပေးအပ်ရုံမျှမက အိမ်အရောက် လိုက်ပို့ ပေးသည်။ ထိုသူဌေးသားသည် မုဆိုးနှင့် မိတ်ဆွေရင်းချာ ဖြစ်သွားပြိးနောက် မုဆိုးအား မုဆိုးလုပ်ငန်းကို စွန့် စေကာ ရင်းနှီးစားသောက်ရန် ငွေကြေားများ ထုတ်ပေးသည်။ ထိုမျှမက မုဆိုးမိသားစုများကိုလည်း မိမိအိမ်သို့  ခေါ်ယူထားသည်။ ထို့ ကြောင့် မိတ်ဆွေကောင်း၏ တန်ဖိုးသည် အတိုင်းမသိထိုက်တန်၏။
မြတ်ဗုဒ္ဓက ပဌမမိတ္တသုတ်တော်တွင် မိတ်ဆွေကောင်း အင်္ဂါ(၇)ပါး ဟောကြားထားခဲ့၏။
၁။ ပေးနိုင်ခဲသော အရာကို ပေးခြင်း။
၂။ ပြုနိုင်ခဲသော အမှုကို ပြုခြင်း။
၃။ သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။
၎။ မိမိ၏ လျှို့ ဝှက်အပ်သော အရာကို အဆွေခင်ပွန်းအား ထင်စွာပြုခြင်း။
၅။ အဆွေခင်ပွန်း၏ လျှို့ ဝှက်အပ်သော အရာကို လျှို့ ဝှက်ခြင်း။
၆။ ဘေးရန်တို့ ကြောင့် မစွန့် ပစ်ခြင်း။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင် မပြုခြင်း။
အားလုံးသော ဓမ္မမိတ်ဆွေအပေါင်းတို့ သည် ဘုရား၊ တရား၊ သံဃာကို ယုံကြည့်ကိုးကွယ်ဆည်းကပ်၊ သဒ္ဓါတရားရှိသော မိတ်ဆွေကောင်း၊ သီလရှိသော မိတ်ဆွေကောင်း၊ လောကီလောကုတ္တရာ နှစ်ဖြာသော ဗဟုသုတရှိသော မိတ်ဆွေကောင်း၊ စွန့် ကြဲပေးကမ်းလှူဒါန်းလေ့ရှိ၍ စာဂတရားနှင့် ပြည်စုံသော မိတ်ဆွေကောင်း၊ လောကီလောကုတ္တရာနှစ်ဖြာသော အမှားနှင့် အမှန်၊ ကုသိုလ်တရားနှင့် အကုသိုလ်တရားကိုခွဲခြားဝေဖန်နိုင်သော ပညာရှိသော မိတ်ဆွေကောင်း၊ အရှက်အကြောက်ရှိသော မိတ်ဆွေကောင်းတို့ နှင့် ဘ၀ဆုံးတိုင် ပေါင်းသင်းနိုင်၍ မိသားစုအကျိုး၊ ဘာသာ၊သာသနာ့အကျိုးထမ်းဆောင်နိုင်သော သူတော်ကောင်းများ ဖြစ်ကြပါစေ။
 
 
 
 
Share:

ဗုဒ္ဓဘာသာ (၅)မျိုးအကြောင်း သိကောင်းစရာ ********************************


 
 ဉာဏရောင်ခြည် အရှင်ဉာဏာဝုဓ

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။
ဒီလိုအခြေအနေတွေကိုသိလို့ မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။
အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။
ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။
အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ဥာဏ်၊ဝီရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။
ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုးတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစ္စလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒ္ဓဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။
ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အနိမ့်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ခန္ဓာမှာ အသိ၊ဘာသာရေးအသိ ဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်း နေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရား
လည်းကိုးကွယ်ရသေး၊ ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။
ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။ စဉ်းစားပါ။ဝေဖန်ပါ။သုံးသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဓါ
မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။
ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ
မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကိုသံဃာတော်တွေကစောင့်ရှာက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါယုံကြည်မှု။
မိစ္ဆာသဒ္ဓါ
ယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ။
အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို့ သိတာကို ပညာ ဟုခေါ်ပါသည်။
သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။
ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့သဒ္ဓါ၊ဖြစ်ပျက်မြင်တာက ပညာ။
ထိုကြောင့် သဒ္ဓါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဖို့လည်း လိုပါတယ်၊
သဒ္ဓါလွန်ကဲ ပညာနည်းပြန်ရင် (နှလုံးလှ လူမိုက်ကြီး)သူတော်ကောင်းလူအကြီးဖြစ်
သွားပါတယ်၊
ဆင်ခြင်တုံတရားနည်းပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။
သဒ္ဓါနည်းပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဖို့ပါဘဲ။
________________________________________
Share:

သဘာဝတရား


 

Q:; လောကမှာ..
ဘာသာယုံကြည်သူတွေ များလာရင်
ငြိမ်းချမ်းလာနိုင်မလားဘုရား???
*ကောင်းမှု့/ မကောင်းမှု့တွေကို
ဘာသာရေးလုပ်တဲ့လူတိုင်းဟာ..
ဆောင်နိုင်/ ရှောင်နိုင်ကြပါသလား
ဘုရား???

