Sunday, 27 August 2017

ကံသုံးကံ ======

Image may contain: text
 ❀ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ဖြစ်၏။
ဘုရားရှင်အား ဖူးမျှော်ကန်တော့ရန် နေရာဒေသအသီးသီးမှ ရဟန်းတော်များကြွရောက်စဉ်
လမ်းခရီး၌ ကြုံတွေ့ခဲ့ရသော အကြောင်းအရာသုံးခုကိုအခြေပြု၍၊
ဤ ဒေသနာတော်ကို သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်း၌ ဟောတော်မူခြင်းဖြစ်၏။
❀ (၁)ဘုရားရှင်ထံဖူးမျှော်ရန်လာခဲ့ကြသော ရဟန်းတော်တို့သည် ရွာတရွာသို့ ရောက်သောအခါ ဆွမ်းခံဝင်ကြ၏။
ရွာသူရွာသားအပေါင်းတို့သည် စေတနာသဒ္ဓါတရားထက်သန်စွာ ရဟန်းတော်များအား ဆွမ်းစားဇရပ်သို့ ပင့်ဆောင်ပြီး အာရုံဆွမ်းအဖြစ် ယာဂု(ဆန်ပြုတ်)ခဲဘွယ်ဘောဇဉ်များ ဆပ်ကပ်လှူဒါန်းကြပြီးလျှင် နေ့ဆွမ်းအလို့ငှါ ဆွမ်း ဆွမ်းဟင်းများချက်ပြုတ်ကြ၏။
ထိုသို့ ပြုလုပ်နေစဉ် ဆွမ်းဟင်း ချက်ပြုတ်နေသော အိမ်တအိမ်၏ ဟင်းအိုးမှ မီးထတောက်ကာ အိမ်ကို မီးစွဲလောင်လေ၏။
မီးလောင်စဉ် အိမ်အတွင်းမှ ကောက်ရိုးကရွတ်ခွေ တခုသည် လေနှင့်အတူ အထက်သို့ လွှင့်ပါသွားပြီး ကောင်းကင်တွင်ပျံနေသော ကျီးကန်း၏ လည်ပင်း၌ စွပ်မိကာ မီးလောင်၍ ကျီးသေဆုံးသွားလေ၏။
ထိုအဖြစ်ကို ရဟန်းတော်များ မြင်တွေ့သဖြင့် အံ့သြဘနန်းဖြစ်ကာ မှတ်သားထားလေ၏။
❀ (၂)အရပ်တပါးမှ ကြွလာသော ရဟန်းတော်တစုသည်လည်း ဘုရားရှင်ကိုဖူးမျှော်ရန် သင်္ဘောစီး၍လာစဉ်
သင်္ဘောသည် ရေအလယ်၌ ရပ်လေ၏။မည်သို့ပင်ကြိုးစားဆောင်ရွက်သော်လည်း ရေလည်၌ ကျောက်ချ ထားသကဲ့သို့ တည်လေ၏။
“ဤသင်္ဘောပေါ်တွင် လူယုတ်မာတယောက် ရှိသဖြင့်သင်္ဘောထွက် မရခြင်းဖြစ်မည်။မဲချကြစို့” ဟု စည်းဝေးတိုင်ပင်ပြီး မဲချရာ သင်္ဘောသူကြီး၏ ဇနီးသည် သူယုတ်မာမဲ ပေါက်လေ၏။
သင်္ဘောသူကြီးသည် ငယ်ရွယ်နုပျိုလှပသော ဇနီးချောကို မစွန့်နိုင်သဖြင့် ထပ်မံ မဲချခိုင်း၏။
သုံးကြီမ်တိုင်တိုင် သင်္ဘောသူကြီး၏ဇနီးသည် သူယုတ်မာမဲ ပေါက်လေ၏။
လူအများ အသက်ချမ်းသာကြောင်းကို ငဲ့ကွက်ပြီး သင်္ဘောသူကြီး၏ဇနီးအား ရေထဲပြစ်ချဘို့ ဆုံးဖြတ်ကြ၏။
သင်္ဘောသူကြီးက မိမိဇနီး ရေထဲပေါလောမျောပါပြီး ဆင်းရဲဒုက္ခဖြစ်နေသည်ကို မကြည့်မမြင်လိုပါ။
