Wednesday, 28 February 2018

အသိဉာဏ်စူး ဦးကံထူး ••••••••••••••••••••••••••

Image may contain: 1 person, eyeglasses and closeup
 ဘုရားရှင်လက်ထက်တော်ကာလက ပသေနဒီ ကောသလမင်းကြီးမှာ မြန်မာလို ဦးကံထူး အမည်ရတဲ့ အမတ်ကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူက လူတော်လူကောင်း လမ်းစဉ်ကို လိုက်နာကျင့်ကြံနေသူတစ်ဦးလည်း ဖြစ်သတဲ့။
ဦးကံထူးဟာ လောကီပညာသာမက တရားအသိ ပညာပါရှိလို့ တော်တယ်လို့လည်း ပြောလို့ရတယ်။ သဒ္ဓါတရား ထက်သန်သဖြင့် ကောင်းလည်းကောင်းတယ်။ ပညာရှိသူကို လူတော်လို့ ခေါ်နိုင်သလို၊ သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ သူတော်ကောင်းတရား ကျင့်ကြံအားထုတ်နေသူကိုလည်း သူတော်ကောင်းလို့ ခေါ်နိုင်ပါတယ်။ အသိဉာဏ်နဲ့ ယုံကြည်ချက်သဒ္ဓါတရား နှစ်ပါးလုံး ရှိသူကိုတော့ လူတော်လူကောင်းလို့ ခေါ်ရသပေါ့။
လူတော်လူကောင်းဖြစ်တဲ့ ဦးကံထူးဟာ အသိဉာဏ်လည်း စူးရှထက်သန်သူ ဖြစ်တယ်။ သူက ပြောသတဲ့။ "လူဆိုတာ ကုသိုလ်ကြောင့် လူဖြစ်လာရတာမို့ လူနဲ့ကုသိုလ်၊ ကုသိုလ်နဲ့လူဆိုတာ ခွဲလို့ မရဘူး။ တကယ်လို့ ကုသိုလ်လမ်း ပျောက်သွားပြီဆိုရင် အဲဒီလူဟာ လူ့လမ်းကြောင်းပေါ်မှ ဖဲခွာသွားရမှာပဲ” တဲ့။
လူဆိုတာ အမျိုးအစား ခွဲကြည့်စတမ်းဆိုရင် (၁) ကုသိုလ်မရ ဝမ်းမဝသူ - အောက်တန်းစားလူက တစ်မျိုး၊ (၂) ကုသိုလ်မရ ဝမ်းသာဝသူ - အလတ်တန်းစားလူက တစ်မျိုး၊ (၃) ကုသိုလ်လည်းရ ဝမ်းလည်းဝသူ - အထက်တန်းစားလူက တစ်မျိုး။ ဒီလို သုံးမျိုး ရှိတယ်။ အဲဒီလိုသုံးမျိုးထဲမှာ ဦးကံထူးက `ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့လူမျိုး` ပဲ။
နောက်ပြီး သူက အသိဉာဏ်စူးရှတဲ့လူဆိုတော့ `ခန္ဓာဝန်ထမ်းတဲ့နေရာမှာ အသက်မွေးဝမ်းကျောင်းပညာလေး ရှိထားရုံနဲ့ မလုံလောက်သေးဘူး` ဆိုတာ သဘောပေါက်သတဲ့။
`နိုင်ငံတာဝန်ထမ်းရတဲ့ မင်းမှုထမ်းအဖြစ်ဟာ ဒီတစ်ဘဝစာလေးပဲ။ ခန္ဓာ့တာဝန် ထမ်းရမှာက တစ်သံသရာလုံးပဲ။ ဒီလောက်ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို တရားအသိ၊ တရားသတိ မပါဘဲ ထမ်းလို့မဖြစ်ပါဘူး` ဆိုပြီး ဘုရားကျောင်းတော် မကြာ မကြာသွားပြီး တရားနာတယ်။ တရားလေ့လာပွားများတယ်။
အဲဒါနဲ့ စိတ်ကောင်း စေတနာကောင်းတွေ ဖွံ့ဖြိုးလာတယ်။ နေရာတကာ စေတနာသန့်သန့်ထားပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တတ်လာတယ်။