A:; ဘာသာရေး'ဆိုတာ..
ကိုယ့်မျိုးရိုး..
မိဘ,ဆွေမျိုး..
ပတ်ဝန်းကျင်..
'အသိုင်းအဝိုင်း'တွေအလိုက်!
ကွဲပြားနေတတ်ကြပါတယ်။
'ဘာသာယုံကြည်မှု့' အစွဲတွေ..
ကွဲပြားကြတာနဲ့..
လုပ်ဆောင်ကြတဲ့,
'ကံအလုပ်' တွေဟာလည်း..
*ကွဲသွားကြတာပါပဲ။
'သူ့!ယုံကြည်ချက်'
'ကိုယ့်! ယုံကြည်ချက်'
'သူ့! အစွဲ'
'ကိုယ့်! အစွဲ'
သူနိုင်! ငါနိုင်!
'အင်အားပြိုင်လာ..'
တတ်ကြတာကြောင့်!
*ဘာသာယုံကြည်သူတွေ,
များလာတိုင်း..
'ငြိမ်းချမ်း အေးချမ်းမှု့' တွေကို..
မရနိုင်ကြပါဘူး။
"ကိုယ်ချင်းစာမျှတ"တတ်တဲ့..
*စိတ်ဓာတ်*ရှိသူတွေ..
'များပြား'လာနိုင်ကြပါမှသာ..
"ငြိမ်းချမ်း အေးချမ်းမှု့" တွေကို!
ရလာနိုင်ကြမှာပါ။
*မျှတမှု့တွေရှိပါမှ ငြိမ်းချမ်းမှု့"တွေ,
ရှိလာနိုင်ကြမှာပါ။
'ဘာသာရေးတိုင်း' မှာ..
ကောင်းမှု့/ မကောင်းမှု့တွေဟာ..
'မတူညီ" နိုင်ကြပါဘူး။
သူ့ဘာသာ..
သူ့!ယုံကြည်မှု့အစွဲနဲ့ သူကတော့၊
'အမှန်' ဖြစ်နေတတ်ကြတာကြောင့်!
သူ့ ရှု့ထောင့်!
ကိုယ့် ရှု့ထောင့်!
'ကွဲပြား'နေကြမှာပဲ ဖြစ်ပါတယ်။
ဘယ်ဟာက 'မှန်တယ်'။
ဘယ်ဟာကတော့..
'မှားနေတယ်'လို့!
ပြောဖို့ မလွယ်ပါဘူး။
'သမုတိသစ္စာ'
လောကအမှန်တရားတွေ..
ဆိုတာဟာ!
'အဓိပ္ပါယ်ဖော်..'
'ပညတ်'သတ်မှတ်ချက်တွေရဲ့၊
အပေါ်မှာသာ..
တည်မှီထားတတ်ကြတာကြောင့်၊
'အင်အား' များသွားခဲ့ရင်၊
'အမှန်'
ဖြစ်သွားတတ်ကြပါတယ်။
ဥပမာ!
*မြန်မာနိုင်ငံမှာဆို..
ထေရဝါဒဗုဒ္ဓဘာသာဟာ!
'အမှန်ဆုံး'ဖြစ်သလို..
*အိန္ဒိယနိုင်ငံမှာဆို..
ဟိန္ဒူဘာသာကသာ!
'အမှန်ဆုံး'ဖြစ်နေပါလိမ့်မယ်။
*ဥရောပမှာဆို..
ခရစ်ယာန်ဘာသာ
အယူဝါဒဟာ!
'အမှန်ဆုံး'ဖြစ်နေသလို..
*အရှေ့အလယ်ပိုင်ကို
ရောက်သွားရင်!
အစၥလာမ္ဘာသာ..
အယူဝါဒဟာ..
'အမှန်ဆုံး' ဖြစ်နေပြန်ပါတယ်။
'ရေ'များနေရင်..'ရေ'နိုင်မယ်။
'မီး'တွေများရင်တော့ 'မီး'တွေကပဲ,
အနိုင်ရသွားကြပါလိမ့်မယ်။
ဒါ့ကြောင့်!
'ဘာသာရေး'လုပ်ကြတဲ့ သူတိုင်း..
'ကောင်းတာ'တွေလုပ်နေကြတယ်လို့!
ပြောလို့ မရသလို...
'မကောင်းတာ'တွေကို..
'ရှောင်' နေကြပြီလို့လည်း..
ကြိမ်းသေ ဧဝ!
ပြောလို့မရနိုင်ပါဘူး။
*ကိုယ့်ဘာသာနဲ့ ကိုယ်ကတော့!
'အကောင်းဆုံး'ပဲလို့!
မြင်နေကြမှာပဲ ဖြစ်ပါတယ်။
*ဘယ်လိုလူမျိုးတွေပဲ ဖြစ်ဖြစ်!
*ဘယ်လို ဘာသာတရားကိုပဲ,
'ကိုးကွယ်ယုံကြည်..'
ယူစွဲထားကြသည်ပဲ,
ဖြစ်ပါစေ..
လူမျိုးတိုင်း!
'ဘာသာတရားတိုင်း' ဟာ…
'အဓိက' အနေနဲ့ကတော့!
ကိုယ့်ရဲ့ကြံပြောလုပ်သမျှ..
တစ်ပါးသူတွေကို
*မထိခိုက်၊
*မနစ်နာ၊
*မပျက်စီးစေကြရအောင်…
*သူ့ဖက် ကိုယ့်ဖက်၊
*မျှတစွာ
ကြံပြောလုပ်လာတတ်ကြရအောင်…
*ကိုယ်ယူလိုက်တဲ့,
အကျိုးတရားတွေနဲ့၊
မျှတတဲ့..
ဝန်ဆောင်မှု့တွေကို၊
စေတနာကောင်းနဲ့!
ပြန်လုပ်..
ပေးလာတတ်ကြရအောင်..
*'မျှော်လင့်ချက်' မပါပဲ,
"စွှန့်လွှတ်ပေးလှု"
လာတတ်ကြရအောင်..
*'ကိုယ်ချင်းစာ'စိတ်ထားပြီး..
"သီးခံစောင့်ထိန်း"
ပေးလာတတ်ကြရအောင်..
*'သတိထားဆင်ခြင်တတ်တဲ့..'
စိတ်တွေနဲ့!
"ပွားများလေ့ကျင့်.."
ပေးလာတတ်ကြရအောင်..
*'ကိုယ့်ရင်ထဲ စိတ်ထဲအထိ..'
'ယုံကြည်ချက်' တွေ..
'ပြည့်ဝ'သွားကြရအောင်..
ခလေးငယ်ဘဝတေထဲက၊
"ခဏခဏ ထပ်ခါထပ်ခါ"
လေ့ကျင့်အားထုတ်
ပေးလာနိုင်ကြပါမှသာ..
"မကောင်းမှု့ကို 'ရှောင်'၍၊
ကောင်းမှု့ကို..
'ဆောင်'လာနိုင်ကြသူတွေ..
များပြားလာနိုင်ကြမှာဖြစ်ပါတယ်။
ဒီလိုစိတ်ထား 'ဥပါဒါန်'ရှိတဲ့လူတွေ..
များပြားလာကြတဲ့,
အိမ်တွေ..
ဒီလို!
အိမ်တွေများလာကြတဲ့,
လမ်းတွေ..
ဒီလို!
လမ်းတွေများလာကြတဲ့,
ရပ်ကွက်တွေ..
ဒီလို!
ရပ်ကွက်တွေများလာကြတဲ့,
မြို့တွေ..
တိုင်းတွေ..
နိုင်ငံတွေ..
'ကမ္ဘာကြီး'တွေမှသာလျှင်..
အမှန်စင်စစ်!
"ငြိမ်းချမ်း အေးချမ်း"
တည်ငြိမ်မှု့တို့!
ရှိလာနိုင်ကြမှာပဲ,
ဖြစ်ပါတယ်။ ။
*အသင်လူသားညံ့မည်လော???
မှ/
ရွှေထီး(သဘာဝသစ္စာ)
Share:

