Thursday, 29 December 2016

"သံသရာအစ. အဝိဇ္ဇာက " တဲ့။

 



အဝိဇ္ဇာက လောကကို အမှောင်ချထားသောကြောင့် အမှန်ကို အမှားထင်၊ အမှားကိုလည်း အမှန်မြင်၊အထင်နှင့်အမြင်ကို ကပြောင်းကပြန် ကမောက်ကမဖြစ်ကုန်စေသည်။
ထိုမသိမှုအဝိဇ္ဇာက လူကို မျက်မှန်တပ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အမှားကို အမှန်မြင်၊အဆိုးကို အကောင်းမြင်၊ ဆင်းရဲကို ချမ်းသာမြင်ကုန်ကြတော့သည်။
ဆင်းရဲကို ချမ်းသာဟု မြင်သည့်အတွက် မလိုသင့်သည်ကို လိုချင်လာသည်။(တဏှာ )။
မစွဲလမ်းသင့်သည်ကို စွဲလမ်းသည်။(ဥပါဒါန် )။
မပြုလုပ်သင့်သည်ကို ပြုလုပ်သည်။(သင်္ခါရ)။
ထို့ကြောင့် မရသင့်သော ကမ္မဘဝဟူသော ဆင်းရဲဒုက္ခ အစုအပုံကို ရလာကြတော့သည်။
ဘဝတွင် ချမ်းသာလိမ့်မည်၊ကောင်းလိမ့်မည်အထင်နှင့် ကိုယ်တိုင်ကြိုးစားရှာဖွေထားသည့် ဒုက္ခတွေက အများသား။လူ့ဘဝသည် ရေမြှုပ်ပမာ မတည်မြဲ ဟုဆိုကြသည်။ု လူတို့က မိမိကိုယ်ပိုင် ရေမြှုပ်ကလေးတစ်ခု ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေရုံနှင့်အားမရ ၊အပူအပင် ကြီးသည်ထက်ကြီးအောင် ရေမြှုပ်လေးတွေအများကြီးဖြစ်အောင်ဖန်တီးခဲ့ကြသည်။ယခုတော့ သားအတွက်ပူရ၊သမီးအတွက်ပူရ၊ဇနီးခင်ပွန်းအတွက်ပူရနှင့်။သားသမီးလေးများ နေထိုင်မကောင်းဖြစ်လျှင် မအိပ်နိုင်၊မစားနိုင်။ကိုယ့်မျက်စိအောက်မရှိလျှင် စိုးရိမ်ပူပန်မှုကအပြည့်။ကြက်မကြီးလို မိမိရင်ခွင်ထဲထား၍ အမြဲတမ်း ကာကွယ်ပေးနေဖို့ကလည်း မဖြစ်နိုင်။ပျက်စီးတတ်သော ဝိပရိဏာမသဘောရှိမှန်းလည်း သိသောကြောင့်အစဉ်စိုးရိမ်ပူပန်နေကြရသည်။ဒါတွေသည် ဘယ်သူမှ ပေးသည့်ဒုက္ခများမဟုတ်၊မိမိဘာသာ ကြိုးစားယူခဲ့ခြင်းသာဖြစ်သည်။
မိသားစုရှိလာပြန်တော့ မကြောင့်မကျ ထားနိုင်ဖို့ ကြိုးစားရုန်းကန်ကြရပြန်သည်။စားဝတ်နေရေး ပြေလည်ပြန်တော့လည်း အထက်တန်းကျသည်ထက်ကျဖို့ ကြိုးစားမှုကို မရပ်ရဲ။မိမိဘဝ အချိန်တွေအားလုံး မိသားစုအတွက်၊ ငွေရှာဖို့အတွက်သာ သုံးလိုက်ရတော့သည်။
အသုံးမလိုသော်လည်း လောဘတကြီးဖြင့် ရှာဖွေစုဆောင်းထားသည့် ပစ္စည်းတွေကလည်း တစ်ပုံတစ်ပင်။ထိုပစ္စည်းတွေအတွက် ပေးလိုက်ရသည့် အချိန်တွေကမနည်းမနော။ပြီးတော့ ထိုပစ္စည်းဥစ္စာတွေအတွက် အစဉ်အမြဲ ပူပန်ကြောင့်ကျ နေရသေးသည်။နွားဆွဲလာသောလူကဲ့သို့ပင်။လူကနွားကို ပိုင်ပြီထင်သည်၊သို့သော် ကြိုးဖြင့်ဆက်ထားသည့်အတွက် နွားဆွဲရာသို့လည်း လူကလိုက်ပါနေရသည်။နွားကလည်း လူကိုပိုင်နေသေးသည်။မိမိဘာသာ လွတ်လွတ်လပ်လပ် မသွားနိုင်။
တကယ်တော့ တန်ဖိုးမရှိသည့်အလုပ်တွေ ၊အသုံးမဝင်သည့် ပညာတွေ..ပစ္စည်းတွေ..ဥစ္စာတွေ အတွက် တန်ဖိုးရှိသည့်အချိန်တွေ အမြောက်အမြားကို လူတို့ ပေးဆပ်ခဲ့ရသည်။
ဘဝနေဝင်ချိန်ရောက်မှ၊ အိပ်ရာကျောကပ်အခြေအနေရောက်မှ၊လောဘဖြင့် စုဆောင်ထားခဲ့သည့်ပစ္စည်းများ မိမိအတွက် တကယ်တန်ဖိုး မရှိမှန်းသိသည့် အချိန်ရောက်မှ ထိုပေးဆပ်ခဲ့ရသည့် အချိန်များကို နှမြောတတ်တော့မည်ထင်သည်။ယခုအချိန်တွင်တော့ အဝိဇ္ဇာနှင့်တဏှာက တပ်ပေးလိုက်သော မျက်မှန်စိမ်းကြီးကြောင့် ကောက်ရိုးခြောက်.. မြက်ခြောက်တွေကို စိမ်းစိမ်းစိုစိုမြက်အထင်ဖြင့် အားရပါးရစားနေသော မြင်းကြီးအလား ဖြစ်နေသေးသည်။
ဝိဇ္ဇာဉာဏ်ရပြီး အဝိဇ္ဇာနှင့် တဏှာက တပ်ပေးလိုက်သော မျက်မှန်စိမ်းကြီးအား မဖြုတ်နိုင်သမျှ ကာလပတ်လုံး ပစ္စည်းဥစ္စာများကို လောဘတကြီးနှင့် ရှာဖွေစုဆောင်းနေဦးမည်သာ။



Htin Kyaw to ဗုဒ္ဓဘာသာများဆုံဆည်းရာနေရာ

Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support