Tuesday, 28 March 2017

“မကောင်းတဲ့ အကုသိုလ်"ပယ်ဖျက်သော နည်းလမ်း ••••••••••••••••••••••••••••••

Image may contain: 1 person, text

ပုထုဇဉ်လူသားတိုင်း ကောင်းမှု၊မကောင်းမှုပြုကြပါသည်။ ကံ.. ကံ၏ အကျိုးကို ယုံကြည်ကြသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အလျောက် မိမိပြုခဲ့သော ကံအလိုက် အကောင်း၊အဆိုး ကို စံစား၊ခံစားကြမယ် ဆိုတာ ယုံကြည်ထားကြပါသည်။ အကောင်းအဆိုး ဝေခွဲမရခင် အချိန်အခါက ကျူးလွန်ခဲ့သော မိမိတို့ ၏ မကောင်းမှုကံ ကို အကောင်းအဆိုးနားလည် သဘောပေါက်လာ ချိန်တွင် နောင်တရစေလျက်၊ မိမိတို့ ၏ ပြုလုပ်ခဲ့သော မကောင်းမှုကံကြောင့် ခံစားရမဲ့ ဆိုးကျိုးကို ပပျောက် စေချင်ကြပါသည်။ သို့ ဖြစ်ပါ၍ မိမိ ကဲ့သို ပင် ခံစားရသော "မကောင်းမှုအကုသိုလ်"များ ပပျောက်စေရန် ရရှိထားသော နည်းကို ဓမ္မမိတ်ဆွေများ အား ထပ်တူထပ်မျှရရှိကြစေရန်မျှဝေပေးလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••
အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့် လူမှုပတ်ဝန်းကျင်မှာနေထိုင်ကြစဉ်အတွင်း လူတိုင်းလူတိုင်းကိုယ်စီ အမှားမကင်းနိုင်ကြပါဘူး၊ အမှားဆိုတာကလဲ "လောကအမှား၊ သံသရာ အမှား"၊ တနည်းအားဖြင့် "လောကီအမှား၊လောကုတ္တရာ အမှား"လို့ ဆိုရမှာပါ။
အလုပ်ထဲလုပ်ငန်းခွင်ထဲမှာ၊မိတ်ဆွေတွေကြားမှာ၊ မိသားစုမှာ၊ စသည် မှားတတ်တာမျိုးကို"လောကအမှား၊လောကီ အမှား" လို့ ဆိုနိုင်ပါတယ်၊
ဒါမျိုးက"ပြန်လည်ပြင်ဆင်ခွင့်" ရှိနိုင်ပါသေးတယ်။
"သံသရာ အမှား" ဆိုတာကတော့ "အရိယာသူတော်ကောင်း၊ ဆရာသမား၊
လူကြီးမိဘတွေ"အပေါ်မှာ ကံသုံးပါး တပါးပါးနဲ့ ပြစ်မှား မိတာမျိုး၊ သူတပါးအသက် သတ်ခြင်း၊ ခိုးယူခြင်း၊ ကာမဂုဏ်မှားယွင်းမိခြင်း၊ မုသားပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စတဲ့ သီလချိုး ဖောက်ခြင်းများကတော့ ယခု "လက်ရှိဘဝမှာရော၊ သံသရာ"မှာပါ အကျိုးပေးနိုင်တာမို့ “သံသရာအမှား” လို့ ခေါ်ဆိုရမှာ ဖြစ်ပါ တယ်။
နောင်ဘဝ တွေမှာလဲ
• သူတပါးပယောဂဖြင့် သေဆုံးရခြင်း၊
• ဥပစ္ဆေဒကကံကြောင့် ငယ်ငယ်ရွယ်ရွယ်သေရခြင်း၊
• ရှိပြီးသား ဥစ္စာများ ဆုံးရှုံးရခြင်း၊
• ယောကျာ်းမဟုတ်၊မိန်းမမဟုတ်၊ နပုံးပဏ္ဍုပ် ဖြစ်ရခြင်း၊
• စကားမပီမသ၊ ထစ်အ ဆွံ့အဖြစ်တတ်ခြင်း၊
• ဦးနှောက်ကျပ်မပြည့်ပဲ လူစဉ်မမှီခြင်း
စတာတွေကို ဘဝတခုခု၊ ဒါမှမဟုတ် ဘဝပေါင်းများစွာပေးဆပ်ခံကြရတာမို့ "သံသရာ အမှား" လို့ ဆိုသင့်လှပါတယ်။
"ဝဋ်မှာ အမြဲ၊ ငရဲမှာ အပ" ဆိုတဲ့ ရှေးစကားကလဲ ဒီလို အပြစ်တွေကို ပေးဆပ်ရခြင်းကို ရည်ရွယ်ထားတာဖြစ်တာကြောင့်
မသိလို့ မိုက်မှားခြင်း ရှိခဲ့သော်လည်း တန်ပြန် အကျိုးပေးမှာကိုတော့ ကြောက်ရွံ့ ကြပြန်တာ သတ္တဝါအားလုံးပါပဲ။
ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေမှာ
ကံကောင်းစေတာ တစ်ခုက ဗုဒ္ဓရဲ့ တရားတော်တွေအလိုအရ အပြစ်ရှိသော်လည်း လုံးဝ ကုစားလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။"ကုစားလို"့ ရနိုင်ပါသေးတယ်။
မှားမှန်းသိရင် အမှန်ပြင်ဆင်ခွင့် ရှိနိုင်ပါသေးတယ်။
သို့သော် ဒူးထောက်ပြီး “ခွင့်လွှတ်ကျေအေးတော်မူပါ”ဆိုတာမျိုးလောက်နဲ့တော့ မရဘူး။ ပြုပြီးသား အကုသိုလ်ကို လုံးဝ ကင်းစင်သွားအောင်ဆိုသည်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင်တောင် မတတ်နိုင်ခဲ့ပါဘူး။
အနာပေါက်ပြီးရင် အမာရွတ်တော့ ကျန်နေအုံးမှာပါ။
အမာရွတ်က အမာရွတ်ပါပဲ။
ထို့အတူ ပြုပြီးသားအကုသိုလ်ပဲ ဖြစ်ဖြစ် ၊ကုသိုလ်ပဲဖြစ်ဖြစ် ဖြစ်စဉ်တစ်ခုမှာ ပုံရိပ်အနေနဲ့( ကံတစ်ခုအနေနဲ့ ) ကျန်ရစ် နေပါလိမ့်မယ်။
"လုပ်ပြီးသား"ကို "မလုပ်ခဲ့ပါဘူး" လို့ ပြောလို့မရတော့ပါဘူး။
သို့သော် "ရှိပြီးသား အကုသိုလ်" ကို အားနည်းသွားအောင်၊ "အကျိုးမပေးနိုင်အောင်” တော့ ဗုဒ္ဓတရားတော်များမှာ အခွင့်အလမ်း ရှိနေပါသေးတယ်။
သတ္တဝါတွေကို ကံ က အကျိုးပေးတယ် ဆိုရာမှာ ထိုကံကို ထောက်ပံ့ပေးနေတဲ့ နောက်ခံအကြောင်းတရားတွေ အများကြီး ရှိနေသေးတာကို ရှေးဦးစွာ လက်ခံရမှာ ဖြစ်ပါတယ်။အဲဒီနောက်ခံအကြောင်းတရားတွေ ဆိုတာဟာလဲ အလွယ်ပြောရရင် “ကိလေသာ”တွေပါ။
အဲဒီ"ကိလေသာ" တွေကို "အားနည်းအောင်၊ကုန်ခမ်းသွားအောင်" လုပ်နိုင်ရင် ဘဝ၊ဘဝများစွာကပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေဟာ နောက်ထပ် ဘဝသစ်အနေ နဲ့ ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပါဘူး။ဒါကိုပဲ ကံ ကို "သတ်ပစ်တယ်" လို့ ဆိုပါတယ်။
ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ မထေရ်ကြီးများလဲ အတိတ်ဘဝများစွာက ကံတွေ ရှိခဲ့ကြတာမို့ ဒီဘက်ဘဝမှာ ကံတွေရဲ့အကျိုးပေးကို ခံကြရသေးတယ်။
ဒါပေမယ့် နောက်ဘဝသစ် ဖြစ်ဖို့ တဏှာ အဝိဇ္ဇာတွေကို ပယ်သတ်လိုက်တာကြောင့်
ဒါပေမယ့် နောက်ဘဝသစ် ဖြစ်ဖို့ တဏှာ အဝိ"ချုပ်ငြိမ်း"ကုန်ကြတယ်။
■ ဥပမာအားဖြင့် အညွန့်တလူလူ ဖြစ်နေဆဲ ၊ရှင်သန်နေဆဲ ၊ သစ်ပင်လေးကို ရေနွေးပူနဲ့ လောင်းသတ်လိုက်သလို ........
ဘဝများစွာ က ပါလာခဲ့တဲ့ ကံတွေကို "အရိယာမဂ်ဖိုလ်" ဆိုတဲ့ ရေနွေးနဲ့ လောင်းလိုက်တာမို့ ပြန်လည် မရှင်သန်နိုင်တော့ပါဘူး၊ လုံးဝ အကျိုးမပေးနိုင်တော့ပါဘူး၊
မြတ်စွာဘုရားက ပြုပြီးသား အကုသိုလ်တွေကို ပယ်သတ်ဖို့ နည်းလမ်း( ၄ ) မျိုးကို
“သင်္ခဓမ္မသုတ္တန်” မှာဟောကြားထားခဲ့ပါတယ်၊
၁။ အကုသိုလ်ကို အကုသိုလ်မှန်း သိအောင် လုပ်ပါ။
၂။ သိမြင်ပြီးလျင် ဒါဟာ မကောင်းဘူး လို့ လက်ခံနိုင်အောင် ကြိုးစားပါ။
၃။ အကုသိုလ်ကို နောက်တကြိမ် မပြုမိအောင် စောင့်စည်းပါ။
၎။ အကုသိုလ်စိတ်ဖြစ်ပေါ်တာနဲ့ ကုသိုလ်တခုခုဖြင့် အစားထိုးလိုက်ပါ။
အထက်ပါ အချက်လေးချက်နဲ့ ကုစားလျှင် နောက်ထပ် နောက်ထပ် "အကုသိုလ်"တွေကို ပြုလုပ်မိတာ နည်းပါးသွားမှာ သေချာပါတယ်၊ နောက်ဆုံးတစ်ခုကတော့ "ကိလေသာ"တွေ အားလုံးကုန်သွားရင် ကံတွေကနေ လုံးဝ လွန်မြောက် သွားတာပါ။ဘဝတစ်ခုကို ဖြစ်စေမယ့် ကံတွေကနေ လွတ်မြောက်သွားတယ် လို့ ဆိုနိုင်ပါတယ်။
သို့သော် အတိတ်ဘဝ တခုခုက ပြုလုပ်ပြီးသား အကုသိုလ်ရဲ့ အကျိုးကိုတော့ ဒီခန္ဓာကြီး ရှိနေသေးတဲ့အတွက်ကြောင့် "ပဝတ္တိအကျိုး" အဖြစ် ပေးဆပ်ကြရပါအုံးမယ်။
● မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတောင်မှ ကိလေသာအားလုံး ကုန်ခမ်းသွား ပေမယ့် ခေါင်းကိုက်တာ၊ ခါးနာတာ၊ ၀မ်းသွေးသွန်ရောဂါခံစားရတာ၊ စသဖြင့်ပါရမီနုစဉ်ကပြုခဲ့ဖူးတဲ့ အကုသိုလ်တို့ရဲ့ ၀ဋ်ကြွေးအဖြစ်ပေးဆပ်ရတာပဲ ။
(မြတ်စွာဘုရားရှင်၏ ဝဋ်ကြွေးတော်(၁၂)ပါးအကြောင်း) ။
● အရှင်မောဂ္ဂလာန်မထေရ်ကြီးလဲတန်ခိုးအရာမှာ အသာဆုံး ဘွဲ့ထူးကြီး ရထားပါသော်လည်း ခိုးသားငါးရာရဲ့ လက်ချက်နဲ့ ရိုက်နှက်ခံရထုထောင်းခံရပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့ရတာပါ။
ဒါကြောင့် ကံရဲ့ အကျိုးဆက်တွေက ရရှိပြီးသား ဘဝကိုတော့ ဒုက္ခပေးနေအုံးမှာပါ။ ရဟန္တာမထေရ်မြတ်ကြီးတွေအတွက် ယခုဘဝမှာ လုပ်တဲ့ကံတွေကတော့ နောက်ထပ်
အကျိုးမပေးနိုင်တော့ဘူး။ နောက်ထပ် ဘဝသစ်တခုကို ထုတ်လုပ်မပေး နိုင်တော့ပါဘူး။
နောက်ဘဝတွေမှာ ငရဲဘဝ၊ လူ့ဘဝ စသည်ဖြင့် ပဋိသန္ဓေအကျိုးကို မပေးနိုင်တော့ပါဘူး။ "ပဝတ္တိအကျိုး" အနေနဲ့ တော့ ဒီဘဝမှာ ဒုက္ခတွေ များစွာ ခံကြရအုံးမယ်။
အကျဉ်းချုပ်လိုက်တော့ပြုပြီးသား အကုသိုလ်တွေကိုတော့ deleting လုပ်လို့တော့ မရတော့ဘူး။
isolate လုပ်ဖို့ပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။
မျိုးစေ့တစ်ခုကို "အပင်မပေါက်"စေချင်ရင် လေလုံခြောက်သွေ့တဲ့ ဖန်ပုလင်းထဲမှာ ပိတ်ထားပါက အပင်မပေါက်နိုင်ပါဘူး၊ သို့မဟုတ် မီးဖုတ်ပစ်လိုက်တယ်။ထုခွဲပြစ်လိုက်တယ်၊ ဖျက်ဆီးပစ်လိုက်တယ်ဆိုရင်
မြေဓာတ်၊ ရေဓာတ်တွေနဲ့ မတွေ့သမျှ အပင်မပေါက်နိုင်တော့ဘူး။ မြေ ရေတွေနဲ့ ထိတွေ့ခွင့်ရလျင်တော့ အပင်ပေါက်ရှင်သန်လာမှာ သေချာပါတယ်။
အဲဒီလိုမျိုးပါပဲ ကံတွေ ဆိုတာဟာ ကိလေသာတွေ နဲ့ မတွေ့တော့ရင် အကျိုးမပေးနိုင်တော့ဘူး။အကျိုးပေးခွင့်မရတော့ဘူး၊ ကိလေသာတွေ ရှိနေသေးသမျှ အကျိုးပေးနေပါအုံးမယ်။ဒါ့ကြောင့် ကိလေသာတွေ နောက်ထပ် မဖြစ်တော့အောင် ကျင့်ကြံနိုင်ပြီ အနုပါဒိသေသ နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်ပြီ ဆိုရင် ကံအားလုံး ပြတ်ဆဲပါပြီ။
သဥပါဒိသေသ နိဗ္ဗာန် ဆိုတဲ့ ရရှိပြိးသား မဂ်ဖိုလ်များနဲ့ နိဗ္ဗာန်အငြိမ်းဓာတ်ကို ခံစားနိုင်သော်လည်း ရုပ်နာမ်ခန္ဓာကိုယ်ကြီး ထင်ရှားရှိ နေသေးတာမို့ ကာယိကဒုက္ခများကို ပေးဆပ်ကြအုံးမှာပါ။
ယခုလက်ရှိဘဝ အပါအဝင် နိဗ္ဗာန်မရောက်မှီကြားကာလမှာ
• အကုသိုလ်ကို အကုသိုလ်လို့ သိခြင်း၊
• ဒါမကောင်းပါလား လို့ လက်ခံပြီး
• နောက်ထပ် နောက်ထပ် မကျူးလွန်မိအောင် စောင့်စည်းခြင်း၊
• ကုသိုလ်ကောင်းမှုများဖြင့် အစားထိုးခြင်း ဟူသောနည်းလမ်းလေးသွယ်ဖြင့် ဖြူစင်မြင့်မြတ်သော အကုသိုလ် နည်းပါးသော ကုသိုလ်များဖြင့်သာ ထုံမွှန်းထားသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ...လို့  ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ ဓမ္မဗျူဟာ သင်တန်းမှ သင်တန်းသားအမေးအဖြေကို ကောက်နှုတ်တင်ပြယင်း ကုသိုလ်ပြုလိုက်ပါသည်။
တရားအသိဥာဏ်များ တိုးပွားနိုင်ကြပါစေ။
••••••••••••••••••••••••••••••••••••
(ခန္ဓာ-၅ပါးတစ်ဦး)
Share:

"ကမ္ဘာသူ ကမ္ဘာသားအားလုံး" "'ဝိဇ္ဇာနှင့်စရဏ'ဟူသော Common Platform ပေါ်မှာ" "လက်တွဲ၍ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေ" <><><><><>(သီတဂူဆရာတော်ဘုရားကြီး)

Image may contain: 1 person

တစ်ဖက်သတ်ကျသော ဤကမ္ဘာမှာ
အလယ်လမ်းက လျှောက်လှမ်းကြပါစို့..
မုသားလွှမ်းသော ဤကမ္ဘာမှာ
သစ္စာတရား လက်ကိုင်ထားကြပါစို့..
စွပ်စွဲပြစ်တင်ခြင်းများသော ဤကမ္ဘာမှာ
ခွင့်လွှတ်ခြင်းဖြင့် နေထိုင်ကြပါစို့..
ရန်ငြိုးဖွဲ့တတ်သော ဤကမ္ဘာမှာ
မေတ္တာတရားဖြင့် ဖြေရှင်းကြပါစို့..
ရန်များသော ဤကမ္ဘာမှာ
မည်သူ့ကိုမျှ ရန်မပြုပဲ နေထိုင်ကြပါစို့..
မငြိမ်းချမ်းသော ဤကမ္ဘာမှာ
ငြိမ်းချမ်းစွာ နေထိုင်ကြပါစို့..
နှစ် ၁၀၀ မပြည့်မီမှာပဲ
ဘဝတစ်ခု ကုန်ဆုံးကြရမည့် ကျွန်ုပ်တို့တစ်တွေသည်
တိုတောင်းလှစွာသော ဘဝလေးတစ်ခုအတွင်းဝယ်
ငြိမ်းချမ်းစွာ နေထိုင်သွားကြပါစို့..
မြတ်ဗုဒ္ဓ ကွယ်ခဲ့သည်မှာ
နှစ်ပေါင်း(၂၅၅၈)ရှိခဲ့သော်လည်း
သူထွန်းညှိထားခဲ့သည့် "ဓမ္မဒီပိကာ" ဓမ္မဆီမီးတိုင်သည်
အာရှတိုက်တွင် သာမက
ကမ္ဘာတစ်ခုလုံး လင်းလင်းတောက်လျှက်
ကျွန်ုပ်တို့ လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို
ကောင်းကောင်းညွှန်ပြ ထွန်းလင်းတောက်ပလျှက်ရှိနေပါသေးသည်.
ကမ္ဘာသူ ကမ္ဘာသားအားလုံး
ဤ"ဝိဇ္ဇာနှင့်စရဏ"ဟူသော Common Platform ပေါ်မှာ
လက်တွဲ၍ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေ..