လည်ပင်းသဲအိုးဆွဲပြီး ပြစ်ချရန် အကြံပေးသဖြင့် သင်္ဘောသားများက သမုဒ္ဒရာထဲပြစ်ချလိုက်ကြ၏။
ထိုအခါတွင်မှ သင်္ဘောသည် အရှိန်နှင့်ထွက်ခွာလေ၏။
ထိုအဖြစ်ကို ရဟန်းတော်များ မှတ်သားထားလိုက်ပြန်၏။
❀ (၃)နောက်ဆုံး ဘုရားဖူးမျှော်ရန် ထွက်ခွာလာသော ရဟန်းခုနှစ်ပါးသည် လမ်းခရီးတွင် ကျောင်းတကျောင်းသို့
ဝင်ရောက်တည်းခိုရာ နေရာမရသဖြင့် တောင်စောင်းရှိ လှိုင်ဂူအတွင်းဝင်ရောက်ကာ တည်းခိုကျိန်းစက်ရ၏။
မမျှော်လင့်ဘဲ ရုတ်တရက် အိမ်လုံးပမာဏရှိသော ကျောက်တုန်းကြီးသည် လှိုင်ဂူဝတွင် အလိုအလျောက် လာရောက်ပိတ်ဆို့လေ၏
အနီးအနားရှိ ရွာသူရွာသားများနှင့် ကျောင်းနေရဟန်းတော်များ စုပေါင်း၍ ဖယ်ရှားသော်လည်းမရ။
ရဟန်းတော်များ ခုနှစ်ရက်တိုင်တိုင် အစာရေစာပြတ်လပ်ကာ ဆင်းရဲဒုက္ခခံစားပြီးမှ အလိုအလျောက် ကျောက်တုန်းကြီး ရွေ့လျားသွားလေ၏။
❀ ထိုဖြစ်စဉ်များ ကြုံတွေ့ကြပြီးနောက် ရဟန်းတော်များ ခရီးဆက်လက် ထွက်ခွါလာခဲ့ကြရာ
တနေရာတွင် ဆုံတွေ့ကြသဖြင့် အတူတကွ ဘုရားရှင်ထံ ၀င်ရောက်ကန်တော့ကြပြီး
မိမိတို့ ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်သုံးခုနှင့် အတိတ်အကုသိုလ် ၀ဋ်ကြွေးအကြောင်းကို လျောက်ထားသဖြင့် ဘုရားရှင်က အောက်ပါအတိုင်း ဟောကြားတော်မူလေသည်။
❀ (၁)ကျီး၏အကုသိုလ်ကံ
ကျီးသည် ဗာရဏသီပြည်၌ လယ်သမားတယောက်ဖြစ်ခဲ့၏။လယ်ထွန်စဉ် နွားသည် မကြာခဏ ၀ပ်၏
လယ်သမားကရိုက်၏။နွားကားမထ၊၀ပ်မြဲဝပ်နေ၏။ လယ်သမားသည် စိတ်တိုသဖြင့် ပေကပ်ကပ်လုပ်နေသော နွား၏လည်ပင်းတွင် ကောာက်ရိုးများရစ်ပတ်ပြီး မီးရှို့ လေရာ နွာသေလေ၏။
ထိုသို့ ပြုဘူးသော အကုသိုလ်ကံကြောင့် ငရဲ၌ ဆင်းရဲဒုက္ခ ခံစားရပြီးလျှင် အကုသိုလ်ကံကြွေး ကျန်နေသေးသဖြင့် ခုနှစ်ကြီမ်တိုင်တိုင် ကျီးဘ၀တွင် မီးကွင်းစွပ်ခံရပြီး သေဆုံးခဲ့ရလေသည်။
❀ (၂) သဲအိုးစွပ် ရေနစ်ခံရသူ၏ အကုသိုလ်ကံ
သင်္ဘောသူကြီး၏ ဇနီးသည် ဘ၀တခုတွင် သူဌေးကတော်ဖြစ်ခဲ့၏။ခွေးတကောင်သည် သူမ သွားလေရာသို့ အမြဲလိုက်လေ့ရှိ၏။သူမနောက်သို့ လိုက်မလာစေရန် မောင်းထုတ်သော်လည်းမရ။
လိုက်မြဲလိုက်၏။ အခြားသူများက ပြောင်လှောင်ပျက်ရယ်ပြုသဖြင့် အရှက်ရကာ
