Wednesday, 28 February 2018

အသိဉာဏ်စူး ဦးကံထူး ••••••••••••••••••••••••••

Image may contain: 1 person, eyeglasses and closeup
 ဘုရားရှင်လက်ထက်တော်ကာလက ပသေနဒီ ကောသလမင်းကြီးမှာ မြန်မာလို ဦးကံထူး အမည်ရတဲ့ အမတ်ကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူက လူတော်လူကောင်း လမ်းစဉ်ကို လိုက်နာကျင့်ကြံနေသူတစ်ဦးလည်း ဖြစ်သတဲ့။
ဦးကံထူးဟာ လောကီပညာသာမက တရားအသိ ပညာပါရှိလို့ တော်တယ်လို့လည်း ပြောလို့ရတယ်။ သဒ္ဓါတရား ထက်သန်သဖြင့် ကောင်းလည်းကောင်းတယ်။ ပညာရှိသူကို လူတော်လို့ ခေါ်နိုင်သလို၊ သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ သူတော်ကောင်းတရား ကျင့်ကြံအားထုတ်နေသူကိုလည်း သူတော်ကောင်းလို့ ခေါ်နိုင်ပါတယ်။ အသိဉာဏ်နဲ့ ယုံကြည်ချက်သဒ္ဓါတရား နှစ်ပါးလုံး ရှိသူကိုတော့ လူတော်လူကောင်းလို့ ခေါ်ရသပေါ့။
လူတော်လူကောင်းဖြစ်တဲ့ ဦးကံထူးဟာ အသိဉာဏ်လည်း စူးရှထက်သန်သူ ဖြစ်တယ်။ သူက ပြောသတဲ့။ "လူဆိုတာ ကုသိုလ်ကြောင့် လူဖြစ်လာရတာမို့ လူနဲ့ကုသိုလ်၊ ကုသိုလ်နဲ့လူဆိုတာ ခွဲလို့ မရဘူး။ တကယ်လို့ ကုသိုလ်လမ်း ပျောက်သွားပြီဆိုရင် အဲဒီလူဟာ လူ့လမ်းကြောင်းပေါ်မှ ဖဲခွာသွားရမှာပဲ” တဲ့။
လူဆိုတာ အမျိုးအစား ခွဲကြည့်စတမ်းဆိုရင် (၁) ကုသိုလ်မရ ဝမ်းမဝသူ - အောက်တန်းစားလူက တစ်မျိုး၊ (၂) ကုသိုလ်မရ ဝမ်းသာဝသူ - အလတ်တန်းစားလူက တစ်မျိုး၊ (၃) ကုသိုလ်လည်းရ ဝမ်းလည်းဝသူ - အထက်တန်းစားလူက တစ်မျိုး။ ဒီလို သုံးမျိုး ရှိတယ်။ အဲဒီလိုသုံးမျိုးထဲမှာ ဦးကံထူးက `ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့လူမျိုး` ပဲ။
နောက်ပြီး သူက အသိဉာဏ်စူးရှတဲ့လူဆိုတော့ `ခန္ဓာဝန်ထမ်းတဲ့နေရာမှာ အသက်မွေးဝမ်းကျောင်းပညာလေး ရှိထားရုံနဲ့ မလုံလောက်သေးဘူး` ဆိုတာ သဘောပေါက်သတဲ့။
`နိုင်ငံတာဝန်ထမ်းရတဲ့ မင်းမှုထမ်းအဖြစ်ဟာ ဒီတစ်ဘဝစာလေးပဲ။ ခန္ဓာ့တာဝန် ထမ်းရမှာက တစ်သံသရာလုံးပဲ။ ဒီလောက်ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို တရားအသိ၊ တရားသတိ မပါဘဲ ထမ်းလို့မဖြစ်ပါဘူး` ဆိုပြီး ဘုရားကျောင်းတော် မကြာ မကြာသွားပြီး တရားနာတယ်။ တရားလေ့လာပွားများတယ်။
အဲဒါနဲ့ စိတ်ကောင်း စေတနာကောင်းတွေ ဖွံ့ဖြိုးလာတယ်။ နေရာတကာ စေတနာသန့်သန့်ထားပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တတ်လာတယ်။
နိုင်ငံတာဝန်ထမ်းရတဲ့အခါမှာလည်း ပြီးစလွယ် လုပ်လေ့လုပ်ထ မရှိဘဲ သေသေသပ်သပ် ရှင်းရှင်းလင်းလင်း လုပ်တယ်။ `ဒီလိုလုပ်ရတာ ငါ့တာဝန်ပဲ။ ငါ့စေတနာက ငါ့ကို ပြန်ပြီး အကျိုးပေးမှာပါလေ။` အဲသလို စိတ်ထားနဲ့ ရှင်ဘုရင်ကိစ္စ ဆောင်ရွက်တဲ့အခါမှာလည်း မျက်နှာလိုမျက်နှာရ သဘောမျိုး မဟုတ်ဘဲ စေတနာကောင်းနဲ့ ဆောင်ရွက် ပေးတယ်။
နိုင်ငံတာဝန်၊ ရှင်ဘုရင့်အလုပ်ရယ်လို့ ခွဲခြားမှု မရှိဘဲ `ဒါ … ငါ့အလုပ်ပဲ။ ငါ့စေတနာကသာ ငါ့ကို အကျိုးပေးမှာပါ` ဆိုတဲ့ စိတ်ကောင်းကလေးနဲ့ ဆောင်ရွက်တယ်။ မိသားစု တာဝန်ကိုလည်း မလစ်ဟင်းရအောင် သဒ္ဓါ၊ မေတ္တာ၊ ပညာတရားနဲ့ ဆောင်ရွက်ပေးတတ်တယ်။
စိတ်နေစိတ်ထားလှတဲ့ ဦးကံထူးဟာ တစ်နေ့တစ်ခြား ကျက်သရေကလည်း တိုးလာသတဲ့။ သူတော်ကောင်းလမ်းစဉ် သဒ္ဓါတရားလေးကို သူ့နှလုံးသားထဲမှာ ထည့်ထားတော့ ဘာပဲလုပ်လုပ် လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံ မျက်နှာ အမူအရာက စပြီး စိုစိုပြေပြေ လန်းလန်းဆန်းဆန်းနဲ့ သိပ်ပြီးတော့ ကျက်သရေရှိသတဲ့။
အခြားအမတ်တွေထက် လုပ်ဆောင်ချက် သိသိသာသာ ထူးခြားနေလို့ ရှင်ဘုရင်ကြီးကလည်း ဦးကံထူးကို အလွန် သဘောကျ ကျေနပ်နေသတဲ့။
ရှင်ဘုရင်ကြီးက အမြဲတမ်း ဦးကံထူးကို အကဲခတ်နေသတဲ့။ `အင်း၊ မောင်ကံထူးတစ်ယောက် တယ်တော်တာပဲ။ ဘယ်သူ့အလုပ်ဖြစ်ဖြစ် သူ့အလုပ်လိုပဲ သဘောထားပြီး ဆောင်ရွက်ရှာတယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံး ဖြစ်အောင်လည်း လုပ်တတ်တယ်။ ဘယ်တော့မှ နောက်ပြန်ကြည့်ရတယ် မရှိဘူး။ သူ့တို့ ခိုင်းလိုက်ရင် အစစအရာရာ သိပ်စိတ်ချရတာပဲ` ဆိုပြီး ရှင်ဘုရင်ကြီးက ဦးကံထူးကို ရာထူးတွေတိုး၊ ရိက္ခာတွေ အထူးတိုးပေးပြီး ချီးမြှောက် လိုက်တော့တာပါပဲ။