ကွတ်ကီးသူခိုးမ *************

     




 လေဆိပ်မှာ အမျိုးသမီးတစ်ယောက် လေယာဉ်စောင့် နေသည်။ သူမ စီးရမည့် လေယာဉ်က နာရီ ပေါင်းများစွာ ကြာအောင်စောင့်ရ ဦးမည် ဆိုသောကြောင့် လေဆိပ်တွင်း စာအုပ်ဆိုင်မှာ စာအုပ် တစ်အုပ် ဝင်ရှာသည်။ ပြီးနောက် ကွတ်ကီး တစ်ထုပ် ဝယ်ကာ ဧည့်ခန်းမ တစ်နေရာမှာ ထိုင်စောင့် နေလိုက်သည်။
ထို့နောက် သူမသည် စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းက တစ်စုံတစ်ခုကို သတိထား မိလာသည်။
ကြည့်စမ်း။ သူမ နံဘေးမှ သတင်းစာဖတ်နေတဲ့ လူ...။ ဒီလူ အတင့်ရဲ လှချည်လား။
သူတို့ နှစ်ယောက်ကြားမှာ ရှိနေတဲ့ ကွတ်ကီး ထုပ်ထဲက ကွပ်ကီး တွေ တစ်ခုလား နှစ်ခုလား နှိုက်ယူ သည်။ ပြောမနေချင်သည်နှင့် သည်ကိစ္စကို မသိချင် ယောင်ဆောင် နေလိုက်သည်။
အမျိုးသမီး ကွတ်ကီးကို မြုံ့ရင်း စာဆက်ဖတ်သည်။ မကြာခဏ နာရီကို လည်း ကြည့်ရသည်။ အတင့် ရဲ လှသည့် ကွတ်ကီး သူခိုးကြောင့် သူ့အထုပ် ထဲရှိ မုန့်က လျော့သထက် လျော့လာသည်။ နာရီ စက် တချက်ချက်ဖြင့် ရွေ့သည်နှင့်အမျှ သူ့စိတ်ကလည်း တိုသထက် တိုလာသည်။
"အင်း ငါ့လို သိပ်သဘောကောင်းတဲ့ သူမို့သာပေါ့။ နို့မို့မျက်ခွက် ပိတ်ထိုး မိမှာ" ဟု သူ့စိတ်ထဲက ကျိတ် ရေရွတ် လိုက်သည်။
သူ့စိတ်ထဲ ဘယ်လို နေနေ ဟိုလူကတော့ ကွတ်ကီး တစ်ခု ကိုယ်နှိုက်လျှင် သူလည်း တစ်ခုနှိုက် သည်။ နောက်ဆုံးတွင်တော့ အထုပ်ထဲ တစ်ခုတည်း ကျန်သည့်အခါ ဒီလူ ဘာလုပ်မလဲ အမျိုးသမီး စောင့်ကြည့် သည်။
ကြည့်စမ်း။ ပြုံးတုံးတုံးနှင့် ဒီလူ ခပ်ဟက်ဟက် ရယ်လိုက်ရင်း နောက်ဆုံး ကွတ်ကီးကို ကောက်ယူ လိုက်ပြီး နှစ်ခြမ်း ခြမ်းလိုက်သည်။ ပြီးတော့မှ အမျိုးသမီးကို တစ်ပိုင်းပေးပြီး၊ ကျန်သည့် တစ်ပိုင်း သူစားသည်။
အမျိုးသမီး သူပေးသည့် တစ်ပိုင်းကို ဒေါသထွက်ထွက်ဖြင့် ဆတ်ခနဲ ဆွဲယူပြီး ထထွက်လာ ခဲ့သည်။
"ကြည့်စမ်းပါဦးတော်။ ဒီလူ ရဲတင်းရုံမက ရိုင်းလဲရိုင်း သေးတယ်။ ကျေးဇူးတင်တဲ့ အမူအရာ တောင် တစ်စက်ကလေးမှ ပြဖော်မရဘူး။ အံ့ပ"
သူများကွတ်ကီး နှိုက်စားပြီး ကျေးဇူးတင် စကားတစ်ခွန်းမှ မပြောသည့် အဲသည် လူကို တစ်ချက်မျှပင် လှည့်ကြည့်မနေပဲ ကိုယ့် အိတ်တွေ ဆွဲပြီး လေယာဉ်ထွက်မည့် ဂိတ်ဆီ သူထွက်လာခဲ့သည်။
လေယာဉ်ပေါ် ရောက်မှ ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ဖတ်လက်စ စာအုပ် ကို ဆက်ဖတ်ရန် အိတ်ထဲ နှိုက် လိုက်သည်။ အဲသည် အခါကျမှ သူမ အကြီးအကျယ် အံ့အားသင့်ကာ ဟယ်ခနဲ ဖြစ်သွားရသည်။ သူမ ဝယ်လာသည့် ကွတ်ကီး ထုပ်က အသစ်အတိုင်း အိတ်ထဲမှာပင် ရှိနေသည်။