ခွေးလည်ပင်းတွင် သဲအိုးစွပ်၍ ရေနစ်သတ်လိုက်၏။ ထိုအကုသိုလ်ကံကြောင့် ငရဲ၌ကြာမြင့်စွာ
ခံစားရပြီးလျှင် အကုသိုလ်ဝဋ်ကြွေး မကုန်သေးသဖြင့် ဘ၀တရာတိုင်တိုင် လည်ပင်းသဲအိုးဆွဲခံရကာ ရေနစ်သေဆုံးခဲ့ရလေသည်။
❀ (၃)ရဟန်းခုနှစ်ပါး၏အကုသိုလ်ကံ
လှိုင်ဂူအတွင်း ပိတ်မိနေကြသော ရဟန်းခုနှစ်ပါးတို့သည် ဘ၀တခုတွင် အတူတကွ နွားကျောင်းသား
ဖြစ်ခဲ့ကြ၏။
တောင်ပို့အတွင်း ၀င်သွားသော ဖွတ်တကောင်ကို မြင်တွေ့သဖြင့် ဖမ်းကြရာ နေ၀င်သည့်တိုင် ဖွတ်ကို
မမိ။ နောက်နေ့မှ ဖွတ်ဖမ်းရန်ရည်ရွယ်၍ တောင်ပို့ရှိ အပေါက်ခုနှစ်ပေါက်ကို တယောက်တပေါက်စီ
ပိတ်ပြီး သစ်ရွက် သစ်ခက်များဖြင့် ပိတ်ဆို့ထားခဲ့ကြ၏
ခုနှစ်ရက်ပြည့်မှ သတိရသဖြင့် ပိတ်ဆို့ထားသော သစ်ရွက်သစ်ခက်များကို ဖယ်ရှားလိုက်သောအခါ အားအင်ချိနဲ့စွာဖြင့် တောင်ပို့အတွင်းမှ ထွက်လာသော ဖွတ်ကို တွေ့သဖြင့် သနားကရုဏာဖြစ်ခါ မသတ်တော့ဘဲ ချမ်းသာရာသို့ လွတ်ပေးခဲ့ကြ၏။
ဖွတ်ကို မသတ်ခဲ့သဖြင့် ငရဲသို့ မကျရောက်ခဲ့သော်လည်း ခုနှစ်ရက်တိုင်တိုင် ဖွတ်ကို ပိတ်ဆို့ထားခဲ့ဘူးသော အကုသိုလ်ကံကြောင့် ဆယ့်လေးဘ၀တိုင်တိုင် အစာရေစာ ပြတ်လပ်ခဲ့ရလေသည်။
ဤသို့ သတ္တ၀ါသုံးမျိုးတို့၏ မိမိတို့ပြုလုပ်ဘူးသော အကုသိုလ်ကံအားလျော်စွာ ခံစားရပုံကို ဘုရားရှင်က ရှင်းပြတော်မူပြီးလျှင်--
❀ “ရဟန်းတို့…
မကောင်းမှု ပြုသောသူသည်-
ကောင်းကင်၌ ပျံနေသော်လည်းကောင်း၊သမုဒ္ဒရာအလယ်၌တည်နေသော်လည်းကောင်း၊
တောင်ခေါင်အတွင်းသို့ဝင်၍ နေသော်လည်းကောင်း၊မကောင်းမှုမှမလွတ်နိုင်ချေ။
မကောင်းမှုမှ လွတ်မြောက်အောင် ပုန်းရှောင်နိုင်သောအရပ်သည် မရှိသည်သာတည်း” ဟု မိန့်တော်မူ၏။
တရားအဆုံး၌ ရဟန်းတော်များ သောတာပန် တည်ကြ၏။
မကောင်းမှုမှန်၊ပြုသူမှန်လျှင်၊
ထက်ယံအာကာ၊တက်ပျံကာနှင့်၊
သမုဒ္ဒရာဝင်အောင်း၊တောင်ခေါင်းသို့ဆင်း၊
ပုန်းကပ်ချည်းလည်း၊ပြုရင်းကြောင်းစု၊
မကောင်းမှုမှ၊မလွတ်ရတည့်၊
ပါပမှုကံ၊လွတ်မြောက်ရန်ကား၊
ရပ်ဌာန်ဒေသာ၊မရှိပါသည်၊
သိသာရန်ဖို့ မိန့်ခွန်းတည်း။
(ဓမ္မပဒ၊ပါပ၀ဂ်၊တယောဇန၀တ္ထု)
အရှင်ပညာနန္ဒ
ကိုယ့်စိတ်ကိုယ်စစ်(USA)
အောက်တိုဘာ၊၈၊၂၀၁၅
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support