ရှင်ဘုရင်ကြီးက ဦးကံထူးကို ချီးမြှောက်ထိုက်လို့ ချီးမြှောက်တာ မှန်ပေမယ့် အခြားလုပ်ဖော်ကိုင်ဖက်တွေက အမြင်မကြည်တော့ဘူး။ မျက်မွေးစူးကုန်ကြတော့တာပဲ။
ဒါ့ကြောင့် ရှင်ဘုရင်ကြီးနဲ့ ဦးကံထူး အမြင်လွဲအောင်၊ ကွဲအောင် ယုတ္တိအမျိုးမျိုးပြပြီး ကုန်းတိုက်ကြသတဲ့။ ကုန်းတိုက်တာ ကြာလာတော့ ရှင်ဘုရင်ကြီးက တကယ် ယုံသွားပြီး ဦးကံထူးကို ရာထူးမှချကာ အကျဉ်းထောင်ထဲ ပို့ထားသတဲ့။
ရှင်ဘုရင်ကြီးက ဘယ်လိုပင် သူ့အပေါ် ဆုံးဖြတ်ချက် မှားပါစေ။ ဦးကံထူးကတော့ `မှန်ကင်း တစ်လှည့်၊ ထင်း တစ်လှည့်၊ သစ်ငှတ် မြင့်တုံ၊ မြက် မြင့်တုံ` ဆိုတဲ့ သဘော သိပြီးသား၊ အမြင်ရှင်းထားပြီးသားဖြစ်တော့ အပြုံးမပျက်၊ မျက်နှာ မပျက်ပါဘူးတဲ့။
`ငါဟာ စေတနာသန့်သန့်ထားပြီး ဆောင်ရွက်တာပဲ။ ထောင်ကျတော့လည်း ဘာအရေးလဲ။ အကျဉ်းထောင်ထဲမှာ နေရလို့ ငါ့အတွက် သာသနာကွယ်တာမှ မဟုတ်ဘဲ။ သဒ္ဓါတရား ရှိရင် သာသနာ ရှိနေတာပဲ။ သာသနာနဲ့အတူ နေရတဲ့ ငါ ဘာလို့ အားငယ်နေစရာ လိုသေးသလဲ။ ထောင်ကျတော့ တရားအလုပ်၊ ကုသိုလ်အလုပ် ပိုလုပ်ဖြစ်တာပေါ့` လို့ တွေးမိပြီး စိတ်ဓာတ် မကျဘူးတဲ့။
`ဒုက္ခတွေ့လာရင် ငေးမှိုင်နေမယ့်အစား တရား စွမ်းအားပေါ်အောင် ကြိုးစားဖို့သာ လူတော်လူကောင်းတွေရဲ့ အလုပ်ပဲ` လို့ ခံယူချက် ပြတ်ပြတ်သားသားထားပြီး `ငါ့ စေတနာဟာ ငါ့ အားကိုးရာပဲ` လို့ ယုံယုံကြည်ကြည်နဲ့ ပသေနဒီ ကောသလမင်းကြီးနှင့်တကွ ကုန်းတိုက်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ မေတ္တာမပျက် ကျေးဇူးပြုကွက်ကလေးတွေ ဖော်ပြီး စူးစူးစိုက်စိုက် မေတ္တာပို့တယ်။
မေတ္တာဘာဝနာကြောင့် ရလာတဲ့သမာဓိကို အခြေခံပြီး အသိဉာဏ်တပ်ဆင်ကာ ဝိပဿနာ ရှုလိုက်တော့ ဦးကံထူး ထောင်ထဲမှာပဲ သောတာပတ္တိမဂ်ဉာဏ်ရ၍ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားတယ်။
မကြာခင်မှာပဲ ဦးကံထူးရဲ့ စူးရှတဲ့မေတ္တာကြောင့် ရှင်ဘုရင်ကြီးလည်း မနေနိုင်၊ ထောင်ထဲမှ ချက်ချင်း ထုတ်စေပြီး တောင်းပန်ရတယ်။ ရာထူး၊ ရိက္ခာလစာတွေကိုလည်း အရင်ကထက် ပိုပြီးတိုးပေးပါသတဲ့။ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအမတ်များကလည်း သူတို့အမှားများကို ခွင့်လွှတ်ဖို့ရန် လာရောက် တောင်းပန်ကြသတဲ့။
တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက
ယော ဆရာတော်ကြီး
ဤဓမ္မပုံပြင်ဖြင့် ယောဆရာတော်သည် …..
လူ့လောကသည် ဒုက္ခဘုံဖြစ်သဖြင့် ချမ်းသာစရာ တွေ့ခါမှ ချမ်းသာအောင်နေမည်ဟု မရေရာသော မျှော်လင့်စောင့်ဆိုင်းခြင်းဖြင့် အချိန်မကုန်စေသင့်ကြောင်း၊ ချမ်းသာအောင် နေတတ်မှ ချမ်းသာကို ရနိုင်သည်ဖြစ်၍ တရားအသိ၊ တရားသတိဖြင့် တွေ့သမျှအာရုံကို အကောင်းဘက် ဆွဲပြီး ချမ်းသာမှုကို မရရအောင် ရှာယူတတ်ရမည် ဖြစ်ကြောင်း ၊
ဆင်းရဲတွေ့သောအခါ စိတ်ဓာတ် မကျဆင်းစေဘဲ စိတ်အားတင်းကာ လမ်းမှန်အတိုင်း ကြိုးစားတတ်မှသာ အာဇာနည် လူသားကောင်း ပီသနိုင်ကြောင်းနှင့် …
ဆင်းရဲကိုကြောက်၍ မကြိုးစားလိုလျှင် ရှိသည့် ချမ်းသာများ ကွယ်ပျောက်သွားတတ်သော်လည်း ဆင်းရဲကို မကြောက်ဘဲ ရဲဝံ့စွာ ကြိုးစားရင်ဆိုင်လျှင် ထိုဆင်းရဲမှုနောက် ချမ်းသာသုခများ စွမ်းအားအပြည့်ဖြင့် ရောက်လာမြဲဖြစ်ကြောင်း … တို့ကို ပြောပြလိုရင်း ဖြစ်ပါသည်။
တော်ဝင်နွယ် (ယောဆရာတော်၏ ဓမ္မပုံပြင်များ မှ)
Share:

မေတ္တာတရားကို လက်​ကိုင်​ထားရင်​ •••••••••••••••••••••••••••••••••••••••••

Image may contain: 1 person, smiling, text 






















Q. မေတ္တာတရားကို လက်ကိုင်ထားရင် လောကီနယ်ပယ်မှာ ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါသလဲဘုရား။