"ငါ့အထုပ် ဒီမှာဆို ဟိုဟာသူ့အထုပ်ပေါ့။" အမျိုးသမီး အကြီးအကျယ်စိတ်ဓာတ်ကျသွားသည်။
"သူ ငါ့ကို စားပါစေလို့ ပေးနေတာကိုး။" ဟိုလူ့ကို သူ အကြီးအကျယ် အားနာသွားသည်။
ခုမှတော့ တောင်းပန်ဖို့ လည်းမဖြစ်နိုင်တော့။ ထို့ကြောင့် သူမ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွား မိသည်။ ခုတော့... သူမသာလျှင် ရိုင်းသောသူ၊ သူမသာလျှင် သူတစ်ပါးမုန့်ကို နှိုက်စားသူ။
ကွတ်ကီး သူခိုးသည် အခြားသူမဟုတ်... သူမသာလျှင် ဖြစ်သည်။
ဒီပုံပြင်လေးက ပေးနေတဲ့ သင်ခန်းစာကတော့ တစ်ခါတစ်လေမှာ ကိုယ့်အမြင်အတွက် သေချာနေ တာတွေကလဲ တကယ်ဆန်းစစ် ကြည့်တဲ့အခါ အမှန် ဖြစ်ချင်မှ ဖြစ်တာ မျိုးပါ။ ဘာပဲ ဖြစ်နေပါစေ ကွတ်ကီးကိုမျှကျွေးခဲ့တဲ့ လူငယ်လို လူသားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် သဘောထား ကြီးပြီး နားလည်မှု ရှိတတ်ကြဖို့ လိုပါတယ်။
ဆရာဖေမြင့်ဘာသာပြန်ကို မှီငြမ်းထားသည်။
#kyawnge
credit original uploader
Share:

Tuesday, 13 September 2016

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ

စိတ်တွေက ဘယ်ကပေါ်လာတာလဲ ***********************
"စိတ်တွေ လိုအပ်တဲ့အခါ ပေါ်လာဖို့ရာ လူတစ်ယောက်၏ဗိုက်ထဲမှာ အပြည့်သိပ် အောင်းခိုနေသလား" မေးလျှင်မဟုတ်ပါ၊ အောင်းခိုနေတဲ့စိတ်ရယ်လို့ မရှိပါ။
"ဒါမှမဟုတ် အပြင်ဘက်မှာ တစ်နေရာရာ၌ ဖြစ်ပေါ်လာဖို့ရာ အသင့် အနေအထား စုပုံပြီးသားရှိသလား" ဤသို့လည်းမရှိပါ၊ ဆိုရရင်အကြောင်းတွေ ညီညွတ်တဲ့အခါ ပေါ်ပေါက်လာတဲ့ သဘောသာဖြစ်သည်။
ဥပမာ - နေအရှိန် ကျရောက်ပါက
မီးထ၍တောက်တတ်သော ကျောက်တစ်မျိုးရှိ၏၊ ထိုကျောက်ကို နေပူခိုက်တွင် နေရောင်အောက်တွင်ချထားပါ၊ ခဏကြာလျှင် ကျောက်နှင့် နေပူရှိန်တွေ့ကြသဖြင့် မီးဖြစ်လာသည်။ ထိုအခါ အောက်ခံဖြစ်သော အ၀တ်စ ဂွမ်းစ အမှိုက်စ တို့ကိုလောင်တော့သည်။ ဤသို့ မီးလောင်လာရာ၌ ကျောက်ထဲမှာလည်း မီး-မပါ၊ နေရောင်ထဲမှာလည်း မီး-မပါ၊ သို့ရာတွင် ကျောက်နှင့် နေရောင် ပေါင်းစုံမိသောအခါတွင်ကား မီး ဖြစ်ပေါ်လာတော့သည်။ ဤသဘောအတိုင်းပင် ခန္ဓာကိုယ်ထဲမှာလည်း ခိုအောင်းနေတဲ့ စိတ်တွေ အစကမရှိပါ၊ အပြင်ဘက်တွင်လည်း ဖြစ်ပေါ်လာဖို့ အသင့်အနေအထား စုပုံပြီးသားမရှိပါ။ အာရုံနှင့်ဒွါရ ဆုံကြ၍သာ "စိတ်" ဟူသော သဘောတရားတွေ ပေါ်ပေါက်၍ လာရခြင်းဖြစ်လေသည်။