သီတဂူဆရာတော်ဘုရားကြီး
copy from သီတဂူဆရာတော်ကြီး၏ဓမ္မစာစုများ
စေတနာမေတ္တာအရင်းခံဖြင့် ထပ်ဆင့်မျှဝေပူဇော်ပါသည်..
ohmarshin
Share:

တရားသိဖို့အတွက် တရားနာဖို့လိုတယ်

Image may contain: 1 person

  အသက်အရွယ် ကြီးတာငယ်တာက
အဓိက မဟုတ်ဘူး။
တရားရှိတာ မရှိတာက အဓိကပါ။
ပစ္စည်းဥစ္စာရှိတာ မရှိတာက
အဓိက မဟုတ်ပါဘူး။
ရာထူး၊ အာဏာတွေ ရှိတာ မရှိတာက
အဓိက မဟုတ်ပါဘူး။
လူတစ်ယောက်ရယ်လို့ ဖြစ်လာတဲ့အချိန်မှာ
လူပီသဖို့၊ လူပါလို့ ပြောနိုင်ဖို့အတွက်
လူမှာရှိသင့်တဲ့ တရားရှိဖို့ လိုပါတယ်။
တရားရှိဖို့ဆိုတာ တရားသိဖို့ လိုတယ်။
တရားသိဖို့အတွက် တရားနာဖို့လိုတယ်။
အခုခေတ်မှာ တရားနာသူတွေ
အများကြီး တွေ့ရတော့ ဘုန်းကြီးတို့အနေနဲ့
သိပ်ဝမ်းသာပါတယ်။
တရားတစ်ပွဲမှာ တရားတစ်လုံး နှစ်လုံး မှတ်မိရင်တောင်
တစ်ပွဲကနေ နှစ်ပွဲ၊ နှစ်ပွဲကနေ သုံးပွဲ၊
အကြိမ်များစွာ တရားနာရရင်
တရားစကား ကြားရလို့ရှိရင်
အသိဉာဏ်တွေ တိုးတိုးပြီးတော့ လာမှာပဲ။
အသိဉာဏ်တွေမြင့်လာမှာ ဧကန်ပါပဲ။
ဓမ္မဒူတဆရာတော်
ဒေါက်တာအရှင်ပညိဿရ
Share:

ဘဝနဲ့ ဓမ္မ ••••••••••••

Image may contain: 1 person, outdoor, water and nature

 ဘဝမှာ ဓမ္မမပါရင်
အလှဆိုတာ ခဏပါပဲ။
အငယ်တွေလည်း ဘဝထဲမှာ ဓမ္မတွဲမှ
အလတ်တွေလည်း ဘဝအဖြာဖြာမှာ ဓမ္မပါမှ
အကြီးတွေလည်း ဘဝအဆုံး ဓမ္မသုံးမှ
တွေ့ကြုံလာရ တက်အကျနဲ့
အကောင်းအဆိုး ကြောင်းအကျိုးကို
ဓမ္မစကား၊ ဓမ္မအားနဲ့
အလှတရား ရသွားစေမှာ အမှန်ပါပဲ။
တွေကာမနှေး အသေအချာတွေးရင်
ဓမ္မဆိုတာ အကျင့်သိက္ခာ အဖြာဖြာနဲ့
အသိသတိ ထပ်တူရှိမယ့်
အဆင့်မခွဲ အကျင့်မြဲရေးပါပဲ။
ဒါကြောင့်...
အစနဲ့အဆုံး
ဘဝတစ်ခုလုံးမှာ အလှတွေဖုံးစေဖို့
ခဏမကြည့် ဓမ္မနဲ့ညှိပြီး
အသိအကျင့် ထပ်တူဆင့်လျက်
ဘဝထဲမှာ ဓမ္မတွဲကာ
လိုရာပန်းတိုင် သင်ဆွဲကိုင်လော့။ ။
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
မေတ္တာဖြင့် ပြန်လည်မျှဝေ ဓမ္မဒါနပြုပါသည်။
မှားယွင်းမှုများရှိသော် အစဉ်သနားသော
အားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည်
ဆရာတော်အရှင်သူမြတ်များဘုရား။
Share:

😂ဆည်မနိုင်တဲ့စုန်ရေ •••••••••••••••••••••••

Image may contain: one or more people and people sitting
 "အမေကသားကို မချစ်ပါဘူးဗျာ"
"နင်က ချစ်စရာ ကောင်းတာကိုး အကောင်ရဲ့"
"အမေက သားကို ဆိုအကောင်းကိုမပြောဘူး"
"အေးဟေ့ ငါ့သားလေး သိပ်ချစ်တာပဲ တွေ ဘာတွေ ပြောမနေအားဘူး ၊ လုပ်စားရတာ မောရတဲ့ကြား နင်ကတစ်မျိုး ရော့ ဒီမှာ လက်ဖက်ရည်ဖိုး ထားခဲ့တယ် သွားမယ် "
ကျွန်တော်ပြုံးလိုက်သည်။ သေချာအောင် စောင်ထဲက ချောင်းကြည့်လိုက်သည်။ ပိုက်ဆံ တစ်ထောင်တန်ကိုမြင်မှ စောင်ခြုံပြီး အသာပြန်ကွေးနေလိုက်သည်။ မနက်ခင်းတိုင်းကြား ရမြဲအသံတွေထဲ မှာ အမေ နောက်ဆုံးပြောနေကျ လက်ဖက်ရည် ဖိုး ထားခဲ့တယ် ဆိုတဲ့ အသံသည် ကျွန်တော်မနက်ခင်း တိုင်းအတွက် အသာယာဆုံး တေးသံပင်ဖြစ်သည်။ တခါ တရံ ငါးရာတန် ထားခဲ့လျှင်ဂျီကျ တတ်လို့ အခုဆို တစ်ထောင်တန် သာထားခဲ့တာများသည်။ အမေ က နံနက်လင်းသည်နှင့် မုန့် ဈေးတောင်းပြင် ပြီးဈေးထွက်သည်။ ကျွန်တော်က ၁၀ တန်းအောင်ပြီး အဝေးသင် တက္ကသိုလ် တတ်ရန် စောင့် နေသည့် အဝေးသင် တက္ကသိုလ် ကျောင်းသားကြီး ဖြစ်သည်။နေဖင်ထိုး လို့ ကျောပူမှ အိပ်ယာထ တာကတော့ ၁၀ တန်းဖြေပြီး ကတည်းက စွဲခဲ့တဲ့ ကျွန်တာ့် အကျင့် ပါ။ အမေ့ ကိုဝိုင်းကူဖို့ ဆို တာ မစဉ်းစားချင်ပါ။ အမေတစ်ယောက်တည်းဈေး ရောင်းသွားလည်း အဆင်ပြေတာပဲလေ။ကျွန်တော် တို့ သားမိ နှစ်ယောက်အတွက် အမေ့ မုန့် ဈေးတောင်းလေး ကအဆင်ပြေသည်။အလုပ်မလုပ်ချင် ၍မဟုတ် ၊ကျွန်တော် လုပ်ချင်သည်။ ကျွန်တော်ဘဝ ၏တိုးတတ်ရာ ရှာချင် ပါသည်။သို့သော် ကျွန်တော် ဘာလုပ်ရမလဲမသိပါ။သူငယ်ချင်းတွေ အလုပ်လုပ် ထွက်ကြတာ အားကျစရာပင် ဖြစ်သည်။ဒီတစ်ခေါက်ပြန်လာတာ မိဘ ကို ဘယ်လောက်ကန်တော့တာလေ ဆိုတဲ့ အပြောမျိုး ဖြင့် တခြားမိဘ တွေ လို အမေ့ကိုပျော်စေချင်သည်။တခြား အမေ တွေကို ဂုဏ်ယူဝံ့ကြွား ပြောစေချင်သည်။
"အမေ သား ထွန်းကို တို့နဲ့ ရန်ကုန်ကို အလုပ်ရှာဖို့လိုက်ချင်တယ်"
"အံမယ် နင်ကဘာလုပ်တတ်လို့တုန်း"
"ဟာ အမေ ကလည်း ဒီလိုပဲ လုပ်တတ်သွား မှာပေါ့၊သားက ဆယ်တန်းအောင်ပြီးသား ဆိုတော့ အလုပ်တစ်ခုခုတော့ ရမှာပါ"
"နင်လို ငပျင်း ဘယ်သူ ကအလုပ်ခန့်မှာလဲ"
"သားကြိုးစား လုပ်မှာပါ အမေ ရာ ၊သားကို သွားခွင့်ပေးပါနော် ၊အလုပ် မရ ရင်လည်း အမေ့ ဆီပြန်လာမှာပေါ့"
"အေးပါ ၊အေးပါ ဘယ်နေ့သွား မှာလဲ ကြိုပြော လမ်းစရိတ် ကကြိုရှာထား ရမှာ "
အမေ မှာတားမရလို့ ခွင့်ပြုလိုက်ရသော်လည်း ၊သက်ပြင်း ရှည်ရှည်တွေ ချပြီး မခွဲရသေးသော သားကို ကြိုလွမ်းနေသလား ထင်မိသည်။
" အမေ့ မေတ္တာ အစုန်မှာ သားမျောမနေချင်တော့ လို့ပါအမေ၊
သားမေတ္တာ တွေ ဆန်တတ်နိုင်ဖို့ သားကြိုးစား မှာပါ အမေရယ်" ဟုစိတ်ထဲက သာတီးတိုး ရေရွတ်မိသည်။
"အမေ တစ်ယောက်တည်း ဖြစ်ပါ့ မလား အမေ"
"အောင်မယ် သွားခါနီးလာခါ နီး ငါ့အတွက် စိတ်ပူ မနေနဲ့၊ နင်က ငါ့ကို ဘာများ ဝိုင်းကူ ဖူးလို့လဲ၊ ကိုယ့်လမ်း ကိုယ်သာ ဖြောင့်ဖြောင့်သွား ၊ကားဂိတ်တော့ လိုက်မပို့တော့ဘူး ၊မုန့်လုပ်ဖို့ ဈေး သွားဝယ်ရဦးမယ်"
"ဟုတ် သား အမေ့ ကို ကန်တော့ ခဲ့မယ်နော်"
"အေး အေး ကန်တော့ ၊မိဘ ကန်တော့ ရမှန်း ခုမှသိတော့တယ် ၊ဆုတော့ မပေးတတ်ဖူး အေ ၊ ငါ့သားလေး သူတော်ကောင်း နဲ့ တွေပါ ဆုံပါစေ တော်"
ပြောပြော ဆိုဆို အိမ်နောက်ဖေး တန်းဝင် သွား တဲ့ အမေ့ ကျောပြင်လေး သိမ့်သိမ့်တုန်နေသည်။ ကျလာတဲ့ မျက်ရည် ကို ဆွဲသုတ် ပြီး အမေ့ ကို နှုတ်ဆက်လိုက်သည်။
"အမေ သားသွားတော့မယ် ဗျို့"
"အေး အေး"
အမေ့ နှုတ်ဆက် သံ မှာ ရှိုက်သံတွေပါ နေသည်။
" ကြမ်းကြမ်း တမ်းတမ်း ဘဝ ကို ဖြတ်သန်း နေရ ပေမဲ့ ၊သားအပေါ် ထားတဲ့ မေတ္တာတရား ကို သားနားလည်ပါတယ် အမေရယ်"
ရန်ကုန် မှာ ရောက်နေနှင့်ပြီးသား သူငယ်ချင်း များ၏ အဆက်အသွယ်ဖြင့် လစာ သင့်တင့်သော အလုပ် တစ်ခုရ ရှိခဲ့သည်။ အမေ့ အိမ်မှာ လို နေဖင်ထိုးအောင် အိပ်ခွင့်မရတော့ပါ။ ပါလာတဲ့ ငွေလေး ခြစ်ကုတ် ပြီးနေရတာကြောင့် လက်ဖက်ရည် တစ်ခွက်ကို သောက်ဖို့ ချင့်ချိန် နေရသည်။ ပေတူးနေအောင်ဝတ်ထားတဲ့ ဂျင်းဘောင်းဘီ အထူကြီးတွေကို အမေ့ လက်သေးသေးလေး တွေ ဘယ်လောက်အားစိုက်ခဲ့ရလဲ ဆိုတာ ကိုယ်ချင်းစာတတ်လာသည်။ ဖွယ်ဖွယ်ရာရာ ချက်ထားတဲ့ အမေ့လက်ရာ ကို ချေးများ ခဲ့ဖူး သော်လည်း ဘဲဥ ချဉ်ဟင်း တစ်ခွက် ဖြင့် ထမင်းမြိန်ဖို့ ကြိုးစားနေရပြီ။ အမေ့၏ ဝါးကပ် အိမ်လေး အတွင်းမှာ လုံခြုံ နွေးထွေးစွာ လူးလိမ့် အိပ်ခဲ့ရခြင်း အရသာ ကို ကျောတစ်ခင်းစာ နေရာလေး မှာ အိပ်ပျော်ဖို့ ကြိုးစားရင်းသိခဲ့ရပြီ။တနည်းအားဖြင့် အမေ့ အပေါ် အမှီခိုကင်းစွာ ရပ်တည်ဖို့ ကြိုးစားခွင့် ရခဲ့သည်။
အဝေးသင် အနီးကပ်သင်တန်း တတ်ရန် အလုပ်မှ ခွင့် တစ်လ ရသည်။ စုထားတဲ့ ပိုက်ဆံလေး တွေ ထုတ်ရေကြည့်သည်။ကျောင်းစရိတ် အတွက် လုံလောက် သည်။ အမေ့ကို ကန်တော့ရန် နည်းနည်း ဖယ်ထားလိုက်သည်။ ကျောင်းမသွားခင် အမေ့ ဆီအရင် သွားကန်တော့ ရမည် ဟု စိတ်ကူးလိုက်သည်။ အမေ့ ဝမ်းသာနေမှာပဲ ဟု စိတ်ကူးနှင့် ကြည်နူးမိသည်။ ပထမဆုံး အနေ ဖြင့် အမေ အပေါ် ကျေးဇူးဆပ်နိုင် မည့် ဆန်ရေ အတွက် ကြိုတင် ပျော်ရွှင်မိသည်။
"အမေ သုံးချင်ရာ သုံးဖို့ သား ကန်တော့ တာ အမေ"
"နင့် ပိုက်ဆံ ငါမသုံးပါဘူး ၊လိုတဲ့ အချိန်ပြန်တောင်း ငါသိမ်းထားပေးပါ့မယ်"
"အမေ ကလည်း အမေ့ ကိုကန်တော့ ဖို့ သားက ဖယ်ထားတာပါ"
"အေးပါတော် အေးပါ သာဓုပါတော်"
စာမေးပွဲ ဖြေပြီး ရန်ကုန် ပြန်ချိန်မှာတော့ စရိတ်မလောက်လို့ အမေ့ ဆီ က လမ်းစရိတ်ပြန်တောင်းခဲ့ရသည်။ အမေ ကတော့ ကြိုသိနေသလိုပင်။ ကန်တော့ထားတဲ့ငွေလေး အထုတ်တောင် မဖြည်ရသေး ပြန်ပေးလိုက်သည်။
"အမေ့ကို နောက်နှစ် ပြန်လာခါ မှ များများ ကန်တော့မယ် နော်"
အမေ ကတော့ ဘာမှ ပြန်မပြောပါ။ ခွဲခွာ ရဦးမည့်သား ကိုသာ မျက်ရည် ဝဲဝဲ ကြား က ပြုံးကြည့်၍ နေသည်။ ရေစုန် ကို ဆန်ဖို့ တကယ် မလွယ်ပါ။ဒီထက်ပို ကြိုးစားဖို့သာ ရှိတော့သည်။
အမေ့အိမ် ကိုလွမ်းသော် လည်းမပြန်ဖြစ်တာ ကြာခဲ့ပြီ။ကျောင်းမပြီးခင် နှစ်များ တွင်သာ ကျောင်းတတ်ပြန်ရင်း အမေ့ဆီ ပြန်တတ်သည်။ ပြန်တိုင်းလည်း အမေ့ကသာ ပြန်ပေးလိုက်ရသည်သာများသည်။ ဒီဘက်နှစ်တွေ မှာ ပြန်ချင်စိတ် သာရှိသော်လည်း မပြန်ဖြစ်ခဲ့ပါ။ဘဝတတ်လမ်း အတွက် သာတစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့မိသည်။ အမေ့အတွက် ကောင်းကောင်းမွန်မွန် ထောက်ပံမပေးနိုင်ခဲ့ပါ။ ဖုန်းဆက် စကားပြော တိုင်း အမေ အဆင်ပြေပါတယ် ဆိုတဲ့ စကားတစ်ခွန်း ကိုသာ အမြဲ ပြောတတ်သည်။ နေမကောင်း ဖြစ်တဲ့ အချိန်များဆို အမေ့ကို ပို လွမ်းသည်။ အမေ့ အိမ်မှာဆို နေမကောင်းဖြစ်တိုင်း မတိုက်ရတဲ့ လှည်း က ကျိုး နေတော့ တာပဲ ဟု တတွတ်တွတ် ပြောတတ်သော် လည်း ကြင်ကြင်နာနာပြုစုတတ်တဲ့ အမေ ဖြစ်သည်။ ဒီတခါ နေကောင်းရင် တော့ ခွင့်ယူ ပြီး ပြန်ဦးမည် ဟု စိတ်ကူးမိ သော်လည်း စိတ်ကူး နှင့်သာ ပြီးဆုံးသွားတတ်သည်။ အလုပ် ကိစ္စ အရေးကြီး နေသည်က များနေသည်။ အခုဆို အလုပ်ထဲ မှာ လည်း နေရာ အတန်အသင့် ရနေပြီ ဖြစ်သည်။ ဒီတခါ အလုပ်ကိစ္စ နှင့် လမ်းကြုံတဲ့ အခါ အမေ့ ဆီ ဝင်ဖြစ်အောင် ဝင်ဖို့ ဆုံးဖြတ်ထားလိုက်သည်။
"အမေ ၊အမေ "
"ဟဲ့ကောင်လေး အကြောင်းမကြား ဘာမကြား နဲ့ ၊ အမလေး အမေ့ဆီ လာဖို့ သတိရသေးသားပဲ"
"ဟုတ်တယ် အမေ အလုပ် ကိစ္စ နဲ့ လာရင်းမို့ ၊ မသေချာလို့ ဖုန်းမဆက်ထားဖြစ်တာ"
အမေ့ ကို တင်းတင်း ဖက်ထားရင်း အမေ အတော် လေး အိုစာ သွားသည်ကို သတိထားမိသည်။ အမေ တစ်ယောက်တည်း ရုန်းကန်နေရတဲ့ အမေ့အတွက် စိတ်မကောင်း ဖြစ်မိသည်။ ဒီတစ်ခါ ရန်ကုန်ပြန် ရောက်တဲ့ အခါ နေရာစီစဉ်ပြီး အမေ့ ကို ခေါ်ထားရမည်။
"အမေ့ကို သားကန့်တော့ဖို့.......ဟာ သွားပြီ"
"ဘာဖြစ်တာလဲ သား"
"အမေ့ ကန်တော့ ဖို့ သိမ်းထားတဲ့ ငွေလေး နဲ့ သားအလုပ် ကငွေ တွေ အားလုံး ခါးပိုက်နှိုက် ခံလိုက်ရပြီ အမေ"
"ဟုတ်ရဲ့လား ကောင်လေး ရယ် သေချာကြည့်ပါဦး၊ငါ့ ကန်တော့ဖို့က အရေးမကြီးပါဘူး"
"တကယ်ပါ အမေ ဟူး... အလုပ်က ငွေ တွေ ပြန်မအပ်နိုင်ရင်တော့ သွားပြီ အမေရေ ၊အလုပ်က အခု မှ အဆင်ပြေမယ် ရှိသေး"
"မင်းငွေ ကဘယ်လောက်တောင်တုန်း ဟဲ့ ကောင်လေးရဲ့ ၊ မင်း မသုံးတော့တဲ့ ထင်းရှူး သေတ္တာ ခွံ့လေး ထဲ မင်း ထွက်သွားကတည်းက မင်းအတွက် ပေးရမဲ့ လက်ဖက်ရည်ဖိုး တစ်ထောင် ၊တစ်ထောင် ထည့်ထားတာ ဘယ်လောက် ရှိလည်းတော့မသိဘူး၊ မင်း စထွက်သွားတဲ့ ဆယ်နှစ် ကျော်ကျော် တစ်ရက် မှ မပျက်ဘူး ၊ ရော့ သော့ သွားဖွင့် ကြည့်လိုက်"
"ဗျာ"
စိုးရိမ် စိတ်ကနေ ဝမ်းနည်း စိတ် အဖြစ် ရုတ်ချည်း ပြောင်းလဲ သွားသည်။ အမေ့ အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ပေမဲ့ အမေ ကတော့ လက်ဖက်ရည် ဖိုးပေးတာ တစ်ရက်မပျက်ခဲ့ဘူးတဲ့ ။မျက်ရည်တွေ ထိန်းချုပ်မရတော့ ။အမေကိုပြေးဖက် ပြီး အားရပါရငိုချလိုက်သည်။
"အမေ ရယ်"
"ဟဲ့ ကောင်လေး ဘာဖြစ်တာတုန်း သွားယူလေ ၊သြော်ဒီကလေးနဲ့ ၊ကလေးစိတ် ကိုမကုန်သေးဘူး"
အမေကတော့ ဘာမှ မဖြစ်သလို ခပ်အေးအေးပင် ဖြစ်သည်။
"အမေ သား သွားတော့မယ်နော်၊ ဒီတစ်ခါ ရန်ကုန်ပြန်ရောက်လို့ နေစရာ စီစဉ်ပြီး ရင် အမေ့ ကိုသားလာခေါ်လှည့်မယ်နော်"
"နေပါစေ သားရယ် အမေ ဒီမှာပဲ နေတတ်ပါတယ်"
"အမေ ကို သားမေး စရာရှိတယ်"
"အမေ သိမ်းထားတဲ့ ပိုက်ဆံတွေ ဘာလုပ်ဖိုလဲ ဟင်"
"အစ ကတော့ မင်းကို လက်ဖက်ရည်ဖိုး ပေးချိန်ရောက်ရင် သတိရတာ နဲ့ ထည့်ထည့်ထား တာ၊ သိပ်မကြာခင် မင်းပြန်လာ မှာပဲလို့ ထင်နေတာ"
စို့ လာတဲ့ မျက်ရည် စလေး ကိုသုတ်ပြီး အမေ ဆက်ပြောသည်။
"ကြာလာတော့ မင်းမလာ တော့တာ သိတော့ ၊မင်းမိန်းမ ယူတဲ့အခါ တောင်းပေး လို့ရအောင်ဆိုပြီး ဒီတိုင်းပဲ ဆက်ပြီးထည့်နေခဲ့တာ "
"အခု သားမိန်းမ ယူမယ်ဆို တောင်းပေးစရာ မရှိတော့ဘူးပေါ့ နော် အမေ"
အမေကို ဝမ်းနည်းစိတ်လျော့သွားစေရန် စ လိုက်သည်။
အဲဒီတော့ အမေ က ပြုံးကြည့် ပြီး
"ရှိတာပေါ့ ကောင်လေးရယ် အမေ့ အိမ်ဝိုင်း လေး ရောင်းပြီး တောင်းပေးမှာပေါ့၊ ပြီးရင် အမေ က လူအိုရုံ သွားနေလိုက်ရုံပဲ"
အမေ့ မေတ္တာ ကို စူးစူးနစ်နစ် တွေ့ လိုက်ရသည်။ အမေ ဆိုတာ မှန်းဆ ကြည့်လို့ မရနိုင်တဲ့ အနန္တမေတ္တာ ရှင်ဆိုတာ သိလိုက်ရသည်။ အမေ့မေတ္တာ ကို အရင်ကတည်း ကနားလည်ခဲ့ သော်လည်း တနေ့နေ့ တစ်ချိန်ချိန် မှာ ပြန်လည်ပေးဆပ်နိုင်မည် ဟု ထင်ခဲ့သည်။ ခုတော့ နားလည်လိုက်ပြီ။ အမေ့ မေတ္တာ စုန်ရေ ဟာ ဘယ်လိုဆည်မျိုးနှင့်မှဆန်တတ် စီးဆင်းစေ ဖို့ တတ်နိုင်မည်မထင်ပါ။
Credit:apannpyay
Share:

'မြတ်သော ဥစ္စာစုဆောင်းပါ ===================

Image may contain: 1 person, eyeglasses and closeup


သဒ္ဓါဟာ လက်နဲ့တူတယ်
------------------------------
သဒ္ဓါတရား ဖြစ်တဲ့ အချိန်နဲ့ မဖြစ်တဲ့အချိန်ဟာ သိပ်ကိုကွာခြားလွန်းပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် ကိုယ့်
မှာ သဒ္ဓါတရား ရှိသလား မရှိဘူးလား ဆိုတာကို သိနိုင်ပါတယ်၊ ဒီသဒ္ဓါဆိုတဲ့ ဥစ္စာဟာ အင်မတန်မှ အရေးပါ
တယ်တဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းကြီးတို့ စာပေကျမ်းဂန်မှာ သဒ္ဓါကို လက်နဲ့ တူတယ်လို့ ဆိုထားပါ
တယ်၊ ပေးစရာရှိလည်း လက်ပါရတယ်၊ ယူစရာရှိလည်း လက်ပါရတယ်၊ လက်မရှိရင် ယူလို့မရသလို ပေးလို့
လည်းမရပါဘူး၊ ရွှေငွေလက်ဝတ်ရတနာတွေကို တွေ့လို့ရှိရင်လည်း လက်မပါရင် မကောက်ယူနိုင်သလို သဒ္ဓါ
ဆိုတဲ့လက်ကလေးမှမရှိရင် ဒါနလည်း မလုပ်ဖြစ်ဘူး၊ သီလလည်း မဆောက်တည်ဖြစ်ဘူး၊ ဘာဝနာဆိုတဲ့
ကုသိုလ်ရတနာကိုလည်း ရအောင်မယူနိုင်ဘူးလို့ ဆိုလိုတာနော်၊ သဒ္ဓါဆိုတဲ့ ဒီတရားဟာလက်နဲ့ အလားတူ
တယ်။
သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ဟာ လှူဖို့ တန်းဖို့အဆင်သင့်ဖြစ်နေတယ်။ ပေးကမ်းဖို့လည်း အဆင်သင့်ဖြစ်နေမယ်၊ သဒ္ဓါ
ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ တရားနာဖို့ တရားအားထုတ်ဖို့ အဆင်သင့်ဖြစ်တယ်၊ ကောင်တာတွေလုပ်ဖို့
သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ဟာအားလုံးအဆင်သင့်ဖြစ်တယ်၊
သဒ္ဓါဟာ မျိုးစေ့နဲ့တူတယ်
------------------------------
နောက်တခုက သဒ္ဓါဟာ ဘာနဲ့တူသလဲဆိုရင် မျိုးစေ့နဲ့ အလားတူတယ်၊ ဘယ်လိုတူတာလဲဆိုတော့ မျိုးစေ့
လေးဟာ အလုပ်၂ခုကို လုပ်တယ် ဆိုပါစို့ သရက်စေ့လေးတစ်စေ့ကို မြေကြီးထဲထည့်လိုက်မယ်ဆိုရင် သရက်
စေ့လေးဟာ အောက်ကိုအမြစ် ဆင်းသက်စေခြင်းဆိုတာ ဖြစ်စေသလို အပေါ်မှာ အညှောက်ထွက်ခြင်းဆိုတာ
ကလည်း လုပ်ဆောင်တယ်၊ အေး ဒါကမျိုးစေ့လေးက လုပ်ဆောင်ရတဲ့ အလုပ်နှစ်ခုဖြစ်တယ်။
သဒ္ဓါတရား ဆိုတာလည်း ထို့အတူဘဲ၊ သဒ္ဓါတရားရှိလာတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရားကောင်းလာပြီဆိုရင်
ကိုယ်ကျင့်တရား အတွင်မကဘူး သမထ ဝိပဿနာ ကျင့်စဉ်တို့ကိုလည်း ကျင့်လာပြီ၊ သြော် သီလဆိုတဲ့
အမြစ်ကလေး ဆင်းလာပြီး သမထ ဝိပဿနာဆိုတဲ့ အညွှန့်ကလေး တက်လာတာဟာ သဒ္ဓါတရားကြောင့်
ဖြစ်တာတဲံ ဒါကြောင့် သဒ္ဓါဟာ မျိုးစေ့နဲ့တူတယ်လို့ စာပေကျမ်းဂန်မှာဆိုထားတယ်။
နတ်တွေက ပိုသိတယ်
---------------------------
သဒ္ဓါရဲ့တန်ဘိုးကို လူတွေထက် နတ်တွေက ပိုသိတယ်၊ ဘာဖြစ်လို့ ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာ
ကို ကြိုးစားပြီး ရှာကြရတယ်။ ကိုယ့်ရဲ့ လုံ့လဝီရိယကြောင့် စီးပွားဥစ္စာတွေ တိုးတက်ကြတယ်ဆိုတော့ ကံ၊
ကံရဲ့အကျိုးကို သိပ်ပြီးမယုံကြည်ဘူး၊ သဒ္ဓါရဲ့စွမ်းအားကို သိပ်ပြီးမသိကြဘူး၊ နတ်တွေကျတော့ ကံ၊ ကံရဲ့အ
ကျိုးကို သိပ်ပြီးယုံကြည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာက လုပ်ကိုင်ပြီးစားရတဲ့ဘဝမှ မဟုတ်တာ၊
ကံ၊ ကံရဲ့အကျိုးကြောင့် ရလာတဲ့ ဘဝသာဖြစ်တယ်၊ အရာရာဟာ ကံပေါ်မှာ မူတည်နေတယ်၊ ကံမရှိရင် ဘာမှ
မရပါဘူး။ လူ့ပြည်မှာလို အရောင်းအဝယ် လုပ်လို့မရဘူး၊ နတ်ပြည်မှာ ရွှေဆိုင်တွေဖွင့်လို့ရတာမဟုတ်ဘူး၊
အဲဒီတော့ ကံပေးတာလေးဘဲ သူတို့တစ်တွေ ရကြတာနော်။
နတ်တွေက လူတွေနဲ့ မတူဘူး၊ ဖြစ်ပေါ်လာတဲ့ ဘဝတစ်ခုမှာ သူတို့ နတ်သက်တမ်းတစ်လျှောက်လုံး ဝတ်ထား
တဲ့အဝတ်လည်း ဘယ်တော့မှ ဖွတ်ရတယ်မရှိဘူး၊ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ်မရှိဘူး
အို ပူလို့အိုက်လို့ ချွေးထွက်တာလည်းမရှိဘူး၊ အမြဲတမ်း သန့်ရှင်းသန့်ပြန့်နေတယ်၊ ဘယ်နတ်ပြည်မှာမှ
ပေါင်ဒါတို့ ရေမွှေးတို့ဆိုတာလည်း လိုမယ်မထင်ဘူး၊ သဘာဝကိုက သန့်ပြန့်နေတယ်။
သို့သော် နတ်တွေဟာ ကံကုန်တော့မယ်ဆိုရင် ဝတ်ထားတဲ့ အဝတ်တွေနွမ်းလာတယ်၊ ပန်ထားတဲ့ပန်းတွေညှိုး
လာတယ်၊ ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက်ဖြစ်လာတယ်၊ ချိုင်းကြားကနေ ချွေး
တွေဘာတွေ ထွက်လာတယ်၊ ဒါက သူတို့သေခါနီးပြီးဆိုတဲ့ sign ပြတာလို့ခေါ်တယ်၊ sign ပြလာလို့
Medical check up သွားလုပ်မနေနဲ့တော့နော် မရတော့ဘူး၊ အဲဒီလို အခြေအနေတွေပေါ်လာတဲ့ နတ်တွေကို
မိတ်ဆွေနတ်တွေက နန္ဒဝန်ဥယျာဉ်ထဲကို ဆွဲခေါ်သွားကြတယ်၊ ပြီးတော့ စကား၃ ခွန်းပြောဆိုမှာကြားကြတယ်၊
“အေးဘာမှမစိုးရိမ်ပါနဲ့ ဒီဘဝကသေသွားလို့ရှိရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ၊ အကောင်းဆုံး
ဘုံရောက်တဲ့အခါကျတော့အကောင်းဆုံးလက်ဆောင်ကို ရအောင်ယူလာပါ၊ ရထားတဲ့ လာဘ်လာဘကို ခိုင်မာ
အောင်ကြိုးစားပါ ဆိုတဲ့ စကား၃ခွန်းကို ပြောလိုက်ကြတယ်”
စကား၃ ခွန်းရဲ့ အဓိပ္ပါယ်က ဘာလဲဆိုရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားဆိုတာကလူ့ဘုံကို ရောက်
အောင်သွားလို့ ပြောတာဖြစ်တယ်၊ အကောင်းဆုံးလာဘ်ကို ရအောင်ယူဆိုတာ သဒ္ဓါတရားကိုပြောတာဖြစ်
တယ်၊ခိုင်မာအောင် လုပ်ပါဆိုတာ အဲဒီရထားတဲ့ သဒ္ဓါတရားကို ခိုင်မာအောင်လုပ်ပါလို့ ဒီလိုဆိုလိုတာဖြစ်တယ်
အဲဒီတော့ နတ်သားတစ်ယောက်၊ နတ်သမီးတစ်ယောက် စုတေခါနီးပြီဆိုရင် အဲဒီစကား၃ ခွန်းကိုမှာကြားကြပါ
တယ် အဲဒါကြောင့် သဒ္ဓါစွမ်းအားရဲ့တန်ဘိုးကို သူတို့ကပိုသိကြတယ်။ လူ့ပြည်ရဲ့ တန်ဘိုးကိုပိုသိကြတယ်။
လူ့ပြည်မှာ ဘုရားရှိတယ်၊ တရားရှိတယ် ကုသိုလ်ကောင်းမှုတွေလုပ်နိုင်တယ် ဘုရား တရား သံဃာ ရတနာ၃
ပါးရှိသည့်အတွက်ကြောင့် လူ့ပြည်မှာ ကုသိုလ်ကောင်းမှုလည်း ရှိတယ်တဲ့ နတ်ပြည်ကျတော့ အခွင့်အလမ်း
သိပ်မသာဘူး သီလဆောက်တည်ဖို့ ဆိုတာလည်း မသေချာ၊ သင်္ကန်းကပ်လှူခြင်း ဆွမ်းကျွေးခြင်း ကျောင်း
ဆောက်လှူခြင်း ဆိုတာတွေကိုလည်း လုပ်လို့မရဘူး လူ့ပြည်မှာက ကုသိုလ်ကောင်းမှုတွေ အကုန်လုံးလုပ်
နိုင်တယ် ဒါကြောင့်သူတို့က လူ့ပြည်ကို သုဂတိဘုံလို့ ဒီလိုသတ်မှတ်ကြတယ်။
လူ့ပြည်မှာ ကုသိုလ်ကောင်းမှုများများလုပ်လာတဲ့ ပုဂ္ဂိုလ်သည် နတ်ပြည်ရောက်တဲ့အခါမှာ သာမန်ထက်ပိုပြီး
ထူးခြငးတဲ့ စည်းစိမ် ခံစားရတယ်။ ဒါကြောင့် သွားချင်ရင် ဘယ်မှမသွားပါနဲ့ လူ့ပြည်ကိုသွားပါ သဒ္ဓါတရားရှိ
လာပီဆိုရင် ဒီသဒ္ဓါစွမ်းအားကို အကြောင်းပြုပီးတော့ ကုသိုလ်များများလုပ်ပါ၊ လုပ်ပြီးရင် တို့နတ်ပြည်ကို ပြန်
လာပါလို့ ဒီလိုပြောတာနော်၊
အေး လူ့ပြည်က လူတွေကတော့ လူ့ဘဝကိုသိပ်ကြာတယ် ထင်တာကိုး တွက်ကြည့်ပါလား၊တာဝတိံသာနတ်
ပြည်မှာ ၁ရက်ဟာ လူ့ပြည်မှာနှစ်ပေါင်း ၁၀၀ကြာတယ် ကဲဘုန်းကြီးတို့အခုနေကြတာဟာ တာဝတိံသာနတ်
ပြည်က ၁ရက်တောင်မှမရှိသေးဘူးနော်၊ နာရီပိုင်းလောက်ဘဲရှိသေးတယ်၊ ဒါကိုကြာလှပီထင်နေကြတယ်၊ဒီ
လူတွေက အိုကုန်ပြီးနော် ဟိုမှာက ၁ရက်တောင်မှ မရှိသေးဘူး၊ အဲဒီလို လူ့ပြည်ကရက်ပေါင်းနဲ့တွက်မယ်
ဆိုရင် နတ်ပြည်မှာကနှစ်ပေါင်း ၁၀၀၀ဆိုတာ လူ့ပြည်က နှစ်၁၀၀၀ကိုပြောတာမဟုတ်ဘူး လူ့ပြည်နှစ်၁၀၀
ကို ၁ရက်နဲ့တွက်ယူတဲ့ အနှစ်၁၀၀၀ကိုပြောတာဖြစ်တယ်၊ အေးအဲဒီလိုနတ်ပြည်မျိုးကို ဘာနဲ့ရနိုင်သလဲဆို
တော့ အခုပြောတဲ့ သဒ္ဓါတရားနဲ့ ရနိုင်ပါတယ်၊ စိန် ရွှေ ငွေတွေလောကီ ဥစ္စာတွေနဲ့ ပေးဝယ်လို့ မရနိုင်ပါဘူး
တဲ့ သဒ္ဓါဆိုတဲ့ ဥစ္စာ ချမ်းသာလာပီဆိုရင် အဲဒီလို နတ်ပြည်မျိုးကိုရနိုင်ပါတယ်၊ ဒါကြောင့်မို့လို့ လောကမှာရှိ
တဲ့ပိုက်ဆံတွေကို ကြည့်မယ်ဆိုရင် သူ့ရဲ့သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ ငွေကြေးဓနတွေရဲ့တန်ဘိုးမတူဘူးမဟုတ်
လား ကျောက်ဆိုရင်လည်း လမ်းခင်းတဲ့ ကျောက်နဲ့ ပတ္တမြားကျောက်နဲ့ မတူဘူး မဟုတ်လား တန်ဘိုးချင်း
ကွာခြားတယ် အဲဒီလိုဘဲ ပကတိဥစ္စာနဲ့ဟောဒီ မြတ်သောဥစ္စာဟာ အလွန်ကွာခြားတယ်။ ကားကြီးနဲ့လေးငါး
စီးတိုက်ထားတဲ့လမ်းဘေးက ကျောက်တွေရဲ့ စုစုပေါင်းတန်ဘိုးဟာ စိန်ကလေးတစ်ပွင့်ရဲ့ တန်ဘိုးနဲ့နှိုင်းယှဉ်
ကြည့်မယ်ဆိုရင် အလွန်ကွာခြားနေတယ် မတူဘူးနော်။
အေးဒါကြောင့်မို့ ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့ ရင်ထဲနှလုံးသားထဲမှာဖြစ်တဲ့ သဒ္ဓါလို့ဆိုတဲ့ မြတ်သောဥစ္စာအ
လွန်ကွာခြားတယ်တဲ့၊ ဒါကြောင့် မြတ်စွာဘုရားက “မြတ်သော ဥစ္စာ စုဆောင်းပါ”လို့ပြောတာနော်။
ဥစ္စာကဖျက်ဆီးတတ်တယ်
------------------------------
ပကတိဥစ္စာတွေဟာ စုဆောင်းပြီးလို့ရှိရင် အသုံးမတတ်တဲ့ ပုဂ္ဂိုလ်မှာ ဘာဖြစ်တတ်သလဲဆိုတော့ “ဟနန္တိ
ဘောဂေါ ဒုမ္မေဓံ အသိပညာမရှိတဲ့ ပုဂ္ဂိုလ်တွေကို စည်းစိမ်ဥစ္စာတွေက ဖျက်ဆီးတတ်တယ်”တဲ့ ပစ္စည်းဥစ္စာ
တွေ ရလာပြီဆိုရင်ထာဝရစည်းစိမ်ကြီးလို့ထင်ပြီး ဝမ်းမြောက်နေကြတယ်၊ ထိုလောကီဥစ္စာတွေရဲ့ မမြဲတဲ့
သဘော မခိုင်မာတဲ့သဘော ရန်သူမျိုးငါးပါးနဲ့ဆက်ဆံနေတဲ့အကြောင်း အဲဒီလိုအကြောင်းအရာတွေကို မစဉ်း
စားမိကြဘူး မစဉ်းစားဘဲနဲ့ ပစ္စည်းဥစ္စာတွေ အပေါ်မှာ တွယ်တာနေသည့် အတွက်ကြောင့် အသုံးအစွဲမတတ်
သည့်အတွက်ကြောင့် ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ဒီဘဝမှာလည်း ဒုက္ခရောက်တတ်တယ်တဲ့။
ဈေးသည်မကြီး (၄)ဦး
------------------------
ပစ္စည်းဥစ္စာကြောင့် ဒုက္ခရောက်ရတာတွေ အများကြီးရှိတယ်နော်၊ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါတုန်းက ရာ
ဇဂြိုလ်ပြည်မှာ ဈေးသည်မကြီး ၄ယောက်ရှိသတဲ့ အဲဒီဈေးသည်မကြီး လေးဦးက အရောင်းအဝယ်လုပ်ပြီး ရသ
မျှတွေ အကုန်စုထားတယ် မလှူရက် မတန်းရက် ခြိုးခြံချွေတာပြီးတော့ ပစ္စည်းဥစ္စာတွေ စုလိုက်တာ အမျာကြီး
စုမိလာပါတယ် အဲဒီဈေးသည် အမျိုးသမီးကြီး ၄ယောက်ဟာ ကံကုန်လို့သေဆုံးသွားတဲ့ အခါမှာ သူတို့ရဲ့
ပစ္စည်းဥစ္စာတွေပေါ်မှာ တွယ်တာတဲ့စိတ်နဲ့ သေသွားကြတယ်၊ အဲဒီလိုသေဆုံးသွားပြီး ဘာဖြစ်သလဲဆိုတော့
ပြိတ္တာမကြီးတွေ ဖြစ်သွားကြတယ်၊ သူတို့ရဲ့ ရှာဖွေသွားတဲ့ ပစ္စည်းတွေကို ဘယ်သူတွေကသုံးနေကြသလဲဆို
ရင် နောက်အမွေခံတဲ့သူတွေက သုံးကြတယ်
ပြိတ္တာဘုံကနေ လှမ်းကြည့်လိုက်တဲ့ အခါမှာ စိတ်ဆင်းရဲစရာ ထပ်ပြီးကြုံရပြန်တယ်။ အေးတို့တွေကတော့မစား
ရက်မသောက်ရက်နဲ့ခြိုးခြံပြီး စုထားခဲ့ကြတယ်။ အဲဒီပစ္စည်းတွေကို သူတို့ကတော့ သုံးစွဲနေကြပြီ၊ ဆိုပီးတော့
ဆင်းရဲ ဒုက္ခရောက်နေကြတယ် ငိုကြွေးနေကြတယ် ဆိုပြီးတော့ ပေတဝတ္ထုမှာ ပါတယ်၊ တကယ့်အဖြစ်ပျက်ပါ
နော်၊
အေး ဒါကြောင့်မို့ မြတ်စွာဘုရားက သတိပေးထားတာ ဟနန္တိ ဘောဂါ ဒမ္မေဓံ စည်းစိမ်ဥစ္စာပစ္စည်းဆိုတာ အသိ
ပညာမရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖျက်ဆီးတတ်ကြတယ်၊ နော စ ပါရဂဝေသိနော်၊ဒါပေမယ့် ပစ္စည်းကို အသုံးပြုပြီး
နိဗ္ဗာန်ချမ်းသာကို ရှာတတ်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ မဖျက်ဆီးနိုင်ကြဘူးတဲ့။
ပစ္စည်းဥစ္စာက လူတိုင်းကို ဖျက်ဆီးနိုင်သလားဆိုတော့ ဒုမ္မေဓံတဲ့ စဉ်းစားဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်တွေကိုဖျက်ဆီးတာ
ဖြစ်တယ် စဉ်းစာဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ မဖျက်ဆီးနိုင်ပါဘူးတဲ့။အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေက အေးတို့
တတွေရှာလာတဲ့ ပစ္စည်းဥစ္စာတွေကို သာသနာတော်ကြီးမှာလှူမယ် လို့ရွေးချယ်ပြီးတော့ လှူဒါန်းကြတယ်။
လှူပြီးတော့လည်းနှိဗ္ဗာန်ကိုဆုတောင်းကြတယ်၊ ဟောဒါက ပစ္စည်းဥစ္စာက ရလာတဲ့ အကျိုးအမြတ်ဖြစ်တယ်၊
စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္စည်းဥစ္စာက ဒုက္ခမပေးဘူး ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ ကုသို
လ်ရကြတယ်၊ ထိုပစ္စည်းဥစ္စာတွေ ဟာ ဒုမ္မေဓ လို့ခေါ်တဲ့ စဉ်းစားဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်တွေကိုသာလျှင် ဆင်းရဲ
ဒုက္ခ ရောက်စေပါတယ်။
သဒ္ဓါတရား ရှိလာပြီဆိုရင်တော့ လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေဟာကောင်းမှုကုသိုလ်တွေလုပ်ဖို့ စိတ်ဝင်စားလာ
ကြတယ်၊ အေး ဒါကြောင့်မို့ သဒ္ဓါဆိုတဲ့ ဥစ္စာဟာ နှိုင်ယှဉ်ကြည့်မယ်ဆိုရင် စိန်ကောင်း ကျောက်ကောင်းထက်
တန်ဘိုးရှိတယ် စိန်ကောင်း ကျောက်ကောင်းဟာတစ်ဘဝဘဲ သုံးစွဲလို့ရတယ်၊နောင်ဘဝအထိအောင် ထိုစိန်
ကောင်းကျောက်ကောင်းရဲ့ အကျိုးကျေးဇူးကို ခံစားရမှာ မဟုတ်ဘူး သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာကတော့ ဒီဘဝတွင်
မဟုတ်ဘူး ဘဝဆက်ဆက်ထိအောင် လိုက်ပြီးတော့ ချမ်းသာသုခကိုရစေတာပါ၊ ဒါကြောင့်မို့လို့ သဒ္ဓါဆိုတဲ့
ပစ္စည်းဥစ္စာမျိုးကို မိမိတို့ရဲ့သန္တာန်မှာ ရောအင်ရှာဖွေကြရမယ်လို့ မြတ်စွာဘုရားက ဟောကြားတာနော်
ကဲတရားချစ်ခင် သူတော်စင်ပရိတ်သတ်တို့ တို့ဒီကနေ့ရှာရမယ့် မြတ်သောဥစ္စာဆိုတာဟာ သဒ္ဓါလို့ဒီလိုမှတ်
လိုက်ပါ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်တာ ကုသိုလ်ကောင်းမှုတွေကိုစိတ်ဝင်စားလာတာ
ကိုခေါ်တယ်၊ စိတ်ဝင်စားလာပြီဆိုရင် ကုသိုလ်ကောင်းမှုတွေကိုလုပ်ဖြစ်တယ် နောက်တစ်ခုရှာရမယ့် ပစ္စည်းက
ဘာ ပစ္စည်းလဲဆိုတော့ သီလဖြစ်တယ်။
အဂ္ဂမဟာ ပဏ္ဍိတ အရှင်နန္ဒာမာလာဘိဝံသ
MS
Share:

သည်းခံခြင်းနှင့်အောင့်ခံခြင်း

No automatic alt text available. 
“ခန္တီ ပရမံ တပေါ တိတိက္ခာ”
●တိတိက္ခာ- အရာရာတွင်သည်းခံခြင်းတည်းဟူသော
●ခန္တီ- သည်းခံခြင်း ခန္တီတရားသည်
●ပရမံ-ထူးမြတ်လှစွာသော
●တပေါ-အကျင့်တရားအစစ်ဖြစ်ပါပေ၏။
ခန္တီ - သည်းခံခြင်းကို ဘာဖြစ်လို့အမြတ်တရားလို့ မြတ်ဗုဒ္ဓ ဟောတာပါလဲ။ “သည်းမခံနိုင်ဘူး” ဆိုတဲ့ “ဒေါသ” ကိုတော့လူတိုင်း လုပ်နိုင်ပေမယ့် သည်းခံနိုင်ခြင်းလို့ဆိုတဲ့အဒေါသကိုတော့ လူတိုင်းလုပ်နိုင်ဖို့ မလွယ်ဘူးမဟုတ်လား။အနည်းဆုံးကတော့ ကိုယ်နဲ့ နှုတ် ကမတုန့်
ပြန်ပေမယ့် “စိတ်” ကတော့ ချက်ချင်းသည်းမခံဘဲ၊တုန့်ပြန်ပြီးသားဖြစ်နေတတ်တယ်လေ။
ကိုယ် နဲ့ နှုတ် ကတော့ အင်အားချင်းမမျှလို့ပဲဖြစ်ဖြစ် ၊ ဂုဏ်သိက္ခာအရပဲဖြစ်ဖြစ် ၊ အခြေအနေအရပဲဖြစ်ဖြစ်၊ မတုန့်ပြန်သော်လည်း အခွင့်အရေးရရင်တော့ တုန့်ပြန်ဖို့ ဝန်မလေးတတ်ကြဘူး။ ဒါကို “သည်းခံတယ်” လို့မခေါ်ဘဲ၊ “အောင့်ခံတယ်”လို့ခေါ်ပါတယ်။မနိုင်လို့အောင့်ခံနေတာပါ။ နိုင်ပေမယ့်လည်း အခြေအနေအရ အောင့်ခံနေရတာတွေလည်း ရှိပါတယ်။
●“သည်းခံ” တာက “အဒေါသကုသိုလ်” ဖြစ်ပြီး
●“အောင့်ခံ” တာက “ဒေါသအကုသိုလ်” ဖြစ်တဲ့ အတွက် အများကြီး ကွာခြားပါတယ်။
●သည်းခံတာက သည်းခံရင်သည်းခံနိုင်သလောက်စိတ်ရဲ့အရည်အသွေးတွေ တက်လာနိုင်ပါတယ်။
●အောင့်ခံတာကတော့ အောင့်ထားရင် အောင့်ထားသလောက် စိတ်ထဲမှာ ပူလောင်ရပြီးကြာလာတော့ဒေါသအစိုင်အခဲလိုဖြစ်လာပြီး၊အငြိုးအာဃာတ အဖြစ်သို့ပြောင်းသွားတတ်ပြီး အန္တရာယ် ကြီးလှပါတယ်။
လောကမှာသည်းမခံနိုင်ဘူးဆိုတဲ့ ဒေါသကြောင့်ပဲ ပြစ်မှု အမျိုးမျိုးကိုကျူးလွန်နေကြပြီး၊ ငြိမ်းချမ်းမှုမရဘဲ ဖြစ်နေကြပါတယ်။သည်းခံလိုက်တဲ့အတွက် ရန်သူ အဖြစ်ကိုရောက်မသွားဘဲ ၊ ငြိမ်းချမ်းတဲ့လူမှု ပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်တာတွေကိုလည်းတွေ့နေရပါတယ်။
“မသူတော်တွေ”ကတော့ သည်းခံနိုင်တဲ့လူတွေကိုလူပျော့လူညံ့လို့ထင်တတ်ပြီး၊“သူတော်ကောင်းတွေ” ကတော့သည်းခံနိုင်မှ၊“အမြတ်တရားကိုကျင့်သုံးနိုင်သူ” လို့ဆိုတယ်မဟုတ်လား
သည်းခံခြင်းကို မှန်ကန်စွာ သဘောပေါက်မယ် ဆိုရင်တော့“ခန္တီပရမံ - သည်းခံခြင်းသည် အမြတ်တရားဖြစ်တယ်။”လို့မြတ်စွာဘုရားဟောတာကိုသဘောပေါက်မယ် ထင်ပါတယ်။
“သည်းခံခြင်း” ဖြင့် “အမြတ်တရား” တို့ကို မွေးမြူနိုင်ကြပါစေ။
-【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Share:

“အချစ်မရှိတဲ့ တစ်နေ့သောအခါ...." ═════════════════════

Image may contain: 1 person


 ❖ တစ်ခါတုန်းက ပရိယတ္တိ ပဋိပတ္တိကျွမ်းကျင်တဲ့
ဆရာတော်တစ်ပါးရှိပါတယ်။
ဆရာတော်က စာလည်းချပါတယ်၊
တရားလည်းဟောပါတယ်၊
သံဃာ့အဖွဲ့အစည်းတွေ၊
ပရဟိတအဖွဲ့အစည်းတွေမှာလည်း ပါနေတော့
စည်းဝေးပွဲတွေလည်း မကြာခဏတက်နေရပါတယ်။
ဆိုလိုတာကတော့ နေ့စဉ်
အလုပ်များနေတဲ့ဆရာတော်ပါ။
တစ်နေ့တော့ ဆရာတော့်မှာ နှလုံးရောဂါပုံစံမျိုး
ရောဂါတစ်ခု ၀င်လာပါတယ်။
❖ ဆရာဝန် ပြကြည့်တော့ ဆရာဝန်က ဘာပြောသလဲ
ဆိုတော့ “ဆရာတော် နှလုံးရောဂါဖြစ်ချင်တဲ့ လက္ခဏာပဲ ဘုရား၊
အဲဒါ ဆရာတော် ဘာအလုပ်မှမလုပ်ဘဲ တစ်လလောက်အနားယူပေးပါဘုရား၊ စာလည်းမချပါနဲ့၊
တရားလည်း လိုက်မဟောပါနဲ့၊
သာရေးနာရေးတွေလည်း မလိုက်ပါနဲ့၊
စိတ်ကိုလည်း အနားပေး၊
ရုပ်ကိုလည်း အနားပေးထားပါဘုရား ” လို့ လျှောက်ပြပြီး
သောက်ဆေးလည်း ပေးလိုက်ပါတယ်။
ဆရာတော်ကလည်း ဆရာဝန်ပြောတဲ့အတိုင်းပဲ
တစ်လအနားယူလိုက်ပါတယ်။ အဲဒီတစ်လအတွင်း
စာလည်းမချ၊ တရားလည်းမဟော၊ သာရေးနာရေးလည်း မလိုက်ဘဲ နေနေလိုက်ပါတယ်။
❖ အဲဒီတော့ ဘာအလုပ်မှမလုပ်ရတော့
အချိန်တွေက တအားပိုနေပါတယ်။
❖ တခြားဘာမှ လုပ်စရာမရှိ တာနဲ့
တရားပဲထိုင်အားထုတ်ပစ်နေလိုက်ပါတယ်။
ဆရာတော်က တရားအားထုတ်ရင်းနဲ့ စိတ်ထဲမှာလည်း
ကျေကျေနပ်နပ်နဲ့ ၀ိပဿာနာဉာဏ်စဉ်လေးတွေ ၀င်လာပါတယ်။
တစ်နေ့တော့ ဆရာတော်ရဲ့ သူငယ်ချင်း
ဆရာတော်တစ်ပါး ကြွလာပါတယ်။
ကြွလာတာကတော့ လူနာမေးကြွလာတာပါ။
စကားတွေပြောကြရင်းနဲ့ ရောဂါဖြစ်နေတဲ့ ဆရာတော်က
ဘာပြောသလဲဆိုတော့
“ဆရာတော်ရယ်၊ တပည့်တော် ဒီရောဂါဖြစ်လိုက်တော့
စာလည်းမချရ၊ တရားလည်းမဟောရ၊ သာရေးနာရေးလည်း
မလိုက်ရ ဆိုတော့ အချိန်တွေက ပိုနေတယ်ဘုရား၊
တရားမှတ်ရင်းနဲ့ ဉာဏ်စဉ်လေးတွေလည်း
ထိုက်သင့် သလောက် ၀င်လာတော့
စိတ်ထဲမှာလည်း အေးအေးချမ်းချမ်းရှိလာတယ်ဘုရား။
တပည့်တော် ဘယ်လို စဉ်းစားမိသလဲဆိုတော့
ငါ့ဒီရောဂါသာမဖြစ်ရင် ဒီလိုအားထုတ်ဖြစ်မှာမဟုတ်ဘူး။
ရောဂါဖြစ်လို့ တရား အားထုတ်ဖြစ်တာလို့
စဉ်းစားမိတယ်ဘုရား။ ပြီးတော့ ရောဂါဖြစ်တာတောင် ကျေးဇူးတင်နေမိတယ်ဘုရား” လို့ လျှောက်ပြပါတယ်။
❖ ဒီတော့ သူငယ်ချင်း အာဂန္တုဆရာတော်ဘုရားက
ဘာပြန်ပြောသလဲဆိုတော့
● “ကပ်ကြီးဆိုက်တော့ လာဘ်ကြီးတိုက်တာပေါ့” ●
လို့ ပြန်ပြောလိုက်ပါသတဲ့။
❖ ကျောင်းထိုင်ဆရာတော်ကလည်း
အာဂန္တုဆရာတော်ပြောတဲ့
“ကပ်ကြီးဆိုက်တော့ လာဘ်ကြီး တိုက်တာပေါ့”ဆိုတဲ့
စကားကို သိပ်သဘောကျသွားပါသတဲ့။
ဒါဟာ ရောဂါဝေဒနာကဝိပသနာကုသိုလ်ဖြစ်ဖို့
အတွက် ကျေးဇူးပြုလိုက်တာပါ။
ရောဂါ ဖြစ်တာကကို ကျေးဇူးတင်စရာ ဖြစ်သွားပါပြီ။
❖ တကယ်တော့ ၀ိပဿနာတရားဟာ နေရာတိုင်းမှာ
အသုံးပြုလို့ရနေတာပါ။ ဒါကကို အံ့သြစရာ ကောင်းနေတာပါ။
ဒီလိုအပြုအမူလေးတွေ ပြုမူနိုင်ဖို့ဆိုတာကလည်း ......
ကိုယ့်မှာ တရားဗဟုသုတလေးတွေ ရှိမှပါ။
တရားဗဟုသုတမရှိပြန်ရင်လည်း အော်လို့ပဲ ငြီးနေရမှာပါ။
တရားဗဟုသုတလေးတွေရှိဖို့ အလွယ်ကူဆုံး ကတော့
စာဖတ်တာပါပဲ။ ပြဿနာကြုံလာတဲ့အခါ ကိုယ်ဖတ်ထားတဲ့
အထဲက တရား ဗဟုသုတ လေးတွေကို ပြန်နှလုံးသွင်းပြီး
ကျင့်သုံး ကျင့်သုံးသွားလို့ရပါတယ်။
ကိုယ်သိထားတဲ့ ဗဟုသုတလေးတွေနဲ့ လက်တွေ့
တစ်ခါအသုံးချကြည့်ဖြစ်တိုင်း တော်တော်ဟုတ်တဲ့
ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိပ်အားရ ကျေနပ်ရတာပါ။
လူ့လောကမှာ အပူဖြစ်စရာတွေ အများကြီးရယ်ပါ။
ကိုယ့်မှာ နှလုံးသွင်းစရာ တရားဗဟုသုတ တစ်ခုခု ရှိနေမှပါ။
မရှိရင် သိပ်ပူလောင်ရတာပါ။
❖ အဓိကရည်ရွယ်ချက်ကတော့ အာရုံဆိုးတွေနဲ့တွေ့တဲ့အခါ
နှလုံးမသွင်းတတ်ဘဲ အမှားတွေ ကျူးလွန်မိမှာ စိုးလို့ပါ။
လောဘကြောင့်သေ ပြိတ္တာပြည်။
ဒေါသကြောင့်သေ ငရဲပြည်။
မောဟကြောင့်သေ တိရစ္ဆာန်ပြည်။
အားလုံးကြားဖူး ရဖူးတဲ့စကားလေးပါ။
❖ ဒါပေမယ့် “သုတ်ပါထေယျအဋ္ဌကထာ စက္က၀တ္တိသုတ်” မှာကျတော့-
လောဘဆိုတဲ့ အငတ်ဘေးကြောင့်သေရင် ပြိတ္တာပြည်။
ဒေါသဆိုတဲ့ လက်နက်ဘေးကြောင့်သေရင် ငရဲပြည်။
“မောဟဆိုတဲ့ အနာရောဂါဘေးကြောင့်သေရင် နတ်ပြည်။”
ဆိုတော့ ကြားဖူးနေကျ စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
အဋ္ဌကထာဆရာက ရောဂါဝေဒနာ ခံစားနေရတဲ့အခါမှာ
ကိုယ်ခံစားနေရတဲ့ ရောဂါလေးတွေကို အာရုံပြုပြီး
“အခုလို ငါစားနေရသလို သတ္တ၀ါတွေ မခံစားရပါစေနဲ့”လို့
မေတ္တာစိတ်ဖြစ်နေမယ်၊ မေတ္တာပို့နေမယ်ဆိုရင်
အဲဒီမေတ္တာစိတ်နဲ့ သေသွားရင် နတ်ပြည် ရောက်မှာပါတဲ့။
ဒါကြောင့် အနာရောဂါနဲ့ သေရင် နတ်ပြည်လို့ ပြောတာပါတဲ့။
ရောဂါဝေဒနာဖြစ်လာတဲ့အခါ ကိုယ်ခံစားနေရတာကို
အာရုံပြုရင်း ကိုယ်ချင်းစာစိတ်မွေးပြီး
“ငါခံစားနေရသလို သူလည်းမခံစားနေရပါစေနဲ့”လို့
မေတ္တာပွားတဲ့နည်းကလည်း တစ်မျိုးစိတ်ဝင်စားစရာပါ။
❖ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ အသုံးချကြည့်လို့ ရလို့ပါ။
ရောဂါဝေဒနာ ကြီးကြီးမှတင်မဟုတ်ပါဘူး။
ဥပမာ-ခေါင်းကိုက်နေရင်လည်း
“ငါခေါင်းကိုက်ဝေဒနာခံစားနေရသလို သူလည်း
မခံစားရပါစေနဲ့”လို့ မေတ္တာပွားလို့ ရပါတယ်။
လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်စိတ်
အစဉ်သဖြင့် ဖြစ်နေဖို့ သိပ်အရေးကြီးတာဆိုတော့
ကိုယ့်ရင်ထဲမှာ မေတ္တာစိတ်ဖြစ်နေရင်လည်း
ကုသိုလ်စိတ် ဖြစ်နေတာပါ။ အဲဒီစိတ်ကလေးနဲ့ ဖြတ်ကနဲ
သေသွားရင်တောင် ကောင်းတဲ့ဂတိ
တစ်ခုခုတော့ ရောက်သွားမှာ အသေအချာပါပဲ။
❖ ဝေဒနာဖြစ်လာပြီဆိုရင် ကိုယ့်မှာ တရားဗဟုသုတလေးတွေရှိနေမှ
အဲဒီတရားဗဟုသုတလေးတွေနဲ့ နေနေမှ အဆင်ပြေတာပါ။
အဲဒီလိုမှမဟုတ်ဘဲ ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းမခံနိုင်ဘဲ၊
အော်ဟစ်ငြီးတွားနေမယ်ဆိုရင် ပိုလို့ပဲ စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲဖြစ်ရမှာပါ။
အကောင်းဆုံးကတော့ ဝေဒနာဖြစ်လာပြီဆိုရင်
တရားလေးနဲ့နေတာကတော့ အကောင်းဆုံးပါပဲ။
ဂုဏ်တော်ပဲပွားပွား ၊ မေတ္တာပဲပွားပွား၊
ဝိပဿနာပဲပွားပွား တစ်ခုခုကို ပွားနေဖို့ပါ။
ဒါမှမဟုတ် ဂုဏ်တော် တစ်လှည့်ပွားလိုက်၊
မေတ္တာတစ်လှည့်ပွားလိုက်၊ ၀ိပဿနာတစ်လှည့်ပွားလိုက်
တစ်လှည့်စီပွားနေလို့လည်း ရပါတယ်။
ရှေ့က အာဂန္တုဆရာတော်ဘုရားပြောသလို
ဝေဒနာဖြစ်လာတာ ကိုယ့်အတွက်
လာဘ်ကြီးလာတိုက်တာပါ။
❖ ဝေဒနာဖြစ်လာတော့ ဘာအလုပ်မှ လုပ်စရာမလိုတော့ဘဲ ၊
အချိန်တွေ အပြည့်ရနေတာပါ။
လူတစ်ယောက်ရဲ့ ဘ၀မှာ
အဲဒီလို အချိန်ပြည့်ရဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။
ဒီတော့ ကိုယ်က
“ဒါဟာ ငါ့အတွက် မဟာအခွင့်အရေးကြီးပဲ”
ဆိုပြီး တရားကို ဖိအားထုတ်ပစ်ဖို့ပါ။
ရောဂါဖြစ်နေတုန်း တရားအားထုတ်တာဟာ တစ်ဖက်က ဘုရားဆေးနဲ့ ကုပေးနေတာပါ။
လောကီ ဆေးသက်သက်တင်
မဟုတ်ဘဲ ၊လောကုတ္တရာဆေးပါပေါင်းကုလိုက်တော့ ရောဂါအတွက်
တစ်ခုခုတော့ အထောက်အကူပြုသွားမှာပါ။
❖ လူတိုင်းမဟုတ်ပေမယ့် တစ်ချို့ ကုလို့မရတော့တဲ့ ရောဂါတွေ ၊
ဝိပဿနာတရားအားထုတ်ရင်း ပျောက်သွားတဲ့သာဓကတွေ
ကိုယ်တွေ့ဖြစ်ရပ်တွေကို စာတွေထဲမှာ ပြန်ရေးပြထားတာတွေ ဖတ်ကြရဖူး မှာပါ။
တစ်သက်လုံး နာလာခဲ့တဲ့ဒူး တရားအားထုတ်လိုက်မှ
ပျောက်သွားတာ၊ ဗိုက်ထဲကအလုံး တရားအားထုတ်ရင်း
ပျောက်သွားတာ စသည်ဖြင့် အများကြီးပါပဲ။
❖ တစ်ချို့ ရောဂါဝေဒနာတွေဟာ စိတ်ဆင်းရဲမှုကြောင့်
ရောဂါပိုဆိုးသွားရတောတွေ အများကြီးရှိ ပါတယ်။
ဒါက အားလုံးသိပါတယ်။ ရောဂါဖြစ်နေချိန်မှာ
စိတ်ချမ်းသာနေဖို့ သိပ်အရေးကြီးပါတယ်။
စိတ်ချမ်းသာဖို့အတွက် ၀ိပဿနာတရားက
သိပ်အဓိက ကျတာပါ။
စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲမှာ အကုသိုလ်ကိလေသာတစ်ခုခု
ဝင်နေလို့ပါ။ ၀ိပဿနာတရားမှတ် နေရင် အကုသိုလ်
ကိလေသာတွေ တဒင်္ဂ ငြိမ်းနေတာပါ။ ရင်ထဲမှာ
အကုသိုလ်ကိလေသာ ငြိမ်းနေရင် စိတ်ချမ်းသာနေရတာပါ။
ဒါကြောင့် ရောဂါဝေဒနာ ဖြစ်လာရင် စိတ်မဆင်းရဲဖို့နဲ့
ဝိပဿနာတရားလေးကို အထောက်အကူ အဖြစ် ယူထားသင့်ပါတယ်။
ခန္ဓာရှိနေတဲ့အတွက် ဝေဒနာကလည်း ရှိနေမှာပါ။
ခန္ဓာမရှိမှသာ ဒီဝေဒနာက မရှိတော့မှာပါ။
ခန္ဓာမရှိဖို့အတွက်လည်း ဒီခန္ဓာကြီးကိုပဲ ပြန်အားကိုးရမှာပါ။
ပြန်အသုံးချရမှာပါ။
❖ ဘာပဲပြောပြော လူ့ဘ၀နေရတာကကို သိပ်ပြီး ကံကောင်းနေတာပါ။
ဘာဖြစ်လို့လဲဆိုတော့ လူ့ပြည်မှာ စိတ်ကြိုက်ကုသိုလ်တွေ ပြုခွင့်ရနေလို့ပါ။
ဒါနပဲပြုပြု သီလပဲဆောက်တည်ဆောက်တည်၊
ပရဟိတပဲလုပ်လုပ်၊ သမထပဲပွားပွား၊ ၀ိပဿနာပဲပွားပွား
ကိုယ်ကြိုက်ရာကို ကြိုက်သလို ပြုခွင့်ရနေလို့ပါ။
❖ အချစ်ကြောင့် သောကရောက်လို့ပဲ အားထုတ်အားထုတ်၊
ပါရမီဖြစ် ကုသိုလ်ဖြစ်ပဲ အားထုတ် အားထုတ်၊
စိတ်ချမ်းသာဖို့ သက်သက်အတွက်ပဲ အားထုတ်အားထုတ်၊
စိတ်ဆင်းရဲမှုတွေ ပျောက်ဖို့ အတွက်ပဲ အားထုတ်အားထုတ်၊
ဘယ်လိုအကြောင်းကြောင့်ပဲ အားထုတ်အားထုတ်၊
ဝိပဿနာတရားကို အားထုတ်ဖြစ်နေတာကကို
လူ့ဘ၀ရခိုက်မှာ အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေတာပါပဲ။
❖ “အချစ်မရှိတဲ့ တစ်နေ့သောအခါ” ဖြစ်အောင်
ကိုယ်စီကြိုးစားရမှာပါ။ ဘယ်တော့
ရောက်ဖြစ် ကြမယ်တော့ မသိပါဘူး။
သံသရာအဆက်ဆက် ချစ်ခဲ့ရတဲ့အချစ်တွေကလည်း
မနည်းတော့ပါဘူးလေ။ ဘာပဲပြောပြော
“အချစ်မရှိတဲ့ တစ်နေ့သောအခါ”ဖြစ်ဖို့အတွက်
ဝိပဿနာတရားမှတစ်ပါး အခြားမရှိတာတော့
အမှန်ပါပဲလေ။
══════════
ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)
credit - မိုးဝင်း
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
❖ ဓမ္မမိတ်ဆွေများ facebook အသုံးပြုရင်း
အသိပညာဗဟုသုတနှင့် ကုသိုလ်တရားများ
စဉ်ဆက်မပြတ်တိုးပွားနိုင်ကြပါစေခင်ဗျာ။
❖ စာဖတ်သူဓမ္မမိတ်ဆွေအပေါင်း
ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ ကောင်းကျိုး
လိုရာဆန္ဒများ ပြည့်စုံပါစေ … … … … … …
Thank - Ko Lin.
Share:

"အရှင်ဘုရား တပည့်တော်တို့ရဲ့  ရန်သူတော်ကြီး ရှင်ဒေဝဒတ် မြေမြိုသွားပါပြီဘုရား" လို့ ညီတော်အာနန္ဒာက အားရဝမ်းသာ လျှောက်တင်ပါတယ်။
အဲဒီအခါ မြတ်စွာဘုရားက "အရှင်ဒေဝဒတ်ရဲ့ကျေးဇူးကား ငါဘုရား၊ ငါဘုရားရဲ့ဓမ္မနှင့် သံဃာအပေါ် ကျေးဇူးကြီးစွ"လို့မိန့်တော်မူပါတယ်။
ဒါကိုညီတော်အာနန္ဒာသဘောမပေါက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ညီတော်အနန္ဒာ က သောတာပန် ရဟန်း၊ မြတ်စွာဘုရားက သဗ္ဗညုတ ဥာဏ်တော်ရှင်ပါ။ သဗ္ဗညုတ ရွှေဥာဏ်တော် ကို သာမာန်ပုထုဇဉ်ရဟန်းရဲ့ ဥာဏ်ကမလိုက်နိုင်၊ လိုက်မမှီပါ။ ဒါပေမဲ့ ညီတော်အာနန္ဒာသိထားတာက မြတ်စွာဘုရားတို့မည်သည် ဘယ်သောအခါမှ အဓိပ္ပါယ်မဲ့စကားကို ပြောလေ့မရှိပါ။ ဒါကြောင့်သူနားလည်ဖို့ ညီတော်အာနန္ဒာက "အရှင်ဘုရား ရှင်းလင်းတော်မူပါဘုရား" လို့ထပ်လျောက်တင်တော့ မြတ်စွာဘုရားက "ချစ်သားအနန္ဒာ ရှင်ဒေဝဒတ်ကား ငါဘုရား၏ရန်သူမဟုတ်၊ ငါဘုရား၏ ပါရမီဖြည့်ဖက်သာ ဖြစ်ပေသည်" လို့ထပ်မိန့်သတဲ့။
ညီတော်အာနန္ဒာက" အကျယ်ရှင်းပါဘုရား" လို့လျှောက်တဲ့အခါ မြတ်စွာဘုရားက"ငါဘုရား ဒီပင်္ကရာ ဘုရားရှင်လက်ထက်တော် ဘုရားဆုပန်ပြီးသည့်အချိန်ကစလို့ အခုဘုရားဖြစ်တဲ့ဘဝအထိ ရှင်ဒေဝဒတ်ဟာ ငါဘုရားကို အမြဲဆန့်ကျင်ခဲ့တယ်။ သူကဆန့်ကျင်လေ ငါကကောင်းအောင်လုပ်လေပဲ၊ ငါဘုရားပါရမီတော်နုနယ်စဉ်ကာလတွေမှာ လုပ်ခဲ့တဲ့အမှားတွေကို သူက အပြစ်တင် အပုပ်ချတယ်၊ ငါဘုရားက အဲဒီလိုပြောတာတွေကို အပြစ်မမြင်ခဲ့ပါ။ နောက် သူအပြောမခံရအောင် ကောင်းအောင်ပိုပြီး ကြိုးစားပြင်ခဲ့ပါတယ်။ သူ့ ရဲ့ကောင်းမှု့ကြောင့် ပါရမီတွေ ရင့်သန်မှုတွေမြန်ခဲ့တယ်။ ဘုရားဖြစ်လာတဲ့ယခုဘဝမှာတောင် ရှင်ဒေဝဒတ်ကြောင့်သာ ငါဘုရားနဲ့ဓမ္မဟာ အခုလောက်မြန်မြန် ဂုဏ်သတင်းမွှေးပြီး ငါဘုရားရဲ့သံဃ အဖွဲ့အစည်းဟာလည်း ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းနိုင်ခဲ့တာ၊ ရှင်ဒေဝဒတ်က သူ့ရဲ့အဓမ္မနဲ့ပြိုင်လေ၊ ဖျက်လေ၊ ငါဘုရားရဲ့ ဓမ္မဂုဏ်သတင်းတက်လေ၊ ရှင်ဒေဝဒတ်သံဃအဖွဲ့အစည်းကိုဖျက်လိုဖျက်ဆီးလုပ်လေ၊ သံဃိကအဖွဲ့က ပိုမိုကျစ်လစ်ခိုင်မာလေပဲ၊ ငါဘုရားကို ဆန့်ကျင်တာလုပ်ရင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင် ပါရမီဖြည့်လိုက်တာ ဒီဘဝမှာမြေမြို အဝီစိငရဲမှာ ကျခံရတဲ့အထိ ပါရမီဖြည့်သွားတာမို့ ကျေးဇူးရှင်လို့ဆတိုတာပါ ချစ်သား အာနန္ဒာ" တဲ့။
(ဒေါက်တာမောင်သင်း၊ အတွေးအမြင် ၂၀၁၁ ဖေဖေါ်ဝါရီ စာ-၆၄)
တကယ်တော့လူအများစု စဉ်းစားတာ နားလည်မိတာက မိမိရဲ့ အကြိုက်ကို လိုက်လုပ်ပေးနေတာ၊ ကူညီနေတာ ၊ လိုတာလိုက်လဲဖြေ့ဆည်းပေးနေတာတွေနဲ့ ဘေးမှာ လာပြုစုပေးတာကို ဘဲ ပါရမီဖြည့်ဖက်လို့ နားလည်ကြ မြင်ကြမှာပါဘဲ။
တကယ်တော့ မျက်မွေးတစ်ဆုံး သာမကြည့်ဘဲ မျက်စိတစ်ဆုံးသာကြည့်တတ်ရင် ကိုယ့်ဘဝဘဝမှာ ဖြည့်ဆည်း ဖို့ ပါရမီတွေ ပြည့်ဖို့ လိုတာတွေက ကိုယ့်အကြိုက်လိုက်သူရော မလိုက်သူရော၊ ချစ်သူရောမုန်းသူရော၊ ပညာတတ်ရောပညာမဲ့ရော၊ ဥစ္စာရှိရော ဥစ္စာမဲ့ရော အကုန်ဖြစ်နိုင်ပါတယ်။
ခန္တီပါရမီပြည့်ဖို့ နှိပ်စက်သူလိုသလို ၊ သီလပါရမီပြည့်ဖို့ မြူဆွယ်သူ လိုပါတယ်။ ဘဝမှကြုံတွေရတာတွေကို ကိုယ့်စိတ်ကနေ ဒီအဖြစ်အပျက်တွေကို တည်မှီပြီး စိတ်က ဖြစ်ပျက်ကြတာမို့ ပတ်ဝန်းကျင် သက်ရောက်မှု့တခုတည်းက တစ်ဦးကို ကုသိုလ်ဖြစ်စေပြီး နောက်တဦးကို အကုသိုလ်ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် တခါက ဘုန်းတော်ကြီးတစ်ပါးဟာ သူကျောင်းတိုက်နား လားပြီး ရန်ဖြစ်ရင်းလုံးထွေးသတ်ပုတ် ဆူညံ့နေတာ ကို ဘုန်းကြီးကျောင်းနား လာဆူညံ့ရဦးလားလို့ မတွေးဘဲ ကိုရင်တွေဥူးဇင်းတွေ ခေါ်ပြီး ၊"မောင်ရင်တို့ကို ဒေါသ မောဟ အကြောင်းတရားလာပြပေးတဲ့ ဒီ ဒကာမကြီးတွေကို ရေတိုက် ငှက်ပျောသီးသွားကျွေးပြီး ကျေးဇူးဆပ်ချေ" လို့ မိန့်တော်မူသတဲ့။
ဒါကြောင့် ကုသိုလ် အကုသိုလ်ဆိုတာ သူများက၊ပတ်ဝန်းကျင်က ကိုယ့်ကိုပေးတာမဟုတ်ပါဘူး၊ ကိုယ်ကယူသလို ရနေတာပါလို့ ဆိုရမှာဖြစ်ပါတယ်။ ကိုယ့်ကို ဆဲနေလဲ ကိုယ်မခံယူရင် ကိုယ်မရပါဘူး ဆိုတာ ဘုရားဟောခဲ့ဘူးပါတယ်။
မြတ်စွာဘုရား ဒေဝဒတ်ကို မြင်သလို ကိုယ့်ပြိုင်ဖက် အတိုက်ခံကို ကျေးဇူးရှင်လို့မြင်တတ်ရင် ကိုယ်ဘဝ ပိုမိုတောက်ပြောင်မှာ သေချာပါတယ်။
တစ်ခါ ငယ်ငယ်က အတန်းမှာ မေးမဲ့မေးခွန်းတွေ ပြောပြပြီး စာမေးပွဲလွယ်လွယ်အောင်ခဲ့တဲ့ ဖျက်ဆီးမှု့ဟာလဲ အဆိုးပါရမီကိုဖြည့်တာဖြစ်ပြီး ကိုယ်ပညာမတတ်တဲ့ အကျိုး စာမကြိုးစားဖြစ် အတတ်ပညာ နားမလည်တော့တဲ့ အခြေခံမရခဲ့တဲ့ အပြစ်ဖြစ်တတ်ပါတယ်။
ပါရမီဖြည့်ဖက်အမည်ခံပြီး အရာရာကို အလိုက်တသိ လိုက်ဖြည့်တင်းတတ်သူတွေ ကိုယ့်ကို သာယာစေသူတွေရဲ့ ထိတွေ့မှု့ ကို မက်မောမိသူ၊မိန်းမောမိသူ၊သာယာမိသူတွေ ဘဝပျက်ကြ၊ ကျဆုံးပျက်ဆီးကြတာလည်း သမိုင်းမှာ အရည်တွက်နိုင်အောင်ပါဘဲ။
ဒါကြောင့် သံသရာခရီးမှာမဖြစ်မနေလျှောက်လှန်းနေရသူတွေအဖို့ ပါရမီဖြည့်ဖက်ဆိုတာ အတိုက်ခံလဲပါတယ်ဆိုတာကို သတိပြုမိလို့ရေးမိတာပါ။ အားလုံးလွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြပါတယ်။
Share:

တံမြက်စည်း .......,,,,,......

 
တခါတုံးက တံမြက်စည်းသည်ကြီးက တံမြက်စည်းနှစ်ချောင်းကိုရောင်းချခဲ့တယ် ဝယ်တဲ့သူက တစ်ချောင်းကို အိမ်ပေါ်မှာလှည်းဖို့နဲ့ တစ်ချောင်းက မြေကြီးမှာလှည်းဖို့ဆိုပြီး ဝယ်ခဲ့တာပေါ့။
မြေကြီးမှာ အလှည်းခံရတဲ့ တံမြက်စည်းက နေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်း ကျင်ကြီးကျင်ငယ်တွေနဲ့ထိရ ကြမ်းတမ်းတဲ့ ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့ သူ့ဘဝဟာ ကြမ်းသထက်ကြမ်းလာတယ်တဲ့။
ဒီဟာကိုကြည့်ပြီး သူ့ဘဝသူ အားငယ်တတ်လာတယ် အိမ်ပေါ်မှာ နေရတဲ့တံမြက်စည်းလေးဖြစ်ရင် သိပ်ကောင်းမှာ သူ့ဘဝကျတော့ နေလဲမပူ ကြမ်းတဲ့ကျောက်စရစ်တွေနဲ့မတွေ့ရ ကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့ သူ့ဘဝသာယာနေမှာဘဲဆိုပြီး သူ့မိတ်ဆွေ အိမ်ပေါ်လှည်းခံရတဲ့ တံမြက်စည်းကို အားကျနေတယ်တဲ့။
နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့ သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲ ငါလိုဘဝမကြမ်းလောက်ဘူး ငါလဲသူ့လိုဘဝရောက်ရင်သိပ်ကောင်းမှာပဲဆိုပြီး အမြဲတွေးပြီးနေတတ်တယ်တဲ့။
ဒါနဲ့တနေ့ သူ့သူငယ်ချင်းတံမြက်စည်းကို လှေခါးနားမှာ ဆုံမိကြတယ်တဲ့ စကားပြောဖြစ်ကြတယ်ပေါ့ အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့ တံမြက်စည်းက သူငယ်ချင်း မင်းဘဝက သိပ်သာယာတာပဲကွာ။
ငါ့လိုမကြမ်းတမ်းဘူး မကောင်းတဲ့ရနံ့တွေနဲ့ မထိတွေရဘူး မင်းဘဝကသိပ်ပျော်စရာကောင်းမှာပဲလို့ပြောရှာသတဲ့ မင်းလိုဘဝမျိုးနေချင်လိုက်တာဟု ခဏခဏပြောသတဲ့။
ဒါနဲ့အိမ်ပေါ်က တံမြက်စည်းကပြန်ပြောလိုက်တာက တကယ်တော့ အပြင်မြင်ရင်တော့ သာယာတယ်မင်းထင်ချင်ထင်လိမ့်မယ် မသာယာပါဘူးကွာ လင်မယားချင်းရန်ဖြစ်လဲ ငါ့ကိုဆွဲပြီး ရိုက်ကြတယ် တယောက်နဲ့တယောက်ဆွဲကြ လုကြတယ်။
သားသမီးရိုက်ပြီးဆိုလဲ ငါ့ကိုအသုံးပြုတယ် ဒါနဲ့တယောက်နဲ့တယောက်ဆွဲကြလုကြပြန်ရော ငါ့ဘဝက မင်းလိုမကြမ်းတမ်းပေမဲ့ နေ့စဉ် နားငြီးရသလို နာကျင်တဲ့ဝေဒနာခံစားရတယ် စိတ်ရှုပ်ရတယ်။
ငါက ပင်ပန်းတာမခံရပေမဲ့ စိတ်ရှုပ်စရာကြီးပါ နောက်ပြီးငါ့ကိုဘယ်နားမှာထားတာလဲ မင်းသိလား ခြေနင်းခုံနားမှာထားတာ ဟိုလူလာလဲ တိုက်သွား နင်းသွား နဲ့ မင်းကွာ သေချင်စော်ကိုနံရောလို့ပြောပြလိုက်တော့ အိမ်အောက်တံမြက်စည်းက သူ့ဘဝသူကျေနပ်သလိုခံစားရသွားတယ်တဲ့။
သူကတွေးလိုက်သည်မှာက ဪ.. အပြင်ပုံသဏ္ဌာန်လှပေမဲ့ ဘဝဒုက္ခထွေထွေက ငါ့ထက်များလှပါလား တကယ်တော့ ငါ့ဘဝက ကြမ်းပေမဲ့ သူ့လောက်မဆိုးသေးပါလားလို့ တွေးပြီး ခေါင်းငုတ်ကာ သူငယ်ချင်းနှစ်ယောက် သူ့နေရာသူပြန်ကြသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ
လောကလူတွေလဲ ပုံပြင်လေးထဲကလို အပြင်မှာကြမ်းလို့လဲ စိတ်မပျက်နဲ့ အိမ်ကောင်းကောင်းနဲ့နေနေရတယ် သင်းပျံ့တဲ့ရနံ့တွေကြားမှာနေနေရတယ် ဆိုပေမဲ့လဲ အားမကျနဲ့ အပြင်လှပြီး အတွင်းပုတ်တာတွေအများကြီးပါ။
တကယ်တော့ ကိုယ်ရထားတဲ့ဘဝလေးကို အကျိုးရှိရှိပေးဆပ်ပြီး လောကကို အလှဆင်ခွင့်ရနေတာလေးကိုက ကျေနပ်စရာဖြစ်အောင် ကြိုးစားပြီးနေထိုင်သင့်ပါတယ် အပြင်မှာကြမ်းပေမဲ့ အတွင်းမှာ သင်းပျံ့တဲ့ရနံ့ရှိအောင် ကြိုးစားပြီးနေထိုင်မယ်ဆိုရင် ဘဝဟာသာယာပါတယ်။
မေတ္တာဖြင့် အရှင်စန္ဒာဝရ(တောင်တွင်း)
Share:

ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း (၁၅၀) ~~~~~~~~~~~~~~~~~~~~~~~



 ဘဝမှာ နေတတ်ထိုင်တတ်ဖို့လည်း သိပ်အရေးကြီးတယ်။ မနေတတ်ရင် အသေမမြတ်ဘူး။ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓအလိုကျ ဘဝနေနည်းနဲ့ နေနိုင်ရင် အကောင်းဆုံးပဲ။ ဘုရားရှင်တိုင်းက ဘဝနေနည်း (၃)မျိုးကို လမ်းညွှန်ပေးတယ်။
(၁) အပြစ်ကင်းအောင် နေရမယ်
(၂) အကျိုးရှိအောင် နေရမယ်
(၃) စိတ်ချမ်းသာအောင် နေရမယ်တဲ့။
အပြစ်ကင်းအောင် နေဖို့ဆိုရင် အကုသိုလ်ကို ရှောင်ရမယ်တဲ့။ အကုသိုလ်ရဲ့ သဘောကိုက အပြစ်နဲ့တကွဖြစ်ခြင်း၊ မကောင်းတဲ့အကျိုးကို ပေးခြင်း လက္ခဏာရှိတာဖြစ်တဲ့အတွက် အကုသိုလ်တွေ လုပ်မိနေရင် အပြစ်တွေရှိနေမှာဖြစ်ပြီး အပြစ်ကင်ခြင်းရင် အရင်ဆုံး အကုသိုလ်မဖြစ်အောင် နေတတ်ဖို့ပဲ။
အကျိုးရှိအောင် နေဖို့ဆိုရင် ကုသိုလ်ရအောင် နေရမယ်တဲ့။ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ရှိရှိ ကုသိုလ်မရှိရင် ဘဝအတွက် အကျိုးမရှိဘူး။ ကုသိုလ်မရတဲ့ ဘဝရာထူး၊ ဂုဏ်ပကာသနာတွေဆိုတာဟာလည်း ဘယ်လောက်ပဲမြင်မြင့် ဘဝတင့်ဘူး။ စီးပွားရှာရင်း ကုသိုလ်ရှာနိုင်မှ ဘဝဟာပိုပြီး အကျိုးသာတယ်။
စိတ်ချမ်းသာအောင် နေဖို့ဆိုရင် ကိလေသာမဖြစ်အောင် နေရမယ်တဲ့။ ကိလေသာဆိုတာ စိတ်ကိုညစ်ညူးစေတတ်၊ ညစ်နွမ်းစေတတ်တဲ့ သဘောရှိတယ်။ လောဘရှိတဲ့စိတ်ဟာ ညစ်တဲ့စိတ်၊ ဒေါသရှိတဲ့စိတ်ဟာ ညစ်တဲ့စိတ်၊ မောဟမာနစတာတွေ ရှိနေတဲ့စိတ်ဟာ ညစ်နေတဲ့စိတ်၊ မသန့်ရှင်းတဲ့စိတ်ပဲ။ စိတ်မညစ်ချင်ရင် ကိလေသာအဖြစ်မခံနဲ့။ ကိလေသာ မဖြစ်ဖို့ဆိုရင် သတိရှိရမယ်။ သတိရှိနေတဲ့စိတ်ဟာ အညစ်အကြေးကင်းပြီး သန့်ရှင်းနေတဲ့ စိတ်ပဲ။ စိတ်သန့်ပြီး မညစ်တော့ဘူးဆိုရင် ဘယ်မှာပဲနေနေ စိတ်ချမ်းသာတဲ့ ဘဝနေနည်းပဲပေါ့။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
(ယနေ့ည ဓမ္မသဘင် ပထမပွဲ ဒဂုံ၊ မတ္တရာကျောင်း ရေစက်ချ၊ ဒုတိယပွဲ မေတ္တာညွန့် ခေမာသီရိလမ်းတွင် တရားဖြင့် အလှဆင်မည်။)
Share:

အဖြူ အမည်း မရောတဲ့ ဒါန ••••••••••••••••••••••

Image may contain: one or more people, people standing and outdoor


အခါတစ်ပါး ဘုရားရှင်ဟာ ဝေသာလီပြည် မဟာဝုန်တော ပြသာဒ်အဆောင်ပေါက်သော ကျောင်းမှာ သီတင်းသုံး စံတော်မူတော်တယ်။ ထိုအခါ သီဟစစ်သူကြီးဟာ ဘုရားရှင်ထံတော်ပါး ချဉ်းကပ်ရှိခိုးပြီး..
“ အရှင်ဘုရား... အလှူပေးတဲ့ အတွက် ယခုဘဝ ရရှိခံစားရတဲ့ အကျိုးကို သိခြင်းငှာ စွမ်းနိုင်ပါသလား“ လို့ လျှောက်ထားတယ်။ ဘုရားရှင်က “စွမ်းနိုင်တယ်“လို့ မိန့်တော်မူပြီး-
အို ..သီဟစစ်သူကြီး
(၁) ပေးလှူတတ်တဲ့ အလှူရှင်ကို များစွာသော လူတို့က ချစ်မြတ်နိုးကြတယ်၊ ဤလို ချစ်မြတ်နိုးခြင်းဟာ ဒါနရဲ့ ပစ္စုပ္ပန်အကျိုးဖြစ်တယ်။
(၂) နောက်တစ်မျိုးက အလှူရှင်ထံကိုငြိမ်သက် တည်ကြည်သော စိတ်ထားရှိတဲ့ သူတော်ကောင်းများ ချဉ်းကပ်လာရောက်တတ်ကြတယ်။ ဤသူတော်ကောင်းများ ချဉ်းကပ်လာရောက်တတ်ခြင်းဟာလည်း ဒါနရဲ့ ပစ္စုပ္ပန်အကျိုး ဖြစ်တယ်။
(၃) နောက်တစ်မျိုးက အလှူရှင်ဟာ ထင်ပေါ်ကျော်ကြားမှူနှင့် ပြည့်စုံတယ်၊ ဤသို့ ထင်ပေါ်ကျော်ကြားမှူနှင့် ပြည့်စုံရခြင်းဟာလည်း ဒါနရဲ့ ပစ္စုပ္ပန်အကျိုး ဖြစ်တယ်။
(၄) နောက်တစ်မျိုးက အလှူရှင်ဟာ ရဲဝံ့တဲ့ မျက်နှာနှင့် ပရိသတ်များထံသို့ ရွှင်ရွှင်ပျပျ ချဉ်းကပ်နိုင်တယ်၊ ဤသို့ ချဉ်းကပ်နိုင်ခြင်းဟာလည်း ဒါနရဲ့ ပစ္စုပ္ပန်အကျိုး ဖြစ်တယ်။
(၅) နောက်တစ်မျိုးက အလှူရှင်ဟာ သေခါနီးအချိန်မှာ စိတ်နှလုံးကြည်လင်တယ်၊ စိတ်နှလုံး ကြည်လင်တဲ့ အတွက် သေပြီးသည်မှ နောက်ကာလ၌ ကောင်းသောလားရာဖြစ်တဲ့ နတ်ပြည်လောကသို့ ရောက်နိုင်တယ်၊ ဤသို့ သေပြီးသည့်နောက် နတ်ပြည်သို့ ရောက်ရခြင်းဟာ တမလွန်အကျိုး ဖြစ်တယ်။
ဒီဒေသနာတော်က ဒါနတရားဟာ တမလွန်အကျိုး၊ နိဗ္ဗာန်အကျိုးကိုသာမဟုတ် ယခု ပစ္စုပ္ဗန်အကျိုးကိုလည်း ပေးနိုင်တယ်ဆိုတာ ညွှန်ပြတဲ့ ဒေသနာတော် ဖြစ်ပါတယ်။
ထိုနောက် သမ္ပဒါလေးချက်နှင့် ပြည့်စုံပါလျှင် ကာကဝလ္လိယသူဌေး၊ ပုဏ္ဏသူဌေးတို့လို ယခုဘဝမှာပင် ဒါနက ချက်ချင်း အကျိုးပေးနိုင်ပါတယ်။ သမ္ပဒါလေးပါး ဆိုတာက...
(၁) ပစ္စယဓမ္မိက = အလှူရှင်က စင်ကြယ်သာ အလှူဝတ္ထုပစ္စည်းဖြစ်ခြင်း။
(၂) စေတနာမဟတ္တ = အလှူရှင်က စေတနာသုံးတန် လွန်ကဲမွန်မြတ်ခြင်း။
(၃) ဂုဏတိရေက = အလှူခံပုဂ္ဂိုလ်တို့တွင် ဂုဏ်အားဖြင့် လွန်ကဲမြင့်မြတ်သော ရဟန္တာပုဂ္ဂိုလ်ဖြစ်ခြင်း။
(၄) ဝတ္ထုသမ္ပတ္တိ = ထိုရဟန္တာ အရှင်မြတ်တို့ နိရောဓသမာပတ်မှ ထခိုက်ကြုံခြင်း တို့ဖြစ်ပေတယ်။
အလှူရှင်ဘက်ကလည်း ဖြူစင်သော စိတ်ထား၊ အလှူခံဘက်ကလည်း ဖြူစင်တယ် ဒါမျိုးကို အဖြူအမည်း မရောတဲ့ ဒါနမျိုးပါ။ ချဲ့ပါဦးအံ့ - အင်္ဂါငါးပါးနှင့် ပြည့်စုံရမယ်။ (၁) အလှူရှင်ကလည်း သီလနဲ့ ပြည့်စုံရမယ်။(၂) အလှူခံကလည်း သီလနဲ့ ပြည့်စုံရမယ်။ (၃) လှူဖွယ်ကလည်း တရားသောနည်းနဲ့ ရှာထားတာဖြစ်ရမယ်။ (၄) အလှူရှင်က စေတနာဖြူစင်ရမယ်။ (၅) ကံ ကံနှင့် အကျိုးကို ယုံကြည်သက်ဝင်သော သဒ္ဓါတရားနှင့် ပြည့်စုံရပါမယ်။ ဒါကြောင့် အချို့သံဃာတော်တွေက အလှူမခံမီ အလှူရှင်တို့အား ငါးပါးသီလစသည်ပေးတတ်ကြပါတယ်။ သီလယူလိုက်တဲ့အတွက် အလှူပြုစဉ် အလှူရှင်ဘက်က သီလနဲ့ ပြည့်စုံစေပါတယ်။
အချို့သော ပုဂ္ဂိုလ်များကတော့ နိဗ္ဗာန်ဆိုတာ ဘယ်မှာမှန်းမှ မသိသေး၊ သံသရာလောကဆိုတာကိုလည်း သူပြောလူပြောမျှနှင့် မယုံရခက် ယုံရခက်ဖြစ်နေကြတယ်။ ထိုပုဂ္ဂိုလ်များအတွက် သချုင်္ီင်းကုန်းရဲ့ ဟိုဘက်မှာမှ ခံစားရမည့် အကျိုးတရားဟာ ဘာမျှ တန်ဖိုးမရှိပါဘူး။ ဒါကြောင့် ဒါနဟာ လက်တွေ့ အားဖြင့် ဘာအကျိုးရှိသလဲ။ ငွေကုန် လူပန်းမျှသာ အကျိုးရှိတယ် မဟုတ်လားလို့ မေးစရာရှိပါတယ်။ အမှန်မှာ ဒါနတရားဟာ ကွယ်လွန်မှ အကျိုးခံစားရတဲ့ တရားမဟုတ်ပါဘူး။ ယခုဘဝမှာလည်း လက်ငင်းဒိဋ္ဌအကျိုးပေးတဲ့ တရားမြတ်ဖြစ်ပါတယ်။
အလှူရှင်တွေဘက်က ပြည့်စုံသလောက်ပြည့်စုံနေပေမယ့်။ ဒါနရဲ့ အကျိုးတွေက ဘာကြောင့်နည်းနေရသလဲ။ အလှူခံပုဂ္ဂိုလ် ရဟန်းတော်များလည်း လိုအပ်ပေတယ်။ အလှူခံထိုက်သော ရဟန်းရဲ့ အင်္ဂါသုံးပါးရှိပါတယ်။
(၁) ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံခြင်း ဟူသော အဆင်းနှင့်ပြည့်စုံခြင်း။
(၂) အကုသိုလ်တရားတို့ကို ပယ်ရန်၊ ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် အပြင်းအထန် အားထုတ်ခြင်း ဟူသော ခွန်အားဗလနှင့် ပြည့်စုံခြင်း။
(၃) အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၍ နေခြင်းဟူသော လျင်မြန်ခြင်းနှင့် ပြည့်စုံခြင်း တို့ဖြစ်ပေတယ်။
မြန်မာတိုင်းရင်းသားတွေဟာ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ အလှူရေစက်လက်နှင့်မကွာ လှူချင်တန်းချင်သူတွေ အလွန်ပေါများတယ်။ အချို့ပုဂ္ဂိုလ်များကတော့ ဒါကို အကွက်ကောင်းယူပြီး မတရား အလှူခံချင်ကြပါတယ်။ လောကမှာ အလှူခံနှစ်မျိုးရှိတယ် - (၁) ဘုန်းကြီးများ နှင့် (၂) သူတောင်းစား ဖြစ်တယ်။
ဤအလှူခံနှစ်မျိုးဟာ မူအားဖြင့်လည်းမတူဘူး၊ အလှူခံယူပုံချင်းလည်းမတူပါဘူး။ သူတောင်းစားက ရသမျှ တောင်းပြီး ကာမဂုဏ်ခံစားရုံသာ ရှိတယ်။ ဘုန်းကြီးကတော့ ရသမျှမတောင်းရဘူး။ တောင်းလို့ရတော့ သုံးဆောင်ပြီး ဂန္တဓုရ ၊ ဝိပဿနာဓုရဆိုတဲ့ သာသနာ့အလုပ်ကို လုပ်ရတယ်။ အလှူခံယူပုံ အခြင်းအရာကလည်း သူတောင်းစားက ပါးစပ်က သနားစရာ တွတ်တီးတွတ်တာ ပြောပြီးတောင်းတယ်။ သနားစရာကိုယ်အင်္ဂါကို ထုတ်ပြီးတော့ တောင်းတယ်။ သီချင်းဆိုပြီးတောင်းတယ်။ ဘုန်းကြီးကတော့ မဖိတ်မန်ထားဘဲ ပါးစပ်ကဖွင့်ဟ မတောင်းကောင်းဘူး။ (ဤတွင်ရွှေငွေနှင့် ပါတ်သတ်၍ ဖိတ်မန်ထားသော်လည်း မတောင်းကောင်း) ကိုယ်အင်္ဂါကိုလည်း ဖွင့်လှစ်မပြကောင်းပါဘူး။ သေခိယနှင့်အညီ သင်္ကန်းရုံပြီးတော့မှ ရပ်ရပါတယ်။ တရားဟောလျှင်လည်း သီချင်းသံနှင့် မဟောကောင်းပါဘူး။ သီချင်းသံနှင့် တရားဟောလျှင် သူတောင်းစား သီချင်းဆိုပြီးတောင်းတာနှင့် တူပါတယ်။[ဒါနဟူသည် ..မှ]
ဘုရားရှင်ရဲ့ အဆုံးအမ(ဝိနည်း)သိက္ခာပုဒ်တိုင်း အလှူခံယူလျှင် ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမတွေဟာ ဘယ်တော့မှ အကြည်ညိုမပျက်တတ်ကြပါဘူး။ ခုတော့ သင်္ဘောပေါ် ရထားပေါ် ကားပေါ် ရွာတွင်း ရွာပြင် စသည်မှာ သင်္ကန်းကြီး ဒီလွှား ဒီလွှားနဲ့ အလှူခံနေကြတာ ဒကာ ဒကာမတွေ အများကြီး အကြည်ညိုပျက်စေပါတယ်။ ဒါကြောင့် “ အလှူခံ မလာရ ၊ အလှူခံခြင်း သည်းခံပါ“ စတဲ့ ဆိုင်းဘုတ်တွေတောင် ဆွဲချိတ်ကုန်ကြပြီ၊ ဒါဟာ အလှူရှင်တွေရဲ့ အပြစ်မဟုတ်ပါဘူး။ အလှူခံတို့ရဲ့ နည်းဟန်မကျတဲ့ အပြစ်သာဖြစ်တယ်။ [ဒါနဟူသည် ..မှ]
ဒါကြောင့် အလှူရှင်တွေဘက်က သီလပြည့်စုံ လှူဖွယ်ကလည်းသန့်စင် စေတနာကောင်းနေပေမယ့် အလှူခံကမပြည့်စုံရင် အဖြူအမည်းရောတဲ့ဒါနမည်တယ်။ အကျိုးပေးအားနည်းစေတယ်။ အကျိုးပေးဆိုတာ အလှူရှင်ရထိုက်တဲ့ အကျိုးမျိုးရှိတယ်။
၁။ကဲ့ရဲ့ခံရခြင်းမှကင်းခြင်း၊ ၂။ ငါ့အားသူတစ်ပါးလည်းပေးသလို မိမိသည်လည်း ပြန်လည်ပေး၍ ထပ်မံပြန်၍ အကျိုးကြီးရခြင်း၊ ၃။ ချီးမွမ်းခံရခြင်း၊ ၄။ ငါတို့သည်ထမင်းကို ချက်စားကြ၏ ရဟန်းတို့သည် မချက်စားဘဲ အလှူခံစားကြ၏ ထိုသူတို့အား ပေးလှူခြင်းငှာထိုက်ဟုသိကာ စေတနာထားပေးခြင်းကြောင့် မတောင့်တရဘဲ ကောင်းသောကျော်စော သီတင်းကြီးခြင်း၊ ၅။ သမထ,ဝိပဿနာ၊ နိဗ္ဗာန်ဟု ခေါ်ဆိုအပ်သော အကြီးမြတ်ဆုံးအကျိုးတို့ကို ရစေပါတယ်။


ဒါကြောင့် မြတ်စွာဘုရားရှင်က “ ချစ်သား ချစ်သမီးတို့ သီလကို ဖြူစင်အောင်ဖြည့်ကျင့်ကြကုန်လော သီလနှင့်ပြည့်စုံသောသူသည် မိမိ၏ လိုအင်ဆန္ဒဟူစမျှတို့သည် မချွတ်ဧကန်အမှန်ပင်ပြည့်စုံ တတ်ပေ၏“ လို့ ဟောတော်မူပါတယ်။ အဓိကအလှူခံဖြစ်တဲ့ ရဟန်းတွေမှာ သီလကိုကျိုးပျက်စေတာ ဇာတရူပသိက္ခာအပုဒ်(ရွှေငွေကို မအပ်သောနည်းဖြင့် အလှူခံယူခြင်း ကိုင်တွယ်သုံးစွဲခြင်း)နှင့် ဝိကာလဘောဇနသိက္ခာပုဒ်ပါ။

ရွှေငွေနှင့် ကာမဂုဏ်
***************
နောက်တစ်ခု --- ရဟန်းတော်များမှာ သိက္ခာပုဒ်တစ်ခု ရှိနေသေးတယ်။
အဲဒီသိက္ခာပုဒ်ကတော့ နာမည်ကျော်ဖြစ်တဲ့ အရှင်ဥပနန္ဒကို အကြောင်းခံ
ပြီးတော့ မြတ်စွာဘုရား ပညတ်တော်မူရတဲ့ သိက္ခာပုဒ်ဖြစ်ပါတယ်။ တစ်ချိန်မှာ
အရှင်ဥပနန္ဒက သာကီဝင်မင်းသားလည်း ဖြစ်ပါတယ်။ သာကီဝင်မင်းသား
ဖြစ်တဲ့အခါကျတော့ ဥပဓိရုပ်ကလည်း ကောင်းတယ်။ အဟောအပြောကလည်း
ကောင်းတယ်။ ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေလည်း များတယ်။
သူ့ကို အမြဲတမ်း ဆွမ်းဝတ်ပြုစုနေတဲ့ ဒကာတစ်ဦးလည်း ရှိတယ်။ ဒီဒကာ
အိမ်ကို သူက နေ့စဉ်ကြွပြီး ဆွမ်းဘုဉ်းပေးတဲ့ အလေ့အထ ရှိတယ်။ တစ်နေ့
ကျတော့ ဒကာက အခန့်မသင့် ဖြစ်နေတယ်။ ဆွမ်းက မမီဖြစ်နေတယ်။
ဆွမ်းက မမီဖြစ်နေတော့ ဒကာကလည်း ကြံရာမရဖြစ်တာနဲ့ "အရှင်ဘုရ
ား ဒီနေ့တော့ ဆွမ်းကလည်း အဆင်မပြေဖြစ်နေပြီ၊ ချက်မယ်ဆိုလည်း
မမီတော့ဘူး၊ ဒီတော့ အရှင်ဘုရား --- အရှင်ဘုရား ဆိုင်မှာ သွားပြီးတော့
ဒီနေ့ ဘုဉ်းမယ်ဆိုလို့ရှိရင် ဖြစ်နိုင်မလား? တပည့်တော် ဒီက ၀တ္ထုငွေများ
လှူလိုက်မယ်။" "ဟာ -- ဖြစ်တာပေါ့ ဖြစ်တာပေါ့"ဆိုတော့ --- ဒကာက
ငွေလှူလိုက်တယ်။ ဆိုင်မှာ သွားပြီးတော့ ဘုဉ်းလိုက်တယ်။ ဘုဉ်းလိုက်တဲ့
အခါကျတော့ ဒကာက ဘယ်လို သဘောပေါက်သလဲ။
သြော် ...တို့အာရုံငါးပါး ကာမဂုဏ်တရား ခံစားနေတဲ့ လူတွေလည်း
ငွေကို သာယာကြတယ်၊ နှစ်သက်ကြတယ်။ ဒီသာကီဝင်မင်းသား ဘုရား
သားတော်များလည်း ငွေကို သာယာကြတယ်၊ နှစ်သက်ကြတယ်။ တို့နဲ့ ဘာ
ထူးခြားလို့လဲဆိုပြီး -- ဒီလို ကဲ့ရဲ့တယ်။ အဲဒီအချိန်အခါမှာ မြတ်စွာဘုရား
သိရှိပြီး ဘုရားရှင်က ရဟန်း သံဃာအစည်းအဝေး ခေါ်ပြီးတော့ သိက္ခာပုဒ် မပညတ်ခင်ကလေးမှာ တရားဟောတယ်။ မေဏ္ဍက သုတ္တန်တစ်ခုမှာတော့ ပါပါတယ်။ "အကြင်ပုဂ္ဂိုလ်အား ရွှေငွေသည် အပ်၏။ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်သည်လည်း အပ်တော့၏။ အကြင်ပုဂ္ဂိုလ်အား ကာမဂုဏ်သည် အပ်၏။ ထိုပုဂ္ဂိုလ်အား ရွှေငွေသည်လည်း အပ်တော့၏ ။" မိန့်တော်မူတယ်။
နောက်ထပ် သိက္ခာပုဒ်တစ်ခုကတော့ ၀ိသာခါတို့ရဲ့ အဖိုး
တော်တဲ့ မေဏ္ဍကသူဌေးကြီး ပေါ။့ မေဏ္ဍကသူဌေးကြီးက မြတ်စွာဘုရားကို
အကြောင်းသင့်လို့ လျှောက်ထားတယ်။
"မြတ်စွာဘုရား ...တပည့်တော်တို့ ကြည်ညိုလေးစားနေတဲ့ ရဟန်း
တော်ကလည်း တပည့်တော်တို့နဲ့ အနီးအနားမှာ မရှိဘူး၊ တော်တော်
ခပ်ဝေးဝေးမှာ ရှိနေတယ်။ တပည့်တော်တို့ကလည်း ထိုရဟန်းတော်အတွက်
လိုအပ်တဲ့ ပစ္စည်းလေးပါးကို လှူဒါန်းချင်တယ်။ အဲဒီလို လှူဒါန်းချင်ပေမယ့်လို့လည်း
တပည့်တော်တို့ကလည်း သွားရောက်ပြီး မလှူဒါန်းနိုင်ဘူး။ မလှူ
ဒါန်းနိုင်တဲ့အတွက်ကြောင့် တပည့်တော်တို့က ကပ္ပိယကာရက ဒကာတစ်ဦးဦး
ထံမှာ ရွှေငွေပစ္စည်းများကို အပ်နှံပြီးတော့ ထိုရွှေငွေမှ ဖြစ်ပေါ်လာမယ့်
ရဟန်းတော်နှင့် အပ်စပ်တဲ့ပစ္စည်းများကို လှူဒါန်းခဲ့မယ်ဆိုရင် မြတ်စွာဘုရား
ခွင့်ပြုတော်မူပါ"ဆိုပြီးတော့ လျှောက်ထားတယ်။
အဲဒီအခါမှာ မြတ်စွာဘုရားကလည်း ဒီအကြောင်း အတ္ထုပ္ပတ်ကို
အခြေခံပြီးတော့ ရဟန်းသံဃာ အစည်းအဝေး ခေါ်ပြီးတဲ့အခါကျတော့မှ
ရဟန်းတွေကို မြတ်စွာဘုရားက -

"ရဟန်းတို့ ...မည်သည့် နည်းပရိယာယ်နှင့်မျှ ရွှေငွေကို သာယာဖို့ရန်တော့
ငါဘုရား ခွင့်မပြုနိုင်ဘူး။ သို့သော် ထိုရွှေငွေမှ ဖြစ်ပေါ်လာမည့် ရဟန်းတော်
တို့နှင့် အပ်စပ်သော ပစ္စည်းများကိုတော့ သာယာဖို့ရန် အတွက်တော့
ငါဘုရား ခွင့်ပြုတယ်"ဆိုပြီး ဒီသိက္ခာပုဒ် ပညတ်ထားတယ်။
လောကမှာ ရွှေငွေရှိရင် ဘာကာမဂုဏ်လိုချင်သလဲ၊ လိုချင်တဲ့ ကာမဂုဏ်ကို ရနိုင်ပါတယ်။ ဒါကြောင့် ရွှေငွေသည် ရဟန်းတွေအား အပ်တယ်ဆိုရင် ကာမဂုဏ်လည်း အပ်တာပဲ။ ကာမဂုဏ်အပ်နေတဲ့ ပုဂ္ဂိုလ်မှာ ရွှေငွေလည်း အပ်တော့တာပဲဆိုပြီး ကာမဂုဏ်နဲ့ ရွှေငွေကို မြတ်စွာဘုရား တန်းတူထားပြီး ရှင်းပြထားတယ်။ ဒါကြောင့် အလှူခံရဟန်းတွေမှာ သီလပြည့်စုံနေမယ်ဆိုရင် မိမိချစ်မြတ်နိုးတဲ့ ဒကာ ဒကာမတွေမှာ အကျိုးစီးပွားများစွာ တိုးတက်စေပါတယ်။ တကယ်ဒကာ ဒကာမတွေကို အကျိုးများစေချင်ရင် ကျေးဇူးပြန်သိတတ်မယ်ဆိုရင် မိမိတို့ဘက်က သီလသိက္ခာပြည့်စုံဖို့ လိုအပ်ပါပေတယ်။
ကျမ်းကိုး -(ဇာ၊ဋ္ဌ-၂) (မဟာဝဂ်၊ ပါ)(ဒီ၊၃။၂၁၄)(အံ၊၂။၁၁၈)(သာရတ္တ၊ဋီ -၂၊ မေဏ္ဍကသိက္ခာပဒ)(ဓမ္မ၊ဋ္ဌ-၂)(ထီးချိုင့်မြို့ တည်တောဆရာတော် ဒါနဟူသည်)စသည်..။


 Ashin Nanissara

Share:

စိတ်ကောင်းရှိဖို့က ပဓာန =================

No automatic alt text available.