A. လောကီနယ်ပယ်မှာ မေတ္တာတရားကို လက်ကိုင်ထားရင် အရေအတွက် အပိုင်းအခြားမရှိတဲ့ အကျိုးတွေကို ရနိုင်ပါတယ်။ မေတ္တာတရားကို လက်ကိုင်ထားတဲ့အတွက် အခြေခံအကျဆုံး သေချာပေါက်ရမယ့် အကျိုးကတော့ စိတ်အေးချမ်းခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်ချမ်းသာခြင်းဆိုတဲ့ အကျိုးတရားပါပဲ။ စိတ်ကလေး အေးချမ်းနေမယ်၊ ကြည်လင်နေမယ်ဆိုရင် ဆုံးဖြတ်ချက်တွေကလည်း မှန်ကန်မှာပဲ။ ဘယ်လုပ်ငန်းပဲလုပ်လုပ်၊ မေတ္တာတရားကို လက်ကိုင်ထားပြီး ကြံစည်မယ်၊ ပြောဆိုမယ်၊ လုပ်ကိုင်မယ်ဆိုရင် လုပ်သမျှအလုပ်တွေအားလုံးက ကိုယ့်အတွက်လည်း ကောင်းကျိုးဖြစ်နိုင်တဲ့အလုပ်၊ သူတစ်ပါးအတွက်လည်း ကောင်းကျိုးဖြစ်နိုင်တဲ့အလုပ်တွေချည်းပဲ ဖြစ်သွားမှာပါ။ မေတ္တာဆိုတာက သူတစ်ပါးရဲ့အကျိုးစီးပွားကို လိုလားတဲ့သဘောတရားကို ခေါ်တာဆိုတော့ ဘာပဲလုပ်လုပ်၊ တစ်ဖက်သားကောင်းကျိုးရစေချင်တဲ့ စိတ်လေးနဲ့ပဲ စဉ်းစားတဲ့အတွက် လုပ်သမျှအလုပ်တွေကလည်း ကောင်းတဲ့အလုပ်တွေချည်းပဲ ဖြစ်သွားမှာပဲလေ။
အဲဒီတော့ မေတ္တာတရားကို လက်ကိုင်ထားမယ်ဆိုရင် “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”ဆိုတဲ့ ဘုရားဟောအဆုံးအမအတိုင်းပဲ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ဖြစ်သွားမှာပဲ။ မကောင်းတဲ့အလုပ်တွေ လုပ်တယ်ဆိုတာကလည်း မေတ္တာတရားအားနည်းလို့ပါ။ မေတ္တာတရားလက်ကိုင်ထားတဲ့အတွက် မကောင်းတဲ့အလုပ်တွေကို ရှောင်ကြဉ်ဖြစ်သွားမယ်၊ ကောင်းတဲ့အလုပ်တွေကို လုပ်ဖြစ်သွားမယ်ဆိုတော့ ကိုယ်လည်း ဆင်းရဲကင်း၊ သူလည်း ဆင်းရဲကင်း၊ ကိုယ်လည်း ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံ၊ သူလည်း ကောင်းကျိုးချမ်းသာနဲ့ပြည့်စုံမှာ ဖြစ်ပါတယ်။
မေတ္တာတရားလက်ကိုင်ထားတယ်ဆိုမှတော့ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရာမှာလည်း ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး ရှိတဲ့အတွက်ကြောင့် ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်ပြေမှာပဲ။ မေတ္တာတရားလက်ကိုင်ထားတဲ့သူကို လူတိုင်းက ချစ်ခင်ကြတယ်။ ကူညီစောင့်ရှောက်ချင်ကြတယ်။ တစ်နည်းအားဖြင့်ပြောရရင် မေတ္တာဆိုတာ သံလိုက်ဓာတ်နဲ့တူတယ်။ ဆွဲအားရှိတယ်။ သံလိုက်တုံးဟာ သံတွေကို ဆွဲငင်နိုင်သလိုပဲ မေတ္တာတရားကို လက်ကိုင်ထားတဲ့သူဟာလည်း သူရဲ့နှလုံးသားမှာ မေတ္တာဆိုတဲ့ သံလိုက်ဓာတ်ရှိနေတဲ့အတွက်ကြောင့် ကောင်းကျိုးချမ်းသာပေါင်းများစွာကို ဆွဲငင်နိုင်တယ်။ ချစ်တဲ့ ခင်တဲ့သူတွေပေါများခြင်းဆိုတဲ့ အကျိုးတရားကိုလည်း ဆွဲငင်နိုင်တယ်။ စီးပွားဥစ္စာတိုးတက်ခြင်းဆိုတဲ့ အကျိုးတရားတွေကိုလည်း ဆွဲငင်နိုင်တယ်။ အောင်မြင်ကျော်ကြားခြင်းဆိုတဲ့ အကျိုးတရားတွေကိုလည်း ဆွဲငင်နိုင်တယ်။ နူးညံ့သိမ်မွေ့ခြင်းဆိုတဲ့ အကျိုးတရားတွေကိုလည်း ဆွဲငင်နိုင်တယ်။ ချစ်ခြင်းမေတ္တာဆိုတဲ့ အကျိုးတရားတွေကိုလည်း ဆွဲငင်နိုင်တယ်။ ကိုယ်က အားလုံးအပေါ်မှာ မေတ္တာထားတဲ့အတွက် ကိုယ့်အပေါ်မှာလည်း မေတ္တာတွေထားကြမှာပဲလေ။ မေတ္တာနဲ့သာလုပ်ရင် ဘယ်အလုပ်မဆို အောင်မြင်ပါတယ်။
လောကီနယ်ပယ်ဆိုတော့ နယ်ပယ်တွေက အများကြီးရှိတာပေါ့။ အဲဒီတော့ သူ့နယ်ပယ်နဲ့သူ၊ နယ်ပယ်တိုင်းနယ်ပယ်တိုင်းမှာ ကိုယ်စီကိုယ်စီ မေတ္တာတရားလက်ကိုင်ထားကြမယ်ဆိုရင် တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုတွေရှိလာမယ်။ မေတ္တာတရားမရှိဘဲ ကိုယ်ကျိုးချည်းပဲ ကြည့်နေကြမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု မရှိနိုင်ကြတော့ဘူး။ သူကလည်း သူ့ကိုယ်ကျိုးပဲကြည့်၊ ကိုယ်ကလည်း ကိုယ့်ကိုယ်ကျိုးပဲကြည့်ဆိုတော့ ကိုယ့်စိတ်နဲ့ကိုယ်နှိုင်းပြီး သူကလည်း ငါ့ကို သူ့အတွက်အသုံးချတာဖြစ်မှာပဲ စသည်အားဖြင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကင်းမဲ့ပြီး သံသယတွေ တိုးပွားနေမယ်။ တစ်ယောက်ကိုတစ်ယောက် မျှော်လင့်ချက်မပါတဲ့ စစ်မှန်တဲ့ကူညီမှုမျိုးတွေလည်း ဖြစ်မလာနိုင်တော့ဘူး။ မေတ္တာတရားထားမယ်ဆိုရင်တော့ တစ်ဖက်သားရဲ့အကျိုးကို လိုလားတဲ့ စိတ်သန့်သန့်လေးနဲ့ ကူညီကြတဲ့အတွက်ကြောင့် လူ့လောကကြီးကလည်း အများကြီးတိုးတက်သာယာသွားမှာ ဖြစ်ပါတယ်။
လောကီနယ်ပယ်ဆိုတဲ့နေရာမှာ စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်တွေတင်မကဘဲ တရားဓမ္မနဲ့ဆိုင်တဲ့ လောကီနယ်ပယ်မှာလည်း မေတ္တာတရားကို လက်ကိုင်ထားပြီး မေတ္တာဘာဝနာကို ပွားများမယ်ဆိုရင် ဈာန်တွေ၊ အဘိညာဉ်တွေရပြီးတော့ မေတ္တာဈာန်မလျှောဘဲနဲ့ သေသွားမယ်ဆိုရင် ဗြဟ္မာ့ပြည်အထိ ရောက်နိုင်တယ်။ အဲဒီတော့ လောကီနယ်ပယ်မှာ မေတ္တာတရားကြောင့် အကျိုးတရားတွေ မရေမတွက်နိုင်အောင် အများကြီးရနိုင်ပါတယ်။