ဓမ္မ စာပေများ

 ============================== =============


 Image result for မိုးကုတ်ဆရာတော်






Share:

သင်...တနေ့မုချသေမည်ကိုသိလျှင်..ဖတ်ပါ





  သေခြင်း လေးမျိုး
သုံးဆယ့်တစ်ဘုံအတွင်းရှိ သတ္တ၀ါဟူသမျှတို့သည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊ ချစ်သောသားမယား၊ သားသမီး၊ ဆွေမျိုးမိတ်ဆွေများ၊ ရရှိထားသော ရာထူးဂုဏ်သိမ်များကို စွန့်ခွာကာ သေမင်းခေါ်ရာသို့ မသေချင်ဘဲလည်းသေမြဲဓမ္မတာအရ သေပွဲဝင်ကြရမည် ဖြစ်ပါသည်။
ထိုသို့ သတ္တ၀ါအားလုံး သေဆုံးကြရာဝယ် အောက်ပါ သေခြင်းလေးမျိုး တစ်မျိုးမျိုးဖြင့် သေပွဲဝင်ကြရသည်မှာလည်း ဓမ္မတာသဘောပင် ဖြစ်ပါသည်။
သေခြင်းလေးမျိုးဟူသည်....
အသက်တမ်းကုန်၍ သေရခြင်း၊
ကံအစွမ်းကုန်၍ သေရခြင်း၊
အသက်တမ်း၊ ကံအစွမ်း နှစ်ပါးစလုံးကုန်၍ သေရခြင်း၊
ဥပစ္ဆေဒကခေါ် ကြားကံတစ်ပါးပါးက သတ်ဖြတ်၍ သေရခြင်းတို့ဖြစ်ပါသည်။
ယင်းသေခြင်းလေးမျိုးကို ဥပမာအားဖြင့်နှိုင်းစာဆိုရသည်ဆိုသော်.....
ဆီမီးငြိမ်းရာ၌....
ဆီကုန်ခန်းခြင်း၊
မီးစာကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ နှစ်မျိုးကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ ရှိပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း (သို့မဟုတ်) တမင်ငြှိမ်းသတ်ခြင်း
ဟူသောအကြောင်းလေးမျိုးရှိသကဲ့သို့ပင် ဖြစ်ပါသည်။
၁။ အသက်တမ်းကုန်၍ သေရခြင်း
ထိုထို ဘုံဘ၀တို့၌ သတ်မှတ်ထားအပ်သော အသက်တမ်းများရှိကြပါသည်။ ဤလူ့ဘ၀၀ယ်တက်ကပ်ကာလ၌ တဖြည်းဖြည်းတက်၍ အသေင်္ချေယျတိုင်အောင် အသက်တမ်းရှိ၍ ဆုတ်ကပ်ကာလ၀ယ် တဖြည်းဖြည်း ဆုတ်ကာ (၁၀) နှစ် သက်တမ်းတိုင်အောင် သက်တမ်းရှိလေသည်။
ဂေါတမဘုရားရှင်ပွင့်သောအခါ၌ သက်တမ်းသည် (၁၀၀) ရှိသည်။ယခုကာလ၀ယ် (၇၅) နှစ်သာ ရှိသည်ဟု ဆိုပါသည်။ သင့်လျော်၍ ကံပါလာကြသူတို့သည် သတ်မှတ်ထားအပ်သော အသက်တ
မ်းကို မလွန်ကြပါ။ ယင်းသတ်မှတ်ထားသော သကတမ်းကာလ၌ သေဆုံးခြင်းကို အသက်တမ်းကုန်၍ သေခြင်းဟု ခေါ်ပါသည်။
မီးစာ ရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းသည်နှင့် ဥပမာတူပါသည်။
၂။ ကံအစွမ်းကုန်၍ သေရခြင်း
ဘ၀တစ်ခုကို စီမံလိုက်သောကံသည် ပဋိသန္ဓေတည်ပြုသည့်အချိန်မှစ၍ မိမိ၏သတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင်၊ မသအောင် အစဉ်တစိုက်အမြဲဖန်တီးလျက်ရှိပါသည်။ ထိုမူလစီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများကလည်း ရှိနေသေးပါသည်။ ထိုမူလစီမံလိုက်သော ကံနှင့်အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိကုန်လျှင် အသက်တမ်း မကုန်သေးသော်လည်း ဧကန်မုချ သေရတော့မည်။
ဥပမာ- သက်တမ်းက (၇၅) နှစ်သက်တမ်းရှိသော်လည်း ထိုဘ၀၌ နေရမည့်ကံက (၅၀)သာပါလျှင် အသက် (၅၀)၌ သေရမည်ဖြစ်သည်။
ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန်မီးငြိမ်းရသကဲ့သို့ ဖြစ်ပါသည်။
၃။ အသက်တမ်း၊ ကံအစွမ်းနှစ်မျိုးကုန်၍ သေရခြင်း
အချို့သော သတ္တ၀ါတို့အား အသက်တမ်းလည်းကုန်၊ ကံ၏အစွမ်းလည်းကုန်၍ သေကြရသည်။ ဥပမာ - အသက်တမ်း (၇၅) နှစ်ရှိသော အမျိုး၌ ဖြစ်နေသောသူသည် ကံကလည်း (၇၅) နှစ်နေရမည့် အစွမ်းပါလာသော် (၇၅) နှစ်တွင် သေရမည်။ ဆီလည်းကုန်၊ မီးစာလည်းကုန်သောကြောင့် မီးငြိမ်းနေသည့်သဘောနှင့် တူပါသည်။