အရှင်ဘုရား၊ တပည့်တော် ဖခင်ကြီးက သူများတွေလို ဘုရားလဲ မရှိခိုးဘူး၊ ပုတီးလဲ မစိပ်ဘူး၊ တရားလဲ မထိုင်ဘူး ဘုရာ့။ အဲဒါကို တပည့်တော် ဘယ်လိုယူဆရမလဲ။ ဗုဒ္ဓဘာသာအရဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်ရမလား။ သူ့ကို ဘုရားရှိခိုး ပုတီးစိပ် တရားထိုင်ဖို့ပြောတိုင်း သူက သူများတွေလို ဘုရားတရားအလုပ် မလုပ်ပေမယ့် စိတ်ကောင်းရှိရင် ပြီးတာပဲ၊ ဘုရားတည် ကျောင်းဆောက်ပြီး ဘုရားဒကာအမည်ခံ၊ ပုတီးကြီး လက်မှာ အမြဲချိတ်၊ အော်ကြီးဟစ်ကျယ်နဲ့ ဘုရားကို ရှိခိုးပြီး ဆုတောင်းနေပေမယ့်၊ တရားရိပ်သာဝင်ပြီး ဉာဏ်စဉ်တရားတွေ နာခဲ့ပြီးပြီ၊ ဆယ်ရက်တရားစခန်း ဘယ်နှကြိမ် ဝင်ပြီးပြီလို့ ဆိုပေမယ့် စိတ်ကောင်း မရှိရင်၊ လောဘ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယတွေ များနေမယ်ဆိုရင် အလကားပါပဲလို့ ပြန်ပြောတယ် ဘုရာ့။ အဲဒါ အယူများ မှားနေသလား ဘုရာ့”ဟု မေးလျှောက်ရာ -
“အေး .. သူ့ရဲ့ အယူအဆကို မှားတယ်လို့ ပြောလို့ မရဘူးကွဲ့။ ဘာကြောင့်လဲဆိုတော့ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားယား ကားယား ဆိုသလို အပြောတမျိုး အလုပ်တမျိုးနဲ့ လူတွေကို မြင်တော့ လူမြင်ကောင်းအောင် ဟန်ဆောင်နေတာထက်စာရင် ဟန်မဆောင်ဘဲ စိတ်ကောင်း နှလုံးကောင်း ထားတာက ပိုကောင်းတယ်ဆိုတဲ့ အယူအဆနဲ့ ပြောတာဖြစ်ပါလိမ့်မယ်”ဟု ဖြေသိမ့်လိုက်ရသည်။
မှန်ပါသည်။
ဘုရားဒကာဟု အမည်ခံ၍ ဘုရား တရား သံဃာကို မရိုမသေ ဆက်ဆံလျှင်၊ တရားအားထုတ်ပြီးသားပါဟု ဆို၍ လောဘ ဒေါသ မောဟ မာန်မာနတွေကို သာမန်လူတွေလောက် မထိန်းသိမ်းနိုင်လျှင်၊ ပုတီးကို လက်မှာ ချိတ်ပြီး စိတ်ယုတ်မာဖြင့် သူတပါးကို ပြစ်မှား ပြောဆိုနေလျှင် မည်သူမဆို ‘မလုပ် မပြော၊ လုပ်မှ ပြော၊ သဘောစင်လှစေ၊ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ’ ဆိုသည်နှင့်အညီ အကဲ့ရဲ့ အဝေဖန် ခံရမည်ပင် ဖြစ်ပါသည်။
ဘာသာရေးလုပ်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ယဉ်ကျေးမှုမရှိသူများကို တွေ့သောအခါ အချို့သူများသည် ‘စိတ်ကောင်းရှိဖို့သာ ပဓာန၊ ဘာသာရေးလုပ်စရာ မလိုပါ’ဟု ယူဆကာ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ဖွယ်ရာများကို မလုပ်တော့ဘဲ နေတတ်ကြသည်။
ဘာသာရေးလုပ်သည် ဆိုသည်မှာ ဘာသာတရားလာ ဆိုဆုံးမချက်များကို မသိ,သိအောင် လေ့လာခြင်း၊ လေ့လာပြီးသည့်အတိုင်း မပြုလုပ်သင့်သည်တို့ကို မပြုလုပ်ခြင်း၊ ပြုလုပ်သင့်သည်တို့ကို ပြုလုပ်ခြင်းပင် ဖြစ်သည်။
စိတ်ကို မကောင်းစေတာ ကိလေသာ
သူတပါးအသက်ကို သတ်ခြင်း၊ ခိုးယူခြင်း၊ မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စပျက်ခြင်း၊ မုသားဆိုခြင်း၊ ကြမ်းတမ်းရိုင်းပျစွာ ပြောဆိုခြင်း၊ တယောက်အပေါ်တယောက် အထင်အမြင်လွဲအောင် မဟုတ်တရား သတင်းလွှင့်ခြင်း၊ အကျိုးမရှိ ရောက်တတ်ရာ စကားများကို ဗလွတ်ရွှတ်တ ပြောဆိုခြင်း၊ သူတပါးစည်းစိမ်ဥစ္စာကို မတရား ရယူရန် ကြံစည် ကြိုးစားခြင်း၊ သူတပါးတို့ တရားသဖြင့် ရှာဖွေရရှိထားသော စည်းစိမ်ဥစ္စာ ရာထူးဂုဏ်သိရ်ကို ပျက်စီးစေရန် ကြံစည် ကြိုးစားခြင်း ဟူသည့် မကောင်းမှု ဆယ်မျိုးမှ ကင်းဝေးနေသဖြင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သူတပါးကို ကူညီခြင်း၊ ကျွေးမွေး ပေးကမ်းမှု ရက်ရောခြင်းတို့ကြောင့် စိတ်ကောင်းရှိသည်ဟု ဆိုနိုင်ပါ၏။
သို့သော် စိတ်ကို ညစ်နွမ်းစေသည့် ကိလေသာတရားများ စိတ်ထဲတွင် ရှိနေသေးလျှင် ထိုစိတ်ကို အပြည့်အစုံ ကောင်းပြီဟု မဆိုနိုင်ပေ။
စိတ်ကို ညစ်နွမ်းစေသည့် သဘောတရား ကိလေသာများမှာ -
၁။ ကာမဂုဏ် အာရုံများကို တပ်မက်သည့်သဘော = ကာမရာဂါနုသယ
၂။ ရူပဈာန်၊ အရူပဈာန်နှင့် ထိုဈာန်များ၏ အကျိုးပေးရာဖြစ်သည့် ဘဝများကို တပ်မက်သည့်သဘော = ဘဝရာဂါနုသယ
၃။ စိတ်ဆိုးမှု အမျက်ထွက်မှုသဘော = ဒေါသာနုသယ
၎။ ထောင်လွှားမှု မာနကြီးမှုသဘော = မာနာနုသယ
၅။ မှားယွင်းသည့်အယူကို နှစ်သက်စွဲလမ်းမှုသဘော = ဒိဋ္ဌာနုသယ
၆။ တွေးတောယုံမှားမှုသဘော = ဝိစိကိစ္ဆာနုသယ
၇။ အမှန်တရားကို မသိအောင် ဖုံးလွှမ်းမှုသဘော = အဝိဇ္ဇာနုသယ တို့ ဖြစ်သည်။
အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မရသေးသည့် ကာလတိုင်အောင် ထိုသဘောတရား (၇)ပါးတို့သည် သတ္တဝါများ၏ သန္တာန်၌ ဘဝတိုင်း ဘဝတိုင်း အစဉ်တစိုက် လိုက်ပါနေသည်။
ထို့ကြောင့် ၎င်းတို့ကို ‘အနုသယ ကိလေသာ’ဟု ခေါ်ရသည်။
အသီးပင်တပင်တွင် ရှိသည့် အသီးကို သီးစေတတ်သည့် ဓာတ်သတ္တိသည် သစ်စေ့မှ အညှောင့်ထွက်သည်အထိ သစ်ပင်၏ ပင်စည် အခက် အရွက်များတွင် တောက်လျှောက် ပါနေသကဲ့သို့ ထိုအနုသယ ကိလေသာဓာတ်များသည်လည်း သတ္တဝါတဦး၏ ဘဝတလျှောက်လုံးတွင် တောက်လျှောက် ပါနေသည်။
သတ္တဝါတဦးတွင် ထိုကိလေသာဓာတ်များကို သာမန်အားဖြင့် အထင်အရှား တွေ့ရမည် မဟုတ်။
သို့သော် အကြောင်းတိုက်ဆိုင်သောအခါတွင် ပေါ်ပေါက်ရန် ၎င်းတို့သည် စိတ်ထဲ၌ အဆင်သင့် ရှိနေသည်။ ပြာဖုံးနေသော မီးခဲသဘောမျိုးလည်း ဖြစ်သည်။
ထိုအဆင့်တွင် မကောင်းမှု ဆယ်မျိုးမှ တမျိုးမျိုးကို ကျူးလွန်ရန် စိတ်လည်း မဖြစ်၊ ကျူးလွန်လည်း ကျူးလွန်ဦးမည် မဟုတ်သေးချေ။
အနုသယကိလေသာဓာတ်ခံ ရှိနေပြီး ဖြစ်သည့်အတွက် ကျူးလွန်စရာ အာရုံ၊ ပြစ်မှားစရာ အာရုံ၊ ခံစားစရာ အာရုံတခုခုနှင့် တွေ့ကြုံသောအခါ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ကျူးလွန်လိုသော၊ ခံစားလိုသော၊ ပြစ်မှားလိုသော ဆန္ဒနှင့် ထကြွလာသည့် ကိလေသာတို့ကို ‘ပရိယုဌာန ကိလေသာ’ ဟု ခေါ်ရသည်။
စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် လောဘ ဒေါသ မာန်မာနစသော (ကိလေသာ) စိတ်အညစ်အကြေးများ၏ တွန်းအားပေးမှုကြောင့် မကောင်းမှုတခုခုကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အခါ၊ ကာမဂုဏ်အာရုံကို ခံစားသည့်အခါ ဖြစ်ပေါ်လာသော ကိလေသာကို ‘ဝီတိက္ကမ ကိလေသာ’ ဟု ခေါ်ရသည်။
ထိုကိလေသာများကို စိတ်ထဲ၌ ကိန်းအောင်းနေသော ကိလေသာ၊ ထကြွလာသော ကိလေသာ၊ လွန်ကျူးမိသော ကိလေသာဟု အဆင့်သုံးဆင့်ဖြင့် အကျဉ်းချုပ် မှတ်သားနိုင်သည်။
အပြစ်ရှိသည့် အလုပ်၊ မကောင်းသည့် အလုပ်များကို မလုပ်မိစေရန် သီလဆောက်တည်၍ စောင့်ထိန်းနိုင်သည်။
ထိုကြောင့် သီလစောင့်ထိန်းခြင်းဖြင့် လွန်ကျူးမှု (ဝီတိက္ကမကိလေသာ)ကို ချုပ်ငြိမ်းစေသည်။
သီလစောင့်ထိန်းထားသည့်အတွက် ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ ကာယကံမြောက် ဝစီကံမြောက် မကောင်းမှုကို မကျူးလွန်သော်လည်း အကြောင်းတိုက်ဆိုင်သည့်အခါ တခါတရံ စိတ်ထဲတွင် မကောင်းမှုကို ပြုလုပ်ချင်သည့်စိတ်များ၊ ကာမဂုဏ်အာရုံကို ခံစားလိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။
ထိုသို့ ဖြစ်ပေါ်လာသည့်အခါ စိတ်သည် မကောင်းတော့ပေ။ ညစ်နွမ်း၍ နေလေ၏။
ထိုသို့ စိတ်မကောင်းခြင်း စိတ်ညစ်နွမ်းခြင်း မဖြစ်စေရန်၊ သက်ဆိုင်ရာ အာရုံနှင့် တွေ့ပင်တွေ့ငြားသော်လည်း ကိလေသာစိတ်များ ထကြွ၍ မလာစေရန် လုပ်ဆောင်စရာ တခု ရှိ၏။
ထိုလုပ်ဆောင်စရာဟူသည် ဝိပဿနာအလုပ်ကို အားထုတ်ခြင်း ဖြစ်၏။
ဝိပဿနာတရားကို မည်သို့မည်ပုံ အားထုတ်ရမည်ကို ဗုဒ္ဓဘာသာက အပြည့်အဝ သင်ကြားထားသည်။
ထိုကြောင့် ဝိပဿနာကို ပွားများအားထုတ်လျှင် ဘာသာရေးလုပ်သည်ပင် ဖြစ်တော့၏။
ဝိပဿနာတရား ပွားများအားထုတ်၍ သမာဓိအားကောင်းလာသည့်အခါ ဝိပဿနာဉာဏ်များ တဖြည်းဖြည်း ရင့်သန်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်။
ထိုအခါကျမှ စိတ်ထဲတွင် ကိန်းအောင်းနေသည့် အနုသယကိလေသာဓာတ်များ လုံးလုံး ကုန်သွားသဖြင့် စိတ်သည် အပြီးအပိုင် ကောင်းလေတော့သည်။
စိတ်ကောင်းရှိဖို့ အရေးကြီးသည်
စိတ်ကောင်းရှိဖို့ မည်မျှအရေးကြီးကြောင်း အင်္ဂုတ္တရနိကာယ်၊ နဝကနိပါတ်လာ ဝေလာမသုတ်တွင် -
“အကြင်သူသည် အရပ်လေးမျက်နှာ၌ရှိသော သံဃာကို ရည်မှန်း၍ ကျောင်းဆောက်လှူ၏။ ထိုသူ၏ ကျောင်းအလှူသည် ဘုရားအမှူးရှိသော သံဃာကို ဆွမ်းလှူရခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် ကြည်ညိုစိတ်ဖြင့် ဘုရား တရား သံဃာကို ကိုးကွယ်ရာဟု အသိအမှတ်ပြု ဆည်းကပ်၏။ ထိုသူ၏ သရဏဂုံတည်မှုသည် ကျောင်းလှူခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မိမိအိမ်ထောင်ဖက်အပေါ် သစ္စာပျက်ခြင်း၊ လိမ်ညာပြောခြင်း၊ သေအရေက်သောက်ခြင်းတည်းဟူသော မကောင်းမှုများကို မပြုလုပ်။ ထိုသူ၏ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် သရဏဂုံတည်မှုထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် မေတ္တာစိတ်ကို နံ့သာတရှူတရှိုက်ခန့်မျှ ကြာသည့်အချိန်လောက် ပွားများ၏။ ထိုမျှလောက် မေတ္တာဘာဝနာကို ပွားများခြင်းသည် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။
အကြင်သူသည် အနိစ္စသညာကို လက်ဖျစ်တတွက်ခန့်မျှ ကြာသည့်အချိန်လောက် ပွားများ၏။ ထိုသူ၏ အနိစ္စသညာ(ဝိပဿနာဘာဝနာ)ကို ပွားများခြင်းသည် မေတ္တာဘာဝနာကို ပွားများခြင်းထက် သာလွန် မွန်မြတ်၏။ အကျိုးကြီး၏။” ဟု ဘုရားရှင်က ဟောကြားခဲ့သည်။
စိတ်ကောင်းရှိပါမှ
အလှူပေးခြင်းသည် စေတနာ မေတ္တာတရားတို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မပေးရက်လို ဝန်တိုမှု တွန့်တိုမှု လောဘကြီးမှုတည်းဟူသော စိတ်ဆိုးများ ရှိနေက ပေးလှူခြင်း မဖြစ်နိုင်။
ဘုရား တရား သံဃာတို့အား ရိုသေ ဆည်းကပ်ခြင်းသည် ရတနာသုံးတို့အပေါ် ယုံကြည်မှု (သဒ္ဓါတရား)၊ လေးစားမှု (ဂါရဝတရား)၊ နှိမ့်ချမှု (နိဝါတတရား)တို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မယုံကြည်မှု၊ မေတ္တာမဲ့သဖြင့် မလေးမခန့်လုပ်မှု၊ မာန်မာနဖြင့် မောက်မာမှုတည်းဟူသော စိတ်ဆိုးများ ရှိနေက ရတနာသုံးပါးကို အရိုအသေ မပေးနိုင်။
သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည့် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းခြင်းသည် လောဘ ဒေါသ မောဟတည်းဟူသော စိတ်ဆိုးများ ရှိနေက မဖြစ်နိုင်။
မေတ္တာ ကရုဏာ မုဒိတာတို့နှင့် ပြည့်စုံသော စိတ်ကောင်းရှိပါမှ ဖြစ်နိုင်သည်။
မေတ္တာနှင့် ပြည့်ဝနေသောစိတ်သည် စိတ်ကောင်း ဖြစ်၏။
မေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သည့် အမျက်ထွက်မှု (ဒေါသ)၊ မနာလိုမှု (ဣဿာ)၊ ဝန်တိုမှု (မစ္ဆရိယ)၊ မတရားရယူလိုမှု (အဘိဇ္ဈာ)၊ ပျက်စီးစေလိုမှု (ဗျာပါဒ)၊ ပမာမခန့်လုပ်မှု (မာန်မာန)တို့နှင့် ပြည့်နှက်နေသော စိတ်သည် စိတ်ကောင်း မဟုတ်။
ကိလေသာ အညစ်အနွမ်းတို့ဖြင့် ရောပြွမ်းနေသောစိတ်သည် စိတ်ကောင်း မဟုတ်။
ကိလေသာ အညစ်တို့မှ ကင်းဝေးနေသော စိတ်သည်သာ စိတ်ကောင်း ဖြစ်၏။
ထို့ကြောင့် ‘စိတ်ကောင်းရှိဖို့သာ ပဓာန’ဟု အလေးအနက် ယူဆပါက စိတ်ကောင်းရှိရန် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများကြပါ။
ကိလေသာတရားများကို မိမိတို့စိတ်ထဲမှ နှင်ထုတ်ဖြစ်အောင် နှင်ထုတ်ကြပါ။
အနိစ္စသညာဖြစ်အောင် ဝိပဿနာဘာဝနာကို ပွားများဖြစ်အောင် ပွားများကြပါဟု မေတ္တာရှေးရှု၍ တိုက်တွန်းမှု ပြုလိုက်ရပါတော့သည်။
အရှင်ပညာသီဟ
လောကချမ်းသာဆိုဒ်မှတဆင့်တင်ပြသည်။
MS
Share:

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support