အရှင်​ဆန္ဒာဓိက ( ​ရွှေပါရမီ ​တောရ )
Share:

လူသားတိုင်းအတွက် ဓမ္မသည် မြေပုံ ++++++++++++++++++++

Image may contain: text
 စာရေးသူအနေဖြင့် စာပေကို ခင်သူမိတ်ဆွေတွေအားလုံးကို အသိဥာဏ်တိုးစေရန်
အုပ်တစ်ချပ် သဲတစ်ပွင့် အနေဖြင့် မိမိသိရှိသလောက်ကလေးတွေကို တင်ပြလိုသော
ရည်ရွယ်ချက်သာဖြစ်ပါသည်။
စာပေသည် လူသားတိုင်းတွက် ဘ၀ကို
ပုံဖော်ပေးနိုင်သည့် ဘ၀အလင်းရောင်ဖြစ်သည်။
စာပေကို ဖတ်ခြင်းအားဖြင့်လည်း
ဘ၀တိုးတက်မှု၊အောင်မြင်မှုတွေအတွက် လမ်းပြပေးနိုင်၏။
ဘ၀လမ်းမှန်ကို
ရောက်အောင် စာပေက တွန်းအားတွေပေးနိုင်၏။
(ဘ၀သည် လမ်းဆုံလမ်းခွ အလွန်ပေါသည့် ခရီးဖြစ်၏။ လက်ထဲတွင် မြေပုံမပါသော်
လမ်းပျောက်မည် မုချ။ ယခုသင်နှင့်အတူ ယူသွားရန် မြေပုံကိုပါးလိုက်ပါ၏။ ယင်းမြေပုံသည်
ဓမ္မမြေပုံကသာ သင့်အခက်ခဲတွေကို အကူအညီပေးပါလိမ့်မည်။ သိုဖြစ်သောကြောင့် သွားလေရာရာသို့
ဓမ္မမြေပုံကို ယူသွားဖို့ မမေ့စေချင်။
Life is a journey with many junctions. Without a map in your hand ,
you will surely lose your ways. Here is a map for you to carry with you.
this will help you whenever you are in trouble .
And so, don't forget to have it wherever you go.
ဓမ္မသည် ရေနှင့်သဘောခြင်း အလွန်နီးစပ်၏။ ရေကို လူတွေအားလုံး
နေ့စဉ်သောက်သုံးနေသည်။ရေကို သုံးစွဲသည့်အခါ
(က) Person (ပုဂ္ဂိုလ်မရွေး)
လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အချောအလှမရွေး၊ ဆင်းရဲချမ်းသာမရွေး၊
အယုတ် အလတ်အမြတ်မရွေး ပုဂ္ဂိုလ်တိုင်း သုံးစွဲနိုင်သည်။
(ခ) Place - (နေရာမရွေး)
နိုင်ငံတွေ၊ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရွေးဘဲသုံးစွဲနိုင်ကြသည်။
(ဂ) Time- (အချိန်မရွေး)
နံနက်၊ နေ့လယ်၊ ည(သို့)နေ့၊ ရက်၊ လ၊ နှစ် အချိန်မရွေးဘဲ သုံးစွဲနိုင်သည်။
သုံးစွဲသူတိုင်းအတွက်လည်း ...
(၁) ရေငတ်ကို ပြေစေသည်။
(၂) အသက်ကို ဆက်လက်ရှင်သန် ကြီးထွားစေသည်။
(၃) ကိုယ်စိတ်နှစ်ပါးကို သန့်ရှင်းပြီး ကြည်လင်စေသည်။
(၄) ကိုယ်စိတ်နှစ်ပါးကို အေးမြစေသည်။
ထိုအချက်တို့မှာ ရေ၏ပင်ကိုယ်သတ္တိပင်ဖြစ်သည်။ ရေကဲ့သို့ပင် ဓမ္မသည်လည်း
မည်သည့်ပုဂ္ဂိုလ်အတွက်မဆို၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန် မှာမဆို
ကျင့်သုံးနိုင်ပါသည်။
ကျင့်သုံးသည့် ပုဂ္ဂိုလ်တိုင်းတွင်လည်း ရေမှရသည့်အကျိုးအမြတ်ကဲ့သို့ -
(၁) ကာမရာဂတွင် အာသာငမ်းငမ်း တပ်မက်မှုကို ပြေစေနိုင်သည်။
(၂) ကုသိုလ်ကောင်းမှုများကို တိုးတက်ကြီးပွားစေပြီးဆက်လက်၍လည်း
ရှင်သန်ကြီးထွားစေသည်။
(၃) ၀ိသုဒ္ဓိဖြစ်ပြီး ကြည်လင်သန့်ရှင်းစေသည်။
(၄) ကိုယ်စိတ်နှစ်ပါး အေးမြစေသည့်အပြင် ငြိမ်းချမ်းမှုရပြီး အဆုံးမှာ
နိဗ္ဗာန်တိုင်အောင် မျက်မှောက် ပြုနိုင်သည်။
သို့သော် ရေနှင့်ဓမ္မ ကွာခြားမှုတစ်ခုမှာ ရေသည် ယခု လောကီဘ၀တစ်ခုအတွက်သာလျှင်၊
တစ်နေ့ တစ်ဘ၀အတွက်သာ အကျိုးပြုပေးပြီး၊ ဓမ္မမှာ လောကီအကျိုးသာမက၊ လောကုတ္တရာ၊
တစ်သံသရာလုံးအတွက် အကျိုးပြုမှုများပေးပြီး အဆုံးမှာ မြတ်နိဗ္ဗာန်တိုင်အငြိမ်းဓာတ်ကို
မျက်မှောက်ပြုနိုင်သည့် ထူးခြားချက်ပင် ဖြစ်ပါသည်။
အထူးသတိပြုရမည့်အချက်မှာ ရေသည် သုံးစွဲသူတို့၏ ရည်ရွယ်ချက်၊
ပြုပြင်စီရင်ပေးမှုအပေါ် မူတည်ပြီး အခါးဓာတ်နှင့် ရေ ကို ရောလျှင်
အခါးရည်ဖြစ်သကဲ့သို့၊ အချိုဓာတ်နှင့် ရေ ကိုရောလျှင် အချိုရည် ဖြစ်သွားကာ
အရက်ဓာတ်နှင့် ရေကိုရောလျှင် အရက်ရည် ဖြစ်သွားသည်။ ထိုသို့
ပြောင်းလဲသွားရခြင်းက ရေ၏ပင်ကိုယ်သတ္တိမရှိခြင်းကြောင့်မဟုတ်ဘဲသုံးစွဲသူတို့၏
ပြုပြင်စီရင်မှု ပယောဂကြောင့်သာလျှင် ဖြစ်ကြောင်း သိသာလှသည်။
ဓမ္မသည်လည်း
ထိုနည်းအတိုင်းပင် -
ဓမ္မကိုကျင့်သုံးသူတို့၏ အားနည်းချက်၊ နားလည်မှုလွဲမှားခြင်းနှင့် အချို့သော