နိုင်ငံတာဝန်ထမ်းရတဲ့အခါမှာလည်း ပြီးစလွယ် လုပ်လေ့လုပ်ထ မရှိဘဲ သေသေသပ်သပ် ရှင်းရှင်းလင်းလင်း လုပ်တယ်။ `ဒီလိုလုပ်ရတာ ငါ့တာဝန်ပဲ။ ငါ့စေတနာက ငါ့ကို ပြန်ပြီး အကျိုးပေးမှာပါလေ။` အဲသလို စိတ်ထားနဲ့ ရှင်ဘုရင်ကိစ္စ ဆောင်ရွက်တဲ့အခါမှာလည်း မျက်နှာလိုမျက်နှာရ သဘောမျိုး မဟုတ်ဘဲ စေတနာကောင်းနဲ့ ဆောင်ရွက် ပေးတယ်။
နိုင်ငံတာဝန်၊ ရှင်ဘုရင့်အလုပ်ရယ်လို့ ခွဲခြားမှု မရှိဘဲ `ဒါ … ငါ့အလုပ်ပဲ။ ငါ့စေတနာကသာ ငါ့ကို အကျိုးပေးမှာပါ` ဆိုတဲ့ စိတ်ကောင်းကလေးနဲ့ ဆောင်ရွက်တယ်။ မိသားစု တာဝန်ကိုလည်း မလစ်ဟင်းရအောင် သဒ္ဓါ၊ မေတ္တာ၊ ပညာတရားနဲ့ ဆောင်ရွက်ပေးတတ်တယ်။
စိတ်နေစိတ်ထားလှတဲ့ ဦးကံထူးဟာ တစ်နေ့တစ်ခြား ကျက်သရေကလည်း တိုးလာသတဲ့။ သူတော်ကောင်းလမ်းစဉ် သဒ္ဓါတရားလေးကို သူ့နှလုံးသားထဲမှာ ထည့်ထားတော့ ဘာပဲလုပ်လုပ် လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံ မျက်နှာ အမူအရာက စပြီး စိုစိုပြေပြေ လန်းလန်းဆန်းဆန်းနဲ့ သိပ်ပြီးတော့ ကျက်သရေရှိသတဲ့။
အခြားအမတ်တွေထက် လုပ်ဆောင်ချက် သိသိသာသာ ထူးခြားနေလို့ ရှင်ဘုရင်ကြီးကလည်း ဦးကံထူးကို အလွန် သဘောကျ ကျေနပ်နေသတဲ့။
ရှင်ဘုရင်ကြီးက အမြဲတမ်း ဦးကံထူးကို အကဲခတ်နေသတဲ့။ `အင်း၊ မောင်ကံထူးတစ်ယောက် တယ်တော်တာပဲ။ ဘယ်သူ့အလုပ်ဖြစ်ဖြစ် သူ့အလုပ်လိုပဲ သဘောထားပြီး ဆောင်ရွက်ရှာတယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံး ဖြစ်အောင်လည်း လုပ်တတ်တယ်။ ဘယ်တော့မှ နောက်ပြန်ကြည့်ရတယ် မရှိဘူး။ သူ့တို့ ခိုင်းလိုက်ရင် အစစအရာရာ သိပ်စိတ်ချရတာပဲ` ဆိုပြီး ရှင်ဘုရင်ကြီးက ဦးကံထူးကို ရာထူးတွေတိုး၊ ရိက္ခာတွေ အထူးတိုးပေးပြီး ချီးမြှောက် လိုက်တော့တာပါပဲ။
ရှင်ဘုရင်ကြီးက ဦးကံထူးကို ချီးမြှောက်ထိုက်လို့ ချီးမြှောက်တာ မှန်ပေမယ့် အခြားလုပ်ဖော်ကိုင်ဖက်တွေက အမြင်မကြည်တော့ဘူး။ မျက်မွေးစူးကုန်ကြတော့တာပဲ။
ဒါ့ကြောင့် ရှင်ဘုရင်ကြီးနဲ့ ဦးကံထူး အမြင်လွဲအောင်၊ ကွဲအောင် ယုတ္တိအမျိုးမျိုးပြပြီး ကုန်းတိုက်ကြသတဲ့။ ကုန်းတိုက်တာ ကြာလာတော့ ရှင်ဘုရင်ကြီးက တကယ် ယုံသွားပြီး ဦးကံထူးကို ရာထူးမှချကာ အကျဉ်းထောင်ထဲ ပို့ထားသတဲ့။
ရှင်ဘုရင်ကြီးက ဘယ်လိုပင် သူ့အပေါ် ဆုံးဖြတ်ချက် မှားပါစေ။ ဦးကံထူးကတော့ `မှန်ကင်း တစ်လှည့်၊ ထင်း တစ်လှည့်၊ သစ်ငှတ် မြင့်တုံ၊ မြက် မြင့်တုံ` ဆိုတဲ့ သဘော သိပြီးသား၊ အမြင်ရှင်းထားပြီးသားဖြစ်တော့ အပြုံးမပျက်၊ မျက်နှာ မပျက်ပါဘူးတဲ့။