ဤဆိုအပ်ခဲ့သော သေခြင်းအကြောင်း သုံးပါးတွင် တစ်ပါးပါးကြောင့် သေခြင်းကို သေချိန်ကျ၍ သေရခြင်း (ကာလမရဏ) ဟုခေါ်သည်။
၎။ ဥပစ္ဆေဒကခေါ်ကပ်၍ သတ်ဖြတ်တတ်သောကံကြောင့် သေရခြင်း
အချို့ သတ္တ၀ါတို့အား အသက်တမ်းလည်းရှိ၊ ကံအစွမ်းလည်း ရှိနေပါလျက် ရှေးရှေးဘ၀တို့၌ ပြုအပ်သော ကပ်၍သတ်ဖြတ်တတ်သော ဥပစ္ဆေဒကံကြောင့်လည်းကောင်း အနာရောဂါဆိုးတို့နှင့် တွေ့ကြုံသေရခြင်း၊ မြေပြို၍ သေရခြင်း၊ မိုးကြိုးကျ၍ သေရခြင်း၊ သေနတ်ဗုံးဆန်မှန်၍ သေရခြင်း၊ သူတစ်ပါးက ဓား လှံ လက်နက်ဖြင့် ထိုးသတ်၍ သေရခြင်း၊ ရေနစ်သေရခြင်း စသည်များလည်း ကံတစ်ပါးကသတ်မှန်၍ သေရခြင်းမည်ပါသည်။
မီးစာဆီ နှစ်မျိုး မကုန်သေးသော်လည်း လေပြင်းတိုက်ခတ်မှု၊ တမင်ငြှိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းမျိုးနှင့်တူပါသည်။
ဤဥပစ္ဆေဒကကံတစ်ခုခုကြောင့် သေရခြင်းကိုအချိန်မကျသေးဘဲ သေရခြင်း(အကာလအရဏ) ဟုခေါ်ပါသည်။
သေချိန်မကျဘဲ သေရသူများ
သတ္တ၀ါတို့၏သန္တာန်ဝယ် ရှေးရှေးက ပြုခဲ့သော မကောင်းမှုလေးများ ကိုယ်စိကိုယ်ငှ အများအပြား ပါရှိတတ်ပါသည်။ ထိုကံများသည် မိမိ တို့ချည်းသက်သက် သေကြေအောင် မတတ်နိုင်သော်လည်း အဆင်ခြင် အမြော်အမြင်မရှိ၍ အစားမတတ်၊ အသွားမတတ်၊ အနေမတတ်သူများကို ဘေးဥပါဒ်ရောက်အောင် ထိုဘေးဖြင့် သေကြေပျက်စီးအောင်ကား တတ်နိုင်ကြပါသည်။
ရှေးရှေးက သူတစ်ပါးကို အငတ်ထားခဲ့ဖူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်သတ်ခြင်း၊ တုတ်,ဓား စသည်ဖြင့်ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့သော သူသည် ထိုကံများ အခွင့်ရသော ဘ၀ပယ် ထမင်းငတ်၍ သေတတ်၊ ရေငတ်၍ သေတတ်၊ မြွေကိုက်၍သေတတ်၊ အဆိပ်မိ၍ သေတတ်၊ လက်နက်ဖြင့်သေတတ်၊ ရေနစ်၍ သေတတ်၊ မီးလောင်၍ သေတတ်ကြလေသည်။
သူတစ်ပါးကို တစ်နည်းနည်းဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသူသည် ယခုဘ၀၌ လေနာခြင်း၊သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရီခြင်း၊ မကျန်းမမာရှိခြင်း စသည်ဖြင့် ညှိုးနွမ်းပင်ပန်းစွာ အသက်ရှည်နေရသည့်ပြင် ထိုရောဂါများဖြင့်ပင် သေရတတ်သည်။
ဤသို့ စသည်ဖြင့် ရှေးကံကလေးများသည် ဆင်ခြင်စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့်မရသော်လည်း မစဉ်းစား မဆင်မခြင် ရှိသူတို့ကား မကျမ်းမာအောင် သေကြေအောင်နှိပ်စက်တတ်လေသည်။
ထို့ကြောင့်....
အသက်ဥာဏ်စောင့်၊ ဥစ္စာကံစောင့်။
အသွားမတော် တစ်မုဟုတ်၊ အစားမတော်တစ်လုတ်။
ကျားရဲရာ ကြမ္မာမရိုးသာ။
ကံယုံပြီး ဆူးပုံ မနင်းရာ။
ဟူ၍ ရှေးလူကြီးသူမများက ဆိုဆုံးမထားခဲ့ခြင်း ဖြစ်ပါသည်။
ထိုစကားများ၏ ဆိုလိုရင်းသည် လူတိုင်းမှာပင် မကောင်းကျိုးပေးရန် အကုသိုလ်များ ရှေးဘ၀များစွာက တစ်မျိုးနှစ်မျိုး စသည် ပြုမိခဲ့ကြသဖြင့် ကိုယ်စီကိုငှ ရှိကြသည်။
ထိုကံများသည် အလွန်သတ္တိမထက်လျှင် သူတို့ဘာသာ အကျိုးပေးခွင်းသာအောင် မတတ်နိုင်ကြပါ။အစဉ်းစား အဆင်ခြင် မရှိသူများ၌သာ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မတတ်သည့်အတွက် ထိုကံများ အကျိုးပေးခွင့်ရကြပါသည်။
သို့ဖြစ်၍ အသက်ရှည်စွာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒကကံ အခွင့်သာ၍ သက်တမ်းမစေ့ခင်က ကံအစွမ်း မကုန်သေးခင်သေရမည်မှာ မုချဖြစ်ပါသည်။(ဆက်လက်ဖေါ်ပြပါမည်)
(အရှင်ဃောသိတ၏ ဗုဒ္ဓအလိုကျသေနည်းမှတဆင့်တင်ပြသည်)
credit: မူကြိုဆရာ
မြတ်ဗုဒ္ဓ ၏ သာသနာ
Share:

 


ပါချုပ်ဆရာတော်ကြီး၏ လူတိုင်းသိသင့်သော သုခ ၄ မျိုး။
*************************************
၁။ အတ္ထိသုခ = လူတွေမျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက
“အတ္ထိသုခ” ရှိ ချမ်းသာတဲ့။ “ရှိ ” ချမ်းသာဆိုတာ ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့
ပစ္စည်းဥစ္စာတွေရှိတယ်။ စိန်ရွှေ ရတနာတွေရှိတယ်။ လူ့ဘ၀ လိုအပ်တာမှန်သမျှ ကိုယ့်မှာ ပြည့်

ပြည့်စုံစုံ ရှိတာကို အကြောင်းပြုပြီးတော့ “သုခသောမနဿ” ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု
တွေ ရကြတယ်။ ဒါကို .. မြတ်စွာဘုရားက ”အတ္ထိသုခ” ရှိလို့ ရတဲ့ ချမ်းသာမျိုးတဲ့။
အေး ...ရှိလို့ ရတဲ့ ချမ်းသာက ရှိတုန်းပဲ ချမ်းသာနိုင်တာ၊ မရှိတော့ဘူးဆိုရင် ချမ်းသာ
သုခ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် တည်မြဲတဲ့ ချမ်းသာသုခတော့ မဟုတ်ဘူး။ ရှိနေတုန်းမှာ
ခံစားရတဲ့ သုခမျိုးပဲ။
၂။ ဘောဂသုခ = အသုံးပြုရတဲ့ ချမ်းသာ။ အသုံးပြုရလို့ ဖြစ်ပေါ်လာတဲ့ ချမ်းသာကို “ဘော
ဂသုခ” လို့ခေါ်တယ်။ တိုက်ရှိလို့ တိုက်နဲ့ နေရတယ်။ ကားရှိလို့ ကားစီးရတယ်။ မိမိလိုအင်ဆန္ဒ
တွေ ဖြည့်တင်းလို့၊ ပစ္စည်းတွေ သုံးစွဲလို့ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုတွေဟာ “ဘောဂသုခ”
လို့ ခေါ်တယ်။ ရလာတဲ့ပစ္စည်းဥစ္စာကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ချမ်းသာတဲ့။
ကျန်းမာရေးကြောင့်သော် လည်းကောင်း၊ အခြေအနေတစ်မျိုးမျိုးကြောင့်သော် လည်း
ကောင်း၊ အခြေအနေ မပေးသောကြောင့်သော် လည်းကောင်း မသုံးစွဲရဘူးဆိုရင် ဒီချမ်းသာသု
ခဟာလည်း အလွယ်တကူနဲ့ ဆုံးရှုံးသွားတဲ့ ချမ်းသာသုခမျိုး ဖြစ်တယ်။ ဒါကြောင့်မို့ ဒီ“ဘောဂ
သုခ” လည်း ခိုင်မာတဲ့ ချမ်းသာမျိုးတော့ မဟုတ်ဘူး။
၃။ အာနဏျသုခ = လူတိုင်းလူတိုင်းဟာ အဆင်မပြေလို့ဖြစ်စေ၊ စီးပွားရေး တိုးချဲ့လို့ဖြစ်
စေ ကြွေးတင်နေတတ်တာတွေ ရှိတယ်။ ကြွေးရှိနေတဲ့ပုဂ္ဂိုလ်ဟာ ကြွေးအပေါ်မှာ အမြဲတမ်း
စိတ်ပူပင်ရတယ်။ အေး .. သူများဆီက ကြွေးမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ “အာနဏျသုခ” လို့ခေါ်တဲ့
ကြွေးကင်းတဲ့ ချမ်းသာခံစားရတယ်။ ကြွေးမရှိတဲ့အတွက်ကြောင့် နားချင်တဲ့အခါ နားမယ်။ သွား
ချင်တဲ့အခါ သွားမယ်။ သို့သော် ဒီချမ်းသာတွေဟာ တစ်စုံတစ်ခုသော အတိုင်းအတာအပေါ်မှာ
မှီပြီးတော့ ရလာတဲ့ ချမ်းသာတွေဖြစ်သည့်အတွက် အဆင့်မြင့်တဲ့ ချမ်းသာမျိုးတော့ မဟုတ်ဘူး။
၎။ အန၀ဇ္ဇသုခ = နောက်ဆုံး တကယ့်ချမ်းသာဆိုတာ “အန၀ဇ္ဇသုခ” အပြစ်မဲ့ ချမ်းသာဟာ
အချမ်းသာဆုံးပဲ။ ကိုယ့်အနေနဲ့ ကာယကံအပြစ်မျိုး၊ ၀စီကံအပြစ်မျိုး၊ မနောကံအပြစ်မျိုး ဘယ်
ဘက်က လှည့်ကြည့်ကြည့် ပြစ်မှုတစ်ခု ကျူးလွန်ထားတာ မရှိဘူးဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ် ရရှိတဲ့
အပြစ်ကင်းစင် ပျော်ရွှင်ရတဲ့ ချမ်းသာဟာ “ရှိချမ်းသာတို့၊ စားသုံးရတဲ့ချမ်းသာတို့၊ ကြွေးကင်းတဲ့
ချမ်းသာတို့” ထက် ပိုပြီးတော့ကောင်းတဲ့ ချမ်းသာတစ်ခုလို့ မြတ်ဗုဒ္ဓက ဟောကြားထားပါတယ်။
အေး .. အခါအားလျော်စွာ ချမ်းသာသုခတွေ ရကြတယ်။ အဲဒီ ချမ်းသာသုခတွေထဲက အပြစ်မဲ့
ချမ်းသာကိုတော့ လူတိုင်းလူတိုင်း ရကြတာ မဟုတ်ဘူး။ အပြစ်မဲ့ချမ်းသာဟာ ဒီချမ်းသာ ၄ မျိုး
ထဲမှာတော့ အကောင်းဆုံးသော ချမ်းသာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း “အန၀ဇ္ဇသုခ” လို့ ခေါ်တဲ့
အပြစ်မဲ့ချမ်းသာမျိုးကို ပိုင်ဆိုင်ခံစားနိုင်ကြပြီး ကောင်းသထက်ကောင်းအောင် ကျင့်ကြံအား
ထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{ ၁၃၆၉ ခု၊ အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံ (Ph.D ) ဟောကြားသော နှစ်ဦးကာလ
ဓမ္မလက်ဆောင် တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
သုတ ဘဏ်
 