ခုတုံးလုပ်သည့် ပုဂ္ဂိုလ်တို့၏ မတရားလွန်ကျူးသော တစ်ကိုယ်ကောင်း ဆန်မှုများနှင့်
မိမိအကျိုးအတွက် လွန်ကဲစွာသုံးစွဲမှု၊ မရိုးသားမှုများကြောင့်ဓမ္မ၏ပင်ကိုယ်သတ္တိများမှာ
ဖုံးကွယ်ထားမှုခံရပြီး၊ ဓမ္မ၏ဂုဏ်ကျေးဇူးတော်တို့သည်လည်း မထင်ရှား၊
မပေါ်လွင်ဘဲနှင့် ဖုံးကွယ်ထားခြင်း ခံနေရသည်ကို တွေ့ရသည်။
ထို့ကြောင့် ယနေ့ခေတ်မှာ ကမ္ဘာပေါ်ရှိ လူသားတော်တော်များများတို့သည် ဓမ္မကို
မိမိတို့နှင့် မဆိုင်သလို မြင်လာကြပြီး၊ ဓမ္မ၏ မြင့်မြတ်လှသောအကျင့်ြ့မတ်တရားများကို
ကျင့်သုံးမြတ်နိုးသူများ ရှားပါးလာခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဓမ္မနှင့်ပတ်သက်ပြီး
ဦးဆောင်နေသည့် ပုဂ္ဂိုလ်အချို့၏ အားနည်းချက်များ၊ ပယောဂများကြောင့်သာဖြစ်သည်ကို
သတိပြုစေချင်ပါသည်။
အမှန်တကယ်တွင် ဓမ္မ အစစ်၏တန်ဖိုး၊ ဓမ္မအစစ်၏ပင်ကိုယ်သတ္တိ
များမှာ မည်သည့် ပုဂ္ဂိုလ်အတွက်မဆိုမည်သည့်နေရာတွင်မဆိုမည်သည့်အချိန်တွင်မဆို
သုံးစွဲနိုင်ပြီး အထက်ပါ အကျိုးတရားလေပါးကို ရရှိစေသည့် အတွက်-
(၁) ဓမ္မ သည် သစ္စ၀ါဒ ဖြစ်သည်။ သစ္စ၀ါဒ ဆိုသည်မှာ စကြ၀ဠာ အနန္တထာဝရ မှန်ကန်သည့်
အမှန်တရား (Universal Law, Universal Truth, Noble Truth) ဖြစ်သည်။
(၂) ဓမ္မ သည် ၀ိဘဇ္ဇ၀ါဒ ဖြစ်သည်။ မည်သည့်ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုမှမပါဘဲ
မိမိကိုယ်တိုင် လွတ်လပ်စွာ လေ့လာနိုင်သည်။ ဝေဖန်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။
မည်သည့်အချိန်မဆို ကျင့်သုံးနိုင်သည့်ဝါဒ ဖြစ်သည်။
(၃) ဓမ္မ သည် သိပ္ပံနည်းကျလှသော ၀ါဒ ဖြစ်သည်။
A. Practical System (လက်တွေ့ပြည့်စုံသောစနစ်)
B. Ethical System (ကိုယ်ကျင့်တရားပြည်စုံသောစနစ်)
C. Spiritual System(စိတ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
D. Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)
(၄) ဓမ္မ ကို ကျင့်သုံးလျှင် အကောင်းနှင့်အဆိုးကို တိကျသေချာစွာဖြင့် ခွဲခြားပိုင်းခြားပြီး
သိမြင်နိုင်ပါသည်။
သို့ဖြစ်သောကြောင့် ခရီးသွားတို့အတွက် လိုရာခရီးပန်းတိုင်ရောက်အောင် မြေပုံသည် လမ်းပြသူဖြစ်သလို
ဓမ္မသည်လည်း လူသားတိုင်းအတွက် အမှားအမှန်၊ အကောင်းအဆိုးတို့ကို သိဘို့ရန် လမ်းပြသူပင်တည်း။
ထို့ကြောင့် ဓမ္မကို လူတစ်ယောက် ရေစာသည့်အခါ ရေသောက်သလို သောက်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.................
ဓမ္မပန်းကို ထာဝရ ဆင်မြန်းနိုင်ကြပါစေ...........................................
(တက္ကသိုလ်စာသင်သား)
Share:

ဘ၀အောင်မြင်နည်း(၄)မျိုး +++++++++++++++

Image may contain: one or more people
 ရန်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို အောင်မြင်စေဖို့ မြတ်စွာဘုရားရှင်က နည်းလေးမျိုးကို သင်ပြပေးထားပါတယ်၊၊ လေးမျိုးဆိုတာတွေက-
(၁) မေတ္တာထားတတ်မှု၊
(၂) ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊
(၃) ပေးကမ်းရက်ရောမှု၊
(၄) အမှန်ကိုပြောဆိုတတ်မှု၊တို့ဖြစ်ကြပါတယ်၊၊
"မေတ္တာထားတတ်မှု"
လောကကြီးမှာ မေတ္တာကြီးမားသူတွေဟာ တဒင်္ဂအခက်ခဲကြားတွင်ရောက်နေရသည့်တိုင် သေခြာပေါက် အဲဒီအခက်ခဲတွေ၊ ဒါမှမဟုက် ရန်တွေကနေ လွတ်မြောက်ရပါတယ်၊၊ ဒါဟာ မေတ္တာရဲ့စွမ်းရည်လို့ ဆိုရမှာပါ၊၊ ကိုယ့်ဘက်ကတော့ စစ်မှန်တဲ့ မေတ္တာကိုထားတတ်ဖို့လိုတာပေါ့၊၊ မေတ္တာကြီးလာရင် အရာရာကိုအောင် နိုင်တော့တာပါ၊ သာမာန်အခက်ခဲလောက်တော့ ပြောနေဖို့ကို မလိုတော့ပါဘူး၊ မြတ်စွာဘုရားရှင်ဟာ ဘာလက်နက်မှ မကိုင်ဆောင်ဘဲ ကိလေသာစစ်ပွဲများစွာ၊ မာန်နတ်ရဲ့စစ်တပ် ကြီးနှင့်အတူ၊ဒေ၀ဒတ်ရဲ့လုပ်ကြံမှု၊ဆင်ကြမ်းကြီးရဲ့ရန်ကနေလွတ်ခဲ့တာပါ၊၊
"ကိုယ်ကျင့်တရားဖြောင့်မတ်မှု"
