“ခန္တီ ပရမံ တပေါ တိတိက္ခာ”
●တိတိက္ခာ- အရာရာတွင်သည်းခံခြင်းတည်းဟူသော
●ခန္တီ- သည်းခံခြင်း ခန္တီတရားသည်
●ပရမံ-ထူးမြတ်လှစွာသော
●တပေါ-အကျင့်တရားအစစ်ဖြစ်ပါပေ၏။
●တိတိက္ခာ- အရာရာတွင်သည်းခံခြင်းတည်းဟူသော
●ခန္တီ- သည်းခံခြင်း ခန္တီတရားသည်
●ပရမံ-ထူးမြတ်လှစွာသော
●တပေါ-အကျင့်တရားအစစ်ဖြစ်ပါပေ၏။
ခန္တီ - သည်းခံခြင်းကို ဘာဖြစ်လို့အမြတ်တရားလို့ မြတ်ဗုဒ္ဓ ဟောတာပါလဲ။
“သည်းမခံနိုင်ဘူး” ဆိုတဲ့ “ဒေါသ” ကိုတော့လူတိုင်း လုပ်နိုင်ပေမယ့်
သည်းခံနိုင်ခြင်းလို့ဆိုတဲ့အဒေါသကိုတော့ လူတိုင်းလုပ်နိုင်ဖို့
မလွယ်ဘူးမဟုတ်လား။အနည်းဆုံးကတော့ ကိုယ်နဲ့ နှုတ် ကမတုန့်
ပြန်ပေမယ့် “စိတ်” ကတော့ ချက်ချင်းသည်းမခံဘဲ၊တုန့်ပြန်ပြီးသားဖြစ်နေတတ်တယ်လေ။
ကိုယ် နဲ့ နှုတ် ကတော့ အင်အားချင်းမမျှလို့ပဲဖြစ်ဖြစ် ၊ ဂုဏ်သိက္ခာအရပဲဖြစ်ဖြစ် ၊ အခြေအနေအရပဲဖြစ်ဖြစ်၊ မတုန့်ပြန်သော်လည်း အခွင့်အရေးရရင်တော့ တုန့်ပြန်ဖို့ ဝန်မလေးတတ်ကြဘူး။ ဒါကို “သည်းခံတယ်” လို့မခေါ်ဘဲ၊ “အောင့်ခံတယ်”လို့ခေါ်ပါတယ်။မနိုင်လို့အောင့်ခံနေတာပါ။ နိုင်ပေမယ့်လည်း အခြေအနေအရ အောင့်ခံနေရတာတွေလည်း ရှိပါတယ်။
●“သည်းခံ” တာက “အဒေါသကုသိုလ်” ဖြစ်ပြီး
●“အောင့်ခံ” တာက “ဒေါသအကုသိုလ်” ဖြစ်တဲ့ အတွက် အများကြီး ကွာခြားပါတယ်။
●သည်းခံတာက သည်းခံရင်သည်းခံနိုင်သလောက်စိတ်ရဲ့အရည်အသွေးတွေ တက်လာနိုင်ပါတယ်။
●အောင့်ခံတာကတော့ အောင့်ထားရင် အောင့်ထားသလောက် စိတ်ထဲမှာ ပူလောင်ရပြီးကြာလာတော့ဒေါသအစိုင်အခဲလိုဖြစ်လာပြီး၊အငြိုးအာဃာတ အဖြစ်သို့ပြောင်းသွားတတ်ပြီး အန္တရာယ် ကြီးလှပါတယ်။
လောကမှာသည်းမခံနိုင်ဘူးဆိုတဲ့ ဒေါသကြောင့်ပဲ ပြစ်မှု အမျိုးမျိုးကိုကျူးလွန်နေကြပြီး၊ ငြိမ်းချမ်းမှုမရဘဲ ဖြစ်နေကြပါတယ်။သည်းခံလိုက်တဲ့အတွက် ရန်သူ အဖြစ်ကိုရောက်မသွားဘဲ ၊ ငြိမ်းချမ်းတဲ့လူမှု ပတ်ဝန်းကျင်ကိုတည်ဆောက်နိုင်တာတွေကိုလည်းတွေ့နေရပါတယ်။
“မသူတော်တွေ”ကတော့ သည်းခံနိုင်တဲ့လူတွေကိုလူပျော့လူညံ့လို့ထင်တတ်ပြီး၊“သူတော်ကောင်းတွေ” ကတော့သည်းခံနိုင်မှ၊“အမြတ်တရားကိုကျင့်သုံးနိုင်သူ” လို့ဆိုတယ်မဟုတ်လား
သည်းခံခြင်းကို မှန်ကန်စွာ သဘောပေါက်မယ် ဆိုရင်တော့“ခန္တီပရမံ - သည်းခံခြင်းသည် အမြတ်တရားဖြစ်တယ်။”လို့မြတ်စွာဘုရားဟောတာကိုသဘောပေါက်မယ် ထင်ပါတယ်။
“သည်းခံခြင်း” ဖြင့် “အမြတ်တရား” တို့ကို မွေးမြူနိုင်ကြပါစေ။
-【အရှင်ဝိလာသဂ္ဂ (ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

0 comments:
Post a Comment