`ငါဟာ စေတနာသန့်သန့်ထားပြီး ဆောင်ရွက်တာပဲ။ ထောင်ကျတော့လည်း ဘာအရေးလဲ။ အကျဉ်းထောင်ထဲမှာ နေရလို့ ငါ့အတွက် သာသနာကွယ်တာမှ မဟုတ်ဘဲ။ သဒ္ဓါတရား ရှိရင် သာသနာ ရှိနေတာပဲ။ သာသနာနဲ့အတူ နေရတဲ့ ငါ ဘာလို့ အားငယ်နေစရာ လိုသေးသလဲ။ ထောင်ကျတော့ တရားအလုပ်၊ ကုသိုလ်အလုပ် ပိုလုပ်ဖြစ်တာပေါ့` လို့ တွေးမိပြီး စိတ်ဓာတ် မကျဘူးတဲ့။
`ဒုက္ခတွေ့လာရင် ငေးမှိုင်နေမယ့်အစား တရား စွမ်းအားပေါ်အောင် ကြိုးစားဖို့သာ လူတော်လူကောင်းတွေရဲ့ အလုပ်ပဲ` လို့ ခံယူချက် ပြတ်ပြတ်သားသားထားပြီး `ငါ့ စေတနာဟာ ငါ့ အားကိုးရာပဲ` လို့ ယုံယုံကြည်ကြည်နဲ့ ပသေနဒီ ကောသလမင်းကြီးနှင့်တကွ ကုန်းတိုက်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ မေတ္တာမပျက် ကျေးဇူးပြုကွက်ကလေးတွေ ဖော်ပြီး စူးစူးစိုက်စိုက် မေတ္တာပို့တယ်။
မေတ္တာဘာဝနာကြောင့် ရလာတဲ့သမာဓိကို အခြေခံပြီး အသိဉာဏ်တပ်ဆင်ကာ ဝိပဿနာ ရှုလိုက်တော့ ဦးကံထူး ထောင်ထဲမှာပဲ သောတာပတ္တိမဂ်ဉာဏ်ရ၍ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားတယ်။
မကြာခင်မှာပဲ ဦးကံထူးရဲ့ စူးရှတဲ့မေတ္တာကြောင့် ရှင်ဘုရင်ကြီးလည်း မနေနိုင်၊ ထောင်ထဲမှ ချက်ချင်း ထုတ်စေပြီး တောင်းပန်ရတယ်။ ရာထူး၊ ရိက္ခာလစာတွေကိုလည်း အရင်ကထက် ပိုပြီးတိုးပေးပါသတဲ့။ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအမတ်များကလည်း သူတို့အမှားများကို ခွင့်လွှတ်ဖို့ရန် လာရောက် တောင်းပန်ကြသတဲ့။
တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက
ယော ဆရာတော်ကြီး
ဤဓမ္မပုံပြင်ဖြင့် ယောဆရာတော်သည် …..
လူ့လောကသည် ဒုက္ခဘုံဖြစ်သဖြင့် ချမ်းသာစရာ တွေ့ခါမှ ချမ်းသာအောင်နေမည်ဟု မရေရာသော မျှော်လင့်စောင့်ဆိုင်းခြင်းဖြင့် အချိန်မကုန်စေသင့်ကြောင်း၊ ချမ်းသာအောင် နေတတ်မှ ချမ်းသာကို ရနိုင်သည်ဖြစ်၍ တရားအသိ၊ တရားသတိဖြင့် တွေ့သမျှအာရုံကို အကောင်းဘက် ဆွဲပြီး ချမ်းသာမှုကို မရရအောင် ရှာယူတတ်ရမည် ဖြစ်ကြောင်း ၊
ဆင်းရဲတွေ့သောအခါ စိတ်ဓာတ် မကျဆင်းစေဘဲ စိတ်အားတင်းကာ လမ်းမှန်အတိုင်း ကြိုးစားတတ်မှသာ အာဇာနည် လူသားကောင်း ပီသနိုင်ကြောင်းနှင့် …
ဆင်းရဲကိုကြောက်၍ မကြိုးစားလိုလျှင် ရှိသည့် ချမ်းသာများ ကွယ်ပျောက်သွားတတ်သော်လည်း ဆင်းရဲကို မကြောက်ဘဲ ရဲဝံ့စွာ ကြိုးစားရင်ဆိုင်လျှင် ထိုဆင်းရဲမှုနောက် ချမ်းသာသုခများ စွမ်းအားအပြည့်ဖြင့် ရောက်လာမြဲဖြစ်ကြောင်း … တို့ကို ပြောပြလိုရင်း ဖြစ်ပါသည်။
တော်ဝင်နွယ် (ယောဆရာတော်၏ ဓမ္မပုံပြင်များ မှ)
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support