ကိုယ်ကျင့်တရားသည်လည်း တကယ့်အစွမ်းထက်တဲ့ လက်နက်တမျိုးပါပဲ၊ လုပ်ငန်းခွင်တခုမှာ ရေရှည် လုပ်လာရပြီဆိုရင် ကိုယ်ကျင့်တရားကောင်းသူတွေကို အများက အားကိုးကြရပါတယ်၊ လေးစားကြရပါတယ်၊၊ လိမ်တာ လှည့်ပတ်တာတွေဟာ ခဏတော့ကောင်းစားကောင်း ကောင်းစားမှာပါ၊ ဒါပေမဲ့ ရေရှည်မခံပါဘူး၊ "မြန်မာစကားမှာ စိုင်ကော်လို့ ခြုံပေါ်ရောက်"ဆိုတဲ့ စကားတခုရှိပါတယ်၊၊ ဒီစကားဟာ အရမ်းလျပ်ပေါ်လွန်းတဲ့ စကားတခုပါ၊၊ သူများမျက်ခုံးမွှေးပေါ် လမ်းလျှောက်တတ်သူတွေအတွက် အားပေးထားတဲ့စကားတခုဖြစ် ပါတယ်၊၊
စဉ်းစားဖို့ကောင်းတာက "ခြုံပေါ်ရောက်တယ်ဆိုတာ တိုက်ပေါ်၊ ဒါမှမဟုက် ကားပေါ်ရောက်သလောက်
မကောင်းဘူး"ဆိုတာပါ၊၊ ကိုယ်ကျင့်တရားကို ထည့်မစဉ်းစားဘဲ လည်သလို၊ တတ်သလို လုပ်တတ်သူတွေဟာ ခြုံပေါ်ခဏရောက်ရသလို ကြီးပွားတတ်ပေမဲ့ ခြုံဆိုတာခိုင်မာတဲ့အရာမဟုက်တဲ့အတွက် နောက်ဆုံးမှာ ဒုက္ခရောက်ရတော့တာပါပဲ၊၊
ကိုယ်ကျင့်တရားကို အခြေခံပြီး စီးပွားရှာတတ်သူတွေ အလုပ် လုပ်တတ်သူတွေကတော့ ကြီးပွားဖို့ အောင်မြင်ဖို့ နည်းနည်းနှေးပေမဲ့ ရလာပြီးပြီဆိုရင် အရမ်းခိုင်မာပါတယ်၊ "ကံခိုင်ပြီး သံတိုင်အိမ်ဆောက်" ဆိုသလိုပါပဲ၊ ဘယ်မုန်းတိုင်းကမှ ပြိုပျက်အောင် မလုပ်နိုင်တော့ပါဘူး၊၊ ဒါကြောင့်မို့ ကိုယ်ကျင့်တရား ဖြောင့်မတ်မှုသည် အောင်မြင်ဖို့၊ အခက်ခဲများကြားကနေ လွတ်မြောက်စေဖို့ အစွမ်းထက်တဲ့လက်နက် တစ် မျိုးဆိုတာကိုယုံရမှာဖြစ်ပါတယ်၊၊
"ပေးကမ်းရက်ရောမှု"
လောကကြီးမှာ သေခြာမြင်ကြည့်တတ်ရင် ယူနေသူတွေသာ များပါတယ်၊ ပေးနေတဲ့သူတွေက အလွန်ပင် နည်းလွန်းလှပါတယ်၊၊ စာပေမှာတော့ "သစ်ပင်တွေက သစ်သီးတွေ၊ ပန်းတွေကို လောကကြီး အတွက်ပေးတယ်တဲ့၊ နွားမတွေက လူသားတို့အတွက် နို့ရည်နဲ့ သူတို့ရဲ့အင်အားတွေကို ပေးပါတယ်တဲ့၊ မြစ်ချောင်း အင်းအိုင်တွေက လူသားတို့အတွက် ရေနဲ့ရေလမ်းကို ဆက်သွယ်ပေးပါတယ်တဲ့၊၊"
ဒီလိုဆိုရင်"လူသားဖြစ်တဲ့သူများကရော လောကကြီးအတွက် ဘာတွေပေးနေပါသလဲ၊" စဉ်းစားသင့်ပါတယ်၊၊ အမှန်ပြောရရင် လူသားတွေဟာ လောကကြီးအတွက် ပေးတာနည်းနည်း ယူတာများများပါ၊၊ ဒါကြောင့်လည်း လောကကြီးက တခါတခါ လူသားတွေဆီကနေ အကြွေးတွေပြန်တောင်းတတ်ပါတယ်၊ အဲဒါတွေကတော့ သဘာဝဘေးဒဏ်တွေပါပဲ၊၊ နာဂစ်မုန်တိုင်းကြီးတွေ၊ ဆူနာမီလှိုင်းလုံးကြီးတွေဟာ တကယ်တော့ လောကကြီးက သူ့ဆီကအများကြီးယူထားတဲ့ လူသားတို့ဆီကနေ အကြွေးပြန်တောင်းတယ်လို့ဆိုရမှာပါ၊၊ ဒါကြောင့် ပေးကမ်းရက်ရောမှုသည် လောကကြီးဆီက ယူထားမိတဲ့ အကြွေးကိုပြန်လည် ပေးဆပ်ရာ
ရောက်ပါတယ်၊၊
နောက်ပြီး ပေးကမ်းရက်ရောမှုသည် နှမျောဝန်တိုတတ်သူတွေကို အနိုင်ယူဖို့အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြားတော်မူပါတယ်၊၊ (=ဇိနေ ကဒရိယံ ဒါနေန၊)၊၊ လောကကြီးမှာက လည်း ကြည့်လိုက်ရင် နှမျောတတ်၊ တွန့်တိုတတ်တဲ့သူတွေက များတာဆိုတော့ မိမိကသာရက်ရော ပေးကမ်း တတ်သူဖြစ်လျင် စစ်မတိုက်ဘဲ ကမ္ဘာကိုစိုးမိုးလို့တောင်မှရနိုင်ပါတယ်၊၊
ရက်ရောမှုသည် နှမျောဝန်တိုတတ်သူများကို အောင်နိုင်စေသည့်နည်းမျှသာ မဟုက်သေးပါဘူး၊ သူတော် ကောင်းများ မိမိကို ချစ်စေသည့်နည်းလည်း ဖြစ်ပါတယ်၊၊ သူတော်ကောင်းများကချစ်လျင် သူတော်ကောင်း များ၏ လမ်းညွန်မှု၊ ချီးမြှောက်မှုကိုရသဖြင့် မိမိဘ၀တွင် ဘုန်းကြက်သရေ မင်္ဂလာတိုးရုံမျှမကဘဲ စိတ်၏ ပြည့်စုံမှုကိုပါ ရစေတတ်ပါတယ်၊၊
"အမှန်ကိုပြောဆိုတတ်မှု"
လူနှစ်ယောက်ပေါင်းသင်းတဲ့အခါမှာ ဖြစ်ဖြစ်၊ အသိုင်းဝိုင်းကြီးတွေခြင်း ဆက်ဆံတဲ့အခါမှာ ဖြစ်ဖြစ်၊ အမှန်ကို ပြောဆိုတတ်မှုသည် အလွန်အရေးကြီးပါတယ်၊၊ လူတယောက်စကားမှန်ကို မပြောတတ်ဘူးဆိုရင် အခြားဘယ်နေရာတွေမှာ အားသာနေနေ ယုံကြည်ဖို့၊ အလုပ်အတူလုပ်ဖို့ အတော်ကိုခက်သွားပါပြီ၊၊
တချို့က ဘာရယ်လို့မဟုက်ဘဲ၊ အမှားကိုအချိန်ယူပြီး၊ အရသာခံပြောနေတတ်ပါတယ်၊ အစပိုင်းတော့
သိပ်ပြဿနာ မဖြစ်သေးပေမဲ့ တကယ်အလုပ်တခုကို တည်တည်ကြည်ကြည်လုပ်တော့မယ်ဆိုရင်တော့
အများက မယုံတော့တဲ့အတွက် အခက်ကြုံရတတ်ပါတယ်၊၊
ငါးပါးသီလမှာ အမှားပြောမှု=မုသာဝါဒကို အရေးပါဆုံးဖြစ်တယ်လို့ မြတ်စွာဘုရားရှင် ဟောကြား ထားပါတယ်၊၊ "အမှားကို အရေးတယူပြောဆိုတတ်သူသည် မလုပ်ဝံ့သော အကုသိုလ်မရှိ"လို့ မြတ်စွာ ဘုရားရှင် မိန့်တော်မူပါတယ်၊၊ ဒါကြောင့်မို့ အမှားကိုမပြောမိဖို့၊ အမှန်ကိုပြောဆိုတတ်ဖို့သည် အလွန်မှ အရေးကြီးပါတယ်၊၊