Share:

 

 Dhamma Knowledge

 ❀ တစ်ချို့ပုဂ္ဂိုလ်တွေက သံဃာတွေထဲမှာ အမြင်မတော်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီး အပြစ်ဆိုကြတယ်၊ လောကမှာ အဆိုးနဲ့အ​ကောင်းဆိုတာ ဒွန်​တွဲ​နေတာ ဖြစ်တယ်၊ အဆိုးရှိရင် အကောင်းရှိမယ်၊ အနှစ်နဲ့အကာ ဆိုတာလည်း ဒွန်​တွဲ​နေတတ်တယ်၊ အဆိုးနဲ့အ​ကောင်းကို ခွဲခြားမြင်တတ်ဖို့ လိုအပ်တယ်နော်။
❀ လောကသားတွေထဲမှာ အဆိုးဆိုတာ မည်သည့်နေရာမှာမဆို ရှိတယ်၊ အဆိုးရှိရင် အကောင်းလည်း ရှိတယ်၊ အကောင်းနဲ့အဆိုးထဲမှာ အဆိုးတွေ များမလာဖို့ဘဲ အရေးကြီးတယ်၊ အကောင်းတွေ ဆက်လက်ကောင်းပြီးတော့ အကောင်းတွေ များလာဖို့ပဲ လိုအပ်တယ်ပေါ့။
❀ လောကသဘာဝကိုက အဆိုးနဲ့အကောင်းမှာ
အကောင်းက အဆိုးကို ဆွဲဆောင်ဖို့ရာ ခက်တယ်၊ အဆိုးကသာ အကောင်းကို ဆွဲဆောင်သွားတတ်တာ လောကရဲ့ သဘာဝပဲဖြစ်တယ်။
❀ ဆိုပါစို့- သရက်သီး ၁၀-လုံး ရှိတဲ့အထဲမယ် တစ်လုံးက ပုပ်နေတယ်၊ ကျန်တဲ့ကိုးလုံးက ကောင်းတယ်၊ အတူတူထားလိုက်လို့ရှိရင် အကောင်း ၉-လုံးက အပုပ်တစ်လုံးကို ကောင်းအောင် မလုပ်ပေးနိုင်ဘူး။ အဲဒီ အဆိုးတစ်လုံးရဲ့ နောက်ကိုပဲ အကောင်း ၉-လုံးက လိုက်သွားပြီး အားလုံးဟာ အပုပ်ဖြစ်သွားတယ်။
❀ အကောင်းတွေချည်းရှိနေဖို့ ဆိုတာဟာ ဘယ်ခေတ် ဘယ်ကာလမှ ရှိနိုင်တာ မဟုတ်ဘူး၊ အကောင်းနဲ့အဆိုးဆိုတာ ရောနေတာဖြစ်တယ်၊ အကောင်းတွေကိုကြည့်ပြီး ကိုယ်ကောင်းအောင် ဆောင်ရွက်သွားဖို့သာ အလွန်အရေးကြီးတယ်ပေါ့။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်​ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

Share:
Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support