အသေးအဖွဲကအစ တည်တည်ကြည်ကြည် လေးလေးနက်နက်ပြောတတ်တယ်ဆိုရင်တော့ ချပြစရာ ပညာတတ်လို့ အသိမှတ်ပြုထားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေ မရှိရင်တောင်မှ ပတ်ဝန်းကျင်က အလိုလိုအလေးထား တာကို ခံရပါတယ်၊၊ တချို့က ပညာတတ်လို့သာ အမည်ခံထားတာ၊ ပါးစပ်ကထွက်လာသမျှကကြတော့
တစ်ခုမှ ပညာရှင်မဆန်တာကို တွေ့ရပြန်ပါတယ်၊၊
ဒီလိုလူမျိုးတွေကို အင်္ဂလိပ်မှာတော့ so called wise လို့ခေါ်မယ်ထင်ပါတယ်၊၊ ပညာတတ် အတုကြီး ဆိုပါတော့၊၊ အတုဆိုမှတော့ ဘယ်မှာလာပြီး အစစ်လောက်ကောင်းမှာလဲ၊၊ ဘ၀တစ်ခု အောင်မြင်ဖို့ ဆိုတာကလည်း တစ်ယောက်တည်း အလုပ် လုပ်လို့ရတာမျိုး မဟုက်ပါဘူး၊ အဖွဲ့အစည်းတွေ၊ ပတ်ဝန်းကျင် တွေနဲ့ နှီးနှော၊ ပေါင်းသင်းဆက်ဆံပြီး လုပ်ယူရ၊ ကြိုးစားကြရတာမျိုးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်က လေးစားဖို့၊အထင်ကြီးဖို့က ရာခိုင်နှုံးအတော်များများ အရေးပါပါတယ်၊၊
ပတ်ဝန်းကျင်ဆိုတာက အစတွေ့စမှာတော့ လူတယောက်မှာ မြင်သာတဲ့ စီးပွားရေးခိုင်မာမှုနဲ့၊ ပညာအ ရည်အသွေးကို ကြည့်တတ်ကြပေမဲ့ ရေရှည်ဆက်ဆံတဲ့အခါမှာတော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ ဒီလူ ဘယ်လောက် တည်ကြည်မှုရှိလဲ၊ စိတ်ဓာတ်ခိုင်မာလဲ၊ ကတိတည်လဲ၊ သစ္စာရှိလဲ စတာတွေကိုသာ ကြည့်ကြပါတယ်၊၊
မြတ်စွာဘုရားရှင်ကလည်း "အမှားကိုလုပ်ကြံပြောဆိုတတ်သူကို မိမိကလေးလေးနက်နက် အမှန်ကို ပြောဆိုခြင်းဖြင့် အနိုင်ယူတတ်ရမယ်"လို့ ဟောကြားတော်မူထားပါတယ်၊၊ (=သစ္စေ နာဠိက ၀ါဒိနံ၊၊) အမှန်ကို ပြောတတ်ဆိုတတ်မှုသည် ဘ၀တစ်ခုအောင်မြင်မှု အတွက်ရော၊ သံသရာအတွက်ပါ အရေး ပါကြောင်းကို ပါဠိစာပေနေရာများစွာမှာ လေ့လာရပါတယ်၊၊
သာမန်အောင်မြင်မှု၊ အခက်ခက်တွေကနေ အောင်မြင်ဖို့အတွက်လောက်ကိုမဆိုသာ၊ လောကသုံးပါးမှာ ဘုရားဖြစ်ဖို့နေရာမှာပင် အမှန်ပြောတတ်တဲ့အလေ့ကို သစ္စာပါရမီလို့နာမည်တပ်ပြီး ဘ၀အသင်္ချေများစွာ ကျင့်သုံးကြရပါတယ်၊၊ အခြားအရာတွေ ခက်သည်ထက်၊ ဘုရားဖြစ်ဖို့ အဆုံးစွန်ခက်ခဲ ကြောင်းပြောနေဖို့ မလိုပါဘူး၊၊
ဤမျှခက်ခဲသည့် အဆင့်ကြီးတခုကိုပင် အမှန်ကိုပြောဆိုတတ်မှုက ပါရမီတစ်ပါးအဖြစ်နဲ့ အထောက် အကူပေးတယ်ဆိုရင် သာမန်ဘ၀အခက်ကိုကျော်လွန်ဖို့၊ သာမန်ရန်တွေကို အောင်မြင်စေတယ် ဆိုတာလောက်ကို စကားအရာပင် ပြောနေဖို့မလိုတော့ပါဘူး၊၊ သေခြာပေါက် အစွမ်းထက်တဲ့ အရည်အခြင်း တစ်ခုပါ၊၊
အနှစ်ချုပ်ကြည့်ကြရအောင်ပါ၊၊ ဘ၀တစ်ခုအောင်မြင်ဖို့၊ အခက်ခဲတွေ၊ ရန်တွေကနေ လွတ်မြောက်ဖို့ နည်းလေးမျိုးကို စာပေမှရယူကြရမှာဖြစ်ပါတယ်၊၊ မေတ္တာ၊ ကိုယ်ကျင့်တရားဖြောင့်မတ်မှု၊ ရက်ရောမှု၊ သစ္စာတို့ဖြစ်ပါတယ်၊၊
ဒီလေးမျိုးသာ မိမိမှာရှိမယ်ဆိုရင် လိုချင်တာကိုရပါတယ်၊၊ ဘုရားတောင်မှဖြစ်စေတဲ့နည်းတွေ ဖြစ်တယ်ဆို တာကို လက်ခံနိုင်တယ်ဆိုရင် အခြားအောင်မြင်မှုလေးများလောက်ကို လုံးဝပေးနိုင်တဲ့နည်းတွေ ဖြစ်ပါတယ်၊၊ မိမိမှာ မရှိသေးဘူးဆိုရင် ကျင့်ယူရမှာ ဖြစ်ပါတယ်၊၊ နည်းနည်းကနေစပြီး အလုံးစုံပြည့်စုံလာတဲ့အခါ သိပ်ခက်ခဲတဲ့ အကျင့်မဟုက်ဘူးဆိုတာကို သိရမှာပါ၊၊
ယနေ့မျက်မြင်ကြီးပွားတိုးတက်နေသူတွေကို ကြည့်လိုက်ရင် အရည်အခြင်းလေးမျိုးထဲက တစ်ခုခြင်းစီဖြစ်ဖြစ်၊ အားလုံးဖြစ်ဖြစ် ပြည့်စုံနေတာကို တွေ့ရပါတယ်၊၊ ဘာအရည်အခြင်းမှ မရှိဘဲတော့ မအောင်မြင်တတ်ပါဘူး၊၊ မိမိ မတိုးတက်သူဖြစ်နေခဲ့တယ်ဆိုရင် ဒီအရည်အခြင်းတွေထဲမှာ တစ်ခုမှရေရေရာရာ မပြည့်စုံသေးလို့ဆို တာကို အားမနာတမ်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်၊၊
စာဖတ်သူများ မင်္ဂလာရှိတဲ့ ၁၃၇၃၊ခုနှစ်သစ်ရဲ့၊ နှစ်သစ်ကူးမှာ ဘုရားရှင်ပေးတဲ့ အောင်မြင်နည်းလေးမျိုးကို လေ့လာသိမှတ်၊ ကျင့်ကြံသောအားဖြင့် ဘ၀မှာအောင်မြင်ပြည့်စုံသူများ ဖြစ်ကြပါစေ၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
Share:

✿ ဘဝနီဂုံးချုပ် ✿

Image may contain: 1 person
 ❆ နာမ်ရုပ်နဲ့ ဘောင်ခက်ထားတဲ့
➳ ခန်းကျဉ်းလေးထဲမှာ...
❆ မရှိသင့်ပဲ ရှိနေတာက ဒေါသ...
❆ ရှိသင့်တာထက် ပိုရှိနေတာက လောဘ...
❆ မရှိသလိုလိုနဲ့ ရှိနေတာက မောဟ....
❆ အခန်းဘောင်ကို ထွင်းထုထားတာက အတ္တ...
❆ အခန်းပြုကျသွားလို့ ယိုစီးလာတာက
➳ သာကပရိဒေဝ....
➳ ပြီးတော့ ....အကုန်လုံးစုရုံး ပွက်ထ...
အခန်းတစ်ခုလုံး....ကြေမွ ကွဲရှ အုံကြွ...
မလှမပ....သဘာဝကျကျ...
❆ အဆုံးသက်သွားတာက မရဏ.....
Share:

လောကဓံ ••••••••••••

Image may contain: 1 person, smiling

 ❆ ​လောကဓမ္မ ဆိုတဲ့ ပါဠိမှ ဆင်းသက်​လာ​သော
စကားဖြစ်​​သော​ကြောင့်​ ​လောကဓံဟု ​ရေးမှ
မှန်​​ပေမည်​။
❆ ​လောကဓံသည်
လာဘ်​ရခြင်း လာဘ်​မရခြင်း
အခြံရံ​ပေါခြင်း အခြံရံမဲ့ခြင်း
ချီးမွမ်းခံရခြင်း ကဲ့ရဲ့ခံရခြင်း
ချမ်းသာခြင်း ဆင်းရဲခြင်း ဟူ၍ ၈ မျိုး ရှိ​ပေသည်​။
❆ ထို ၈ မျိုးထဲတွင်
➳ အ​ကောင်း​လောကဓံ ၄ မျိုး
➳ အဆိုး​လောကဓံ ၄ မျိုး ပါရှိ​ပေသည်​။
❆ လူသားအားလုံး မလွဲမ​သွေ ​တစ်​မျိုးမဟုတ်​တစ်​မျိုးနှင့်
တွေ့ကြုံရမည်​ဖြစ်​​သော​ကြောင့်​ ​လောကဓမ္မ-​လောကဓံ
ဟု ​ခေါ်ရ​လေသည်​။
❆ ​လောကဓံနှင့်​လူသည်​ ခွဲခြား၍ မရ​ပေ။
လူက​သော်​လည်း ​လောကဓံ​နောက်​လိုက်​တဲ့အခါရှိသည်​။
လောကဓံက​သော်​လည်း လူ​နောက်​လိုက်​တဲ့အခါ
ရှိ​ပေသည်​။
❆ လူရယ်​လို့ဖြစ်​လာရင်​ ​လောကဓံတရားကို
မကြုံချင်​လို့ မရ​ပေ။
ကြုံကိုကြုံရ​ပေမည်​။
❆ အ​ကောင်း​လောကဓံ​တွေနဲ့ကြုံရတဲ့အခါမှာ မသိသာ​ပေမယ့်
အဆိုး​လောကဓံနဲ့ကြုံရပြီဆိုရင်​ လူသားခမျာ ဖျတ်​ဖျတ်
လူး​တော့သည်​။
အလူးအလဲ ခံရ​တော့သည်​။
ငါ့ကျမှ ရက်​စက်​​လေခြင်း ​လောကကြီးက ဒဏ်​ခတ်​​လေခြင်းဆိုပြီး ငြီး​ရ​လေ​တော့သည်​။
❆ ထိုသို့ မဖြစ်​ရ​လေ​အောင်​ မြတ်​စွာဘုရား၏
အဆုံးအမ​​တော်​ကို သတိပြုသင့်​​ပေသည်​။
မြတ်​စွာဘုရားရှင်​ မိန့်​ကြား​တော်​မူသည်​မှာ
လူရယ်​လို့ ဖြစ်​လာရင်​ ​လောကဓံတရား​တွေနဲ့
တွေ့ကြုံရလိမ့်​မယ်​။
ရှောင်​လွှဲလို့ မရဘူး။
အ​ကောင်း​လောကဓံ,အဆိုး​လောကဓံ တစ်​မျိုးမဟုတ်
တစ်​မျိုးနဲ့​တွေ့​နေရမယ်​။
ရင်​ဆိုင်​ရမယ်​တဲ့။
❆ ဒီလို ရင်​ဆိုင်​ရတဲ့အခါမှာ
ကောင်းတာ​တွေနဲ့​တွေ့လို့လဲ သာယာမှု စွဲလမ်းမှု
မလွန်​ကဲပါ​စေနဲ့တဲ့။
သာယာမှု စွဲလန်းမှုလွန်​ကဲရင်​ အ​ကောင်း​ပျောက်​သွားတဲ့
အခါ မချိမဆန့်​ ခံစားရလိမ့်​မယ်​တဲ့။
❆ အဆိုး​လောကဓံနဲ့ ​တွေ့တဲ့အခါလည်း သိပ်​ပြီး မတုန်​လှုပ်​ပါ
နဲ့တဲ့ တုန်​လှုပ်​​နေရင်​ အဆိုးက လွတ်​​မြောက်​​အောင်
ကြိုးစားချင်​စိတ်​ ​လျော့သွားမှာစိုးလို့်ပါ။
❆ အ​ကောင်းပဲဖြစ်​ဖြစ်​ အဆိုးပဲဖြစ်​ဖြစ်
လောကဓံနဲ့​တွေ့ကြုံတဲ့အခါမှာ ​လောကဓံဟာ မမြဲဘူး
မမြဲတဲ့အတွက်​ ဆင်းရဲတယ်​၊
ဖောက်​ပြန်​ပျက်​စီးခြင်း သ​ဘောရှိတယ်​ လို့
နှလုံးသွင်းပြီး အ​ကောင်း​တွေကိုလည်း
အလွန်​အကျွံ မသာယာ​အောင်
အဆိုး​တွေ​ကြောင့်​လည်း စိတ်​ဓာတ်​​ပျော့ညံ့မှုမဖြစ်​ရ​လေ
အောင်​ကြိုးစား​နေထိုင်​ရပါမယ်​။
ကြိုးစားနိုင်​ကြပါ​စေ။
`` ​​ကောင်း ဆိုး ​လောကဓံ
- ကြံ့ကြံ့ခံ၍
- အားမာန်​အပြည့်
- သတိမကွာ
- ပညာ​မျှော်​မြင်
- အလုပ်​ဝင်​ ´´
- အလှဆင်​ကြ. ဒို့ဘဝ
မေတ္တာဖြင့်
အရှင်​တိက္ခဉာဏာလင်္ကာရ(သမိုင်းသစ်​)
Share:
Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support